← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 19 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 19 Ch. 369-370

အခန်း (၃၆၉) - သတိမေ့နေသော အမျိုးသမီးငယ်လေး

တုလျန်ဟန်သည် ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်သော်လည်း သူတို့၏ လူ့အဖွဲ့အစည်းတွင် သားရဲအကဲဖြတ်မှူးများမှာ အလွန်ပင် လေးစားခံရသော ပညာရှင်များဖြစ်ရာ သူသည် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရပေသည်။ လင်းကျင်းနှင့် အိုယန်ထုံတို့အား အထဲသို့ ဖိတ်ခေါ်ပြီးနောက် လင်းကျင်းက သူတို့ပြောနေသော အကဲဖြတ်မှူးရန်မှာ ဌာနချုပ်ရှိ အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်သည့် ရန်ချင်းရှီကို ဆိုလိုခြင်းလားဟု အိုယန်ထုံအား မေးမြန်းလိုက်ရာ အိုယန်ထုံက ခေါင်းညိတ်ပြလိုက်သည်။

၎င်းမှာ ယုတ္တိရှိပေသည်။ အိုယန်ထုံ ယခင်က ပြောပြခဲ့သည်အရ ထိုဖြစ်ရပ်တွင် ပါဝင်ခဲ့သော အကဲဖြတ်မှူးနှစ်ဦးမှာ တန်ရွှင်းနှင့် ရန်ချင်းရှီတို့ မဟုတ်ပါလား။

တုစံအိမ်၏ ရင်ပြင်မှာ အဆင့်ဆင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုနေရာမှာ အလွန်ပင် အေးချမ်းဆိတ်ငြိမ်လှပြီး ဧည့်ခန်းမကြီးမှာလည်း အလွန်ပင် ကျယ်ဝန်းလှပေသည်။ ၎င်းအပြင် အခန်းထဲတွင် အနုပညာလက်ရာမြောက်သော ပရိဘောဂများကို ခင်းကျင်းထားသည်။ သူတို့ တည်ခင်းဧည့်ခံသော လက်ဖက်ရည်မှာလည်း အဆင့်မြင့် အရည်အသွေးများ ဖြစ်ကြ၏။ ဤအချက်များအားလုံးက တုမိသားစုမှာ ဧည့်ဝတ်ကျေပွန်သော အိမ်ရှင်များဖြစ်ကြောင်း ဖော်ပြနေသည်။

၎င်းမှာ အောင်မြင်သော ကုန်သည်များ၏ သဘာဝကိုလည်း ဖော်ပြနေခြင်း ဖြစ်သည်။ သူတို့သည် ရန်သူထက် မိတ်ဆွေဖွဲ့ရသည်ကို ပို၍ နှစ်သက်ကြသည်။

အထူးသဖြင့် သားရဲအကဲဖြတ်မှူးများနှင့်ပေါ့။

လင်းကျင်းနှင့် အိုယန်ထုံတို့၏ အလည်အပတ် ခရီးကို သူတို့ မနှစ်သက်လျှင်ပင် ၎င်းကို သူတို့၏ မျက်နှာပေါ်တွင် ဖော်ပြမည် မဟုတ်ပေ။

ဒါက ဝါရင့်ကုန်သည်ကြီးတစ်ဦး၏ အမူအရာပင် ဖြစ်သည်။

လင်းကျင်းသည် သူ၏ သမီးကို ကြည့်ရှုရန် လာခြင်းဖြစ်ကြောင်း သိရှိထားသဖြင့် တုလျန်ဟန်က ဆိုလိုက်၏။

"အကဲဖြတ်မှူးလင်း... အကဲဖြတ်မှူးအိုယန်... ကျွန်တော့်ရဲ့ သနားစရာကောင်းတဲ့ သမီးလေးကို ကြည့်ဖို့ ခွင့်ပြုပါတယ်ဗျာ... မနှစ်က ဖြစ်ရပ် ဖြစ်ပြီးကတည်းက သူ မျက်လုံး မပွင့်လာတော့တာ... ဟင်း... သူ ဘယ်လောက်တောင် ဝေဒနာ ခံစားနေရဦးမှာလဲ"

သူ၏ သမီးအကြောင်း ပြောနေစဉ် တုလျန်ဟန်သည် သက်ပြင်းများကို အကြိမ်ကြိမ် ချနေခဲ့သည်။ သူသည် ဤအခြေအနေကို ယခုထိ လက်မခံနိုင်သေးသည်မှာ ထင်ရှားလှပေသည်။

လင်းကျင်းသည် အချိန်မဆွဲတော့ပေ။

တုလျန်ဟန်က သူတို့ကို ကိုယ်တိုင် ဦးဆောင်ခေါ်သွားခဲ့သည်။ သူ၏ သမီးဖြစ်သူ၏ အခန်းမှာ သေးငယ်ပြီး ဆိတ်ငြိမ်သော ရင်ပြင်လေးတစ်ခုအတွင်း တည်ရှိသည်။ အစေခံမလေးတစ်ဦးမှာ ရေဇလုံတစ်ခုကို သယ်ဆောင်လာစဉ် တုလျန်ဟန်ကို မြင်သောအခါ အရိုအသေ ပေးလိုက်၏။

"လျန်ရှီး သတိမေ့သွားကတည်းက သူ့ကို သန့်ရှင်းရေး လုပ်ပေးဖို့ အစေခံတွေကိုပဲ အားကိုးနေရတာ... သူ နိုးလာမယ့်နေ့ကို ကျွန်တော် နေ့တိုင်း ဆုတောင်းနေမိတယ်"

တုလျန်ဟန်က ဆိုလိုက်သည်။ သူသည် အစေခံအား တံခါးဖွင့်ခိုင်းလိုက်ပြီးနောက် အထဲသို့ ဝင်လိုက်၏။

လင်းကျင်းသည်လည်း သူ၏ နောက်မှ လိုက်ဝင်ခဲ့သည်။

တံခါးဝကို ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းကျင်းသည် အနံ့ဖျော့ဖျော့ တစ်ခုကို ရရှိလိုက်သည်။ ၎င်းမှာ မိစ္ဆာသားရဲတစ်ကောင်၏ အနံ့မျိုး မဟုတ်သော်လည်း သာမန်လူများ သတိပြုမိရန် ခက်ခဲလှပေရာ အိုယန်ထုံကတော့ ဘာမှ မခံစားမိပေ။ လင်းကျင်းသည် သူ၏ ကျင့်စဉ်အဆင့် မြင့်မားလာခြင်းကြောင့်သာ ဤအနံ့ကို ရရှိခြင်း ဖြစ်သည်။ ရှောင်ဟော့၏ ဓမ္မခန္ဓာနှင့် ပေါင်းစပ်ခြင်းက သူ၏ အာရုံခံစားမှုကို ပိုမို ထက်မြက်လာစေသဖြင့် အခြားသူများ မခံစားမိသောအရာကို သူ သိရှိနိုင်ခြင်းမှာ မဆန်းပေ။

ဤအနံ့မှာ ပုံမှန်မဟုတ်သဖြင့် လင်းကျင်းမှာ သတိထားနေခဲ့သည်။

အမျိုးသမီးငယ်လေး၏ အခန်းမှာ အမြဲတမ်း သန့်ရှင်းသပ်ရပ်နေလေ့ရှိပြီး သင်းပျံ့သော ရနံ့များဖြင့် ပြည့်နှက်နေတတ်သည်။ သို့သော် လင်းကျင်းသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏ မျက်မှောင်မှာ ကုတ်သွားခဲ့သည်။ သူသည် ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်၏။

သူသည် အမူအရာ လွန်ကဲနေခြင်း မဟုတ်သော်လည်း သူ၏ နှာခေါင်းထဲသို့ ရုတ်တရက် တိုးဝင်လာသော ပုပ်စော်နံသည့် အနံ့ဆိုးကြောင့် အံ့အားသင့်သွားခြင်း ဖြစ်သည်။

အထူးဆန်းဆုံး အချက်မှာ တုလျန်ဟန်၊ အိုယန်ထုံနှင့် အစေခံမလေးတို့ပင်လျှင် ဘာအနံ့မှ မရရှိကြခြင်းပင် ဖြစ်သည်။ သူတို့သည် ထိုအနံ့ကို သတိမပြုမိကြရုံသာမက ၎င်း၏ သက်ရောက်မှုကိုလည်း မခံစားရချေ။

ဤထူးဆန်းမှုရှိနေသော်လည်း ယခုမှာ မေးမြန်းရမည့်အချိန် မဟုတ်သဖြင့် လင်းကျင်းမှာ တိတ်ဆိတ်နေခဲ့သည်။ သူသည် စောင့်ကြည့်ပြီးမှသာ ဤကိစ္စကို နောက်ပိုင်းတွင် ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

ဤအခန်း၏ ခုတင်ပေါ်တွင် အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦး လဲလျောင်းနေခဲ့သည်။ သူသည် ပိုးစောင်အောက်တွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး ကြွက်သားတစ်ခုမျှပင် လှုပ်ရှားခြင်း မရှိပေ။

သေချာသည်မှာ ဤသူမှာ တုလျန်ဟန်၏ သမီး ဖြစ်ရပေမည်။

သတိမေ့နေသည်မှာ တစ်နှစ်ရှိပြီဖြစ်သဖြင့် လင်းကျင်းအနေဖြင့် သူသည် အရိုးပေါ် အရေတင်လောက်အောင် ပိန်ချုံးနေလိမ့်မည်ဟု ယူဆထားခဲ့သည်။ သို့သော် ခုတင်ပေါ်ရှိ အမျိုးသမီးမှာမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသကဲ့သို့သာ ရှိနေသည်။ အသားအရေ အနည်းငယ် ဖြူဖျော့နေသည်မှအပ သူ့ထံတွင် ထူးဆန်းသောအရာ ဘာမှ မရှိချေ။

ဒါက တကယ့်ကို ထူးဆန်းလှပေသည်။

ပုပ်စော်နံသည့် အနံ့၏ မြစ်ဖျားခံရာမှာလည်း တုလျန်ဟန်၏ သမီးဖြစ်ကြောင်း လင်းကျင်း အတည်ပြုလိုက်သည်။

လင်းကျင်းမှာ ဆက်၍ သည်းမခံနိုင်တော့သဖြင့် အိုယန်ထုံအား တိုးတိုးလေး မေးလိုက်သည်။

"အကဲဖြတ်မှူးအိုယန်... ခင်ဗျား ထူးဆန်းတဲ့ အနံ့တစ်ခုခု ရနေသလား"

ဤစကားကြောင့် အိုယန်ထုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လင်းကျင်းအား ရိုးသားစွာ ပြုံးပြလိုက်သည်။ သူက တိုးတိုးလေး ပြန်ဖြေလိုက်၏။

"အကဲဖြတ်မှူးလင်း... အမျိုးသမီးလေးတစ်ယောက်ရဲ့ အခန်းမှာ အနံ့လေး သင်းနေတာက သဘာဝပါပဲဗျာ"

'ဒါက ဘယ်လိုလုပ်ပြီး အနံ့သင်းတယ်လို့ ပြောနိုင်တာလဲ'

လင်းကျင်း မျက်ခုံးပင့်လိုက်မိသည်။ အိုယန်ထုံမှာ လိမ်ပြောနေပုံ မရသဖြင့် သူ အမှန်တကယ်ပင် ဘာအနံ့မှ မရရှိခြင်း ဖြစ်ရပေမည်။ မဟုတ်သေး... အိုယန်ထုံ ရရှိနေသော အနံ့မှာ ထိုမိသားစု အသုံးပြုထားသော အမွှေးနံ့သာနံ့သာ ဖြစ်သည်။

တုလျန်ဟန်နှင့် အစေခံမလေးတို့၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူတို့သည်လည်း ထိုသို့ပင် ခံစားနေကြရပုံရသည်။ သို့ဆိုလျှင် လင်းကျင်း တစ်ယောက်တည်းကသာ အဘယ်ကြောင့် ဤအနံ့ဆိုးကို ရရှိနေရသနည်း။

ဗဟုသုတ ကြွယ်ဝသူဖြစ်သည့်အတိုင်း ဤကိစ္စမှာ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း လင်းကျင်း သိရှိလိုက်သည်။ သို့သော်လည်း သူသည် ၎င်းကို သိသာအောင် မလုပ်ပေ။ သူသည် နှာခေါင်းကိုလည်း ပိတ်မထားခဲ့ပေ။ အနံ့ဆိုးမှာ သည်းမခံနိုင်လောက်အောင် ဖြစ်နေသော်လည်း လင်းကျင်းသည် စိတ်ကို တင်းကာ ဆက်လက် စစ်ဆေးနေခဲ့သည်။

တုလျန်ဟိန်၏ မိတ်ဆက်ပေးချက်အရ သူ၏ သမီးအမည်မှာ တုလျန်ရှီး ဖြစ်သည်။ သူသည် လိမ္မာပါးနပ်သော ကလေးတစ်ဦးဖြစ်ပြီး သူ၏ သားရဲမှာ 'သံမဏိကောင်းကင်ငှက်' ဖြစ်သည်။

လင်းကျင်း ခေါင်းညိတ်လိုက်၏။ အခန်းထဲတွင် ငှက်လှောင်အိမ်အကြီးကြီး တစ်ခုရှိနေသည်ကို သူ သတိထားမိသော်လည်း ၎င်းမှာ ဗလာဖြစ်နေသည်။ ၎င်းမှာ တုလျန်ရှီး၏ သားရဲကို ထားရှိရန် အသုံးပြုခဲ့ခြင်း ဖြစ်ရပေမည်။

"အဲဒီဖြစ်ရပ် ဖြစ်ပြီးကတည်းက ရှီးအာရဲ့ သားရဲက ပျောက်ကွယ်သွားခဲ့တာ... အဲဒီလူယုတ်မာတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတာ ဖြစ်ရမယ်... ကျွန်တော်က ဘယ်သူ့အပေါ်မှာမှ မကောင်းတာ မလုပ်ခဲ့ဖူးပါဘူး... ဘာလို့ သူတို့က ကျွန်တော်နဲ့ ကျွန်တော့်သမီးအပေါ် ဒီလို လုပ်ရတာလဲဆိုတာကို အမြဲ တွေးမရ ဖြစ်နေမိတယ်"

တုလျန်ဟန်၏ သမီးဖြစ်သူအပေါ် ကြည့်နေသော အကြည့်များမှာ ဝမ်းနည်းမှုနှင့် ချစ်ခင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

တစ်နှစ်တိတိ သတိမေ့နေခြင်းမှာ သူ၏ သမီးမှာ ကယ်တင်ရန် မဖြစ်နိုင်တော့ကြောင်း ပြသနေသကဲ့သို့ပင် ဖြစ်သည်။

"အမှန်အတိုင်း ပြောရရင် ကျွန်တော်က သမီးလေးရဲ့ နာရေးအတွက်တောင် ပြင်ဆင်ထားပြီးပါပြီ... ဒါပေမဲ့ တစ်နေ့နေ့မှာ သူ မျက်လုံးပွင့်လာပြီး ကျွန်တော့်ကို 'အဖေ' လို့ ပြန်ခေါ်မယ့် အံ့ဖွယ်ဖြစ်ရပ်မျိုးကိုတော့ မျှော်လင့်နေတုန်းပါပဲ"

သူ၏ စိတ်ခံစားချက်များ တက်ကြွလာသဖြင့် တုလျန်ဟန်သည် သူ၏ မျက်ရည်စများကို သုတ်လိုက်၏။

လင်းကျင်းသည် သူ့အား အနည်းငယ် နှစ်သိမ့်လိုက်ပြီးနောက် တုလျန်ရှီးအပေါ်သို့သာ အာရုံ ပြန်စိုက်လိုက်သည်။

သူ၏ မျက်နှာသွင်ပြင်က သူ့အား ဘာမှ ပြောပြနိုင်မည် မဟုတ်သဖြင့် မည်သူမျှ သတိမထားမိခင်မှာပင် လင်းကျင်းသည် စောင်အောက်သို့ အပ်တစ်ချောင်းကို လျှို့ဝှက်စွာ ပစ်လွှတ်လိုက်ပြီး အဝတ်အစားပေါ်မှတစ်ဆင့် အရေပြားကို ထိုးဖောက်စေလိုက်သည်။ သူ၏ အပ်က အပ်စိုက်မှတ်ကို ထိမှန်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းကျင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။

အိုယန်ထုံသည် လင်းကျင်း၏ အမူအရာကို စောင့်ကြည့်နေခဲ့ရာ လင်းကျင်း၏ မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်သောအခါ သူလည်း ထိတ်လန့်သွားခဲ့သည်။

ထို့နောက် လင်းကျင်းသည် တုလျန်ရှီးကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းကျင်း တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း သူ ယူဆလိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် အိုယန်ထုံက အစေခံမလေးအား ဆိုလိုက်၏။

"ငါ ရေငတ်လို့၊ ရေတစ်ခွက်လောက် သွားခပ်ပေးပါဦး"

အစေခံမလေးမှာ ရုတ်တရက် ထွက်လာသော ဤညွှန်ကြားချက်ကြောင့် မှင်တက်သွားသည်။ သေချာသည်မှာ တုလျန်ဟန်က ဧည့်သည်၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သူ့အား ချက်ချင်း လွှတ်လိုက်တော့သည်။ ထို့နောက် အိုယန်ထုံသည် လင်းကျင်းကို ကျောခိုင်းစေရန်အတွက် တုလျန်ဟန်ကို တမင်တကာ ဘေးသို့ ဆွဲထုတ်ကာ စကားပြောနေခဲ့သည်။

ဤလုပ်ဆောင်ချက်က အိုယန်ထုံသည် လင်းကျင်း ဘာလုပ်နေသည်ကို မသိသော်လည်း သူ၏ အာရုံခံစားမှု မည်မျှအထိ ထက်မြက်ကြောင်း လင်းကျင်းအား ပြသလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် လင်းကျင်းအတွက်မူ သူတို့ ကျောခိုင်းနေရန် မလိုအပ်ပေ။ သူ၏ အပ်တစ်ချောင်းတည်းနှင့်ပင် လုံလောက်လှပေပြီ။

တုလျန်ရှီး အဘယ်ကြောင့် နိုးမလာရသနည်း၊ သူ့ထံမှ အဘယ်ကြောင့် ပုပ်စော်နံသည့် အနံ့ဆိုးများ ထွက်ပေါ်နေရသနည်းဟူသော အချက်ကို ယခုအခါ သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့အား ဒုက္ခပေးနေသော မေးခွန်းမှာလည်း အဖြေထွက်သွားခဲ့ပြီ ဖြစ်၏။

လင်းကျင်းသည် သူ၏ အပ်ကို ပြန်မထုတ်ဘဲ တုလျန်ဟန်အား ကျေးဇူးတင်စကား ပြောကြားကာ ပြန်တော့မည့်အကြောင်း အသိပေးလိုက်သည်။

တုလျန်ဟန်သည် ဤအဆင့် (၃) သားရဲအကဲဖြတ်မှူးလေးက သူ၏ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားပုံရသော်လည်း လင်းကျင်း ဤမျှအထိ အစောကြီး ပြန်သွားမည်ကို သိလိုက်ရသောအခါ သူ အနည်းငယ် စိတ်ပျက်သွားဟန် ရှိသည်။

သို့သော်လည်း သူ၏ ကုန်သည်ဗီဇက ထိုစိတ်ပျက်မှုကို မျက်နှာပေါ်တွင် အလွန်အကျွံ မဖော်ပြမိအောင် တားဆီးပေးထားခဲ့သည်။

လင်းကျင်းသည် တုလျန်ဟန်က သူ၏ သမီးအပေါ် မည်မျှအထိ ဂရုစိုက်ကြောင်း သိမြင်လိုက်ရသဖြင့် ခဏမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

"သခင်ကြီးတု... နောက်နှစ်ရက်အတွင်း သူမရဲ့ ဘေးမှာ ပိုပြီး အချိန်ပေးပေးပါ... သူ့ရဲ့ အခြေအနေက တိုးတက်လာပြီး နောက်နှစ်ရက်အတွင်းမှာ သူ နိုးလာပါလိမ့်မယ်"

ထိုသို့ ပြောပြီးနောက် လင်းကျင်းသည် နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။

တုလျန်ဟန်မှာတော့ သူ ရပ်နေသော နေရာ၌ပင် မှင်တက်ကာ ကျန်ရစ်ခဲ့တော့သည်။

လင်းကျင်းသည် အလျင်အမြန် ထွက်ခွာလာခဲ့ပြီး အိုယန်ထုံကလည်း သူ၏ နောက်မှ တကောက်ကောက် လိုက်လာခဲ့သည်။ အိုယန်ထုံသည်လည်း လင်းကျင်း၏ စကားကြောင့် သိသိသာသာပင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။

"အကဲဖြတ်မှူးအိုယန်... ကျုပ် အမှောင်တိုက်ထဲမှာ ရှိနေတဲ့ မိစ္ဆာအကဲဖြတ်မှူးနဲ့ တွေ့ချင်တယ်၊ သူ့ဆီကို ဘယ်လို သွားရမလဲဆိုတာ ခင်ဗျား သိသလား"

လင်းကျင်းက ရုတ်တရက် မေးလိုက်၏။

လင်းကျင်း၏ တည်ကြည်လေးနက်သော မျက်နှာထားကို သတိပြုမိသွားကာ အိုယန်ထုံသည်လည်း ကိုယ်ကို မတ်လိုက်ရင်း "သိပါတယ်" ဟု ပြန်ဖြေလိုက်သည်။

အိုယန်ထုံမှာ တကယ်ကို မဆိုးလှပေ။

"ဒီည သူ့ကို တွေ့နိုင်ဖို့ လိုအပ်တာတွေ ပြင်ဆင်ပေးပါဦး"

အိုယန်ထုံသည် လင်းကျင်း၏ တောင်းဆိုမှုကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

"ခင်ဗျား အခုပဲ သွားချင်တာလို့ ကျွန်တော် ထင်နေတာ... ညဘက်ဆိုရင်တော့ ပိုတောင် လွယ်သေးတယ်.... အမှောင်တိုက်က အစောင့်အချို့နဲ့ ကျွန်တော်က တော်တော်လေး ရင်းနှီးတာဆိုတော့ ကျွန်တော့်ဘက်က တောင်းဆိုလိုက်ရုံပါပဲ... ဒါပေမဲ့ အမှောင်တိုက်ဆိုတာက သေဒဏ်ကျ အကျဉ်းသားတွေကိုပဲ ထားတဲ့ ကျက်သရေမရှိတဲ့ နေရာဗျ၊ နေ့ခင်းဘက်တောင် လူသူမနီးတဲ့ နေရာမျိုးဆိုတော့ ညဘက်ဆိုရင် အနည်းငယ်..."

"ခင်ဗျား လိုအပ်တာတွေပဲ ပြင်ဆင်ပေးပါ... ကျုပ်ဘာလုပ်ရမလဲဆိုတာ သိပါတယ်"

"ကောင်းပါပြီ... ကျွန်တော် အကုန် စီစဉ်ထားလိုက်ပါ့မယ်"

အခန်း (၃၇၀) - ခေါင်းရှစ်လုံးမြွေနဂါး

အိုယန်ထုံကဲ့သို့သော ဒေသခံများက သေဒဏ်ကျအကျဉ်းသားများကို ချုပ်နှောင်ထားရာနေရာကို 'အမှောင်တိုက်' ဟု ခေါ်ကြသည်။ နေရောင်ခြည် လုံးဝမဝင်ရောက်နိုင်သော မြေအောက်တွင် တည်ဆောက်ထားခြင်းကြောင့် 'အမှောင်' ဟု အမည်တွင်ခြင်း ဖြစ်၏။

တုစံအိမ်သို့ သွားရောက်စုံစမ်းခဲ့သော ဤခရီးစဉ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် အချက်များကြောင့် လင်းကျင်းမှာ အံ့အားသင့်နေခဲ့သည်။

ယခုအခါ သူသည် စားသောက်ဆိုင်တန်းတစ်ခုတွင် ထိုင်ကာ ပဲနို့ရည်သောက်ရင်း၊ ဆီကြော်မုန့်စားရင်း နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်များကို စဉ်းစားနေသည်။

မိမိဘာသာ အချိန်အနည်းငယ်ယူချင်သောကြောင့် အိုယန်ထုံကို လွှတ်လိုက်ခြင်း ဖြစ်၏။

အစပိုင်းတွင် လင်းကျင်းသည် စပ်စုချင်စိတ်သက်သက်ဖြင့်သာ ဤကိစ္စထဲသို့ ဝင်ပါခဲ့ခြင်းဖြစ်သည်။ ကျောက်စိမ်းနဂါးပွဲတော် မစတင်မီ စပ်စုကြည့်ရုံသာဟု သူတွေးခဲ့သော်လည်း အမှန်တကယ်တွင်မူ အရေးကြီးသောအချက်တစ်ခုကို သူ ဖော်ထုတ်မိသွားခဲ့ပြီ ဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် တုမိသားစု၏ အမျိုးသမီးငယ် တုလျန်ရှီး အဘယ်ကြောင့် သတိမေ့နေရသနည်းဆိုသည်ကို သူ နားလည်သွားခဲ့သည်။ အမှုအစီရင်ခံစာအရ မိစ္ဆာအကဲဖြတ်မှူးသည် တုလျန်ရှီးကို လူသားပိုးအိမ်အဖြစ် ပြောင်းလဲရန် ကြံစည်ခဲ့သော်လည်း အကဲဖြတ်မှူးတန်ရွှင်းနှင့် အကဲဖြတ်မှူးရန်ချင်းရှီတို့ကြောင့် ထိုအစီအစဉ် ပျက်ပြားသွားခဲ့ရသည်။ အဆင့် (၃) အကဲဖြတ်မှူး နှစ်ဦးစလုံး ပူးပေါင်းကာ မိစ္ဆာဂါထာကို ဖျက်ဆီးပြီး တရားခံကို ဖမ်းဆီးကာ အကျဉ်းချနိုင်ခဲ့သည်။

ဒါက လင်းကျင်းသိထားသမျှ ဖြစ်၏။ လူသားပိုးအိမ်ဂါထာဆိုသည်မှာ လင်းကျင်း ကြားဖူးနားဝရှိသော မှော်အတတ်တစ်ခုပင်။ ၎င်းမှာ အသက်ရှင်နေသော လူသားတစ်ဦးကို အင်းဆက်မျိုးစုံ၏ ဥများထည့်ထားသော မြေအိုးထဲတွင် ထည့်ကာ ပိတ်လှောင်ထားသည့် နည်းလမ်းဖြစ်သည်။ ဥများ ပေါက်လာသောအခါ ထိုအင်းဆက်များသည် လူသားကို အာဟာရအဖြစ် စားသုံးကြပြီး နောက်ဆုံးတွင် ပိုးအိမ်ကို ဖောက်ကာ ထွက်လာကြမည် ဖြစ်သည်။

လူသားပိုးအိမ်မှ မွေးဖွားလာသော ထူးဆန်းသည့် အင်းဆက်များမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီက ဤနည်းလမ်းကို မှတ်သားထားသော စာအုပ်များ ရှိခဲ့သော်လည်း တရားမျှတသော အကဲဖြတ်မှူးများ၏ ကြိုးပမ်းမှုကြောင့် ထိုစာအုပ်များကို ဖျက်ဆီးပစ်ခဲ့ကြပြီး ဤနည်းလမ်းမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် တစ်ခါတစ်ရံတွင် သမိုင်းသည် ပြန်လည်အသက်ဝင်လာတတ်ပြီး ယခုဖြစ်ရပ်မှာလည်း ထိုသို့သော အခြေအနေမျိုးပင် ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် တန်ရွှင်းနှင့် ရန်ချင်းရှီတို့က အချိန်မီ သိရှိသွားခဲ့သဖြင့် မိစ္ဆာအကဲဖြတ်မှူး သူ၏အကြံအစည် မအောင်မြင်မီ တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

တုလျန်ရှီး အဘယ်ကြောင့် နိုးမလာရသနည်းဟူသော အချက်နှင့် ပတ်သက်၍မူ လူအများက လူသားပိုးအိမ်ဂါထာ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့်ဟု ယူဆနေကြသော်လည်း လင်းကျင်း စစ်ဆေးကြည့်ပြီးနောက်တွင်မူ ၎င်းမှာ မဟုတ်မှန်ကြောင်း သိလိုက်ရသည်။

ဒါကလည်း လက်ရှိတွင် သူ့ကို အတွေးများစေနေသည့် အကြောင်းရင်းပင် ဖြစ်သည်။

ဤပြဿနာမှာ ထင်ထားသည်ထက် ပို၍ နက်နဲလှသည်။ လင်းကျင်းကို ပထမဆုံး သံသယဝင်စေသည့်အချက်မှာ တုလျန်ရှီး၏ အခန်းထဲမှ ရရှိသော ပုပ်စော်နံသည့် အနံ့ဆိုးပင်။ လင်းကျင်း၏ အမြင်အရ တစ်စုံတစ်ဦးသည် ထိုအနံ့ကို မန္တန်တစ်ခုဖြင့် တမင်တကာ ဖုံးကွယ်ရန် ကြိုးစားထားခြင်း ဖြစ်ရမည်။ ထိုသူသည် သာမန်လူများကို လှည့်စားနိုင်လောက်အောင် ကျွမ်းကျင်သော်လည်း လင်းကျင်းကဲ့သို့ အဆင့်မြင့်ပညာရှင်နှင့် တွေ့သောအခါတွင်မူ သူ၏မန္တန်မှာ ပေါ်သွားခဲ့ရသည်။

ထို့ပြင် တုလျန်ရှီးကို အပ်ဖြင့် စမ်းသပ်ကြည့်ပြီးနောက် သူမသည် လူသားပိုးအိမ်ဂါထာ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း လင်းကျင်း သိလိုက်ရသည်။ သို့သော် မြေအိုးထဲတွင် ပိတ်လှောင်ခံထားရခြင်းမျိုး မဟုတ်ဘဲ အခြားသော လှည့်ကွက်တစ်ခု ရှိနေခြင်း ဖြစ်၏။

တုလျန်ရှီး၏ အူလမ်းကြောင်းထဲတွင် တစ်စုံတစ်ခု ကိန်းအောင်းနေပြီး ၎င်းမှာ အခြားမဟုတ်ဘဲ သူမ၏ ပျောက်ဆုံးနေသော သားရဲ 'သံမဏိကောင်းကင်ငှက်' ပင် ဖြစ်သည်။

၎င်းမှာ အပ်ဖြင့် ထိုးစမ်းကြည့်လိုက်စဉ် လင်းကျင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည့် အကြောင်းရင်းပင် ဖြစ်၏။ သို့မဟုတ်ပါက သူကဲ့သို့ တည်ငြိမ်သူတစ်ဦးမှာ ဤမျှအထိ အမူအရာ ပျက်ယွင်းသွားစရာ အကြောင်းမရှိပေ။

အခြေအနေများက စိတ်ဝင်စားဖို့ ကောင်းလာချေပြီ။

ဤကိစ္စ၏ နောက်ကွယ်မှာ ဘယ်သူရှိနေသနည်း။

လောလောဆယ်တွင်တော့ ၎င်းမှာ မိစ္ဆာအကဲဖြတ်မှူးများ၏ လက်ချက်ဟု ထင်ရသည်။ ထိုမိစ္ဆာအကဲဖြတ်မှူးသည် မြို့တော်ရှိ လူများ အထင်သေးသွားစေရန် မိမိကိုယ်ကိုယ် တမင်တကာ အဖမ်းခံခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့နောက်တွင်မှ အခြေအနေကို အခွင့်ကောင်းယူကာ ပိုမို အစွမ်းထက်သော အကြံအစည်သစ်တစ်ခုကို ဖော်ဆောင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော် ထိုသို့သာဆိုလျှင် လင်းကျင်းကို ဇဝေဇဝါဖြစ်စေသည့် မေးခွန်းတစ်ခု ရှိနေသည်။

အခြားသူများက အဘယ်ကြောင့် ဤအခြေအနေကို မသိကြရသနည်း။

ဌာနချုပ်တွင် အနည်းဆုံး အဆင့် (၃) သားရဲအကဲဖြတ်မှူး ငါးဦးခန့် အလုပ်လုပ်နေကြသည်။ ထိုငါးဦးစလုံးက ဘာမှ သတိမထားမိကြဘူးလား။

လင်းကျင်းသည် မည်သူ့ကိုမျှ လျှော့မတွက်ပေ။ သူ၌ သားရဲပြတိုက်၏ အကူအညီကြောင့် ထူးခြားသော အားသာချက်ရှိနေသော်လည်း အခြားသော အဆင့် (၃) အကဲဖြတ်မှူးများသည်လည်း သူတို့၏ အရည်အချင်းကြောင့်သာ ဤရာထူးကို ရရှိထားကြခြင်း ဖြစ်သည်။ အိုယန်ထုံ ဘာမှ မခံစားမိခြင်းမှာ သဘာဝကျသော်လည်း အခြားသော အဆင့် (၃) အကဲဖြတ်မှူးများပါ ဘာမှ မသိရှိကြခြင်းကိုမူ လင်းကျင်း မယုံကြည်နိုင်ပေ။

တစ်စုံတစ်ဦးက ဤကိစ္စကို တမင်တကာ ဖုံးကွယ်ထားခြင်း မဟုတ်လျှင်ပေါ့။

လင်းကျင်းသည် စပ်စုချင်စိတ်ဖြင့် ဤအမှုကို စတင်စုံစမ်းခဲ့ခြင်းဖြစ်သော်လည်း ဤမျှအထိ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လင်းကျင်းသည် အိုယန်ထုံကို စောစောက မေးမြန်းခဲ့သည်။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးကတည်းက အကဲဖြတ်မှူးရန်ချင်းရှီသည် တုမိသားစုကို အမြဲမပြတ် စောင့်ကြည့်ပေးနေခဲ့ပြီး အကဲဖြတ်မှူးထန်မှာမူ အလုပ်များလွန်းနေခဲ့သည်။

လင်းကျင်းသည် ဆီကြော်မုန့်ကို အပိုင်းအစလေးများ ဖဲ့လိုက်ပြီး ပဲဟင်းရည်ထဲ နှစ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

"ငါ အများကြီး တွေးနေမိတာကိုတော့ အပြစ်ပြောလို့ မရဘူး... ရန်ချင်းရှီက တကယ့်ကို အရည်အချင်းမရှိတဲ့ အဆင့် (၃) အကဲဖြတ်မှူး မဟုတ်ရင်တော့၊ သူ အဲဒီအိမ်ကို အကြိမ်ကြိမ် သွားနေပါလျက်နဲ့ ဒီထူးဆန်းတဲ့ အနံ့ဆိုးကို သတိမပြုမိဘဲ နေမှာ မဟုတ်ဘူး... သူကိုယ်တိုင်လည်း ဒီကိစ္စမှာ ပါဝင်နေတာလား... ဟင်း... ဒါက တကယ့်ကို ခေါင်းရှုပ်စရာပဲ"

လင်းကျင်း စိတ်ရှုပ်နေခဲ့သည်။

သူသည် အခြားသော ပြဿနာများထဲသို့ မပါဝင်ချင်သော်လည်း ဤမျှအထိ အရေးကြီးသော အရာတစ်ခုကို သိလိုက်ရပြီးနောက်တွင်မူ လျစ်လျူရှုထားရန် မဖြစ်နိုင်တော့ပေ။ တုစံအိမ်သို့ သူ ခဏတာ သွားရောက်ခဲ့ခြင်းမှာလည်း မကြာမီ မြို့တော်အနှံ့ ပျံ့နှံ့သွားတော့မည်ကို သူ သိထားသည်။

အကယ်၍ သူသာ ဤအကြံအစည်ကို ဖော်ဆောင်နေသူ ဖြစ်ပါက၊ ရုတ်တရက် ပေါ်လာသော ဤအတားအဆီးကြောင့် ထိတ်လန့်သွားမည်ဖြစ်ပြီး ၎င်းကို ဖယ်ရှားရန် အကြံသစ်တစ်ခု ထပ်မံ ဖော်ဆောင်ပေလိမ့်မည်။

"ငါ စပ်စုမိလို့ နောက်ထပ် ပြဿနာအသစ်တွေ ထပ်ရှာမိပြန်ပြီနဲ့ တူတယ်"

လင်းကျင်း သက်ပြင်းချလိုက်ပြီး သူ၏ အစားအစာများကို အပြီးသတ် စားသောက်လိုက်သည်။ ဤဆိုင်လေးမှာ သေးငယ်သော်လည်း အရသာမှာမူ အလွန်ပင် စစ်မှန်ကြောင်း သူ ဝန်ခံရပေမည်။

စားသောက်ပြီးနောက် ငွေရှင်းကာ လင်းကျင်းသည် ဌာနချုပ်သို့ ပြန်ရန် အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သည်။

သူ အသေအချာ စဉ်းစားပြီးပြီ ဖြစ်သည်။ သူ၏ သံသယများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ တိုက်ပွဲ၏ အလယ်ဗဟိုထဲသို့ ရောက်ရှိသွားပြီဖြစ်ရာ ရင်ဆိုင်ရုံသာ ရှိတော့သည်။ ကြောက်နေစရာ အကြောင်းမရှိပေ။

ထို့ပြင် အပြင်ပန်းတွင် လူကောင်းဟန်ဆောင်ကာ နောက်ကွယ်တွင် ယုတ်မာသော ကိစ္စများ လုပ်ဆောင်နေသည့် သားရဲအကဲဖြတ်မှူး အမှန်တကယ် ရှိနေပါက လင်းကျင်းအနေဖြင့် တစ်ခုခု လုပ်ဆောင်ရပေမည်။ အထူးသဖြင့် ၎င်းကို သူကိုယ်တိုင် ဖော်ထုတ်မိခဲ့သည် မဟုတ်ပါလား။ ဤလုပ်ရပ်မှာ မတော်မလျော်ရုံသာမက သဘာဝတရားကို ဆန့်ကျင်ပြီး အကျင့်ပျက်ခြစားရာလည်း ရောက်လှပေသည်။

အခြားသူများ မသိရှိကြသော်လည်း လင်းကျင်း၏ စစ်ဆေးချက်အရ တုလျန်ရှီး၏ ဝမ်းဗိုက်ထဲရှိ ကောင်းကင်ငှက်မှာ ထူးဆန်းသော အင်းဆက်များကို ပေါက်ဖွားစေမည့် အိုးတစ်လုံးကဲ့သို့ အသုံးချခံထားရခြင်း ဖြစ်သည်။ ဤကိစ္စကို လုပ်ဆောင်သူမှာ သေချာပေါက် အလွန် ကျွမ်းကျင်သူ ဖြစ်ရပေမည်။ ဝါရင့် သားရဲအကဲဖြတ်မှူး တစ်ဦးပင်လျှင် သူ မည်သို့ လုပ်ဆောင်ခဲ့သနည်းဆိုသည်ကို ပြောနိုင်ရန် ခက်ခဲလှပေရာ သာမန်လူတစ်ယောက်အတွက်ဆိုလျှင် ပို၍ပင် ခက်ခဲပေလိမ့်မည်။ သို့သော် လင်းကျင်းကတော့ ထိုလူယုတ်မာ၏ အကြံအစည်မှာ မည်မျှအထိ ကြီးမားကြောင်း သိရှိထားသည်။ ထိုဥမှာ ခေါင်းရှစ်လုံးမြွေနဂါး၏ ဥ ဖြစ်သည်။ ဗဟုသုတ ကြွယ်ဝသော သားရဲအကဲဖြတ်မှူးများပင်လျှင် ဤသတ္တဝါအကြောင်း ကြားဖူးလိမ့်မည် မဟုတ်ပေ။

လင်းကျင်းမှာ ပြတိုက်ကြောင့်သာ သိရှိခြင်း ဖြစ်သည်။

ပြတိုက်၏ ဖော်ပြချက်အရ ဤခေါင်းရှစ်လုံးမြွေနဂါးမှာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မှ တည်ရှိနေရန် ခွင့်မပြုနိုင်လောက်အောင် အန္တရာယ်ကြီးမားလှသည်။ ဤသတ္တဝါများကို မွေးမြူရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲသော်လည်း အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပါက မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် အဆင့် (၄) သတ္တဝါ ဖြစ်ပေလိမ့်မည်။

အလွန်ပင် ကြောက်စရာကောင်းလှပေသည်။

မွေးဖွားလာကတည်းက ထိပ်တန်း အဆင့် (၄) သတ္တဝါအဖြစ် မွေးဖွားလာခြင်းမှာ မကြာမီအချိန်အတွင်း အဆင့် (၅) သို့ တက်လှမ်းနိုင်မည့် အလားအလာ အလွန်ပင် ကောင်းမွန်လှသည်။ ထို့ကြောင့်လည်း အချို့သော လူများမှာ စွန့်စားရန် ဝန်မလေးကြခြင်း ဖြစ်ရပေမည်။

သေချာသည်မှာ ဤခေါင်းရှစ်လုံးမြွေနဂါး အသက်ဝင်လာမည့်နေ့မှာ တုလျန်ရှီး သေဆုံးမည့်နေ့ပင် ဖြစ်ပေလိမ့်မည်။ ထို့ပြင် ခေါင်းရှစ်လုံးမြွေနဂါးတွင် ပုပ်စော်နံသည့် အနံ့ဆိုးတစ်ခု ရှိကြောင်း ဖော်ပြထားသဖြင့် တုလျန်ရှီး၏ အခန်းထဲတွင် အနံ့ဆိုးရနေခြင်းမှာ ၎င်းကြောင့် ဖြစ်ရပေမည်။

အခြားသူများ အဘယ်ကြောင့် အနံ့မရရသနည်းဆိုသည့် အချက်နှင့် ပတ်သက်၍မူ ၎င်းမှာ တုလျန်ရှီး၏ ခန္ဓာကိုယ်ပေါ်တွင် မန္တန်တစ်ခုခု ပြုလုပ်ထားသောကြောင့် မဟုတ်ကြောင်း လင်းကျင်း သေချာပေါက် သိသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူ၏ ငွေအပ်များက ချက်ချင်း သိရှိသွားမည် ဖြစ်သည်။ လင်းကျင်းအနေဖြင့် ထိုလူယုတ်မာ မည်သို့ လုပ်ဆောင်ခဲ့သည်ကို အတိအကျ မသိသော်လည်း ၎င်းမှာ အလွန် အစွမ်းထက်သော အရည်အချင်း တစ်ခုခုကြောင့် ဖြစ်ရပေမည်။

တုလျန်ရှီး၏ ခန္ဓာကိုယ်ထဲတွင် သူ၏ အပ်ကို ထားခဲ့ခြင်းမှာ ကြိုတင်ကာကွယ်မှု တစ်ခုပင် ဖြစ်သည်။ လိုအပ်လာပါက လင်းကျင်းသည် ထိုအပ်ကို ထိန်းချုပ်ကာ တုလျန်ရှီး၏ ခန္ဓာကိုယ်ထဲရှိ ခေါင်းရှစ်လုံးမြွေနဂါးကို ဖျက်ဆီးပစ်နိုင်ပေသည်။

သို့သော် ၎င်းမှာ နောက်ဆုံးလက်နက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းရှစ်လုံးမြွေနဂါး အသတ်ခံလိုက်ရပါက ထိုသတ္တဝါသည် သူ၏ အဆိပ်များကို ချက်ချင်း ထုတ်လွှတ်ပေလိမ့်မည်။ ထိုအခါတွင်တော့ နတ်ဘုရားများ ဆင်းလာပါစေဦး၊ တုလျန်ရှီးမှာ သေဆုံးရမည်သာ ဖြစ်သည်။

သူမမှာ အပြစ်မရှိသော မိန်းကလေးတစ်ဦး ဖြစ်သဖြင့် လင်းကျင်းအနေဖြင့် သူမကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားရပေမည်။

လင်းကျင်းသည် ညဘက်တွင်မှ အမှောင်တိုက်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း အကြောင်းပြချက် ရှိပါသည်။ ဘာပဲဖြစ်ဖြစ် ရန်သူကို အင်အားသုံးပြီး ရင်ဆိုင်ရမည့် အခွင့်အလမ်း အလွန်များပြားနေပြီး ညဘက် တိုက်ပွဲမှာ မိမိ၏ စွမ်းအားများကို အပြည့်အဝ အသုံးပြုနိုင်ရန်အတွက် ပိုမို အဆင်ပြေသောကြောင့် ဖြစ်သည်။

လင်းကျင်းသည် ထပ်မံ စဉ်းစားရန် လိုအပ်သော အချက်အားလုံးကို အသေအချာ တွေးတောထားပြီးပြီ ဖြစ်သည်။

All Chapters