← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 19 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 19 Ch. 367-368

အခန်း (၃၆၇) - လူသားပိုးအိမ်အမှု

တန်ရွှင်းက တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

"မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်က အမှောင်ထဲမှာ လှုပ်ရှားနေတာဖြစ်ပြီး သူတို့ အမှုကျူးလွန်ပြီးမှပဲ ငါတို့က သိရတာ များတယ်... သူတို့ကို မရင်ဆိုင်ခင် ရန်သူ့အကြောင်း လေ့လာထားတာက ကောင်းပါတယ်... သူတို့ရဲ့ ဌာနခွဲကို အမြစ်ဖြတ်ပစ်လိုက်တာက ငါတို့အားလုံးအတွက် ကျေးဇူးတင်စရာပဲ... ဒါပေမဲ့ သူတို့အဖွဲ့အစည်းက တော်တော်ကြီးမားတာကြောင့် သူတို့ ခင်ဗျားကို ပြန်ပြီး ကလဲ့စားချေမှာကိုတော့ ငါစိုးရိမ်မိတယ်"

လင်းကျင်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြောလိုက်၏။

"စိတ်မပူပါနဲ့ အကဲဖြတ်မှူးတန်... သူတို့ရဲ့ ဌာနခွဲကိုတောင် ကျုပ် ရှင်းပစ်နိုင်ခဲ့တာပဲ... အကယ်၍ တစ်ယောက်ယောက်က ကျုပ်နောက်ကို လိုက်လာရင်လည်း ကျုပ် သူတို့ကိုပါ ရှင်းပစ်နိုင်ပါတယ်"

လင်းကျင်း၏ လေသံမှာ အတော်လေးကို ယုံကြည်မှု ရှိနေသည်။

တန်ရွှင်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်သည်။

"ဟုတ်သားပဲ... ခင်ဗျားရဲ့ အရည်အချင်းနဲ့ဆိုရင် ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ လူအင်အား သာလွန်တဲ့ ရန်သူကိုတော့ လျှော့မတွက်ပါနဲ့... ခင်ဗျားက ကျုပ်တို့အသင်းချုပ်ရဲ့ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီဆိုတော့ အဲဒီမိစ္ဆာတွေကို ခင်ဗျား တစ်ယောက်တည်း ရင်ဆိုင်ခိုင်းမှာ မဟုတ်ဘဲ ကျုပ်တို့အားလုံး အတူတူ ရင်ဆိုင်ကြရမှာပေါ့"

သူက လင်းကျင်း၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။

ထို့နောက် လင်းကျင်းသည် သူ့အား မနှစ်က မြို့တော်တွင် ဖြစ်ပွားခဲ့သော အမှုအကြောင်း မေးမြန်းလိုက်၏။ တန်ရွှင်းသည် ထိုအမှုတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ မဟုတ်ပါလား။ ထိုစဉ်က သူသည် အခြားသော အဆင့် (၃) အကဲဖြတ်မှူး တစ်ဦးနှင့် ပူးပေါင်းကာ မိစ္ဆာအကဲဖြတ်မှူးကို အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

"အရာအားလုံးက အစီရင်ခံစာထဲမှာ ရေးထားတဲ့အတိုင်းပါပဲ"

တန်ရွှင်းက ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ မနှစ်ကမှ ဖြစ်ခဲ့ခြင်းဖြစ်ရာ တန်ရွှင်း၏ စိတ်ထဲတွင် အမှတ်ရနေဆဲဖြစ်သဖြင့် လင်းကျင်းအား အသေးစိတ် ပြောပြလေတော့သည်။

သူ၏ ပြောပြချက်မှာ အိုယန်ထုံ ပြောပြသည်ထက် ပို၍ ပြည့်စုံလှပေသည်။

ခြုံငုံကြည့်လျှင် ထိုမိစ္ဆာအကဲဖြတ်မှူးများမှာ ဆိုးယုတ်မှု၏ ပြယုဂ်များပင် ဖြစ်ကြသည်။

"လူသားပိုးအိမ်အဖြစ် ပြုလုပ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်လေးကတော့ အခုထိ သတိမရသေးဘူး... သူ့ခန္ဓာကိုယ်ထဲက ကပ်ပါးကောင်တွေကို အကုန်ဖယ်ရှားပြီးတာတောင်မှပေါ့... ဒါက သူ့ရဲ့ တစ်သက်တာ ကံကြမ္မာ ဖြစ်သွားမလားတောင် မသိဘူး"

ဤအကြောင်းကို ပြောနေစဉ် တန်ရွှင်း၏ မျက်နှာတွင် အပြစ်မကင်းသည့် အမူအရာများ ပေါ်လွင်နေခဲ့သည်။

ဤအခြေအနေအပေါ် သူ ဘာမှ မတတ်နိုင်ခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။

လင်းကျင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ အဓိက သိလိုသော အချက်ဖြစ်သည့် အမျိုးသမီးငယ်လေး၏ သားရဲကို ပြန်ရှာတွေ့ခြင်း ရှိ၊ မရှိ မေးမြန်းလိုက်၏။

"ဒါကတော့..."

တန်ရွှင်း မှင်တက်သွားကာ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"မတွေ့ဘူး... အဲဒီတုန်းကတော့ သူ့ရဲ့ သားရဲကို မိစ္ဆာအကဲဖြတ်မှူးက သတ်ပစ်လိုက်ပြီလို့ပဲ ငါ ယူဆခဲ့တာ"

"သူက သတ်ပစ်လိုက်တယ်လို့ ဝန်ခံခဲ့လို့လား"

လင်းကျင်းက မေးလိုက်သည်။

ထန်ရွှန်းက ခေါင်းခါလိုက်ပြန်၏။

"မပြောဘူး... အဲဒီမိစ္ဆာအကဲဖြတ်မှူးက ဖမ်းမိပြီးကတည်းက စကားတစ်လုံးမှ မပြောခဲ့ဘူး... သူ့ကို ခေါင်းဖြတ်သတ်ဖို့ စီစဉ်ထားပေမဲ့ သူက ရတနာတွေ ဝှက်ထားတဲ့ နေရာကို ပြောပြခဲ့တယ်၊ အဲဒီမှာ ငွေတန်ဖိုး အမြောက်အမြား ရှာတွေ့ခဲ့တာကြောင့် သူ့ကို ကွပ်မျက်ဖို့ တစ်နှစ် ဆိုင်းငံ့ပေးထားတာ... နေပါဦး... အခု ပြန်စဉ်းစားကြည့်မှပဲ၊ သူ့ကို ကွပ်မျက်ရမယ့် ရက်က နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပဲ ရှိတော့တာပဲ"

တန်ရွှင်းမှာ အစိုးရ အရာရှိတစ်ဦး မဟုတ်သဖြင့် ၎င်းကို အခြားသူများဆီမှတစ်ဆင့် ကြားသိခဲ့ရခြင်း ဖြစ်သည်။

"ဒါပေမဲ့ အဲဒီအတွက် စိတ်ပူနေစရာ မလိုပါဘူး... မိစ္ဆာအကဲဖြတ်မှူးရဲ့ သားရဲက အသတ်ခံလိုက်ရသလို သူ့ရဲ့ ဝိညာဉ်သွေးကြောတွေလည်း ပျက်စီးသွားပြီ... သူက အခုဆို အကူအညီမဲ့နေတဲ့ လူမစွမ်းမသန် တစ်ယောက်ပဲ... အမှောင်ထုထဲမှာ အပိတ်ခံထားရတာဆိုတော့ သူ အသက်ရှင်နေပေမဲ့ ငရဲကျနေသလို ခံစားနေရမှာ"

တန်ရွှင်းက မှတ်ချက်ပေးလိုက်သည်။

လင်းကျင်းက ခေါင်းညိတ်လိုက်၏။ ခဏမျှ စဉ်းစားပြီးနောက်တွင်တော့ သူ ထပ်မမေးတော့ပေ။

သူတို့သည် အိုယန်ထုံ နောက်မှ လိုက်ပါရင်း စကားစမြည် ပြောဆိုနေကြသည်။ အိုယန်ထုံသည် ဂရုတစိုက်နှင့် အလိုက်တသိ နေထိုင်နေခဲ့သည်။ အကဲဖြတ်မှူးလင်းနှင့် အကဲဖြတ်မှူးတန်တို့မှာ ဤမျှအထိ ရင်းနှီးကြလိမ့်မည်ဟု သူ မထင်ထားခဲ့သော်လည်း ၎င်းမှာ ကောင်းသော အချက်ပင် ဖြစ်သည်။ သူ့အတွက်မူ အကဲဖြတ်မှူးတန်မှာ ဌာနချုပ်ရှိ အဆင့်မြင့် အရာရှိကြီးတစ်ဦးဖြစ်ရာ သူနှင့် လက်လှမ်းမမီသော လူတစ်ယောက် ဖြစ်သည်။ ယခုအခါ မိမိ၏ ဖြစ်တည်မှုကို ပြသရန် အခွင့်အရေး ရလာပြီဖြစ်ရာ သူ သေချာပေါက် လက်လွှတ်မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် လင်းကျင်း၏ အနားမှ မခွာဘဲ တကောက်ကောက် လိုက်နေခဲ့သည်။

လင်းကျင်းသည် အိုယန်ထုံကို သတိပြုမိသွားပြီး ဆိုလိုက်သည်။

"အကဲဖြတ်မှူးအိုယန်... ခင်ဗျား တစ်ညလုံး အလုပ်ရှုပ်နေတာဆိုတော့ ပင်ပန်းနေရောပေါ့... တကယ်လို့ ပင်ပန်းနေရင်တော့ ပြန်ပြီး အနားယူလို့ ရပါပြီ"

"မဟုတ်တာ... ကျွန်တော် လုံးဝ မပင်ပန်းပါဘူး"

အိုယန်ထုံက လက်ကာပြရင်း ငြင်းဆိုလိုက်သည်။ ထိုအခါမှ တန်ရွှင်းသည် သူ့ကို သတိပြုမိသွားခဲ့၏။ ခဏမျှ စဉ်းစားကြည့်ပြီးနောက် အိုယန်ထုံမှာ ဌာနချုပ်တွင် အလုပ်လုပ်နေသော အဆင့် (၁) အကဲဖြတ်မှူး တစ်ဦးဖြစ်ကြောင်း သူ မှတ်မိသွားခဲ့သည်။

တန်ရွှင်း၏ မှတ်ဉာဏ်မှာ မဆိုးလှပေ။ သို့သော် ဤနေရာတွင် အဆင့် (၁) အကဲဖြတ်မှူး ခြောက်ဆယ်နီးပါး ရှိနေသဖြင့် နာမည်မကြားဖူးသူ သို့မဟုတ် မဆုံဖူးသူများကို သူ မေ့လျော့နေခြင်းမှာ မဆန်းပေ။

"မင်းက မနေ့ညက တာဝန်ကျတဲ့ အကဲဖြတ်မှူး မဟုတ်လား"

တန်ရွှင်းက မေးလိုက်သည်။ အိုယန်ထုံက ရှေ့သို့ တိုးလာပြီး ပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ်... ကျွန်တော် မနေ့ညက တာဝန်ကျတာပါ"

"ဒါဆိုရင်တော့ ပြန်ပြီး အနားယူလိုက်တော့... ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အပင်ပန်းမခံပါနဲ့"

တန်ရွှင်းသည် သူ၏ လက်အောက်ငယ်သားများကို ဂရုစိုက်တတ်သူ ဖြစ်သည်။ သူသည် အဖွဲ့အနွဲ့ ခွဲခြားတတ်သူ မဟုတ်သလို လူတိုင်းကို တန်းတူညီတူ လေးစားမှုဖြင့် ဆက်ဆံတတ်သူ ဖြစ်သည်။

အိုယန်ထုံမှာ မပြန်ချင်သေးသော်လည်း တန်ရွှင်း၏ စကားကို မလွန်ဆန်ရဲပေ။ ထို့ကြောင့် သူသည် ခေါင်းညိတ်ကာ အရိုအသေပေးပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။

အမှန်အတိုင်း ပြောရလျှင် လင်းကျင်းသည် အိုယန်ထုံ၏ ရည်ရွယ်ချက်ကို မသိဘဲ နေပါမည်လော။ ထိုဝဖြိုးဖြိုးလူကြီးမှာ သူ့အပေါ် ကောင်းမွန်သော အထင်အမြင်များ ပေးနိုင်ခဲ့သဖြင့် လင်းကျင်းအနေဖြင့် သူ့အား ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ သူ့အတွက် အားစိုက်စရာ မလိုသော ကိစ္စတစ်ခုလည်း ဖြစ်သည်။

"အကဲဖြတ်မှူးတန်... အကဲဖြတ်မှူးအိုယန်က မနေ့ညက ကျုပ်ကို အများကြီး ကူညီပေးခဲ့တာ... သူလည်း တစ်ညလုံး တော်တော်လေး ပင်ပန်းသွားရှာတယ်"

လင်းကျင်း၏ မှတ်ချက်စကား တစ်ခွန်းတည်းကပင် အိုယန်ထုံအား အတိုင်းမသိ ဝမ်းသာသွားစေခဲ့သည်။

အကဲဖြတ်မှူးလင်း၏ ဤစကားတစ်ခွန်းကြောင့် အကဲဖြတ်မှူးတန်၏ စိတ်ထဲတွင် အိုယန်ထုံဟူသော နာမည်မှာ စွဲထင်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ သူတစ်ပါးထံမှ ရရှိနိုင်သော အကြီးမားဆုံးသော ကျေးဇူးပင် ဖြစ်ပေလိမ့်မည်။

အိုယန်ထုံသည် အရာရာတွင် အတိုင်းအတာ ရှိရမည်ကို သိရှိထားသဖြင့် ယခုတွင်မူ သူ ကျေနပ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အရိုအသေပေးပြီးနောက် မဆိုင်းမတွဘဲ ပျော်ရွှင်စွာ ထွက်ခွာသွားလေတော့သည်။

တန်ရွှင်းနှင့် လင်းကျင်းတို့ နှစ်ယောက်တည်း ကျန်ရှိခဲ့သောအခါ သူတို့သည် ပိုမို ပွင့်လင်းစွာ စကားပြောဆိုနိုင်ခဲ့ကြသည်။ သူတို့၏ စကားဝိုင်းမှာ တန်လင်းအကြောင်းသို့ ရောက်ရှိသွားခဲ့၏။

"လင်းအာက ထျန်းရွှမ် အကယ်ဒမီကို ရောက်သွားပြီ... ပြောရမယ်ဆိုရင် သူ မေပယ်မြို့မှာ ရှိတုန်းကတော့ ငါ သူ့ကို ဒီလောက်ကြီး စိုးရိမ်တာမျိုး မရှိခဲ့ဘူး... ဒါပေမဲ့ သူ ထျန်းရွှမ်ကို သွားပြီး ရက်အနည်းငယ်အတွင်းမှာပဲ ငါ သူ့ကို လွမ်းလာမိတယ်... ဒါက ငါ့အသက်ကြီးလာလို့ပဲ ထင်တယ်"

တန်ရွှင်းက စိတ်ကူးပေါက်ရာ ပြောဆိုလိုက်သည်။

လင်းကျင်းက ခေါင်းညိတ်လိုက်ရင်း ပြုံးလိုက်၏။

"ကိုယ့်သမီးကို လွမ်းတာက မိဘတိုင်း ကြုံတွေ့ရတဲ့ အရာပဲ မဟုတ်လား... မေပယ်မြို့က ဒီနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပဲ ရှိနေတာလေ... လင်းယုန်စီးပြီး သွားမယ်ဆိုရင်တောင် နာရီဝက်လောက်ပဲ ကြာတာ... ဒါပေမဲ့ ထျန်းရွှမ်း (ကောင်းကင်ရစ်ပတ်နိုင်ငံကို ထျန်းရွှမ်နိုင်ငံလို့ ပြောင်းလဲသုံးစွဲပါမယ်) နိုင်ငံကတော့ တော်တော်လေး ဝေးတာပေါ့... လင်းယုန်နဲ့ သွားရင်တောင် ရက်အနည်းငယ် ကြာမှာလေ"

"ဟုတ်တယ်"

တန်ရွှင်းသည် နောက်ဆုံးတော့ သူ၏ စိတ်ခံစားချက်များကို ရင်ဖွင့်နိုင်မည့်သူတစ်ဦးကို ရှာတွေ့သွားခဲ့သည်။ ထူးဆန်းသည်မှာ သူသည် ဤအကြောင်းကို မည်သူ့အားမျှ မပြောပြဖူးသော်လည်း လင်းကျင်းနှင့် တွေ့ဆုံသောအခါတွင်မူ ထိုလူငယ်လေးမှာ သူ့အား ရင်းနှီးမှု ပေးစွမ်းနိုင်သဖြင့် အလွယ်တကူပင် ရင်ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

"အကဲဖြတ်မှူးတန်လင်းက အရည်အချင်းရှိတဲ့သူပါ... ထျန်းရွှမ် အကယ်ဒမီမှာ သူ ရှိနေတာက သူ့ရဲ့ အရည်အချင်းကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်မှာ သေချာတယ်... သူ ပညာတွေ အမြန်ဆုံး ပြီးမြောက်ပြီး ပြန်လာနိုင်ဖို့ ကျုပ် ဆုတောင်းပေးပါတယ်"

လင်းကျင်း၏ ဖော်ရွေသော စကားများကြောင့် တန်ရွှင်းက ရယ်မောလိုက်၏။

"အကဲဖြတ်မှူးလင်း... မင်း အဆင့် (၃) အဖြစ် ရာထူးတိုးသွားတာက ကျုပ်ကို တကယ် အံ့ဩစေခဲ့တာ... အရှင်မင်းကြီးရဲ့ တော်ဝင်ခွင့်ပြုချက်က အနည်းငယ် မသင့်တော်ဘူးလို့ ငါ ခံစားခဲ့ရပေမဲ့လည်း ငါ မကန့်ကွက်ခဲ့ပါဘူး... မင်းရဲ့ အရည်အချင်းတွေက ဘယ်လောက်အထိ နက်ရှိုင်းသလဲဆိုတာ ငါ သိထားပေမဲ့ ဌာနချုပ်က တခြားလူတွေကတော့ အဲဒီလို ခံစားရမှာ မဟုတ်ဘူး... မင်း ဒီကို ရောက်နေတုန်း ခဏလောက် နေသွားပါဦး... ရက်အနည်းငယ်လောက် နေပြီးတော့ သန်ဘက်ခါမှာ ကျင်းပမယ့် 'ကျောက်စိမ်းနဂါး ပွဲတော်' ကို ငါနဲ့အတူ ကူညီပေးပါဦးလား"

တန်ရွှင်း၏ ရုတ်တရက် တောင်းဆိုမှုကြောင့် လင်းကျင်းမှာ မှင်တက်သွားခဲ့ရသည်။

သူ ကျောက်စိမ်းနဂါး ပွဲတော်အကြောင်းကို သိရှိထားသည်။ ၎င်းမှာ သူတို့နိုင်ငံ၏ နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိသော ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။ အိမ်ထောင်စုတိုင်းက ဤပွဲတော်ကို ဆင်နွှဲကြသလို သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ်ကလည်း ဂုဏ်ပြုအခမ်းအနား တစ်ခုကို ကျင်းပလေ့ ရှိသည်။ ထိုနေ့တွင် ဌာနချုပ်၏ တံခါးများကို ဖွင့်လှစ်ပေးထားပြီး ရိုးရာ ကောင်းချီးပေးခြင်း လုပ်ငန်းစဉ်များစွာကို လုပ်ဆောင်ကြသည်။ ထိုအထဲတွင် အရေးကြီးဆုံးမှာ ကံစမ်းမဲ အစီအစဉ်ဖြစ်ပြီး ဆုကြီးမှာ သားရဲတစ်ကောင်အား အဆင့်တိုးမြှင့်ပေးခြင်းပင် ဖြစ်သည်။

လုပ်ငန်းစဉ်မှာ ရိုးရှင်းပါသည်။ လူအုပ်ကြီးထဲမှ ကံကောင်းသော နိုင်ငံသားတစ်ဦးကို ရွေးချယ်ပြီး သူ၏ သားရဲကို ကောင်းချီးပေးသည့်အနေဖြင့် အဆင့်မြှင့်တင်ပေးခြင်း ဖြစ်သည်။

၎င်းမှာ အတော်လေး စိန်ခေါ်မှု ရှိသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။ အဆင့် (၁) မှ အဆင့် (၂) ဖြစ်စေ၊ အဆင့် (၂) မှ အဆင့် (၃) ဖြစ်စေ ဤပွဲတော်မှာ အကဲဖြတ်မှူးများအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သားရဲ၏ အသေးစိတ် အချက်အလက်များကို ကြိုတင် သိရှိနိုင်မည် မဟုတ်သဖြင့် ဤပွဲတော်ကို တာဝန်ယူရသောသူမှာ အလွန်ပင် အရည်အချင်းရှိပြီး ကျွမ်းကျင်သူ ဖြစ်ရန် လိုအပ်ပေသည်။

တန်ရွှင်း၏ ရုတ်တရက် စီစဉ်မှု၏ ရည်ရွယ်ချက်ကို လင်းကျင်း နားလည်လိုက်သည်။ တန်ရွှင်းသည် လင်းကျင်း၏ နာမည်ကို ပြန်လည် 'သန့်စင်' ပေးရန် ကူညီနေခြင်းပင် ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းကျင်း၌ မြို့တော်တွင် လုပ်ဆောင်စရာ အချို့ ရှိနေသဖြင့် နောက်ဆုံးတွင်တော့ ရက်အနည်းငယ် နေထိုင်ရန် သူ ဆုံးဖြတ်လိုက်သည်။ သေချာသည်မှာ လင်းကျင်းသည် တန်ရွှင်း၏ အဆိုပြုချက်ကိုလည်း သဘောတူလိုက်၏။

အကဲဖြတ်မှူးတန်မှာ ဤမျှအထိ အလုပ်ရှုပ်နေသဖြင့် လင်းကျင်းအနေဖြင့် သူ့အား ကူညီပေးရပေမည်။ ထို့ပြင် သူသည် မိမိ၏ အရည်အချင်းအပေါ်မှာလည်း အပြည့်အဝ ယုံကြည်မှု ရှိနေသည် မဟုတ်ပါလား။

အခန်း (၃၆၈) - တုမိသားစုထံ အလည်အပတ်သွားခြင်း

တန်ရွှင်းသည် သူ့ကို ကူညီရန် ကြိုးစားနေခြင်းဖြစ်ကြောင်း လင်းကျင်း ကောင်းကောင်းသိသည်။ ဤခရီးမှာ ရုတ်တရက် ထွက်လာခဲ့ခြင်းဖြစ်ပြီး သူ လိုချင်သည့် သတင်းအချက်အလက်များ ရသည်နှင့် ချက်ချင်း ပြန်မည်ဟု လင်းကျင်း တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ကျောက်စိမ်းနဂါး ပွဲတော် မပြီးမချင်း အနည်းဆုံး ရက်အနည်းငယ် ထပ်နေရဦးမည် ဖြစ်သည်။

မေပယ်မြို့အတွက် စီစဉ်စရာရှိသည်များကို လုပ်ဆောင်ရန် လင်းကျင်းသည် အိမ်သို့ စာတစ်စောင် ရေးလိုက်ပြီး ထိုစာတွင် အချက်နှစ်ချက်ကို ထည့်သွင်းထားခဲ့သည်။

ပထမအချက်မှာ မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်ကို ကျားချန်းနှင့် ကျောက်ရင်းတို့၏ လက်ထဲသို့ ခေတ္တ အပ်နှံထားရန် ဖြစ်သည်။ အခြားသော အကြီးအကဲများ၏ ပံ့ပိုးမှုလည်း ရှိနေသဖြင့် ပြဿနာ တစ်စုံတစ်ရာ ရှိလိမ့်မည် မဟုတ်ပေ။

နောက်တစ်ခုမှာ ကျူရိပ်မြို့ရှိ ချောင်မိသားစုအရေး ဖြစ်သည်။

လင်းကျင်းသည် မိသားစုကို စောင့်ရှောက်ရန် 'မျောက်ဖြူ' ကို ထားခဲ့သော်လည်း သူ တစ်ယောက်တည်းသာ ရှိသေးသည်။ အကယ်၍ မိစ္ဆာအကဲဖြတ်မှူး အများအပြား ရောက်လာပါက သူ တစ်ယောက်တည်းနှင့် ခုခံရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် လင်းကျင်းသည် သူ၏ စာထဲတွင် ချောင်မိသားစုကို စောင့်ရှောက်ရန်အတွက် ရှန်းအာကို ရွှေဝါလေးနှင့်အတူ ခေါ်သွားရန် ညွှန်ကြားထားပြီး သူတို့၏ အိမ်ကိုတော့ အရိပ်ဝံပုလွေနှင့် ရှောင်ဝူတို့၏ စောင့်ရှောက်မှုအောက်တွင် ထားခဲ့ရန် ရေးသားထားခဲ့သည်။

သာမန်လူတစ်ယောက်၏ အမြင်တွင် ဤစစ်ကူမှာ မပြောပလောက်ဟု ထင်ရသော်လည်း ရှန်းအာနှင့် ရွှေဝါလေးတို့၏ ပေါင်းစပ်အင်အားမှာ လင်းကျင်း ကိုယ်တိုင် ရှိနေသကဲ့သို့ပင် ဖြစ်သည်။ မျောက်ဖြူနှင့်ပါ ပေါင်းလိုက်လျှင် မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်မှ အဆင့် (၄) သားရဲများ လွှတ်လိုက်လျှင်ပင် အနည်းဆုံးတော့ အထိနာအောင် ပြန်လည် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ဒါက လင်းကျင်း၏ စာထဲမှ ရည်ရွယ်ချက်ပင် ဖြစ်သည်။

စာပို့ပြီးနောက်တွင် လင်းကျင်းသည် ထိုသတိမေ့နေသော အမျိုးသမီးငယ်လေးကို စစ်ဆေးကြည့်ရန်အတွက် မိစ္ဆာအကဲဖြတ်မှူးများ၏ သားကောင်ဖြစ်ခဲ့ရသော ထိုမိသားစုထံသို့ သွားရောက်ရန် စီစဉ်လိုက်သည်။

လင်းကျင်းသည် ထိုအမျိုးသမီးလေး၏ အခြေအနေကို သိလိုသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူ၏ ရန်သူနှင့် တိုက်ရိုက် ဆက်နွှယ်နေသောကြောင့် ဖြစ်သည်။ ကျောက်စိမ်းနဂါး ပွဲတော်မှာ သန်ဘက်ခါမှ ကျင်းပမည်ဖြစ်ရာ သူ့တွင် မနှစ်က ဖြစ်ရပ်ကို ပိုမို စူးစမ်းရန်အတွက် နှစ်ရက်တိတိ အချိန်ရှိနေသေးသည်။

သေချာသည်မှာ ၎င်းမှာ အများသူငါကို ပေးထားသော ဆင်ခြေတစ်ခုသာ ဖြစ်သည်။ အမှန်တကယ်တော့ လင်းကျင်းသည် ဤဖြစ်ရပ်အပေါ် အလွန်အမင်း စိတ်ဝင်စားသွားခဲ့သဖြင့် အဖြေရှာရန် လိုအပ်နေသော မေးခွန်းများ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သတိမေ့နေသော အမျိုးသမီးငယ်လေးထံသို့ သွားရောက်ရုံသာမက ဖမ်းဆီးခံထားရသော မိစ္ဆာအကဲဖြတ်မှူးကိုလည်း သူ မကွပ်မျက်ခံရမီ သွားရောက် တွေ့ဆုံရန် စီစဉ်ထားသည်။

တစ်စုံတစ်ခုက ဤအမှုတွင် မြင်သာသည့်အရာထက် ပို၍ နက်နဲသောအရာများ ရှိနေကြောင်း လင်းကျင်းအား အရိပ်အမြွက် ပေးနေသကဲ့သို့ပင် ဖြစ်သည်။

သို့သော် လင်းကျင်းသည် ထိုဂုဏ်သရေရှိ မိသားစု မည်သည့်နေရာတွင် ရှိမှန်း မသိပေ။ ဤမြို့တော်တွင် လုဘင်နှင့် ဟယ်ချန်းတို့မှတစ်ပါး သူ၌ အမှန်တကယ် ရင်းနှီးသော မိတ်ဆွေ မရှိကြောင်း လင်းကျင်း သတိပြုမိလိုက်သည်။

ဆရာကြီးဂူမှာလည်း မြို့တော်သား ဖြစ်သော်လည်း ယခုအချိန်တွင် သူ အိမ်မှာ မရှိပေ။ ထိုလူကြီးမှာ ယခုအချိန်တွင် သူ၏ ဓားနှင့်အတူ ကမ္ဘာအနှံ့ ခရီးလှည့်လည်နေမည်မှာ သေချာလှသည်။

တစ်ဖက်တွင်မူ လုဘင်က မြို့ထဲတွင် မရှိသလို ဟယ်ချန်းကလည်း မင်းသမီးတစ်ပါး ဖြစ်သည်။ သူ နန်းတော်ထဲမှ ထွက်လာရန်မှာ မဖြစ်နိုင်သလောက်ပင် ခက်ခဲလှပေလိမ့်မည်။ ထို့ပြင် နန်းတော်တံတိုင်းအတွင်း၌သာ အချိန်ကုန်ဆုံးခဲ့သူ ဖြစ်သဖြင့် ဟယ်ချန်းသည်လည်း မြို့အနှံ့ သွားလာသည့်နေရာတွင် သူ့ထက် ပိုသိလိမ့်မည် မဟုတ်ပေ။

'အကဲဖြတ်မှူးတန်ကိုပဲ အကူအညီ တောင်းရတော့မယ် ထင်တယ်'

လင်းကျင်း တွေးလိုက်သော်လည်း အကဲဖြတ်မှူးတန် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ စကားများကို ပြန်မျိုချလိုက်မိသည်။

ထိုစဉ်မှာပင် လင်းကျင်းသည် အပြင်ဘက်တွင် ရပ်နေသော ဝဖြိုးဖြိုး အရိပ်တစ်ခုကို သတိထားမိလိုက်သည်။

အိုယန်ထုံ...

သူ ပြန်သွားပြီး အနားမယူသေးဘူးလား။

အိုယန်ထုံသည် လင်းကျင်း သူ့ကို ကြည့်နေသည်ကို သတိပြုမိသွားဟန်ဖြင့် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။ သူက ရိုသေသော မျက်နှာထားဖြင့် ဆိုလိုက်၏။

"အကဲဖြတ်မှူးလင်း... တစ်ခုခု အခက်အခဲ ရှိလို့လား... အကူအညီ လိုရင် ကျွန်တော့်ကိုသာ ခိုင်းပါဗျာ... ကျွန်တော်က ဒီမြို့မှာ ကြီးပြင်းလာတာဆိုတော့ ဒီမြို့အကြောင်း အကုန်သိတယ်လို့ ယုံကြည်ချက်ရှိရှိ ပြောရဲပါတယ်"

လင်းကျင်း မှင်တက်သွားရင်း 'ဒီအိုယန်ထုံက စေတနာ ကောင်းရှာသားပဲ' ဟု တွေးလိုက်မိသည်။

လင်းကျင်းက သူ့ကို မိစ္ဆာအကဲဖြတ်မှူးများအကြောင်း မေးမြန်းခဲ့စဉ်ကတည်းက လင်းကျင်းသည် ဤအမှုကို စုံစမ်းရန် စိတ်ဝင်စားနေနိုင်ကြောင်း အိုယန်ထုံက မှတ်သားထားခဲ့ပုံရသည်။ ထို့ကြောင့် သူသည် အသင်းချုပ်မှ ထွက်မသွားဘဲ အပြင်တွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

လင်းကျင်းသည် အိုယန်ထုံ၏ ရည်ရွယ်ချက်ကို သိသော်လည်း သူ့ကဲ့သို့သော လူမျိုး၏ အကူအညီကို အမှန်တကယ် လိုအပ်နေခဲ့သည်။ ထို့ကြောင့် ငြင်းပယ်မည့်အစား လင်းကျင်းက ပြုံး၍ မေးလိုက်သည်။

"အကဲဖြတ်မှူးအိုယန်... ခင်ဗျား တစ်ညလုံး မအိပ်ဘဲ နေရတာ မပင်ပန်းဘူးလား"

အိုယန်ထုံက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

"နေသားကျနေပါပြီဗျာ၊ မပင်ပန်းပါဘူး"

သူ လိမ်ပြောနေခြင်း မဟုတ်ကြောင်း လင်းကျင်း သိနိုင်သည်။ အမှန်တကယ်ပင် အိုယန်ထုံမှာ ပုံမှန်မဟုတ်သော အိပ်ချိန်များနှင့် နေသားကျနေပုံရသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ဤနေရာရှိ သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အနိုင်ကျင့်ခြင်းနှင့် လျစ်လျူရှုခြင်းကို သေချာပေါက် ခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် လင်းကျင်းကဲ့သို့သော လူမျိုးနှင့် ရင်းနှီးခွင့်ရမည့် အခွင့်အရေးကို အရယူရန် ဤမျှအထိ ကြိုးစားနေခြင်းမှာ မဆန်းပေ။

ပုံမှန်အခြေအနေတွင် လင်းကျင်းသည် သူ့ကဲ့သို့သော လူမျိုးကို အသုံးမဝင်ဟု ယူဆမိနိုင်သော်လည်း ယခုမူ သူသည် အကူအညီကို အမှန်တကယ် လိုအပ်နေသဖြင့် ခေါင်းညိတ်ကာ အိုယန်ထုံအား လမ်းပြခိုင်းလိုက်တော့သည်။

ပါးနပ်သော လူတစ်ယောက်ဖြစ်သည့်အတိုင်း အိုယန်ထုံသည် သူနှင့် မဆိုင်သော ကိစ္စများတွင် သူ မည်မျှပင် စပ်စုချင်နေပါစေ၊ ပါးစပ်ကို ပိတ်ထားရမည်ကို သိရှိထားသည်။ အဲဒီအစား သူသည် လင်းကျင်းအတွက် လုံ့လစိုက်ထုတ်သော လမ်းပြတစ်ဦးအဖြစ် ကောင်းမွန်စွာ တာဝန်ကျေပွန်ခဲ့သည်။

၎င်းမှာ လင်းကျင်းအပေါ် ကောင်းမွန်သော အထင်အမြင်များ ဖြစ်စေခဲ့ပြီး ဤမြို့တော်တွင် အိုယန်ထုံမှာ သူ့အတွက် အလွန် အသုံးဝင်မည့်သူ ဖြစ်ကြောင်း လင်းကျင်း သဘောပေါက်လိုက်သည်။

မြို့တော်ကြီး နိုးထလာစ အချိန်တွင် လူအချို့မှာ လမ်းမများပေါ်တွင် စတင် ပေါ်ပေါက်လာကြပြီး ပထမဆုံးသော ဈေးဆိုင်လေးများမှာလည်း စတင် ဖွင့်လှစ်နေကြပြီ ဖြစ်သည်။ ပုံမှန်အတိုင်းပင် သူတို့သည် နေ့သစ်ကို သန့်ရှင်းရေး လုပ်ခြင်းဖြင့် စတင်နေကြသည်။

မြို့တော်တွင် အချမ်းသာဆုံး မိသားစုများမှာ မြို့၏ အရှေ့ဘက်ခြမ်းတွင် နေထိုင်ကြသည်။ ဤနေရာရှိ လမ်းမများမှာ ပိုမို ကျယ်ဝန်းပြီး သန့်ရှင်းကာ ကြီးမားသော စံအိမ်ကြီးများမှာလည်း နေရာအနှံ့ ရှိနေသည်။ ဤစံအိမ်ကြီးများ အားလုံးတွင် ကျယ်ဝန်းသော ရင်ပြင်များနှင့် မြင့်မားသော အဆောက်အအုံများ ပါရှိကြသည်။

အိုယန်ထုံသည် စံအိမ်ကြီးတစ်ခု၏ အနားသို့ ချဉ်းကပ်သွားပြီး လင်းကျင်းအား ပြောလိုက်သည်။

"အကဲဖြတ်မှူးလင်း... ဒါက 'တု' စံအိမ်ပါ... သူတို့မှာ မြို့တော်ထဲမှာ အထည်ဆိုင် အမြောက်အမြားရှိပြီး အင်အားကြီးမားတဲ့ စီးပွားရေး အင်ပါယာတစ်ခု ရှိပါတယ်... အဲဒါကြောင့် သူတို့က ဒီမှာရှိတဲ့ ထင်ရှားတဲ့ မိသားစုကြီးတွေထဲက တစ်ခုပေါ့"

လင်းကျင်း ခေါင်းညိတ်လိုက်သည်။ သူတို့၏ တံခါးဝကို ကြည့်ရုံနှင့်ပင် ဤမိသားစု မည်မျှအထိ ချမ်းသာကြောင်း သိနိုင်သည်။ ၎င်းမှာ ကျယ်ဝန်းပြီး ခန့်ညားထည်ဝါလှပေသည်။ သာမန်လူများ၏ အိမ်ရှေ့တံခါးမှာ လူတစ်ကိုယ်စာသာ ကျယ်သော်လည်း အခြေအနေ အသင့်အတင့်ရှိသူများ၏ တံခါးမှာ လူနှစ်ကိုယ်စာ ကျယ်လေ့ ရှိသည်။ ယခု တုစံအိမ်၏ တံခါးမှာမူ ဆယ်ပေထက်မက ကျယ်ဝန်းလှသည်။ တံခါးဝ၏ ဘေးတစ်ဖက်စီတွင် ကျောက်ရုပ်တုများကို ထားရှိထားပြီး အုတ်များ ခင်းထားသော လမ်းလျှောက်လမ်းတစ်ခုလည်း ရှိသည်။ ဤအုတ်များမှာလည်း အလွန်ပင် လက်ရာမြောက်လှပေသည်။ ၎င်းတို့မှာ မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာသော 'ဂူ' မြို့တွင်သာ တွေ့ရလေ့ရှိသည့် 'အပြာရောင် ပန်းပုံဖော်အုတ်များ' ဖြစ်ကြသည်။

သာမန်မိသားစုတစ်စုက ဤကဲ့သို့သော ဇိမ်ခံပစ္စည်းများကို တတ်နိုင်ပါမည်လော။ သေချာပေါက် မတတ်နိုင်ပေ။

လင်းကျင်းသည် သစ်သားတိုင်များ၏ အရည်အသွေးကိုပင် ထည့်မပြောချင်တော့ပေ။ အကယ်၍ ဤစံအိမ်ကြီးကို စကားလုံးတစ်လုံးတည်းနှင့် ဖော်ပြရမည်ဆိုပါက 'အထက်တန်းကျခြင်း' ဟုပင် ဆိုရပေလိမ့်မည်။

ဤမျှ ထင်ရှားသော မိသားစုမျိုးသည် အစွမ်းထက်သော သားရဲများကို သေချာပေါက် ဝယ်ယူနိုင်သလို သူတို့၏ အိမ်ကို ကာကွယ်ရန် အစွမ်းထက်သော အစောင့်အကြပ်များကိုလည်း ငှားရမ်းထားနိုင်ပေလိမ့်မည်။

လင်းကျင်းမှာ စဉ်းစားခန်း ဝင်နေခဲ့သည်။

အိုယန်ထုံသည် တံခါးကို သွားရောက် ခေါက်လိုက်ရာ မကြာမီမှာပင် တံခါး ပွင့်လာခဲ့သည်။ အစေခံဟု ယူဆရသူ တစ်ဦးမှာ တံခါးမှ ခေါင်းပြူ၍ ကြည့်လိုက်၏။ သူ၏ မျက်နှာတွင် သတိထားနေသော အမူအရာများ ရှိနေသည်မှာ ထင်ရှားလှပေသည်။

အိုယန်ထုံသည် လင်းကျင်းအပေါ်တွင် ရိုသေလေးစားမှု ရှိသော်လည်း ပြင်ပလူများနှင့် တွေ့ဆုံသောအခါတွင်မူ သူ၏ ဂုဏ်ကို ပြသတတ်သည်။

သူက အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။

"တုလျန်ဟန် အိမ်မှာ ရှိလား"

လာရောက်သူမှာ အတော်လေး ဩဇာရှိပုံရသဖြင့် အစေခံက စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်သည်။

"သခင်ကြီး အိမ်မှာ မရှိပါဘူး... ခင်ဗျားတို့က ဘယ်သူများလဲဆိုတာ..."

သူ စကားပြောနေစဉ်မှာပင် အိုယန်ထုံ၏ လက်မောင်းမှ အကဲဖြတ်မှူး လက်ပတ်လေးကို သတိပြုမိသွားခဲ့သည်။

"ငါတို့က သားရဲအကဲဖြတ်မှူး အသင်းချုပ်က လာတာ... ဒါက အကဲဖြတ်မှူးလင်းဖြစ်ပြီး ငါကတော့ အိုယန်ထုံပဲ... မင်းရဲ့ သခင်ကြီးနဲ့ ငါ သိတယ်၊ ဒါကြောင့် ငါ ရောက်နေတဲ့အကြောင်း သွားပြောလိုက်တော့"

အိုယန်ထုံက ဆိုလိုက်၏။ အိုယန်ထုံသည် ဤအစေခံနှင့် အချိန်မဖြုန်းချင်သည်မှာ သိသာလှပြီး ထိုအစေခံမှာလည်း အဆောက်အအုံထဲသို့ အမြန် ပြေးဝင်သွားတော့သည်။ ခဏအကြာတွင် ကောင်းမွန်စွာ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးမှာ ပြုံးရွှင်သော မျက်နှာဖြင့် ထွက်လာခဲ့၏။

"အကဲဖြတ်မှူးအိုယန် ဒီလောက် စောစောစီးစီး လာလည်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး... အချိန်မီ ထွက်မကြိုနိုင်တာကို ခွင့်လွှတ်ပေးပါဦး"

သူက ဆိုလိုက်သည်။

'ဒါဆို သူတို့က သိနေကြတာပေါ့'

အိုယန်ထုံက ပြုံးလိုက်ရင်း ပြောလိုက်၏။

"သခင်ကြီးတု... လာပါ... ကျုပ်ရဲ့ မိတ်ဆွေနဲ့ မိတ်ဆက်ပေးပါရစေ... သူက ဌာနချုပ်က အဆင့် (၃) သားရဲအကဲဖြတ်မှူး အကဲဖြတ်မှူးလင်းပါ... သူက သခင်ကြီးရဲ့ သမီးဆီကို အထူးတလည် လာလည်တာပဲ"

လင်းကျင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ လင်းကျင်းသည် အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်ကြောင်း ကြားလိုက်ရသောအခါ တုလျန်ဟန်သည် အချိန်မဖြုန်းဘဲ အရိုအသေ ပေးလိုက်တော့သည်။ ယဉ်ကျေးမှုအရ လင်းကျင်းသည်လည်း ပြန်လည် အရိုအသေ ပေးလိုက်၏။

"အကဲဖြတ်မှူးရန်က မနေ့တစ်နေ့ကမှ လာသွားတာပဲ... တစ်ခုခု ဖြစ်လို့လား"

တုလျန်ဟန်က ရုတ်တရက် မေးလိုက်သည်။

အကဲဖြတ်မှူးရန်...

လင်းကျင်း၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားကို သတိပြုမိသွားကာ အိုယန်ထုံက အလျင်အမြန်ပင် တုံ့ပြန်လိုက်၏။

"အကဲဖြတ်မှူးလင်းက အဓိကအားဖြင့် မေပယ်မြို့မှာ အခြေစိုက်တာပါ... ဒါပေမဲ့ သူက ခက်ခဲတဲ့ ရောဂါဝေဒနာတွေကို ကုသတဲ့နေရာမှာ အလွန် ကျွမ်းကျင်ပါတယ်... သူက သမားတော် မဟုတ်ပေမဲ့ သူ့ရဲ့ အရည်အချင်းကတော့ အကဲဖြတ်မှူးရန်ထက် မနိမ့်ဘူး... သခင်ကြီးရဲ့ သမီးဖြစ်ပျက်နေတာကို ကြားလို့ သူက သူ့ကို အထူးတလည် လာကြည့်ပေးတာပါ"

သူ၏ ဆင်ခြေမှာ အလွန်ပင် ပြည့်စုံလှသဖြင့် လင်းကျင်းအား အထင်ကြီးသွားစေခဲ့ပြီး လင်းကျင်းသည်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

အိုယန်ထုံကို ခေါ်လာခဲ့ခြင်းမှာ သူ၏ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပုံရသည်။ အကယ်၍ လင်းကျင်းသာ တစ်ယောက်တည်း လာခဲ့ပါက မည်သို့ ပြောရမည်ကိုပင် သိလိမ့်မည် မဟုတ်ပေ။

All Chapters