အခန်း (၃၇၁-၃၇၂)
Vol. 19 Ch. 371-372
အခန်း (၃၇၁) - နိမ့်ပါးသောသားရဲပင်လျှင် အခွင့်အရေးရှိစမြဲ
လင်းကျင်းသည် သားရဲအကဲဖြတ်မှူးအသင်းချုပ်၏ ပင်မအဆောက်အအုံနောက်ကွယ်ရှိ ရေကန်ဘေးတွင် ထိုင်နေခဲ့သည်။ သူသည် ရှုခင်းကြည့်နေသည့်ပုံ ပေါက်နေသော်လည်း အမှန်တကယ်တွင်မူ သူ၏လက်ထဲမှ ပစ္စည်းတစ်ခုကို လှည့်ပတ်ကစားနေခြင်း ဖြစ်၏။
၎င်းမှာ 'ရေလှောင်ကန် အကြေးခွံ'ပင် ဖြစ်သည်။
ဤအရာမှာ ရေဓာတ်ဝိညာဉ်စွမ်းအင်များ အပြည့်အနှံ့ ကိန်းအောင်းနေသော ရတနာတစ်ခု ဖြစ်သည်။ လက်ရှိအဆင့်တွင် ၎င်းသည် လင်းကျင်း၏ တိမ်တိုက်သယ်ဆောင်ခြင်းကို ပိုမိုအားကောင်းစေနိုင်ရုံသာမက ကျင့်စဉ်ကျင့်ကြံချိန်တွင် လက်၌ ကိုင်ထားပါက ခန္ဓာကိုယ်ကို အာဟာရဖြစ်စေရန် ရေဓာတ်စွမ်းအင်များကိုပါ စုပ်ယူနိုင်သည်။ ထို့ပြင် အကယ်၍ သူ ဒဏ်ရာရရှိခဲ့ပါကလည်း ဤအကြေးခွံက ပြန်လည်ကျန်းမာလာစေရန် အရှိန်အဟုန်မြှင့်ပေးနိုင်ပေသည်။
သေချာသည်မှာ အကျိုးကျေးဇူးများက ဤမျှနှင့်တင် ရပ်တန့်မသွားပေ။ သို့သော် လင်းကျင်း၏ လက်ရှိအဆင့်အရ ဤအကြေးခွံ၏ စွမ်းအားများကို အပြည့်အဝ အသုံးမချနိုင်သေးခြင်းသာ ဖြစ်သည်။
ဤအကြောင်းကို တွေးမိလျှင် ကျူရိပ်မြို့အနီးရှိ မိစ္ဆာအကဲဖြတ်မှူးအသင်း ဌာနခွဲမှာ တကယ့်ကို ကံဆိုးလှပေသည်။ ဤမျှ တန်ဖိုးကြီးလှသော ရတနာမှာ သူတို့၏ ခြေဖဝါးအောက်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း သူတို့ထဲမှ မည်သူမျှ သတိမထားမိခဲ့ကြပေ။ အကယ်၍သာ အမှန်တရားကို သူတို့ သိသွားခဲ့လျှင် ထိုလူယုတ်မာများမှာ တမလွန်တွင်ပင် ရင်ထုမနာ ဖြစ်နေကြပေလိမ့်မည်။
လင်းကျင်း သတိမထားမိခင်မှာပင် မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့သည်။
လင်းကျင်း ဗိုက်မဆာသေးပေ။ ဤနေရာမှာ အေးချမ်းလှပြီး ရေလှောင်ကန်အကြေးခွံ၏ အာဟာရပေးမှုကြောင့် ဤနေရာတွင် ထိုင်နေရသည်မှာ လင်းကျင်းအတွက် အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။ သူ မော့ကြည့်လိုက်သောအခါ နေမင်းမှာ မိုးကုပ်စက်ဝိုင်းတွင် ဝင်လုဆဲဆဲ ဖြစ်နေချေပြီ။ ထိုအခါမှသာ သူသည် ဤနေရာတွင် တစ်နေကုန်နီးပါး ထိုင်နေမိကြောင်း သတိပြုမိလိုက်တော့သည်။
"ဒီလောက်ဆို ရလောက်ပါပြီ"
သူသည် မတ်တတ်ထရပ်ကာ ရေလှောင်ကန်အကြေးခွံကို သိမ်းဆည်းလိုက်သည်။ သူ ထိုသို့လုပ်ဆောင်လိုက်သည်နှင့် သူ၏ပတ်ဝန်းကျင်ရှိ မြူနှင်းဖျော့ဖျော့များမှာလည်း တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားခဲ့၏။
သူသည် အိုယန်ထုံနှင့် လာဘ်လာဘအိမ်တော် စားသောက်ဆိုင်တွင် တွေ့ဆုံရန် ချိန်းဆိုထားခဲ့သည်။ ၎င်းမှာ စားသောက်ဆိုင်ဖြစ်သဖြင့် သူ၏ ဗိုက်ဆာမှုကိုလည်း တစ်ခါတည်း ဖြေရှင်းနိုင်ပေလိမ့်မည်။
အိုယန်ထုံမှာ ကြိုတင်ရောက်ရှိနေခဲ့သည်။ လင်းကျင်းကို မြင်သည်နှင့် သူက အနားသို့ ချဉ်းကပ်လာပြီး ဆိုလိုက်၏။
"အကဲဖြတ်မှူးလင်း... အကုန်လုံး အဆင်ပြေသွားပါပြီ... မှောင်တာနဲ့ အမှောင်တိုက်ကို ချက်ချင်း သွားလို့ရပါတယ်"
လင်းကျင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်၏။ ထိုမိစ္ဆာအကဲဖြတ်မှူးမှာ သေဒဏ်ကျအကျဉ်းသား ဖြစ်သလို ကွပ်မျက်ရန် ရက်မှာလည်း နီးကပ်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ပြင်ပလူတစ်ဦးအတွက် ထိုကဲ့သို့သောသူနှင့် တွေ့ဆုံရန် မလွယ်ကူသော်လည်း အိုယန်ထုံမှာမူ ဤကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အလွန်ပင် ကျွမ်းကျင်လှပေသည်။
သေချာသည်မှာ လင်းကျင်း၏ အရည်အချင်းနှင့်ဆိုလျှင် လျှို့ဝှက်စွာ ခိုးဝင်ရန် ဖြစ်နိုင်သော်လည်း လင်းကျင်းက ထိုသို့ မလုပ်ချင်ပေ။
ရန်သူများ သတိပြုမိသွားစေရန်နှင့် သူတို့၏ အကြံအစည်များ ပေါ်လာစေရန်အတွက် လင်းကျင်းသည် အိုယန်ထုံအား တရားဝင် စီစဉ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
အိုယန်ထုံသည် စားပွဲတစ်ခုကို ကြိုတင်မှာယူထားခဲ့သည်။ စားပွဲပေါ်တွင် ဟင်းပွဲအများကြီး မရှိသော်လည်း ဟင်းပွဲတစ်ပွဲချင်းစီမှာ မည်မျှအထိ အားစိုက်ထုတ်ပြင်ဆင်ထားကြောင်း အလွယ်တကူ သိနိုင်သည်။
၎င်းမှာ သူ့အား အထင်ကြီးစေရန် အိုယန်ထုံ၏ အစီအစဉ်တစ်ခုဖြစ်ကြောင်း လင်းကျင်း သိရှိထားသည်။ အမှန်တကယ်ပင် အိုယန်ထုံမှာ အလွန် အသုံးဝင်လှသဖြင့် သူ၏ ဧည့်ခံမှုကို ခံယူနေရခြင်းအပေါ် လင်းကျင်း အနည်းငယ် အားနာမိသွားခဲ့သည်။
"ကျုပ် အကဲဖြတ်မှူးတန်နဲ့ ရင်းနှီးပါတယ်... ဒါကြောင့် နောက်တစ်ခါ ဆုံတဲ့အခါ ခင်ဗျားအကြောင်း ကောင်းသတင်းလေးတွေ ပြောပေးပါ့မယ်"
လင်းကျင်းက တဲ့တိုးပင် ပြောလိုက်ရာ အိုယန်ထုံမှာ ဝမ်းသာအားရဖြင့် လင်းကျင်းအား အရက် ထပ်မံ ငှဲ့ပေးလေတော့သည်။
"အကဲဖြတ်မှူးလင်း... ဒါလေး မြည်းကြည့်ပါဦး... ဒါက ဒီဆိုင်ရဲ့ နာမည်ကြီး 'ဗာဒံပန်းအရက်'ပါ... အနံ့ရော အရသာရော တကယ့်ကို ပြင်းရှပါတယ်ဗျာ"
ထို့နောက် လင်းကျင်းသည် အိုယန်ထုံ၏ သားရဲကို ကြည့်လိုက်သည်။
အိုယန်ထုံမှာ သာမန်လူတစ်ယောက်ဖြစ်သလို သူ၏ သားရဲမှာလည်း အလွန်ပင် သာမန်ကာလျှံကာ ဖြစ်သည်။ ၎င်းမှာ 'သံချပ်ကာတောဝက်' တစ်ကောင် ဖြစ်၏။
အိုယန်ထုံ၏ သားရဲမှာ ဌာနချုပ်တွင် ပေါ်လာခဲလှသည်။ လူသူကင်းဝေးသော နေရာရောက်မှသာ သူ၏ အဖော်ကို အပြင်ထုတ်လေ့ရှိသည်။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ဤမျှ သာမန်ဆန်သော သားရဲတစ်ကောင်ရှိနေခြင်းမှာ သူ့အတွက် ရှက်စရာကောင်းနေသောကြောင့်ပင်။
အိုယန်ထုံမှာ ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ဤတောဝက်မှာ သူ၏ဖခင်က သူ့အတွက် သွေးစာချုပ်ချုပ်ဆိုနိုင်ရန် ဖမ်းဆီးပေးခဲ့ခြင်း ဖြစ်သည်။ အိုယန်ထုံ အလုပ်သင် သားရဲအကဲဖြတ်မှူး ဖြစ်လာချိန်တွင် သူ၏ဖခင်မှာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့၏။
နောက်ပိုင်းတွင် အိုယန်ထုံသည် အသိအမှတ်ပြု အဆင့် (၁) သားရဲအကဲဖြတ်မှူး ဖြစ်လာသော်လည်း သူ၏ အဖော်ကို စွန့်ပစ်ရန် ငြင်းဆန်ခဲ့သည်။ သူ၏ အဆိုအရ ဤတောဝက်မှာ ကွယ်လွန်သူဖခင် ချန်ထားရစ်ခဲ့သော တစ်ခုတည်းသော အရာဖြစ်သဖြင့် ဤတောဝက်မှာ တစ်သက်လုံး သာမန်ကာလျှံကာ ဖြစ်နေပါစေဦး၊ စွန့်ပစ်ရန်မှာ လုံးဝ မဖြစ်နိုင်ဟု ဆိုခဲ့သည်။
သို့သော် ဤကဲ့သို့သော ခေါင်းမာမှုက ကဲ့ရဲ့ရှုံ့ချသံများကိုသာ ဖိတ်ခေါ်ခဲ့ပြီး ဌာနချုပ်တွင် အလုပ်လုပ်နေစဉ်အတွင်း အိုယန်ထုံမှာ သူ၏သားရဲကို ခေါ်ဆောင်လာခြင်း မပြုတော့ပေ။
"ခင်ဗျားရဲ့ သားရဲကို ကျုပ် ကြည့်ပါရစေ"
လင်းကျင်းက အိုယန်ထုံအား စကားပြောနေသော်လည်း သူ၏ မျက်လုံးများမှာ ထောင့်တစ်နေရာတွင် အားရပါးရ စားသောက်နေသော တောဝက်ဆီ၌သာ ရှိနေခဲ့သည်။ လင်းကျင်း စကားပြောပြီးနောက် ထိုတောဝက်အား လက်ယပ်ခေါ်လိုက်ရာ ၎င်းမှာ ခေါင်းမော့ကြည့်လိုက်၏။ လင်းကျင်း၏ ခေါ်သံကို သိရှိသွားဟန်ဖြင့် ၎င်းမှာ သူ့အလိုလို အနားသို့ လျှောက်လာခဲ့သည်။
အိုယန်ထုံသည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သို့သော်လည်း အကဲဖြတ်မှူးလင်းမှာ အဆင့် (၃) အကဲဖြတ်မှူးတစ်ဦး ဖြစ်သဖြင့် သားရဲယဉ်ပါးအောင် လုပ်ဆောင်သည့် အရည်အချင်းမှာ မိမိထက် အဆပေါင်းများစွာ သာလွန်နေမည်မှာ မဆန်းကြောင်း ပြန်လည်တွေးတောလိုက်မိ၏။
သူကိုယ်တိုင်မှာလည်း အဆင့် (၁) သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်သဖြင့် မိမိ၏ သားရဲအကြောင်းကို အသေအချာ သုတေသန ပြုလုပ်ခဲ့ဖူးသည်။ သူ ရရှိခဲ့သော အဖြေမှာ လူအများ ခေါ်ဝေါ်ကြသလိုပင် ၎င်းမှာ 'နိမ့်ပါးသော သားရဲ' တစ်ကောင်သာ ဖြစ်သည်။ ၎င်းမှာ သာမန်ပင် မဟုတ်ဘဲ သာမန်ထက်ပင် ပို၍ နိမ့်ကျနေခြင်း ဖြစ်၏။ ထိုသတ္တဝါတွင် အဆင့်တက်ရန် အလားအလာ မရှိသလို ထူးခြားသော သွေးမျိုးဆက်လည်း မရှိပေ။ တောထဲတွင် အလွယ်တကူ တွေ့နိုင်သော သာမန် သံချပ်ကာတောဝက် တစ်ကောင်သာ ဖြစ်သည်။
လွန်ခဲ့သော နှစ်များအတွင်း သူ၏ သားရဲကို အဆင့်တက်စေရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သော်လည်း အားလုံးမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ဤအကြောင်းကြောင့် သူသည် အကြိမ်ကြိမ် လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အချို့ကဆိုလျှင် အခြားသော သားရဲတစ်ကောင်မှာ ဤတောဝက်ထက် ပို၍ အစွမ်းထက်မည်ဖြစ်ရာ သားရဲအသစ်တစ်ကောင် ပြောင်းလဲရန်ပင် အကြံပေးခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် နိမ့်ပါးသော သားရဲတစ်ကောင်မှာ အဆင့်တက်ရန် လုံးဝ မဖြစ်နိုင်ကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလား။
အိုယန်ထုံလည်း ၎င်းကို ကောင်းကောင်း သိသည်။ သူသည်လည်း သားရဲအသစ်တစ်ကောင် ရယူရန် စဉ်းစားခဲ့ဖူးသော်လည်း အခက်အခဲများရှေ့တွင် ဦးညွှတ်ကာ သူတစ်ပါးအား ဖားယားတတ်သော အိုယန်ထုံသည်ပင် ဤကိစ္စတွင်တော့ လက်တွေ့လုပ်ဆောင်ခြင်း မရှိခဲ့ပေ။
သူ၏ အဖြေမှာ ခိုင်မာမြဲမြံလှသည်။ ဤတောဝက်မှာ ကွယ်လွန်သူဖခင်၏ လက်ဆောင်ဖြစ်သဖြင့် ၎င်းကို ပစ်ပယ်ထားခြင်းမှာ ဖခင်အပေါ် အကြီးမားဆုံးသော မလေးစားမှု ပြုလုပ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
"အမှန်အတိုင်း ပြောရရင် အကဲဖြတ်မှူးလင်း... ကျွန်တော်လည်း သားရဲအသစ် ရှာဖို့ စဉ်းစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီကောင်က ကျွန်တော့်ဘေးမှာ ရှိနေတာ နှစ်တော်တော် ကြာနေပြီလေ... ကျွန်တော်တို့ရဲ့ သွေးစာချုပ်ကြောင့်သာ သူ ဒီလောက်အထိ အသက်ရှင်နေနိုင်တာ... အကယ်၍ စာချုပ်ကို ဖျက်သိမ်းလိုက်ရင် သူ ချက်ချင်း သေသွားနိုင်တယ်၊ အဲဒါကြောင့် ကျွန်တော် မလုပ်ချင်ဘူး"
အိုယန်ထုံ၏ အပြုံးတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသော အသွင်အပြင် ရှိနေသည်။
သူသည် မနှစ်မြို့ဖွယ်ကောင်းသော အမှန်တရားကို လက်ခံထားပြီးသား ဖြစ်သည်။
ထို့နောက် သူသည် ပြင်းရှသော အရက်ကို အားရပါးရ တစ်ငုံ သောက်လိုက်၏။
သို့သော် သူ၏ ခွက်ကို ပြန်ချလိုက်သည်နှင့် တစ်ပြိုင်နက် သဲများကို ကြိတ်ချေလိုက်သည့်အလား ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါတွင်မူ သူ၏ မျက်လုံးများမှာ အရည်ပျော်ကျတော့မတတ် ပြူးကျယ်သွားခဲ့ရတော့သည်။
သံသဲမှုန်များမှာ ပျားအုံကို ပျားများ ဝိုင်းအုံနေသည့်အလား သူ၏ သားရဲခန္ဓာကိုယ်ကို ဝိုင်းရံထားပြီး သံချပ်ကာတောဝက် တစ်ကောင်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် ထိုသဲများမှာ တောဝက်၏ နဖူး၊ ရှေ့ခြေ၊ နောက်ခြေနှင့် ကျောကုန်းပေါ်တွင် စုစည်းသွားကာ သံချပ်ကာပြားများအဖြစ် ပြောင်းလဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ သွေးစာချုပ်မှတစ်ဆင့် အိုယန်ထုံသည် မိမိထံသို့ စီးဝင်လာသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ဤခံစားမှုမှာ အသစ်အဆန်း ဖြစ်နေသော်လည်း တစ်ဖက်တွင်တော့ ရင်းနှီးနေခဲ့သည်။
အသစ်အဆန်း ဖြစ်နေရခြင်းမှာ သူ ယခင်က တစ်ခါမျှ မခံစားဖူးသောကြောင့်ဖြစ်ပြီး ရင်းနှီးနေရခြင်းမှာမူ အဆင့် (၁) သားရဲအကဲဖြတ်မှူး တစ်ဦးအနေဖြင့် ဤသို့ ဖြစ်ပျက်သည်ကို သူ အကြိမ်ကြိမ် မြင်ဖူးသောကြောင့် ဖြစ်သည်။
ဒါက အဆင့်တက်ခြင်းပဲ။
သူ့ရဲ့ သားရဲက အဆင့်တက်သွားတာလား။
အိုယန်ထုံအတွက် ဤအရာမှာ အိမ်မက်ဆန်လွန်းနေပြီး ယုံကြည်နိုင်စရာ မရှိပေ။ သို့သော် အမှန်တကယ်တွင်မူ အဆင့်တက်ရန် ကြိုးစားလျှင်ပင် ဤမျှအထိ မြန်ဆန်စွာ အောင်မြင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် နိမ့်ပါးသော သားရဲတစ်ကောင်က အဘယ်သို့ အဆင့်တက်နိုင်ပါမည်နည်း။
ယခုအခါ လင်းကျင်းမှာ တောဝက်၏ ခေါင်းကို ပုတ်ပေးပြီးနောက် ကိုယ်ကို မတ်ကာ သူ၏ ညစာကို ဆက်လက် စားသောက်နေခဲ့ပြီ ဖြစ်သည်။
အိုယန်ထုံမှာတော့ မှင်တက်နေခဲ့၏။ သူသည် အိမ်မက် မက်နေခြင်း ဟုတ်၊ မဟုတ် သိနိုင်ရန် မျက်လုံးကို ပွတ်ကြည့်ကာ သူ၏ သားရဲကို ထပ်မံ စစ်ဆေးကြည့်ရသည်။
သေချာသည်မှာ ၎င်းမှာ ယခုအခါ အဆင့် (၂) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အိုယန်ထုံသည် အကဲဖြတ်ခြင်း နည်းလမ်းအချို့ကို အသုံးပြုကြည့်ရာတွင်လည်း တူညီသော ရလဒ်ကိုသာ ရရှိခဲ့သည်။ သူ၏ တောဝက်မှာ အဆင့်တက်သွားခဲ့ပြီဖြစ်ကာ သံဓာတ် ရရှိသွားခဲ့သည်။ ၎င်းကို ထိုသတ္တဝါ၏ သံချပ်ကာများမှတစ်ဆင့် သူ ပြောနိုင်ပေသည်။
သူ၏ တောဝက်မှာ ယခင်ကထက် ပို၍ ခန့်ညားထည်ဝါနေခဲ့သည်။ တောက်ပနေသော ထိုအမည်းရောင် သံအရေပြားမှာ စစ်သည်တော်တစ်ဦး၏ ချပ်ဝတ်တန်ဆာကဲ့သို့ပင် ရှိနေပြီး သေစေနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
၎င်းမှာ အနိုင်ကျင့်ခံရမည့် ပုံစံမျိုး လုံးဝ မရှိတော့ပေ။
တစ်ခါက တွန့်လိမ်နေသော အရေပြားများမှာလည်း ယခုအခါ တင်းရင်းသွားခဲ့ပြီဖြစ်ရာ ထိုသတ္တဝါမှာ ဆယ်နှစ်ခန့် ပို၍ ငယ်ရွယ်သွားသကဲ့သို့ပင် ရှိနေတော့သည်။
အိုယန်ထုံ မည်မျှပင် ထုံအပါစေ၊ ယခုအခါ ဘာဖြစ်သွားသည်ကို သူ နားလည်လိုက်ပြီ ဖြစ်သည်။
သူသည် ရှေ့သို့ တိုးလာကာ လင်းကျင်းကို အားရပါးရ အရိုအသေ ပေးလိုက်တော့သည်။
ဤအရိုအသေပေးမှုတွင် ဖားယားခြင်း သို့မဟုတ် လှည့်စားခြင်း အလျဉ်းမရှိပေ။ ၎င်းမှာ စစ်မှန်သော လေးစားမှု သက်သက်သာ ဖြစ်သည်။ လင်းကျင်းသည်လည်း သူ့ကို မတားဆီးခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် အိုယန်ထုံ၏ ကျေးဇူးတင်မှုကို ခံယူရန် ထိုက်တန်သောကြောင့် ဖြစ်သည်။ မိမိကိုယ်ကိုယ် ဂုဏ်ဖော်ပြောရလျှင် အဆင့် (၄) သားရဲအကဲဖြတ်မှူး တစ်ဦးအတွက်ပင်လျှင် နိမ့်ပါးသော အဆင့် (၁) သားရဲတစ်ကောင်ကို အဆင့် (၂) သို့ တက်လှမ်းစေရန်မှာ အဆင့် (၃) သားရဲတစ်ကောင်အား အဆင့် (၄) သို့ တက်လှမ်းစေခြင်းထက်ပင် ပို၍ ခက်ခဲလှပေသည်။
အခန်း (၃၇၂) - ညသန်းခေါင်ယံတွင် သေဒဏ်ကျအကျဉ်းသားထံ သွားရောက်ခြင်း
အိုယန်ထုံအတွက်မူ ကျေးဇူးတင်စိတ်အပြင် အံ့အားသင့်တုန်လှုပ်မှုမှာ ပို၍ ကြီးမားနေခဲ့သည်။
သူကိုယ်တိုင်မှာလည်း အသိအမှတ်ပြု သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်သဖြင့် နိမ့်ပါးသော သားရဲတစ်ကောင်ကို အဆင့်တက်စေရန် မည်မျှအထိ ခက်ခဲကြောင်း ကောင်းကောင်း သိရှိထားသည်။ ဤမျှ ခက်ခဲလှသောအရာကို အကဲဖြတ်မှူးလင်းက လက်ဖျောက်တစ်ချက် တီးလိုက်သကဲ့သို့ပင် လွယ်ကူစွာ လုပ်ဆောင်သွားခဲ့သည်။ ၎င်းမှာ အဆင့် (၃) သားရဲတစ်ကောင် အဆင့် (၄) သို့ တက်လှမ်းသွားသည်ကို မြင်တွေ့ရသည်ထက်ပင် ပို၍ အံ့ဩဖို့ ကောင်းလှပေသည်။
ယခုအခါ အိုယန်ထုံ၏ စိတ်ထဲတွင် လင်းကျင်းအပေါ် ထားရှိသော အထင်အမြင်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
'အရူးတချို့က အကဲဖြတ်မှူးလင်းရဲ့ အဆင့် (၃) အရည်အချင်းကို သံသယဝင်နေကြတာ... ငါ့အမြင်မှာတော့ အကဲဖြတ်မှူးလင်းက အဆင့် (၃) နဲ့ ထိုက်တန်ရုံတင်မကဘူး၊ အဆင့် (၄) လို့တောင် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာနိုင်တဲ့သူပဲ'
အိုယန်ထုံ တွေးနေမိသည်။
တောဝက်၏ အဆင့်တက်ခြင်းမှာ အိုယန်ထုံအတွက် အလွန် အဓိပ္ပာယ်ရှိလှသည်။ သူသည် လင်းကျင်းအပေါ် အစွမ်းကုန် လေးစားသွားခဲ့ပြီး နောက်နောင်တွင် ဘာပဲဖြစ်ဖြစ် ဤလူ၏ အစေအပါးအဖြစ် ခံယူမည်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့သည်။
၎င်းမှာ ကျေးဇူးဆပ်ရန်သက်သက် မဟုတ်ဘဲ သူ၏ အနာဂတ်အတွက်လည်း ဖြစ်ပေသည်။
ပါးနပ်သောသူဖြစ်သည့်အတိုင်း လင်းကျင်းသည် ဘာမှမပြောဘဲ ဆက်လက် စားသောက်နေသည်ကို မြင်သောအခါ အကဲဖြတ်မှူးလင်းသည် ဤအကြောင်းကို ဆက်လက် မဆွေးနွေးလိုတော့ကြောင်း အိုယန်ထုံ သိရှိလိုက်သည်။ ထို့ကြောင့် သူသည်လည်း တိတ်ဆိတ်စွာပင် အရိုအသေပေးပြီးနောက် မတ်တတ်ထရပ်ကာ လင်းကျင်းအား အရက် ထပ်မံ ငှဲ့ပေးလေသည်။
တစ်နာရီခန့် သောက်စားပြီးနောက် အချိန်မှာ တော်တော်လေး နောက်ကျနေပြီ ဖြစ်သည်။
"အချိန်တန်ပြီ"
လင်းကျင်း သူ၏ခွက်ကို ချလိုက်၏။
၎င်းမှာ ပျော်ရွှင်စရာကောင်းသော ထမင်းတစ်နပ် ဖြစ်ခဲ့သည်။
ကောင်းမွန်သော အစားအစာများကို စားသောက်ပြီးနောက် အရေးကြီးသော ကိစ္စရပ်များကို လုပ်ဆောင်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လင်းကျင်း မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ အိုယန်ထုံသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် စစ်သည်တော်တစ်ဦးကဲ့သို့ တက်ကြွသော မျက်နှာထားဖြင့် ထရပ်လိုက်သည်။
၎င်းက လင်းကျင်းအား မှင်တက်သွားစေခဲ့သည်။
"အကဲဖြတ်မှူးအိုယန်... ခင်ဗျား ဘာလုပ်မလို့လဲ"
အိုယန်ထုံက ပြန်ဖြေလိုက်၏။
"အကဲဖြတ်မှူးလင်း... ကျွန်တော် ကူညီပါရစေ... ဒီလိုအချိန်မျိုးမှာ အမှောင်တိုက်ကို သွားတာက သေချာပေါက် ပြဿနာရှိနိုင်ပါတယ်... ကျွန်တော့်မှာ အရည်အချင်း သိပ်မရှိပေမဲ့ လိုအပ်လာရင် ကျွန်တော့်အသက်ကို စတေးဖို့တောင် ဝန်မလေးပါဘူး"
အိုယန်ထုံ ပြောသောစကားများမှာ သူ၏ စိတ်ရင်းအတိုင်းပင် ဖြစ်သည်။
လင်းကျင်း ခေါင်းယမ်းလိုက်ပြီး ကြယ်များ စုံလင်နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။
"ညက အရမ်းလှတာပဲ... အဲဒါကြောင့် ခင်ဗျား ဒီမှာပဲ နေပြီး ညရှုခင်းကိုပဲ ခံစားနေလိုက်တာ ပိုကောင်းမယ် မဟုတ်လား"
လင်းကျင်း ဘာကို ဆိုလိုသည်ကို အိုယန်ထုံ ချက်ချင်း နားလည်လိုက်သည်။
လင်းကျင်းသည် သူ့အား လိုက်ခွင့်မပြုပေ၊ ၎င်းမှာ ယနေ့ည သွားရောက်မည့် ခရီးစဉ်မှာ မည်မျှအထိ အရေးကြီးကြောင်း ပိုမို သက်သေပြနေသကဲ့သို့ ရှိနေသည်။ ယနေ့နံနက်က တုစံအိမ်သို့ သွားရောက်စဉ်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း အိုယန်ထုံ သတိပြုမိခဲ့ပြီး ဖြစ်သည်။
သူ၏ ယူဆချက်မှာ ရိုးရှင်းပါသည်။ ယနေ့မွန်းလွဲပိုင်းက အိုယန်ထုံသည် သူနှင့် ရင်းနှီးသော အကျဉ်းထောင်အစောင့်နှင့် သွားရောက် စီစဉ်စဉ်က အကဲဖြတ်မှူးရန်ချင်းရှီကို ထိုနေရာ၌ တွေ့ဆုံခဲ့သည်။ သူ၏ မိတ်ဆွေ အစောင့်ကလည်း ထိုအကဲဖြတ်မှူးမှာ ထိုနေရာသို့ ခဏတာ လာရောက်ခဲ့ကြောင်း အတည်ပြုပေးခဲ့သည်။
သတိထားမိသွားသဖြင့် အိုယန်ထုံက အနည်းငယ် ထပ်မံ စုံစမ်းကြည့်ရာတွင် အကဲဖြတ်မှူးရန်သည် ဤမိစ္ဆာအကဲဖြတ်မှူးထံသို့ မကြာခဏ လာရောက်လေ့ရှိကြောင်း သိရှိလိုက်ရသည်။
ယခုအချိန်အထိ အိုယန်ထုံသည် ဤသတင်းအချက်အလက်ကို လင်းကျင်းအား ပြောပြသင့်၊ မပြောပြသင့် ဝေခွဲမရ ဖြစ်နေခဲ့သည်။
"အကဲဖြတ်မှူးလင်း... တစ်ခုခု ထူးဆန်းနေတယ်... အဲဒါကြောင့် ကျွန်တော့်ကို အတူလိုက်ခွင့်ပြုပါ... အနည်းဆုံးတော့ ခင်ဗျားရဲ့ နောက်ကျောကို ကျွန်တော် စောင့်ကြည့်ပေးနိုင်တာပေါ့"
အိုယန်ထုံက ဆိုလိုက်၏။
ထို့နောက် သူသည် လင်းကျင်း၏ အကြည့်ကို သတိပြုမိလိုက်ရာ ၎င်းမှာ ဆွေးနွေးနေရန် အချိန်မရှိတော့ကြောင်း ပြသနေသည်။ အိုယန်ထုံမှာ ထိတ်လန့်သွားပြီး တိတ်ဆိတ်စွာပင် ခေါင်းငုံ့ထားလိုက်တော့သည်။
အိုယန်ထုံသည် စိတ်ရင်းဖြင့် အကူအညီ ပေးနေခြင်း ဖြစ်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားကာ ခေါင်းပြန်မော့ကြည့်လိုက်ရာ အကဲဖြတ်မှူးလင်းမှာ ထိုနေရာတွင် မရှိတော့သဖြင့် သူ မှင်တက်သွားခဲ့ရသည်။
အိုယန်ထုံ အံ့အားသင့်သွား၏။ ထိုလူမှာ သူ့ရှေ့တည့်တည့်တွင် ရပ်နေခဲ့ခြင်း ဖြစ်သည်၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် မည်သို့ ပျောက်ကွယ်သွားရသနည်း။
သူသည် သူ၏ တောဝက်ကို ကြည့်လိုက်ရာ ၎င်းမှာလည်း အလားတူပင် ဇဝေဇဝါ ဖြစ်နေပုံရသည်။ ထို့နောက် အိုယန်ထုံသည် ပြတင်းပေါက်ထံသို့ အပြေးအလွှား သွားကြည့်လိုက်ရာ အမှောင်တိုက်ရှိရာ ဘက်သို့ ပျံသန်းသွားသော တိမ်တိုက်ဖျော့ဖျော့လေး တစ်ခုကို မြင်လိုက်ရတော့သည်။
အိုယန်ထုံမှာ အတော်ကြာအောင် မှင်တက်နေမိခဲ့သည်။
လင်းကျင်းသည် စနောက်နေခြင်း မဟုတ်ပေ။ အမှန်တကယ်တော့ လွန်ခဲ့သော စက္ကန့်ပိုင်းက တုလျန်ရှီး၏ ခန္ဓာကိုယ်ထဲတွင် သူ ထားခဲ့သော အပ်ထံမှ ပုံမှန်မဟုတ်သော တုံ့ပြန်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။ တစ်စုံတစ်ဦးက ထိုအပ် ရှိနေသည်ကို သိရှိသွားပြီး ၎င်းကို အပြင်သို့ အတင်းအကျပ် ထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် လင်းကျင်းသည် သူ၏ တိမ်တိုက်သယ်ဆောင်ခြင်းကို အသုံးပြုကာ အလျင်အမြန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် တုစံအိမ်သို့ မသွားဘဲ အမှောင်တိုက်ရှိရာသို့သာ ဦးတည်လိုက်သည်။
ဒါက မန္တန်ချင်း ယှဉ်ပြိုင်တဲ့ တိုက်ပွဲပဲ။ သားကောင်နဲ့ မန္တန်အသုံးပြုသူကြားက အကွာအဝေးက သူတို့ရဲ့ နည်းစနစ်နဲ့ ကျွမ်းကျင်မှုကို စမ်းသပ်နေတာပဲ ဖြစ်သည်။ တစ်ဖက်လူက အပ်ကို တုလျန်ရှီးရဲ့ ခန္ဓာကိုယ်ထဲကနေ ထုတ်ဖို့ ကြိုးစားနေပေမဲ့ လင်းကျင်းကတော့ သူ့ရဲ့ ရန်သူ ရှုံးနိမ့်သွားလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။
ထို့ကြောင့် သူသည် တုစံအိမ်သို့ သွားရန် မလိုအပ်တော့ဘဲ အမှောင်တိုက်သို့ တိုက်ရိုက် ဦးတည်နိုင်ခြင်း ဖြစ်သည်။
သူသည် ထိုမိစ္ဆာအကဲဖြတ်မှူးနှင့် တွေ့ဆုံကာ အခြေအနေများမှာ သူ ယူဆထားသကဲ့သို့ ဟုတ်၊ မဟုတ် အတည်ပြုလိုသည်။ ထိုမိစ္ဆာအကဲဖြတ်မှူးမှာ အကျဉ်းထောင်ထဲမှနေ၍ အကြံအစည်များ ချမှတ်နေသူလား သို့မဟုတ် 'အသုံးချခံ' တစ်ယောက်သက်သက်လား။ တစ်စုံတစ်ဦးက ပြစ်မှုများ ကျူးလွန်ရန်အတွက် အသုံးချနေသော အစားထိုးခံ တစ်ယောက်လားဆိုသည်ကို သူ သိလိုသည်။
လင်းကျင်းအနေဖြင့် ဤကိစ္စထဲတွင် ပါဝင်ပတ်သက်မိသွားပြီဖြစ်ရာ အဆုံးထိ စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
အိုယန်ထုံ ပြောပြချက်အရ အမှောင်တိုက်သို့ ရောက်သောအခါ တာဝန်ကျ အစောင့်ကို 'ထောင်မှူးကျန်း' နှင့် တွေ့ချင်ကြောင်း ပြောရုံသာ ဖြစ်သည်။
လင်းကျင်းသည် အကျဉ်းထောင်ဝင်ပေါက်အနီး တစ်နေရာတွင် သူ၏ တိမ်တိုက်ပေါ်မှ ဆင်းသက်လိုက်ရာ လက်ဆွဲမီးအိမ် ကိုင်ထားသော အစောင့်တစ်ဦးကို မြင်လိုက်ရသည်။ ညဦးပိုင်းသာ ရှိသေးသဖြင့် ထိုအစောင့်မှာ မပင်ပန်းသေးသော်လည်း စိတ်မပါလက်မပါ ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။
သို့သော် ၎င်းမှာ သဘာဝကျပါသည်။ တစ်နေ့ကုန် မတ်တတ်ရပ်ကာ အစောင့်အကြပ် လုပ်နေရသော အလုပ်မှာ မည်သူ့အတွက်မဆို ပျင်းစရာကောင်းလှပေမည်။
လင်းကျင်း ရုတ်တရက် ရောက်ရှိလာသဖြင့် ထိုအစောင့်မှာ သတိထားသွားခဲ့သည်။ သူက ဆိုလိုက်၏။
"ဒါက မြို့တော် အကျဉ်းထောင်ပဲ... မင်းက အစိုးရပိုင် နယ်မြေပေါ်မှာ ရပ်နေတာ... ကျေးဇူးပြုပြီး ရပ်လိုက်ပါ"
ယခုအခါ ထိုအစောင့်မှာ ခါးတွင် ဓားတစ်လက် ချိတ်ထားပြီး သူ၏ နောက်ကွယ်မှ အမည်းရောင် ငရဲခွေးတစ်ကောင် ပေါ်ထွက်လာသဖြင့် အနည်းငယ် ခန့်ညားထည်ဝါနေပုံရသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆက်လက် လျှောက်လှမ်းရဲမည် မဟုတ်ပေ။
လင်းကျင်း လက်မြှောက်ကာ အစောင့်ကို အရိုအသေ ပေးလိုက်ပြီး သူ၏ အစင်းသုံးကြောင်းပါသော အကဲဖြတ်မှူး လက်ပတ်ကို တမင်တကာ ပြလိုက်သည်။
"ကျုပ် ထောင်မှူးကျန်းနဲ့ တွေ့ချင်လို့ပါ"
သူကဆိုလိုက်၏။
မျှော်လင့်ထားသည့်အတိုင်း အစောင့်၏ လေသံမှာ ပျော့ပြောင်းသွားသော်လည်း သူ၏ မျက်လုံးများကတော့ လင်းကျင်းအပေါ်တွင်သာ ရှိနေဆဲ ဖြစ်သည်။
"သူက ရင်ပြင်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အိမ်ထဲမှာ ရှိတယ်"
လင်းကျင်း သူ့ကို ကျေးဇူးတင်စကား ပြောကြားပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူသည် အမည်းရောင် ငရဲခွေးဘေးမှ ဖြတ်သွားစဉ် ထိုခွေးအား ပြုံးပြလိုက်ရာ ၎င်းမှာ သိသိသာသာပင် တုန်လှုပ်သွားခဲ့သည်။ ၎င်းသည် အမြီးကို ခြေထောက်ကြား ညှပ်ကာ ကြောက်ရွံ့စွာဖြင့် ညည်းညူနေတော့သည်။
ထိုအစောင့်မှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ အမည်းရောင် ငရဲခွေးများကို အစောင့်အကြပ် လုပ်ငန်းများအတွက် အထူး မွေးမြူထားခြင်း ဖြစ်သည်။ သူတို့၏ အဆင့်မှာ နိမ့်ပါးနိုင်သော်လည်း ငရဲခွေးတစ်ကောင်မှာ မိမိထက် ကြီးမားသော သားရဲများကိုပင် ရင်ဆိုင်တိုက်ခိုက်ရဲသော သတ္တိရှိသည်။ သူတို့သည် အနိုင်မရနိုင်မှန်း သိလျှင်ပင် သေခြင်းတရားကို မကြောက်သလို တိုက်ပွဲအတွင်းမှလည်း လုံးဝ နောက်မဆုတ်ကြပေ။
သို့သော် ယခုမူ ဤအမည်းရောင် ငရဲခွေးမှာ အသည်းအသန် ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။
ဇဝေဇဝါ ဖြစ်နေသော အစောင့်အား ထားရစ်ခဲ့ကာ လင်းကျင်းသည် ရင်ပြင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
အခြားသော အဆောက်အအုံများနှင့် မတူဘဲ ရင်ပြင်တံတိုင်းများမှာ မြင့်မားလှပြီး ထူထဲသော သစ်သားတံခါးများနှင့် ပြတင်းပေါက်များကိုလည်း ခိုင်ခံ့သော သံတိုင်များဖြင့် ကာရံထားသည်။ ရင်ပြင်အတွင်းတွင် လှည့်ကင်းပတ်နေသော အမည်းရောင် ငရဲခွေးအချို့ ရှိနေပြီး လင်းကျင်း ဝင်လာသောအခါ သူတို့အားလုံးက လင်းကျင်းထံသို့ အကြည့်များ ပို့ထားကြသည်။ အမှောင်ထဲတွင် သူတို့၏ တောက်ပနေသော မျက်လုံးများကိုသာ မြင်တွေ့ရသည်။
လင်းကျင်းသည် ဘယ်ဘက်ရှိ အိမ်တံခါးကို ခေါက်လိုက်ရာ အသက်ကြီးကြီး ထောင်စောင့်အဖိုးအိုတစ်ဦး ထွက်လာခဲ့သည်။ သူ၏ ယူနီဖောင်းမှာ တော်တော်လေး ဟောင်းနွမ်းနေပုံရသည်။
"ထောင်မှူးကျန်းလား"
အဖိုးအိုက ခေါင်းညိတ်ပြလိုက်သည်။
"အိုယန်ထုံက ကျုပ်ကို ဒီကို လာခိုင်းလိုက်တာပါ"
လင်းကျင်း စကားပြောပြီးနောက် အဖိုးအိုသည် လင်းကျင်းအား ပြုံးပြလိုက်ရာ သူ၏ ရှေ့သွားနှစ်ချောင်း မရှိတော့သည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ တစ်ချိန်ချိန်က ကျိုးသွားခဲ့ပုံရသည်။
"အကဲဖြတ်မှူးအိုယန်က ဧည့်သည်တစ်ယောက် လာလိမ့်မယ်လို့ ကျုပ်ကို ပြောထားပါတယ်... အကဲဖြတ်မှူးကြီး... ကျုပ်ဘယ်လို ခေါ်ရမလဲ"
အဖိုးအိုက မေးလိုက်၏။
"ကျုပ်နာမည် လင်းပါ"
"ဪ... အကဲဖြတ်မှူးလင်း... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
အဖိုးအိုသည် ဘာမှ ထပ်မမေးတော့ပေ။ သူသည် လက်ဆွဲမီးအိမ်ကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ လင်းကျင်းသည် အခန်းထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်၏။
ကြမ်းပြင်ပေါ်တွင် အသက်ကြီးနေပြီဖြစ်သော အမည်းရောင် ငရဲခွေးတစ်ကောင် ရှိနေသည်။ လင်းကျင်း ကြည့်နေသည်ကို သတိပြုမိသွားကာ အဖိုးအိုက ဆိုလိုက်၏။
"ဒါက ကျွန်တော့်ရဲ့ သားရဲပါ... သူက ကျွန်တော့်ဘေးမှာ ရှိနေတာ နှစ်ပေါင်း သုံးဆယ်ကျော်နေပြီ၊ ကျွန်တော့်လိုပဲ အဖိုးကြီး ဖြစ်နေပါပြီ... ကျွန်တော်တို့ရဲ့ သွေးစာချုပ်သာ မရှိရင် သူက အိုမင်းပြီး သေသွားတာ ကြာလှပေါ့... သူက ပုံမှန်ဆိုရင် ဒီလိုပါပဲ၊ ဘာထက်မဆို အိပ်ရတာကို ပိုကြိုက်တယ်... ထူးထူးခြားခြား မရှိရင်တော့ သူ့ကို ကျွန်တော် အေးအေးဆေးဆေးပဲ ထားထားလိုက်တော့တာ"
လင်းကျင်း တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်တော့သည်။