ချန်ပီယံ
Vol. 28 Ch. 382
အပျက်အစီးများ ဖြစ်ပေါ်နေသော ဇူယွမ်တို့ ရှိနေသည့် တောင်ထွတ်၌ ကသိကအောက် အခြေအနေမှာ ဆက်လက် ဖြစ်ပွားနေလျက် ရှိသည်။
ဇူယွမ်နှင့် ရှုယန်တို့နှစ်ဦးမှာ ပေအနည်းငယ်သာ ကွာဝေးနေသော်လည်း တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြမည့် အရိပ်အယောင်မျှပင် ရှိမနေသေးချေ။ ဇူယွမ်မှာ မြေကြီးပေါ်တွင် ထိုင်လျက်ရှိနေကာ ခန္ဓာကိုယ်အတွင်းမှ ထက်ရှလှသော ဓားချီများအား ဖျောက်ဖျက်ရန် ကြိုးစားနေခဲ့ပြီး ရှုယန်မှာတော့ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုဘဲ နဂါးဒေါသအဆိပ်အား ဖယ်ထုတ်နိုင်ရန် ကြံစည်လျက်ရှိ၏။
အစောပိုင်း၌ အဆိပ်အား ဖယ်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့မှုတွင် ထိုသွေးကြောသဏ္ဌာန် လူးလွန့်နေသော အဆိပ်များမှာ မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမှန်း ရှုယန် သိရှိခဲ့ရပြီး ဖြစ်သည်။
အခြားသော တောင်ထွတ်များမှ တိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပြင်းထန်လာခဲ့သော်လည်း ဇူယွမ်တို့၏ တောင်ထွတ်တွင်တော့ ပို၍တိတ်ဆိတ်ကာ ငြိမ်းချမ်းလာလျက် ရှိနေ၏။
ထို့သို့သော ကသိကအောက်ဖြစ်စရာ အခြေအနေကြီးကြောင့် တောင်တန်း အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ရီရမလား ငိုရမလားပင် မသဲကွဲတော့ပေ။ တပည့်များမှာ ပထမ၌ ဇူယွမ်သည် ဤတစ်ကြိမ်တွင်တော့ အလှည့်အပြောင်းများ ပြုလုပ်နိုင်ရန် အခွင့်အရေး မရှိလောက်ဟု ထင်မြင်မိခဲ့ကြသည်။ သို့သော်လည်း ဇူယွမ်မှာ မည်သူမှ မထင်မှတ်ထားသော ထူးဆန်းသည့် အခြေအနေတစ်ခုကို ဖန်တီးနိုင်ခဲ့သေး၏။ ကြည့်ရသည်မှာ ဓားကပ်ဘေး တောင်ထွတ်၏ ဂုဏ်သိက္ခာများ အားလုံးသည် ဇူယွမ့်ထံ၌ ပျက်စီးသွားရတော့မည်ဟု ထင်ရသည်။
တောင်ထွတ်ပေါ်တွင် ရှိနေသော ရှုယန်၏ အမူအရာမှာ ခန့်မှန်း၍မရ ဖြစ်နေ၏။ ရှုယန်မှာ အမွှေးနံ့သာတိုင်ကြီးအား ကြည့်လိုက်သောအခါ သုံးပုံတစ်ပုံမျှပင် လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်ပြီး အခြားတောင်ထွတ်ကိုးခုမှ ရွှေခါးစည်း တပည့်များမှာလည်း တဖြည်းဖြည်းနှင့် စတင် အရေးနိမ့်လာခဲ့ပြီပင် ဖြစ်သည်။
ဤအခြေအနေတိုင်းသာ ဆက်လက် တည်ရှိနေခဲ့မည် ဆိုပါက ချန်ပီယံနေရာအား ဇူယွမ်မှ အလွယ်တကူ ရရှိသွားနိုင်တော့မည်ပင် ဖြစ်၏။
ထိုသို့သာ ဖြစ်သွားခဲ့မည် ဆိုပါက ရှုယန်၏ အကြံအစည်မှာ ကျရှုံးသွားမည်ဖြစ်ကာ ဓားကပ်ဘေး တောင်ထွတ်မှာလည်း မျက်နှာရစရာပင် မရှိအောင် ဂုဏ်သိက္ခာများ ပျက်စီး သွားရပေလိမ့်မည်။ ထို့အပြင် ရှုယန်မှာ တောင်ထွတ်ဆရာသခင် လင်ကျွမ်း၏ အပြစ်ဒဏ်ကိုတောင် ခံယူရနိုင်ပေသည်။
ရှုယန်မှာ အတွေးများကြား နစ်မြုပ်နေရင်းမှ မျက်နှာအမူအရာ ခက်ထန်လာခဲ့ပြီး ဇူယွမ့်အားကြည့်၍ တီတိုးပြောဆိုလိုက်၏။
“ဇူယွမ် ဓားကပ်ဘေး တောင်ထွတ်က မျက်နှာရစရာတောင် မရှိအောင် ဖြစ်သွားခဲ့မယ်ဆိုရင် မင်းဘဝလည်း ကောင်းစားရမယ် မထင်နဲ့”
“ကန်ရွှမ်းကလန်မှာ ရှိတဲ့သူတိုင်း ငါတို့ဓားကပ်ဘေး တောင်ထွတ်ကို အပြစ်ပြုတာ မကောင်းတဲ့ကိစ္စမှန်း သိတယ်။ ဒီနေ့ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် အနာဂတ်မှာ ဓားကပ်ဘေးတောင်ထွတ်က တစ်ယောက်ယောက်က မင်းကို ဆိုးဆိုးရွားရွား လက်စားပြန်ချေလိမ့်မယ်”
ဇူယွမ်မှာ မျက်ခုံးပင့်ကာ တည်ငြိမ်စွာပင် ပြန်၍ပြောလိုက်သည်။
“စီနီယာ အစ်ကိုတော်ရှုယန် မင်းက ငါ့ရဲ့လုပ်ရပ်ကို တရားလွန်တယ်လို့ မြင်တယ်ပေါ့။ ဒါပေမဲ့ မင်းတို့ ဓားကပ်ဘေး တောင်ထွတ်ကကြတော့ ငါ့ကိုအမဲလိုက်သလို လိုက်ဖို့တောင်မှ တပည့်တွေအများကြီး လွှတ်ခဲ့တာနော်”
ရှုယန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားကာ ပျော့ပြောင်းသွားသော လေသံဖြင့် စကားဆိုလိုက်၏။
“ဂျူနီယာညီတော်ဇူယွမ် ငါ့မှာ အကြံတစ်ခုရှိတယ်”
“အခုသာ မင်းအရှုံးပေးလိုက်မယ်ဆိုရင် ဓားကပ်ဘေး တောင်ထွတ်နဲ့ မင်းနဲ့ကြားက ရန်ငြိုးတွေကို ချေဖျက်ပေးလိုက်မယ်။ အနာဂတ်မှာလည်း ငါတို့တောင်ထွတ်က ဘယ်သူကမှ မင်းကို ရန်လာမရှာစေရဘူး။ အဲဒီလိုဆို ဘယ်လိုလဲ”
ဇူယွမ်မှာ ရယ်ချင်စိတ်ကိုပင် ထိန်းချုပ်၍ မရနိုင်တော့ချေ။ မည်မျှပင် အရှက်ကင်းမဲ့ လိုက်ပါသနည်း။ ရှုယန်မှ ဂုဏ်သိက္ခာမဲ့စွာပင် ထိုသို့သောစကားမျိုး ပြောလာသည်ကို ကြည့်ရသည်မှာ ယခုဖြစ်ပေါ်နေသော အခြေအနေများသည် သူ့အားလွန်စွာမှ ဖိအားဖြစ်စေဟန် တူသည်။
“တော်ပါပြီ ဓားကပ်ဘေးတောင်ထွတ်ကို ငါအကြွေးမတင်ချင်ဘူး”
ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ တည်ငြိမ်စွာဖြင့်ပင် ပြန်၍ပြောလိုက်၏။ ယနေ့ဖြစ်ရပ်အား ဓားကပ်ဘေးတောင်ထွတ်မှ ကျေနပ်မည် မဟုတ်ကြောင်း ဇူယွမ်လည်း ကောင်းစွာသိရှိပေသည်။ သို့သော် အပြစ်တင်မည်ဆိုလျှင် သူတို့၏ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များကိုသာ အပြစ်တင်သင့်၏။ ယခု ရှုယန် တောင်းဆိုနေသော အရှက်သိက္ခာ ကင်းမဲ့လှသည့် တောင်းဆိုချက်ကိုတော့ ဇူယွမ်က မည်သို့မှ လက်သင့်ခံနိုင်မည် မဟုတ်ချေ။
ဓားကပ်ဘေး တောင်ထွတ်မှာ မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပါစေ ထိုတောင်ထွတ်သည်လည်း ကန်ရွှမ်းကလန်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေသည်။ ထို့ကြောင့် အကယ်၍သာ ဓားကပ်ဘေးတောင်ထွတ်မှ မတရားသော အပြုအမူတစ်ခုခုအား လုပ်ဆောင်ခဲ့မည်ဆိုပါက ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားတောင်ထွတ် ဆရာသခင်များမှ လက်ပိုက်ကြည့်နေကြမည် မဟုတ်ဟု ဇူယွမ် ယုံကြည်ထား၏။
ထို့အပြင် ဇူယွမ်မှာလည်း စိတ်ဓာတ်ပျော့ညံ့သော သူတစ်ဦး မဟုတ်ပေ။ ဤတစ်ကြိမ်၌ ဓားကပ်ဘေးတောင်ထွတ်၏ တရားလွန်လှသော လုပ်ရပ်က ဇူယွမ့်ကိုလည်း ခံနိုင်ရည်အား ကုန်ဆုံးကာ ဒေါသဖြစ်စေခဲ့သည်။
မင်းတို့ဖက်က ဒီလုပ်ရပ်ကို စခဲ့တာဆိုမှတော့ မျက်နှာရစရာ မရှိအောင် အရှက်ကွဲရတဲ့အကျိုးဆက်ကိုလည်း မင်းတို့ ခံစားသင့်တာပေါ့ ...
“ဇူယွမ် မင်းကိုငါက အခွင့်အရေး ပေးနေတာနော်” ရှုယန်မှ ဒေါသဖြစ်နေသော အသံဖြင့် အော်ဟစ်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် ရှုယန်မှာ ဂုဏ်သိက္ခာများကိုပင် ဂရုမစိုက်ဘဲ ယဥ်ယဥ်ကျေးကျေးဖြင့် ဇူယွမ်အား အောက်ကျို့ကာ အခွင့်အရေးပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုသည်တောင်မှ ဇူယွမ်က ဓားကပ်ဘေး တောင်ထွတ်အား လေးစားမှုမရှိဘဲ ငြင်းဆန်ခဲ့၏။
သို့သော် ဇူယွမ်မှာ ရှုယန်အား အနည်းငယ်မျှပင် ဂရုစိုက်မနေဘဲ မျက်လုံးများကိုမှိတ်ကာ ခန္ဓာကိုယ်ထဲမှ ဓားချီများကို ဖယ်ထုတ်ရန်သာ ကြိုးပမ်းနေတော့သည်။ ရှုယန်မှာ ဇူယွမ်၏ လျစ်လျူရှုထားခြင်းအား ဒေါသထွက်လွန်းလှသဖြင့် အကြိမ်ရေများစွာ အော်ဟစ် နေခဲ့ပါသော်လည်း ဇူယွမ်မှ အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မပြုသောကြောင့် စိတ်တိုကာ မျက်နှာကြီးပင် ရဲတွတ်လာခဲ့ရ၏။
ထိုသို့ဖြင့် အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးလာခဲ့ပြီး ယခုဆိုလျှင် အမွှေးနံ့သာ တိုင်ကြီးမှာ တစ်ဝက်ခန့်သာ ကျန်တော့၏။
အခြားတောင်ထွတ် ကိုးခုမှ တိုက်ပွဲများမှာလည်း အဆုံးသတ်သို့ ရောက်ရှိ လာတော့မည့်ဟန် ဖြစ်လာသည်။ စူးဝမ်၊ ဝမ်ချန်း၊ ရှားယွီနှင့် အခြားရွှေခါးစည်း တပည့်နှစ်ဦးတို့သာ ခက်ခဲစွာဖြင့် ခရမ်းရောင် ခါးစည်း တပည့်များအား တောင့်ခံနေလျက် ကျန်ရှိ၏။ သို့သော် သူတို့ငါးဦးမှာလည်း ကြာရှည်စွာ တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း ထင်ရှားနေပေသည်။
အမွှေးနံ့သာတိုင်ကြီး ကုန်ဆုံးလာသည်နှင့်အမျှ ရှုယန်၏ အမူအရာမှာ ပျက်ယွင်းလာခဲ့ပြီး ဇူယွမ်အား ထပ်မံဖြောင်းဖျရန် ကြိုးစားခဲ့ပါသော်လည်း မအောင်မြင်ခဲ့ချေ။ တဖြည်းဖြည်းနှင့် အမွှေးနံ့သာတိုင်ကြီးမှာ ပို၍လျင်မြန်စွာ ကုန်ဆုံးလာခဲ့ပြီး ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည့် အချိန်တွင် ကျန်ရှိနေသော တပည့်များမှာ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး ရှုံးနိမ့်ခြင်းကို ဝန်ခံခဲ့ကြရ၏။
အခြားသော တောင်ထွတ်များ အားလုံးမှ အရှုံးပေးလိုက်သည်နှင့် တကွ စောင့်ကြည့်နေကြသော တပည့်များမှာ တောင်ထွတ် တစ်ခုပေါ်တွင် ကျန်ရှိနေသော ဇူယွမ်အား လေးစားသော မျက်ဝန်းများဖြင့် ငေးကြည့် လိုက်ကြလေသည်။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၏ ချန်ပီယံနေရာ ရွေးချယ်ခြင်း တိုက်ပွဲတွင် နောက်ဆုံးကျန်ရှိသူ ဆယ်ဦးမှ ခရမ်းရောင်ခါးစည်း တပည့်များအား မည်မျှကြာကြာ တောင့်ခံနိုင်သလဲဟူသော အချက်ဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သောကြောင့် စူးဝမ်၊ ဝမ်ချန်း၊ ရှားယွီနှင့် အခြား ရွှေခါးစည်းတပည့်များ အားလုံးသည် အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်ရန်အတွက် အကန့်အသတ် ရောက်သည်အထိ အကောင်းဆုံး ကြိုးစားခဲ့ကြ၏။
အခြားတောင်ထွတ်ကိုးခုမှ ရွှေခါးစည်း တပည့်များမှာ ဇူယွမ်နှင့် နှိုင်းယှဥ်ရမည်ဆိုလျှင် အခြေအနေချင်း များစွာ ကွာခြားနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ အခြားယှဥ်ပြိုင်သူများနှင့် မတူညီဘဲ သူနှင့်တိုက်ခိုက်ရသော ခရမ်းရောင်ခါးစည်း တပည့်ဖြစ်သည့် ရှုယန်အား ချောင်ပိတ် ထားနိုင်ခဲ့သောကြောင့် ဖြစ်၏။
ပြောရမည်ဆိုလျှင် ဇူယွမ်မှာ ရှုယန်အား အနိုင်ရအောင် မတိုက်ခိုက်နိုင် ပါသော်လည်း ရှုယန်မှ သူ့အား မည်သို့မှ တိုက်ခိုက်၍ မရစေရန် လုပ်ဆောင် ထားနိုင်ခဲ့သည်။ တောင်ထွတ်ပေါ်တွင် ရှိနေသော ဇူယွမ်၏ပုံရိပ်မှာ သွေးစများနှင့် ကြည့်ရှု၍ပင် မကောင်းပါသော်လည်း မည်သူကမှ မထီမဲ့မြင် ပြုရဲလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲ၌ ပြုလုပ်ခဲ့သော ဇူယွမ်၏ လုပ်ဆောင်ချက်များနှင့် ရွေးချယ်မှုများတွင် အမှားတစ်ခုတလေမှပင် ရှာ၍ မရခဲ့ခြင်းကြောင့် ဖြစ်၏။
ဤခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဓားကပ်ဘေးတောင်ထွတ် တစ်ခုလုံးအား တစ်ဦးတည်းဖြင့် အနိုင်ယူနိုင်ခဲ့သော ဇွမ်သည် ကန်ရွှမ်းကလန်ထဲ၌ လူတိုင် းလေးစားအားကျရသော သူတစ်ဦး ဖြစ်လာတော့မည်ပင် ဖြစ်သည်။
တင်းကြပ်စွာ ပိတ်ထားသော ဇူယွမ်၏ မျက်ဝန်းအစုံမှာ ပွင့်ဟလာခဲ့ပြီးနောက် တည်ငြိမ်နေသော အမူအရာဖြင့်ပင် သွေးပျက် ဖြူရော်နေပြီဖြစ်သော ရှုယန်အား တစ်ချက်မျှ ကြည့်လိုက်၏။
ဤအချိန်၌ မည်သည့်အရာကိုမှ ပြောင်းလဲ၍ မရတော့မှန်း ရှုယန်လည်း သိရှိနားလည်ထားသောကြောင့် ဇူယွမ် မျက်လုံး ပွင့်လာသည်ကို မြင်လိုက်ရသောအခါ အံကို တင်းတင်းကြိတ်ကာ ကျယ်လောင်စွာ အော်ဟစ်ပစ်လိုက်လေသည်။
“မင်းနောင်တရစေရမယ်ဇူယွမ် ...”
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်၍မပြောဘဲ မြေကြီးအား လက်ဖြင့်ထောက်ကာ မတ်တတ် ရပ်လိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှ ဓားချီများအား အပြင်သို့ ထုတ်ပစ် လိုက်သောကြောင့် တောင်ထွတ်နံရံ၌ အပေါက်ပေါင်းများစွာ ဖြစ်ပေါ်သွားခဲ့၏။ ယခုဆိုလျှင် ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်းမှ ထက်ရှလှသော ဓားချီများ အားလုံးကို ဖယ်ရှားနိုင်ခဲ့ပြီပင် ဖြစ်သည်။
ရှုယန်မှာ ဇူယွမ်မှ ချီစွမ်းအင်များအား ဤကဲ့သို့ လျင်မြန်စွာ ထုတ်ပယ်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် မျက်နှာ အမူအရာပင် ပို၍ပျက်သွားခဲ့ရ၏။
ဇူယွမ်မှာ ရှုယန်အား တစ်ချက်မျှ ကြည့်လိုက်လေသည်။ အစောပိုင်း၌ ရှုယန်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ပုံမှန်ခရမ်းရောင်ခါးစည်း တပည့်တစ်ဦးကိုပင် ခက်ခဲစွာ ရင်ဆိုင်ခဲ့ရခြင်းက ဇူယွမ်သည် ကိုယ့်ကိုယ်ကိုယ် မည်မျှပင် လိုအပ်နေသေးကြောင်း သိရှိစေခဲ့ရ၏။
“နှစ်ကုန်ပိုင်းမှာ ကျင်းပမဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ ပြိုင်ပွဲဆိုရင် ခရမ်းရောင်ခါးစည်း တပည့်တွေကြီးပဲ ဝင်ပြိုင်ကြမှာဆိုတော့ ပိုပြီးခက်ခဲမှာပဲ”
“ရှုယန်လို လူမျိုးတောင်မှ အဲဒီပြိုင်ပွဲမှာပါဖို့ အရည်အချင်း ရှိမှာ မဟုတ်လောက်ဘူး”
ဇူယွမ်မှာ တီတိုးရေရွတ် လိုက်ပြီးနောက် မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အသက်ကိုပြင်းပြင်း ရှူရှိုက်လိုက်သည်။ ကြည့်ရသည်မှာ ယခုထက် များစွာပို၍ ကြိုးစားရဦးမည် ထင်ပါ၏။ အဘယ့်ကြောင့်ဆိုသော် အကယ်၍သာ ရှုယန်မှ သူ့အား အထင်မသေးခဲ့လျှင် ဤကဲ့သို့ အဆုံး၌ ကျန်ရှိနိုင်သည့် သူတစ်ဦး ဖြစ်လာရန်ပင် မသေချာပါချေ။
ပြောရမည်ဆိုလျှင် ဇူယွမ်အတွက် မူလစဦး ဆဋ္ဌမအဆင့် တပည့်တစ်ဦးကိုပင် အနိုင်ရနိုင်ရန် များစွာကြိုးစားခဲ့ရခြင်း ဖြစ်သည့်အတွက် သတ္တမအဆင့် တပည့်တစ်ဦးနှင့် တိုက်ခိုက်ရခြင်းမှာ သူ၏ အကန့်အသတ်ကိုပင် ကျော်လွန်နေပြီ ဖြစ်၏။
ဇူယွမ်မှာ အတွေးများကြားထဲ၌ နစ်မြုပ်နေစဥ်မှာပင် သူ့အား နွေးထွေးစွာ ကြည့်ရှုနေသော ကလန်ခေါင်းဆောင် ချင်းယန်၏ လေးနက်သည့် မျက်ဝန်းများကို သတိထားမိလိုက်သည်။
“ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲက ပြီးဆုံးသွားပါပြီ”
“အခုတစ်ကြိမ် ကျင်းပတဲ့ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲရဲ့ ချန်ပီယံကတော့ မူလ သူတော်စင် တောင်ထွတ်က ဇူယွမ်ပဲ ဖြစ်ပါတယ်”
ကလန်ခေါင်းဆောင် ချင်းယန်မှ ကြေညာလိုက်သည်နှင့်တကွ လူတိုင်း၏ အကြည့်များမှာ ဇူယွမ်ထံသို့ ရောက်ရှိလာခဲ့၏။ အချို့မှာ အံ့အားသင့်နေသော မျက်ဝန်းများ၊ အချိူ့မှာ လေးစားမှုမျာ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှု လိုက်ကြပြီးနောက် လက်ခုပ်လက်ဝါးများ တီးကား တစ်ခဲနက်အားပေး ဂုဏ်ပြု လိုက်ကြတော့သည်။
“ချန်ပီယံကို ဂုဏ်ပြုပါတယ်”
အားပေးဂုဏ်ပြုသံများမှာ ပတ်ဝန်းကျင် တစ်ခွင်လုံးကို လွှမ်းခြုံသွားခဲ့ပြီး တောင်တန်းများကိုပင် တုန်လှုပ်သွားစေမတက် ကျယ်လောင်နေခဲ့၏။
ယခုဆိုလျှင် ဇူယွမ်အား ကန်ရွှမ်းကလန် တစ်ခုလုံးမှ စတင်၍ အသိအမှတ် ပြုလာခဲ့ပြီပင် ဖြစ်သည်။