← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 19 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 19 Ch. 377-378

အခန်း (၃၇၇) - လွတ်မြောက်ရန် ခက်ခဲခြင်း

ငါးရာမှ ခြောက်ရာခန့်ရှိသော မြို့စောင့်တပ်မဟာကြီးက သူတို့၏ သားရဲများကို ဦးဆောင်ကာ စစ်ကြောင်းချီလာသည်ကို မြင်တွေ့ရသူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြရမည်မှာ အသေအချာပင် ဖြစ်သည်။

၎င်းမှာ နန်းတော်အရာရှိကြီးတစ်ဦး၏ အထူးတပ်ဖွဲ့များ ဖြစ်ရပေမည်။

အစိုးရပင်လျှင် ဤမျှတိုတောင်းသော အချိန်အတွင်း၌ ဤကဲ့သို့ ထူးချွန်သော စစ်သည်တော်များကို စုစည်းနိုင်လိမ့်မည် မဟုတ်ပေ။ အခြေအနေကို အနည်းငယ် သိရှိနားလည်သူများမှာမူ ဤစစ်သည်တော်များသည် နိုင်ငံတော်အဆင့် အရာရှိကြီးတစ်ဦး၏ ညွှန်ကြားချက်ကြောင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ခန့်မှန်းမိကြသည်။

ထူးဆန်းနေသည်မှာ သူတို့၏ အရှိန်အဟုန်ပင် ဖြစ်၏။ သူတို့၏ တပ်ဖွဲ့များကို မည်မျှပင် မြန်ဆန်စွာ စုစည်းနိုင်ပါစေ၊ ယခု ရောက်ရှိလာမှုမှာ အလွန်ပင် စောလွန်းလှသည်။

သူတို့သည် မည်သူ့အတွက် ရောက်ရှိလာကြသည်ကိုလည်း မည်သူမျှ မသိရှိကြပေ။

လူတိုင်းမှာ ထိုစစ်ကြောင်း တဖြည်းဖြည်း နီးကပ်လာသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး ဤထူးခြားသော အခြေအနေနှင့် ပတ်သက်၍ ကိုယ်စီ ကိုယ်စီ ခန့်မှန်းနေကြတော့သည်။

ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ဦးသည် ရွှေရောင်ခြင်္သေ့ သားရဲနှင့်အတူ စစ်ကြောင်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူသည် လင်းကျင်းထံသို့ တိုက်ရိုက် ချဉ်းကပ်လာကာ အရိုအသေ ပေးလိုက်၏။

"နန်းတော်စောင့်တပ်ရဲ့ ဒုတိယဘုရင်ခံ 'ဖုန်းရှန်း'က အပြစ်ရှိသူကို ဖမ်းဆီးရာမှာ အကဲဖြတ်မှူးလင်းကို ကူညီဖို့ အမိန့်လက်ခံရရှိထားပါတယ်... အကဲဖြတ်မှူးလင်း... ကျုပ်တို့ကို အမိန့်ပေးနိုင်ပါတယ်"

သူ၏ ဟိန်းထွက်နေသော အသံမှာ ရှင်းလင်းပြတ်သားလှပေသည်။

ယခုမူ စစ်မှန်သော စစ်ဗိုလ်ချုပ်တစ်ဦး ရောက်ရှိလာပြီ ဖြစ်သည်။ သူ၏ ကြံ့ခိုင်သော အရှိန်အဝါမှာ သာမန်သားရဲများကိုပင် ခြောက်လှန့်နိုင်စွမ်း ရှိ၏။

သူ၏နောက်မှ ရွှေရောင်ခြင်္သေ့မှာ အပေါ်ယံတွင် အဆင့် (၃) ဟု ဖော်ပြထားသော်လည်း ၎င်းမှာ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့သော ခြင်္သေ့တစ်ကောင်ဖြစ်သဖြင့် ရွယ်တူသားရဲများထက် များစွာ ပိုမို အစွမ်းထက်လှပေသည်။

ဤကြေညာချက်ကြောင့် လူအုပ်ကြီးမှာ မှင်တက်သွားကြရသည်။

လင်းကျင်း၏ အဆက်အသွယ်မှာ မည်မျှအထိ ကျယ်ပြန့်သနည်းဆိုလျှင် နန်းတော်စောင့်တပ်များပင်လျှင် သူ့အတွက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့၏ စစ်သေနာပတိမှာ နိုင်ငံတော်၏ ဒုတိယဘုရင်ခံ ဖြစ်၏။ သူသည် လူအနည်းငယ်ထံမှသာ အမိန့်ကို တိုက်ရိုက်လက်ခံရသော စစ်မှန်သည့် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သည်။

လင်းကျင်းသည် အထူးရာထူးတိုးမြှင့်ခြင်း ခံရသော တော်ဝင်အမိန့်ပြန်တမ်းကို လူများ သတိရလိုက်ကြသောအခါတွင်မူ ဤလျှို့ဝှက်သော နောက်ခံလူမှာ မည်သူဖြစ်ကြောင်း သူတို့ နားလည်သွားကြတော့သည်။

နောက်တစ်ချက်မှာ...

သူတို့၏ တုံ့ပြန်ချိန်မှာ အလွန်ပင် မြန်ဆန်လှပေသည်။

လင်းကျင်းအနေဖြင့် အကူအညီ လိုအပ်သည့်အချိန်နှင့် တစ်ပြိုင်နက် ဧကရာဇ်မင်းမြတ်က အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

မည်သူမျှ ထပ်မံ၍ သံသယ မပွားရဲကြတော့ပေ။ ယခုအချိန်တွင်မူ မယုံကြည်နိုင်ဖြစ်နေသော ယွီမန့်ထန် အပါအဝင် ထိုနေရာရှိ လူအားလုံးမှာ လင်းကျင်းကို သွားရောက် မထိပါးသင့်ကြောင်း ကောင်းကောင်း သိသွားကြပြီ ဖြစ်သည်။ သူတို့အနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။

ဧကရာဇ်မင်းမြတ်သည် လင်းကျင်းကို အလွန်ပင် အလေးအမြတ်ထားသဖြင့် အကဲဖြတ်မှူးအား ကူညီရန် သူ၏ ကိုယ်ပိုင်တပ်ဖွဲ့များကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မှာမျှ ထိုကဲ့သို့သော လွှမ်းမိုးမှုမျိုး မရှိကြပေ။

ဘေးမှ စောင့်ကြည့်နေသူများပင်လျှင် ဤတပ်ဖွဲ့များကို ဧကရာဇ်မင်းမြတ်က စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိကြသည်ဖြစ်ရာ လင်းကျင်းအနေဖြင့်လည်း ၎င်းကို သိရှိနေသည်မှာ ထင်ရှားလှပေသည်။

ယခင်နှင့်မတူဘဲ ယခုအခါ သူသည် ဧကရာဇ်မင်းမြတ်၏ ကျေးဇူးတော်ကို အမှန်တကယ်ပင် လက်ခံရန် ရည်ရွယ်လိုက်ပြီ ဖြစ်သည်။

စောစောက ကင်းလှည့်တပ်ဖွဲ့ဝင်များမှာ အရှိန်အဝါ အလွန်သေးငယ်သဖြင့် မြို့တံခါးစောင့်တပ်များကို ထွက်ပေါက်အားလုံး ပိတ်ထားရန် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဒုတိယဘုရင်ခံ ဖုန်းရှန်းမှာမူ သူတို့ဘက်တွင် ရှိနေပြီ ဖြစ်သည်။

လင်းကျင်း၏ စိုးရိမ်ပူပန်မှုကို ကြားလိုက်ရသောအခါ ဗိုလ်ချုပ်က ပြန်ဖြေလိုက်၏။

"စိတ်မပူပါနဲ့ အကဲဖြတ်မှူးလင်း... ကျုပ် မြို့တော်ကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ပြီးပါပြီ... ဒီနေ့ညမှာ ယင်ကောင်တစ်ကောင်တောင် မြို့ထဲကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး"

သူသည် ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လင်းကျင်း သူ့ကို ယုံကြည်ပါသည်။

ဗိုလ်ချုပ်က ပြောဆိုလိုက်ပြီဖြစ်ရာ သူသည် ၎င်းကို သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။

"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် ဘုရင်ခံဖုန်း"

ဗိုလ်ချုပ်က သူ့အပေါ် လေးစားမှု ပြသခဲ့သဖြင့် လင်းကျင်းအနေဖြင့်လည်း မာန်တက်နေရန် အကြောင်းမရှိပေ။ ထို့အစား သူက ကျေးဇူးတင်သောအားဖြင့် လေးစားစွာ အရိုအသေ ပေးလိုက်၏။

"ပြီးတော့ အဆင်ပြေမယ်ဆိုရင် မြို့ထဲကိုလည်း ရှာဖွေပေးပါ ဘုရင်ခံဖုန်း... ရန်ချင်းရှီက မြို့ထဲကနေ ထွက်မသွားနိုင်သေးတဲ့အတွက် တစ်နေရာရာမှာ ပုန်းနေလိမ့်မယ်လို့ ကျုပ်ထင်တယ်... အကယ်၍ သူ့ကို အကျပ်ကိုင်နိုင်မယ်ဆိုရင် သူကိုယ်တိုင် ပေါ်လာနိုင်ခြေ ရှိပါတယ်... သူ့ကို ကျုပ်တို့ တွေ့တဲ့အချိန်ကျရင် သူ ဘယ်ကိုမှ ပြေးနိုင်မှာ မဟုတ်တော့ဘူး"

ဘုရင်ခံဖုန်းသည် လင်းကျင်း၏ အဆိုပြုချက်ကို လက်ခံလိုက်ပြီး ချက်ချင်းပင် လုပ်ဆောင်တော့သည်။

မထွက်ခွာမီ သူက လင်းကျင်းအား ပြောလိုက်၏။

"အကဲဖြတ်မှူးလင်း... ခင်ဗျားက ကာကွယ်ရေးဌာနရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကျုပ်တို့ရဲ့ အစောင့်အရှောက်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်... အနာဂတ်မှာ အကူအညီ လိုအပ်လာရင် ခင်ဗျား ရောက်နေတဲ့ ဘယ်မြို့မှာမဆိုရှိတဲ့ စစ်တပ်ကို အမိန့်ပေးနိုင်ပါတယ်... ဘယ်သူမှ ခင်ဗျားကို မလွန်ဆန်ရဲဘူး"

လင်းကျင်း ပြုံးလိုက်သည်။ နိုင်ငံတော် အစောင့်အရှောက် တစ်ဦးအနေဖြင့် ဤကဲ့သို့သော အခွင့်အာဏာမျိုး ရှိသည်လား။

သို့သော် ယခုမူ ၎င်းကို ထားရစ်ခဲ့ပါဦး။ သူတို့၏ လက်ရှိ ဦးစားပေးမှာ လင်းကျင်းအနေဖြင့် ဘယ်တော့မှ ခွင့်မလွှတ်ပါဟု ကျိန်ဆိုထားသော ရန်ချင်းရှီကို လိုက်လံ ဖမ်းဆီးရန်ပင် ဖြစ်သည်။

တုမိသားစုမှ သနားစဖွယ် မိန်းကလေး၏ ကြေကွဲဖွယ် သေဆုံးမှုကို တွေးမိတိုင်း လင်းကျင်း၏ နှလုံးသားမှာ ဒေါသများဖြင့် ဆူပွက်လာခဲ့သည်။

ရန်ချင်းရှီသည် လင်းကျင်း၏ မျက်စိရှေ့မှောက်မှာတင် လူသတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သဖြင့် ၎င်းမှာ သူ့အား ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းပင် ဖြစ်၏။ သူသည် ထိုသို့ လုပ်ဆောင်ရန် သတ္တိရှိခဲ့ပြီဖြစ်ရာ သူသည်လည်း သေဆုံးရန် ပြင်ဆင်ထားသင့်ပေသည်။

ဘုရင်ခံဖုန်းက စစ်ဆင်ရေးကို တာဝန်ယူလိုက်ပြီ ဖြစ်သဖြင့် မြို့တော်တစ်ခုလုံးမှာ မအိပ်နိုင်သော ညတစ်ညသို့ ရောက်ရှိသွားခဲ့တော့သည်။

နန်းတော်စောင့်တပ် အထူးတပ်ဖွဲ့ ငါးရာနှင့် စစ်သည်တော် နှစ်ထောင်တို့သည် ရှာဖွေရေးတွင် ပါဝင်ခဲ့ကြပြီး နောက်ထပ် နာရီအနည်းငယ်ကြာအောင် ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

နန်းတော်မှလွဲ၍ အရာရှိကြီးများ၏ စံအိမ်များ အပါအဝင် အခြားနေရာတိုင်းကို ရှာဖွေခဲ့ကြ၏။

ဤကဲ့သို့သော ကျယ်ပြန့်သည့် ရှာဖွေရေး စစ်ဆင်ရေးကို ရင်ဆိုင်ရသောအခါ မည်သူမျှ ရန်ချင်းရှီကို ခိုလှုံခွင့် ပေးရဲလိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် မြို့တော်အတွင်းရှိ စံအိမ်တစ်ခုအတွင်း၌။

"မြန်မြန်လုပ်ပြီး အဲဒီလူကို ဒီကနေ ထွက်သွားခိုင်းစမ်းပါတော့... အဲဒီကောင်က ဘယ်သူ့ကို သွားထိပါးမိလို့ ဘုရင်ခံဖုန်းတောင် ပါဝင်လာရတာလဲ မသိဘူး... သူတို့က မြို့တစ်ခုလုံးကို ရှာဖွေနေကြတာ၊ အကယ်၍ အဲဒီလူ ဒီမှာ ပုန်းနေတာကို တွေ့သွားရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်"

အရာရှိကြီးတစ်ဦးက သူ၏ အဝတ်အစားများကို ဝတ်ဆင်ရင်း သူ၏ လူယုံကို အလောတကြီး ပြောလိုက်သည်။

သူ၏ လူယုံမှာလည်း ထိတ်လန့်နေခဲ့၏။

အသင်းချုပ်တွင် အလုပ်လုပ်နေသော အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်သဖြင့် ရန်ချင်းရှီအနေဖြင့် အစိုးရ အရာရှိများစွာနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေသည်မှာ သာမန်ပင်ဖြစ်သည်။ အမှန်တကယ်တော့ သူသည် သူတို့ထဲမှ အချို့နှင့် အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြ၏။

မြို့တော်တစ်ခုလုံးကို ပိတ်ဆို့လိုက်သောအခါ ရန်ချင်းရှီမှာ အချိန်မီ မထွက်နိုင်ခဲ့သဖြင့် သူ ထွက်မသွားခဲ့ပေ။ သူ သွားစရာ နေရာမရှိတော့ကြောင်း သိလိုက်ရသဖြင့် သူသည် မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

အိမ်ပြန်ရန်မှာ မဖြစ်နိုင်သဖြင့် သူသည် သူသိသော အစိုးရအရာရှိ တစ်ဦး၏ နေအိမ်သို့ ရောက်ရှိလာကာ ယနေ့ညအတွက် ခိုလှုံခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ထိုအရာရှိမှာ ဘာဖြစ်နေသည်ကို မသိရှိသဖြင့် ရန်ချင်းရှီအား အစားအသောက်နှင့် ရေနွေးချိုးရန် ပြင်ဆင်ပေးကာ ဖော်ရွေစွာ ကြိုဆိုခဲ့သည်။ သူသည် ရန်ချင်းရှီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အစေခံတစ်ဦးကိုပင် စီစဉ်ပေးခဲ့သေး၏။

ထို့နောက်တွင်မူ သူသည် သတင်းစကားကို ရရှိလိုက်ပြီးနောက်တွင်မူ ကိုယ်တွင်းချွေးများ ထွက်လာကာ သတိလစ်မတတ် ဖြစ်သွားခဲ့ရသည်။

အကယ်၍ တစ်စုံတစ်ဦးက ဤအကြောင်းကို သိသွားပါက သူသည်လည်း အပြစ်ပေးခံရမည်ကို သူ သိနေခဲ့သည်။

အကောင်းဆုံး နည်းလမ်းမှာ ရန်ချင်းရှီကို နှင်ထုတ်လိုက်ရန်ပင် ဖြစ်၏။ သူ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ခြင်းက အကောင်းဆုံးပင်။

အကယ်၍ သူသည် ရန်ချင်းရှီကို ဝှက်ထားပေးကြောင်း တစ်စုံတစ်ဦးက သိသွားပါက သူသည် ကြီးမားသော ဒုက္ခနှင့် ကြုံရပေလိမ့်မည်။

"သခင်... အဲဒီရန်ချင်းရှီက ကြီးမားတဲ့ ပြဿနာတစ်ခု ရှာခဲ့တာ ဖြစ်ရမယ်၊ မဟုတ်ရင် ဒီလောက်အထိ ဆူညံပွက်လောရိုက်နေမှာ မဟုတ်ဘူး... သားရဲအကဲဖြတ်မှူးအသင်းချုပ်ကလည်း သူ့ကို ဖမ်းဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ကြားတယ်... ရန်ချင်းရှီကတော့ သေချာပေါက် သွားပြီပဲ... သူ ဒီကို ရောက်လာတုန်းက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာထားကို မြင်လိုက်ရတော့ ကျွန်တော်တို့ရဲ့ အကြံပေးချက်ကို သူ လျစ်လျူရှုမှာကို ကျွန်တော် စိုးရိမ်မိတယ်... အခု သူ သွားစရာ နေရာမရှိတော့တဲ့အချိန်မှာ သူ့ကို ဘုရင်ခံဖုန်းဆီမှာ အပ်လိုက်တာက ပိုမကောင်းဘူးလား... ဒါဆိုရင် ကျွန်တော်တို့လည်း ဒီဒုက္ခကနေ လွတ်နိုင်မှာပါ"

လူယုံက အသေအချာ စဉ်းစားပြီးနောက် ပြောလိုက်၏။

ဤစကားကို ကြားသောအခါ အရာရှိသည် စဉ်းစားကြည့်လိုက်ပြီး ၎င်းမှာ မည်မျှအထိ ယုတ္တိရှိကြောင်း သိလိုက်ရသည်။ အကယ်၍ သူတို့က ရန်ချင်းရှီကို ထွက်သွားရန် အကြံပေးလျှင် သူ နားထောင်ချင်မှ နားထောင်ပေလိမ့်မည်။ ပို၍ အရေးကြီးသည်မှာ အကယ်၍ ရန်ချင်းရှီ အဖမ်းခံရပါက သူတို့က သူ့ကို ထွက်ပြေးရန် တိုက်တွန်းခဲ့ခြင်းမှာ သူတို့အတွက် နောက်ထပ် ပြစ်ဒဏ်တစ်ခု တိုးလာခြင်းသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ သူတို့က ရန်ချင်းရှီ ရှိသည့်နေရာကို တိုင်ကြားလိုက်မည်ဆိုပါက သူ့ကို ဖမ်းဆီးနိုင်သည့်အတွက် ဆုလာဘ် မရရှိလျှင်တောင်မှ အနည်းဆုံးတော့ သူတို့၏ နာမည်ကို သန့်ရှင်းအောင် လုပ်နိုင်ပေလိမ့်မည်။

သူတို့သည် သူ၏ ပြစ်မှုများကို မသိရှိကြောင်းသာ ပြောလိုက်ရုံပင်။ သူသည် ဝရမ်းပြေးတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ကို အာဏာပိုင်များထံ အပ်နှံခဲ့သည်ဟု သူတို့ အကြောင်းပြနိုင်ပေသည်။

ဤသို့ဖြင့် အရာရှိသည် ဆုံးဖြတ်ချက် ချလိုက်ပြီး သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"သွားကြစို့၊ သူ့ကို ဘုရင်ခံဖုန်းဆီမှာ အပ်လိုက်မယ်"

ထို့နောက် သူသည် အပြင်ဘက်သို့ ထွက်ရန် လှည့်လိုက်၏။

သို့သော် သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာပင် တစ်စုံတစ်ဦးသည် သူ၏ ဘေးတွင် ဓားသွားပါသော ကျားတစ်ကောင်နှင့်အတူ ဝင်ပေါက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုလူ၏ မျက်နှာထားမှာ တည်တင်းနေခဲ့၏။

"ဇူ... ငါတို့က အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာဆိုတော့ မင်း ငါ့ကို ဒီလောက်အမြန် သစ္စာဖောက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဇူ... လူသားတစ်ယောက်အနေနဲ့ မင်းဟာ တကယ့်ကို စိတ်ရင်းမမှန်တဲ့သူပဲ"

"အား... ရန်ချင်းရှီ"

အရာရှိဇူမှာ ထိတ်လန့်သွားခဲ့ရသည်။ ရန်ချင်းရှီ မည်သည့်အချိန်က သို့မဟုတ် မည်သို့ ရောက်လာသည်ကို သူ မသိရှိပေ။ သူသည် ဧည့်ခန်းထဲတွင် အနားယူနေသင့်သည် မဟုတ်ပါလား။

ထို့နောက် ရန်ချင်းရှီ၏ လက်အင်္ကျီစနှင့် သူ၏ ကျား၏ ပါးစပ်တွင် သွေးစွန်းနေသည်ကို သူ သတိပြုမိလိုက်သည်။ ထိုသွေးမှာ ရန်ချင်းရှီ သို့မဟုတ် သူ၏ သားရဲထံမှ မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ရုတ်တရက် အစေခံတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

"သူတို့ သေကုန်ကြပြီ... ဧည့်ခန်းမှာရှိတဲ့ အစေခံတွေနဲ့ အိမ်ဖော်တွေ အားလုံး သေကုန်ကြပြီ"

ဤစကားကြောင့် အရာရှိဇူအနေဖြင့် သူ၏ထံသို့ ဘေးအန္တရာယ်တစ်ခု ကျရောက်လာတော့မည်ကို သိလိုက်ရလေတော့သည်။

အခန်း (၃၇၈) - ချုပ်နှောင်ခံ သားရဲ

ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများနှင့်အတူ ရန်ချင်းရှီသည် သူ၏ ကြမ်းတမ်းသော သားရဲကြီးနှင့်အတူ လမ်းပိတ်ရပ်နေသည်ကို မြင်လိုက်ရသောအခါ အရာရှိဇူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

သူသည် မည်မျှအထိ စိုးရိမ်ရသော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်ကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

ရန်ချင်းရှီသည် သူငယ်ချင်းတစ်ယောက်ကိုပင် ဤမျှလွယ်လွယ်ကူကူ ရန်မူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုလူသည် ဘာမှကြိုတင်သတိပေးခြင်းမျိုးပင် မရှိခဲ့ပေ။

ရန်ချင်းရှီနှင့် ဤအချိန်တွင် ထိပ်တိုက်တွေ့ပါက မည်သို့သော နောက်ဆက်တွဲရလဒ်မျိုး ကြုံရမည်ကို သူ ကောင်းကောင်းသိသဖြင့် ကျိုးလေးအနေဖြင့် ဟန်ဆောင်နေရန်သာ အကြောင်းရှိတော့သည်။ အကယ်၍သာ သူတို့ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုပါက သူ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်ဟု အာမမခံနိုင်ပေ။

"အကဲဖြတ်မှူးရန်... မင်း... မင်း ဘာလုပ်နေတာလဲ"

နိုင်ငံရေးသမားတစ်ဦးပီပီ ဤမျှ စိုးရိမ်စရာကောင်းသော အခြေအနေတွင် တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားနိုင်ခြင်းမှာ မလွယ်ကူသော ကိစ္စပင် ဖြစ်၏။

သူ့နောက်မှ လူများ၏ မျက်နှာမှာမူ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေကြပြီး သတ္တိနည်းသောသူအချို့၏ ခြေထောက်များမှာ တုန်ရီနေကြပြီ ဖြစ်သည်။

သူတို့ထဲမှ အချို့မှာ အဆင့် (၃) သားရဲများ ပိုင်ဆိုင်ထားသော ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ရန်ချင်းရှီနှင့် သူ၏ သားရဲထံမှ ထွက်ပေါ်နေသော အရှိန်အဝါက သူတို့ကို ဖိနှိပ်ထားသည်။

သူ၏ ကြမ်းတမ်းသော ကျားကြီး၏ ပါးစပ်မှ သွေးလတ်လတ်ဆတ်ဆတ်များ စီးကျနေပြီး ၎င်း၏ နီရဲသော မျက်လုံးများထဲတွင် လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ၎င်း၏ အစွမ်းမှာ သေချာပေါက် အဆင့် (၃) ထက် များစွာ သာလွန်နေရမည် ဖြစ်၏။

အမှန်တကယ်တော့ ၎င်းမှာ အဆင့် (၄) သားရဲတစ်ကောင် ဖြစ်နေပြီဟု သူတို့ ယူဆလိုက်ကြသည်။

ရန်ချင်းရှီ၏ ရုပ်ဆိုးလှသော မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"ဇူ... ငါတို့ ပွင့်ပွင့်လင်းလင်းပဲ စကားပြောကြရအောင်... မြို့တော်တစ်ခုလုံးက ငါ့ကို လိုက်ဖမ်းနေတာ မင်းလည်း သိပြီးသားပဲ... ငါတို့ရဲ့ ပတ်သက်မှုကို ထောက်ထားပြီး ဒီလို အကျပ်အတည်းမှာ မင်း ငါ့ကို ကူညီလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ... ဒါပေမဲ့ မင်းက ငါ့ကို အာဏာပိုင်တွေဆီ အပ်ဖို့ ကြံစည်နေတယ်လို့ ကြားလိုက်ရတဲ့အခါ ငါ တကယ်ပဲ စိတ်မကောင်း ဖြစ်မိတယ်"

စကားပြောနေစဉ်မှာပင် ရန်ချင်းရှီသည် သူ၏ သားရဲနှင့်အတူ ကျောက်လှေကားထစ်များအတိုင်း ဆင်းလာခဲ့သည်။ သူ ခြေတစ်လှမ်း လှမ်းတိုင်း အရာရှိဇူနှင့် အခြားသူများမှာ ကြောက်လန့်တကြား နောက်သို့ တစ်လှမ်း ဆုတ်သွားကြရ၏။

"ဇူ... မင်း ကြောက်နေတာလား"

ရန်ချင်းရှီက ပြုံး၍ မေးလိုက်သည်။

အရာရှိဇူကတံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။ သူ့တွင် အစီအစဉ်တစ်ခု ရှိပြီးသားဖြစ်သဖြင့် အသက်ကို ပြင်းပြင်းရှူကာ ကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်၏။

"ရန်ချင်းရှီ... ငါတို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး ငါ မင်းကို လက်ခံပေးခဲ့တာ... ဒါပေမဲ့ မင်းက တကယ်ပဲ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုရင်တော့ ငါလည်း မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး... မင်း အချိန်မီ လက်နက်ချဖို့ ငါ အကြံပေးချင်တယ်... မဟုတ်ရင် မင်း ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး..."

သူ စကားမဆုံးခင်မှာပင် ရန်ချင်းရှီသည် ထူးဆန်းစွာ ရယ်မောလိုက်ပြီး သူ၏ ဓားသွားပါသော ကျားကြီးမှာ အရာရှိဇူထံသို့ ချက်ချင်း ခုန်အုပ်လိုက်တော့သည်။

အရာရှိဇူထံတွင်လည်း အဆင့် (၃) သားရဲတစ်ကောင် ရှိသည်။

သို့သော် သူ၏ သားရဲမှာ ရန်ချင်းရှီ၏ ကျားနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ တိုက်ခိုက်ရန် ပြင်ဆင်ချိန်ပင် မရလိုက်ဘဲ ၎င်း၏ လည်ချောင်းမှာ အကိုက်ခံလိုက်ရသဖြင့် အရာရှိဇူနှင့် သူ၏ အစေခံများမှာ ထိတ်လန့်သွားကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျားကြီးသည် အရာရှိဇူထံသို့ ပါးနပ်စွာ ခုန်အုပ်သွားပြီး သူ၏ ခေါင်းကို ကိုယ်ထည်မှ ဆွဲဖြတ်လိုက်တော့သည်။

ရွှီး...

ခေါင်းမရှိသော ကိုယ်ထည်မှ ပူနွေးသော သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်လာပြီးနောက် အားမရှိသော အာလူးအိတ်ကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ခေါင်းဖြတ်လိုက်သည်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် မြေပြင်ပေါ်ရှိ ကိုယ်ထည်မှာ ကြောက်မက်ဖွယ်ကောင်းအောင်ပင် ဆတ်ဆတ်တုန်နေသေး၏။

အရာရှိဇူ သေဆုံးသွားခြင်းက ကျန်ရှိသောသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ အချို့က ထွက်ပြေးကြပြီး အချို့က တိုက်ခိုက်ကြသော်လည်း သူတို့မှာ ရန်ချင်းရှီ၏ ပြိုင်ဘက် မဟုတ်ကြပေ။

"လူမိုက်တွေ... ငါက မင်းတို့ရဲ့ တိုက်ခိုက်မှုကို ဒီလောက်အလွယ်တကူ ခံလိမ့်မယ်လို့ ထင်နေတာလား... တားမြစ်ထားတဲ့ နည်းလမ်းတွေကို သုံးပြီး ငါ့ရဲ့ သားရဲကို အဆင့် (၄) အထိ အလွယ်တကူ မြှင့်တင်နိုင်ခဲ့တာ... ကဲ ပြောစမ်းပါဦး... မင်းတို့ စံအိမ်မှာ ဘယ်သူက အဆင့် (၄) သားရဲကို ရင်ဆိုင်နိုင်မှာလဲ"

ရန်ချင်းရှီသည် အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။

သူ ရယ်မောနေစဉ်မှာပင် သတ်ဖြတ်ခြင်းကို အစပြုလေတော့သည်။

ပြန်လည်တိုက်ခိုက်သူဖြစ်စေ၊ ထွက်ပြေးရန် ကြိုးစားသူဖြစ်စေ လူတိုင်းမှာ ရက်ရက်စက်စက် အကိုက်ခံရကာ သေဆုံးကုန်ကြသည်။ ရန်ချင်းရှီသည် အစကတည်းက သူတို့အားလုံးကို သတ်ဖြတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်မှသာ သူ၏ ပုန်းအောင်းရာနေရာကို လုံခြုံစေပြီး နောက်ထပ် အစီအစဉ်များအတွက် အချိန်ရနိုင်မည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ရန်ချင်းရှီအနေဖြင့် လင်းကျင်းသည် ဤမျှအထိ မြန်ဆန်စွာ လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခြင်းမှာ သဘာဝပင် ဖြစ်၏။

ဤအချိန်အတောအတွင်း သူသည် ထိုမိစ္ဆာအကဲဖြတ်မှူးနှင့် လျှို့ဝှက် ပူးပေါင်းခဲ့ပြီး အမှောင်ထဲမှနေ၍ အရာအားလုံးကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ချင်းရှီသည် အလွန်ပင် သတိထားတတ်သူဖြစ်သဖြင့် အနည်းငယ်သော ပြောင်းလဲမှုကိုပင် သူ သိရှိနိုင်သည်။

သို့သော် ၎င်းမှာ လင်းကျင်း တုစံအိမ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်မှာတင် ပေါ်သွားခဲ့ခြင်း ဖြစ်၏။

တုလျန်ရှီး၏ အခန်းထဲသို့ လင်းကျင်း ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ သိလိုက်သည်။

လင်းကျင်း ရာထူးတိုးခြင်းမှာ သူ၏ အဆက်အသွယ်များကြောင့် ဖြစ်သည်ဟူသော ကောလာဟလများ ပျံ့နှံ့နေသော်လည်း ရန်ချင်းရှီမှာမူ ထိုသို့မတွေးသော လူအနည်းငယ်ထဲတွင် ပါဝင်သည်။ သူသည် ထန်ရွှန်းထံသို့ သွားရောက်လည်ပတ်စဉ်က လင်းကျင်း၏ အကဲဖြတ်ခြင်း အစီရင်ခံစာများကို တစ်ခါက တွေ့ဖူးခဲ့သည်။

အသင်းချုပ်တွင် အလုပ်လုပ်နေသော လူများထဲ၌ တန်ရွှင်း အပါအဝင် ရန်ချင်းရှီသည် လင်းကျင်း၏ အရည်အချင်းကို အသိဆုံးသူ ဖြစ်သည်ဟု ပြောလျှင်ပင် ပိုမည်မဟုတ်ပေ။

လင်းကျင်း၏ ကျယ်ပြန့်ပြီး အတားအဆီးမဲ့သော ဗဟုသုတများနှင့် သူသည် စစ်မှန်သော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းကို ရန်ချင်းရှီ တစ်ဦးတည်းသာ သိရှိထားသည်။

ဤအကြောင်းကြောင့်ပင် လင်းကျင်း တုစံအိမ်သို့ ရုတ်တရက် ရောက်လာခြင်းက ပုံမှန်မဟုတ်ကြောင်း ရန်ချင်းရှီ ခံစားလိုက်ရသည်။ ထိုအချိန်မှစ၍ ရန်ချင်းရှီသည် ထွက်ပြေးရန် စတင် စီစဉ်ခဲ့ခြင်း ဖြစ်၏။

သို့သော် ရန်ချင်းရှီသည် မိမိကိုယ်ကိုယ် အနည်းငယ် အထင်ကြီးလွန်းခဲ့သည်။ လင်းကျင်းအနေဖြင့် သူနှင့် ပတ်သက်နေသည်ကို သိဦးမည်မဟုတ်ဟု သူ ယူဆထားခဲ့သည်။ လင်းကျင်း အကျဉ်းခန်းသို့ သွားနေကြောင်း သိလိုက်ရသောအခါ ရန်ချင်းရှီသည် တုလျန်ရှီး၏ ဝမ်းဗိုက်ထဲမှ ခေါင်းရှစ်လုံးမြွေနဂါး၏ သန္ဓေသားကို ရယူရန် တုစံအိမ်သို့ ချက်ချင်း ခိုးဝင်ခဲ့သည်။ သူ၏ နောက်ထပ် အဆင့်မှာ မြို့ထဲမှ ထွက်ပြေးရန်ပင် ဖြစ်၏။

သေချာပေါက်ပင် အချိန်အကန့်အသတ်ရှိသဖြင့် သူသည် အခြားအရာများကိုလည်း သိမ်းဆည်းရသေးသည်။ သို့သော် အချိန်အနည်းငယ် နှောင့်နှေးသွားခြင်းက လင်းကျင်းအား အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုအချိန်တွင် ရန်ချင်းရှီသည် မြို့တံခါးသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အနည်းဆုံး စစ်သည်တော် နှစ်ရာခန့်က ပိတ်ဆို့ထားသည်ကိုသာ တွေ့လိုက်ရသည်။

ရန်ချင်းရှီသည် အတင်းအဓမ္မ မဖောက်ထွက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ့တွင် အရန်အစီအစဉ်တစ်ခု ရှိသောကြောင့်ပင် ဖြစ်၏။

ထို့ကြောင့် သူသည် နောက်ကြောင်းပြန်လှည့်ကာ ဇူစံအိမ်သို့ ရောက်ရှိလာခဲ့သည်။

ဤကဲ့သို့သော အချိန်မျိုးတွင် မြို့ထဲမှ ထွက်ခွာရန်မှာ ခက်ခဲပေလိမ့်မည်။ ရန်ချင်းရှီ ထည့်မတွက်မိသော အချက်မှာ လင်းကျင်းသည် သူ့ကို ဖမ်းဆီးရန်အတွက် နန်းတော်စောင့်တပ် ထောင်ပေါင်းများစွာကို စေလွှတ်နိုင်သည်အထိ လွှမ်းမိုးမှု ရှိနေခြင်းပင် ဖြစ်သည်။

၎င်းမှာ သူ၏ မူလအစီအစဉ်ထဲတွင် မပါဝင်ခဲ့ပေ။

ဇူက သူ့ကို အာဏာပိုင်များထံ အပ်နှံရန် ကြံစည်နေခြင်းကို ထားရစ်ခဲ့လျှင်ပင် ရန်ချင်းရှီ သူတို့အားလုံးကို သတ်ဖြတ်လိုက်ရသည့် ဒုတိယ အကြောင်းပြချက်မှာ သူ၏ နောက်ထပ် အစီအစဉ်ကို လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။

သူ၏ အစွမ်းတစ်ခုတည်းနှင့် မလွတ်မြောက်နိုင်ကြောင်း သူ သိရှိထားသည်။ သူ၏ သားရဲ၏ သက်တမ်းကို ရင်းပြီး လုပ်ဆောင်ရသော မှော်ပညာများကို ဆက်လက် အသုံးပြုနေလျှင်ပင် သူ မလွတ်နိုင်ပေ။

သူ့အတွက် ကျန်ရှိသော တစ်ခုတည်းသော နည်းလမ်းမှာ အကူအညီ တောင်းရန်ပင် ဖြစ်၏။

ယခုအခါ ဇူစံအိမ်အတွင်းရှိ လူတိုင်းမှာ သေဆုံးကုန်ကြပြီ ဖြစ်သည်။ အလောင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး သွေးပုပ်နံ့များမှာ လေထုထဲတွင် ဖုံးလွှမ်းနေသည်။

ရန်ချင်းရှီသည် ကျယ်ပြောသော ရင်ပြင်အလယ်တွင် ရပ်ကာ လမင်းကြီးကို မော့ကြည့်နေခဲ့၏။

"ငါ ရန်ချင်းရှီက သားရဲအကဲဖြတ်မှူး အသင်းချုပ်ကို ငါ့လက်ဖဝါးထဲမှာ ထားပြီး ကစားနိုင်ခဲ့တာ... အဲဒီ လူမိုက်တွေဟာ ငါ့ခြေဖဝါးအောက်က ပုရွက်ဆိတ်တွေပဲ... ဒါပေမဲ့ လူတစ်ယောက်ကြောင့် ငါဟာ ဒီလို အကျပ်အတည်းထဲကို ရောက်သွားခဲ့ရတယ်... အားဟားဟားဟား... ဒါပေမဲ့ ဘာဖြစ်လဲ... အလယ်အလတ်အဆင့်ရှိတဲ့ နိုင်ငံလေးတစ်ခုရဲ့ သားရဲအကဲဖြတ်မှူး အသင်းချုပ်လောက်က ငါ့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ"

ရန်ချင်းရှီသည် မာန်တက်နေဆဲပင် ဖြစ်သည်။ သူသည် ဤကဲ့သို့သော အခြေအနေသို့ ရောက်နေလျှင်ပင် အောင်နိုင်သူအဖြစ် ထွက်သွားနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်၏။

သူသည် ဇူစံအိမ်ရှိ အလောင်းအားလုံးကို စံအိမ်နောက်ဘက်ရှိ ရေကန်ငယ်လေးထဲသို့ ပစ်ထည့်ရန် သူ၏ သားရဲကို အမိန့်ပေးလိုက်သည်။ အလောင်းတိုင်းတွင် နက်ရှိုင်းသော အကိုက်ခံရသည့် ဒဏ်ရာများ ရှိသော်လည်း သူတို့၏ ခြေလက်အင်္ဂါများမှာမူ မပျက်မစီး ရှိနေသေးသည်။ အိမ်ဖော်များနှင့် အစေခံများ အပါအဝင် စုစုပေါင်း အလောင်း ၃၇ လောင်းကို ရေကန်ထဲသို့ ပစ်ထည့်လိုက်ခြင်း ဖြစ်၏။

ကြည်လင်နေသော ရေကန်ရေမှာ ယခုအခါ နီရဲသွားခဲ့ပြီ ဖြစ်သည်။

"ဒီနေ့ည လမင်းကြီးက သာယာလှတယ်... အခြေအနေတွေက ဒီလိုမျိုး ဖြစ်မလာသင့်ပေမဲ့ မင်းတို့က ငါ့ကို အတင်းအကျပ် လုပ်ခဲ့တာဆိုတော့ ဒီနေ့ည မြို့တော်လမ်းမတွေကို သွေးချောင်းစီးမယ်ဆိုရင် ငါ့ကို အပြစ်မတင်ကြနဲ့"

ရန်ချင်းရှီသည် အားရပါးရ ရယ်မောလိုက်ပြီးနောက် သူ၏ အဆင့် (၄) အတုအယောင် ကျားကြီးထံသို့ လှည့်ကြည့်လိုက်သည်။

"မင်းလည်း အဲဒီထဲကို ဆင်းလိုက်တော့... ငါနဲ့အတူ ရှိနေခဲ့တာ ဒီလောက်တောင် ကြာပြီဆိုတော့ ဒါဟာ မင်း ငါ့ကို နောက်ဆုံးအကြိမ် ကူညီပေးတာ ဖြစ်လိမ့်မယ်"

ထိုသို့ ပြောပြီးနောက် ရန်ချင်းရှီသည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ထိုကျားကြီးမှာ ဟိန်းဟောက်လိုက်ပြီးနောက် ရေကန်ထဲသို့ ခုန်ဆင်းသွားကာ ရေအောက်သို့ တဖြည်းဖြည်း မြုပ်ဝင်သွားပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်လိုက်တော့သည်။

ထိုမြင်ကွင်းမှာ ထူးဆန်းပြီး ခြောက်ခြားဖွယ်ရာ ကောင်းလှပေသည်။

ရန်ချင်းရှီသည် ကြွေပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ဤပုလင်းပေါ်ရှိ ဝါဂွမ်းစကဲ့သို့သော အဆောင်မှာ ရှေးဟောင်းပစ္စည်းတစ်ခုအလား အလွန်ပင် ဟောင်းနွမ်းနေခဲ့၏။

"ဆရာ... ကျွန်တော် ခင်ဗျားကို စိတ်ပျက်အောင် လုပ်မိပြီ... အကောင်းဆုံး စီစဉ်ထားတဲ့ အစီအစဉ်တွေတောင် ပျက်စီးသွားခဲ့ပြီမို့ ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို တောင်းခံဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး"

ထို့နောက် ရန်ချင်းရှီသည် ပုလင်းကို ဖွင့်လိုက်ပြီး စေးပျစ်နေသော သွေးတစ်စက်ကို ရေကန်ထဲသို့ လောင်းထည့်လိုက်လေတော့သည်။

All Chapters