← Chapters

အခန်း (၁၇၄၁-၁၇၄၃)

Vol. 117 Ch. 1741-1743

အခန်း (၁၇၄၁-၁၇၄၃)

Vol. 117 Ch. 1741-1743

အခန်း (၁၇၄၁)

အံ့မခန်းပါရမီများ ဆုံးရှုံးသွားမည်

ယဲ့ချူယောင်သည် အချိန်တို အတွင်းမှာပင် လုချန်းကို လျှို့ဝှက်လဝန်းနန်းတော်ဆီ ခေါ်ဆောင်ကာ ပြန်ရောက်လာသည်။ ရောက်သည်နှင့် နတ်ဘုရင် လင်ရင်ထံသို့ သတင်းပို့ကာ လုချန်းကို ကယ်တင်ပေးရန် အကူအညီ တောင်းခံလိုက်၏။

သတင်းရသည်နှင့် တစ်ပြိုင်နက် နတ်ဘုရင်ခံ လင်ရင် လုချန်း၏ ရှေ့မှောက်၌ ပေါ်လာသည်။

ကုတင်ပေါ်၌ လဲလျောင်းနေသော လုချန်း၏ ကောင်းကင်နတ် ကိုယ်ပွားသည် သွေးမရှိသကဲ့သို့ ဖြူလျော်နေပြီး အသက်ငင်နေသည့်အလား ထင်မှတ်ရ၏။ ဤအခြေအနေကို မြင်လျှင် နတ်ဘုရင် လင်ရင် စိတ်လှုပ်ရှားသွားရသော်လည်း သူမ၏ နတ်အာရုံကို လွှတ်ထုတ်ကြည့်လျှင် အခြားသော ကိုယ်ပွားမှာ ဘေးကင်းလုံခြုံစွာဖြင့် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့် စကားကောင်းနေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချနိုင်သွားသည်။

ဒါက လုချန်း၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ကြောင်း ထင်ရှားလှသည်။

မျက်နှာကို တည်ငြိမ်စွာထားလျက် နတ်ဘုရင်ခံ လင်ရင်က

“ဘာတွေ ဖြစ်ခဲ့တာလဲ...ချန်းလု ဘာလို့ ဒီလောက် ဒဏ်ရာပြင်းထန်သွားရတာလဲ”

စကားပြောရင်းနှင့်ပင် လုချန်း၏ ခန္ဓာကိုယ်ကို နတ်စွမ်းအားအချို့ဖြင့် စစ်ဆေးကြည့်ရာ သွေးကြောများ အကုန်ပြတ်တောက်နေပြီး ချက္ကရမှာလည်း ပျက်စီးနေသည်ကို တွေ့ရသဖြင့် ဤခန္ဓာကိုယ် လုံးဝ အသုံးမဝင်တော့ကြောင်း သိလိုက်ရ၏။

ယဲ့ချူယောင်က

“ပိုင်မန်ဂိုဏ်းက သစ္စာဖောက်ပြီး ကျွန်မတို့ကို နတ်ဘုရင်ခံ ပိုင်မန်က ချောင်းမြောင်း တိုက်ခိုက်ခဲ့တာပါ။”

“ခန်းမသခင် လင်ရင်... သူ့ကို ကယ်တင်ပေးဖို့ ကျွန်မ တောင်းပန်ပါတယ်။ အနည်းဆုံးတော့ သူ့ရဲ့ နတ်ဝိညာဉ် တည်ရှိနေအောင် လုပ်ပေးပါ။”

ယဲ့ချူယောင်၏ မျက်ခုံးများသည် စိုးရိမ်စိတ်ကြောင့် တွန့်နေပြီး လုချန်း၏ နတ်ဝိညာဉ် ရုတ်တရက် ကွယ်ပျောက်သွားမည်ကို ကြောက်ရွံ့နေသည်။

နတ်ဝိညာဉ် ရှိနေပါက နောင်တွင် အခြားခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်ကာ အသက်ရှင်သန်ခွင့် ရနိုင်သည်။ သူ၏ ပါရမီနှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံများ ဆုံးရှုံးသွားနိုင်သော်လည်း အသက်ရှင်ဖို့က ပိုအရေးကြီးသည် မဟုတ်ပါလား။

လုချန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် နတ်ဘုရင် လင်ရင်က

“သူ့ရဲ့ အသက်ဓာတ်ကို ကျွန်မရဲ့ နတ်စွမ်းအားနဲ့ ထိန်းထားပေးလိုက်ပြီ။ အခုလောလောဆယ်တော့ နတ်ဝိညာဉ် ကြွေလွင့်သွားမှာ မဟုတ်ဘူး။ နန်းတော်သခင် တံခါးပိတ်ကျင့်စဉ်က ထွက်လာရင်တော့ သူ့ကို ကုသပေးနိုင်တဲ့ နည်းလမ်း ရှိကောင်းရှိနိုင်ပါတယ်။”

နတ်ဘုရင် လင်ရင်၏ စကားကို ကြားသော်လည်း ယဲ့ချူယောင်၏ မျက်ခုံးများ ပြေလျော့မသွားပေ။ ကုတင်ပေါ်၌ ဒဏ်ရာအလိမ်းလိမ်းဖြင့် ဖြူဖျော့စွာ လဲလျောင်းနေသော လုချန်းကို ကြည့်ကာ သူမ၏ ရင်ထဲ၌ ပို၍ပင် နာကျင်လာရ၏။

အရေးကြီးသော အခိုက်အတန့်တွင် ဤယောက်ျားက သူမ၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။ ဆရာ ပေးထားသော အကာအကွယ် ရတနာ ရှိနေသဖြင့် လုချန်း ဝင်မပါလျှင်လည်း သူမ ဘာမှဖြစ်မည် မဟုတ်သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ လုပ်ရပ်က သူမအပေါ် ထားရှိသော သံယောဇဉ် မည်မျှ နက်ရှိုင်းကြောင်း သက်သေပြနေသည်။

သို့သော်...

သူတို့ကြားမှ ရင်းနှီးခဲ့သော အချိန်များကို ပြန်လည် တွေးတောမိလျှင် ၎င်းမှာ နားလည်မှုလွဲခြင်းမျှသာ ဖြစ်ကြောင်းနှင့် ဆရာကြောင့် သူတို့ အတူရှိရန် မဖြစ်နိုင်ကြောင်း သိထားသဖြင့် ယဲ့ချူယောင်၏ စိတ်အတွေးများ ရှုပ်ထွေးနေလျက်ရှိ၏။

လုချန်းကို ကြည့်နေသော ယဲ့ချူယောင်၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများကို မြင်လျှင် လုချန်းသည် သူ၏ ကိုယ်ပွားများအကြောင်းကို ယဲ့ချူယောင်အား ပြောပြထားခြင်း မရှိကြောင်း နတ်ဘုရင်ခံ လင်ရင် ရိပ်မိလိုက်သည်။ လုချန်း အဘယ်ကြောင့် ဖုံးကွယ်ထားသနည်း ဆိုသည်ကိုလည်း သူမ နားလည်နေ၏။

နတ်ဘုရင် လင်ရင်က သက်ပြင်းသဲ့သဲ့ ချလိုက်ကာ

“ဒါပေမဲ့ ကုသလို့ ရခဲ့ရင်တောင် သူ့ရဲ့ ပါရမီတွေအားလုံး ဆုံးရှုံးသွားမှာကိုတော့ ကျွန်မစိုးရိမ်မိတယ်။”

နတ်ဘုရင် လင်ရင်၏ စကားကြောင့် ယဲ့ချူယောင် ပို၍ပင် စိတ်ထိခိုက်သွားပြီး မျက်စိမှိတ်ထားသော လုချန်းကို စိုက်ကြည့်နေမိ၏။ သူမကို ကာကွယ်ရင်း ဤသို့ ဖြစ်သွားရသဖြင့် လုချန်း ပြန်လည် ကျန်းမာလာစေရန် မည်သို့ပင်ဖြစ်စေ နည်းလမ်းရှာဖွေရမည်ဟု သူမ စိတ်ပိုင်းဖြတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် လင်ရင်က ယဲ့ချူယောင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်

“ရှင်လည်း ဒဏ်ရာရထားတာပဲ... သွားပြီး အနားယူလိုက်ပါတော့။ ဒီမှာ ကျွန်မ စောင့်ကြည့်ပေးထားပါ့မယ်။ သူ ဘာအန္တရာယ်မှ မရှိစေရပါဘူး။”

ယဲ့ချူယောင်က

“ကျွန်မ အဆင်ပြေပါတယ်...ဒီမှာပဲ စောင့်နေပါ့မယ်”

နတ်ဘုရင် လင်ရင် ထပ်မံ၍ စကားမဆိုတော့ပဲ အခန်းထဲမှ ထွက်ခွာလာခဲ့ရာ နောက်တစ်ခဏ၌ လုချန်း၏ စံအိမ်ဝင်းထဲသို့ ရောက်ရှိသွားသည်။

လုချန်း၏ လူနတ်ကိုယ်ပွားသည် နတ်ဘုရင် လင်ရင် ရောက်လာသည်ကို မြင်လျှင် သူမ ဘာမေးချင်သည်ကို သိနေသဖြင့်

“ဒါက ကိုယ်ပွားတစ်ခုပဲမို့ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဘယ်သူ့ကိုမှ ဘာမှ မပြောပြပါနဲ့ဦး။”

လုချန်း၏ စကားကို ကြားလျှင် နတ်ဘုရင်လင်ရင် အနည်းငယ် ပြုံးလိုက်ကာ

“ကျွန်မ နားလည်ပါပြီ”

နတ်ဘုရင် လင်ရင်က

“စစ်မြေပြင်က အခြေအနေတွေ ဘယ်လိုရှိလဲ မသိဘူး။ ကျွန်မ အဲ့ဒီကို သွားဖို့ လိုမလား။”

လုချန်း ခဏခန့် စဉ်းစားလိုက်၏။ သွေးလင်းယုန်ခန်းမမှ စွမ်းအားကြီးသူများ လှုပ်ရှားခြင်း မရှိသေးပေ။ သူတို့ကြည့်ရတာ တစ်စုံတစ်ခုကို ကြံစည်နေပုံ ရသည်။

ထို့ကြောင့် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်တစ်ပါး ပေါ်လာနိုင်ခြေ ရှိသည်ဟု ခန့်မှန်းရ၏။

သတိထားသည့် အနေနှင့် နတ်ဘုရင် လင်ရင်ကို အခြေအနေ စောင့်ကြည့်ရန် စေလွှတ်လျှင် ပြဿနာ မရှိနိုင်ပေ။

လျှို့ဝှက်လဝန်းနန်းတော်တွင်လည်း ကိုယ်ပိုင် အစောင့်အရှောက်များ ရှိနေသည် မဟုတ်ပါလား။

ထိုသို့ တွေးမိရင်း လုချန်းက

“ကောင်းပါပြီ... ခင်ဗျား သွားလိုက်ပါ။ ဒါပေမဲ့ အရင်တော့ လက်ဦးမှု မယူပါနဲ့ဦး။ သွေးလင်းယုန်ခန်းမက ဘာတွေ ကြံစည်နေလဲဆိုတာ အရင်ကြည့်ရအောင်။”

နတ်ဘုရင် လင်ရင်က

“ကောင်းပြီလေ... ဒါဆို လျှို့ဝှက်လဝန်းနန်းတော်ကို ရှင့်လက်ထဲပဲ အပ်ခဲ့မယ်။”

ထိုသို့ ပြောဆိုပြီးနောက် နတ်ဘုရင် လင်ရင်၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ ခဏအတွင်းမှာပင် ရှေ့တန်း စစ်မြေပြင်သို့ သူမ ရောက်ရှိသွားသော်လည်း တိုက်ရိုက်တော့ ဝင်မပါသေးပေ။

လုချန်း သင်ကြားပေးထားသည့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျင့်ကြံထားသဖြင့် နတ်ဘုရင် လင်ရင်သည် မိစ္ဆာစွမ်းအားများကို ယခင်ကထက် ပို ၍ ခံစားသိရှိနိုင်သည်။

ကျောက်စိမ်းနဂါးဂိုဏ်းအတွင်း၌ ပြင်းထန်သော မိစ္ဆာစွမ်းအား အမြောက်အမြားကို သူမ အာရုံခံမိနေ၏။ ၎င်းသည် နတ်ဘုရင်ခံအဆင့်ရှိ မိစ္ဆာနတ် အမြောက်အမြား ရှိနေသည်ဟု ညွှန်ပြနေခြင်းပင် ဖြစ်သည်။

ဤမိစ္ဆာနတ်များသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြဟန်ဖြင့် မလှုပ်မယှက် ရှိနေကြ၏။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်က အင်တိုက်အားတိုက် စတင် တိုက်ခိုက်လေတော့သည်။ ကောင်းကင်အဆင့် နတ်လက်နက်တစ်ခုဖြစ်သော လေထိန်းခန်းမသည် ကျောက်စိမ်းနဂါးဂိုဏ်း၏ တောင်ဘက်တံခါးဆီသို့ တိုက်ရိုက် ဦးတည်သွားပြီး လေထိန်း ခန်းမပေါ်ရှိ တိုက်ခိုက်ရေး နည်းဗျူဟာများ အားလုံး ပွင့်လာသည်။ ကြီးမားသော ရွှေရောင် အင်းကွက်ကြီးတစ်ခုလည်း လေထိန်း ခန်းမရှေ့တွင် ပေါ်ပေါက်လာ၏။

ချက်ချင်းပင် ရေတွက်၍ပင် မရနိုင်သော နတ်အငွေ့အသက်များသည် ထိုကြီးမားသော ရွှေရောင် နည်းဗျူဟာ ပုံစံအတွင်းသို့ စုစည်းကာ ဖိသိပ်သွားသည်။ နောက်တစ်ခဏ၌ အစွမ်းကုန် ဖိသိပ်ထားသော နတ်အငွေ့အသက်များသည် အဖျက်စွမ်းအားကြီးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်းနဂါးဂိုဏ်း၏ ဂိုဏ်းစောင့် နည်းဗျူဟာ ပုံစံဆီသို့ ပစ်လွှတ်လိုက်သည်။

ထို့နောက် လေထိန်း ခန်းမအတွင်းမှ နတ်ဘုရင်ခံ ဝေရွှီ၏ အသံ ထွက်ပေါ်လာ၏။

“ကျောက်စိမ်းနဂါးဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး မိစ္ဆာနတ်တွေနဲ့ ပူးပေါင်းခဲ့တယ်။ သူတို့ကို အမြစ်ပြတ် သုတ်သင်ရမယ်။”

လေထိန်း ခန်းမ၏ တိုက်ခိုက်ရေး နည်းဗျူဟာမှ ထွက်ပေါ်လာသော အလင်းတန်းသည် တစ်ချက်တည်းဖြင့် ကျောက်စိမ်းနဂါးဂိုဏ်း၏ ဂိုဏ်းစောင့် နည်းဗျူဟာ ပုံစံကို ထိုးဖောက်သွားခဲ့၏။

၎င်းကို မြင်လျှင် ကျောက်စိမ်းနဂါးဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်းရှိ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ မျက်မှောင် ကြုတ်သွားသော်လည်း ဝိညာဉ်ကြွေ နတ်ဘုရင်ခံကတော့ ရယ်မောလိုက်ကာ

“ဒါက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကောင်းကင်အဆင့် နတ်လက်နက်ပါလား။ လျှို့ဝှက်လဝန်းနန်းတော်က ကျောက်စိမ်းနဂါးဂိုဏ်းကို တကယ်ပဲ အလေးအနက် ထားတာပဲ။ လက်အောက်ခံဂိုဏ်းတစ်ခုကို တိုက်ဖို့ သူတော်စင်အဆင့် နတ်လက်နက်တောင် သုံးတယ်ပေါ့။”

“ဒါပေမဲ့ မကြာခင်မှာပဲ ဒီနတ်လက်နက်က ကျုပ်တို့ သွေးလင်းယုန်ခန်းမ အပိုင် ဖြစ်လာမှာပါ။”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက သတင်းစကား တစ်ခုကို ချက်ချင်း ပို့လိုက်ကာ

“နည်းဗျူဟာ ပုံစံကြီးကို အခုချက်ချင်း ဖွင့်လိုက်တော့”

ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက “လက်အောက်ခံဂိုဏ်းတွေ နည်းဗျူဟာ ပုံစံထဲကို မဝင်ရသေးဘူးလေ။”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“အခု အရေးကြီးဆုံးက လျှို့ဝှက်လဝန်းနန်းတော်က နတ်ဘုရင်ခံ လေးယောက်ကို သတ်ဖို့ပဲ။ သူတို့ သေသွားရင် အဲ့ဒီ လက်အောက်ခံဂိုဏ်းတွေက အလိုလို ပြိုကွဲသွားလိမ့်မယ်။”

“သူတို့ တောင်တံခါးအထိ ရောက်နေပြီ။ ထွက်ပြေးရင်တောင် မလွှတ်နိုင်တော့ဘူး။”

သူတို့၏ နည်းဗျူဟာ ပုံစံ စတင်ရန် လိုအပ်နေသော်လည်း သတိထားစရာ အချက်တစ်ချက်တော့ ရှိနေသေး၏။ အဘယ့်ကြောင့် ဆိုသော် နတ်ဘုရင်ခံ တစ်ဦး၏ အာရုံဖြင့်ဆိုလျှင် ဤမျှ နီးကပ်သော အကွာအဝေးရောက်လာပါက နည်းဗျူဟာပုံစံကို အာရုံခံနိုင်သောကြောင့်ဖြစ်သည်။

သူတို့ အောက်ရှိ နည်းဗျူဟာ ပုံစံကြီးကို လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံ လေးဦး အာရုံခံမိသွားပြီး လေထိန်း ခန်းမကို ထိန်းချုပ် မောင်းနှင်ကာ ထွက်ပြေးသွားမည်ကို ဝိညာဉ်ကြွေ နတ်ဘုရင်ခံ စိုးရိမ်နေခြင်း ဖြစ်၏။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ အမိန့်အရ ကျောက်စိမ်းနဂါးဂိုဏ်းအတွင်း ပုန်းအောင်းနေသော မိစ္ဆာနတ်များသည် ဝိညာဉ်ဆိုး နည်းဗျူဟာ ပုံစံကို ချက်ချင်းပင် ဖွင့်လိုက်ကြ၏။

နောက်တစ်ခဏ၌ ထိတ်လန့်ဖွယ် ကောင်းသော ဖိအားတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး မြေအောက်မှလည်း မည်းနက်လုနီးပါး ဖြစ်နေသော သွေးချောင်းများ စီးဆင်းလာသည်။

လေထိန်း ခန်းမအတွင်းမှ နတ်ဘုရင်ခံ ဝေရွှီ၏ အသံ ရုတ်တရက် ထွက်ပေါ်လာ၏။

“မကောင်းတော့ဘူး...ဒါက နည်းဗျူဟာတစ်ခုပဲ... အခုချက်ချင်း ဆုတ်ခွာကြ”

နတ်ဘုရင်ခံ ဝေရွှီ၏ စကားကို ကြားလျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံနှင့် အပေါင်းအပါများ ကျောက်စိမ်းနဂါးဂိုဏ်း၏ တောင်ဘက်တံခါး အပြင်ဘက်သို့ ပြေးထွက်လာကြ၏။

ထို့နောက် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ပျက်ရယ်ပြုသော လေသံဖြင့်

“အခုမှ သိတာလား... နောက်ကျသွားပြီ”

---

…………..

အခန်း (၁၇၄၂ )

လျို့ဝှက်လဝန်းနန်းတော်တပ်များ ဆုတ်ခွာပြေးရခြင်း

နတ်ဘုရင်ခံ ဝိညာဉ်ကြွေ၏ စကားသံများ ဆုံးသည်နှင့်တစ်ပြိုင်နက် လေထိန်းဆောင်ကို ကြီးမားသည့် အမှောင်အတားအဆီးတစ်ခုက လွှမ်းခြုံသွားပြီး ထိုအတားအဆီးအတွင်းတွင် ရွှေနတ်အဆင့်ရှိသည့် သောင်းနှင့်ချီနိုင်သော ဝိညာဉ်ဆိုးများ ချက်ချင်း ပေါ်ထွက်လာ၏။

နတ်ဘုရင်ခံတစ်ပါး၏ စွမ်းအားသည် ရွှေနတ်တစ်ပါးထက် များစွာ သာလွန်သော်လည်း လှိုင်းလုံးကြီးများကဲ့သို့ များပြားလှသည့် ဝိညာဉ်ဆိုးများကိုတော့ အလွယ်တကူ မတွန်းလှန်နိုင်ကြပေ။ ထို့ပြင် ထိုဝိညာဉ်ဆိုးများထံမှ ထွက်ပေါ်လာသော မိစ္ဆာစွမ်းအားများသည် ဖြောင့်မတ်သောနတ်များ၏ နတ်အငွေ့အသက်ကို ဖိနှိပ်နိုင်စွမ်းရှိလှ၏။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် နတ်ဘုရင်ခံ ဝေရွှီတို့သည် ထိုနည်းဗျူဟာပုံစံကြီးအတွင်း ကျဆုံးသွားနိုင်ခြေ အလွန်များနေ၏။

ထိုခဏတွင် လေထိန်း‌နန်းဆောင်သည် တောက်ပစွာ လင်းလက်လာပြီး တိုက်ခိုက်လာသမျှ ဝိညာဉ်ဆိုးအားလုံးကို တွန်းထုတ်ပစ်လိုက်၏။ သို့သော်လည်း ခဏခန့်အကြာတွင်ပင် ထောင်သောင်းမက များပြားသော ဝိညာဉ်ဆိုးများသည် ထပ်မံ၍ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြပြန်သည်။

လေထိန်း နန်းဆောင်၏ ရွှေရောင်အတားအဆီးပေါ်သို့ ဝိညာဉ်ဆိုးများ ဝိုင်းအုံကာ အဆက်မပြတ် တိုက်ခိုက်လာကြသဖြင့် မကြာမီမှာပင် ထိုရွှေရောင်အလင်းတန်းများ မှေးမှိန်စပြုလာ၏။

ထိုမြင်ကွင်းကို ကြည့်ကာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ရယ်မောရင်း

“ကောင်းကင်အဆင့် နတ်လက်နက်က ဒီလောက်ပဲလား။”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ စကားအဆုံးတွင် ကောင်းကင်ထက်ရှိ အဝေးတစ်နေရာမှ အမျိုးသမီးတစ်ဦး၏ အသံ ပဲ့တင်ထပ်လာ၏။

“တကယ်ကိုပဲ သိပ်မပြောပလောက်ပါဘူး။ အကြာကြီးခံမယ် ထင်ထားတာ...ခုတော့ ချက်ချင်းကြီး ပျက်စီးသွားတာပဲ။”

ထိုအသံဆုံးသည်နှင့် အဝေးမှ ကောင်းကင်ယံတွင် နောက်ထပ် လေထိန်းဆောင်တစ်ခု ပေါ်လာပြန်သည်။ ထိုအရာကို မြင်လျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ မျက်နှာပေါ်ရှိ အပြုံးများ ရုတ်ချည်းပင် အေးခဲသွားပြီး မျက်နှာထားမှာလည်း အလွန် လေးနက်သွား၏။

ဒါက ဘယ်လိုဖြစ်တာလဲ။

လေထိန်းနန်းဆောင်က ဝိညာဉ်ဆိုး နည်းဗျူဟာပုံစံထဲမှာ မဟုတ်ဘူးလား။

ဘယ်လိုလုပ်ပြီး လွတ်မြောက်သွားတာလဲ။

ထိုအချိန်တွင် ကောင်းကင်သတ် နတ်ဘုရင်ခံက

“တစ်ခုခုတော့ မှားနေပြီ၊ နည်းဗျူဟာပုံစံကို ကြည့်လိုက်ဦး”

ဟု သတိပေးလိုက်၏။

ကောင်းကင်သတ် နတ်ဘုရင်ခံ၏ စကားအဆုံးတွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့၏ အကြည့်များသည် ဝိညာဉ်ဆိုး နည်းဗျူဟာပုံစံဆီသို့ ရောက်သွားကြရာ ထိုအတွင်းရှိ လေထိန်းဆောင်သည် ကြယ်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။

လူတိုင်း ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားကြသည်။ ခုနက လေထိန်းဆောင်သည် လျှို့ဝှက်လဝန်းနန်းတော်က စုံစမ်းထောက်လှမ်းရန် အသုံးချခဲ့သည့် အတုအယောင်မျှသာ ဖြစ်ကြောင်းနှင့် သူတို့အားလုံး လှည့်စားခံလိုက်ရပြီဖြစ်ကြောင်းကို သဘောမပေါက်ပဲ မနေနိုင်တော့ပေ။

အဝေးတွင် နဂိုအတိုင်းရှိနေသည့် လေထိန်းဆောင်ကို ကြည့်ကာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“လှည့်စားခံလိုက်ရတာပဲ... လျှို့ဝှက်လဝန်းနန်းတော်က မိန်းမတွေက တကယ်ကို သတိကြီးတာပဲ”

ဟု နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ အလွန်တော့ အံ့ဩမသွားပေ။ ၎င်းသည် ပထမဆုံး နည်းဗျူဟာပုံစံမျှသာ ဖြစ်ပြီး သူတို့ထံတွင် အခြားသော နည်းဗျူဟာပုံစံများလည်း ရှိနေသေးသည်။

လျှို့ဝှက်လဝန်းနန်းတော်ကသာ တိုက်ခိုက်လာဝံ့ပါက သူတို့ဘက်မှ အခြားသော နည်းဗျူဟာပုံစံများကို ချက်ချင်း အသက်သွင်းမည်ဖြစ်သည်။

သို့သော်လည်း ယခု ပြိုင်ဘက်၏ အမူအကျင့်အရ မဆင်မခြင် လာရောက်တိုက်ခိုက်လိုသည့် အရိပ်အယောင် မရှိပေ။

ယခု ဝိညာဉ်ဆိုး နည်းဗျူဟာပုံစံကြောင့် လျှို့ဝှက်လဝန်းနန်းတော်သည် ပို၍ပင် သတိရှိသွားပြီဖြစ်ကြောင်း ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့ သဘောပေါက်လိုက်၏။

ထို့ကြောင့်လည်း နဂိုစဉ်းစားထားသလို သူတို့ လာရောက် တိုက်ခိုက်မည့်အချိန်တွင် အချိန်ကိုက်၍ အခြားနည်းဗျူဟာများကို အသက်သွင်းကာ ထောင်ချောက်ဆင်ခြင်းက လွယ်ကူတော့မည် မဟုတ်ပေ။

ထို့နောက် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“နည်းနည်းလေး အေးအေးဆေးဆေး နေရမယ် ထင်ထားတာ။ အခုတော့ ကျုပ်ကိုယ်တိုင်ပဲ လုပ်မှ ဖြစ်တော့မယ်။”

ထိုသို့ပြောပြီးနောက် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက အသံကျယ်ကျယ်ဖြင့်

“အားလုံးပဲ...ပုန်းမနေကြနဲ့တော့။ ထွက်လာပြီးတော့ ဧည့်သည်တွေကို ကောင်းကောင်း ဧည့်ခံလိုက်ကြစို့။”

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ စကားအဆုံးတွင် သူ၏ ဘေးနား၌ နတ်ဘုရင်ခံအဆင့်ရှိသည့် ပုံရိပ်အချို့ ပေါ်ထွက်လာသည်။

ထိုမြင်ကွင်းကို ကြည့်ကာ နတ်ဘုရင်ခံ ဝေရွှီ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ဖြောင့်မတ်သော နတ်များသည် မိစ္ဆာနတ်များနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ စွမ်းအားများ များစွာ လျော့ပါးသွားတတ်၏။ အစကတော့ လူအင်အားဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ယခုတော့ အနိုင်ရရန် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သိသာနေပေပြီ။ သို့သော်ငြားလည်း မျက်နှာထက်တွင် ကြောက်ရွံ့သည့် အရိပ်အယောင် တစိုးတစိမှ မရှိပဲ နတ်ဘုရင်ခံ ဝေရွှီက

“အစွမ်းကုန် တိုက်ကြ”

ဟုကြွေးကြော်လိုက်၏။

ထိုစကားနှင့်အတူ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံများသည် တိုက်စစ်ကို စတင်လိုက်ကြပြီး ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ ဘက်တော်သား မိစ္ဆာနတ်များထံသို့ အမျိုးမျိုးသော နတ်ဝိဇ္ဇာ အတတ်များဖြင့် ချက်ချင်း ပစ်ခတ်လိုက်၏။

နတ်ဘုရင်ခံအဆင့်ရှိသူများ၏ တိုက်ခိုက်မှု နယ်ပယ်မှာ အလွန်ကျယ်ပြောလှသဖြင့် ခဏချင်းမှာပင် ကျောက်စိမ်းနဂါးဂိုဏ်း ပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကန်များ မြေပြန့်အတိ ဖြစ်သွားတော့သည်။

နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေချိန်တွင် နတ်ဘုရင် လင်ရင်ကတော့ အရိပ်ထဲ၌ ဆက်လက် ပုန်းအောင်းနေပြီး မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်သေးပေ။ သွေးလင်းယုန်ခန်းမသည် ကျောက်စိမ်းနဂါးဂိုဏ်းကို ငါးစာအဖြစ် သုံးကာ လျှို့ဝှက်လဝန်းနန်းတော်ကို အကြီးအကျယ် ထိခိုက်စေပြီး ကံစွမ်းအားကို လျှော့ချရန် ကြံစည်နေကြောင်းကို ဤမျှများပြားသည့် နတ်ဘုရင်ခံများကို စေလွှတ်ထားခြင်းက သက်သေပြနေသည်ဟု သူမ တွေးတောနေမိသည်။

ထိုနတ်ဘုရင်ခံများသည် သွေးလင်းယုန်ခန်းမအတွက် အလွန် အရေးပါပေလိမ့်မည်။ ယခု‌နေ ယွမ်ယုတိသာ သူမ၏ တံခါးပိတ်ကျင့်စဉ်စခန်းမှ ရုတ်တရက် ထွက်လာခဲ့လျှင် ထိုနတ်ဘုရင်ခံများကို သေတွင်းထဲ ပို့လိုက်သကဲ့သို့ ဖြစ်သွားနိုင်သဖြင့် သွေးလင်းယုန်ခန်းမက သူတို့ကိုသာ သီးသန့် စေလွှတ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်တစ်ပါး တိတ်တဆိတ် ပုန်းအောင်းနေနိုင်သည်။ ထိုနတ်ဘုရင်က အရေးမယူမချင်း သူမအနေနှင့်လည်း စိတ်လောပြီး မည်သည့်အရာကိုမှ မလုပ်ဆောင်နိုင်ပေ။

ထိုသို့တွေးတောရင်း နတ်ဘုရင် လင်ရင်သည် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် ပုန်းအောင်းနိုင်နေမည့်နေရာကို ရှာဖွေနိုင်ရန် ကျောက်စိမ်းနဂါးဂိုဏ်း ပတ်ဝန်းကျင်ကို ဆက်လက်၍ အာရုံခံ စုံစမ်းနေခဲ့သည်။

လျှို့ဝှက်လဝန်းနန်းတော်နှင့် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်ခံများ ထိပ်တိုက်တွေ့ကြသည့်အခါ ပြင်းထန်လှသည့် ဖိအားကြီးကို ချက်ချင်းပင် အားလုံး ခံစားလိုက်ကြရ၏။ မိစ္ဆာနတ်များ၏ မိစ္ဆာစွမ်းအားများသည် သူတို့၏ နတ်အငွေ့အသက်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖိနှိပ်ထားသလို သွေးလင်းယုန်ခန်းမ၏ လျှို့ဝှက်ဆန်းကြယ်လှသည့် တိုက်ခိုက်မှုများကိုလည်း လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ နတ်ဘုရင်ခံများ ခံနိုင်ရည်ရှိရန် ခက်ခဲနေသည်။

ခဏခန့်အတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံများသည် အဆိုးရွားဆုံး အခြေအနေသို့ ဆိုက်ရောက်သွားကြသည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းရှိ အခြားသော မိစ္ဆာနတ်များထံသို့

“သတ်ကြ...တစ်ယောက်မှ အရှင်မထားနဲ့”

ဟု အသံလွှင့်ကာ အမိန့်ပေးလိုက်၏။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ အမိန့်အတိုင်းပင် ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းရှိ မိစ္ဆာနတ်များလည်း ဆက်လက်၍ ကိုယ်ယောင် ဖျောက်မထားကြတော့ပဲ လျှို့ဝှက်လဝန်းနန်းတော်နှင့် လက်အောက်ခံဂိုဏ်းများမှ တပည့်များထံသို့ တိုက်ရိုက် ပြေးဝင်လာကြတော့သည်။

ကြီးမားသော တိုက်ပွဲကြီးတစ်ခု ချက်ချင်းပင် ပေါ်ထွက်လာခဲ့ပြီး စစ်မြေပြင်မှာလည်း အော်ဟစ်သံများဖြင့် ပြည့်နှက်သွားကာ ခဏချင်းမှာပင် နှစ်ဖက်စလုံးမှ တပည့်ပေါင်း သောင်းနှင့်ချီ၍ ကျဆုံးသွားကြသည်။

နတ်ဘုရင် လင်ရင်လည်း လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ ကျဆုံးမှုများ တိုးပွားလာသည်ကို ကြည့်ကာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်လိုသော်လည်း အမှောင်ထဲတွင် ပုန်းနေနိုင်သည့် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်ကို သတိရကာ ဆက်လက် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။

ဤတိုက်ပွဲသည် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို စစ်စတင်ကြေညာပြီးနောက်ပိုင်း ပထမဆုံးသော အကြီးစား တိုက်ပွဲပင် ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် လက်‌အောက်ခံဂိုဏ်းများဘက်မှ မရေမတွက်နိုင်သော ကျဆုံးမှုများ ရှိခဲ့သော်လည်း သွေးလင်းယုန်ခန်းမမှာလည်း ကြီးမားသည့် အထိနာမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုနတ်သတ်ပွဲကြီးသည် သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ခဲ့ပြီး ကောင်းကင်‌ရော မြေပြင်၌ပါ နတ်များ အကြိမ်ကြိမ် အဖန်ဖန် တိုက်ခိုက်နေကြ၏။

ထိုအခိုက်တွင် နတ်ဘုရင်ခံ ဝေရွှီတို့လည်း ဒဏ်ရာများ ရရှိထားကြပြီး သူတို့၏ နတ်အငွေ့အသက်များလည်း ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်၏။ သို့သော်လည်း သွေးလင်းယုန်ခန်းမဘက်မှ ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့မှာတော့ ဒဏ်ရာရသည့် အရိပ်အယောင်မျှပင် မရှိသည့်အပြင် သူတို့၏ စွမ်းအားများသည်ပင် တိုးပွားလာနေသယောင် ရှိသည်။

တိုက်ပွဲ အချိန် ကြာမြင့်လာသည်နှင့်အမျှ စစ်မြေပြင်တစ်ခုလုံးတွင် သွေးညှီနံ့များဖြင့် ဖုံးလွှမ်းလာပြီး သွေးမြူများသည် တပည့်များ၏ အမြင်အာရုံကို ကြီးစွာ ဟန့်တားလာသဖြင့် ရန်သူကို ရှာဖွေရန် နတ်အာရုံကိုသာ အားကိုးနေကြရတော့သည်။

သို့သော်ငြားလည်း ယခုလို ပတ်ဝန်းကျင်သည် မိစ္ဆာနတ်များအတွက် များစွာ အကျိုးရှိလှ၏။ ထူထပ်လှသည့် သွေးအငွေ့အသက်များက သူတို့ကို အင်အားဖြစ်စေပြီး စွမ်းအားများကို လျင်မြန်စွာ တိုးတက်လာစေရာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့ အဘယ်ကြောင့် စွမ်းအားကြီးမားလာရကြောင်း ရှင်းလင်းလှသည်။

နတ်ဘုရင်ခံ ဝေရွှီသည် ထိုအချက်ကို အစကတည်းက သတိပြုမိသော်လည်း စစ်ပွဲစသည်နှင့် နှစ်ဖက်စလုံးမှ ကျဆုံးမှုကို ရှောင်လွှဲ၍ မရနိုင်ပေ။

စစ်မြေပြင်သည် မိစ္ဆာနတ်များအတွက် အားသာသော အနေအထားသို့ သဘာဝအတိုင်း ရောက်ရှိသွားခဲ့၏။ နတ်ဘုရင်ခံများအတွက် စစ်မြေပြင်သည် ဤနေရာ မဖြစ်သင့်ကြောင်း မဟုတ်ပါက သူတို့၏ စွမ်းအားသည် ပြိုင်ဘက်နှင့် များစွာ ကွာခြားသွားလိမ့်မည်ဖြစ်ကြောင်း နတ်ဘုရင်ခံ ဝေရွှီ တွေးတောနေ၏။

ဤအတိုင်းသာ ဆက်သွားနေပါက လျှို့ဝှက်လဝန်းနန်းတော်မှ ဖွဲ့စည်းထားသော မဟာမိတ်တပ်ပေါင်းစု ကျရှုံးသွားပေလိမ့်မည်။

ထို့ကြောင့် နတ်ဘုရင် လင်ရင်သည် အခြားသော နတ်ဘုရင်ခံများထံသို့ အချက်ပြကာ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်ခံများကို ထိုစစ်မြေပြင်မှ ဝေးရာသို့ ဆွဲထုတ်ရန်နှင့် ချက်ချင်း ဆုတ်ခွာကြရန် တိုက်တွန်းလိုက်သည်။

သူတို့ကို ဤနေရာမှ ထွက်ခွာသွားအောင် ပြုလုပ်နိုင်မှသာ အောင်ပွဲအတွက် အခွင့်အရေး အနည်းငယ် ရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပဲ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်ခံများ၏ စွမ်းအား ပိုကြီးမားလာပါက သူတို့ကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်တော့ပေ။

နတ်ဘုရင်ခံ ဝေရွှီ၏ အမိန့်အရ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံများလည်း စစ်မြေပြင်မှ အလျင်အမြန် ဆုတ်ခွာသွားကြ၏။ သူတို့ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံသည် နည်းနည်းမှ တွန့်ဆုတ်မနေပဲ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်ခံများကို ဦးဆောင်ကာ နောက်မှ ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်တော့သည်။

---

…………..

အခန်း (၁၇၄၃ )

ဝိညာဉ်ဆိုး နတ်ဘုရင် ရောက်လာခြင်း

နတ်ဘုရင်ခံ ဝေရွှီတို့ ယခုကဲ့သို့ ဆုတ်ခွာရခြင်းမှာ သွေးအငွေ့အသက်များ ဖုံးလွှမ်းနေသည့် ထိုပတ်ဝန်းကျင်မှ ထွက်ခွာရန်ဖြစ်ကြောင်း ဝိညာဉ်ကြွေ နတ်ဘုရင်ခံ ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်၏။

သို့သော်လည်း သူတို့၏ လက်ရှိစွမ်းအားမှာ နတ်ဘုရင်ခံ ဝေရွှီတို့၏ စွမ်းအားထက် များစွာ သာလွန်နေသဖြင့် ထိုဆုတ်ခွာမှုကို ဝိညာဉ်ကြွေ နတ်ဘုရင်ခံ သိပ်ဂရုမစိုက်ပေ။

ထို့ပြင် ရက်အနည်းငယ်ကြာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် နတ်ဘုရင်ခံ ဝေရွှီတို့အဖွဲ့၏ ကိုယ်တွင်းရှိ နတ်စွမ်းအားများမှာလည်း ခန်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။

သွေးအငွေ့အသက်တို့ ဖုံးလွှမ်းနေသည့် ထိုပတ်ဝန်းကျင်မှ ထွက်ခွာသွားလျှင်ပင် နတ်ဘုရင်ခံ ဝေရွှီတို့သည် သူတို့အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။

သွေးစွန်းနေသည့် စစ်မြေပြင်မှ ထွက်ခွာလာပြီး မကြာမီမှာပင် နတ်ဘုရင်ခံ ဝေရွှီနှင့် အဖွဲ့လည်း ထွက်ပြေးခြင်းကို ရုတ်ချည်း ရပ်လိုက်ကြ၏။

ထိုမြင်ကွင်းကို ကြည့်ကာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“ခင်ဗျားတို့ အခြေအနေမှန်ကို လက်ခံလိုက်ပုံရတယ်။ ဒါဆိုရင်တော့ သွားဖို့သာ ပြင်ပေတော့။”

ထိုသို့ပြောပြီးနောက် နတ်ဘုရင်ခံ ဝေရွှီတို့ကို သတ်ဖြတ်ရန် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ ပြင်ဆင်လိုက်၏။ သို့သော်လည်း သူတို့ မထင်မှတ်ထားသည်က ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ ဝေရွှီနှင့် အဖွဲ့သည် ရုတ်တရက် လူစုခွဲကာ မိစ္ဆာနတ်များကို ဝိုင်းရံလိုက်ကြခြင်းပင်။

နတ်ဘုရင်ခံ ဝေရွှီက အေးစက်စွာ နှာခေါင်းရှုံ့ရင်း

“နည်းဗျူဟာပုံစံ ဖော်လိုက်ကြ”

နည်းဗျူဟာပုံစံများကို မိစ္ဆာနတ်များသာ ခင်းကျင်းနိုင်သည် မဟုတ်ပေ။ ကျောက်စိမ်းနဂါးဂိုဏ်းမှ မိစ္ဆာ နတ်ဘုရင်ခံတစ်ပါး ပေါ်ထွက်လာပါက သူတို့ဘက်မှ အနိုင်ယူနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း နတ်ဘုရင်ခံ ဝေရွှီက အစကတည်းက ကြိုတင်တွက်ဆထားသဖြင့် ဤနေရာတွင် နည်းဗျူဟာပုံစံတစ်ခုကို အထူးတလည် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် နတ်ဘုရင်ခံ ဝေရွှီက

“နဝမကောင်းကင် မိုးကြိုးနည်းဗျူဟာပုံစံကို အသက်သွင်းလိုက်စမ်း”

ဟု ထပ်မံ၍ အေးစက်စွာ အော်ဟစ်လိုက်၏။

နောက်တစ်ခဏတွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံနှင့် အခြားသော နတ်ဘုရင်ခံများကို အပြာနုရောင် အတားအဆီးတစ်ခုက လွှမ်းခြုံသွားတော့သည်။

ထိုနည်းဗျူဟာပုံစံကို မြင်လျှင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ မျက်မှောင်ကြုတ်သွား၏။ ပြိုင်ဘက်က ဤနေရာတွင် နည်းဗျူဟာပုံစံတစ်ခု ခင်းကျင်းထားလိမ့်မည်ဟု သူ

မထင်မှတ်ထားခဲ့ပေ။

ရှေ့တွင်ရှိနေသည့် မိစ္ဆာ နတ်ဘုရင်ခံများကို နတ်ဘုရင်ခံ ဝေရွှီက ခပ်အေးအေး ကြည့်ကာ နည်းဗျူဟာပုံစံကို တိုက်ရိုက် အသက်သွင်းလိုက်၏။

ထိုအခိုက်တွင် နည်းဗျူဟာပုံစံအတွင်း၌ မရေမတွက်နိုင်သော ခရမ်းရောင် မိုးကြိုးလျှပ်စစ်များ ပေါ်ထွက်လာပြီး ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့ထံသို့ ပြင်းထန်စွာ ပစ်ခတ်လာသဖြင့် သူတို့လည်း အလျင်အမြန် ရှောင်တိမ်းကြရတော့သည်။ မိစ္ဆာနတ်များ၏ မိစ္ဆာစွမ်းအားသည် ဖြောင့်မတ်သောနတ်များ၏ နတ်အငွေ့အသက်ကို ဖိနှိပ်နိုင်စွမ်းရှိသည်မှာ မှန်သော်လည်း ဖြောင့်မတ်သောနတ်များတွင် တုံ့ပြန်နိုင်သည့် နည်းလမ်းမရှိဟု မဆိုလိုပေ။

မိစ္ဆာစွမ်းအားသည် မိုးကြိုးနှင့် လျှပ်စစ်၏ အစွမ်းကို သဘာဝအရပင် ကြောက်ရွံ့တတ်ရာ ပြင်းထန်လှသည့် မိုးကြိုးစွမ်းအားအောက်တွင် ထိုမိစ္ဆာနတ်များလည်း ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်သည်။

ထိုအချိန်တွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံ၏ မျက်နှာ အလွန် ညှိုးမှိန်သွား၏။ သူတို့ အစွမ်းကုန် ရှောင်တိမ်းနေကြသော်လည်း ရံဖန်ရံခါတွင်တော့ ခရမ်းရောင်မိုးကြိုးများ၏ ထိမှန်ခြင်းကို ခံကြရသည်။ ထိုမိုးကြိုးလျှပ်စစ်များ သူတို့၏ ခန္ဓာကျုပ်ကို ထိမှန်သည့်အခါ သူတို့၏ ကိုယ်တွင်းရှိ မိစ္ဆာစွမ်းအားများကို အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ပျက်ပြယ်သွားစေ၏။

မိစ္ဆာနတ်များအဖို့ မိစ္ဆာစွမ်းအားများ ပျက်ပြယ်သွားပါက သူတို့၏ အစွမ်းများကိုပါ ဆုံးရှုံးရမည်ဖြစ်၏။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံက

“နည်းဗျူဟာပုံစံကို ဖျက်ဆီးမယ့် နည်းလမ်းကို ရှာကြ။”

ထိုစကားနှင့်အတူ မိစ္ဆာ နတ်ဘုရင်ခံများသည် နဝမကောင်းကင် မိုးကြိုးနည်းဗျူဟာပုံစံ၏ မိုးကြိုးများကို ရှောင်တိမ်းရင်း နည်းဗျူဟာအတားအဆီးကို ပြင်းထန်စွာ တိုက်ခိုက်ကာ အပြင်သို့ ထွက်နိုင်ရန် ကြိုးစားကြတော့သည်။

သို့သော်လည်း သူတို့ မထင်မှတ်ထားသည်က ထိုအတားအဆီး အလွန် ခိုင်ခံ့နေခြင်းပင်။

နဝမကောင်းကင် မိုးကြိုးနည်းဗျူဟာပုံစံသည် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံ ဖြစ်နေကြောင်း သိလိုက်ရသည့်အခါ ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့၏ မျက်နှာများ ပိုမို ညှိုးမှိန်သွားကြ၏။

လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သဖြင့် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံ ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ သို့သော်လည်း အလုံးအရင်းနှင့် တိုက်ခိုက်နေချိန်အတွင်း လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ ဤနေရာတွင် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံတစ်ခုကို ခင်းကျင်းရန် အချိန်ရလိမ့်မည်ဟု သူတို့ တကယ် မထင်ထားခဲ့ကြပေ။

ဒါက ပြဿနာကြီး တစ်ခု ဖြစ်၏။

ထိုမိုးကြိုးလျှပ်စစ်များသည် သူတို့ကို သတ်ရန် မလုံလောက်သော်လည်း ကိုယ်တွင်းရှိ မိစ္ဆာစွမ်းအားများကိုတော့ အဆက်မပြတ် ကုန်ခန်းစေနိုင်သည်။ မိစ္ဆာစွမ်းအားများ ကုန်ခန်းသွားပါက အတားအဆီးကို ဖျက်ဆီးနိုင်လျှင်ပင် သူတို့အနေနှင့် လျှို့ဝှက်လဝန်းနန်းတော်၏ ပြိုင်ဘက် ဖြစ်တော့မည် မဟုတ်ပေ။

နတ်ဘုရင်ခံ ဝေရွှီတို့ ရုတ်တရက် အသာစီးရလာသည်ကို မြင်လျှင် နောက်ကွယ်၌ ပုန်းအောင်းနေသည့် နတ်ဘုရင် လင်ရင်လည်း အနည်းငယ် စိတ်သက်သာရာရသွား၏။ သူမကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန် စဉ်းစားနေခဲ့သော်လည်း နတ်ဘုရင်ခံ ဝေရွှီက ဤအခိုက်အတန့်တွင် နဝမကောင်းကင် မိုးကြိုးနည်းဗျူဟာပုံစံကို အသက်သွင်းလိမ့်မည်ဟု မတွက်ဆထားခဲ့ပေ။

သို့သော်လည်း နဝမကောင်းကင် မိုးကြိုးနည်းဗျူဟာပုံစံသည် ဂိုဏ်းစောင့် နည်းဗျူဟာပုံစံတစ်ခု ဖြစ်သဖြင့် ခင်းကျင်းရန်အတွက် အချိန်များစွာ လိုအပ်သည်။ နတ်ဘုရင်ခံ ဝေရွှီသည် စစ်မဖြစ်မီကတည်းက သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များကို မည်သို့ တုံ့ပြန်ရမည်ကို ကြိုတင်စဉ်းစားထားခဲ့ကြောင်း ထင်ရှားလှသည်။ သူမ လူမှန်ကို ရွေးချယ်မိခဲ့ပုံရ၏။

သို့သော်လည်း မိစ္ဆာနတ်များ အရေးနိမ့်လာပါက သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်များ ငြိမ်သက်နေလိမ့်မည် မဟုတ်ပေ။ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်သာ ဆင်းသက်လာပါက တကယ့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာပေလိမ့်မည်။

နတ်ဘုရင် လင်ရင်သည် စစ်မြေပြင်ကို နောက်တစ်ကြိမ် အသေးစိတ် စောင့်ကြည့်နေ၏။ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် ပေါ်လာသည်နှင့် သူမလည်း ချက်ချင်း ပါဝင်တိုက်ခိုက်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံတို့သည် ကောင်းကင်မိုးကြိုးများကို ပိုမို ကြုံတွေ့လာရသဖြင့် သူတို့၏ စွမ်းအားများ လျော့နည်းလာသည်ကို သတိထားမိလိုက်ကြသည်။ ဤအတိုင်းသာ ဆက်သွားနေပါက သူတို့အားလုံး ယနေ့ ဤနေရာတွင်ပင် စွမ်းအားကုန်ခန်းကာ သေဆုံးရလိမ့်မည်ကို နားလည်သွားကာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံက နိယာမ ကျောက်စိမ်းလိပ်တစ်ခုကို လျင်မြန်စွာ ထုတ်ယူကာ အသက်သွင်းလိုက်၏။

သို့သော် ယခုလို အခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်းသို့ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်တစ်ပါး ကိုယ်တိုင် ဆင်းသက်လာရန်က မဖြစ်နိုင်သေးပေ။ လျှို့ဝှက်လဝန်းနန်းတော်၏ လက်ရှိ ကံစွမ်းအားမှာ အားကောင်းနေဆဲ ဖြစ်သဖြင့် ပြင်ပ နတ်ဘုရင်များကို သဘာဝအတိုင်း တွန်းလှန်နေမည်ဖြစ်၏။ ပြင်ပနတ်ဘုရင် အနေနှင့် သူ၏ အစွမ်းကုန်ကို အသုံးချနိုင်မည် မဟုတ်ပေ။

သို့သော် ပင်မကိုယ် ဆင်းသက်ရန် မဖြစ်နိုင်သော်လည်း ကိုယ်ပွားတစ်ခု ပေါ်ထွက်လာရန်မှာတော့ ပြဿနာ မရှိပေ။ နောက်တစ်ခဏတွင် နည်းဗျူဟာပုံစံအတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသည့် အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီးနောက် ပေတစ်သောင်းကျော် ရှည်လျားသည့် ကြီးမားလှသော နိယာမပုံရိပ်ကြီးတစ်ခု ပေါ်လာတော့သည်။

ဝိညာဉ်ဆိုး နတ်ဘုရင်၏ ကိုယ်ပွား ပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်ဘုရင်ခံ ဝေရွှီတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွား၏။ ၎င်းသည် ကိုယ်ပွားမျှသာ ဖြစ်သော်လည်း အထွတ်အထိပ်သို့ ရောက်နေသည့် နတ်ဘုရင်တစ်ပါး၏ ကိုယ်ပွားနှင့် ရင်ဆိုင်ရခြင်းက လွယ်ကူသည့် အလုပ်မဟုတ်ပေ။

မိုးကြိုးလျှပ်စစ်များကို အသည်းအသန် ရှောင်တိမ်းနေကြသည့် နတ်ဘုရင်ခံများကို ကြည့်ကာ ဝိညာဉ်ဆိုး နတ်ဘုရင်က

“အသုံးမကျတဲ့ အလကားလူတွေ”

ဟု နှာခေါင်းရှုံ့လိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်တစ်ပါး ပေါ်မလာပါက ထိုနတ်ဘုရင်ခံများအနေနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို ရင်ဆိုင်နိုင်ပြီး အကြီးအကျယ် ထိခိုက်စေနိုင်လိမ့်မည်ဟု ဝိညာဉ်ဆိုး နတ်ဘုရင် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူစေလွှတ်လိုက်သည့် နတ်ဘုရင်ခံများက လျှို့ဝှက်လဝန်းနန်းတော်၏ ထောင်ချောက်အတွင်း ပိတ်မိနေခဲ့ကြ၏။

ထိုအချိန်တွင် ထိုမိုးကြိုးလျှပ်စစ်များက သူတို့၏ ကိုယ်တွင်းမှ မိစ္ဆာစွမ်းအားများကို အဆက်မပြတ် ကုန်ခန်းစေနေသည်ကို ဝိညာဉ်ဆိုး နတ်ဘုရင် လျင်မြန်စွာ သတိပြုမိလိုက်၏။

ထိုအရာကို မြင်လျှင် ဝိညာဉ်ဆိုး နတ်ဘုရင်က

“မိစ္ဆာစွမ်းအားကို တုံ့ပြန်ဖို့ မိုးကြိုးလျှပ်စစ်စွမ်းအားကို သုံးတာပဲ။ တကယ်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။”

“ဒါပေမဲ့ နှမြောစရာ ကောင်းတာက အကြွင်းမဲ့ စွမ်းအားရှေ့မှာတော့ ဒီလို လှည့်ကွက်သေးသေးလေးတွေက အလကားပဲ။”

ထိုသို့ပြောရင်း ဝိညာဉ်ဆိုး နတ်ဘုရင်၏ ကြီးမားလှသော နိယာမပုံရိပ်ကြီးက လက်ကို မြှောက်ကာ နဝမကောင်းကင် မိုးကြိုးနည်းဗျူဟာပုံစံကို ရိုက်ချလိုက်၏။ နောက်တစ်ခဏတွင် နဝမကောင်းကင် မိုးကြိုးနည်းဗျူဟာပုံစံလည်း ပျက်စီးသွားတော့သည်။

၎င်းကို မြင်လျှင် နတ်ဘုရင်ခံ ဝေရွှီတို့၏ မျက်နှာများ ပို၍ ဖြူလျော်သွားကြ၏။ အချိန်ကုန်သက်သာစေရန် ပြီးပြည့်စုံခြင်း မရှိသည့် ကောင်းကင်အဆင့် နည်းဗျူဟာ ပုံစံတစ်ခုကိုသာ အလောတကြီး ခင်းကျင်းခဲ့ရသော်လည်း ၎င်းသည် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံ တစ်ခုဖြစ်နေသေး၏။ ထိုနည်းဗျူဟာပုံစံ ဤမျှလွယ်လွယ်ကူကူ ပျက်စီးသွားလိမ့်မည်ဟု သူတို့ မတွက်မိထားခဲ့ကြပေ။

ဝိညာဉ်ဆိုး နတ်ဘုရင်က ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ အစွမ်းထက် မနိမ့်ကျသော ဖိအားတစ်ခုကို ပတ်ဝန်းကျင် အာကာသအတွင်း၌ ရုတ်တရက် ခံစားလိုက်ရသဖြင့် တစ်ခုခု မှားနေပြီဖြစ်ကြောင်း သူ သိလိုက်၏။

ဝိညာဉ်ဆိုး နတ်ဘုရင် မျက်မှောင်ကြုတ်သွားပြီး နောက်တစ်ခဏတွင် လေထုအတွင်း၌ စောင်းသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။ ထိုဂီတသံကို ကြားလျှင် နတ်ဘုရင်ခံ ဝေရွှီတို့ ခဏခန့် မှင်တက်သွားကြပြီး ၎င်းမှာ နတ်ဘုရင် လင်ရင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိလိုက်ကြ၏။

နတ်ဘုရင် လင်ရင်သည် သူတို့၏ နန်းတော်သခင်ကို ကာကွယ်ရန် လျှို့ဝှက်လဝန်းနန်းတော်၌သာ နေရမည်ဟု သူတို့ကို ပြောထားခဲ့သည် မဟုတ်ပါလား။

ဤအရာကလည်း ကိုယ်ပွားတစ်ခု ဖြစ်နေနိုင်ပါသလား။

ထိုအချိန်တွင် ဝိညာဉ်ဆိုး နတ်ဘုရင်ကလည်း ၎င်းမှာ နတ်ဘုရင် လင်ရင်၏ ကိုယ်ပွားသာ ဖြစ်နိုင်လိမ့်မည်ဟု ယူဆလိုက်၏။ နှစ်ဖက်စလုံးက ကိုယ်ပွားများသာ ဖြစ်နေသဖြင့် နတ်ဘုရင် လင်ရင်ကို သူ ရှုံးနိမ့်လိမ့်မည်ဟု မယုံကြည်ပေ။

သူက

“ဖြောင့်မတ်တဲ့ နတ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ နတ်ဘုရင်ကလည်း ဒီလောက်အထိ လျှို့ဝှက်တတ်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ” ဟု နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်က သူ၏ လက်ကို မြှောက်ကာ ပြင်းထန်လှသည့် မိစ္ဆာစွမ်းအားများကို စုစည်းလိုက်ပြီး နတ်ဘုရင် လင်ရင်ရှိရာ ဘက်သို့ ရိုက်ချရင်း

“ထွက်လာပြီး ကျုပ်နဲ့ ရင်ဆိုင်စမ်း”

---

…………..

All Chapters