အခန်း (၃၆၃-၃၆၄)
Vol. 19 Ch. 363-364
အခန်း (၃၆၃) - သည်းမခံနိုင်သော တိုက်တွန်းလိုစိတ်
"မေပယ်မြို့ ဟုတ်လား"
"လင်းကျင်းလား"
ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့် သူတို့၏ မျက်နှာထားများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။ ယဉ်ကျေးပျူငှာမှုဖြင့် စတင်ခဲ့သော အပြန်အလှန် ဆက်ဆံရေးမှာ အေးစက်ကာ ရန်လိုသော အငွေ့အသက်များအဖြစ်သို့ ကူးပြောင်းသွား၏။ သူတို့၏ မျက်နှာထက်တွင် ဂရုမစိုက်သော အမူအရာများမှာ အထင်အရှား ပေါ်လွင်လာသည်။
ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် လင်းကျင်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။ သူ၏ ရှုပ်ထွေးနေသော ပုံစံကို သတိပြုမိသွားသော အကဲဖြတ်မှူးတစ်ဦးက အေးစက်စွာ မှတ်ချက်ပေးလိုက်၏။
"ဒါဆို ခင်ဗျားက မေပယ်မြို့က အကဲဖြတ်မှူးလင်းကျင်းပေါ့... ဟင်း... ခင်ဗျား ဌာနချုပ်ကို လာလည်မယ်လို့ မသိထားလို့ တံခါးဝကနေ ကြိုဆိုနှုတ်ဆက်ခြင်း မပြုမိတာကို ခွင့်လွှတ်ပေးပါဦး"
လင်းကျင်းမှာ ထိုလူ၏ နားမလည်နိုင်သော လေသံကြောင့် ခဏမျှ မှင်တက်သွားမိသည်။
'ဒီအကဲဖြတ်မှူးတွေက ဘယ်သူတွေလဲဆိုတာ ငါမသိသလို၊ သူတို့နဲ့ ဆုံဖူးတာမျိုးလည်း မမှတ်မိဘူး... ငါ့အပေါ်မှာ ရန်ငြိုးရှိနေဖို့ဆိုတာကလည်း မဖြစ်နိုင်တာပဲ၊ ဒါဆို ဘာဖြစ်လို့လဲ... ငါ့နာမည်ကို ကြားလိုက်တာနဲ့ သူတို့ရဲ့ သဘောထားတွေက ဘာလို့ ဒီလောက်တောင် ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ'
အလွန် ထူးဆန်းလှပေသည်။
သို့သော်လည်း လင်းကျင်းက ဘာမှ ပြန်မပြောဘဲ တိတ်တဆိတ်သာ နေလိုက်၏။ ရှုပ်ထွေးနေသော အခြေအနေများ မရှင်းလင်းသေးမီမှာ မလိုအပ်သော စကားများကို မပြောခြင်းက အကောင်းဆုံး ဖြစ်သည်။ အလွန်ဆုံးရှိလျှင် နောက်မှ အကဲဖြတ်မှူး တန်ရွှင်းကို ဘာတွေ ဖြစ်နေသလဲဆိုသည်ကို မေးကြည့်ရုံသာ ရှိသည်။
အမှန်တကယ်တော့ ဤနေရာ၌ အလုပ်လုပ်နေကြသော လူအများစုမှာ လင်းကျင်း၏ အဆင့်အတန်းကို အသိအမှတ်ပြုရန် ငြင်းဆန်နေကြသည်ဟူသော အချက်ကို လင်းကျင်း လုံးဝ သတိမထားမိပေ။ ဘာပဲဖြစ်ဖြစ် သူ၏ အောင်မြင်မှုမှာ အရှင်မင်းကြီး၏ အထူးတောင်းဆိုချက် မပါဘဲနှင့် မဖြစ်နိုင်ခဲ့ချေ၊ ထို့ကြောင့် အခြားသူများ၏ အမြင်တွင် လင်းကျင်းမှာ အထက်လူကြီးများကို ဖားရုံသာ သိနားလည်သော အရည်အချင်းမရှိသည့် လူအတစ်ယောက်သာ ဖြစ်သည်။ သူတို့၏ မနာလိုစိတ်များကြောင့် လင်းကျင်း ရှိနေခြင်းအပေါ် ဂရုမစိုက်သလို ပြုမူနေကြခြင်းမှာ သဘာဝပင် ဖြစ်သည်။
သို့သော်လည်း ဤလူများမှအပ လင်းကျင်းအပေါ် သူတို့၏ အထင်သေးမှုများကို အခြားမည်သူမျှ မသိရှိကြပေ။
သူတို့နောက်တွင် လိုက်ပါလာသော လူများက ဤအမှန်တရားကို သက်သေပြနေကြသည်။ သူတို့မှာ ထိုသားရဲများ၏ ပိုင်ရှင်များ ဖြစ်ပုံရပြီး အဆင့် (၃) သားရဲအကဲဖြတ်မှူးတစ်ဦးနှင့် ဆုံတွေ့လိုက်ရသောအခါ အဆင့် (၂) အကဲဖြတ်မှူးများ၏ အေးစက်မှုကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ တိုးလာကြသည်။
"ဆရာ... အကဲဖြတ်မှူးဝမ်နဲ့ အကဲဖြတ်မှူးချောင်တို့နဲ့အတူ ကျွန်တော်တို့ရဲ့ သားရဲတွေကို တစ်ချက်လောက် ကြည့်ပေးလို့ ရမလား... ဒီသားရဲတွေက ကျွန်တော်တို့အတွက် အရမ်း အရေးကြီးလို့ပါ... တကယ်လို့ သူတို့ကို ကယ်တင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ တတ်နိုင်သလောက် အဖိုးအခ ပေးပါ့မယ်"
"ဟုတ်ပါတယ်... သူတို့က ဘယ်လိုဖြစ်တယ်မသိဘူး ရုတ်တရက်ကြီး အဆိပ်မိသွားကြတာ... ဆရာက အဆင့် (၃) အကဲဖြတ်မှူးဆိုတော့ ဘာတွေ မှားယွင်းနေသလဲဆိုတာ သိနိုင်မှာပါ... ကျေးဇူးပြုပြီး ကူညီပေးပါဦး"
သူတို့၏ စကားများမှာ အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားကြောင်း သူတို့မှာ လုံးဝ သတိမပြုမိကြပေ။ အေးစက်နေသော အငွေ့အသက်များမှာ ယခုအခါတွင်တော့ ရန်လိုသော မျက်နှာထားများအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
အကဲဖြတ်မှူးချောင်မှာ သွားကြိတ်ရင်း ရုတ်တရက်ပြောလိုက်၏။
"ကြီးမြတ်လှတဲ့ အကဲဖြတ်မှူးလင်းက ဒီသားရဲတွေကို ကြည့်ပေးမယ်ဆိုရင်လည်း ကြည့်ပေါ့ဗျာ၊ ကြွပါ... ဒါက ကျုပ်တို့အတွက်လည်း သင်ခန်းစာကောင်း တစ်ခု ဖြစ်လာမှာပေါ့"
"ဟုတ်တာပေါ့... အကဲဖြတ်မှူးလင်းက အဆင့် (၃) အကဲဖြတ်မှူးပဲဥစ္စာ... ခင်ဗျားတို့ ကံကောင်းတာပဲ ဥက္ကဋ္ဌလျို... ကျုပ်တို့ကတော့ ဒီကြီးမြတ်လှတဲ့ အကဲဖြတ်မှူးလင်းကိုပဲ ခင်ဗျားတို့ရဲ့ သားရဲတွေကို ကုသခွင့် ပေးလိုက်တော့မယ်"
အကဲဖြတ်မှူးဝမ်ကလည်း နှုတ်ခမ်းဖျားလေးက ပြုံးကာ ပြောလိုက်သည်။
ဥက္ကဋ္ဌလျိုနှင့် သူ၏ အဖွဲ့မှာ အစပိုင်းတွင် သတိမထားမိသော်လည်း သူတို့မှာ မျက်စိမကန်းကြချေ။ သူတို့၏ လေသံကို ကြည့်ခြင်းအားဖြင့် အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့မှာ ဤလူငယ် အဆင့် (၃) အကဲဖြတ်မှူးနှင့် သဟဇာတ မဖြစ်ကြကြောင်း ထင်ရှားလှပေသည်။
သူတို့၏ စောစောက မှတ်ချက်မှာ မီးလောင်ရာ လေပင့်သလို ဖြစ်သွားခဲ့လေသလား။
ဥက္ကဋ္ဌလျိုနှင့် သူ၏ အဖွဲ့မှာ ချက်ချင်းပင် ပျာယာခတ်သွားကြသည်။
"ဟို... အကဲဖြတ်မှူးဝမ်၊ ကျွန်တော်တို့ ပြန်စဉ်းစားကြည့်တော့ ဆရာပဲ ဒီအလုပ်ကို လုပ်ပေးတာက အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်... ကျွန်တော်တို့က ဆရာ့ဆီမှာ အရင်ဆုံး အကူအညီ တောင်းခဲ့တာပဲလေ... အကဲဖြတ်မှူးချောင်... ကျွန်တော်တို့က မိတ်ဟောင်းဆွေဟောင်းတွေ မဟုတ်လား... အခု အချိန်ဆွဲနေလို့ မဖြစ်တော့ဘူးလေ"
အကဲဖြတ်မှူးများ၏ ရန်လိုမှုကို ဥက္ကဋ္ဌလျို သတိပြုမိလိုက်သောအခါ ဘာမှ ထပ်မပြောရဲတော့ပေ။ သူတို့၏ သားရဲများ ကုသမှု ခံယူနိုင်ရန်မှာသာ ပထမဦးစားပေး ဖြစ်သည်။
အကဲဖြတ်မှူးဝမ်မှာ အနည်းငယ် စိတ်ဆိုးနေဆဲ ဖြစ်သည်။ သို့သော် အကဲဖြတ်မှူးချောင်က ခဏမျှ စဉ်းစားကြည့်လိုက်ပြီး ယခုအချိန်မှာ လင်းကျင်းအပေါ် ရန်ငြိုးထားရမည့် အချိန်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၏ သားရဲများမှာ ပြင်းထန်သော အဆိပ်သင့် လက္ခဏာများ ပြသနေသဖြင့် သူတို့ ယခုချက်ချင်း လုပ်ဆောင်ရမည် ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။
"ဥက္ကဋ္ဌလျို... စိတ်မပူပါနဲ့... ဒီသားရဲတွေက ပြင်းထန်တဲ့ အဆိပ်သင့်မှု ရှိနေနိုင်ပေမဲ့ အကဲဖြတ်မှူးဝမ်နဲ့ ကျုပ်က သူတို့ကို 'သုံးရွက်အဆိပ်ဖြေဆေး' တွေ တိုက်ကျွေးထားပြီးပါပြီ... လောလောဆယ်တော့ သူတို့ အဆင်ပြေသွားမှာပါ"
၎င်းမှာ အားပေးစကားများ ဖြစ်သဖြင့် ဥက္ကဋ္ဌလျိုနှင့် အခြားသူများမှာ သက်ပြင်းချနိုင်သွားကြသည်။ ထိုလူ ပြောသည်ကို ကြားလိုက်ရသောအခါ လင်းကျင်း တစ်ဦးတည်းသာ မျက်မှောင်ကြုတ်သွားခဲ့၏။
သေချာသည်မှာ သူသည် သုံးရွက်အဆိပ်ဖြေဆေးအကြောင်း သိရှိထားသည်။ ဤအဆိပ်ဖြေဆေး အမျိုးအစားမှာ ၎င်း၏ ထူးခြားမှုနှင့် ထိရောက်မှုကြောင့် သားရဲအကဲဖြတ်မှူးများကြားတွင် အလွန်ပင် ရေပန်းစားလှသည်။ မည်သည့် အဆိပ်မျိုးပင် ဖြစ်စေကာမူ ဤဖြေဆေးမှာ ဈေးကွက်အတွင်းရှိ အခြားသော ဖြေဆေးများထက် ပိုမို လျင်မြန်စွာ အာနိသင် ပြသနိုင်သဖြင့် လူနာ၏ အသက်ကို ဆွဲဆန့်ပေးနိုင်သည်။
သို့သော်လည်း ၎င်းမှာ ဤမျှအထိ ထိရောက်နေရခြင်းမှာ ၎င်းကိုယ်တိုင်ကလည်း အဆိပ်တစ်မျိုး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ လူအများ ပြောလေ့ရှိကြသကဲ့သို့ မီးကို ငြှိမ်းသတ်ရန် ပိုမို ပြင်းထန်သော မီးကို အသုံးပြုခြင်းပင် ဖြစ်ပေသည်။
ဤအကြောင်းရင်းကြောင့်ပင် ထိုဖြေဆေးကို အလွန်အမင်း ဂရုတစိုက် အသုံးပြုရခြင်း ဖြစ်သည်။
လင်းကျင်းသည် ထိုသားရဲများမှာ အဆိပ်မိနေခြင်း မဟုတ်ကြောင်း သိရှိထားပြီး ဖြစ်သည်။ ပြသနေသော လက္ခဏာများမှာ ဆင်တူနေသော်လည်း အမှန်တကယ်တော့ အဆိပ်သင့်နေခြင်း မဟုတ်ပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ကို အဆိပ်ဖြေဆေး တိုက်ကျွေးခြင်းမှာ လုံးဝ မှားယွင်းသော လုပ်ရပ်ပင် ဖြစ်သည်။
လင်းကျင်းသည် မလိုအပ်သော ပြဿနာများကို ရှောင်ရှားချင်သည်။ ဘာပဲဖြစ်ဖြစ် သူသည် သူလိုချင်သော မှတ်တမ်းများကို ရယူရန်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်နည်းတစ်ဖုံအားဖြင့် သူ မည်မျှပင် ရှောင်ရှားရန် ကြိုးစားပါစေ ပြဿနာများမှာ သူ့ထံသို့ အမြဲတမ်း ရောက်ရှိလာတတ်သည်။
သူသည် သူတို့ကို လျစ်လျူရှုထားရန် ရွေးချယ်နိုင်သော်လည်း အကယ်၍ သူ ထိုသို့ လုပ်ဆောင်လိုက်ပါက ဤသားရဲများမှာ ယနေ့ညကို ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ထိုသို့သာ ဖြစ်လာပါက ပိုင်ရှင်များသာ ခံစားရမည် မဟုတ်ဘဲ သူတို့၏ ဌာနချုပ်နှင့် ဤအဆင့် (၂) အကဲဖြတ်မှူးများ၏ ဂုဏ်သိက္ခာမှာလည်း အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။
သေချာသည်မှာ ထိုအရာများမှာ လင်းကျင်းအတွက် သိပ်ပြီး အရေးမကြီးပေ။ ဤနေရာရှိ အကြီးမားဆုံး ပြဿနာမှာ လင်းကျင်း ကိုယ်တိုင်က ဝင်ရောက်မစွက်ဖက်ဘဲ မနေနိုင်ခြင်းပင် ဖြစ်သည်။
ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက သူသည် သားရဲများအကြောင်း လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း ပညာရပ်များကို သုတေသန ပြုလုပ်ခြင်းတို့တွင် သူ၏ အချိန်အားလုံးကို ရင်းနှီးမြှုပ်နှံခဲ့သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ မှားယွင်းနေကြောင်း၊ ၎င်းမှာလည်း အလွန် ကြီးလေးသော အမှားတစ်ခု ဖြစ်နေကြောင်း သူ ရှင်းရှင်းလင်းလင်း သိမြင်နေရသည်။ သူတို့နှင့် မဆုံတွေ့ခဲ့လျှင် တစ်မျိုးဖြစ်သော်လည်း ယခု ဆုံတွေ့လိုက်ရပြီဖြစ်ရာ သူ ဝင်ရောက် တားဆီးပေးရန် တာဝန်ရှိသည်ဟု ခံစားလိုက်ရသည်။
၎င်းကို တိုက်တွန်းလိုစိတ်တစ်ခုဟု ဆိုနိုင်သလို၊ အကဲဖြတ်မှူးများ ဤကဲ့သို့သော အမှားများ ပြုလုပ်နေသည်ကို ကြည့်မနေနိုင်သော စပ်စုမှုတစ်ခုဟုလည်း ပြော၍ ရပေသည်။
၎င်းမှာ သူတို့၏ မာနကို စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားလျှင်ပင်။
လင်းကျင်းကတော့ ဂရုမစိုက်တော့ချေ။ သူတို့က စောစောက ရိုင်းပျခဲ့ကြသည်ဖြစ်ရာ သူတို့၏ ခံစားချက်များကို သူ အလေးထားနေစရာ မလိုတော့ပေ။ ထို့ပြင် သူက သူတို့ကို ကူညီရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ခြုံငုံကြည့်လျှင် ၎င်းမှာ ကောင်းမှုတစ်ခုပင် ဖြစ်ပေသည်။
လင်းကျင်း၏ ကိုယ်ချင်းစာစိတ်ကတော့ ဤအချက်အပေါ်တွင် အဆင်ပြေနေခဲ့သည်။
ထို့ကြောင့် အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့ သူတို့၏ ကုသမှုကို မလုပ်ဆောင်မီမှာပင် လင်းကျင်း၏ အသံက ကြားဖြတ် ထွက်ပေါ်လာခဲ့သည်။
"ဒီသားရဲတွေကို 'နှင်းဖားသွေး အဆိပ်ကျဆေးပြား' တွေ ချက်ချင်း တိုက်ကျွေးသင့်တယ်... ဒီဆေးပြားတွေက ဈေးကြီးနိုင်ပေမဲ့ သူတို့ရဲ့ အသက်ကတော့ အဲဒါတွေထက် ပိုပြီး တန်ဖိုးရှိတယ်"
ဤစကားကြောင့် အားလုံးမှာ တိတ်ဆိတ်သွားကြသည်။ ဥက္ကဋ္ဌလျိုနှင့် သူ၏ အဖွဲ့မှာ လင်းကျင်းအား ဇဝေဇဝါဖြင့် စိုက်ကြည့်နေကြစဉ် အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့၏ မျက်နှာထက်တွင်တော့ နားမလည်နိုင်သော အမူအရာများ ပေါ်ထွက်လာခဲ့သည်။ မကြာမီမှာပင် သူတို့၏ ဒေါသများမှာ ဟုန်းဟုန်းတောက် ထလာခဲ့တော့သည်။
"တကယ့်ကို အတင့်ရဲတာပဲ... မင်းက အဆင့် (၃) အကဲဖြတ်မှူး ဖြစ်နေရုံနဲ့ မင်းပြောသမျှ အားလုံး မှန်တယ်လို့ ထင်နေတာလား... နားထောင်စမ်း... ဒါက နားခါးနိုင်ပေမဲ့ မင်းက ဘာအကြောင်းမှ နားမလည်တဲ့ နှာခေါင်းသွေးမတိတ်သေးတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိသေးတာ... ငါတို့ သားရဲတွေကို အကဲဖြတ်နေတဲ့ အချိန်တုန်းက မင်း မွေးတောင် မွေးသေးရဲ့လား မသိဘူး၊ အခု ဘယ်လိုတောင် အရှက်မရှိ ပြုမူနေရတာလဲ"
အကဲဖြတ်မှူးဝမ်၏ စောစောက ဒေါသမှာ ငြိမ်သက်သွားခြင်း မရှိသေးပေ။ လင်းကျင်းမှာ အဓိပ္ပာယ်မရှိသော စကားများ ပြောနေသည်ဟု မှားယွင်းစွာ ယူဆလိုက်မိသဖြင့် သူ ယခုအခါ ပို၍ပင် စိတ်တိုသွားခဲ့ရသည်။
သူတို့ ဤသို့ တုံ့ပြန်ရခြင်းမှာ အဓိကအားဖြင့် လင်းကျင်း၏ လေသံမှာ သူတို့အား 'ဆုံးမ' နေသကဲ့သို့ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ လင်းကျင်းသည် သူ၏ စကားအတွက် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့သဖြင့် ၎င်းမှာ မိတ်ဆွေတစ်ဦး၏ အကြံပေးချက်ထက် အမိန့်တစ်ခုနှင့် ပို၍ တူနေခဲ့သည်။
အကဲဖြတ်မှူး နှစ်ဦးစလုံးမှာ သူတို့၏ လက်အောက်တွင် အလုပ်သင်များစွာ ရှိကြသဖြင့် ဤကဲ့သို့သော လေသံနှင့် အကျွမ်းတဝင် ရှိနေကြသည်။ ၎င်းမှာ သူတို့၏ တပည့်များကို ပြောဆိုရာတွင် အသုံးပြုလေ့ရှိသော လေသံမျိုးပင် ဖြစ်သည်။
ကိုယ်ပိုင် ဆက်နွှယ်မှုများကြောင့်သာ ထိုရာထူးကို ရရှိထားသော အဆင့် (၃) အကဲဖြတ်မှူးတစ်ဦး၏ ဆုံးမမှုကို မည်သူမျှ သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
အကဲဖြတ်မှူးချောင်ကလည်း အလားတူပင် ဒေါသထွက်နေပုံရသည်။
"အကဲဖြတ်မှူးလင်း... ခင်ဗျား အတော်လေး လွန်လာပြီနော်... ကျုပ်တို့ စောစောက ခင်ဗျားအပေါ် ရိုင်းပျခဲ့ရင်တောင် ဒါကို သီးသန့် ဖြေရှင်းလို့ ရပါတယ်... အခုလိုမျိုး လူပုံအလယ်မှာ ကျုပ်တို့ကို အရှက်ခွဲပြီး ခင်ဗျား ဘာတွေ ရယူချင်နေတာလဲ"
လင်းကျင်း၏ မျက်မှောင်များ ကြုတ်သွားခဲ့သည်။
သူသည် စောစောက အတော်လေး ထိန်းသိမ်းခဲ့သလို သူတို့အပေါ် လုံလောက်သော လေးစားမှုလည်း ထားရှိခဲ့သည်။ သူတို့သည် သူတို့၏ ဖောက်သည်များ၏ သားရဲများကို မှားယွင်းစွာ အဆိပ်တိုက်ကျွေးနေမိကြောင်း ချက်ချင်း ထုတ်မပြောခဲ့ဘဲ ပြဿနာကို ဖြေရှင်းရန်အတွက် နှင်းဖားသွေး အဆိပ်ကျဆေးပြားများကို အသုံးပြုရန်သာ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာလည်း မသင့်လျော်ဘူးလား။
လင်းကျင်းမှာလည်း သည်းခံနိုင်စွမ်း အကန့်အသတ် ရှိသည်ဖြစ်ရာ သူက ပြန်လည် တုံ့ပြန်လိုက်၏။
"မိတ်ဆွေ အကဲဖြတ်မှူးတို့... ကျုပ် ခင်ဗျားတို့ကို ဘယ်လို စော်ကားမိသလဲဆိုတာ မသိပေမဲ့ ကျုပ် ခင်ဗျားတို့ကို အရှက်ခွဲဖို့ ကြိုးစားနေတယ်လို့ ထင်ရင်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆပါပဲ... အမှန်တကယ်တော့ အဆိပ်မိနေတာ မဟုတ်တဲ့ သားရဲတစ်ကောင်ကို သုံးရွက်အဆိပ်ဖြေဆေး တိုက်ကျွေးလိုက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်တွေကို ခင်ဗျားတို့ နှစ်ယောက်လုံး စဉ်းစားကြည့်ဖူးရဲ့လား"
အခန်း (၃၆၄) - ချွေးပြန်သွားခြင်း
လင်းကျင်းသည် သူတို့ကို ကူညီရန် စိတ်ဝင်စားနေဆဲဖြစ်သဖြင့် တတ်နိုင်သမျှ သွယ်ဝိုက်သောနည်းဖြင့် အရိပ်အမြွက်ပြခဲ့သည်။ သို့သော်လည်း ဤအကဲဖြတ်မှူးများမှာ သူ ဘာကို ဆိုလိုနေသည်ကို နားမလည်ကြခြင်း သို့မဟုတ် နားမလည်ချင်ယောင် ဆောင်နေကြခြင်းပင် ဖြစ်သည်။ ယခုအခါ သူတို့က လင်းကျင်းကိုသာ အပြစ်ပုံချနေကြပြီဖြစ်ရာ လင်းကျင်းအနေဖြင့် ပိုမို ပွင့်လင်းစွာ ပြောဆိုရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
သေချာသည်မှာ သူ၏ မှတ်ချက်စကားအပြီးတွင် သူတို့၏ မျက်နှာထားများမှာ ပို၍ပင် ဆိုးရွားသွားခဲ့သည်။
သားရဲအကဲဖြတ်မှူးများသည် သူတို့၏ ရောဂါရှာဖွေမှုကို မေးခွန်းထုတ်ခံရခြင်းအား အလွန်ပင် မုန်းတီးကြသည်၊ အတွေ့အကြုံရှိသော အကဲဖြတ်မှူးများအတွက်မူ ပို၍ပင် ဆိုးရွားလှပေသည်။
အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့မှာ အသက် လေးဆယ့်ငါးနှစ်အရွယ်များ ဖြစ်ကြပြီး လူအများ၏ အမြင်တွင် သူတို့မှာ အတွေ့အကြုံရင့် ဝါရင့်ပညာရှင်များ ဖြစ်ကြသည်။ လူပုံအလယ်တွင် မှားယွင်းသော အကဲဖြတ်မှု ပြုလုပ်မိသည်ဟု စွပ်စွဲခံရခြင်းနှင့် မှားယွင်းသော ကုသမှု ပေးမိသည်ဟု အပြောခံရခြင်းမှာ မျက်နှာကို ဖြတ်ရိုက်ခံရသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
"မင်း... မင်း ဘာတွေ လျှောက်ပြောနေတာလဲ... ငါ သားရဲတွေကို အကဲဖြတ်နေတဲ့ အချိန်တုန်းက မင်း မွေးတောင် မွေးသေးတာ မဟုတ်ဘူး... မင်းလို အဆင့် (၃) အကဲဖြတ်မှူး အတုအယောင် တစ်ယောက်က ငါတို့ရဲ့ ရောဂါရှာဖွေမှုကို မေးခွန်းထုတ်ရအောင် ဘာအခွင့်အရေး ရှိလို့လဲ"
အကဲဖြတ်မှူးဝမ်က တစ်ချိန်လုံး ဖိနှိပ်ထားခဲ့သော ဒေါသများကို ပေါက်ကွဲထုတ်လိုက်တော့သည်။
နောက်ဆုံးတော့ သူတို့ ဘာကြောင့် သူ့အပေါ် ဤမျှအထိ ရန်လိုနေကြသလဲဆိုသည်ကို လင်းကျင်း နားလည်သွားခဲ့သည်။
သူ အဆင့် (၃) ရာထူး တိုးသွားခဲ့သောကြောင့် ဖြစ်သည်။
သူ ခဏမျှ စဉ်းစားကြည့်လိုက်သောအခါ ၎င်းမှာ အတော်လေး ယုတ္တိရှိကြောင်း သဘောပေါက်လိုက်သည်။
သားရဲအကဲဖြတ်ခြင်းမှာ အစကတည်းက ဝင်ရောက်ရန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။ အဆင့် (၁) ရရှိပြီးနောက်တွင်လည်း အဆင့် (၂) အတားအဆီးကို ကျော်ဖြတ်ရန်မှာ အလားတူပင် ခက်ခဲလှပေသည်။ ပထမအဆင့် နှစ်ခုကို စာမေးပွဲများ ဖြေဆိုခြင်းဖြင့် ရရှိနိုင်သော်လည်း နောက်ထပ် တိုးတက်မှုများအတွက်မူ ထိုမျှနှင့် မလုံလောက်တော့ပေ။ ၎င်းမှာ အချိန်ပိုမို လိုအပ်သလို ဤဌာနချုပ်ရှိ အခြားသော အကဲဖြတ်မှူးများ၏ အသိအမှတ်ပြုမှုကိုလည်း လိုအပ်ပေသည်။
သေချာသည်မှာ အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်လာရန် အရေးကြီးဆုံး စံသတ်မှတ်ချက်မှာ အဆင့် (၂) သားရဲများကို အဆင့် (၃) သို့ အောင်မြင်မှုနှုန်း ကိုးဆယ်ရာခိုင်နှုန်းကျော်ဖြင့် တိုးမြှင့်ပေးနိုင်သော စွမ်းရည် ရှိရမည် ဖြစ်သည်။
ထို့ပြင် အနည်းဆုံး အဆင့် (၃) သားရဲတစ်ကောင်ကို အဆင့် (၄) သို့ အောင်မြင်စွာ တိုးမြှင့်ပေးနိုင်ရန်လည်း လိုအပ်သည်။
ဤအခြေအနေ နှစ်ရပ်လုံး ပြည့်စုံမှသာ အဆင့် (၃) သားရဲအကဲဖြတ်မှူး ဘွဲ့ထူးကို ရရှိနိုင်မည် ဖြစ်သည်။
အကဲဖြတ်မှူး အများအပြားမှာ ဤအခြေအနေ တစ်ရပ်ရပ်တွင် ပိတ်မိနေတတ်ကြပြီး အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့မှာလည်း ထိုနည်းတူပင်။ သူတို့သည် အဆင့် (၂) ရရှိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အဆင့် (၃) သို့ တက်လှမ်းရန် ခရီးမှာတော့ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
'အဆင့် (၃) သားရဲအကဲဖြတ်မှူး' ဟူသော အသုံးအနှုန်းမှာ သူတို့အတွက် စွဲလမ်းမှုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ၎င်းမှာ သူတို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ကာ လိုက်လံ ရှာဖွေနေခဲ့ရသော အရာဖြစ်ပြီး ယခုတွင်မူ အခြားတစ်ယောက်က နောက်ဖေးပေါက်မှတစ်ဆင့် လွယ်လွယ်ကူကူ ရရှိသွားသည်ဆိုပါက သူတို့ဘက်က အသိအမှတ်ပြုရန် ခက်ခဲနေမည်မှာ မဆန်းပေ။
အကဲဖြတ်မှူးချောင်ကလည်း နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်၏။
"အကဲဖြတ်မှူးလင်း... ခင်ဗျားက ကျုပ်တို့ရဲ့ ရောဂါရှာဖွေမှု မှားနေတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ခင်ဗျား လုပ်ခဲ့တာက ဒီသားရဲတွေကို တစ်ချက် ကြည့်လိုက်ရုံပဲ ရှိသေးတာ... ဒီလောက် မြန်မြန်ဆန်ဆန် ကောက်ချက်ချလိုက်တာက အဓိပ္ပာယ်မရှိသလို တကယ့်ကို တာဝန်မဲ့ရာ ကျလွန်းတယ်... စကားမပြောခင် အနီးကပ် တစ်ချက်လောက် ထပ်ပြီး စစ်ဆေးကြည့်ပါဦးလား"
ဒေါသကြီးသော အကဲဖြတ်မှူးဝမ်နှင့် နှိုင်းယှဉ်လျှင် အကဲဖြတ်မှူးချောင်မှာ ပို၍ တည်ငြိမ်လှသည်။ အကဲဖြတ်မှူးလင်းက သူတို့ မှားယွင်းနေသည်ဟု ဆိုနေမှတော့ သူ့ကို အနီးကပ် ကြည့်ခိုင်းလိုက်လျှင် ဘာဖြစ်မည်နည်း။
အကဲဖြတ်မှူးချောင်သည် သူတို့၏ အကဲဖြတ်မှု ရလဒ်အပေါ် သိသိသာသာပင် ယုံကြည်မှု ရှိနေသည်။ သူ တစ်ယောက်တည်း လုပ်ခဲ့ခြင်း မဟုတ်ဘဲ အကဲဖြတ်မှူးဝမ်နှင့် အတူတူ လုပ်ခဲ့ခြင်းဖြစ်ရာ သူတို့ နှစ်ဦးလုံး တစ်ချိန်တည်းမှာ အမှားတူ ပြုလုပ်မိရန်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
ထို့ကြောင့် လင်းကျင်းသည် တမင်တကာ ပြဿနာရှာနေခြင်းသာ ဖြစ်ကြောင်း သူ သေချာနေသည်။ ထိုသို့ ဖြစ်နေမှတော့ သူသည် ထိုလူနှင့် ယုတ္တိရှိရှိ ဆွေးနွေးရပေလိမ့်မည်။ အလွန်ဆုံးရှိလျှင် ပြဿနာ တစ်ခု ဖြစ်သွားရုံသာ ရှိပြီး နောက်ဆုံးတွင် မည်သူက အမှန်ဖြစ်သည်ကို သိရှိရပေလိမ့်မည်။
လင်းကျင်းက ခေါင်းခါလိုက်သည်။
"ကျုပ် စောစောကပဲ သူတို့ကို အကဲဖြတ်ပြီးပါပြီ၊ ထပ်ပြီး အကဲဖြတ်နေတာက အပိုပဲ ဖြစ်လိမ့်မယ်... အဲဒီအစား ခင်ဗျားတို့ကသာ ခင်ဗျားတို့ရဲ့ စောစောက အကဲဖြတ်မှုကို ပြန်ပြီး စစ်ဆေးသင့်တယ်"
ဤတစ်ကြိမ်တွင်တော့ အကဲဖြတ်မှူးချောင်မှာ သွားကြိတ်လိုက်ရင်း ပြောလိုက်၏။
"လင်းကျင်း... မင်းက သူတို့ကို ကြည့်ရုံလေး ကြည့်ပြီးတော့ ငါတို့ မှားနေတယ်လို့ ပြောနေတာလား... မင်းက တကယ်ပဲ မင်းကိုယ်မင်း အဆင့် (၃) အကဲဖြတ်မှူးလို့ ထင်နေတာလား... တကယ်လို့ ဒါကို အကဲဖြတ်မှူးတန်က ပြောတာဆိုရင်တော့ ငါ ယုံပါ့မယ်... မင်းကလား... မေ့လိုက်စမ်းပါ"
အကဲဖြတ်မှူးဝမ်ကလည်း အလားတူပင် စိတ်ပျက်နေပုံရသည်။
"သွားစို့... ဒီကောင်လေးနဲ့ စကားပြောနေတာက အချိန်ကုန်တာပဲ အဖတ်တင်တယ်"
ထိုစဉ်မှာပင် အလှည့်ကျ တာဝန်ကျနေသော အကဲဖြတ်မှူးအိုယန် ရောက်ရှိလာခဲ့သည်။
သူသည် သူတို့၏ အနည်းငယ်သော အခြေအတင် ဖြစ်မှုများကို ကြားခဲ့ပြီး ဖြစ်သည်။
သူသည် ဝိညာဉ်မျက်စိကို အသုံးပြုကာ သားရဲများကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်၏။ အကဲဖြတ်မှူးအိုယန်သည် အဆင့် (၁) အကဲဖြတ်မှူး တစ်ဦးသာ ဖြစ်သော်လည်း သူ၏ အတွေ့အကြုံမှာတော့ အလွန်ပင် များပြားလှသည်။ သူ၌ ထူးခြားသော နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်းများ မရှိနိုင်သလို သင်ယူရန် အခွင့်အရေးလည်း မရခဲ့သော်လည်း သားရဲများ၏ အဆိပ်သင့် လက္ခဏာများကို ခွဲခြားနိုင်စွမ်းအပေါ်မှာတော့ သူ အတော်လေး ယုံကြည်မှု ရှိသည်။
ထောင့်တစ်နေရာမှ တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် သူသည်လည်း သားရဲများ၏ အခြေအနေမှာ ထူးဆန်းနေကြောင်း တွေ့ရှိလိုက်ရသည်။ ယုတ္တိရှိရှိ ပြောရလျှင် အကယ်၍ ၎င်းတို့မှာ အမှန်တကယ် အဆိပ်မိနေခြင်းဖြစ်ပါက အဆိပ်ဖြေဆေးမှာ ယခုအချိန်တွင် အာနိသင် ပြနေသင့်ပြီ ဖြစ်သည်။ သားရဲများ၏ အခြေအနေမှာ တိုးတက်မလာလျှင်ပင် အခြားသော လက္ခဏာအချို့ကို ပြသနေသင့်သည်။ သူ ပြောနိုင်သလောက်တော့ ဤသားရဲများ ပြသနေသော လက္ခဏာများမှာ အဆိပ်ဖြေဆေးကြောင့် ဖြစ်ပေါ်လာသော အဆိပ်အတောက် လွန်ကဲခြင်းနှင့် ပို၍ တူနေခဲ့သည်။
ကိုယ်တိုင် ကြုံတွေ့ဖူးသော အတွေ့အကြုံမှာ လူတစ်ယောက်အနေဖြင့် စကားပြောဆိုရန် အခွင့်အရေး ရှိ၊ မရှိ ဆုံးဖြတ်ပေးသော အဓိက အချက်ပင် ဖြစ်သည်။
အကဲဖြတ်မှူးအိုယန်သည် ယခင်က အလားတူ အမှားမျိုး ပြုလုပ်ဖူးခဲ့သည်။ သူသည် ထိုအဆိပ်ဖြေဆေးကိုပင် အသုံးပြုကာ တစ်စုံတစ်ဦး၏ သားရဲအား မှားယွင်းစွာ အဆိပ်သင့်စေခဲ့ဖူးသည်။ ထိုဖြစ်ရပ်မှာ ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့သဖြင့် အကဲဖြတ်မှူးအိုယန်၏ စိတ်ထဲတွင် အမှတ်ရနေဆဲ ဖြစ်သည်။ သူသည် ထိုအချိန်က လက္ခဏာများကို ကောင်းကောင်း မှတ်မိနေခဲ့သည်။
ဤအကြောင်းရင်းကြောင့်ပင် သူသည် သားရဲများ၏ လက္ခဏာများတွင် ရှိနေသော ထူးဆန်းမှုကို သတိပြုမိခြင်း ဖြစ်သည်။
အကဲဖြတ်မှူးအိုယန်သည် ဘာပဲဖြစ်ဖြစ် လင်းကျင်း၏ ထောက်ခံမှုကို ရယူရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ အကဲဖြတ်မှူးလင်း မှန်ကန်နေကြောင်း သူ အတည်ပြုနိုင်လိုက်သဖြင့် သူ၏ ဦးနှောက်ထဲတွင် ဉာဏ်အလင်း တစ်ခု ပွင့်သွားခဲ့သည်။ သူသည် ပြတ်သားစွာပင် ရှေ့သို့ တိုးထွက်လာခဲ့၏။
"အကဲဖြတ်မှူးဝမ်၊ အကဲဖြတ်မှူးချောင်... ကြားဖြတ် ပြောမိတာကို ခွင့်လွှတ်ပါ၊ ဒါပေမဲ့ အကဲဖြတ်မှူးလင်း ပြောတာ မှန်ပါတယ်... အခု ပြနေတဲ့ အဆိပ်သင့် လက္ခဏာတွေက တကယ်တော့ သုံးရွက်အဆိပ်ဖြေဆေး လွန်ကဲမှုကြောင့် ဖြစ်နေတာပါ... တစ်နည်းအားဖြင့် ပြောရရင် သူတို့က အစကတည်းက အဆိပ်မိနေတာ မဟုတ်ပါဘူး... မဟုတ်ရင် သူတို့ အခုလောက်ဆို သက်သာနေသင့်ပြီ... အန္တရာယ် မဖြစ်အောင် ခင်ဗျားတို့ နှစ်ယောက်လုံး သူတို့ကို ထပ်ပြီး စစ်ဆေးကြည့်ဖို့ ကျုပ် တောင်းဆိုချင်ပါတယ်"
အကဲဖြတ်မှူးအိုယန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
ရောက်ရှိနေသူ အားလုံးထဲတွင် သူ၏ အဆင့်မှာ အနိမ့်ဆုံးဖြစ်သဖြင့် သူ၏ လေသံကို သူ သတိထားနေရသည်။ သို့သော်လည်း လင်းကျင်းအား ကူညီလိုသော ဆန္ဒမှာတော့ သူ၏ အပြုအမူတွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။
"အိုယန်ထုံ... မင်းက ဒီမှာ ဝင်ပြောစရာ နေရာမရှိဘူး... မင်းက ဘာမို့လို့လဲ"
အကဲဖြတ်မှူးဝမ်မှာ ဒေါသများ ငယ်ထိပ်သို့ ရောက်သွားခဲ့ရသည်။ အဆင့် (၁) အကဲဖြတ်မှူးလေး တစ်ယောက်ကပင် သူ့အား မေးခွန်းထုတ်ဝံ့သည်ဆိုပါက သူ၏ ယနေ့မှာ ဒီထက်ပို၍ ဆိုးလာစရာ အကြောင်းမရှိတော့ပေ။
သို့သော်လည်း သူ၏ နှလုံးသားမှာ ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားခဲ့ပြီး သားရဲများကို သူ မသိမသာ လှမ်းကြည့်လိုက်မိသည်။
အကဲဖြတ်မှူးချောင်ကတော့ ပို၍ တည်ငြိမ်လှသည်။ သူသည် အိုယန်ထုံကို ကြည့်လိုက်၏။ ဌာနချုပ်ရှိ အကဲဖြတ်မှူး အများအပြားထဲတွင် အိုယန်ထုံမှာ လျစ်လျူရှုခံရဆုံး လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့သော် ထိုအကြောင်းရင်းကြောင့်ပင် သူသည် လင်းကျင်းနှင့် ပူးပေါင်းရန်မှာ မဖြစ်နိုင်သဖြင့် အကဲဖြတ်မှူးချောင်မှာ သူ၏ စကားကို စတင် ယုံကြည်လာခဲ့သည်။ သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် သားရဲများကို ထပ်မံ စစ်ဆေးရန် သွားလိုက်၏။
ဤတစ်ကြိမ်တွင်တော့ သူ၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့ရသည်။
"ဘာလို့ ဒါမျိုး ဖြစ်ရတာလဲ"
အကဲဖြတ်မှူးချောင်၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။
သူသည် အကဲဖြတ် မန္တန်များကို အလျင်အမြန် အသုံးပြုလိုက်ပြီး ဤတစ်ကြိမ်တွင်တော့ ရလဒ်များက သူ၏ မျက်နှာမှ သွေးရောင်ကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။ သူက "ဒါတော့ မလွယ်တော့ဘူး" ဟု ရေရွတ်လိုက်မိ၏။
အကဲဖြတ်မှူးဝမ်လည်း အနားသို့ ရောက်ရှိလာပြီး နောက်ထပ် အကဲဖြတ်မှု တစ်ခုကို ပြုလုပ်လိုက်သည်။ သူ၏ နောက်ဆုံး အမူအရာမှာလည်း အကဲဖြတ်မှူးချောင်ထက် ပို၍ ကောင်းမွန်ခြင်း မရှိဘဲ သူ၏ လက်များပင်လျှင် အနည်းငယ် တုန်ရင်နေခဲ့သည်။
"သူတို့က တကယ်ပဲ သုံးရွက်အဆိပ်ဖြေဆေးကြောင့် အဆိပ်သင့်နေတာပဲ... ဘယ်လို... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ... ဆေးပညာ သီအိုရီအရဆိုရင် ဒါက အဆိပ်ကို ပြန်ပြီး တိုက်ဖျက်ပေးရမှာ မဟုတ်လား၊ အခု ဘာလို့ အဆိပ်သင့်တဲ့ လက္ခဏာတွေ ပြနေရတာလဲ... ပြီးတော့ အဆိပ်က သူတို့ရဲ့ ကလီစာတွေထဲအထိတောင် ရောက်နေပြီ..."
အကဲဖြတ်မှူးဝမ်က သူ၏ နဖူးမှ ချွေးစက်များကို သုတ်ရင်း ရေရွတ်နေမိတော့သည်။
လောလောဆယ် အခြေအနေမှာ လင်းကျင်း ဖော်ပြခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ဤသားရဲများကို နှင်းဖားသွေး အဆိပ်ကျဆေးပြားများ တိုက်ကျွေးမှသာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖြေဖျောက်နိုင်ပေလိမ့်မည်။
အကဲဖြတ်မှူးချောင်ကတော့ အမှန်တရားကို လက်မခံချင်သေးသဖြင့် ထပ်မံ စစ်ဆေးရန် ကြိုးစားနေဆဲ ဖြစ်သည်။ အကဲဖြတ်မှူးဝမ်၏ ဒေါသများ ရှိနေလျှင်ပင် အခြေအနေမှာ အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း သူ သိရှိထားသည်။ စက္ကန့်တိုင်းမှာ အရေးကြီးလှသဖြင့် သူတို့ ယခုချက်ချင်း ပြတ်ပြတ်သားသား လုပ်ဆောင်ရမည် ဖြစ်သည်။
"နှင်းဖားသွေး အဆိပ်ကျဆေးပြားတွေ သွားယူချေ... မြန်မြန်"
သူ၏ အလုပ်သင်တစ်ဦးမှာ ၎င်းတို့ကို သွားရောက် ယူဆောင်ရန် အလျင်အမြန် ပြေးထွက်သွားတော့သည်။