အခန်း (၃၇၃-၃၇၄)
Vol. 19 Ch. 373-374
အခန်း (၃၇၃) - အမှောင်တိုက်အတွင်းမှ တိုက်ပွဲ
မီးအိမ်အား ကိုင်စွဲလျက် ထောင်စောင့်အဖိုးအိုက ရှေ့မှ ဦးဆောင်ခေါ်သွားပြီး လင်းကျင်းက သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
မြေအောက်အကျဉ်းခန်းထဲသို့ ရောက်ရှိသွားပြီးနောက်တွင်မူ လက်ဆွဲမီးအိမ်လေးမှာ သူတို့အတွက် တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်လာတော့သည်။ ဤအကျဉ်းထောင်အတွင်း၌ မည်သည့် မီးရောင်မျှ ထွန်းညှိမထားသဖြင့် သာမန်လူတစ်ယောက်သာ ဤနေရာတွင် ပိတ်လှောင်ခံရပါက တစ်လအတွင်း အရူးဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့်လည်း သေဒဏ်ကျအကျဉ်းသားများကိုသာ ဤနေရာ၌ ချုပ်နှောင်ထားခြင်း ဖြစ်၏။
အလားတူ အကြောင်းပြချက်ကြောင့်ပင် ဤနေရာရှိ အကျဉ်းခန်းအများစုမှာ လစ်လပ်နေပြီး အကျဉ်းသား အနည်းငယ်သာ ရှိပေသည်။
ထို့ကြောင့်ပင် ပတ်ချာလည်လုံး၌ အေးစက်သော တိတ်ဆိတ်မှုများကသာ ကြီးစိုးနေခဲ့သည်။
လမ်းလျှောက်နေစဉ်အတွင်း ထောင်စောင့်အဖိုးအိုမှာ တစ်ခွန်းမျှ စကားမပြောခဲ့ပေ။ လင်းကျင်းက ရုတ်တရက် စကားစလိုက်သည်အထိ သူတို့၏ ခရီးစဉ်မှာ တိတ်ဆိတ်နေခဲ့သည်။
"စကြဝဠာမှာ နေ့နဲ့ညဆိုပြီး ကွဲပြားသလို သက်ရှိတိုင်းမှာလည်း ယင်နဲ့ယန်ဆိုပြီး ကွဲပြားမှု ရှိတယ်... သားရဲအကဲဖြတ်မှူးတွေလည်း ဒီလိုပါပဲ... ဒါပေမဲ့ မိစ္ဆာအကဲဖြတ်မှူးတိုင်းက ဆိုးသွမ်းတာ မဟုတ်သလို တရားမျှတတဲ့သူတွေကလည်း တစ်ခါတလေမှာ အကျိုးအမြတ်အတွက် ကောင်းမှုလုပ်တတ်ကြတယ်... ကျုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် စိတ်သဘောထားပွင့်လင်းသူလို့ ယူဆထားတဲ့အတွက် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးချင်တယ်... အကယ်၍ ခင်ဗျား ကျွန်တော့်ဆီမှာ အရှုံးပေးပြီး အမှန်အတိုင်း ဝန်ခံမယ်ဆိုရင် ခင်ဗျားရဲ့ အမှားတွေကို ကျုပ် လျစ်လျူရှုပေးပါ့မယ်... မဟုတ်ရင်တော့ ကျုပ် ကောင်းကင်ဘုံကိုယ်စား တရားစီရင်ရလိမ့်မယ်"
လင်းကျင်း၏ ရုတ်တရက် ထွက်ပေါ်လာသော စကားများကြောင့် ထောင်စောင့်အဖိုးအိုမှာ မှင်တက်သွားကာ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထောင်စောင့်အဖိုးအိုက ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာတစ်ခြမ်းမှာ အလင်းရောင်အောက်တွင် ပေါ်လွင်နေသော်လည်း ကျန်တစ်ခြမ်းမှာမူ မီးအလင်းရောင် မရောက်နိုင်သော အမှောင်ထုထဲတွင် ပုန်းကွယ်နေခဲ့သည်။ ၎င်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်၏။
"အကဲဖြတ်မှူးလင်း... ခင်ဗျား ဘာတွေ ပြောနေတာလဲ... ကျွန်တော် သိပ်နားမလည်ဘူး"
ထောင်စောင့်အဖိုးအိုက တဟားဟား ရယ်မောလိုက်သည်။
လင်းကျင်း သက်ပြင်းချလိုက်ပြီး ထောင်စောင့်အဖိုးအို၏ ဝတ်စုံကို ညွှန်ပြလိုက်၏။
"ခင်ဗျား ဝတ်ထားတဲ့ ဝတ်ရုံက ခင်ဗျားနဲ့ မတော်ဘူး... ခင်ဗျားက ညာဘက်လက်နဲ့ မီးအိမ်ကို ကိုင်ထားပေမဲ့ ဘယ်ဘက် လက်အင်္ကျီစမှာ ဆီနံ့တွေ နံနေတယ်... ပြီးတော့ ခင်ဗျားက သွေးစာချုပ် အရှိန်အဝါအတုကို ဖန်တီးနိုင်တဲ့အတွက် သားရဲအကဲဖြတ်မှူး တစ်ယောက်လည်း ဖြစ်ရမယ်... ကျုပ်ရဲ့ အဆင့် (၃) အရည်အချင်းကို ပိုက်ဆံနဲ့ ဝယ်ထားတယ်လို့ ခင်ဗျား ထင်နေတာလား"
ထောင်စောင့်အဖိုးအို၏ အပြုံးမှာ တောင့်တင်းသွားပြီးနောက် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
"ဟဲဟဲ... အကဲဖြတ်မှူးလင်းရဲ့ နာမည်ကောင်းကို ကြားဖူးတာ ကြာပါပြီ... ခင်ဗျားကို သာမန်အကဲဖြတ်မှူးတစ်ယောက်လို့ပဲ ကျုပ် ယူဆထားခဲ့တာ၊ ဒါပေမဲ့ ဒီနေ့မှာတော့ ကောလာဟလတွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပေးတယ်ဆိုတာ ကျုပ် သိလိုက်ရပြီ"
ထောင်စောင့်အဖိုးအို စကားပြောနေစဉ် သူ၏ ကိုင်းညွတ်နေသော ကျောပြင်မှာ တဖြည်းဖြည်း မတ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပိုမို မြင့်မားလာခဲ့သည်။ သူ၏ ကိုယ်ပေါ်ရှိ ဝတ်ရုံမှာလည်း သူ၏ ခန္ဓာကိုယ် ကြီးထွားလာမှုကြောင့် စုတ်ပြဲသွားခဲ့၏။
စက္ကန့်ပိုင်းအတွင်းမှာပင် ထောင်စောင့်အဖိုးအိုမှာ ယခင်ကထက် တစ်ဆခွဲခန့် ပိုမို ကြီးမားလာခဲ့သည်။ ထိုလူမှာ အသက်ကြီးနေဆဲ ဖြစ်သော်လည်း ယခုအခါ လင်းကျင်းထက်ပင် ပို၍ အရပ်ရှည်နေခဲ့ပြီ ဖြစ်သည်။
"အရိုးကျုံ့အတတ်"
ဤကဲ့သို့သော သိုင်းပညာရပ်မျိုး ရှိကြောင်း လင်းကျင်း သိရှိထားသည်။ နဂိုက အရပ်ရှည်သော ဤလူမှာ ကျောကုန်းသော အဖိုးအိုအသွင် ရရှိရန်အတွက် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်ရပေမည်။ ဤနည်းလမ်းမှာ ရုပ်ဖျက်ပညာထက် ပို၍ စစ်မှန်လှသဖြင့် သိရှိနိုင်ရန် အလွန်ပင် ခက်ခဲလှပေသည်။
လင်းကျင်းအနေဖြင့် အသေးစိတ်အချက်အလက်များကို အသေအချာ ဂရုစိုက်ခဲ့ရသည်။ အထူးသဖြင့် သွေးစာချုပ် အရှိန်အဝါအတုမှာ လင်းကျင်းအား မလှည့်စားနိုင်ပေ။ သူ့အား လှည့်စားနိုင်ခဲ့သည်မှာ ထိုရန်သူ၏ ရုပ်ဖျက်နိုင်စွမ်းပင် ဖြစ်သည်။ ၎င်းမှာ အလွန်ပင် စစ်မှန်လွန်းလှသဖြင့် ဝါရင့်အကဲဖြတ်မှူး တန်ရွှင်းပင်လျှင် လှည့်စားခြင်း ခံရပေလိမ့်မည်။
လင်းကျင်းမှာ ပြတိုက်ကို အားကိုးနိုင်ခဲ့ခြင်းကြောင့်သာ ကံကောင်းခဲ့ခြင်း ဖြစ်သည်၊ မဟုတ်ပါက သူသည်လည်း လှည့်စားခြင်း ခံရပေလိမ့်မည်။
ဤလူမှာ အတုဖြစ်ကြောင်း လင်းကျင်း သိထားသော်လည်း စောစောက သူပြောခဲ့သော စကားများမှာ အကဲစမ်းကြည့်ခြင်းသာ ဖြစ်သည်။ သူ ထင်ထားသည့်အတိုင်း အမှန်တကယ် မှန်ကန်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤလူမှာ သူ ရှာဖွေနေသော မိစ္ဆာအကဲဖြတ်မှူး ဖြစ်ရန် အလားအလာ အလွန်များလှသည်။ သူ မည်သို့ အပြင်ထွက်လာသနည်း၊ လင်းကျင်းအား လက်ခံတွေ့ဆုံရန် အဘယ်ကြောင့် ထောင်မှူးအသွင် ဖန်တီးထားရသနည်းဆိုသည့် အချက်နှင့် ပတ်သက်၍မူ လင်းကျင်း၌ ယူဆချက် နှစ်ခု ရှိသည်။
တစ်ခုမှာ အိုယန်ထုံက လင်းကျင်းကို သစ္စာဖောက်ခြင်း ဖြစ်သည်။ သို့သော် သူ၏ စောင့်ကြည့်လေ့လာချက်အရ ၎င်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှသည်။
အခြားဖြစ်နိုင်ခြေတစ်ခုမှာ ရန်သူသည် အိုယန်ထုံနောက်သို့ တကောက်ကောက် လိုက်နေခဲ့ပြီး သူ၏ ရည်ရွယ်ချက်ကို သိရှိသွားကာ လင်းကျင်းအား ဤနေရာသို့ မျှားခေါ်ရန်အတွက် အိုယန်ထုံကို အသုံးချခဲ့ခြင်း ဖြစ်ရပေမည်။
ဒုတိယ ယူဆချက်မှာ ပို၍ ယုတ္တိရှိလှပေသည်၊ အနည်းဆုံးတော့ လင်းကျင်း၏ အမြင်တွင် ထိုသို့ပင် ဖြစ်သည်။
ယခုအခါ သူတို့နှစ်ဦးမှာ အမှောင်တိုက်အတွင်း၌ ရင်ဆိုင်မိနေကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း မည်းမှောင်နေခဲ့၏။
ရန်သူက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်သည်။
"ပြောစမ်းပါဦး အကဲဖြတ်မှူးလင်း... ခင်ဗျားက ဘာလို့ ဒီလောက်တောင် စပ်စုနေရတာလဲ... ကျွန်တော်တို့ ဆွေးနွေးကြည့်ကြတာပေါ့... အကယ်၍ ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ခင်ဗျားကို လက်ဆောင်တွေ အများကြီး ပေးပါ့မယ်... စည်းစိမ်ဥစ္စာတွေ၊ ရတနာတွေ၊ ရှားပါးသားရဲတွေတောင် ခင်ဗျား စိတ်ကြိုက် ရွေးနိုင်တယ်... ဒါက ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်ပဲ... ဒါပေမဲ့ ခင်ဗျားက ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း မညှာတာတော့ဘူးဆိုတာ အပြစ်မတင်ပါနဲ့... ခင်ဗျား အသက်ရှင်ချင်သလား၊ သေချင်သလားဆိုတာ ခင်ဗျားကိုယ်တိုင် ရွေးချယ်ပါ"
၎င်းမှာ ဆွဲဆောင်ခြင်းတစ်မျိုး၊ ခြိမ်းခြောက်ခြင်းတစ်မျိုးဖြင့် ညှိနှိုင်းသည့် နည်းလမ်းဟောင်းကြီးပင် ဖြစ်သည်။
လင်းကျင်း ပြုံးလိုက်၏။
"ကျုပ်ရဲ့ သတ်မှတ်ချက်က ခင်ဗျားဆီက ခေါင်းရှစ်လုံးမြွေနဂါးကို ရဖို့ဆိုရင်ကော ခင်ဗျား သဘောတူမလား"
ဤစကားကို ကြားလိုက်ရသောအခါ တစ်ဖက်လူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ဪ... ခင်ဗျား ဒါကို သိသွားတာကိုး"
သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"တခြားအရာမှန်သမျှကို ကျုပ် ကတိပေးနိုင်ပေမဲ့ ဒါကိုတော့ မရဘူး... အကယ်၍ ခင်ဗျား အဲဒါကို တကယ် လိုချင်တယ်ဆိုရင်တော့ ခေါင်းရှစ်လုံးမြွေဟောက်နဂါးကို ကိုယ်တိုင် မွေးမြူနိုင်မယ့် လျှို့ဝှက်နည်းလမ်းကို ကျုပ် ပေးနိုင်တယ်... ခင်ဗျားကို ကျုပ် ကိုယ်တိုင် ကူညီပေးမယ်လို့တောင် ကတိပေးနိုင်တယ်... အကဲဖြတ်မှူးလင်း... ခင်ဗျားက ထက်မြက်တဲ့သူတစ်ယောက်လို့ ကျုပ် ယုံကြည်ပါတယ်... ခေါင်းရှစ်လုံးမြွေနဂါးအကြောင်းကို သိနိုင်တဲ့သူဆိုတော့ ဒီထူးဆန်းတဲ့သားရဲက မွေးကတည်းက အဆင့် (၄) အဖြစ် မွေးဖွားလာတာကို ခင်ဗျား သိမှာပဲ... အနာဂတ်မှာ ခင်ဗျားသာ ဒါကို ပိုင်ဆိုင်ခွင့်ရရင် ပိုပြီးတော့ မြင့်မားတဲ့ အောင်မြင်မှုတွေ ရလာမှာပေါ့"
သူသည် လင်းကျင်းအနေဖြင့် သူ၏ ကမ်းလှမ်းချက်ကို လုံးဝ ငြင်းပယ်လိမ့်မည် မဟုတ်ဟု ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။
လင်းကျင်း ထပ်မံ ပြုံးလိုက်ရင်း ခေါင်းယမ်းလိုက်၏။
"ကျုပ်မှာ အဆင့် (၄) သားရဲတစ်ကောင် ရှိနေပြီဆိုတာကို ရန်ချင်းရှီက ခင်ဗျားကို မပြောပြဘူးလား"
ထိုလူ၏ မျက်နှာမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
"ဒါဆို ခင်ဗျားက သေလမ်းကို ရွေးလိုက်ပြီပေါ့... ဟမ်... အဆင့် (၄) သားရဲ ဟုတ်လား... ခင်ဗျားက ဘယ်သူ့ကို ခြောက်လှန့်နေတာလဲ... ဒီလိုမျိုး လွယ်ကူတဲ့ လိမ်ညာမှုမျိုးကို ကျုပ်က ယုံမယ်လို့ ထင်နေတာလား"
ထို့နောက် သူသည် ခပ်ဖွဖွ မှုတ်လိုက်ရာ မီးအိမ်မှာ ငြိမ်းသွားခဲ့သည်။
ခဏချင်းမှာပင် သူတို့အားလုံးမှာ အမှောင်ထုအတွင်း ပိတ်မိသွားခဲ့တော့၏။
အလင်းရောင် ငြိမ်းသွားသည်နှင့် တစ်ပြိုင်နက် လင်းကျင်းသည် သူ့ထံသို့ အလျင်အမြန် ပြေးဝင်လာသော အနံ့ဆိုးတစ်ခုကို ခံစားလိုက်ရသည်။ ရန်သူသည် ဤတိုက်ပွဲတွင် အသာစီးရရန်အတွက် ဦးအောင် တိုက်ခိုက်ရန် ပြင်ဆင်ထားပုံရသည်။
ဤလူမှာ အမှောင်ထဲတွင် တိုက်ခိုက်ရသည်ကို ကျွမ်းကျင်သူ ဖြစ်ရပေမည်၊ သို့မဟုတ်ပါက သူသည် အလင်းရောင်ကို ငြိမ်းသတ်မည် မဟုတ်ပေ။
သားရဲအကဲဖြတ်မှူးများအကြား တိုက်ခိုက်ရာတွင် မိမိ၏ သားရဲကို ဝှက်ထားလေ့ရှိသည်မှာ သဘာဝကျပါသည်။ ဘာပဲဖြစ်ဖြစ် ရန်သူက မိမိ၏ သားရဲ အမျိုးအစားကို သိရှိသွားပါက ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။ ဤရန်သူသည် သူ၏ သားရဲကို 'သားရဲအရှင်သခင်ကျမ်း' ဖြင့် ဖုံးကွယ်ထားပြီး အလင်းရောင် ငြိမ်းသွားသည်နှင့် တစ်ပြိုင်နက် လှုပ်ရှားတော့သည်။ သူသည် ဤကဲ့သို့သော လုပ်ဆောင်ချက်မျိုးကို အကြိမ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ပြုလုပ်ဖူးဟန် ရှိသည်။
သူသည် လင်းကျင်းထက် တိုက်ခိုက်ရေး အတွေ့အကြုံ ပိုမို ရှိနေသည်မှာတော့ အမှန်ပင်။
သို့သော် လင်းကျင်း၌လည်း ကိုယ်ပိုင် အားသာချက်တစ်ခု ရှိပါသေးသည်။ သူသည် အလွန်ပင် အစွမ်းထက်လှပေသည်။
ရှောင်လွှဲရန် မဖြစ်နိုင်ပါက ရှောင်လွှဲနေရန် မလိုအပ်ပေ။ လင်းကျင်း လက်အင်္ကျီစကို ခါလိုက်ရာ အပ်ပေါင်း တစ်ဆယ်ကျော်မှာ ချက်ချင်း ထွက်ပေါ်သွားခဲ့ပြီး နောက်တွင်မူ ရှေ့တည့်တည့်မှ နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရတော့သည်။
ရန်သူသည် ဦးအောင် လှုပ်ရှားခဲ့သော်လည်း လင်းကျင်း၏ ပြင်းထန်သော ပြန်လည်တိုက်ခိုက်မှုကြောင့် အထိနာသွားခဲ့ရသည်။ လင်းကျင်း အသုံးပြုလိုက်သော အပ်များမှာ ပြင်းထန်သော အရှိန်အဝါများ ပါဝင်နေသဖြင့် ရန်သူ၏ စိတ်ဓာတ်မှာ တော်တော်လေး ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဒဏ်ရာ ရရှိထားသည့်ကြားမှ တိုက်ခိုက်မှုများကတော့ ထပ်မံ ရောက်ရှိလာဦးမည်သာ ဖြစ်၏။
သို့သော် လင်းကျင်းက ထိုအခွင့်အရေးကို ပေးမည် မဟုတ်ပေ။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ မည်းမှောင်နေသဖြင့် လင်းကျင်းမှာ မျက်စိကန်းနေသူကဲ့သို့ပင် ဖြစ်နေသည်။ ထို့ကြောင့် သူသည် တွန့်ဆုတ်မနေဘဲ သူ၏ လက်ဖဝါးပေါ်တွင် မီးလျှံတစ်ခုကို ဖန်တီးလိုက်၏။
နောက်ဆုံးတွင် သူသည် နဂါးမီးလျှံကို အသုံးပြုလိုက်ပြီ ဖြစ်သည်။
ထို့နောက် သူသည် ထိုမီးလျှံကို သူ၏ နှုတ်ခမ်းနားသို့ ယူဆောင်လာကာ မှုတ်ထုတ်လိုက်သည်။
ခဏချင်းမှာပင် တောက်ပသော မီးလျှံများမှာ ဆည်ကျိုးသည့်အလား ထိုနေရာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အရာအားလုံးကို ဝါးမြိုသွားခဲ့တော့သည်။ မီးရောင်အောက်တွင် လင်းကျင်းသည် ပါးစပ်အဟောင်းသား ဖြစ်နေသော မိစ္ဆာအကဲဖြတ်မှူးနှင့် ခေါင်းနှစ်လုံးပါသော မြွေတစ်ကောင်ကို မြင်လိုက်ရသည်။
ထိုမြွေ၏ ခန္ဓာကိုယ် နောက်ခြမ်းမှာ မိစ္ဆာအကဲဖြတ်မှူး၏ ဝမ်းဗိုက်နှင့် ဆက်သွယ်နေဆဲ ဖြစ်သည်။ ၎င်းမှာ စောစောက သူ့အား တိုက်ခိုက်ခဲ့သော သတ္တဝါ ဖြစ်ရပေမည်။ လင်းကျင်း၏ ပြင်းထန်သော အပ်များကြောင့် နောက်ဆုတ်သွားခဲ့ရခြင်းမှာ ကံဆိုးလှပေသည်။ ၎င်းသည် ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် မီးပင်လယ်ကြီးနှင့် တိုးသွားခဲ့ရတော့၏။
သို့သော် လင်းကျင်း၏ နဂါးမီးလျှံမှာ အလွန်ပင် ကျယ်ပြန့်လှသဖြင့် သူတို့အတွက် ပုန်းကွယ်စရာ နေရာ လုံးဝ မရှိတော့ပေ။ ဤတိုက်ခိုက်မှုမှာ သေချာပေါက် ထိမှန်ပေလိမ့်မည်။ ထို့ပြင် မီးလျှံများမှာ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သဖြင့် လူရော သားရဲပါ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ချေ။
နောက်တစ်စက္ကန့်တွင်တော့ သူတို့နှစ်ဦးစလုံးမှာ မီးလျှံများအတွင်း နစ်မြုပ်သွားခဲ့ပြီး နာကျင်စွာ အော်ဟစ်ရင်း မီးလောင်ကျွမ်းခြင်း ခံလိုက်ရတော့သည်။
အခန်း (၃၇၄) - အနည်းငယ် နောက်ကျသွားခြင်း
လင်းကျင်း၏ နဂါးမီးလျှံမှာ ပိုမိုစစ်မှန်လာသည်နှင့်အမျှ အပူရှိန်မှာလည်း ပိုမို မြင့်တက်လာခဲ့သည်။ မီးလျှံများအတွင်း ပိတ်မိနေသော မိစ္ဆာအကဲဖြတ်မှူးသည် နာကျင်စွာ အော်ဟစ်ရင်း ဓားတစ်လက်ကို ဆွဲထုတ်ကာ သူ၏ သားရဲနှင့် ဆက်သွယ်ထားသော အစိတ်အပိုင်းကို ပြတ်သားစွာ လှီးဖြတ်လိုက်သည်။ မြွေထံမှ ပန်းထွက်လာသော သွေးများက အကဲဖြတ်မှူး၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံအများစုကို ချက်ချင်း ငြိမ်းသတ်သွားစေခဲ့၏။
၎င်းမှာ နောက်ဆုံးလက်နက်အဖြစ် အသုံးပြုလိုက်သော နည်းလမ်းဖြစ်သော်လည်း ထိရောက်မှု ရှိခဲ့သဖြင့် မိစ္ဆာအကဲဖြတ်မှူးသည် မီးပင်လယ်အတွင်းမှ လွတ်မြောက်နိုင်မည့် အခွင့်အရေး ရရှိသွားခဲ့သည်။ တစ်ဖက်တွင်မူ မြွေမှာတော့ ထိုမျှ ကံမကောင်းခဲ့ပေ။
သူ၏ သခင်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသဖြင့် ၎င်းမှာ မီးထဲတွင် အနည်းငယ် တွန့်လိမ်လှုပ်ရှားကာ ကျယ်လောင်စွာ မြည်ဟိန်းပြီးနောက် အရှင်လတ်လတ် မီးကင်ခံလိုက်ရတော့သည်။
မိစ္ဆာအကဲဖြတ်မှူးသည် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာတင် အရေးနိမ့်သွားခဲ့ရသည်။ အမှန်တကယ်တော့ သူသည် တိုက်ပွဲစတင်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်၏။ သူသည် အငြိုးအတေးများဖြင့် ပြည့်နှက်နေသော်လည်း သူ၏ သားရဲကို ဆုံးရှုံးလိုက်ရပြီးနောက်တွင်မူ ထပ်မံ တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။ ယခုအချိန်တွင် တိုက်ခိုက်ခြင်းမှာ အကျိုးမရှိနိုင်တော့ကြောင်း သူ သိထားသည်။
ရှေ့သို့ ဆက်တိုးရန် မဖြစ်နိုင်တော့သဖြင့် သူသည် အကျဉ်းထောင်အတွင်းသို့သာ ပိုမို နက်ရှိုင်းစွာ ထွက်ပြေးသွားတော့သည်။ သေချာသည်မှာ လင်းကျင်းက သူ့ကို ဤအတိုင်း လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။
"မျောက်ဖြူလေး ဒီမှာ မရှိတာ နှမြောဖို့ကောင်းလိုက်တာ၊ ရှိရင် သူ့ကိုပဲ လိုက်ခိုင်းလိုက်မှာ"
လင်းကျင်းက ရုတ်တရက် ရေရွတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင်တော့ သူ၏ လက်မောင်းထဲမှ မီးလျှံတစ်ခု ခုန်ထွက်လာခဲ့သည်။ ၎င်းမှာ ရှောင်ဟော့ပင် ဖြစ်၏။ သူသည် ပုံမှန်အတိုင်း အသွင်ပြောင်းလိုက်ပြီးနောက် ထွက်ပြေးသွားသော ရန်သူနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်လံ ဖမ်းဆီးလေတော့သည်။
လင်းကျင်းမှာတော့ အလောတကြီး မရှိပေ။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် မီးတုတ်တစ်ခုကို တွေ့ရှိကာ ထွန်းညှိလိုက်ပြီးမှ အကျဉ်းထောင်အတွင်းသို့ တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့သည်။
ဤအမှောင်တိုက်တွင် အခြားသော ထွက်ပေါက် မရှိနိုင်သဖြင့် မိစ္ဆာအကဲဖြတ်မှူးအတွက် ထွက်ပြေးစရာ နေရာမရှိပေ။ ထို့ပြင် ကျင့်စဉ်အဆင့်၊ သွေးစာချုပ်အဆင့် သို့မဟုတ် သူတို့၏ သားရဲများ၏ အရည်အသွေးဖြစ်စေ လင်းကျင်း၏ အရည်အချင်းများက မိစ္ဆာအကဲဖြတ်မှူးထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။ ထို့ကြောင့်လည်း သူသည် ဤမျှအထိ တည်ငြိမ်နေနိုင်ခြင်း ဖြစ်၏။
အခြားတစ်ဖက်တွင်မူ ဤလူ၌ ပြင်ပအကူအညီ ရှိနေမည်မှာ သေချာကြောင်း လင်းကျင်း တွေးမိသည်။ မဟုတ်ပါက ဤကိစ္စအားလုံးကို သူတစ်ယောက်တည်း လျှို့ဝှက်ထားနိုင်မည် မဟုတ်ပေ။ ခေါင်းရှစ်လုံးမြွေနဂါးကို မွေးမြူရန်အတွက် မကြာခဏ စစ်ဆေးမှုများ ပြုလုပ်ရန် သို့မဟုတ် အာဟာရဖြစ်စေရန် မန္တန်များ ရွတ်ဖတ်ပေးရန် လိုအပ်သည်။ ဤမိစ္ဆာအကဲဖြတ်မှူးသည် ထိုမိန်းကလေးထံသို့ သွားရောက်နိုင်စရာ အကြောင်းမရှိသဖြင့် အပြင်လောကတွင် သူ၏ ကြံရာပါ တစ်ယောက်ယောက် ရှိနေရမည် ဖြစ်သည်။
ထိုကြံရာပါမှာ ဘယ်သူဖြစ်နိုင်သနည်းဆိုသည်ကို လင်းကျင်း သေချာပေါက် သိနေခဲ့သည်။
ဤအမှုကို အကဲဖြတ်မှူးတန်ရွှင်းနှင့် အကဲဖြတ်မှူးရန်ချင်းရှီတို့က ကိုင်တွယ်ခဲ့ကြခြင်း ဖြစ်သည်။ တရားခံကို ဖမ်းဆီးပြီးနောက် တန်ရွှင်းမှာ ဤကိစ္စကို ဆက်လက် စိတ်မဝင်စားတော့သော်လည်း ရန်ချင်းရှီကတော့ ပြီးဆုံးသွားပြီဟု ထင်ရသော ဤအမှုတွင် ဆက်လက် ပါဝင်ပတ်သက်နေခဲ့သည်။
သူသည် တုစံအိမ်သို့သာမက ဤအမှောင်တိုက်သို့လည်း မကြာခဏ လာရောက်လေ့ ရှိသည်။
အကယ်၍ ဤမိစ္ဆာအကဲဖြတ်မှူးသည် အကျပ်အတည်းနှင့် ကြုံလာပါက ရန်ချင်းရှီကို ဆက်သွယ်ပေလိမ့်မည်ဟု လင်းကျင်း တွေးထားသည်။ ထိုအခါ ရန်ချင်းရှီ ပေါ်လာလျှင် သူတို့၏ အကြံအစည်ကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် လိုအပ်သော သက်သေအထောက်အထားအားလုံးကို လင်းကျင်း ရရှိပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူ၏ ရန်သူမှာ ယခုအချိန်တွင် သတိထားမိသွားပြီဖြစ်ရာ တစ်ခုခု မှားယွင်းနေကြောင်း သိရှိသွားပါက သူတို့ ထွက်ပြေးသွားမည်ကို လင်းကျင်း စိုးရိမ်နေမိသည်။
ထို့ကြောင့် သူသည် ထိုမိစ္ဆာအကဲဖြတ်မှူးနောက်သို့ ချက်ချင်း လိုက်မဖမ်းဘဲ နေခဲ့ခြင်း ဖြစ်သည်။ ရှောင်ဟော့က နောက်ယောင်ခံ လိုက်နေသဖြင့် ထိုလူမှာ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဤသို့တွေးကာ လင်းကျင်းသည် လက်ထဲတွင် မီးတုတ်ကို ကိုင်လျက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
မကြာမီ သူသည် အဆုံးသို့ ရောက်ရှိသွားခဲ့၏။
တစ်ဖက်တွင် သေဒဏ်ကျအကျဉ်းသားတစ်ဦး ရှိနေပြီး မျက်နှာကို အုပ်ကာ ထောင့်တစ်နေရာတွင် ကွေးနေခဲ့သည်။ အခြားတစ်ဖက်တွင်မူ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အသက်ကို ပြင်းပြင်းရှူနေရသော မိစ္ဆာအကဲဖြတ်မှူး ရှိနေသည်။ နာကျင်မှုအပြင် သူ၏ မျက်လုံးများထဲတွင် ယုံကြည်နိုင်စရာမရှိသော အသွင်အပြင်များလည်း ရှိနေခဲ့၏။
လင်းကျင်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားရလိမ့်မည်ဟုလည်း သူ မတွေးမိခဲ့ပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
မိစ္ဆာအကဲဖြတ်မှူးက အံကြိတ်ကာ မေးလိုက်သည်။ သူ၏ ရှေ့တွင် ရှောင်ဟော့က ရပ်ကာ သူ့အား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ရှောင်ဟော့မှာ ယခုအခါ အမှောင်တိုက်၏ အဓိက အလင်းရောင် အရင်းအမြစ် ဖြစ်လာခဲ့ပြီ ဖြစ်၏။ သူ၏ ဓမ္မခန္ဓာမှာ အနည်းငယ် ကြည်လင်နေသဖြင့် မီးဝိညာဉ်တစ်ခုနှင့်ပင် ဆင်တူနေပေသည်။
ဤမိစ္ဆာအကဲဖြတ်မှူးအနေဖြင့် သူ၏ ကံကြမ္မာကို လက်ခံကာ ခုခံမှုကို စွန့်လွှတ်လိုက်စေရန်အတွက် လင်းကျင်း ထပ်မံ ထိုးနှက်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
"ကျူရိပ်မြို့အနီးက လိပ်ကျွန်းမှာ မိစ္ဆာအကဲဖြတ်မှူးအသင်း ဌာနခွဲတစ်ခု ရှိတယ်... အဲဒီအကြောင်း ခင်ဗျား သိလား"
လင်းကျင်းက ရုတ်တရက် မေးလိုက်သည်။
မိစ္ဆာအကဲဖြတ်မှူးမှာ မှင်တက်သွား၏။
သူ၏ အဖြေကို စောင့်နေရန် မလိုဘဲ သူ၏ မျက်နှာထားကတင် လုံလောက်နေပြီ ဖြစ်သည်။
"မင်း အဲဒီကို ရောက်ဖူးတာလား"
မိစ္ဆာအကဲဖြတ်မှူးက မျက်လုံးများကို မှေးကြည့်ကာ မေးလိုက်၏။
လင်းကျင်း ခေါင်းညိတ်ပြလိုက်သည်။
"ရောက်ဖူးရုံတင် မဟုတ်ဘူး... အဲဒီမှာ ရှိတုန်းက လိပ်ကျွန်းကိုပါ ကျုပ် ဖျက်ဆီးခဲ့တာ"
လင်းကျင်းက အမှန်အတိုင်း ပြောလိုက်သည်။ ထိုအကဲဖြတ်မှူးမှာ ၎င်းကို လိမ်ညာမှုတစ်ခုအဖြစ် လျစ်လျူရှုထားနိုင်သည့် အခြေအနေကို သိရှိထားသဖြင့် လင်းကျင်းသည် လိပ်ကျွန်း၏ ရှုခင်းများနှင့် အကြီးအကဲကျိုးနှင့် သူ၏ ကြံရာပါများ၏ ကံကြမ္မာကိုပါ ဖော်ပြလိုက်သည်။
မိစ္ဆာအကဲဖြတ်မှူး၏ မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
"မင်း... မင်းက ဘယ်သူလဲ... ကျောက်စိမ်းနဂါးနိုင်ငံမှာ မင်းလောက် အစွမ်းထက်တဲ့ သားရဲအကဲဖြတ်မှူး မရှိဘူးဆိုတာ ငါတို့ သေချာပေါက် သိထားတယ်"
မိစ္ဆာအကဲဖြတ်မှူးက မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သော်လည်း မကြာမီမှာပင် သူသည် ရူးသွပ်စွာ ရယ်မောလိုက်လေတော့သည်။
"ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြဿနာမျိုး ရှာမိလဲဆိုတာ မင်း မသိသေးဘူး... ငါတို့ရဲ့ ဌာနခွဲကို မင်း မဖျက်ဆီးသင့်ဘူး၊ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က ခင်ဗျားနောက်ကို လိုက်လာတော့မှာမို့လို့ပဲ... မင်းကိုယ်မင်း တကယ်ပဲ အစွမ်းထက်တယ်လို့ ထင်နေတာလား... အလယ်အလတ်အဆင့် နိုင်ငံတစ်ခုမှာတော့ မင်းက အစွမ်းထက်ကောင်း ထက်နိုင်ပါတယ်... ဒါပေမဲ့ ထိပ်တန်းနိုင်ငံတစ်ခုက ပညာရှင်တွေကို မင်း ရင်ဆိုင်နိုင်ပါ့မလား... အဆင့် (၄) သားရဲတွေ အများကြီးက မင်းကို ဝိုင်းတိုက်ရင် မင်း ဘယ်လောက်အထိ ခုခံနိုင်မလဲ... အဆင့် (၅) သားရဲတွေကော ဘယ်လိုလဲ... ဟားဟားဟား... အဟွတ်... အဟွတ်..."
အားရပါးရ ရယ်မောပြီးနောက် ထိုလူမှာ သွေးများ အန်လာတော့သည်။
လင်းကျင်း မှင်တက်သွားကာ သူ၏ ခန္ဓာကိုယ်ထဲသို့ အပ်တစ်ချောင်းကို ချက်ချင်း ထိုးသွင်းလိုက်၏။
ထိုအခါမှသာ ဘာဖြစ်သွားသည်ကို သူ နားလည်လိုက်တော့သည်။
မိမိ၏ သားရဲနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ခြင်းမှာ အလွန်ပင် စွန့်စားရသော လုပ်ရပ်ဖြစ်ပြီး သေဆုံးနိုင်သည့် အန္တရာယ်လည်း ရှိသည်။
ဤလူမှာတော့ ကံကောင်းသော အမျိုးအစားထဲတွင် မပါဝင်သည်မှာ ထင်ရှားလှပေသည်။
နဂါးမီးလျှံ၏ လောင်ကျွမ်းမှုကြောင့် သူသည် သွေးအမြောက်အမြား ဆုံးရှုံးသွားရခြင်းလည်း ဖြစ်နိုင်သည်။ သူ၏ ဒဏ်ရာများမှာ အလွန်ပင် ပြင်းထန်လှသဖြင့် သေဆုံးရန်မှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။
အမှန်အတိုင်း ပြောရလျှင် လင်းကျင်းသည် သူ့ကို မသေစေချင်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ သေဆုံးသွားပါက ရန်ချင်းရှီအပေါ် သက်သေထွက်ဆိုပေးမည့်သူ မရှိတော့သောကြောင့် ဖြစ်သည်။
တုလျန်ရှီး၏ ခန္ဓာကိုယ်ထဲတွင် ထားခဲ့သော အပ်ကို တစ်စုံတစ်ဦးက အတင်းအကျပ် ထုတ်ရန် ကြိုးစားနေသည်ကို သတိရကာ ၎င်းမှာ ရန်ချင်းရှီ ဖြစ်ရမည်ဟု လင်းကျင်း ယူဆလိုက်သည်။
ထို့ကြောင့် လင်းကျင်းက မေးလိုက်၏။
"ရန်ချင်းရှီကလည်း ခင်ဗျားတို့ရဲ့ လူပဲလား"
ထိုလူက နှာခေါင်းရှုံ့လိုက်သည်။
"အဲဒါကို မင်းကို ငါ ပြောပြမယ်လို့ ထင်နေလား... ဟဲဟဲ... ဟဲ..."
အနည်းငယ် ရယ်မောပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်လာပြီး အသက်ရှူသံမှာလည်း လုံးဝ ရပ်တန့်သွားခဲ့တော့သည်။
လင်းကျင်း လက်မြှောက်လိုက်ရာ ရှောင်ဟော့မှာ သူ၏ လက်မောင်းထဲသို့ ပြန်လည် ပျံသန်းဝင်ရောက်သွားခဲ့သည်။ ထို့နောက် သူသည် အပြင်ဘက်သို့ ထွက်ခွာရန် လှည့်လိုက်၏။
ယခုအခါ သူသည် တုစံအိမ်သို့ အမြန်သွားရပေမည်။ လင်းကျင်းသည် ရန်ချင်းရှီနှင့် တစ်ခါမျှ မတွေ့ဖူးသော်လည်း ထိုလူမှာ မိစ္ဆာအကဲဖြတ်မှူးအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သူ သေချာပေါက် သိနေခဲ့သည်။
ရန်ချင်းရှီသည် ဤမိစ္ဆာအကဲဖြတ်မှူး သေဆုံးသွားသည်ကို မသိသေးလောက်သေးသဖြင့် လင်းကျင်းအနေဖြင့် သူ့ကို ယခုပင် ဖမ်းဆီးရပေမည်။ အနည်းငယ်မျှ စုံစမ်းစစ်ဆေးလိုက်ရုံဖြင့် ရန်ချင်းရှီမှာ အမှန်အတိုင်း ဝန်ခံလာပေလိမ့်မည်။
လင်းကျင်းသည် လက်ရှိတွင် အသာစီးရနေသော အခြေအနေ၌ ရှိနေသဖြင့် အစွမ်းကုန် ကြိုးစားရပေမည်။ တန်ရွှင်းကဲ့သို့ပင် ရန်ချင်းရှီမှာလည်း အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦး ဖြစ်သည်။ သို့သော် အဆင့် (၃) အကဲဖြတ်မှူးများ အားလုံး စုပေါင်းပြီး လင်းကျင်းအား တိုက်ခိုက်လျှင်ပင် သူတို့ အနိုင်ရနိုင်မည့် အခွင့်အရေးမှာ မရှိသလောက်ပင် ဖြစ်၏။
ထို့ကြောင့် လင်းကျင်းသည် ရန်ချင်းရှီကို ဖမ်းဆီးရန် ဆုံးဖြတ်လိုက်ပြီး မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
အမှောင်တိုက်အတွင်းမှ ထွက်လာပြီးနောက် လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ လင်းကျင်း၏ ခြေဖဝါးအောက်တွင် တိမ်တိုက်များ စုစည်းလာခဲ့သည်။
သူသည် တိမ်တိုက်သယ်ဆောင်ခြင်းကို အသုံးပြုရာတွင် ပိုမို ကျွမ်းကျင်လာခဲ့ပြီ ဖြစ်သည်။ တောင်တန်းများနှင့် မြစ်ကျယ်ကြီးများကို ကျော်ဖြတ်နိုင်လောက်သည့် အမြင့်အထိ မပျံသန်းနိုင်သေးသော်လည်း မြေပြင်နှင့် ကပ်၍ ပျံသန်းရန်မှာမူ လွယ်ကူသော ကိစ္စပင် ဖြစ်၏။ လက်ရှိတွင် သူသည် ပေရာဂဏန်းခန့် အမြင့်ကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ပေသည်။
ဤသို့ဖြင့် တုစံအိမ်သို့ ရောက်ရှိရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။ ၎င်းမှာ မျဉ်းဖြောင့်အတိုင်း သွားရုံသာ မဟုတ်ပါလား။
မကြာမီမှာပင် လင်းကျင်းသည် တုစံအိမ်သို့ ရောက်ရှိလာခဲ့သည်။ သူသည် တံခါးကို မခေါက်ဘဲ သူ၏ တိမ်တိုက်ကို စီးနင်းလျက် တံတိုင်းများကို ကျော်ဖြတ်ကာ၊ ရုပ်ဖျက်ပညာဖြင့် သူ၏ အရှိန်အဝါကို ဖုံးကွယ်ပြီး တုလျန်ရှီး၏ အခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာမှာ တိတ်ဆိတ်နေပြီး မည်သူမျှ မရှိပေ။
သို့သော် လင်းကျင်းသည် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ဦးသည် ဤနေရာမှ ယခုလေးတင် ထွက်ခွာသွားခြင်း ဖြစ်ရပေမည်။
အခန်းထဲသို့ ဝင်လိုက်သောအခါ တုလျန်ရှီးမှာ ကုတင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေဆဲ ဖြစ်သည်။ အနီးကပ် ကြည့်လိုက်သောအခါတွင်မူ သူမမှာ အသက်မရှူတော့ပေ။