ချီစွမ်းအင်များထိပ်တိုက်တွေ့ဆုံခြင်း
Vol. 28 Ch. 380
အစိမ်းပုပ်ရောင် လခြမ်းကြီးမှာ အလင်းတန်းများ ဖြာထွက်ကာ ပြင်းထန်လှသော ဖိအားများ ထုတ်လွှတ်၍ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး လေထုများကို အဆက်မပြတ် စုတ်ပြဲစေခဲ့၏။
ဇူယွမ်မှာ ကျဆင်းလာနေသော လခြမ်းကြီးအား မော့ကြည့် လိုက်ပြီးနောက် မျက်နှာအမူအရာမှာ ခက်ထန်သွားခဲ့သည်။ လခြမ်းကြီးမှာ ဓားအရိပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး ထက်ရှလှသော ဖိအားများကိုလည်း ထုတ်လွှတ်နေလျက် ရှိ၏။
ထိုသို့သော တိုက်ခိုက်မှုနှင့်သာ ထပ်တိုက်ရင်ဆိုင် ရမည်ဆိုလျှင် ခုခံကာကွယ်ရေး မည်မျှပင် ကောင်းမွန်နေပါစေ နှစ်ပိုင်း ပြတ်သွားလိမ့်မည် ဖြစ်ကြောင်း ဇူယွမ်မှ သိရှိနားလည် ထားသည်။
ပုံမှန် မူလစဦး သမ္မတအဆင့် တပည့်များသည်ပင် ဤလခြမ်းကြီးဆီမှ ထွက်ပြေးနိုင်ရန်သာ ရွေးချယ်ကြပေလိမ့်မည်။
တောင်တန်းအပြင်ဖက် ပတ်ဝန်းကျင်မှာ သနားဂရုဏာသက်စွာ သက်ပြင်းချသံများဖြင့် ပြည့်နှက်နေခဲ့၏။ ရှုယန်မှာ သူ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ဘဲ အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဥ်အား အသုံးပြုရန် ရွေးချယ်ခဲ့သောကြောင့် ဇူယွမ်တို့ တောင်ထွတ်၏ တိုက်ပွဲမှာ အဆုံးသတ်သွားတော့မည် ဖြစ်ကြောင်း ထင်ရှားနေသည်။ ဇူယွမ်မှာ ထိုတိုက်ခိုက်မှုအား မည်သို့မှ ခံနိုင်ရည် ရှိနိုင်မည် မဟုတ်ပေ။
စိတ်မကောင်း ဖြစ်နေကြသော တောင်တန်းအပြင်ဖက်မှ တပည့်များမှာ ဇူယွမ်မှ လက်သီးနှစ်ဖက်အား ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်သဖြင့် မှန်ချပ်ထံသို့ အလျင်အမြန် ငေးကြည့်လိုက်ကြသည်။ ဇူယွမ်မှာ သွေးနီရောင် အရှိန်အဝါများ တောက်ပလာခဲ့ပြီး ခြေဖဝါးအောက်မှ ပူပြင်းလှသော ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာသဖြင့် မြေပြင်များပင် စတင်၍ ပျော်ဆင်းလာခဲ့၏။
ထို့နောက် ဇူယွမ်၏ ပါးနှစ်ဖက်မှာ ပူပေါင်းကြီးအလား ဖောင်းကားလာကာ မျက်နှာတစ်ပြင်လုံး လောင်ကျွမ်းနေသည့်အလား ရဲတွတ်လာခဲ့ပြီးနောက် မျက်ဝန်းများက အလုံးစုံ သွေးနီရောင်သို့ ပြောင်းလဲ သွားခဲ့လေသည်။
ဇူယွမ်မှာ လက်နှစ်ဖက်အား လျင်မြန်စွာ ချိတ်ဆက် လိုက်သည်နှင့်တကွ ခန္ဓာကိုယ် တစ်ခုလုံး၌ ပွတ်ပွတ်ဆူနေသော ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သဖြင့် စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်၏ ထူးဆန်းသော လုပ်ရပ်များအား ဝေခွဲမရနိုင်သော စိတ်များဖြင့် ငေးကြည့်နေရင်းမှ ခေတ္တမျှ ကြာသောအခါတွင် တပည့်တစ်ဦးမှ ထ၍အော်ဟစ်လိုက်၏။
“ဇူယွမ်က ကောင်းကင်ဘုံ ကျင့်စဥ်ကို သုံးနေတာပဲ”
“ဇူယွမ် လုပ်နေတာတွေကို ကြည့်ရတာ ငါထင်တာ မမှားဘူးဆို ကောင်းကင် နေနတ်ဘုရား မှတ်တမ်းပဲ ဖြစ်ရမယ်”
“ဇူယွမ်က တောင်ထွတ် ရွေးချယ်တဲ့ အခမ်းအနားတုန်းက ချန်ပီယံဖြစ်ခဲ့လို့ ကလန်ခေါင်းဆောင်ကနေ အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဥ်တစ်ခု ပေးခဲ့တယ်လို့ ငါကြားဖူးတယ်။ ကောင်းကင်နေနတ်ဘုရား မှတ်တမ်းက အဲဒီက ရတဲ့ဟာ ထင်တယ်”
တပည့်များမှာ အံ့အားသင့်သွား ကြပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ အော်ဟစ်သံများဖြင့် ပြည့်နှက် သွားလေတော့သည်။ ဇူယွမ်က ကောင်းကင်နေနတ်ဘုရား မှတ်တမ်းကို တကယ်ပဲ ကျင့်ကြံနိုင်ခဲ့တာလား ...
သူကတကယ့် မွန်းစတားတစ်ကောင်ပဲ … ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံနေကြသော အချိန်အတွင်း၌ပင် ဇူယွမ်မှာ နှုတ်ခမ်းအစုံအား ဖွင့်ဟကာ အော်ဟစ်လိုက်၏။
“ကောင်းကင်နေနတ်ဘုရား မှတ်တမ်း ကောင်းကင် နေမင်းမီးတောက်”
ဇူယွမ်မှာ အော်ဟစ် လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ပေရာကျော်မျှရှိသော မီးလုံးကြီးအား ပါးစပ်ထဲမှ မှုတ်ထုတ် လိုက်သောကြောင့် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး လောင်ကျွမ်းလာသကဲ့သို့ ပူပြင်းလာခဲ့ပြီး ကျောက်တုံး စင်မြင့်ပင် စတင်၍ ပျော်ကျလာခဲ့သည်။
ထိုမီးလုံးကြီးမှ ထုတ်လွှတ်လျက်ရှိသော အပူချိန်မှာ တောင်ထွတ် တစ်ခုလုံးကိုပင် အရည်ပျော်စေရန် လုံလောက်ကာ လွန်စွာမှ စွမ်းအားပြင်းလှ၏။
ရွှီး ...
အံ့အားသင့်စွာ ငေးကြည့်နေကြသော မျက်ဝန်းများစွာ၏ အောက်၌ပင် မီးလုံးကြီးမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားကာ မြေပြင်သို့ ကျဆင်းနေလျက်ရှိသော လခြမ်းကြီးနှင့် တွေ့ဆုံသွားခဲ့ကြသည်။
ဝုန်း ...
ပြင်းထန်လှသော စွမ်းအင် လှိုင်းဂယက်များမှာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ နက်ရှိုင်းစွာ တောက်လောင်နေသော မီးလုံးကြီး၏ အောက်တွင် လခြမ်းကြီးမှာ ဖြည်းညင်းစွာဖြင့် ကျူံ့ဝင်လာခဲ့ပြီး လခြမ်းမှ ထုတ်လွှတ်လျက်ရှိသော အစိမ်းပုပ်ရောင် ရောင်စဥ်တန်းများကြောင့် လောင်ကျွမ်းနေသော မီးတောက်များမှာလည်း အားပျော့လာခဲ့ရသည်။
စွမ်းအင်နှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ဖျက်ဆီးနေလျက် ရှိ၏။ အသက်ရှူစာ အနည်းငယ်မျှ ကြာလာသော အချိန်တွင် မီးလုံးကြီးမှာ အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီး လခြမ်းကြီးမှာလည်း ခြေဖဝါး တစ်ခုစာ အရွယ်စာမျှထိ ကျုံ့ဝင်သွားခဲ့သည်။
ဝှစ် ...
အစိမ်းပုပ်ရောင် လခြမ်းကွေးမှာ ထက်ရှလှသော ဖိအားများကို ထုတ်လွှတ်ကာ ဇူယွမ့်ထံသို့ ကျဆင်းလာခဲ့၏။ ခရမ်းပြာရောင် ကောင်းကင်ဘုံ မြွေနဂါးကြေးခွံများမှာ ဇူယွမ်၏ လက်မောင်းပေါ်၌ ပေါ်ထွက်လာပြီးနောက် ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဆွဲကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာကာ စုတ်တံအား မြွေနဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်သွားလေသည်။
“သန်းချီသော နဂါးဝေလငါး မှော်စာလုံး..”
ချလန် ...
ကောင်းကင်ဘုံ ယွမ်စုတ်တံနှင့် ကျဆင်းလာသော ခြမ်းကွေးတို့ တွေ့ဆုံသွားခဲ့ကြပြီး တောင်ထွတ် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့သွားခဲ့၏။
ဝုန်း ...
ကျောက်တုံးစင်မြင့်ပေါ်ရှိ မြေပြင်များပင် စတင် အက်ကွဲလာခဲ့သည်။ ဇူယွမ်မှာ လှိုင်းဂယက်များကြောင့် ဒဏ်ရာရရှိခဲ့ပြီး အနောက်သို့ ဆုတ်သွားရသဖြင့် မြေကြီးပေါ်၌ နက်ရှိုင်းသော စွတ်ကြောင်းများ ဖြစ်ပေါ်သွားခဲ့ပြီး ကောင်းကင်ဘုံ ယွမ်စုတ်တံကိုလည်း တရွတ်တိုက် ဆွဲသွားခဲ့သောကြောင့် မီးစမီးပွားများပင် အနည်းငယ် ထွက်နေသယောင် ရှိ၏။
တလိပ်လိပ်ထနေသော စွမ်းအင်လှိုင်းဂယက်များ ငြိမ်သက်သွားသော အချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ဇူယွမ်မှာ ကျောက်တုံးစင်မြင့်၏ အစွန်အဖျားတွင် ရပ်နေလျက်ရှိပြီး အောက်သို့ပြုတ်ကျရန် လက်မ အနည်းငယ်မျှသာ လိုတော့၏။
ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ မြေပြင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေလျက်ရှိပြီး စုတ်တံအား ကိုင်ဆောင်ထားသော ဇူယွမ်၏ လက်များမှာလည်း သွေးများ ရွှဲရွှဲစိုနေကာ ကောင်းကင်ဘုံ မြွေနဂါးကြေးခွံများသည်ပင် အစိမ်းပုပ်ရောင် လခြမ်းကွေး၏ စွမ်းအင်များကြောင့် အလုံးစုံ ပျက်စီးနေခဲ့လေသည်။
ယခုအချိန်တွင် ဇူယွမ်၏ပုံရိပ်မှာ ကြည့်ရှု၍ပင် မကောင်းလောက်အောင် ထိခိုက်ဒဏ်ရာ ရနေခဲ့ပါသော်လည်း ရှုယန်၏ ကြောက်မက်ဖွယ် ကောင်းလှသော တိုက်ခိုက်မှုအား ရင်ဆိုင်နိုင်ခဲ့ကြောင်း ထင်ရှား၏။
မည်သူကမှ ဇူယွမ်မှာ ရှုယန်အား ပြန်လည် တိုက်ခိုက်သော နည်းလမ်းဖြင့် ခုခံကာကွယ်ခြင်း ပြုလုပ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ဇူယွမ် ပထမ၌ အသုံးပြုခဲ့သော ကောင်းကင်ဘုံ ကျင့်စဥ်မှာ လခြမ်းကွေး၏ စွမ်းအင်ရှစ်ဆယ် ရာခိုင်နှုန်းခန့်အား ဖျက်ဆီးနိုင်ခဲ့ပြီးနောက် မူလ မှော်စာလုံးပညာရပ်အား အသုံးပြုကာ ကျန်ရှိသော စွမ်းအင်ပမာဏ အလုံးစုံကို ဖျက်ဆီးနိုင်ခဲ့လေသည်။
ဇူယွမ်၏ ကြွယ်ဝလှသော နည်းဗျူဟာများနှင့် တိုက်ပွဲစွမ်းရည်မှာ အံ့အားသင့်စရာ ကောင်းလှ၏။ ဇူယွမ်သည် လက်များ၌ ရွှဲရွှဲစိုလျက်ရှိသော သွေးစများအား ခါထုတ်လိုက်ကာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် တီတိုးရေရွတ် လိုက်သည်။
“ဟာကွာ ... မူလစဦး စတုတ္တ အဆင့်ကိုသာ ရောက်နေပြီဆိုရင် ငါ့ရဲ့ ကောင်းကင်ဘုံ နေမင်းမီးတောက် လခြမ်းကွေးကို အကုန်ဖျက်ဆီး ပစ်လိုက်နိုင်မှာ”
ဇူယွမ်မှာ ရှုယန်နှင့် ချီကျင့်ကြံခြင်းအဆင့် ကွာခြား လွန်းလှသည့်အပြင် ကောင်းကင်နေနတ်ဘုရား မှတ်တမ်း၏ ကောင်းကင်ဘုံ နေမင်းမီးတောက်အား အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် အဆုံး၌ အစိမ်းပုပ်ရောင် လခြမ်းကွေးအား အလုံးစုံ ဖျက်ဆီးပစ်နိုင်ရန် အစွမ်းကုန် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်၏။
တောင်တန်းအပြင်ဖက်ရှိ စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်၏ အံ့အားသင့်စရာ ကောင်းလှသော ခုခံကာကွယ်နိုင်မှုအား မြင်တွေ့လိုက်ရသော အခါတွင် အားရကျေနပ်စွာဖြင့် အော်ဟစ်အားပေး လိုက်ကြသည်။
ဇူယွမ်မှာ အလွန်ပင် အန္တရာယ် များလှသော အခြေအနေ၌ပင် တည်တည်ငြိမ်ငြိမ်ဖြင့် အကောင်းဆုံး ကြိုးစားဖြေရှင်း နိုင်ခဲ့ခြင်းက စောင့်ကြည့်နေသော ခရမ်းရောင်ခါးစည်း တပည့်အချို့ကိုပင် အံ့အားသင့်စေခဲ့၏။
တောင်ထွတ်ပေါ်တွင် ရှိနေသော ရှုယန်မှာ အလွန်ပင် စိတ်ဓာတ်ကြံ့ခိုင်လှသော ဇူယွမ်၏ပုံရိပ်အား ကြည့်ကာ နှုတ်ခမ်းများ ရှုံ့မဲ့သွားခဲ့ရသည်။
အစောပိုင်းက ရှုယန်အသုံးပြုခဲ့သော ကျင့်စဥ်သည် ပုံမှန် မူလစဦး သတ္တမအဆင့် တပည့်တစ်ဦးကိုပင် ရှုံးနိမ့်သွားစေရန် လုံလောက်ပါသော်လည်း ဇူယွမ်မှာ မဖြစ်ဖြစ်အောင် ခုခံကာကွယ်နိုင်ခဲ့၏။ ထိုကဲ့သို့သော စိတ်ဓာတ်ခွန်အားနှင့် ဆုံးဖြတ်ချက်ပြတ်သား ခြင်းများကြောင့် ဇူယွမ်သည် ကန်ရွှမ်းကလန်၌ အမည် ကျော်ကြားနေခြင်းမှာ အနည်းငယ်မျှပင် မထူးဆန်းတော့ပေ။
“ဒီကောင်စုတ်လေး ...” ရှုယန်မှာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားခဲ့ပြီး မျက်ဝန်းများမှာ အမှန်တရားကို လက်သင့် မခံနိုင်ဟန် ရှိနေသည်။
ဝှစ် ...
ရှုယန်မှာ အတွေးများကြားထဲ၌ နစ်မြုပ်နေစဥ်မှာပင် ဇူယွမ်၏ပုံရိပ်မှာ ရုတ်တရက် ကွယ်ပျောက်သွားခဲ့၏။
“အဟက် ... ” ရှုယန်မှာ အေးစက်စွာ ရီမောလိုက်ပြီးနောက် အနောက်သို့လှည့်ကာ ရိုက်ချပစ်လိုက်သည်။ အစောပိုင်း၌ အသုံးပြုခဲ့သော ကောင်းကင်ဘုံ ကျင့်စဥ်ကြောင့် ရှုယန်၏ ချီစွမ်းအင်များ များစွာ ကုန်ခမ်းခဲ့ရသော်လည်း ဇူယွမ်နှင့် ဆက်လက် တိုက်ခိုက်ရန် လုံလောက်နေဆဲ ဖြစ်၏။
ချပ် ...
လေထဲမှ လက်ဝါးတစ်ခု ပေါ်လာခဲ့ပြီး ရှုယန်မှ လျင်မြန်စွာ ဖမ်းဆွဲလိုက်ကာ အေးစက်စက် ရီမောလိုက်ပြီးနောက် သူ၏လက်ဝါး နောက်တစ်ဖက်အား ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်စေကာ ဖိချတော့မည့် အချိန်မှာပင် ဇူယွမ်မှာ ပေါ်လာခဲ့ပြီး ရှုယန်၏လက်အား ဖမ်းဆွဲ ထားလိုက်လေသည်။
ထို့ကြောင့် ဇူယွမ်နှင့် ရှုယန်တို့ နှစ်ဦးမှာ တစ်ယောက်လက် တစ်ယောက် ဖမ်းဆုပ်ထားသော အခြေအနေ ဖြစ်နေကာ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်တော့မည့် အလား ကြည့်လိုက်ကြ၏။
ယခုအခြေအနေမှာ ရှင်းလင်းသိသာစွာပင် ချီစွမ်းအင်ချင်း ယှဥ်ပြိုင်နေသကဲ့သို့ ဖြစ်နေပေသည်။ ရှုယန်မှာ ခေတ္တမျှ ကြောင်စီစီ ဖြစ်နေခဲ့ပြီးနောက် လှောင်ပြောသည့်ဟန်ဖြင့် ပြုံးကာ စကားဆိုလိုက်၏။
“မင်းက တကယ် သေချင်နေတာပဲကွ။ ငါက ကောင်းကင်ဘုံ ကျင့်စဥ်ကို အသုံးပြုလိုက်ရလို့ ချီစွမ်းအင်တွေ မကျန်လောက်တော့ ဘူးလို့များ ထင်နေတာလား”
“မူလစဦး သတ္တမအဆင့် တစ်ယောက်က ဘယ်လောက်ထိ သန်မာလဲဆိုတာ မင်းကို ဟောဒီက စီနီယာ အစ်ကိုတော်က ပြသပေးမယ်”
ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှုယန်၏ ချီပင်လယ်ထဲမှ မူလချီကြယ်ပွင့်များမှာ လင်းလက်လာခဲ့ပြီး အသွေးအသားများထဲသို့ စီးဆင်းလည်ပတ်သွားကာ ဇူယွမ်၏ ခန္ဓာကိုယ်ထဲသို့ စတင် ဝင်ရောက်သွားခဲ့သည်။
ရှုယန်၏ ချီစွမ်းအင်များမှာ အစစ်အမှန် အဆင့်ခြောက် ချီစွမ်းအင်များ ဖြစ်သည့်အပြင် ဓားသွားတစ်ခုကဲ့သို့ပင် လွန်စွာမှ ထက်ရှလှသောကြောင့် ဇူယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသော အချိန်တွင် ဇူယွမ်မှာ အသွေးအသားများအား ဓားနဲ့ မွှန်းခံနေရသကဲ့သို့ ခံစားနေရ၏။
ဇူယွမ်၏ မျက်ဝန်းများမှာ ခက်ထန် လာခဲ့သော်လည်း အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိဘဲ စပါးအုံးနဂါးချီများအား စတင်လည်ပတ်စေကာ ရှုယန်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းစေလိုက်သည်။
ဇူယွမ်နှင့် ရှုယန်တို့ နှစ်ဦးမှာ တစ်ဦးခန္ဓာကိုယ်ထဲသို့ တစ်ဦး၏ ချီစွမ်းအင်များ စီးဆင်းနေစေကာ တစ်ဦးကိုတစ်ဦး ဖျက်ဆီးနေလျက် ရှိ၏။
တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ထိုမြင်ကွင်းအား တွေ့လိုက်ရသောအခါ အံ့အားတကြီး ဖြစ်သွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မည်သူကမှ ဇူယွမ်တို့နှစ်ဦးမှာ ထိုကဲ့သို့သော တိုက်ခိုက်ခြင်းအား ပြုလုပ်ကြလိမ့်မည်ဟု ထင်မှတ် မထားခဲ့သောကြောင့်ပင် ဖြစ်၏။
“ချီစွမ်းအင်ချင်းဆို ရှုယန်က ပိုသာတာပေါ့ကွ”
“ဟုတ်တယ် … ဇူယွမ်က ဘာလို့ အဲဒီလိုလုပ်ဖို့ တွေးရတာလဲ မသိဘူး”
“ကြည့်ရတာ ဇူယွမ်မှာ ရွေးစရာ မရှိတော့လို့နဲ့ တူပါတယ်ကွာ”
“ဒါပေမဲ့ ဒီလိုလုပ်တာက ပိုပြီး မိုက်ရူးရဲဆန်တာပဲ”
“... ”
စိတ်ရှုပ်ထွေးနေကြသော အကြည့်များစွာ၏ အောက်၌ပင် ဇူယွမ်နှင့် ရှုယန်တို့မှာ အချိန်အချို့ကြာအောင် ဆက်လက် တိုက်ခိုက် နေခဲ့ကြပြီးနောက် နှစ်ဦးလုံးမှာ ဆန့်ကျင် အရပ်ဆီသို့ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်၌ နက်ရှိုင်းသော စွတ်ကြောင်းများပါ ဖြစ်ပေါ်သွားစေခဲ့သည်။ ရှုယန်မှာ အေးစက်စွာဖြင့် ရီမော ပစ်လိုက်ပြီးနောက် ဇူယွမ်မှာ လှောင်ပြောင်သရော်လိုသော မျက်ဝန်းများဖြင့် ကြည့်ကာ စကားဆိုလိုက်၏။
“မင်းက အရမ်းမိုက်ရူးရဲဆန်တာပဲ ဂျူနီယာ ညီတော်ဇူယွမ်”
“အခု မင်းရဲ့လက်တွေက ငါ့ရဲ့ချီစွမ်းအင်ကြောင့် ထိခိုက်သွားလို့ အချိန်တစ်ခုထိ လှုပ်လို့ရမှာ မဟုတ်ဘူး”
တောင်တန်းအပြင်ဖက်မှ တပည့်များမှာ ဇူယွမ်၏ လက်များအား ကြည့်လိုက်ကြသော အချိန်တွင် ဓားနှင့်များစွာ မွှန်းခံထားရသကဲ့သို့ သွေးများ စိမ့်ထွက်နေခဲ့သည်ကို မြင်တွေ့လိုက်ကြရသည်။
အကယ်၍သာ ဇူယွမ်မှာ သူ၏လက်နှစ်ဖက်အား ခဏတာ အသုံးပြု၍ မရနိုင်တော့လျှင် တိုက်ပွဲ၌ အစစ်အမှန် အရေးနိမ့်သွား ရတော့မည်ပင် ဖြစ်၏။ လူတိုင်းမှ ခန့်မှန်းထားကြသည့် အတိုင်းပင် ချီစွမ်းအင်ချင်း နှိုင်းယှဥ်ရမည်ဆိုလျှင် ရှုယန်မှာ များစွာသာလွန်နေပေသည်။
ရှုယန်၏လှောင်ပြောင်သရော်နေသော မျက်ဝန်းများအောက်၌ပင် ဇူယွမ်မှာ သွေးများစိုရွှဲနေသော လက်မောင်းများကို တည်ငြိမ်စွာပင် ငုံ့ကြည့်လိုက်၏။
“စီနီယာအစ်ကိုတော်ရှုယန် ... ”
ဇူယွမ်မှာ အနိုင်ရသူတစ်ဦး၏ဟန်ပန်နှင့် ဂုဏ်ယူဝင့်ကြွားစွာ ရီမောနေသော ရှုယန်အား မော့ကြည့်ကာ စကားဆိုလိုက်လေသည်။
“တစ်ယောက်ကမှ ငါနဲ့ချီစွမ်းအင်ချင်း ကူးပြောင်း တိုက်ခိုက်တာက မကောင်းတဲ့ ကိစ္စဆိုတာ မင်းကို မပြောပြကြဘူးလား”
“ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်ခဲ့ရင် ပေးဆပ်ရမဲ့ တန်ကြေးက မင်းထင်တာထက်ကို အများကြီး ဆိုးရွားနေမှာမို့လို့ပဲ”
ရှုယန်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်း သွားခဲ့ပြီးနောက် ခဏအကြာတွင် တစ်စုံတစ်ခုအား ခံစားမိလိုက်သဖြင့် အင်္ကျီလက်မောင်းအိုးအား ဆွဲတင်ကာ ကြည့်ရှုလိုက်သောအခါ၌ များစွာသော သွေးကြောကဲ့သို့ အရာများအား တွေ့ရှိလိုက်ရ၏။ ထိုသွေးကြောသဏ္ဌာန် အရာများမှ နဂါးတစ်ကောင် ဟိန်းဟောက်သံပင် သဲ့သဲ့မျှထွက်နေသယောင် ရှိနေကာ ရှုယန်၏ လက်အတွင်း၌ လှုပ်ရှားသွားလာ နေကြလေသည်။
***