နဂါးဒေါသအဆိပ်၏ဖိနှပ်ခံရခြင်း
Vol. 28 Ch. 381
တောင်ထွတ်ပေါ်တွင် ရှိနေသော ရှုယန်၏ မျက်နှာမှာ သူ၏လက်ထဲ၌ လွန့်လူးနေကြသော ထူးဆန်းသည့် သွေးကြောကဲ့သို့ အရာများအား မြင်လိုက်ရသောအခါ၌ ဖြူရော် သွားခဲ့လေသည်။ ထိုသွေးကြောငယ်များမှာ အလွန်ပင်ရက်စက်လှသော အရှိန်အဝါကို ထုတ်လွှတ်ကာ တားဆီး၍ မရနိုင်သည့်အလား လွန့်လူးနေကြ၏။ ထိုအရာမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အဆိပ်တစ်ခု ဖြစ်သည်မှာ ထင်ရှားပေသည်။
“အဆိပ်အတောက်လေး တစ်ခုက ငါ့ကို ဒုက္ခပေးနိုင်မယ်လို့များ ထင်နေတာလား”
ရှုယန်၏အသံမှာ အေးစက်နေလျက် ရှိ၏။ ထို့နောက် ရှုယန်မှာ ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေကာ လက်များဆီသို့ ပို့လွှတ်လိုက်ပြီး နဂါးဒေါသအဆိပ်အား ဖယ်ရှားနိုင်ရန် လုပ်ဆောင်လိုက်သည်။
သို့သော်လည်း ရှုယန်၏ ချီစွမ်းအင်များမှာ နဂါးဒေါသအဆိပ်နှင့် ထိတွေ့လိုက်သည်နှင့်တကွ သွေးနီရောင်သို့ ပြောင်းလဲသွားကာ ထိန်းချုပ်မရတော့သည့် အပြင် လက်များမှာလည်း မဲနက် လာခဲ့သောကြောင့် ရှုယန်မှာ ထိတ်လန့်တုန်လှုပ် သွားခဲ့ရ၏။
အဆုံး၌ ရှုယန်၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ယှက်သန်းလာခဲ့ပြီး ဇူယွမ်အား အော်ဟစ်မေးမြန်း လိုက်လေတော့သည်။
“ဒါဘယ်လိုအဆိပ်ကြီးလဲ”
ရှုယန်၏ လက်အတွင်း၌ ရှိနေသောအဆိပ်မှာ ပြင်းထန်လှပြီး ချီစွမ်းအင်များကိုပင် လွှမ်းမိုးရယူနိုင်စွမ်း ရှိနေ၏။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော အဆိပ်တည်ရှိနေခြင်းအား ရှုယန်မှ ကြားပင် မကြားခဲ့ဖူးချေ။
ဇူယွမ်မှာ လက်မောင်းမှ သွေးများကို ခါထုတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကာ ရှုယန်အားကြည့်၍ တည်ငြိမ်စွာဖြင့်ပင် ပြန်ပြောလိုက်လေသည်။
“မင်းမှာ ဦးနှောက် ရှိဦးမယ်ဆိုရင် ချီစွမ်းအင်တွေကို အခုချိန်မှာ ဆက်မသုံးသင့်တော့ဘူး။ အကယ်၍သာ အဆိပ်က ဆက်ပျံ့သွားမယ်ဆိုရင် မင်းကိုကယ်လို့ ရပါတော့မလားတောင် မသေချာဘူး”
နဂါးဒေါသအဆိပ်၏ အကြောင်းကို မည်သူကမှ ဇူယွမ်ထက်ပို၍ မသိနိုင်ချေ။ နဂါးဒေါသအဆိပ်မှာ ေဖျာက်ဖျက်ရန် မဖြစ်နိုင်သော အဆိပ်တစ်ခုပင် ဖြစ်၏။ ယခုအချိန်၌ ရှုယန်မှာ နဂါးဒေါသအဆိပ်၏ အနည်းငယ်မျှသော ပမာဏလောက်ကိုသာ လက်ခံထားရခြင်းဖြစ်ပြီး အကယ်၍ ဆက်လက်ပျံ့နှံ့ စေခဲ့မည်ဆိုပါက ဆိုးရွားလှသော နာကျင်မှုကြောင့် သေဆုံးခွင့်ပေးရန်ပင် တောင်းဆိုနေရပေလိမ့်မည်။
“ဘာ ...”
ရှုယန်မှာ ဒေါသထွက်စွာဖြင့် ဇူယွမ့်အား ကြည့်လိုက်၏။ အကယ်၍သာ ချီစွမ်းအင်ကို အသုံးပြု၍ မရပါက ဇူယွမ့်အား မည်ကဲ့သို့ တိုက်ပွဲမှ ထုတ်ပယ်ရပါမည်နည်း။
“မင်း ... မင်းက တော်တော်ကို ဉာဏ်နီဉာဏ်နက် များတဲ့ကောင်ပဲ” ရှုယန်မှ ဒေါသတထောင်းထောင်း ထလျက် အော်ဟစ် ပြောဆိုလိုက်၏။
ဇူယွမ်မှာ မိုက်ရူးရဲဆန်စွာဖြင့် သူနှင့်ချီစွမ်းအင်ချင်း ဖလှယ်ကာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့် လုပ်ရပ်အား ယခုအချိန်မှသာ ရှုယန် နားလည်သွားခဲ့ရလေသည်။ ဇူယွမ်၏ အဓိက ရည်ရွယ်ချက်မှာ ရှုယန်၏ ခန္ဓာကိုယ်ထဲသို့ နဂါးဒေါသအဆိပ် ထည့်ပေးနိုင်ရန်သာ ဖြစ်၏။
ဇူယွမ်မှာ ရှုယန်အား လျစ်လျူရှုလိုက်ကာ မည်သည့်စကားမှ ပြန်၍မပြောတော့ချေ။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှာ စည်းကမ်း သတ်မှတ်ချက်များ မရှိသဖြင့် မည်သည့် နည်းလမ်းကိုမဆို အသုံးပြု၍ ရပေသည်။ ငါ့ကိုများ ဉာဏ်နီဉာဏ်နက် များတဲ့ကောင်တဲ့ ... အဟက် ...
မင်းတို့ ဓားကပ်ဘေး တောင်ထွတ်ကြတော့ အရမ်းကို ရိုးသား ဖြောင့်မတ်နေလို့ ငါ့ဆီ အဲဒီလောက် လူအများကြီး လွှတ်ခဲ့တာလား ...
ရှုယန်ဆိုတဲ့မင်းကမှ ငါ့ကို ပြိုင်ပွဲကနေ ထုတ်ပစ်နိုင်ဖို့အတွက်နဲ့ ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက်ရဲ့ နောက်ခံအင်အားကိုသုံးပြီး ယုတ်မာခဲ့တာ မဟုတ်ဘူးလား ... သို့သော်လည်း ရှုယန်၏ လုပ်ရပ်များမှာ စည်းကမ်း သတ်မှတ်ချက်များကို ချိုးဖောက်ခဲ့ခြင်း မရှိသဖြင့် အပြစ်ဒဏ်ခံယူရမည် မဟုတ်ပေ။
ထို့အပြင် ဇူယွမ်မှာ ယခုအချိန်၌ ရှုယန်အား အနိုင်တိုက်ရန် မဖြစ်နိုင်ကြောင်း ကောင်းစွာသိရှိ နားလည်ထားသည်။ ထို့ကြောင့် ဇူယွမ်မှာ နှစ်ဦးနှစ်ဖက်လုံး နာကျင်ရမည့်နည်းလမ်းကို ရွေးချယ်ကာ ရှုယန်ထံသို့ နဂါးဒေါသအဆိပ် ထည့်ပေးခဲ့ခြင်း ဖြစ်၏။ ယခုဆိုလျှင် ဇူယွမ်နှင့် ရှုယန်တို့ နှစ်ဦးလုံးမှာ တိုက်ပွဲစွမ်းရည်များ ပျောက်ဆုံးသွားပြီ ဖြစ်သဖြင့် ထိုင်စောင့်နေရန်သာ ရှိလေသည်။
ဇူယွမ်မှာ နာကျင်စွာ အော်ဟစ်နေသော ရှုယန်အား အလုံးစုံ လျစ်လျူရှုထားကာ ကျေနပ်အားရစွာဖြင့် ရီမောပစ်လိုက်၏။
ရှုယန်မှာ ဇူယွမ်မှ သူ့အား အလုံးစုံ လျစ်လျူရှုထားသော အမူအရာကြောင့် ဒေါသများကို ထိန်းချုပ်၍ မရနိုင်တော့ဘဲ မျက်နှာမှာ ခက်ထန်လာခဲ့ရသည်။ သို့သော် သွေးကြောကဲ့သို့ အဆိပ်များ ပို၍ထကြွလာသည်ကို တွေ့ရှိလိုက်ရသဖြင့် ပေါက်ကွဲလာသော ဒေါသများအား အတင်းအကြပ် ဖိနှိပ်ထားလိုက်ရ၏။
ရှုယန်မှာ သူ၏လက်အတွင်း၌ လွန့်လူးနေကြသော အဆိပ်သွေးကြောများမှာ မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမှန်း မှန်းဆနိုင်လေသည်။ အကယ်၍သာ ရှုယန်မှ မဆင်မခြင် ပြုမူမိခဲ့မည်ဆိုပါလျှင် ထိုလုပ်ရပ်အား အသေအချာပင် နောင်ရနေရလိမ့်မည် ဖြစ်၏။ ထို့ကြောင့် ရှုယန်မှာ ငြိမ်သက်စွာပင် ရပ်နေကာ မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ရန် မဝံ့ရဲချေ။
ယခုအချိန်၌ ဇူယွမ်တို့ တောင်ထွတ်ပေါ်ရှိ အခြေအနေများမှာ ကသိကအောက် ဖြစ်နေလျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်နှင့် ရှုယန်တို့ နှစ်ဦးမှာ အစောပိုင်းကပင် အပြင်းအထန် တိုက်ခိုက် နေခဲ့ကြသော်လည်း ယခုအချိန်၌ တစ်ဦးမှာ မြေပြင်ပေါ်၌ ထိုင်နေလျက်ရှိကာ တစ်ဦးမှာတော့ ကျောက်ရုပ် တစ်ခုအလား ငြိမ်သက်စွာပင် ရပ်နေခြင်းကြောင့် ဖြစ်၏။ ထိုသို့သော ထူးဆန်းနေသည့် အခြေအနေများကြောင့် တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေသော တပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ ထွက်ပေါ် လာခဲ့လေတော့သည်။
“သူတို့ ဘာလုပ်နေကြတာလဲ”
“ရှုယန်က ဘာလို့ မတိုက်ခိုက်တာလဲ။ ဇူယွမ်ကရော မြေကြီးပေါ် ဘာထိုင်လုပ်နေတာလဲ ... အနားယူနေတာလား”
“ဘာတွေ ဖြစ်နေကြတာတုန်းဟ”
“ ... ”
စောင့်ကြည့်နေကြသော တပည့်များမှာ အပြင်းအထန် တိုက်ခိုက် နေခဲ့ကြသော ဇူယွမ်နှင့်ရှုယန်မှ ယခုအခါတွင် ငြိမ်းချမ်းစွာပင် ထိုင်သည့်သူကထိုင် ထသည့်သူကထ ဖြစ်နေသော အခြေအနေကြောင့် ရီရမလား ငိုရမလားပင် မသဲကွဲတော့ပေ။
ထို့ကြောင့် တောင်တန်းအပြင်ဖက် ပတ်ဝန်းကျင် တစ်ခုလုံးမှာ တီတိုး ဝေဖန်သံများဖြင့် ပြည့်နှက် သွားခဲ့ရလေတော့၏။
အချိန်အချို့ ကြာပြီးနောက်တွင် စောင့်ကြည့်နေသူများထဲမှ ထက်မြက်သော တပည့်တစ်ဦးမှာ တစ်စုံတစ်ခုအား တွေးတော မိသွားဟန်ဖြင့် အော်ဟစ်လိုက်လေသည်။
“ရှုယန်ရဲ့ပုံစံက မူမမှန်နေဘူးကွ”
“သူ့ပုံစံကြည့်ရတာ မလှုပ်ချင်လို့ မဟုတ်ဘဲ လှုပ်လို့မရတဲ့ပုံ ပေါက်နေတယ်”
“ခုနက ချီစွမ်းအင်တွေ ဖလှယ်ပြီး တိုက်ခိုက်တဲ့ အချိန်မှာ ဇူယွမ်က တစ်ခုခု လုပ်လိုက်တဲ့ပုံပဲ”
“ ... ”
ထိုစကားများအား ကြားရသောအခါတွင် အခြားသော တပည့်များမှာလည်း တွေးတောမိသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။ ဤယူဆချက်မှာ မှန်ကန်ပုံ ရသည်။ ထို့ကြောင့်သာ ဇူယွမ်မှာ မိုက်ရူးရဲဆန်စွာဖြင့် ရှန်နှင့် စွမ်းအင်ချင်း ဖလှယ်ကာ တိုက်ခိုက်သော နည်းလမ်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဇူယွမ်မှာ ရည်ရွယ်ချက်ရှိစွာ မိုက်ရူးရဲဆန်သည့် ဟန်ဖြင့် ရှုယန်နှင့် တိုက်ခိုက်ခဲ့သောကြောင့် ရှုယန်မှာ ဇူယွမ်၏ လှည့်ကွက်အတွင်း ကျဆုံးခဲ့ရပေသည်။ အမွှေးနံ့သာတိုင်ကြီး ကုန်ဆုံးသွားသည့် အချိန်ထိသာ ဇူယွမ်နှင့် ရှုယန်တို့နှစ်ဦးမှာ ဤအခြေအနေတိုင်းသာ ဆက်လက် ရှိနေခဲ့မည် ဆိုပါက ဇူယွမ်မှာ ချန်ပီယံ ရွေးချယ်ခြင်း တိုက်ပွဲ၌ အချိန်အကြာဆုံး တောင့်ခံနိုင်သည့်သူ ဖြစ်လာတော့မည်ပင် ဖြစ်၏။
ထိုအကြောင်းအရာအား တွေးတောလိုက်မိသော အချိန်တွင် တပည့်များမှာ အံ့အားသင့်စွာဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးကြည့်မိလိုက်ကြသည်။ ယခုအချိန်၌ ဇူယွမ်မှာ နာကျင်နေဟန်ဖြင့် လက်မောင်းမှ သွေးစများကို ညင်သာစွာ ပွတ်ထုတ်နေသော ပုံရိပ်မှာလည်း တပည့်များ၏ ရင်ထဲမှ မြင့်တက်လာသော လေးစားမှုများကို မတားဆီးနိုင်ခဲ့ချေ။
ဇူယွမ်မှာ စောင့်ကြည့်နေကြသော တပည့်များအားလုံးကို များစွာ အံ့အားသင့်စေနိုင်ခဲ့၏။ ကန်ရွှမ်းကလန်ထဲသို့ ရောက်ရှိလာသည်မှာ တစ်နှစ်ပင် မပြည့်သေးသော ဤတပည့် အသစ်လေးမှာ အမြဲတစေပင် လူတိုင်းအား အံ့အားသင့်သွားအောင် လုပ်ပြနိုင်ခဲ့လေသည်။
“ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ”
မြစ်ကမ်းဘေးတွင် ရှိနေသော လုရွှမ်းယင်မှာ မှန်ချပ်ထဲမှ မြင်ကွင်းအား ကြည့်ရှုကာ ဖြူရော်သွားခဲ့ရ၏။ လုရွှမ်းယင်မှာ စိတ်နှလုံးထဲ၌ မယုံကြည်နိုင်ခြင်းများနှင့် စိတ်ပျက် အားလျော့ခြင်းများ ပြည့်နှက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရသည်။ သူမသည် မည်သည့်အခါမှ ရှုယန် ကိုယ်တိုင်သည်ပင် ဇူယွမ်အား ဖြေရှင်းရန် မဖြစ်နိုင်ဘဲ ဤသို့ ကသိကအောက် အခြေအနေတစ်ခု၌ နေနေရလိမ့်မည်ဟု တွေးပင် မထားခဲ့ဖူးချေ။
လုရွှမ်းယင်မှာ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မှန်ချပ်ထဲမှ ဇူယွမ်၏ ပုံရိပ်အား ငေးမော ကြည့်ရှုလိုက်၏။ သူမသည် ဇူယွမ့်အား အကြိမ်ကြိမ်အခါခါ ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ပါသော်လည်း တစ်ကြိမ်မှ မအောင်မြင်ဖူးခဲ့သည့်အပြင် ယခုအကြိမ်တွင်တော့ သူမမှာ ဇူယွမ့်အား စိတ်နှလုံးထဲမှပင် ထိတ်လန့်ကြောက်ရွံ့ ခဲ့ရပြီ ဖြစ်သည်။ ဇူယွမ်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး နားလည်နိုင်ရန် ခက်ခဲသော သူတစ်ဦးပင် ဖြစ်၏။
တောင်ထိပ်၏ အမြင့်ဆုံးနေရာ၌ တောင်တန်းထဲမှ တိုက်ခိုက်မှုများကို ကြည့်ရှုနေကြသော ပုံရိပ်ခြောက်ခုမှာ ချီစွမ်းအင် အရောင်အဝါများ ထွန်းလင်း ထွက်ပေါ်နေလျက် ရှိပေသည်။ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားတောင်ထွတ် ဆရာသခင်ငါးဦးမှာ ရှုယန်၏ ပုံရိပ်အား တစ်ချက်မျှ ကြည့်လိုက်ရုံနှင့်ပင် ရှုယန်၏ လက်အတွင်း၌ လူးလွန့်နေသော သွေးနီရောင် အဆိပ်များကို တွေ့ရှိသွားခဲ့၏။
“အမ် ... ”
နဂါးဒေါသအဆိပ်အား တွေ့လိုက်ရသော အခါတွင် ကလန်ခေါင်းဆောင် ချင်းယန်ထံမှ တိုးညှင်းသော ရေရွတ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအဆိပ်ထံမှ ထုတ်လွှတ်ချက်ရှိသော ထူးခြားလှသည့် စွမ်းအင်များကိုလည်း ကလန် ခေါင်းဆောင်မှ ခံစားမိခဲ့၏။ ကလန်ခေါင်းဆောင်ချင်းယန်မှ အသိအမှတ်ပြုသော အသံဖြင့် စကားဆိုလိုက်လေသည်။
“အားပြင်းလိုက်တဲ့ အဆိပ်ပါလား … ဒီလိုအရာမျိုး ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး”
အခြား တောင်ထွတ် ဆရာသခင်များကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။ နှင်းပဒုမ္မာ တောင်ထွတ်၏ ဆရာသခင်မ လျို့လျန်းယီမှာ တောင်ထွတ်ဆရာသခင် လင်ကျွမ်းဖက်သို့ လှည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဇူယွမ်လို့ခေါ်တဲ့ လူငယ်လေးက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ သူက မူလစဦး တတိယအဆင့်ပဲ ရှိသေးပေမဲ့ ရှုယန်လို သတ္တမ အဆင့်ကိုတောင် ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်”
တောင်ထွတ်ဆရာသခင် လင်ကျွမ်း၏ အမူအရာမှာ တည်ငြိမ်နေလျက်ပင် ရှိ၏။ သို့သော်လည်း လင်ကျွမ်းနှင့် ရင်းနှီးကျွမ်းဝင်သော သူတိုင်းမှာ လင်ကျွမ်းသည် တည်ငြိမ်နေသော မျက်နှာရှိသော်လည်း ဓားကပ်ဘေးတောင်ထွတ်မှ များစွာ အရှက်ရနေရခြင်းကြောင့် စိတ်နှလုံးမှာတော့ ဒေါသတို့ဖြင့် ပြည့်နှက်နေလိမ့်မည်ကို ကောင်းစွာ သိရှိပေလိမ့်မည်။ တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ တည်ငြိမ်နေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။
“ဒီကောင်လေးက အဆိပ်အပေါ် အားကိုးနေရုံ သက်သက်ပါပဲ”
ကလန်ခေါင်းဆောင် ချင်းယန်မှ ခေါင်းကို ခါယမ်းကာ ပြန်၍ပြောလိုက်၏။
“ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ အဆိပ်မှမဟုတ်ဘူး ကြိုက်တဲ့နည်းလမ်းကို အသုံးပြုခွင့် ရှိတာပဲလေ။ ဇူယွမ်က ရှုယန်ထက် အားနည်းပေမဲ့ ဥာဏ်ထက်ထက်နဲ့ ကိုင်တွယ်နိုင်မဲ့ နည်းလမ်းကို စဥ်းစားနိုင်ခဲ့တယ်။ ရှုယန်ကသူ့ကို အထင်သေးလွန်းတာကို အသုံးချပြီးတော့ ရှုယန်ကို သူ့ရဲ့ထောက်ချောက်ထဲ ရောက်အောင် လုပ်နိုင်ခဲ့တယ်။ ဒီကောင်လေးရဲ့ တိုက်ပွဲစွမ်းရည်နဲ့ အတွေ့အကြုံက လက်ဖျားခါလောက်စရာပဲ”
တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ တိတ်ဆိတ် သွားခဲ့ရသည်။ ပြောရမည်ဆိုလျှင် သူသည်လည်း ထိုအချက်များကို မမြင်နိုင်ခဲ့ခြင်း မဟုတ်ပေ။ သို့သော်လည်း ယနေ့တွင် ဓားကပ်ဘေး တောင်ထွတ်မှ ဆိုးရွားစွာ အရှက်တကွဲ ရှုံးနိမ့်နေရသည့်အတွက် ကောင်းမွန်စွာ စဥ်းစားဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးနေရခြင်း ဖြစ်လေသည်။ ကလန်ခေါင်းဆောင် ချင်းယန်မှာ ဇူယွမ်အား အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် ကြည့်ကာ စကားဆိုလိုက်၏။
“ဒီကောင်လေးက တကယ်ထူးချွန်တဲ့ ကောင်လေးပဲ။ မူလ သူတော်စင် တောင်ထွတ်ကို ရောက်သွားတာ စိတ်မကောင်း ဖြစ်မိတယ်”
ကလန်ခေါင်းဆောင်၏ အသံမှာ နောင်တရသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ ဇူယွမ်မှာ စိန်းထိုက်ယွမ်၏ တပည့်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သဖြင့် အရှက်မဲ့စွာဖြင့် အကြီးအကဲထံမှ ဇူယွမ့်အား သွားရောက် လုယူရန် မဖြစ်နိုင်တော့ပေ။
“ဇူယွမ်မှာ ဝှက်ဖဲတွေ ရှိနေဦးမယ်လို့ ငါမထင်ထားမိဘူး”
မှန်ချပ်အား ငေးကြည့်နေသော လီချင်းချန်မှာ အံ့အားသင့်စွာဖြင့် ဇူယွမ်အား ချီမွမ်းလိုက်၏။ ဇူယွမ်အပေါ်တွင် ထားရှိသော သူမ၏အမြင်များမှာ ပြောင်းလဲသွားခဲ့ရပြန်ပြီပင် ဖြစ်သည်။
လီချင်းချန်မှာ ပထမ၌ ဇူယွမ်သည် ဤတစ်ကြိမ်တွင်တော့ တိုက်ပွဲ အလှည့်အပြောင်းများ ဖြစ်ပေါ်စေရန် မတက်နိုင်တော့လောက်ဟု ခန့်မှန်းမိခဲ့၏။ သို့သော်လည်း ဇူယွမ်မှာ အံ့အားသင့်ဖွယ်များကို ထပ်မံဖြစ်ပေါ်စေခဲ့ကာ တိုက်ပွဲအခြေအနေအား လှည့်ပြောင်း နိုင်ခဲ့လေသည်။ ဤအခြေအနေအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေခဲ့မည် ဆိုပါက ဇူယွမ်မှာ ချန်ပီယံနေရာကိုပင် ရရှိသွားနိုင်၏။
“ဇူယွမ်က လုံးဝကို ပုံမှန်မဟုတ်ဘူး”
လီချင်းချန်မှာ ယောင်ယောင့်အား ကြည့်ကာ သက်ပြင်း ချလိုက်လေသည်။
“ဒီအလောင်းအစားမှာလည်း နင်နိုင်ပြန်ပြီနဲ့ တူပါတယ်”
ယောင်ယောင်မှာ ဇူယွမ်၏ပုံရိပ်အား ငေးကြည့်နေခဲ့သော်လည်း သူမ၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုများ မရှိနေခဲ့ဘဲ ဒေါသအနည်းငယ် ထွက်နေသော အမူအရာဖြင့် ရေရွတ်လိုက်၏။
“ဒီကောင်လေးက သိပ်ကို မဆင်မခြင် လုပ်တာပဲ”
“နဂါးဒေါသအဆိပ် နောက်တစ်ခါ နိုးထလာတော့မဲ့ အချိန်က နီးကပ်နေတာတောင် ဒီလိုလုပ်ရပ်ကို လုပ်ရဲတာ ငါလုံးဝမယုံနိုင်ဘူး”
“နဂါးဒေါသအဆိပ် နိုးထလာခဲ့ရင် ခံစားရမဲ့သူက နင်ပဲလေ ဇူယွမ်ရယ်”