အခန်း (၃၆၅-၃၆၆)
Vol. 19 Ch. 365-366
အခန်း (၃၆၅) - လုံးဝ ဥဿုံ အယုံအကြည်ရှိသွားခြင်း
နှင်းဖားသွေး အဆိပ်ကျဆေးပြားများမှာ အလွန်ပင် ဈေးကြီးလှသဖြင့် သူတို့အဖွဲ့တွင် ထိုဆေးများ ပါမလာခဲ့ကြချေ။ ထို့ကြောင့် ဆေးသိုလှောင်ရုံသို့ လူလွှတ်ကာ သွားယူခိုင်းလိုက်ရပြီး အချိန်အလွန်အမင်း မကြာစေရန်သာ ဆုတောင်းနေရတော့သည်။
"ငါတို့ ဒီတိုင်း ထိုင်စောင့်နေလို့ မဖြစ်ဘူး"
အကဲဖြတ်မှူးဝမ်သည် ဆေးသိုလှောင်ရုံသို့ သွားပြန်လျှင် မည်မျှကြာမည်ကို သိရှိထားသည်။ အဆိပ်မိနေသော သားရဲများထဲတွင် အချို့မှာ အဆိပ်သင့်မှု အလွန်ပြင်းထန်နေသဖြင့် ထပ်မံ စောင့်ဆိုင်းရန် အချိန်မရှိတော့ပေ။
အကဲဖြတ်မှူးဝမ်သည် အပ်များကို ချက်ချင်း ထုတ်ယူလိုက်သည်။ အပ်စိုက်ကုသခြင်းမှာ သားရဲအကဲဖြတ်မှူးများအတွက် မရှိမဖြစ် လိုအပ်သော ကိရိယာဖြစ်သဖြင့် နေရာတိုင်းသို့ ယူဆောင်သွားလေ့ ရှိကြသည်။ အကဲဖြတ်မှူးဝမ်၏ အပ်အိတ်ကလေးမှာ ဟောင်းနွမ်းနေပြီး အပေါ်ယံအလွှာမှာပင် ပွန်းပဲ့နေသည်ကို ကြည့်ခြင်းဖြင့် သူ ၎င်းကို အသုံးပြုခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှပေသည်။
ယခုအချိန်တွင်တော့ အကဲဖြတ်မှူးချောင်သည်လည်း လက်ရှိ အခြေအနေကို လက်ခံလိုက်ပြီ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံး သားရဲများကို တတိယအကြိမ်မြောက် အကဲဖြတ်ပြီးနောက်တွင်တော့ ၎င်းတို့မှာ သုံးရွက်အဆိပ်ဖြေဆေးကြောင့် အဆိပ်သင့်နေခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ သူတို့ ဇဝေဇဝါဖြစ်ကာ မယုံကြည်နိုင်ဖြစ်နေလျှင်ပင် အမှန်တရားကတော့ အမှန်တရားပင် ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ဆိုလိုက်သည်။
"သူတို့ကို နှင်းဖားသွေး အဆိပ်ကျဆေးပြားတွေ တိုက်လိုက်ရင်တောင် အဆိပ်အားလုံးကို လုံးဝ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး... အဆိပ်အတောက်တွေကို ထိန်းချုပ်ဖို့အတွက် အပ်စိုက်ကုသခြင်း အကူအညီ လိုအပ်လိမ့်မယ်.. အကဲဖြတ်မှူးဝမ်... ကျုပ်လည်း ခင်ဗျားကို ကူညီမယ်"
အကဲဖြတ်မှူးချောင်သည်လည်း သူ၏ အပ်များကို ထုတ်ယူလိုက်သော်လည်း ယခုအခါတွင်တော့ သူ အနည်းငယ် အားကိုးရာမဲ့သလို ခံစားနေရသည်။ အဆိပ်မိနေသော သားရဲ ငါးကောင်ရှိနေသဖြင့် သူနှင့် အကဲဖြတ်မှူးဝမ် နှစ်ယောက်တည်းဖြင့် အားလုံးကို တစ်ပြိုင်နက် မကုသနိုင်ပေ။ ယခုမှာ ညဉ့်နက်နေပြီဖြစ်ရာ အခြားသော အကဲဖြတ်မှူးများကို ခေါ်လျှင်ပင် သူတို့ အချိန်မီ ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။
ထို့နောက် သူသည် လင်းကျင်းနှင့် အိုယန်ထုံတို့အား လှမ်းကြည့်လိုက်သည်။
လင်းကျင်းသည် သူ ဘာပြောတော့မည်ကို သိရှိထားသည်။ သူတို့၏ စောစောက အခြေအတင် ဖြစ်မှုများကို ဘေးဖယ်ထားလိုက်ကာ အကဲဖြတ်မှူးချောင် အကူအညီ မတောင်းမီမှာပင် လင်းကျင်းက "ကျုပ်ကို ကူညီခွင့်ပေးပါ" ဟု ကမ်းလှမ်းလိုက်၏။
"ကျွန်တော်လည်း ကူညီပါ့မယ်"
အိုယန်ထုံကလည်း လင်းကျင်းနောက်မှ လိုက်၍ ဆိုလိုက်သည်။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ်" ယ
လင်းကျင်း မှန်ကန်နေကြောင်း သိလိုက်ရပြီးနောက် အကဲဖြတ်မှူးချောင်၏ စိတ်ထားမှာ ပျော့ပြောင်းသွားခဲ့သည်။ ထိုလူမှာ သူတို့ကို တမင် စော်ကားရန် ကြိုးစားနေခြင်း မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။ သို့သော် ယခုမှာ ထိုအကြောင်းများကို ပြောနေရမည့် အချိန်မဟုတ်ပေ။ သားရဲ ငါးကောင်ကို လေးယောက်တည်းဖြင့် ကိုင်တွယ်ရန်မှာ အနည်းငယ် ပင်ပန်းလှပေသည်။ ဘာပဲဖြစ်ဖြစ် အပ်စိုက်ကုသခြင်းမှာ စိတ်အာရုံကို အပြည့်အဝ စူးစိုက်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
"တကယ်လို့ ခက်ခဲမယ်ဆိုရင် ကျုပ် သားရဲ နှစ်ကောင်ကို ကြည့်ပေးလို့ ရပါတယ်"
အကဲဖြတ်မှူးချောင်အား ပြောပြီးပြီးချင်းမှာပင် လင်းကျင်းသည် လက်ကို မြှောက်ကာ သားရဲ နှစ်ကောင်ထံသို့ အပ်များ စိုက်လိုက်တော့သည်။ သူ၏ လုပ်ဆောင်ချက်မှာ အလွန်ပင် လျင်မြန်ပြီး တိကျလှသဖြင့် အကဲဖြတ်မှူးချောင်မှာ ယခင်က ဤကဲ့သို့သော အရည်အချင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
အပ်စိုက်ကုသခြင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့သော အကဲဖြတ်မှူးချောင်အနေဖြင့် တစ်ချက် ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူ၏ အရည်အချင်းကို သိရှိနိုင်သည်။ လင်းကျင်း၏ လုပ်ဆောင်ချက်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့၏။
'အံ့ဩစရာပဲ'
လင်းကျင်း၏ အပ်စိုက်ကုသခြင်းမှာ မြန်ဆန်သည်၊ တိကျသည်၊ တည်ငြိမ်သည် ဟုပင် ဆိုရပေလိမ့်မည်။
လင်းကျင်းက သားရဲ နှစ်ကောင်အတွင်းရှိ အဆိပ်များကို ထိန်းချုပ်ရန် စတင် လုပ်ဆောင်လိုက်ပြီ ဖြစ်ရာ သူတို့၏ အကြီးမားဆုံး အခက်အခဲမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ဘဲ အကဲဖြတ်မှူးချောင်သည် သားရဲ တစ်ကောင်ကို စတင် ကုသလိုက်ပြီး အကဲဖြတ်မှူးအိုယန်ကလည်း ထိုနည်းတူပင် လုပ်ဆောင်လိုက်သည်။
ခဏမျှအတွင်း မြင်ကွင်းတစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။ ဥက္ကဋ္ဌလျိုနှင့် သူ၏ အဖွဲ့မှာ ကုသမှု လုပ်ငန်းစဉ်ကို ရပ်ကြည့်နေကြရင်း လက်ရှိ အခြေအနေကို ဖြည်းဖြည်းချင်း နားလည်လာကြသည်။
အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့မှာ အမှန်တကယ်ပင် အမှားပြုလုပ်မိခဲ့ပုံရသည်။ သို့သော်လည်း လုပ်ငန်းစဉ်မှာ အလွန်ပင် နုနယ်လှသဖြင့် သူတို့ မကျေမနပ် ဖြစ်နေလျှင်ပင် အကဲဖြတ်မှူးများကို မနှောင့်ယှက်ရဲကြပေ။
အမှန်တကယ်တော့ သားရဲ နှစ်ကောင်ကို တစ်ပြိုင်နက် အပ်စိုက်ကုသရန်မှာ လင်းကျင်းအတွက် အလွန်ပင် လွယ်ကူလှပေသည်။ သူသည် သူ၏ ရစ်ပတ်အပ်နည်းစနစ်ကို အသုံးပြုကာ ငါးကောင်လုံးကိုပင် တစ်ပြိုင်နက် ကိုင်တွယ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း တစ်ခါတစ်ရံတွင် မိမိကိုယ်ကိုယ် နှိမ့်ချထားခြင်းက ပို၍ ကောင်းမွန်လှပေသည်၊ သို့မဟုတ်ပါက သူသည် ပြဿနာများကိုသာ ပို၍ ဆွဲဆောင်မိပေလိမ့်မည်။
သူသည် အခြား သုံးယောက် ကုသနေသည်ကိုလည်း စောင့်ကြည့်နေပြီး အကယ်၍ သူတို့ထဲမှ တစ်ဦးဦး မတောင့်ခံနိုင်တော့ပါက လင်းကျင်းက ထိုသားရဲအား လွှဲပြောင်းရယူမည် ဖြစ်သည်။ ပြောရမည်ဆိုလျှင် လင်းကျင်း၌ နှင်းဖားသွေး အဆိပ်ကျဆေးပြား မပါဘဲ အဆိပ်ဖြေဖျောက်နိုင်မည့် နည်းလမ်းများစွာ ရှိနေသည်။ ရစ်ပတ်အပ်နည်းစနစ် တစ်ခုတည်းဖြင့်ပင် သူ လိုချင်သော ပန်းတိုင်ကို ရောက်ရှိနိုင်သည်။
လင်းကျင်းသည်လည်း ထိုအတိုင်းပင် လုပ်ဆောင်နေခဲ့သည်။
ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သောအခါ ငွေအပ်များမှာ သားရဲများ၏ ခန္ဓာကိုယ်အတွင်း လှုပ်ရှားသွားကြသည်။ ထိုသားရဲ နှစ်ကောင်လုံးမှာ သာမန်လူများအတွက် အလွန်ပင် ဈေးကြီးလှသော ကောင်းမွန်သည့် မျိုးရိုးများ ဖြစ်ကြသည်။ ၎င်းတို့၌ ကြီးမားသော အလားအလာများလည်း ရှိနေသဖြင့် ပိုင်ရှင်များက ဤမျှအထိ စိုးရိမ်နေကြခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
အိုယန်ထုံနှင့် အကဲဖြတ်မှူးချောင်တို့သည် လင်းကျင်း ဤနည်းစနစ်ကို အသုံးပြုနေသည်ကို တစ်ချက် လှမ်းမြင်လိုက်ရသည်။ အိုယန်ထုံမှာ အဆင့် (၁) အကဲဖြတ်မှူး တစ်ဦးသာ ဖြစ်သဖြင့် သူ၏ ဗဟုသုတမှာ အကန့်အသတ် ရှိလှသည်။ လင်းကျင်း သားရဲများထံသို့ စိုက်လိုက်သော အပ်များမှာ ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသလဲဆိုသည်ကို သူ နားမလည်ပေ။
အခြားတစ်ဖက်တွင်မူ အကဲဖြတ်မှူးချောင်မှာ တော်တော့်ကို အရည်အချင်းရှိသော အဆင့် (၂) အကဲဖြတ်မှူး ဖြစ်သည်။ လင်းကျင်း၏ နည်းစနစ်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားခဲ့၏။ သူက စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဒါ... ဒါက 'အတွင်းအပ်စိုက်နည်းစနစ်' ပဲ"
အပ်စိုက်ကုသခြင်းတွင် နည်းလမ်း နှစ်မျိုး ရှိသော်လည်း ထိုနည်းလမ်း နှစ်ခုမှာ ခက်ခဲမှုအပိုင်းတွင် မိုးနှင့် မြေကဲ့သို့ ကွာခြားလှသည်။ လူအများအပြားမှာ အပြင်ဘက် အပ်စိုက်နည်းစနစ်ကို သိကြသော်လည်း လင်းကျင်း အသုံးပြုနေသော အတွင်းဘက် အပ်စိုက်နည်းစနစ်ကိုမူ မသိကြချေ။
အကဲဖြတ်မှူးချောင်သည် ထိုနည်းစနစ်ကို စာအုပ်များထဲတွင်သာ မြင်ဖူးခဲ့ခြင်းဖြစ်ပြီး ဌာနချုပ်ရှိ မည်သူမျှ ဤနည်းစနစ်ကို အသုံးမပြုနိုင်ကြသေးပေ။
ထို့ကြောင့် ဒဏ္ဍာရီဆန်လှသော ဤနည်းစနစ်ကို လင်းကျင်း အသုံးပြုနေသည်ကို မြင်တွေ့လိုက်ရခြင်းမှာ အကဲဖြတ်မှူးချောင်အား မှင်တက်သွားစေခဲ့သည်။
သူသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင်တော့ အရာအားလုံးကို သဘောပေါက်သွားသည့် အမူအရာများ ပေါ်လွင်လာခဲ့၏။
"အရှင်မင်းကြီးက အကဲဖြတ်မှူးလင်းကို အဆင့် (၃) အဖြစ် ခန့်အပ်ဖို့ ဘာကြောင့် အထူးအမိန့်တော် ထုတ်ပြန်ခဲ့ရသလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး"
အကဲဖြတ်မှူးချောင် ပြုံးလိုက်ပြီး သူ ကုသနေသော သားရဲထံသို့ အာရုံ ပြန်စိုက်လိုက်သည်။
အပ်စိုက်ကုသခြင်း အကူအညီဖြင့် အဆိပ်အတောက်များ ပြန့်နှံ့မှုကို အတော်အတန် ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းမှာ သူတို့အတွက် တန်ဖိုးရှိသော အချိန်များကို ရရှိစေခဲ့သည်။ တစ်စုံတစ်ဦးက နှင်းဖားသွေး အဆိပ်ကျဆေးပြားများနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ထိုဆေးများကို ပထမ သားရဲ သုံးကောင်အား တိုက်ကျွေးလိုက်ပြီး လင်းကျင်း၏ သားရဲများထံသို့ ရောက်လာသောအခါတွင်မူ လင်းကျင်းက လက်ကာပြရင်း ပြောလိုက်သည်။
"ဒီနှစ်ကောင်ကတော့ မလိုတော့ဘူး"
"ဘာဖြစ်လို့လဲ"
အလုပ်သင်မှာ ဇဝေဇဝါ ဖြစ်သွားပုံရသည်။ ယခုအချိန်တွင်တော့ အကဲဖြတ်မှူးချောင်သည် လင်းကျင်း မည်မျှအထိ အစွမ်းထက်သော အကဲဖြတ်မှူးဖြစ်ကြောင်း ကောင်းကောင်း သိရှိနေပြီ ဖြစ်သည်။ သူသည် လင်းကျင်း ကုသပေးထားသော သားရဲ နှစ်ကောင်ကို ကြည့်လိုက်ရာ သေချာပေါက်ပင် ၎င်းတို့မှာ အဆိပ်သင့် လက္ခဏာများ မပြသတော့ပေ။
အဆိပ်အတောက်များမှာ လုံးဝ ဖယ်ရှားပြီးသွားပုံရသည်။
၎င်းအပြင် ထိုသားရဲများ၏ အခြေအနေမှာ သိသိသာသာ တိုးတက်လာသည်ကိုလည်း မြင်တွေ့နိုင်ခဲ့သည်။
သူသည် အမှန်တရားကို လက်ခံရန် မည်မျှပင် ဝန်လေးနေပါစေ၊ ဆင်ခြေပေးစရာ မရှိတော့ပေ။ အမှန်တရားကတော့ အမှန်တရားပင် ဖြစ်သည်။ လင်းကျင်းသည် သူ၏ အဆင့် (၃) ဘွဲ့ထူးနှင့် ထိုက်တန်သလားဟူသော မေးခွန်းကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ၏ အရည်အချင်းမှာ အကဲဖြတ်မှူးချောင် သို့မဟုတ် အကဲဖြတ်မှူးဝမ်တို့ထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ သေချာလှပေသည်။
အကဲဖြတ်မှူးဝမ်လည်း ဤအချက်ကို သဘောပေါက်သွားသော်လည်း သူသည် အကဲဖြတ်မှူးချောင်ကဲ့သို့ ဝေခွဲမရ ဖြစ်မနေပေ။ သူသည် သားရဲ နှစ်ကောင်၏ အခြေအနေကို စစ်ဆေးရန် တိုက်ရိုက် လျှောက်သွားလိုက်သည်။
စစ်ဆေးပြီးနောက်တွင်တော့ အကဲဖြတ်မှူးဝမ်၏ မျက်နှာထားမှာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူသည် လင်းကျင်းဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်၏။
"အကဲဖြတ်မှူးလင်း... ကျုပ်စောစောက အပြုအမူတွေက တကယ့်ကို ဆိုးရွားခဲ့ပါတယ်... ကျေးဇူးပြုပြီး ကျုပ်ရဲ့ အမှားအတွက် တောင်းပန်ခွင့်ပြုပါ"
လင်းကျင်းက သူ့ကို အမြန်ပင် တားလိုက်သော်လည်း အကဲဖြတ်မှူးဝမ်မှာ ခေါင်းမာသော လူတစ်ယောက် ဖြစ်သဖြင့် လင်းကျင်းအား ဦးညွှတ်ရန် အခိုင်အမာ တောင်းဆိုခဲ့သည်။ အကဲဖြတ်မှူးဝမ်ကပင် လက်လျှော့လိုက်ပြီဖြစ်ရာ အကဲဖြတ်မှူးချောင်အနေဖြင့်လည်း ဟန်ဆောင်နေရန် မလိုတော့ပေ။
ခြုံငုံကြည့်လျှင် လင်းကျင်းသည် သူတို့ကို ကူညီခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လင်းကျင်းသာ ဝင်မပြောခဲ့ပါက သားရဲ ငါးကောင်လုံး ဒုက္ခရောက်မည်ဖြစ်ပြီး အနည်းဆုံး တစ်ကောင် သို့မဟုတ် နှစ်ကောင်မှာ သေဆုံးသွားပေလိမ့်မည်။ အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့ပါက သူတို့ နှစ်ဦးလုံး၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ဤနေရာတွင်ပင် အဆုံးသတ်သွားမည်ဖြစ်ပြီး ဌာနချုပ်၏ ဂုဏ်သိက္ခာကိုလည်း ဆွဲချမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လင်းကျင်းမှာ သူတို့၏ ကျေးဇူးရှင်ပင် ဖြစ်သည်။
လင်းကျင်း၏ အရည်အချင်းနှင့် ပတ်သက်၍မူ သူသည် သေခါနီးဖြစ်နေသော သားရဲ နှစ်ကောင်ကို အလွယ်တကူ ကယ်တင်နိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် တိုင်းတာရန် မခက်ခဲပေ။ ပို၍ အရေးကြီးသည်မှာ သူသည် မည်သည့် ဆေးဝါးအကူအညီမျှ မပါဘဲ သူ၏ အပ်စိုက်ကုသခြင်း ပညာရပ်ဖြင့်သာ ၎င်းကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
အကဲဖြတ်မှူးချောင်နှင့် အကဲဖြတ်မှူးဝမ် နှစ်ဦးစလုံးမှာ သူ မည်သို့ လုပ်ဆောင်ခဲ့သလဲဆိုသည်ကို မပြောနိုင်ကြချေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ လုပ်ဆောင်ချက်မှာ သူတို့ထက် အဆင့်များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။
သူတို့ စောစောက ခံစားခဲ့ရသော မုန်းတီးမှုများမှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီး အကဲဖြတ်မှူးဝမ်က စတင် လုပ်ဆောင်ခဲ့သဖြင့် အကဲဖြတ်မှူးချောင်သည်လည်း ဦးညွှတ်ကာ တောင်းပန်လိုက်တော့သည်။
လင်းကျင်းသည်လည်း သူတို့၏ ဘဝကို ခက်ခဲအောင် မလုပ်ချင်သဖြင့် သူတို့ နှစ်ဦးလုံးအား ပြန်လည် နှုတ်ဆက်လိုက်၏။
"မိတ်ဆွေ အကဲဖြတ်မှူးတို့... ကျုပ်လည်း ပွင့်လင်းလွန်းခဲ့တာကို ခွင့်လွှတ်ပေးကြပါဦး"
ဤသို့ဖြင့် အရာအားလုံးမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
"အကဲဖြတ်မှူးလင်း... ခင်ဗျား ညဉ့်နက်သန်းခေါင်မှာ ဒီနေရာကို လာတယ်ဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့လား"
အကဲဖြတ်မှူးချောင်က မေးလိုက်သည်။ ယခုအခါ သူတို့၏ ဆက်ဆံရေးမှာ ရန်လိုမှု မရှိတော့သဖြင့် သူတို့၏ မေးခွန်းများကို လွတ်လပ်စွာ မေးမြန်းနိုင်ကြပြီ ဖြစ်သည်။
လင်းကျင်းသည် သူ၏ ရည်ရွယ်ချက်ကို မဖုံးကွယ်ဘဲ ကျူရိပ်မြို့တွင် မိစ္ဆာအကဲဖြတ်မှူးများနှင့် ရင်ဆိုင်ခဲ့ရပုံကို ပြောပြလိုက်သည်။
"မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်က ကျုပ်တို့ကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီလူတွေအကြောင်း ကျုပ် သိနိုင်သလောက် သိရအောင် အဝေးကြီးကနေ လာခဲ့တာပါ"
"ဒါဆိုရင်တော့ ဟုတ်ပါပြီ"
အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သေချာသည်မှာ သူတို့သည်လည်း မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်အကြောင်း သိရှိထားကြသည်။ ထိုအဖွဲ့အစည်းမှာ သားရဲအကဲဖြတ်မှူး အသိုက်အဝန်းအတွက် ကင်ဆာကျိတ်တစ်ခုကဲ့သို့ ဖြစ်နေပြီး တရားမျှတမှု အနည်းငယ်ရှိသော သားရဲအကဲဖြတ်မှူးတိုင်းက သူတို့ကို အသည်းခိုက်အောင် မုန်းတီးကြသည်။
"ကြွပါ အကဲဖြတ်မှူးလင်း... ဒီမှာ သူတို့အကြောင်း မှတ်တမ်းတွေ အများကြီး ရှိပါတယ်... ကျုပ်တို့ ဒီသားရဲတွေကို နေရာချပေးလိုက်ဦးမယ်၊ ပြီးရင် အကဲဖြတ်မှူးလင်း ပြန်ဖို့ သိပ်မလောဘူးဆိုရင် ကျုပ်တို့ ခင်ဗျားကို သောက်စရာ တစ်ခုခုနဲ့ ဧည့်ခံချင်ပါတယ်"
အကဲဖြတ်မှူးဝမ်က ပြောလိုက်သည်။ အကဲဖြတ်မှူးဝမ်မှာ ပွင့်လင်းသော လူတစ်ယောက် ဖြစ်သည်။ သူ အယုံအကြည် မရှိသေးသော အချိန်တုန်းကဆိုလျှင် သူသည် လင်းကျင်းအား အခွင့်အရေးရတိုင်း စိန်ခေါ်ရန် ကြိုးစားနေပေလိမ့်မည်။ ယခုတော့ အမှန်တရား ပေါ်ပေါက်သွားပြီဖြစ်ရာ ထိုလူသည် အံ့ဩစရာကောင်းလောက်အောင်ပင် ရိုးသားစွာ စကားပြောဆိုနေတော့သည်။
အခန်း (၃၆၆) - တန်ရွှင်း ရောက်ရှိလာခြင်း
လင်းကျင်းက အကဲဖြတ်မှူးဝမ်နှင့် အကဲဖြတ်မှူးချောင်တို့ကို ကျေးဇူးတင်စကား ပြောကြားပြီးနောက်တွင် အိုယန်ထုံက လင်းကျင်းအား အထဲသို့ အပူတပြင်း ဖိတ်ခေါ်လေတော့သည်။
"အကဲဖြတ်မှူးလင်း... ခရီးပန်းလာရောပေါ့... ကျွန်တော် ခင်ဗျားအတွက် စိတ်ကြည်လင်သွားအောင် ကြက်စွပ်ပြုတ် ပြင်ခိုင်းထားပါတယ်"
သူ၏ နာမည် 'ထုံ' (ပွင့်လင်းမြင်သာခြင်း) ဆိုသည်နှင့်အညီ အိုယန်ထုံသည် လူမှုရေးကိစ္စများတွင် အလွန်ပင် ကျွမ်းကျင်လှသည်။ သူသည် လူအကဲခတ် အလွန်တော်သူ ဖြစ်၏။ သူ၏ ဌာနချုပ်ရှိ ဘဝမှာ ကံမကောင်းမှုများကြောင့်သာ စိတ်ပျက်စရာ ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။
အားကိုးအားထားပြုနိုင်မည့်သူကို ဖားသည့်နေရာတွင် အိုယန်ထုံ၌ နည်းလမ်းအမျိုးမျိုး ရှိနေသည်။
လင်းကျင်း ဤနေရာသို့ အလျင်စလို ရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခု အရေးကြီးနေကြောင်း သူ သိရှိထားသဖြင့် အိုယန်ထုံက သူ့အား အနားယူရန် အတင်းအကျပ် မတိုက်တွန်းပေ။ လင်းကျင်းသည်လည်း အမှန်တကယ်ပင် အနားယူလိုသည့် စိတ်မရှိသေးပေ။
စကားမစပ် လင်းကျင်းမှာ အစားမစားရသေးသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည်။ သူ၏ နောက်ဆုံး ထမင်းနပ်မှာ နေ့လယ်စာဖြစ်ပြီး ယခုတွင်မူ သူ၏ ဝမ်းဗိုက်မှာ ဆာလောင်မှုကြောင့် အသံပင် မြည်နေလေပြီ။
"ဒါဆိုရင်တော့ ခင်ဗျားကို အားနာရတော့မှာပဲ အကဲဖြတ်မှူးအိုယန်"
လင်းကျင်းက ပြုံးပြလိုက်သည်။ အိုယန်ထုံကတော့ အလွန်ပင် ဝမ်းသာသွားပြီး လိုအပ်သည်များကို ချက်ချင်း စီစဉ်ပေးလေတော့သည်။
ထို့နောက် သူသည် လင်းကျင်းအား မှတ်တမ်းများ ထားရှိရာ နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
အိုယန်ထုံသည် မှတ်တမ်းထိန်းသိမ်းသူကို ခေါ်ယူလိုက်ပြီး မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်နှင့် ပတ်သက်သော မှတ်တမ်းအားလုံးကို ထုတ်ယူကာ စားပွဲပေါ်တွင် အဆင်သင့် တင်ထားပေးလိုက်သည်။
ထိုမှတ်တမ်းပုံကြီးမှာ အသစ်နှင့် အဟောင်းများ ရောနှောကာ အလွန်ပင် ကြီးမားလှပေသည်။ လင်းကျင်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့၏။ 'ရန်သူ့အကြောင်းသိ၊ ကိုယ့်အကြောင်းသိလျှင် တိုက်ပွဲတိုင်း အောင်နိုင်သည်' ဟူသော စကားအတိုင်းပင် ဤသတင်းအချက်အလက်များမှာ သူ့အား အလုပ်ရှုပ်သွားစေမည် ဖြစ်သည်။
လင်းကျင်းသည် တစ်စက္ကန့်မျှ အချိန်မဖြုန်းတော့ဘဲ ထိုင်ချလိုက်ကာ မှတ်တမ်းများကို ဖတ်ရှုတော့သည်။
အိုယန်ထုံသည်လည်း လင်းကျင်း အလင်းရောင် ရရှိစေရန် မီးအိမ်ကို ကိုင်ကာ နေပေးခဲ့သည်။ လင်းကျင်းက သူ့ကို ပြန်သွားရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း အိုယန်ထုံက နေပေးရန် အခိုင်အမာ တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင်တော့ လင်းကျင်းက လက်လျှော့လိုက်ပြီး ထိုအကဲဖြတ်မှူးကို အဖော်အဖြစ် ထားရှိလိုက်ရာ ၎င်းမှာ အံ့ဩစရာကောင်းလောက်အောင်ပင် စိတ်အေးချမ်းစေခဲ့သည်။
မကြာမီမှာပင် ကြက်စွပ်ပြုတ်နှင့် မုန့်အချို့ ရောက်ရှိလာသည်။ လင်းကျင်းက ၎င်းတို့ကို အလျင်အမြန် စားသောက်လိုက်ပြီးနောက် မှတ်တမ်းများဆီသို့ အာရုံ ပြန်စိုက်လိုက်၏။ ဤသို့ဖြင့် ညတစ်ညမှာ ကုန်ဆုံးသွားခဲ့သည်။
ဌာနချုပ်ရှိ သတင်းအချက်အလက်များမှာ အမှန်တကယ်ပင် ပြည့်စုံလှပေသည်။ တစ်ညအတွင်းမှာပင် လင်းကျင်းသည် မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်အကြောင်းကို အသေးစိတ် ပိုမို နားလည်လာခဲ့သည်။
မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်မှာ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက သားရဲအကဲဖြတ်မှူး အသင်းချုပ်နှင့် ခေတ်ပြိုင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်ကဆိုလျှင် သူတို့မှာ သားရဲအကဲဖြတ်မှူး အသင်းချုပ်နှင့်ပင် ရင်ဘောင်တန်းနိုင်ခဲ့ကြသည်။
မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်သည် အဆင့် (၄) သားရဲအကဲဖြတ်မှူးများထက် ပိုမို အစွမ်းထက်သော ပညာရှင်များစွာကို မွေးထုတ်ပေးခဲ့သည်ဟု ဆိုကြသည်။ ကျောက်စိမ်းနဂါးနိုင်ငံတွင် သူတို့၌ ဌာနခွဲ တစ်ခုတည်းသာ ရှိသည်။ သို့သော်လည်း သူတို့၏ လုပ်ဆောင်ချက်များမှာ အလွန်ပင် လျှို့ဝှက်လွန်းလှသဖြင့် သူတို့၏ စခန်းတည်နေရာမှာ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ အမှန်တကယ်တော့ ထိုအသင်းချုပ်ကို 'လျှို့ဝှက်သည်' ဟူသော စကားလုံးနှင့်သာ ဖော်ပြလေ့ ရှိကြသည်။
လုပ်ဆောင်မှုအပိုင်းတွင်မူ မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်သည် မည်သည့်နည်းလမ်းကို အသုံးပြုရသည်ဖြစ်စေ သူတို့၏ ပန်းတိုင်ရောက်ရန်သာ ဂရုစိုက်ကြသည်။ သူတို့တွင် တင်းကျပ်သော စည်းမျဉ်းများလည်း မရှိချေ။ အစပိုင်းတွင် ဤမိစ္ဆာအဖွဲ့အစည်းမှာ သားရဲအကဲဖြတ်မှူး အသင်းချုပ်ကို ကဏ္ဍတိုင်းတွင် ဆန့်ကျင်လေ့ ရှိခဲ့သည်။ သူတို့၏ အဖွဲ့ဝင် အများစုမှာ အမှန်တကယ်တော့ စည်းကမ်းဖောက်ဖျက်ခဲ့ကြသော တရားမျှတသည့် အကဲဖြတ်မှူးဟောင်းများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ပြစ်မှုမှတ်တမ်း မရှိသူများ သို့မဟုတ် မိစ္ဆာစိတ်မရှိသူများကို မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်က လက်ခံလေ့ မရှိပေ။
၎င်းမှာ တကယ့်ကို ထူးဆန်းသော အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။
မှတ်တမ်းများထဲတွင် သာဓကများစွာ ရှိနေခဲ့သည်။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်အချို့က မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်သည် သတ်မှတ်ထားသော နေရာတစ်ခုတွင် လူသတ်မှုနှင့် သားရဲခိုးယူမှုများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ကြသည်။ ထို့နောက်တွင် တရားမျှတသော အကဲဖြတ်မှူးတစ်ဦး အပြင်ထွက်နေစဉ် တိုက်ခိုက်ခံခဲ့ရသည်။ သူ၏ ရုပ်အလောင်းကို နောက်ပိုင်းတွင် အခြားတစ်နေရာ၌ တွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေးမှုများအရ ၎င်းမှာ မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်၏ လက်ချက်ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
အလားတူ ဖြစ်ရပ်များစွာ ရှိခဲ့သော်လည်း လင်းကျင်း၏ စိတ်ဝင်စားမှုကို အရှိဆုံးမှာ လွန်ခဲ့သောနှစ် မတ်လက ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ထိုအကဲဖြတ်မှူးများသည် အန္တရာယ်ရှိသော သားရဲများကို မွေးမြူရန်အတွက် 'လူသားပိုးအိမ်' ဂါထာကို အသုံးပြုနေကြကြောင်း သက်သေအထောက်အထားများကို မြို့တော်တွင် တွေ့ရှိခဲ့ရသည်။ ၎င်းကို အဆင့် (၃) သားရဲအကဲဖြတ်မှူးများ ဖြစ်ကြသော ရန်ချင်းရှီနှင့် တန်ရွှင်းတို့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နှစ်ရက်တိုင်တိုင် တိုက်ခိုက်ခဲ့ကြပြီးနောက်တွင်တော့ အဓိက တရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီး မြို့အောက်ဘက်ရှိ အမှောင်တိုက်တစ်ခုတွင် ပိတ်လှောင်ထားနိုင်ခဲ့သည်။
ဤအမှုမှာ အတော်လေး လတ်တလောမှ ဖြစ်သော်လည်း နောက်ထပ် စုံစမ်းစစ်ဆေးမှုများတော့ မရှိတော့ပေ။
လင်းကျင်းသည် ဤအမှုအပေါ် အတော်လေး စိတ်ဝင်စားသွားခဲ့သည်။
ထို့ကြောင့် သူက အိုယန်ထုံကို ဤကိစ္စနှင့် ပတ်သက်၍ တစ်ခုခု သိထားသလားဟု မေးလိုက်၏။
အိုယန်ထုံမှာ လင်းကျင်းကဲ့သို့ မလန်းဆန်းတော့ပေ။ သူသည် အိပ်ငိုက်နေပြီဖြစ်သော်လည်း အတင်းအကျပ် စိတ်ကို ထိန်းကာ ဖြေကြားလိုက်သည်။
"သိတာပေါ့... ဒါက မနှစ်က ဖြစ်ခဲ့တာလေ၊ မြို့တော်မှာ အကြီးအကျယ် ဂယက်ရိုက်သွားခဲ့တာ... ဂုဏ်သရေရှိ မိသားစုတစ်ခုက အမျိုးသမီးငယ်လေးတစ်ယောက် အဖျားတက်ပြီး သတိမေ့သွားခဲ့တယ်... အထူးဆန်းဆုံးကတော့ အဲဒီအမျိုးသမီးလေး ဖျားသွားတဲ့ အချိန်မှာပဲ သူပိုင်တဲ့ သားရဲက ထူးဆန်းစွာ ပျောက်ကွယ်သွားတာပဲ... သမားတော်တွေ အများကြီးနဲ့ ပြသခဲ့ပေမဲ့ မသက်သာတာနဲ့ နောက်ဆုံးတော့ သူ့မိသားစုက ကျုပ်တို့ ဌာနချုပ်ကို လာပြီး အကူအညီ တောင်းခဲ့ကြတယ်..."
အိုယန်ထုံသည် ရှားပါးပြီး ထူးဆန်းသော ဖြစ်ရပ်များကို စိတ်ဝင်စားသူဖြစ်ရာ ဤအမှုအကြောင်းကို ကောင်းကောင်း သိထားသည်။ အနည်းဆုံးတော့ သာမန် သားရဲအကဲဖြတ်မှူးများထက် ပိုမို သိထားသဖြင့် သူသည် ပုံပြင်တစ်ပုဒ်ကဲ့သို့ ကွက်ကွက်ကွင်းကွင်း ပြောပြနိုင်ခဲ့သည်။
"အဲဒီတုန်းက ဌာနချုပ်က ဒါကို သာမန်ကိစ္စလို့ပဲ ထင်ပြီး အဆင့် (၁) အကဲဖြတ်မှူးတစ်ယောက်ကို လွှတ်လိုက်တယ်... ဒါပေမဲ့ သိပ်မကြာခင်မှာပဲ နောက်နေ့ မနက်မှာ အဲဒီအကဲဖြတ်မှူးရဲ့ အလောင်းကို မြစ်ထဲမှာ တွေ့ခဲ့ရတယ်... သူက ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား၊ တစ်ယောက်ယောက်က သတ်တာလားဆိုတာကတော့ ပဟေဠိ ဖြစ်နေဆဲပဲ... အဲဒီနောက် အကဲဖြတ်မှူးတန်ရွှင်းနဲ့ အကဲဖြတ်မှူးရန်ချင်းရှီတို့ ကိုယ်တိုင် သွားကြည့်တဲ့အခါမှာတော့ သဲလွန်စအချို့ တွေ့ခဲ့ကြတယ်... အဲဒီကနေမှ ဒါဟာ မိစ္ဆာအကဲဖြတ်မှူးတွေရဲ့ လက်ချက်ဆိုတာ ပေါ်ပေါက်လာခဲ့တာပဲ... ဒါပေမဲ့ ရန်သူက အဆင့် (၃) အကဲဖြတ်မှူး နှစ်ယောက်ကို မယှဉ်နိုင်တဲ့အတွက် သူတို့ကို ဖမ်းဆီးနိုင်ခဲ့ကြတယ်"
အိုယန်ထုံသည် အခြေအနေကို ပို၍ ရှုပ်ထွေးအောင် ပြောပြနေခဲ့သည်။ သူသည် မြင်ကွင်းကို တတ်နိုင်သမျှ ကြောက်စရာကောင်းအောင် ပုံဖော်ကာ ပြောပြနေ၏။ ထိုအမျိုးသမီးငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ပိုးဥများကို မြှုပ်နှံထားပုံနှင့် အခြေအနေ မည်မျှအထိ စိုးရိမ်ရကြောင်း လင်းကျင်းကို ပြောပြခဲ့သည်။ အကယ်၍ အဆင့် (၃) အကဲဖြတ်မှူးများ အချိန်မီ မရောက်လာခဲ့ပါက ထိုပိုးဥများမှ အန္တရာယ်ရှိသော သားရဲများ ပေါက်ဖွားလာပေလိမ့်မည်။ မြစ်ထဲတွင် သေဆုံးနေသော အဆင့် (၁) အကဲဖြတ်မှူး၏ ခန္ဓာကိုယ်ထဲတွင်လည်း မိစ္ဆာပစ္စည်းများကို တွေ့ရှိခဲ့ရသည်။
လင်းကျင်းသည် အာရုံစိုက်ကာ နားထောင်နေခဲ့သည်။ အိုယန်ထုံ ပြောပြီးသွားသောအခါ လင်းကျင်းက မေးလိုက်၏။
"အစီရင်ခံစာထဲမှာရော၊ ခင်ဗျား ပြောတဲ့ထဲမှာရော မပါတဲ့ အချက်တစ်ချက် ရှိနေတယ်... အဲဒါက ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်လေးရဲ့ သားရဲက ဘယ်ရောက်သွားသလဲဆိုတာပဲ"
အိုယန်ထုံ မှင်တက်သွားသည်။ ၎င်းကို သူ မသိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အမှု၏ အဓိကအချက် မဟုတ်ဟု ထင်ရသောကြောင့် ဖြစ်သည်။ သူ့အတွက်မူ ဤနေရာတွင် အဓိကအရာမှာ မိစ္ဆာအကဲဖြတ်မှူးများ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ထိုရွံရှာဖွေကောင်းသော လူသားပိုးအိမ် သားရဲသာ ဖြစ်ရပေမည်။ ထိုသားရဲ ဘယ်ရောက်သွားသလဲဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ။
သို့သော်လည်း အိုယန်ထုံသည် စကားများကို လျှောက်မပြောရဲပေ။ သူ၏ အားသာချက်တစ်ခုမှာ သူ့ထက်နိမ့်ကျသူများကို အဓိပ္ပာယ်မရှိသော စကားများ ပြောနိုင်သော်လည်း အထက်လူကြီးများနှင့် တွေ့ဆုံသောအခါတွင်မူ သူသိသည်ကိုသာ ပြောပြီး မသိသည်ကိုတော့ ဝန်ခံလေ့ ရှိခြင်းပင် ဖြစ်သည်။
"ခင်ဗျား မသိဘူးပေါ့၊ ဟုတ်လား... ဒါကတော့ ယုတ္တိရှိပါတယ်.. အစီရင်ခံစာထဲမှာလည်း မှတ်တမ်းတင်မထားဘူးလေ"
လင်းကျင်းက သူ့ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် သူ စိတ်ဝင်စားသော အခြားတစ်ချက်ကို မေးလိုက်ပြန်သည်။
"ဖမ်းမိသွားတဲ့ မိစ္ဆာအကဲဖြတ်မှူးကရော ဘာဖြစ်သွားလဲ"
နောက်ဆုံးတော့ အိုယန်ထုံ သိထားသော မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။
"သူ့ကို အမှောင်တိုက်ထဲမှာ ပိတ်လှောင်ထားတုန်းပဲ"
"ဘာလို့ သူ့ကို အဆုံးမစီရင်သေးတာလဲ"
"ဒါကိုတော့ ကျွန်တော် မသိပါဘူး"
အိုယန်ထုံက ဖြေလိုက်၏။
လင်းကျင်းသည်လည်း အိုယန်ထုံ ပြောပြနိုင်သည်မှာ ဤမျှသာ ဖြစ်ကြောင်း သိရှိလိုက်သည်။ ယခုအချိန်တွင် နေထွက်နေပြီဖြစ်ရာ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ တံခါး ပွင့်သွားသောအခါ အဖိုးအိုတစ်ဦး ပေါ်လာခဲ့၏။ လင်းကျင်းသည် ထိုလူအား ကြိုဆိုရန် နေရာမှ ချက်ချင်း ထလိုက်သည်။
သူကား အကဲဖြတ်မှူးတန်ရွှင်းပင် ဖြစ်သည်။
ဌာနချုပ်ရှိ အဆင့် (၃) သားရဲအကဲဖြတ်မှူး အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် တန်ရွှင်းသည် အလွန်ပင် လေးစားခံရသူတစ်ဦး ဖြစ်သည်။ ယနေ့မနက် သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် မနေ့ညက ဖြစ်ရပ်ကို ကြားသိခဲ့ရသဖြင့် လင်းကျင်းကို ရှာဖွေရန် လာခဲ့ခြင်း ဖြစ်သည်။
"အကဲဖြတ်မှူးလင်း... ခင်ဗျား မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို စစ်ဆေးဖို့ မနေ့ညက အလျင်စလို ရောက်လာတယ်လို့ ကြားတယ်... အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်လို့လား"
တန်ရွှင်းသည် လင်းကျင်းကို ကောင်းကောင်း သိထားသည်။ လင်းကျင်း ဤမျှ ညဉ့်နက်သန်းခေါင်မှ အလျင်စလို ရောက်လာခြင်းမှာ ထူးခြားသော တစ်စုံတစ်ခု ဖြစ်ပျက်နေခြင်းကြောင့် ဖြစ်ရမည်ဟု သူ ယူဆလိုက်သည်။
ရင်းနှီးသော မိတ်ဆွေများဖြစ်သည့်အတိုင်း လင်းကျင်းသည် တန်ရွှင်းအား ကျူရိပ်မြို့တွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။ နားထောင်နေသူမှာ တန်ရွှင်းဖြစ်နေသဖြင့် လင်းကျင်းသည် သူက မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်၏ ဌာနခွဲကို အပြတ်ရှင်းခဲ့သည်ဟူသော အချက်ကိုလည်း မဖုံးကွယ်ခဲ့ပေ။
ဤစကားကို ကြားလိုက်ရသောအခါ တန်ရွှင်းမှာ ခဏမျှ မှင်တက်သွားပြီးနောက် ရေရွတ်လိုက်၏။
"အကဲဖြတ်မှူးလင်း... ခင်ဗျား ပြောချင်တာက ကျောက်စိမ်းနဂါးနိုင်ငံမှာရှိတဲ့ မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်ရဲ့ ဌာနခွဲကို ခင်ဗျားက အမြစ်ဖြတ်ပစ်လိုက်တယ်ပေါ့ ဟုတ်လား"
လင်းကျင်းက ခေါင်းညိတ်ပြလိုက်သည်။
အမှန်တရားကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။
"ဒါကြောင့်လည်း ကျုပ် ဒီကို လာခဲ့တာပါ၊ မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်အကြောင်း ပိုပြီး သိရအောင်လို့လေ"
လင်းကျင်းက ဆိုလိုက်သည်။