← Chapters

အခန်း (၃၇၉-၃၈၀)

Vol. 19 Ch. 379-380

အခန်း (၃၇၉-၃၈၀)

Vol. 19 Ch. 379-380

အခန်း (၃၇၉) - အစွမ်းကုန်ကျွမ်းကျင်မှု၊ ကိုယ်ပွားဖန်တီးခြင်း

ထူးဆန်းသည်ဟု ဆိုရလျှင် ဤသွေးတစ်စက်မှာ ရေကန်ထဲသို့ ကျသွားသည်နှင့် တစ်ပြိုင်နက် နဂိုက ပန်းရောင်သန်းနေသော ရေကန်ရေမှာ ရုတ်တရက် သွေးအိုင်ကြီးတစ်ခုအလား နီရဲနောက်ကျိသွားခဲ့သည်။

ရန်ချင်းရှီသည် မန္တန်များကို တရစပ် ရွတ်ဆိုလိုက်ရာ ထိုသွေးကန်မှာ ဆူပွက်လာတော့သည်။ ရေမျက်နှာပြင်ပေါ်သို့ အလောင်းများ၏ ခြေလက်အင်္ဂါများနှင့် ဦးခေါင်းများမှာ တစ်ချက်တစ်ချက် ပေါ်လာခဲ့၏။

သူ၏ ရွတ်ဆိုသံ ပို၍ ကျယ်လောင်လာသည်နှင့်အမျှ သွေးရေကန်၏ လှုပ်ရှားမှုမှာလည်း ပို၍ ပြင်းထန်လာခဲ့ပြီး တစ်စုံတစ်ခုမှာ ရေအောက်ထဲမှ ထိုးထွက်လာတော့မည့်အတိုင်း ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ဖြူဖျော့သော လမင်းကြီးမှာလည်း နီရဲသော အရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ဤထူးခြားသော ဖြစ်စဉ်ကို မြို့တော်အတွင်း ရှာဖွေနေကြသော မြို့စောင့်တပ်များ ချက်ချင်း သတိပြုမိလိုက်ကြသည်။ သူတို့ အနီးကပ် ကြည့်လိုက်သောအခါ မြေပြင်မှ နီရဲသော မြူတိမ်များမှာ တဖြည်းဖြည်း မြင့်တက်လာပြီး လရောင်ကို သွေးရောင်လွှမ်းသွားစေကြောင်း တွေ့ရှိလိုက်ရ၏။

"ဗိုလ်ချုပ်... ဟိုဘက်ကို ကြည့်ပါဦး"

စစ်သည်တစ်ဦးသည် ထိုထူးဆန်းသော ဖြစ်စဉ်၏ အရင်းအမြစ်ကို ရှာတွေ့သွားခဲ့သည်။ ၎င်းမှာ ရှေ့ဘက်ရှိ စံအိမ်ကြီးတစ်ခုမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

ဒုတိယဘုရင်ခံမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

"သွားကြည့်ကြစို့"

မြို့စောင့်တပ် ရာပေါင်းများစွာမှာ ထိုနေရာသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

"ဒါက ဒုဝန်ကြီးဇူရဲ့ စံအိမ်ပဲ"

ဒုတိယဘုရင်ခံသည် နန်းတော်အရာရှိများ၏ နေအိမ်များနှင့် ပတ်သက်၍ အတော်အတန် သိရှိနားလည်ထားသူ ဖြစ်သည်။

"တံခါးကို ခေါက်လိုက်"

သူက အမိန့်ပေးလိုက်ရာ စစ်သည်တစ်ဦးက လိုက်နာဆောင်ရွက်သည်။

သို့သော်လည်း သူ မည်မျှပင် တံခါးခေါက်ပါစေ၊ မည်သူမျှ ထွက်မထူးကြပေ။

"တစ်ခုခုတော့ မှားနေပြီ"

ဒုတိယဘုရင်ခံသည် သူ၏ လက်ထောက်ဗိုလ်ချုပ်ကို ဘေးတိုက် ကြည့်လိုက်သည်။ ထိုအကြည့်၏ အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် လက်ထောက်ဗိုလ်ချုပ်သည် သူ၏ တပ်ဖွဲ့ထဲမှ အသွက်လက်ဆုံး စစ်သည်နှစ်ဦးကို စံအိမ်အတွင်း၌ ဘာဖြစ်နေသနည်းဆိုသည်ကို စုံစမ်းရန်အတွက် တံတိုင်းကို ကျော်တက်ခိုင်းလိုက်တော့သည်။

စစ်သည်နှစ်ဦး ဝင်သွားပြီးနောက် အတော်အတန် ကြာသွားခဲ့သည်။ ဘာမှ ဖြစ်မလာသကဲ့သို့ ရှိနေစဉ်မှာပင် အတွင်းဘက်မှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရလေတော့သည်။

"တံခါးကို ဖျက်ဆီးလိုက်... အထဲကို ဝင်ကြ"

ထိုအော်ဟစ်သံများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ခုခု ကြီးကြီးမားမား မှားယွင်းသွားပြီဖြစ်ကြောင်း ဒုတိယဘုရင်ခံ သိလိုက်သည်။ ဤနေရာမှာ တော်ဝင်အရာရှိတစ်ဦး၏ နေအိမ် ဖြစ်နေလျှင်ပင် သူတို့အတွက် အခြား ရွေးချယ်စရာ မရှိတော့ပေ။

ကျယ်လောင်သော အသံကြီးနှင့်အတူ သစ်သားတံခါးကြီး ပွင့်ထွက်သွားခဲ့သည်။ လက်နက်ကိုင်ဆောင်ထားသော မြို့စောင့်တပ်များသည် သူတို့၏ သားရဲများနှင့်အတူ ရင်ပြင်ထဲသို့ ဝင်ရောက်သွားကြရာ ချက်ချင်းပင် ညှီစို့စို့ သွေးနံ့များက သူတို့ကို ဆီးကြိုလိုက်တော့သည်။

"ဗိုလ်ချုပ်... ဒီကိစ္စကို အကဲဖြတ်မှူးလင်းကို အကြောင်းကြားသင့်သလား"

လက်ထောက်ဗိုလ်ချုပ်က တိုးတိုးလေး မေးလိုက်သည်။

ခဏတာ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ဒုတိယဘုရင်ခံ ခေါင်းညိတ်လိုက်၏။ သူသည် ကျောက်စိမ်းနဂါးနတ်ကွန်း တိုက်ပွဲတွင် လင်းကျင်း၏ စွမ်းဆောင်ရည်ကို မျက်မြင်တွေ့ရှိခဲ့ရသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် အခြေအနေတွင် အကဲဖြတ်မှူးလင်း ဤနေရာ၌ ရှိနေခြင်းက ပို၍ စိတ်ချရပေလိမ့်မည်။

စစ်သည်တစ်ဦးသည် သတင်းပို့ရန်အတွက် မြင်းဖြင့် ချက်ချင်း ထွက်ခွာသွားတော့သည်။

ထို့နောက် တပ်ဖွဲ့များသည် ဒုဝန်ကြီး၏ စံအိမ်ကို ရှာဖွေကြလေတော့သည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသော်လည်း ကြမ်းပြင်ပေါ်တွင်မူ နက်မှောင်သော သွေးအိုင်များဖြင့် စိုရွှဲနေခဲ့သည်။

သူတို့ ဘာကိုမျှ ရှာမတွေ့ခဲ့ဘဲ နောက်ဖေးဥယျာဉ်သို့ ရောက်ရှိလာခဲ့ကြသည်။

ထိုနေရာကို သွားရောက် စုံစမ်းသော တပ်ဖွဲ့ဝင်များသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားကြရသည်။

စောစောက တံတိုင်းကို ကျော်တက်သွားခဲ့သော သူတို့၏ ရဲဘော်တစ်ဦးမှာ ယခုအခါ ခြောက်ကပ်နေသော အလောင်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အခြားတစ်ဦးမှာမူ ကိုယ်လုံးတီး သွေးများဖြင့် ဖုံးလွှမ်းနေသော လူသန်ကြီးတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံထားရသည်။ ထိုမိစ္ဆာကြီးသည် စစ်သည်၏ လည်ပင်းကို ကိုက်ခဲကာ သူ၏ သွေးများကို တဖြည်းဖြည်း စုပ်ယူနေခဲ့၏။

စောစောက ကြားလိုက်ရသော အော်ဟစ်သံမှာ ဤစစ်သည်ထံမှ ဖြစ်သည်။

ပို၍ ဆိုးသည်မှာ ဤစစ်သည်မှာ သူတို့ တပ်ဖွဲ့ထဲတွင် အရည်အချင်း အရှိဆုံးသူများထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ သံမဏိဓားမှာ ထိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ထိုးဝင်နေသော်လည်း ၎င်းကို တားဆီးနိုင်ခြင်း မရှိပုံရပေ။ တပ်ဖွဲ့များ ရောက်ရှိလာလျှင်ပင် ထိုမိစ္ဆာမှာ တုန်လှုပ်ခြင်း မရှိပေ။ သူ၏ အာရုံစိုက်မှုမှာ စစ်သည်၏ သွေးကို စုပ်ယူရန်အတွက်သာ ဖြစ်၏။

သူ၏ ရဲဘော်များစွာမှာ ထိုကဲ့သို့ နှေးကွေးပြီး နာကျင်စွာ သေဆုံးနေရမှုကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖျော့သွားကြရသည်။ ထိုအချိန်တွင် မည်သူမျှ လှုပ်ရှားရဲခြင်း မရှိကြပေ။

သူ၏ အလုပ်ပြီးသွားသောအခါ ထိုလူသန်ကြီးသည် စစ်သည်၏ အလောင်းကို အမှိုက်တစ်ခုကဲ့သို့ ဘေးသို့ ပစ်ချလိုက်သည်။

အစပိုင်းတွင် သူ၏ ဦးခေါင်းပေါ်၌ ပါးစပ်ကြီး တစ်ခုသာ ရှိသော်လည်း ထို့နောက်တွင်မူ မျက်နှာသွင်ပြင်များ ထွက်ပေါ်လာခဲ့သည်။

ဒုတိယဘုရင်ခံမှာ ထိုမြင်ကွင်းကို မြင်တွေ့ရန် အချိန်မီ ရောက်ရှိလာခဲ့သည်။

"ဒါက ဘယ်လို မိစ္ဆာမျိုးလဲ"

ဗဟုသုတ ကြွယ်ဝလှသော ဒုတိယဘုရင်ခံပင်လျှင် ရှေ့မှ သတ္တဝါကို ကြည့်ကာ မယုံကြည်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်နေမိသည်။

၎င်းမှာ လူနှင့်တူသော ပုံစံရှိသော်လည်း သားရဲတစ်ကောင်၏ လက်သည်းများနှင့် အမြီးလည်း ပါရှိသည်။ သွေးလွှာအောက်တွင်မူ အကြေးခွံများ ဖုံးလွှမ်းနေခဲ့၏။ ထိုသတ္တဝါ၏ လူနှင့်တူသော တစ်ခုတည်းသော အချက်မှာ လူသားတစ်ဦး၏ မျက်နှာသွင်ပြင်ပင် ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ကြီးမားလှပြီး သာမန်လူတစ်ဦးထက် နှစ်ပေခန့် ပို၍ မြင့်မားပေသည်။

"မြားနဲ့ ပစ်ကြ"

ထိုသတ္တဝါမှာ ရန်လိုသော သဘောရှိသည်ကို သိလိုက်ရသဖြင့် ဒုတိယဘုရင်ခံသည် အရင်သတ်ပြီးမှ နောက်မှ စုံစမ်းခြင်းက အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။

သူ၏ အမိန့်ပေးချက်အရ မြားသမားများသည် သူတို့၏ မြားများကို ချက်ချင်း ပြင်ဆင်လိုက်ကြသည်။

စစ်တပ်သုံး လေးများမှာ အလွန်ပင် အားပြင်းလှသည်။ သူတို့ အားပြင်းပြင်း ဆွဲလေလေ မြား၏ အရှိန်မှာ ပို၍ မြန်လေလေ ဖြစ်သည်။ ဤကဲ့သို့ နီးကပ်သော အကွာအဝေးတွင် ထူးခြားသော သတ္တုစပ်များဖြင့် ပြုလုပ်ထားသည့် စူးရှသော မြားဦးများမှာ သံမဏိကိုပင် အလွယ်တကူ ဖောက်ထွက်နိုင်သည်။

ခဏချင်းမှာပင် မြားများသည် မည်သည့်နေရာတွင်မျှ ပုန်းကွယ်နေခြင်း မရှိသော ထိုမိစ္ဆာကြီးပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်သွားတော့သည်။

မြားအားလုံးမှာ ပစ်မှတ်ကို ထိမှန်သွားခဲ့ပြီး ထိုထူးဆန်းသော သတ္တဝါ၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ထိုးဝင်သွားခဲ့သည်။ သို့သော်လည်း နာကျင်မှုကို ခံစားရခြင်း မရှိသည့်အလား ထိုမိစ္ဆာကြီးမှာ ရယ်မောလိုက်ပြီး စကားဆိုလာ၏။

"ငါ့ရဲ့ တပည့်... မင်းက တကယ်ပဲ ဒီတားမြစ်ထားတဲ့ မှော်ပညာကို သုံးပြီး မင်းကို ကူညီဖို့ ငါ့ရဲ့ ကိုယ်ပွားကို ခေါ်ယူခဲ့တာပဲ... ကောင်းပြီ... ငါ ကူညီပေးရတာပေါ့... ဟား... ကျောက်စိမ်းနဂါးနိုင်ငံ မြို့တော်မှာ အစွမ်းအထက်ဆုံးသူကတော့ သေဖို့ငြင်းဆန်နေတဲ့ အဲဒီနဂါးအိုကြီးပဲ... အဲဒါကလွဲရင် တခြား ဘယ်အဆင့် (၄) သားရဲမှ ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး... အကယ်လို့ အဲဒီနဂါးအိုကြီး အခုပေါ်လာရင်တောင် ဘာမှ ထူးမှာမဟုတ်ဘူး... တကယ်တော့ သူ့ကို အချိန်မတိုင်ခင် သေမင်းဆီ ပို့ပေးဖို့တောင် ငါ စိတ်မရှိဘူး"

ထိုသို့ ပြောပြီးနောက် သူသည် သူနှင့် အနီးဆုံးရှိ စစ်သည်များကို တိုက်ခိုက်လိုက်တော့သည်။ သူ၏ တိုက်ခိုက်မှုမှာ အလွန်ပင် မြန်ဆန်လှသဖြင့် မည်သူမျှ အချိန်မီ မတုံ့ပြန်နိုင်ကြပေ။ သူတို့ထဲမှ အချို့မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရိုက်သတ်ခြင်း ခံလိုက်ရလေတော့သည်။

သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားခဲ့ပြီး ယခုအခါ ခြောက်သွေ့နေသော ရေကန်မှာ တဖြည်းဖြည်း ပြန်လည် ပြည့်လျှံလာခဲ့သည်။

ရေကန်၏ အောက်ခြေမှ ထိုထူးဆန်းသော သတ္တဝါ၏ ခန္ဓာကိုယ်သို့ ဆက်သွယ်ထားသော သွေးစီးကြောင်းလေး တစ်ခုကိုမူ မည်သူမျှ သတိပြုမိပုံ မရပေ။

ထိုအချိန်မှာပင် လင်းကျင်းသည် ထိုနေရာသို့ အပြေးအလွှား လာနေခဲ့ပြီ ဖြစ်သည်။

တန်ရွှင်း အပါအဝင် အသင်းချုပ်မှ အခြားသော အကဲဖြတ်မှူးများမှာလည်း သူနှင့်အတူ လိုက်ပါလာရန် ဆုံးဖြတ်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ၎င်းမှာ အသင်းချုပ်အနေဖြင့် လျစ်လျူမရှုနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သူတို့ နောက်တွင် ကျန်ရစ်ခဲ့လျှင်ပင် ဤအကဲဖြတ်မှူးကြီးများမှာ ယနေ့ညတွင် အေးဆေးစွာ အနားယူနိုင်ကြလိမ့်မည် မဟုတ်ပေ။

ထို့နောက် အချက်ပေးမြားတစ်စင်းသည် ညကောင်းကင်ယံသို့ ပစ်တင်လိုက်သည်။ မြား၏ ကျယ်လောင်သော လေတိုးသံနှင့်အတူ အလင်းလုံးကြီး တစ်ခု ပေါ်ထွက်လာခဲ့၏။

"အဲဒီ အချက်ပေးမီးက အရေးပေါ် အခြေအနေမှာပဲ သုံးတာ... ဗိုလ်ချုပ်တို့ဘက်မှာ တစ်ခုခု ဖြစ်နေပြီထင်တယ်"

သတင်းပို့သော စစ်သည်က အော်ပြောလိုက်သည်။

ဤအချက်ပေးမြားကို မြို့၏ မည်သည့်နေရာမှမဆို မြင်နိုင်၊ ကြားနိုင်သည်ဖြစ်ရာ နေရာအနှံ့မှ စစ်သည်များသည် ထိုနေရာသို့ ချက်ချင်း စုရုံးလာကြတော့မည် ဖြစ်သည်။

လင်းကျင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ ပင်ကိုယ်သိစိတ်အရ တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။

ရန်ချင်းရှီ တစ်ဦးတည်းနှင့်တော့ ဒုတိယဘုရင်ခံကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးကို အချက်ပေးမီး လွှတ်ရသည်အထိ အကျပ်ကိုင်နိုင်စရာ အကြောင်းမရှိပေ။ ၎င်းမှာ ရန်ချင်းရှီထံတွင် အစွမ်းထက်သော စစ်ကူများ ရောက်ရှိနေခြင်းကြောင့်သာ ဖြစ်ရပေမည်။

အကယ်၍ ထိုသို့သာဆိုလျှင် သူတို့သည် ရန်ချင်းရှီအား မြို့၏ ကာကွယ်ရေးကို ဖောက်ထွက်ရန် အဘယ်ကြောင့် မကူညီကြသနည်း။ မြို့ထဲတွင် အဆုံးမရှိသော စစ်သည်တော်များနှင့် တိုက်ခိုက်နေပြီး ဘာကြောင့် အချိန်ဖြုန်းနေကြသနည်း။

သို့သော်လည်း တစ်ခုခု မှားယွင်းနေကြောင်း သိနေလျှင်ပင် လင်းကျင်းမှာ ၎င်းမှာ ဘာလဲဆိုသည်ကို အတိအကျ မသိရှိပေ။ သူသည် မြို့စောင့်တပ်များ စစ်ကူလွှတ်နေခြင်းကိုလည်း တားဆီးနိုင်ခြင်း မရှိပေ။

ထို့ကြောင့် သူသည် မိမိကိုယ်တိုင်သာ အမြန်ဆုံး သွားရန် ဆုံးဖြတ်လိုက်သည်။

ယခင်က သူသည် တန်ရွှင်းနှင့် အခြားသူများကို အားနာနေခဲ့သော်လည်း ယခုမူ အချိန်မရှိတော့ပေ။ လင်းကျင်း၏ ခြေဖဝါးအောက်တွင် မြူတိမ်များ စုရုံးလာပြီး သူသည် လေထဲသို့ ပျံတက်ကာ သူ၏ ရဲဘော်များထက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

သူ၏ အရှိန်အဟုန်ကြောင့် လူအများအပြားမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

လင်းကျင်းသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် အချက်ပေးမီး လွှတ်လိုက်သော နေရာသို့ ရောက်ရှိလာခဲ့သည်။ သူ ဒုဝန်ကြီး၏ စံအိမ်သို့ ရောက်ရှိလာသောအခါ စောစောက အချက်ပေးမြား၏ မီးခိုးများပင် မပြယ်သေးပေ။

ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လင်းကျင်း အသက်ကို ပြင်းပြင်းရှူလိုက်ရာ ရင်းနှီးသော အနံ့တစ်ခုကို ချက်ချင်း ရရှိလိုက်သည်။

၎င်းမှာ ခေါင်းရှစ်လုံးမြွေနဂါး၏ ညှီစို့စို့ အနံ့ပင် ဖြစ်၏။

"တကယ်ပဲ ဒီမှာ ရှိနေတာပဲ"

လင်းကျင်း၏ မျက်လုံးများ ကျုံ့သွားခဲ့သည်။ ယခုအကြိမ်တွင်တော့ ဘာပဲဖြစ်ဖြစ် ထိုလူကို လွတ်အောင် ထားလိမ့်မည် မဟုတ်ပေ။ လင်းကျင်းသည် ဘာစကားမျှ မဆိုဘဲ သူ ပြုပြင်ထားသော နက်ဗျူလာအလံကို ထုတ်ယူကာ အပေါ်သို့ မြှောက်လိုက်တော့သည်။

"နက်ဗျူလာ အတားအဆီး"

အခန်း (၃၈၀) - တိုက်ပွဲဝင်ခြင်း

နက်ဗျူလာ အတားအဆီးကို သူ အစွမ်းကုန် အသုံးပြုခဲ့သည်မှာ နောက်ဆုံးအကြိမ်ကလည်း ဤမြို့တော်တွင်ပင် ဖြစ်သည်။ ထိုအချိန်မှစ၍ လင်းကျင်းသည် တစ်ခါတစ်ရံ နက်ဗျူလာ အတားအဆီးကို အသုံးပြုလေ့ရှိသော်လည်း အလံကိုမူ မလိုအပ်ဟု ယူဆသဖြင့် ထုတ်မသုံးခဲ့ပေ။

သို့သော် ယခုကဲ့သို့ အချိန်မျိုးတွင်မူ သူ အစွမ်းကုန် ကြိုးစားရပေမည်။

ဤစံအိမ်မှာ အလွန်ကြီးမားလှပြီး ထိုခေါင်းရှစ်လုံးမြွေနဂါး၏ အငွေ့အသက်မှာ ဆုတ်ခွာနေသည်ကို ခံစားရသဖြင့် ၎င်းမှာ အခြားတစ်ဖက်မှ ထွက်ပြေးရန် ပြင်ဆင်နေကြောင်း ထင်ရှားလှပေသည်။ ထို့ကြောင့် လင်းကျင်းသည် တစ်နယ်လုံးကို ပိတ်ဆို့ရန်အတွက် နက်ဗျူလာ အတားအဆီးကို အသုံးပြုလိုက်ခြင်း ဖြစ်၏။

သူ၏ ပြိုင်ဘက်မှာ မည်မျှပင် အရည်အချင်းရှိပါစေ၊ ယခုမူ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ လင်းကျင်းသည် အရာအားလုံးကို တစ်ခါတည်း အဆုံးသတ်ရန် ရည်ရွယ်ထားသည်။ သူသည် ရန်သူကို ဤနေရာတွင် ပိတ်လှောင်ထားပြီးမှ ဖြည်းဖြည်းချင်း ကိုင်တွယ်သွားပေလိမ့်မည်။

နက်ဗျူလာ အတားအဆီးအောက်တွင် ဒုဝန်ကြီး၏ စံအိမ်မှာ ပြင်ပကမ္ဘာနှင့် လုံးဝ ကင်းကွာသွားခဲ့ပြီ ဖြစ်သည်။ အတွင်းမှလူများ ထွက်မသွားနိုင်သကဲ့သို့ အပြင်မှလူများလည်း ဝင်လာနိုင်ခြင်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် စံအိမ်၏ နောက်ဖက်တံခါးတွင် ထွက်ပြေးရန် ပြင်နေသော ရန်ချင်းရှီသည် ရှေ့မှ မြူတံတိုင်းကြီးကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရသဖြင့် သူသည် ရှေ့သို့ အလောတကြီး ပြေးထွက်လိုက်၏။

သူ အံ့သြသွားသည်မှာ ထိုမြူထူများထဲမှ ဖြတ်ပြေးပြီးနောက် သူသည် သူစတင်ခဲ့သော နေရာသို့ပင် ပြန်လည် ရောက်ရှိနေခြင်း ဖြစ်သည်။

သူသည် ထိုမြူထူများထဲမှ ဖြတ်ပြေးရန် ထပ်မံ ကြိုးစားသော်လည်း ထိုသို့ပင် ဖြစ်နေပြန်သည်။

ချက်ချင်းပင် ရန်ချင်းရှီ၏ ကိုယ်ပေါ်တွင် ချွေးအေးများ ထွက်လာတော့သည်။

သူသည် မည်မျှပင် ဗဟုသုတ ကြွယ်ဝပါစေ၊ ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မကြုံဖူးပေ။ အစပိုင်းတွင် အရာအားလုံးမှာ သူ၏ လက်ခုပ်ထဲ၌ ရှိနေခဲ့သော်လည်း ဤမြူအတားအဆီး ရုတ်တရက် ပေါ်လာခြင်းက သူ၏ အစီအစဉ်အားလုံးကို လုံးဝ ပျက်စီးသွားစေခဲ့သည်။

သူ ဘာပဲလုပ်လုပ် ဤနေရာ၌ ပိတ်မိနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

"ဒါက ဘယ်လို မှော်အတတ်မျိုးလဲ... ငါ့ကို ချုပ်နှောင်ထားနိုင်မယ်လို့ ငါ မယုံဘူး"

ရန်ချင်းရှီသည် သူ ထွက်ပြေးရန် အချိန်ရစေရန်အတွက် သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွားကို အသုံးပြုရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ပြဿနာနှင့် တိုက်ရိုက် တိုးသွားခဲ့ပြီဖြစ်ရာ ၎င်းမှာ သူ၏ စိုးရိမ်ပူပန်မှုအတွက် အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ၏ ဆရာဖြစ်သူ၏ ကိုယ်ပွားမှာ ကြာရှည်ခံလိမ့်မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားသည်။ အကယ်၍ သူသည် ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက သူ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။

ဤသို့ တွေးမိသောအခါ ရန်ချင်းရှီသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် သူ သိထားသမျှ ဗဟုသုတအားလုံးကို အသုံးပြုကာ ဤအတားအဆီးကို ဖျက်ဆီးရန် ကြိုးစားတော့သည်။

သူသည် မန္တန်များ၊ မှော်လက်နက်များ၊ အဆိပ်သင့်နေသော သားရဲသွေးများကိုပင် အသုံးပြုခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။ နောက်ဆုံးတွင် ရန်ချင်းရှီသည် သူ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် လင်းကျင်းသည် ရင်ပြင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုနေရာမှာ ယခုအခါ ငရဲခန်းတစ်ခုအလား ဖြစ်နေပြီး ဥယျာဉ်တစ်ခုလုံးတွင် ဖြတ်တောက်ခံထားရသော ခြေလက်အင်္ဂါများ ပြန့်ကျဲနေခဲ့၏။ ဤနေရာမှာ တစ်ချိန်က မည်သို့သော နေရာမျိုး ဖြစ်ခဲ့သနည်းဆိုသည်ကိုပင် ခန့်မှန်းရန် ခက်ခဲလှပေသည်။

ဒုတိယဘုရင်ခံသည် သူ၏ လူတစ်စုနှင့်အတူ ထိုမိစ္ဆာကြီးကို တိုက်ခိုက်နေသည်။ သို့သော်လည်း ထိုတိုက်ပွဲမှာ တစ်ဖက်သတ် သတ်ဖြတ်နေသကဲ့သို့သာ ဖြစ်နေခဲ့၏။

ဘုရင်ခံသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သော်လည်း အခြားသူများမှာမူ အခွင့်အရေး မရှိကြပေ။

ဒုတိယဘုရင်ခံ၏ သားရဲမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော်လည်း ရွှေရောင်ခြင်္သေ့မှာ သတ္တိရှိနေဆဲပင် ဖြစ်သည်။ ၎င်းမှာ ဤနေရာတွင် သေဆုံးနိုင်ကြောင်း သိနေလျှင်ပင် မည်သည့်အခါမျှ နောက်ဆုတ်ခြင်း မရှိပေ။

လင်းကျင်း ရောက်ရှိလာပြီးနောက်တွင်မူ အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။

ထိုမိစ္ဆာကြီးသည် သံမဏိကြိမ်လုံးတစ်ခုကဲ့သို့ သူ၏ အမြီးကို ဝှေ့ယမ်းကာ ရွှေရောင်ခြင်္သေ့ကို လွင့်စင်သွားအောင် လုပ်လိုက်သည်။ ခြင်္သေ့မှာ သွေးတစ်လုပ် အန်လိုက်ရပြီး မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တစ်ပြိုင်နက် သွေးများဖြင့် ဖုံးလွှမ်းနေသော ထိုမိစ္ဆာကြီးမှာ ၎င်း၏ လည်ပင်းကို လက်သည်းများဖြင့် ဆွဲဖြတ်ရန် ရှေ့သို့ အဟုန်ဖြင့် တိုးလာခဲ့သည်။

ဤအရေးကြီးသော အချိန်တွင် လင်းကျင်းသည် သူ့ထံသို့ အပ်တစ်စင်းကို ပစ်လွှတ်လိုက်၏။

ဖြစ်ပျက်သွားသောအရာမှာ အတော်ပင် ထူးဆန်းလှပေသည်။ ဤသွေးများဖြင့် စိုရွှဲနေသော မိစ္ဆာကြီးမှာ မြားများ၊ ဓားများနှင့် သားရဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရလျှင်ပင် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုတိုက်ခိုက်မှုများကို လှည့်ပင်မကြည့်ဘဲ သူ၏ ခန္ဓာကိုယ်မှာ မပျက်စီးနိုင်သည့်အလား ပြုမူနေခဲ့၏။

သို့သော်လည်း လင်းကျင်း၏ သေးငယ်သော အပ်တစ်စင်းကသာ သူ့အား ထိတ်လန့်သွားစေပြီး ချက်ချင်း နောက်ဆုတ်သွားစေခဲ့သည်။ ၎င်းမှာ ရွှေရောင်ခြင်္သေ့၏ အသက်ကို ကယ်တင်လိုက်သော လှုပ်ရှားမှုပင် ဖြစ်၏။

ထိုအပ်မှာ အနီးရှိ ကျောက်တုံးကြီးတစ်ခုထဲသို့ နစ်ဝင်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်ထွက်လာခဲ့၏။ ၎င်းမှာ အသာအယာ ထိလိုက်ရုံမျှဖြင့် ကြေမွသွားတော့မည့်အတိုင်း ဖြစ်နေသည်။

လင်းကျင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သောအခါ သူ၏ နှာခေါင်းထဲတွင် သွေးပုပ်နံ့များဖြင့် ပြည့်နှက်သွားခဲ့သည်။ ဤနေရာမှ အခြေအနေကို ကြည့်ရလျှင် အနည်းဆုံး လူတစ်ရာခန့်မှာ ထိုမိစ္ဆာ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီ ဖြစ်သည်။

"အကဲဖြတ်မှူးလင်း... ဒီအရာကို သတိထားပါ"

ဒုတိယဘုရင်ခံက သတိပေးလိုက်ရာ လင်းကျင်း ခေါင်းညိတ်လိုက်၏။ သူသည် တိုက်ပွဲထဲသို့ ချက်ချင်း ဝင်မသွားဘဲ ဒဏ်ရာရနေသော စစ်သည်များနှင့် သားရဲများကို ကြည့်လိုက်သည်။

ရွှေရောင်ခြင်္သေ့အပြင် အခြားသော ဒဏ်ရာရ သားရဲ ဆယ်ကျော်ခန့် ရှိနေသည်။ အချို့မှာမူ ဝမ်းဗိုက်များ ပွင့်ထွက်သွားသည်အထိ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြ၏။

လင်းကျင်းသည် ဤကိစ္စတွင် သူကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း သိရှိထားသည်။ အကယ်၍ သူသာ မရှိခဲ့ပါက ဤရဲရင့်သော စစ်သည်တော်များမှာ ဤကဲ့သို့ ဒုက္ခနှင့် ကြုံရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အပြစ်ရှိသကဲ့သို့ ခံစားရသော်လည်း ထိုခံစားချက်မှာ သူ၏ ဒေါသများအောက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။

သူ၏ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ လင်းကျင်းသည် ရစ်ပတ်အပ်နည်းစနစ်ကို အစွမ်းကုန် အသုံးပြုကာ အပ်များကို ပစ်လွှတ်လိုက်တော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒဏ်ရာအနည်းငယ်ရထားသော သားရဲများမှာ ပြန်လည် မတ်တတ်ရပ်နိုင်လာကြပြီး ပြင်းထန်စွာ ဒဏ်ရာရထားသော သားရဲများ၏ ပွင့်ထွက်နေသော ဒဏ်ရာများမှာလည်း ချက်ချင်း ပြန်လည် ပိတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းကျင်းသည် ဆေးလုံးပုလင်းကို ထုတ်ယူကာ သေလုမြောပါး ဖြစ်နေသော သားရဲများကို တိုက်ကျွေးလိုက်၏။

အချိန်တိုအတွင်းမှာပင် သူသည် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ လင်းကျင်းအနေဖြင့် ပြန်လည် အသက်မသွင်းနိုင်တော့သော သေဆုံးသွားသူများမှလွဲ၍ ကျန်ရှိသော ဒဏ်ရာရသူများမှာ မည်မျှပင် ပြင်းထန်ပါစေ၊ လင်းကျင်းသည် သူတို့အားလုံးကို အကောင်းဆုံး ကုသပေးခဲ့သည်။

သူ၏ လုပ်ဆောင်ချက်များကြောင့် စစ်သည်များမှာ အံ့အားသင့်သွားကြရသည်။ သာမန် သားရဲအကဲဖြတ်မှူး တစ်ဦးအနေဖြင့် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ရရှိနိုင်လိမ့်မည် မဟုတ်ကြောင်း သူတို့ သိရှိကြသည်။

ထိုမိစ္ဆာကြီးမှာလည်း လင်းကျင်းကို သတိထားနေဆဲ ဖြစ်သဖြင့် သူ၏ မရပ်မနား တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သည်။ သို့သော် သူသည်လည်း သိချင်စိတ် ဖြစ်ပေါ်နေခဲ့၏။ ဤမျှ ငယ်ရွယ်သော အကဲဖြတ်မှူးတစ်ဦးသည် ဤကဲ့သို့ အံ့သြဖွယ်ရာ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အဆင့်မြင့်နိုင်ငံများတွင်ပင်လျှင် ဤကဲ့သို့သောသူကို ထူးချွန်သူတစ်ဦးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

ကျွမ်းကျင်သူတစ်ဦးသာလျှင် စစ်မှန်သော အနုပညာကို အသိအမှတ်ပြုနိုင်သည်။ ထိုမိစ္ဆာကြီးကိုယ်တိုင်မှာလည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှသဖြင့် လင်းကျင်း၏ လုပ်ဆောင်ချက်များကို ကြည့်ကာ ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။

"တကယ့်ကို ကောင်းမွန်တဲ့ နည်းစနစ်ပဲ... အံ့သြစရာကောင်းတဲ့ စွမ်းရည်ပဲ"

သူက ချီးကျူးလိုက်၏။

သားရဲများကို ကုသပေးပြီးနောက် လင်းကျင်းသည် ဒဏ်ရာရ စစ်သည်များကိုလည်း ကုသပေးလိုက်သည်။ ၎င်းမှာ သူတို့အတွက် ကျေးဇူးတင်စရာနှင့် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

သူတို့၏ သားရဲများကို ကယ်တင်ပေးခြင်းမှာပင် ကြီးမားသော ကျေးဇူးတရား ဖြစ်နေခဲ့ပြီ ဖြစ်သည်။ စစ်သည်များသည် ဒုက္ခများကြားတွင် ကြံ့ခိုင်သူများ ဖြစ်နိုင်သော်လည်း သူတို့၏ သားရဲများနှင့် ပတ်သက်လာလျှင်မူ နူးညံ့သော စိတ်နှလုံး ရှိကြသည်။ သူတို့၏ သားရဲများမှာ သူတို့၏ မိသားစုဝင်များကဲ့သို့ပင် ဖြစ်၏။

သူတို့၏ သားရဲများ ဒဏ်ရာရသောအခါ သူတို့သည် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများကို ခံစားကြရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ အမှောင်မိုက်ဆုံး အချိန်တွင် မျှော်လင့်ချက် အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ လင်းကျင်းသည် သူတို့အား ကယ်တင်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ လူအနည်းငယ်မှာ အသက်ဆုံးရှုံးခဲ့ရသော်လည်း လင်းကျင်းသည် ကျန်ရှိသူများကို လက်မလျှော့ခဲ့ပေ။ ဤအချက်ကပင် သူတို့၏ လေးစားမှုကို ရရှိစေခဲ့ခြင်း ဖြစ်သည်။

"အကဲဖြတ်မှူးလင်း... ကျေးဇူးတင်ပါတယ်ခင်ဗျာ"

စစ်သည်တစ်ဦးသည် သူ၏ရှေ့တွင် ဦးညွှတ်လိုက်သည်။

လင်းကျင်းသည် သူ့ကို ချက်ချင်းပင် ထူပေးလိုက်ပြီး ဒုတိယဘုရင်ခံနှင့်အတူ ထွက်ခွာသွားရန် ပြောလိုက်၏။

"ကျွန်တော်တို့ အကဲဖြတ်မှူးလင်းနဲ့အတူ တိုက်ပွဲဝင်ချင်ပါတယ်၊ သေရမှာကို ကျွန်တော်တို့ မကြောက်ပါဘူး"

စစ်သည်များက ခေါင်းမာစွာ အော်ပြောကြသည်။

လင်းကျင်း၏ မျက်နှာမှာ တည်တင်းသွားခဲ့ပြီး ဒုတိယဘုရင်ခံထံသို့ လှည့်ကြည့်လိုက်သည်။ ဒုတိယဘုရင်ခံမှာ လင်းကျင်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်လိုက်၏။

ထိုမိစ္ဆာကြီးနှင့် တိုက်ခိုက်နေရသော်လည်း သူတို့အနေဖြင့် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောလျှင် ပိုမည်မဟုတ်ပေ။ သူတို့ ဤနေရာတွင် ဆက်ရှိနေခြင်းမှာ လင်းကျင်းအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုသာ ဖြစ်ပေလိမ့်မည်။

အခြေအနေကို သိမြင်သူဖြစ်သည့်အတိုင်း ဒုတိယဘုရင်ခံက ဟောက်လိုက်တော့သည်။

"စစ်သည်တို့... ငါ့အမိန့်ကို နာခံကြ... အခုချက်ချင်း ဆုတ်ခွာကြ"

သူတို့၏ ဗိုလ်ချုပ်က ပြောဆိုလိုက်ပြီဖြစ်ရာ စစ်သည်များသည် သူ၏ အမိန့်ကို မလွန်ဆန်ရဲကြပေ။

စစ်သည်များ ထွက်ခွာသွားပြီးမှသာ လင်းကျင်းအနေဖြင့် ဤမိစ္ဆာကြီးကို ကိုင်တွယ်ရာတွင် အစွမ်းကုန် အသုံးချနိုင်ပေလိမ့်မည်။

ပြောရလျှင် လင်းကျင်းသည် တစ်ချိန်လုံး သတိထားနေခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုမိစ္ဆာကြီးက သူ့အား မည်သည့်အချိန်တွင်မဆို ခိုးယူတိုက်ခိုက်လာနိုင်ကြောင်း မျှော်လင့်ထားခဲ့သော်လည်း ထိုတိုက်ခိုက်မှုမှာ ပေါ်ပေါက်မလာခဲ့ပေ။

ထိုမိစ္ဆာကြီးသည် လင်းကျင်းက သူ့အား လေ့လာနေသကဲ့သို့ပင် လင်းကျင်းကိုလည်း ပြန်လည် လေ့လာနေခဲ့သည်။

ယခင်ရန်သူနှင့်မတူဘဲ လင်းကျင်း၏ သေချာသော လေ့လာချက်အရ ဤမိစ္ဆာကြီးမှာ ကျင့်ကြံသူကြီးတစ်ဦး၏ ကိုယ်ပွားသာ ဖြစ်ကြောင်း သိလိုက်ရလေတော့သည်။

All Chapters