အခန်း (၁၇၅၀-၁၇၅၂)
Vol. 117 Ch. 1750-1752
အခန်း (၁၇၅၀ )
လုချန်း၏ ပရိယာယ်
ရှေ့မှောက်ရှိ သွေးနဂါးကြီးကို မြင်လျှင် လုပ်ကြံသတ်ဖြတ်သူများ ချက်ချင်းပင် တုန်လှုပ်သွားကြ၏။
ပစ်မှတ်မှာ သာမန် ကောင်းကင်နတ်တစ်ဦးသာ ဖြစ်ရမည် မဟုတ်ပါလား။
ဤဓားချက်သည် သာမန် ကောင်းကင်နတ်တစ်ဦး ထုတ်ဖော်နိုင်သည့် အရာမျိုး လုံးဝ မဟုတ်ပေ။
ထိုခဏတွင် ဝေဖုန်ထောင်းက အခြားသူများကို
“ခင်ဗျားတို့ အစွမ်းကုန် တိုက်ခိုက်ကြ။ ဘယ်သူ့ကိုမှ ညှာတာမနေနဲ့။”
စကားအဆုံးတွင် လူတိုင်းက သူတို့၏ အားအကောင်းဆုံး ပညာရပ်များကို ထုတ်သုံးကြ၏။ နောက်တစ်ခဏ၌ အမျိုးမျိုးသော စွမ်းအားများ လုချန်းဆီသို့ တရကြမ်း တိုးဝင်သွားတော့သည်။
လုချန်း၏ ဓားချက်မှာ ကောင်းကင်နတ်တစ်ဦး၏ စွမ်းအားထက် များစွာ သာလွန်နေသော်လည်း ရွှေနတ် အဆင့်ရှိသူ အမြောက်အမြား၏ ပြိုင်တူ တိုက်ခိုက်မှုအောက်တွင်တော့ သူ၏ ဓားချက်သည် လျင်မြန်စွာပင် ဟန့်တားခံလိုက်ရ၏။
သူ့ရှေ့မှ မျက်နှာဖုံးစွပ်ထားသူများကို လုချန်း တစ်ချက် ကြည့်လိုက်၏။ ထိုလုပ်ကြံသတ်ဖြတ်သူများ၏ မျက်နှာဖုံးများသည် နတ်အာရုံဖြင့် စမ်းသပ်ခြင်းကို တားဆီးနိုင်သည့် အစွမ်းရှိသော်လည်း တစ်စုံတစ်ဦး၏ သရုပ်မှန် သိရန် လုချန်းအတွက် နတ်အာရုံ သုံးနေရန် မလိုပေ။
လုချန်းက စနစ်ကို အသုံးပြု၍ ထိုသူတို့၏ သရုပ်မှန်ကို ချက်ချင်း စစ်ဆေးလိုက်ရာ သူတို့အားလုံးမှာ ကောင်းကင် တောင်ထိပ်မှ တပည့်များ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ထိုအခါ နတ်သခင် ကောင်းကင်အပေါ်ရှိ လုချန်း၏ သံသယ တစ်ကျော့ပြန် ပေါ်ပေါက်လာပြန်သည်။
နတ်သခင် ကောင်းကင်ကပဲ သူ့ကို ရှင်းပစ်ဖို့ သူတို့ကို စေလွှတ်လိုက်တာလား။
လုချန်း တွေးတောနေစဉ်မှာပင် ဝေဖုန်ထောင်းက ထပ်မံ တိုက်ခိုက်လာ၏။ လုချန်းလည်း သူ၏ ဓားကို ချက်ချင်းပင် ပြန်သိမ်းလိုက်သည်။
နောက်တစ်ခဏ၌ သူ၏ ကျောဘက်တွင် ယင်ယန် ပုံရိပ်လွှာတစ်ခု ပေါ်ပေါက်လာတော့သည်။
ထိုစဉ် ဝေဖုန်ထောင်း၏ ဓားအရှိန်အဝါသည် လုချန်းကို ထိမှန်တော့မည့် ဆဲဆဲတွင် ရုတ်တရက် ပျောက်ကွယ်သွား၏။
ကောင်းကင်နတ် အဆင့် လုချန်းသည် ထိုက်ချူး အနန္တကျမ်းစာကို အသုံးပြု၍ နတ်ဘုရင်ခံ တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် ခုခံနိုင်ရာ ရွှေနတ်တစ်ဦး၏ တိုက်ခိုက်မှုကတော့ သူ့အတွက် ပြောနေရန်ပင် မလိုပေ။
ဝေဖုန်ထောင်းသည် အရှုံးမပေးပဲ သူ၏ ဓားကို ထပ်ကာထပ်ကာ ဝှေ့ယမ်းလိုက်သော်လည်း အကြိမ်ပေါင်း တစ်ဒါဇင်ကျော် တိုက်ခိုက်ပြီးသည့်တိုင် လုချန်းကို အနာတရဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။
ဝေဖုန်ထောင်းက
“တောက်... ဒီကောင်က တကယ်ပဲ ကောင်းကင်နတ် တစ်ယောက် ဟုတ်ရဲ့လား” ဟု မကျေမနပ် ကျိန်ဆဲလိုက်၏။
ထိုခဏတွင် လုချန်းက ထိုက်ချူး အနန္တကျမ်းစာကို လည်ပတ်လိုက်ရာ ဝေဖုန်ထောင်း ပစ်လွှတ်လိုက်သော ဓားအရှိန်အဝါများသည် ဝေဖုန်ထောင်းတို့လူစုထံသို့ ချက်ချင်းပင် တန်ပြန်သွားတော့သည်။
ထိုအရာကို မြင်လျှင် ဝေဖုန်ထောင်းတို့၏ အမူအရာမှာ ပျက်ယွင်းသွားကာ
“မကောင်းတော့ဘူး”
သူတို့အားလုံး အလန့်တကြား ရှောင်တိမ်းလိုက်ရ၏။ ဓားအရှိန်အဝါများ ကျော်လွန်သွားပြီးနောက် ဝေဖုန်ထောင်းက မျက်မှောင်ကြုတ်ကာ
“ဒါ ဘယ်လို မိစ္ဆာ နတ်နိယာမတွေလဲ”
လုချန်း ထုတ်လွှတ်လိုက်သော ဓားအရှိန်အဝါသည် သူကိုယ်တိုင် ပစ်လွှတ်ခဲ့သည့် အရှိန်အဝါနှင့် တစ်ထပ်တည်း တူညီနေသည်ကို ဝေဖုန်ထောင်း သိလိုက်၏။ တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုကို ကိုယ်ပိုင်အစွမ်းအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုများကို အစဉ်တစိုက် ပြောင်းလဲနေမည်ဆိုပါက သူတို့သည် ဤလူကို မည်သို့မှ အနာတရ ဖြစ်အောင် လုပ်နိုင်မည် မဟုတ်ပေ။
သို့သော် နတ်နိယာမ တစ်ခုသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လေလေ နတ်စွမ်းအား ကုန်ဆုံးမှုမှာလည်း ပို၍များပြားလေလေ ဖြစ်သည်ကို ဝေဖုန်ထောင်းက လျင်မြန်စွာ သတိပြုမိလိုက်၏။
ရွှေနတ်တစ်ဦး၏ တိုက်ခိုက်မှုကို အလုံးစုံ ပြောင်းလဲနိုင်သည့် နတ်နိယာမမျိုးသည် နတ်အငွေ့အသက်များကို ထိတ်လန့်စရာကောင်း လောက်အောင် ကုန်ဆုံးစေမည် ဖြစ်သည်။
ထိုလူ၏ နတ်အငွေ့အသက်များ ကုန်ဆုံးသွားသည်အထိ စောင့်ဆိုင်းနိုင်ပါက အလွယ်တကူ သုတ်သင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ဤတိုက်ပွဲက မကြာမီ အခြားသူများ၏ အာရုံကို ဆွဲဆောင်မိတော့မည် ဖြစ်ရာ သူတို့အနေနှင့် အမြန် အဆုံးသတ်ရန် လိုအပ်၏။
ပြောင်းလဲလိုက်သော စွမ်းအားက ပို၍ အစွမ်းထက်လေလေ တစ်ဖက်လူ၏ နတ်အငွေ့အသက် ကုန်ဆုံးမှု ပို၍ များလေလေ ဖြစ်လိမ့်မည်ဟု ဝေဖုန်ထောင်းက ခန့်မှန်းလိုက်ကာ သူ၏ နောက်မှ လူများကို
“ခင်ဗျားတို့ ဘာအစွမ်းမှ ချန်မထားနဲ့”
စကားအဆုံးတွင် ဝေဖုန်ထောင်းသည် သူ၏ နတ်အငွေ့အသက် အားလုံးကို စုစည်းလိုက်၏။
နောက်တစ်ခဏ၌ သူ၏ ဦးခေါင်းထက်တွင် ကြီးမားသော ရွှေခေါင်းလောင်းကြီး တစ်ခု ပေါ်ပေါက်လာပြီး
“ဝိညာဉ်နှိမ်နင်း ခေါင်းလောင်း”
ဟု ဟစ်အော်လိုက်သည်။
အသံလှိုင်းများက လုချန်းဆီသို့ တရကြမ်း ပြေးဝင်သွားသော်လည်း သူ၏ အနားသို့ ရောက်သည်နှင့် ပျောက်ကွယ်သွားပြန်၏။ ဝေဖုန်ထောင်းကဲ့သို့ပင် အခြားသူများ၏ စွမ်းအားများမှာလည်း လုချန်း၏ အနားသို့ ရောက်သည်နှင့် အစအနမကျန် ပျောက်ကွယ်ကုန်ကြတော့သည်။
ဝေဖုန်ထောင်းကတော့ အလျှော့မပေးပဲ ဆက်တိုက် တိုက်ခိုက်နေ၏။ သို့သော် သူတို့၏ အကြိမ်ကြိမ် အစွမ်းကုန် တိုက်ခိုက်မှုများကြားတွင် လုချန်းသည် မူလနေရာ၌ပင် ကြံ့ကြံ့ခံ ရပ်တည်နေဆဲ ဖြစ်သည်။
ဝေဖုန်ထောင်း၏ မျက်နှာထားလည်း အလွန်ပင် ဆိုးရွားနေတော့၏။
ကောင်းကင်နတ် အဆင့်မျှသာ ရှိသော သူတစ်ဦးက ဤမျှ ကြီးမားသော စွမ်းအားမျိုးကို မည်သို့မည်ပုံ ပိုင်ဆိုင်ထားနိုင်သနည်း။
သူတို့အားလုံးသည် ရွှေနတ်များ ဖြစ်ကြပြီး အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း ထိုသူအား အနည်းငယ်မျှပင် မထိခိုက်စေနိုင်ကြပေ။
ထိုအခိုက်၌ လုချန်းက ပြုံးကာ
“ခင်ဗျားတို့မှာ တခြား အကွက်တွေ မရှိတော့ဘူးလား။ ဒါဆိုရင် ကျုပ်အလှည့် ရောက်ပြီပေါ့။”
စကားအဆုံးတွင် လုချန်းသည် သူ၏ ကျောဘက်ရှိ ယင်ယန် ပုံရိပ်လွှာကို ချက်ချင်းပင် လှုပ်ရှားလိုက်၏။ ထို့နောက် ဝေဖုန်ထောင်းတို့ အသုံးပြုခဲ့သော ပညာများ ပြန်လည် ပေါ်ပေါက်လာပြီး သူတို့ထံသို့ တန်ပြန်ဦးတည်သွားတော့သည်။
ဝေဖုန်ထောင်းတို့လည်း တိုက်ခိုက်မှုကို ခုခံရန် အမျိုးမျိုးသော နတ်လက်နက်များကို အလန့်တကြား ထုတ်ယူလိုက်ရ၏။
သူတို့၏ ကိုယ်ပိုင် ပညာများကို ပြန်လည် ဟန့်တားနိုင်ခဲ့သော်လည်း စိတ်ထဲ၌မူ အလွန်ပင် စိတ်ပျက်အားငယ်နေကြပေပြီ။
ရွှေနတ် အမြောက်အမြားသည် ကောင်းကင်နတ် တစ်ဦးကို လုပ်ကြံရန် မအောင်မြင်ခဲ့သည့်အပြင် ထိုကောင်းကင်နတ်၏ လှောင်ပြောင်ခြင်းကိုပါ ခံနေရ၏။
ထိုခဏတွင် လုချန်း တစ်စုံတစ်ခုကို တွေးမိသွားကာ ဝေဖုန်ထောင်းကို တိုက်ရိုက်ပင်
“စီနီယာအစ်ကို ဝေဖုန်ထောင်း... နတ်သခင် ကောင်းကင်က အခုပဲ ကျုပ်ဆီကို စိတ်ချင်းဆက်ပြီး ပြောလိုက်တယ်။ သူက ခင်ဗျားတို့ကို သူ့ဆီ ချက်ချင်း လာခဲ့ဖို့ ပြောခိုင်းလိုက်တယ်။”
ထိုအရာကို ကြားလျှင် ဝေဖုန်ထောင်းတို့ မှင်တက်သွားကာ ခဏခန့် ကြောင်အသွားကြ၏။
သူတို့သည် လူမိမည်ကို စိုးရိမ်သဖြင့် နတ်အာရုံကို တားဆီးနိုင်သော မျက်နှာဖုံးများကို စွပ်ထားကြခြင်း ဖြစ်၏။ ချန်းလုအနေနှင့် သူတို့ကို လုံးဝ မသိနိုင်သည့်အပြင် လူချင်းလည်း မရင်းနှီးသဖြင့် သူပြောသည့် စကားက အမှန်ဖြစ်နိုင်ခြေ ရှိနေသည်။
နတ်သခင် ကောင်းကင်သည် နတ်သခင် တစ်ဦး ဖြစ်သဖြင့် စိတ်အာရုံ တစ်ချက်ဖြင့်ပင် ကောင်းကင် တောင်ထိပ်၌ ဖြစ်ပျက်နေသမျှကို သိနိုင်သည်။ သူတို့၏ မျက်နှာဖုံးများသည် သာမန် နတ်များ၏ နတ်အာရုံကို တားဆီးနိုင်သော်လည်း နတ်သခင် ကောင်းကင်၏ စိတ်အာရုံကိုတော့ မတားဆီးနိုင်ပေ။
သို့သော် ကောင်းကင် တောင်ထိပ်၏ သာမန် ရွှေနတ်များသာ ဖြစ်ကြသော သူတို့၏ အမည်များကို နတ်သခင် ကောင်းကင် သိနေရန်က သူတို့၏ လှုပ်ရှားမှုများကို သူမ ကြိုတင် သိနေမှသာ ဖြစ်နိုင်လိမ့်မည်။
ဤသို့ တွေးမိသည်နှင့် ဝေဖုန်ထောင်းတို့ ကျောချမ်းကာ ချွေးစေးများ ထွက်လာတော့၏။
သွားပြီ...
အားလုံး ပြီးသွားပြီ...
သူ့စကားကြောင့် ကြောင်အသွားကြသော ထိုသူများကို ကြည့်ကာ လုချန်းက
“ခင်ဗျားတို့ မသွားဘူးဆိုရင် နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ ကျုပ်လည်း မပြောတတ်ဘူးနော်။”
ထိုအရာကို ကြားလျှင် ဝေဖုန်ထောင်းတို့ သတိပြန်ဝင်လာကြ၏။ သူတို့သည် တွန့်ဆုတ်မနေတော့ပဲ နတ်သခင် ကောင်းကင်၏ စံအိမ်ဖြစ်သော ကောင်းကင် နန်းဆောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားကြတော့သည်။
ထွက်ပြေးရန်ဟူသော အတွေးမျိုးကိုတော့ သူတို့ ခေါင်းထဲသို့ပင် မထည့်ဝံ့ကြပေ။ နတ်သခင် တစ်ဦး၏ ရှေ့မှောက်တွင် ထွက်ပြေးရန် ကြိုးစားမည်ဆိုပါက တောင်ထိပ်မှ မထွက်ခွာနိုင်မီမှာပင် သူတို့၏ ခန္ဓာကိုယ်များ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။
ကောင်းကင် နန်းဆောင်သို့ သွားရာ လမ်းတစ်လျှောက်တွင် သူတို့ထဲမှ တစ်ဦးက
“တောင်ထိပ်သခင်က တို့တွေကို ဘာလို့ ခေါ်တာလဲ”
ဟု စိုးရိမ်တကြီး မေးလိုက်၏။
“တို့တွေကို သတ်ပစ်ချင်နေတာလား”
ဝေဖုန်ထောင်းက
“တောင်ထိပ်သခင်က သတ်ချင်ရင် ကျုပ်တို့ အခု အလောင်း ဖြစ်နေပြီ။ ကျုပ်တို့တွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ သိချင်လို့ ဖြစ်ရမယ်။”
ဝေဖုန်ထောင်းက ဆက်လက်၍
“တကယ်လို့ ကြိုးကိုင်သူကို ဖွင့်ပြောလိုက်ရင် ကျုပ်တို့တွေ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းတော့ ရှိသေးတယ်။”
ထိုသို့ ပြောရင်း ဝေဖုန်ထောင်း အကြီးအကျယ် နောင်တရနေမိ၏။ ရှုကျင့်ရှူး၏ အစေခံတစ်ဦးမျှသာဟု ထင်မှတ်ခဲ့သော ချန်းလုကို လုပ်ကြံရန် သူတို့ သဘောမတူခဲ့သင့်ပေ။
သူ သေဆုံးသွားလျှင်ပင် နတ်သခင် ကောင်းကင်က ဂရုစိုက်လိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့မိသဖြင့် ကောင်းကင်လင်းယုန် တောင်ထိပ်၏ တောင်းဆိုမှုကို သူတို့ သဘောတူခဲ့ကြခြင်း ဖြစ်သည်။
မကြာမီပင် ဝေဖုန်ထောင်းတို့ ကောင်းကင် နန်းဆောင်သို့ ရောက်ရှိလာကြ၏။ သူတို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အစိမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးငယ် တစ်ဦးက သူတို့ကို တားဆီးလိုက်၏။
“ရှင်တို့ ဘာလာလုပ်တာလဲ”
ရွှေနတ် အဆင့်ရှိသူ အမြောက်အမြား နန်းဆောင်သို့ ရောက်လာသည်ကို မြင်လျှင် ထိုအမျိုးသမီးငယ် ဇဝေဇဝါ ဖြစ်သွား၏။ ပုံမှန်အားဖြင့် ကောင်းကင် တောင်ထိပ်၏ တပည့်များ ဤနေရာသို့ လာလေ့မရှိကြပေ။
ဝေဖုန်ထောင်းက
“နန်းတော်သခင်က ကျုပ်တို့ကို ခေါ်ထားလို့ပါ”
ထိုအရာကို ကြားလျှင် အစိမ်းရောင်ဝတ် အမျိုးသမီးငယ် အံ့အားသင့်သွား၏။ နတ်သခင် ကောင်းကင်က တစ်စုံတစ်ဦးကို ခေါ်ထားသည်ဟု သူမ မကြားမိခဲ့ပေ။
သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ကာ
“ဒီမှာ ခဏစောင့်ပါ။ ကျွန်မ အထဲဝင်ပြီး အစီရင်ခံလိုက်ဦးမယ်”
မကြာမီ ထိုအမျိုးသမီးငယ် နန်းဆောင်အတွင်းသို့ ဝင်သွား၏။ ထိုအချိန်၌ နတ်သခင် ကောင်းကင်သည် ခန်းမအတွင်း တရားထိုင်နေ၏။ တစ်စုံတစ်ဦး ဝင်လာသည်ကို ခံစားမိသည်နှင့် သူမ၏ မျက်လုံးများကို ဖွင့်လိုက်၏။
“ဘာကိစ္စရှိလို့လဲ”
---
…………..
အခန်း( ၁၇၅၁ )
အပြစ်လာဝန်ခံကြသူများ
အစိမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးငယ်က
“တောင်ထိပ်သခင်... တပည့်တချို့ နန်းဆောင်အပြင်ဘက်ကို ရောက်နေပါတယ်။ တောင်ထိပ်သခင် ခေါ်ထားတယ်လို့လည်း ပြောနေကြပါတယ်”
ဟု ရိုသေစွာ ပြောလိုက်၏။
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင်၏ မျက်မှောင် အနည်းငယ် ကြုတ်သွား၏။
သူမက မည်သည့်အချိန်က ကောင်းကင် နန်းဆောင်သို့ မည်သူ့ကို ခေါ်ယူခဲ့သနည်း။
သို့သော် ထိုသူများသည် သူမ၏ သီးသန့်နန်းဆောင်သို့ မည်သည့်ရည်ရွယ်ချက်ဖြင့် လာသနည်းဆိုသည်ကို သူမ သိချင်မိ၏။
ထို့နောက် သူမက ဝေဖုန်ထောင်းတို့အား
“ဝင်ခဲ့ကြ”
ဟု စိတ်ချင်းဆက်၍ ပြောလိုက်၏။
နတ်သခင် ကောင်းကင်ထံမှ စိတ်ချင်းဆက်သွယ်မှုကို လက်ခံရရှိပြီးနောက် ဝေဖုန်ထောင်းတို့လည်း ခန်းမကြီးအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာကြ၏။
အထဲသို့ ရောက်သည်နှင့် သူတို့သည် ကြမ်းပြင်ပေါ်၌ ချက်ချင်း ဒူးထောက်လိုက်ကြ၏။
ဝေဖုန်ထောင်းက
“ဒီတပည့် သေထိုက်ပါတယ်... နတ်သခင် ကောင်းကင်။ ကျေးဇူးပြုပြီး ကျုပ်တို့ကို အပြစ်ပေးပါ”
ဟု လျင်မြန်စွာ ပြောလိုက်၏။
ဝေဖုန်ထောင်းသည် မိုက်မဲသူ မဟုတ်ပေ။ ဤအချိန်တွင် အသနားခံနေရုံမျှဖြင့် အသုံးမဝင်နိုင်သည်ကို သိသဖြင့် အလျှော့ပေးခြင်းဖြင့် အသာစီးရရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ဝေဖုန်ထောင်း၏ စကားများကို ကြားပြီးနောက် နတ်သခင် ကောင်းကင်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ ဘာဖြစ်ခဲ့သည်ကို သူမ မသိသော်လည်း သူတို့ကိုယ်တိုင် အပြစ်ဝန်ခံရန် ရောက်လာကြသဖြင့် ကောင်းကင်တောင်ထိပ်အပေါ် တစ်စုံတစ်ရာ အမှားအယွင်း လုပ်ခဲ့ကြကြောင်း ထင်ရှားနေသည်။
နတ်သခင် ကောင်းကင်က
“ဆက်ပြောစမ်း”
ဟု အေးစက်စွာ ပြောလိုက်၏။
ဝေဖုန်ထောင်းက
“ကျုပ်တို့ တပါးသူတွေရဲ့ စကားတွေကို ယုံကြည်ပြီး ချန်းလုကို မတိုက်ခိုက်ခဲ့သင့်ပါဘူး။”
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် ပို၍ပင် ဇဝေဇဝါ ဖြစ်သွား၏။ ဤတပည့်များက ချန်းလုကို သတ်ရန် ကြိုးစားခဲ့ကြသလား။
ထိုသို့သာဆိုလျှင် သူတို့သည် ကောင်းကင်တောင်ထိပ်မှ ထွက်မပြေးပဲ ဤနေရာသို့ အဘယ်ကြောင့် လာကြသနည်း။
မည်သို့ပင်ဖြစ်စေ ချန်းလုသည် ရှုကျင့်ရှူး၏ အဖော် ဖြစ်နေသည်။ ရှုကျင့်ရှူး၏ အမည်ခံ ဆရာတစ်ဦးအနေနှင့် ရှုကျင့်ရှူး၏ အဖော် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့လျှင် သူမအနေနှင့် ဘေးမှ ကြည့်နေရန် မဖြစ်နိုင်ပေ။
ရှုကျင့်ရှူးကို ရှင်းပြနိုင်ရန်အတွက် ပြစ်မှုကျူးလွန်သူကို သူမ ဧကန်မုချ လိုက်လံဖမ်းဆီးကာ အရေးယူမည် ဖြစ်သည်။
သို့သော် ဤလူစုက ထွက်မပြေးပဲ အပြစ်ဝန်ခံရန် ဤနေရာသို့ ရောက်လာကြ၏။
သူတို့ကို သူမ မသတ်ဘူးဟု သူတို့ ထင်နေကြသလား။
ဤသို့ တွေးမိရင်း နတ်သခင် ကောင်းကင်သည် သူမ၏ နတ်အာရုံကို လွှတ်ထုတ်ကာ လုချန်း၏ နေအိမ်ကို စစ်ဆေးကြည့်လိုက်ရာ သူသည် အကောင်းပကတိ အတိုင်း ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။
ချန်းလု ဘာမှမဖြစ်သဖြင့် ဤလူစု အပြစ်လာဝန်ခံစရာ အကြောင်းရင်း ပို၍ပင် နည်းသွားပြီဖြစ်၏။
ထို့နောက် နတ်သခင် ကောင်းကင်က
“ရှင်တို့က ချန်းလုကို တိုက်ခိုက်မိတဲ့ ကြီးလေးတဲ့အပြစ်ကို ဝန်ခံနေမှတော့ ဘာလို့ ထွက်မပြေးပဲ ကျွန်မဆီလာပြီး အပြစ်ဝန်ခံနေရတာလဲ။”
ဝေဖုန်ထောင်းက
“နတ်သခင်က သူ့ဆီကို စိတ်ချင်းဆက်သွယ်ပြီး ကျုပ်တို့ကို ကောင်းကင်နန်းဆောင်ကို လာခိုင်းတယ်လို့ ချန်းလုက ပြောခဲ့ပါတယ်။”
ဒါက...
သူမသည် မည်သည့်အချိန်က ချန်းလုထံ စိတ်ချင်းဆက်သွယ်မှု ပြုလုပ်ခဲ့ပါသနည်း။
နတ်သခင် ကောင်းကင်လည်း အခြေအနေကို ချက်ချင်းပင် နားလည်သွားတော့၏။ ချန်းလုသည် သူ သေခါနီး ဖြစ်နေချိန်တွင် သူတို့၏ လုပ်ရပ်များကို သူမ သိသွားပြီဟု ထင်မှတ်အောင် လှည့်ကွက်လေးတစ်ခု သုံးကာ သူမ၏ အမည်ကို အသုံးပြုပြီး သူတို့ကို အပြစ်ဝန်ခံရန် ဤနေရာသို့ ပို့လိုက်ခြင်း ဖြစ်သည်။
ရှုကျင့်ရှူး၏ အဖော်က တော်တော်လေး ဖြတ်ထိုးဉာဏ်ကောင်းသည်ဟု တွေးကာ နတ်သခင် ကောင်းကင်က တိုးတိုးလေး ရယ်လိုက်၏။
သူမ၏ နတ်သခင်အဆင့် နတ်အာရုံဖြင့် ကောင်းကင်တောင်ထိပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ရုံနှင့် ဖြစ်ပျက်သမျှကို သိနိုင်သော်လည်း သူမသည် ကောင်းကင်တောင်ထိပ်ကို အမြဲတစေ စောင့်ကြည့်ရန် နတ်အာရုံကို လွှတ်ထုတ်မထားပေ။
ကျင့်ကြံနေစဉ်အတွင်း သာမန် အနှောင့်အယှက်များကို ရှောင်ရှားနိုင်ရန် သူမသည် သူမ၏ နတ်အာရုံကို ပြန်လည် ရုပ်သိမ်းထားလေ့ရှိရာ ကောင်းကင်တောင်ထိပ်၌ ဖြစ်ပျက်နေသည်များကို အမြဲတစေတော့ သိနိုင်မည် မဟုတ်ပေ။
ထိုခဏတွင် နတ်သခင် ကောင်းကင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ ထိတ်လန့်ဖွယ် ကောင်းသော ဖိအားတစ်ခု ကျရောက်လာပြီး ဝေဖုန်ထောင်းတို့ကို ကြမ်းပြင်ပေါ်၌ မလှုပ်နိုင်အောင် ဖြစ်သွားစေ၏။
“ရှင်တို့က သေထိုက်တဲ့အပြစ်ကို ဝန်ခံမှတော့ ရှင်တို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။”
နတ်သခင် ကောင်းကင်၏ စကားကို ကြားလျှင် ဝေဖုန်ထောင်းတို့ အကြီးအကျယ် စိတ်ပျက်အားငယ်သွားကြ၏။ သူတို့ တုံ့ပြန်ရန် အချိန်မရမီခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များသည် နတ်သခင် ကောင်းကင်၏ အေးစက်သော အရှိန်အဝါဖြင့် ချိပ်ပိတ်ခံလိုက်ရပြီး အလင်းစက်များအဖြစ် အရည်ပျော်သွားတော့သည်။ သို့သော် သူတို့၏ ဝိညာဉ်များဖြစ်သော အလင်းလုံး အနည်းငယ်ကတော့ လေထဲ၌ လွင့်မျောနေဆဲ ဖြစ်၏။
နတ်သခင် ကောင်းကင်က သူမ၏ လက်ကို မြှောက်ကာ ထိုဝိညာဉ်များကို ဖမ်းဆုပ်လိုက်ပြီးနောက် ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာကို အသုံးပြုလိုက်ရာ အခြေအနေကို ချက်ချင်းပင် နားလည်သွားတော့၏။
သူမအတွက်တော့ ရွှေနတ်အဆင့်ရှိသူ အနည်းငယ်မှာ ပုရွက်ဆိတ်သာသာ သာဖြစ်၏။ သူတို့ကို သတ်ပစ်ခြင်းက ဘာမှမဟုတ်ပေ။
အထူးသဖြင့် သူတို့သည် ရှုကျင့်ရှူး၏ အဖော်ကို တိုက်ခိုက်ဝံ့ခြင်းကြောင့် ဖြစ်၏။ အကယ်၍ ရှုကျင့်ရှူး၏ အဖော် ထိခိုက်မှုကြောင့် သူမနှင့် ရှုကျင့်ရှူးအကြား အဖုအထစ် ဖြစ်သွားခဲ့လျှင် အနာဂတ်တွင် ရှုကျင့်ရှူး၏ ခန္ဓာကိုယ်ထဲရှိ သူတော်စင်မသည် ကောင်းကင်တောင်ထိပ်အပေါ် ရန်ငြိုးထားလာနိုင်သည်။
ထို့ကြောင့် ဤရွှေနတ်များ သေထိုက်ပေသည်။
ဝေဖုန်ထောင်း၏ မှတ်ဉာဏ်မှတစ်ဆင့် ချန်းလုကို လုပ်ကြံရန်အတွက် တစ်စုံတစ်ဦးက ကျင့်ကြံခြင်း အရင်းအမြစ်များကို ပေးကမ်းကာ သူတို့ကို မြှူဆွယ်ခဲ့ကြောင်း နတ်သခင် ကောင်းကင် သိလိုက်ရ၏။ သို့သော် ဝေဖုန်ထောင်းထံသို့ လာရောက်သူမှာ မျက်နှာဖုံး စွပ်ထားသဖြင့် ဝေဖုန်ထောင်းနှင့် သူ၏လူစုပင် ထိုသူ၏ သရုပ်မှန်ကို မသိကြပေ။
ခြေရာခံမှုက ဤနေရာ၌ပင် ပြတ်တောက်သွားတော့၏။ ချန်းလုကို သတ်ရန် ဝေဖုန်ထောင်းကို ဆက်သွယ်ခဲ့သူ၏ သရုပ်မှန်ကို မသိရသော်လည်း ၎င်းသည် အခြား တောင်ထိပ်တစ်ခု၏ လက်ချက် ဖြစ်နိုင်သည်ဟု နတ်သခင် ကောင်းကင်က ခန့်မှန်းလိုက်၏။
သူမ နောက်ထပ် သူတော်စင်မတစ်ဦးကို တွေ့ရှိထားသဖြင့် အချို့သော တောင်ထိပ်သခင်များ မနာလိုဖြစ်နေကြပြီး ရှုကျင့်ရှူး၏ အဖော်ကို သတ်ခြင်းဖြင့် သူမနှင့် ရှုကျင့်ရှူး၏ ဆက်ဆံရေးကို ဖျက်ဆီးရန် ကြိုးစားကြခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
အစက သူမသည် ချန်းလုကို ရှုကျင့်ရှူးနှင့် မထိုက်တန်သော ကောင်းကင်နတ်တစ်ဦးအဖြစ်သာ သတ်မှတ်ထားသဖြင့် သူ့အပေါ် အမြင်မကြည်လင်ခဲ့ပေ။
သို့သော် သူမ သူ့ကို အထင်သေးနေလျှင်လည်း သူ့ကို ကောင်းကင်တောင်ထိပ်၌ အသေခံ စေ၍တော့ မဖြစ်ပေ။
ချန်းလုအပေါ် ရှုကျင့်ရှူး၏ ခံစားချက် မည်မျှ နက်ရှိုင်းသည်ကို မည်သူ ပြောနိုင်ပါသနည်း။
အကယ်၍ ရှုကျင့်ရှူးက သူ့ကို အလွန်ချစ်မြတ်နိုးနေပါက သူ သေဆုံးသွားခဲ့လျှင် ရှုကျင့်ရှူးသည် ကောင်းကင်တောင်ထိပ်နှင့် သူမကို မလွဲမသွေ ရန်ငြိုးဖွဲ့ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း နတ်သခင် ကောင်းကင်၏ ပုံရိပ်သည် ခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားပြီး လုချန်း၏ နေအိမ်၌ ပြန်လည် ပေါ်ပေါက်လာ၏။
ထိုအချိန်တွင် လုချန်းသည် ခြံဝင်းအတွင်း၌ ထိုင်ကာ တရားထိုင်ရင်း သူ့ကို အန္တရာယ်ပြုလိုသူများအကြောင်းကို စဉ်းစားနေ၏။ ဝေဖုန်ထောင်းတို့ ထွက်ခွာသွားခြင်းကြောင့် သူ့ကို သတ်ရန် ကြံစည်မှုသည် နတ်သခင် ကောင်းကင်၏ အမိန့် မဟုတ်ကြောင်း သက်သေပြနေသည်။
အကယ်၍ သူမကိုယ်တိုင်သာ သတ်ရန် အမိန့်ပေးခဲ့ပါက သူတို့သည် သူ့ကို သတ်နိုင်ရန်အတွက် အရာရာကို ရင်း၍ ကြိုးစားကြပေလိမ့်မည်။ သူမ၏ အမည်ကို ကြားရုံနှင့် ထိတ်လန့်သွားကာ အလျင်အမြန် ထွက်ခွာသွားကြခြင်းက သူ၏ ရန်သူများ ကောင်းကင်တောင်ထိပ်၏ ပြင်ပတွင် ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
တစ်စုံတစ်ဦးက သူသည် ရှုကျင့်ရှူး၏ အဖော်ဖြစ်ကြောင်း သိသွားပြီး သူ့ကို သတ်ခြင်းဖြင့် ရှုကျင့်ရှူးနှင့် ကောင်းကင်တောင်ထိပ်အကြား သွေးခွဲရန် ကြံစည်နေကြသလားဟု လုချန်း တွေးတောနေမိ၏။
လုချန်း အတွေးနက်နေစဉ်မှာပင် ပြင်းထန်သော အရှိန်အဝါတစ်ခု သူ၏ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာ၏။ လုချန်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ နတ်သခင် ကောင်းကင်ကို မြင်လိုက်ရသည်။
လုချန်းက မတ်တပ်ရပ်ကာ
“နှုတ်ဆက်ပါတယ် သခင်”
ဟု နှုတ်ဆက်လိုက်၏။
နတ်သခင် ကောင်းကင်က
“အင်း”
ဟု အေးစက်စွာ တုံ့ပြန်လိုက်ပြီးနောက်
“အဲ့ဒီတပည့်ရဲ့ နာမည်က ဝေဖုန်ထောင်းဆိုတာ ရှင် ဘယ်လို သိတာလဲ။”
ဝေဖုန်ထောင်း၏ မှတ်ဉာဏ်ကို စစ်ဆေးပြီးနောက် ဤအချက်ကို နတ်သခင် ကောင်းကင် သိချင်နေခြင်း ဖြစ်၏။
ကောင်းကင်တောင်ထိပ်၏ တောင်ထိပ်သခင် ဖြစ်လင့်ကစား ဝေဖုန်ထောင်းကို ဝိညာဉ်ရှာဖွေခြင်း မလုပ်မီအထိ သူမကိုယ်တိုင်ပင်လျှင် သူ၏ အမည်ကို မသိခဲ့ပေ။ သို့သော် ဤနေရာ၌သာ အမြဲ ကျင့်ကြံနေပြီး ဝေဖုန်ထောင်းနှင့် တစ်ခါမှ မဆုံဖူးသော ချန်းလုကတော့ သူ၏ အမည်ကို တိုက်ရိုက် ခေါ်ဆိုနိုင်ခဲ့၏။
ထို့ပြင် ဝေဖုန်ထောင်းတို့သည် နတ်အာရုံကို တားဆီးနိုင်သော မျက်နှာဖုံးများ စွပ်ထားကြသော်လည်း ချန်းလုက သူတို့၏ အမည်များကို ခေါ်နိုင်နေသည်။ ဝေဖုန်ထောင်းတို့ ချန်းလုကို ယုံကြည်သွားကြခြင်းက သူတို့၏ အမည်များကို ခေါ်နိုင်ခြင်းကြောင့် အဓိက ဖြစ်သည်။
လုချန်းက
“တပည့်က တွက်ချက်ခြင်း ပညာ အနည်းငယ် တတ်မြောက်ထားလို့ အဲဒီတပည့်တွေရဲ့ သရုပ်မှန်ကို တွက်ချက်ခဲ့တာပါ။”
လုချန်း၏ အဖြေက နတ်သခင် ကောင်းကင်ကို သိပ်ပြီး အံ့အားမသင့်စေခဲ့ပေ။ တွက်ချက်ခြင်း ပညာ ကျွမ်းကျင်သူများသည် တစ်စုံတစ်ဦး၏ သရုပ်မှန်ကို အခက်ဲမရှိ တွက်ချက်နိုင်ကြသောကြောင့် ဖြစ်သည်။
အကယ်၍ ဝေဖုန်ထောင်းတို့သာ ခေါင်းအေးအေးထားနိုင်ခဲ့ပြီး သူမ၏ အမည်ကို ကြားရုံနှင့် ထိတ်လန့်သွားခြင်း မရှိခဲ့လျှင် ချန်းလုသည် တွက်ချက်ခြင်း ပညာ ကျွမ်းကျင်သူ ဖြစ်နိုင်ဟု တွေးတောမိကြပေလိမ့်မည်။
---
…………
အခန်း (၁၇၅၂)
သွေးလင်းယုန်ခန်းမမှာ ဘာတွေဖြစ်နေလဲ
နတ်သခင် ကောင်းကင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်
“ရှင်ရဲ့ တွက်ချက်ခြင်း လမ်းစဉ်က ဘယ်လိုအခြေအနေရှိလဲ။”
လုချန်းက
“တပည့် တွက်ချက်ခြင်း လမ်းစဉ်ကို လေ့လာနေတာ မကြာသေးပါဘူး။”
ချန်းလုသာ တွက်ချက်ခြင်း လမ်းစဉ်ကို တကယ် တတ်ကျွမ်းနေခဲ့လျှင် ရှုကျင့်ရှူးသည် လျှို့ဝှက်လဝန်း ကျောင်းတော်က ရှာဖွေနေသည့် သူတော်စင်မဖြစ်ကြောင်း သူ ကြိုတင်သိထားပြီး ဖြစ်နေနိုင်ကြောင်း နတ်သခင် ကောင်းကင် တွေးတောမိ၏။ ထို့ကြောင့်လည်း သူသည် ရှုကျင့်ရှူးအနားသို့ တမင်တကာ ချဉ်းကပ်ခဲ့ပြီး သူမကို အသုံးချကာ လျှို့ဝှက်လဝန်းကျောင်းတော်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်လိမ့်မည်။
ထိုသို့သာဆိုလျှင် ဤချန်းလုကို သူမ သတိထားရန် လိုအပ်လိမ့်မည်။
သူက မည်သည့်ရည်ရွယ်ချက်ဖြင့် ရှုကျင့်ရှူးနောက်သို့ လိုက်ကာ လျှို့ဝှက်လဝန်း ကျောင်းတော်ထဲ ဝင်ရောက်လာသည်ကို မည်သူမှ အသေအချာ မပြောနိုင်ပေ။
လုချန်း၏ အဖြေကို ကြားလျှင် နတ်သခင် ကောင်းကင်က အေးစက်စက် လေသံဖြင့်
“ဝေဖုန်ထောင်းနဲ့ ရွှေနတ်အဆင့် အမြောက်အမြားကို တိုက်ခိုက်နေရင်းနဲ့တောင် ဝေဖုန်ထောင်းရဲ့ နာမည်ကို တိတိကျကျ တွက်ချက်နိုင်ခဲ့တာပဲ။ ရှင့်ရဲ့ တွက်ချက်ခြင်း လမ်းစဉ်က ခုမှ စလေ့လာထားတဲ့ အဆင့်မျိုးတော့ မဟုတ်နိုင်ဘူး။”
တွက်ချက်ခြင်း လမ်းစဉ်ကို သူမ မကျွမ်းကျင်မှု မရှိသော်လည်း ထိုလမ်းစဉ်၏ သဘောတရားကိုတော့ အနည်းငယ် နားလည်ထား၏။ တွက်ချက်ခြင်း လမ်းစဉ်ကို အသုံးပြုရာတွင် နတ်အငွေ့အသက် အမြောက်အမြား ကုန်ဆုံးရုံသာမက တွက်ချက်သူသည်လည်း စိတ်ဝိညာဉ် တစ်ခုလုံးကို နှစ်မြုပ်ထားရမည် ဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း သိထားသည်။
မဟုတ်ပါက တန်ပြန် ထိခိုက်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။
သို့သော်လည်း လုချန်းသည် ဝေဖုန်ထောင်းတို့လူစုကို တိုက်ခိုက်နေစဉ်မှာပင် ဝေဖုန်းထောင်း၏ သရုပ်မှန်ကို တိတိကျကျ တွက်ချက်ပြနိုင်ခဲ့ရာ သူ၏ တွက်ချက်နိုင်စွမ်း အားမနည်းကြောင်း သက်သေပြနေ၏။
ရှုကျင့်ရှူး လျှို့ဝှက်လဝန်းနန်းတော်၏ သူတော်စင်မ ဖြစ်လာမည်ကို သူ မတွက်ချက်နိုင်လျှင်ပင် ရှုကျင့်ရှူးသည် လျှို့ဝှက်လဝန်းနန်းတော်အတွက် အရေးပါသူ ဖြစ်ကြောင်းကိုတော့ သူ အသေအချာ တွက်ချက်နိုင်ပေလိမ့်မည်။
လုချန်း
“တပည့် တကယ်ပဲ ခုမှ စတင်လေ့လာနေတာပါ”
လုချန်း ခေါင်းမာနေဆဲ ဖြစ်သည်ကို မြင်လျှင် နတ်သခင် ကောင်းကင်သည် လုချန်း၏ ခန္ဓာကိုယ် ကုန်းသွားသည်အထိ ဖိအားများ ရုတ်တရက် ထုတ်လွှတ်လိုက်၏။
သို့သော်လည်း သူက ဒူးထောက်ခြင်း မရှိပေ။
နတ်သခင် ကောင်းကင် အေးစက်စက် ပြောလိုက်၏။
“ဒါဆိုရင် အခု ရှင့်ကို ကျွန်မ သတ်မလား လွှတ်ပေးမလားဆိုတာကို ရှင်တွက်ချက်ကြည့်ပါလား။”
ထိုစကားကို ကြားလျှင် လုချန်းက အံကို တင်းတင်းကြိတ်ကာ
“နတ်သခင်နဲ့ ပတ်သက်လာရင်တော့ တပည့် မတွက်ချက်နိုင်ပါဘူး။”
နတ်သခင် ကောင်းကင်
“မတွက်နိုင်ဘူးလား။ ဒါဆို ရှင် ဘယ်လောက်ကြာကြာ ဆက်အသက်ရှင်နိုင်မလဲဆိုတာကို တွက်ကြည့်စမ်း။”
လျှို့ဝှက်လဝန်း ကျောင်းတော်က အမျိုးသမီးတွေကတော့ တစ်ယောက်ထက် တစ်ယောက် ပိုပြီး ဒေါသကြီးကြတာပဲဟု လုချန်း သူ့ဘာသူ တွေးတောမိ၏။
တစ်နေ့နေ့တွင် အခြေအနေများ ပြောင်းလဲသွားခဲ့လျှင် ယွမ်ချင်းရှုအပေါ် အသုံးပြုခဲ့သည့် နည်းလမ်းများကို နတ်သခင် ကောင်းကင်လည်း ခံစားရစေမည်ဟု သူ့စိတ်ထဲ တေးထားလိုက်၏။
လုချန်းက
“ဘာကြောင့် နတ်သခင် အခုလို အမျက်ထွက်နေရတာလဲဆိုတာ တပည့် မသိပါဘူး။ တပည့် ပြောသမျှ စကားတိုင်းက အမှန်တွေချည်းပါပဲ။”
လုချန်း ခေါင်းမာနေဆဲ ဖြစ်သည်ကို မြင်လျှင် နတ်သခင် ကောင်းကင် မျက်မှောင်ကြုတ်သွား၏။ သူသည် တကယ်ပဲ ခုမှ စတင်လေ့လာခဲ့သော်လည်း တွက်ချက်ခြင်း လမ်းစဉ်တွင် ပါရမီပါနေခြင်းများ ဖြစ်နေမလား။
ထိုသို့ တွေးမိသည်နှင့် နတ်သခင် ကောင်းကင်လည်း သူမ၏ အငွေ့အသက်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး လုချန်းကို တစ်ချက် ကြည့်လိုက်၏။
သူမ၏ ဖိအားအောက်တွင်ပင် သူသည် မတုန်မလှုပ် တောင့်ခံထားနိုင်ပြီး နှိမ့်ချလွန်းခြင်း သို့မဟုတ် မောက်မာလွန်းခြင်းလည်း မရှိပေ။ ဤလူတွင် ထူးခြားသည့် အရည်အချင်းအချို့ ရှိနေတာ ထင်ရှားသည်။
သူ့ထက် နယ်ပယ်အဆင့် ပိုမြင့်သည့် ရှုကျင့်ရှူးပင်လျှင် သူ့အပေါ် စိတ်ဝင်စားသွားသည်က အံ့သြစရာတော့ မဟုတ်ပေ။
နတ်သခင် ကောင်းကင်က အေးစက်စက် သတိပေးလိုက်၏။
“ကျင့်ရှုးရဲ့ အခြေအနေကို ရှင် ကြိုတင်တွက်ချက်ထားပြီးသား ဖြစ်နေတာကို ကျွန်မသိသွားလို့ကတော့ ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ရှင်က သူရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ရုံတင်မကဘူး ရှင့်ရဲ့ ရင်သွေးကိုပါ လွယ်ထားစေခဲ့တယ်။”
ထိုစကားကို ကြားလျှင် လုချန်း စကားပင် မပြောနိုင်အောင် ဖြစ်သွားရ၏။ နတ်သခင် ကောင်းကင် ဘာကြောင့် အကြောင်းပြချက်မရှိ အမျက်ထွက်နေရသည်ကို သူ အခုမှ နားလည်သွားတော့သည်။
ရှုကျင့်ရှူး လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မ ဖြစ်လာနိုင်ကြောင်း သူ အစကတည်းက သိထားသည်ဟု သူမ ထင်မှတ်နေခြင်း ဖြစ်၏။
အစကတည်းကသာ သိခဲ့လျှင် ရှုကျင့်ရှူးကို အလယ်ပိုင်းဒေသသို့ သူ ခေါ်ဆောင်လာခဲ့မည် မဟုတ်ပေ။
နတ်သခင် ကောင်းကင်လည်း လုချန်းကို စကားများများ ထပ်မပြောတော့ပေ။ လုချန်းကို ဆူပူကြိမ်းမောင်းပြီးနောက် သူမ၏ ခန္ဓာကိုယ် ထိုနေရာ၌ပင် ပျောက်ကွယ်သွားတော့၏။
နတ်သခင် ကောင်းကင်၏ အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရမှ လုချန်း သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိသည်။
ဤအမျိုးသမီးသည် တကယ့်ကို ကိုင်တွယ်ရ ခက်ခဲသူပင်။
သူမသည် စနစ်၏ ကန့်သတ်ချက်များနှင့် ကိုက်ညီသော်လည်း သူမ၏ နယ်ပယ် အဆင့်က မြင့်မားလွန်းလှ၏။ သူမကို သူ၏ အမျိုးသမီးဖြစ်လာစေရန်နှင့် ရင်သွေးလွယ်စေရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
သူ၏ အဆင့် သူမထက် သာလွန်သွားသည့် တစ်နေ့ကျမှသာ အစွမ်းထက်သော နည်းလမ်းအချို့ကို သုံးရတော့မည်ဟု ထင်ရ၏။
……
ချီယန်ဂိုဏ်း နယ်မြေ။
ရွက်ဝါမြို့။
ရွက်ဝါမြို့၏ အဝေးတစ်နေရာတွင် စစ်နတ်လှေ အမြောက်အမြား ပေါ်ထွက်လာ၏။
၎င်းတို့အနက် အများစုသည် လဝန်းနန်းတော်၏ အလံကို လွှင့်ထူထားကြ၏။
ထိုအချိန်တွင် ရွက်ဝါမြို့အတွင်းရှိ လုကျင်သည် အဝေးမှ စစ်နတ်လှေများကို ကြည့်ကာ မျက်နှာ အလွန်ပင် ညှိုးငယ်နေ၏။
ချီယန်ဂိုဏ်းကို အမြန်ဆုံး သိမ်းပိုက်နိုင်ရန် သူ ကိုယ်တိုင် စစ်ချီထွက်လာခြင်း ဖြစ်၏။အစပိုင်းတွင် ဤစစ်ပွဲအား စိုးရိမ်စရာမရှိသည့် စစ်ပွဲတစ်ပွဲဟု သူ ယူဆခဲ့သည်။
သူ၏ အင်အားသည် ကြီးမားလှသည်မဟုတ်သော်လည်း ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အခြေခံအုတ်မြစ်က ခိုင်မာလှ၏။ နိုင်ငံ၌ ချီယန်ဂိုဏ်းထက် နတ်ဘုရင် အဆင့်များလည်း ပိုများရာ ချီယန်ဂိုဏ်းသည် သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိပေ။
စစ်ပွဲစတင်ပြီး မကြာမီမှာပင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ စစ်တပ်သည် အရှိန်အဟုန်ဖြင့် ချီတက်လာပြီး ရွက်ဝါမြို့အထိ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ရွက်ဝါမြို့ရောက်လျှင် ချီယန်ဂိုဏ်းနှင့် မဝေးတော့ပေ။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အစီအစဉ်အရဆိုလျှင် လဝက်ပင် မပြည့်မီ ချီယန်ဂိုဏ်း၏ အခြေစိုက်စခန်းဆီသို့ ရောက်ရှိနိုင်မည် ဖြစ်၏။
သို့သော်လည်း မျှော်လင့်မထားသည်က လဝန်းနန်းတော်ကို ဟန့်တားထားရမည့် သွေးလင်းယုန်ခန်းမက ရုတ်တရက် ဆုတ်ခွာသွားခဲ့သည်။ ကျောက်စိမ်းနဂါးဂိုဏ်း တိုက်ပွဲတွင် သွေးလင်းယုန်ခန်းမ ရှုံးနိမ့်သွားပြီးနောက် သွေးလင်းယုန်ခန်းမ၏ တပည့်များသည် နှောင့်ယှက်ဖျက်ဆီးမှုများကို ဆက်လက် မလုပ်ဆောင်ကြတော့ပဲ ပျောက်ကွယ်သွားကြပုံရ၏။
သွေးလင်းယုန်ခန်းမ၏ ဟန့်တားမှု မရှိတော့သဖြင့် လဝန်းနန်းတော်သည် ချီယန်ဂိုဏ်းနှင့် ပူးပေါင်းကာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ပြန်လည် တိုက်ခိုက်လာတော့သည်။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်သည် အင်အားကြီးမားသော်လည်း နတ်ဂိုဏ်း နှစ်ဂိုဏ်းနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ရခြင်းက အလွန် ခက်ခဲလှပေသည်။
……
စံအိမ်အတွင်း။
အစည်းအဝေးခန်းမထဲတွင်။
လုကျင်သည် စိတ်ကို မထိန်းနိုင်တော့ပဲ
“သွေးလင်းယုန်ခန်းမက ဒီလူနုံတွေ ဘာတွေ လုပ်နေကြတာလဲ။ အခုလို အချိန်မျိုးမှာမှ ဆုတ်ခွာသွားရတယ်လို့။ လဝန်းနန်းတော်ကိုတောင် မကိုင်တွယ်နိုင်တဲ့ မိစ္ဆာနတ်ဂိုဏ်းပဲ”
ဟု ဆဲရေးလိုက်၏။
ခန်းမအတွင်းရှိ လူတိုင်းသည် လုကျင်၏ မေးခွန်းကို တိတ်ဆိတ်မှုဖြင့်သာ တုံ့ပြန်ကြပြီး မည်သူမှ ဘာမှ ဝင်ရောက် မပြောဆိုကြပေ။
ဘာကြောင့် သူတို့ အခုလို ရုတ်တရက် ဆုတ်ခွာသွားရသည် ဆိုသည့် အကြောင်းကို သွေးလင်းယုန်ခန်းမဘက်က ထျန်းရှနတ်ဘုရားနိုင်ငံထံ အသိပေးထားခြင်း မရှိပေ။
လွန်ခဲ့သည့် ရက်များက ကျောက်စိမ်းနဂါးဂိုဏ်း တိုက်ပွဲတွင် သွေးလင်းယုန်ခန်းမ ရှုံးနိမ့်ခဲ့သည့် သတင်းကို ရရှိခဲ့စဉ်ကလည်း မည်သူမှ ဂရုမထားခဲ့ကြပေ။ အကြောင်းမှာ သူတို့၏ အမြင်တွင် ကျောက်စိမ်းနဂါးဂိုဏ်းသည် သွေးလင်းယုန်ခန်းမ၏ စခန်းတစ်ခုမျှသာ ဖြစ်ပြီး သွေးလင်းယုန်ခန်းမအနေနှင့် ထိုဂိုဏ်းအတွက် အားစိုက်စရာ မလိုဟု ယူဆထားသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျောက်စိမ်းနဂါးဂိုဏ်းမှ သွေးလင်းယုန်ခန်းမ ဆုတ်ခွာသွားခြင်းမှာ ရှုံးနိမ့်ခြင်း မဟုတ်ဘဲ အခြားအစီအစဉ် တစ်ခုခု ရှိနေခြင်းကြောင့်ဟုသာ ထင်မြင်ခဲ့ကြသည်။
ရလဒ်အနေနှင့် သွေးလင်းယုန်ခန်းမ ဆုတ်ခွာသွားသည်နှင့်အတူ လဝန်းနန်းတော် နယ်မြေအတွင်းရှိ အခြားသော မိစ္ဆာနတ်များပါ ဆုတ်ခွာသွားကြရာ လျှို့ဝှက်လဝန်းနန်းတော်အား နှောင့်ယှက်မည့်သူ မရှိတော့ပေ။ ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်သည် လက်ရှိ အခြေအနေ၌ အားလပ်သွားပြီး ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ရင်ဆိုင်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့သော အခြေအနေကြောင့် သွေးလင်းယုန်ခန်းမ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း ထျန်းရှ နတ်ဘုရား နိုင်ငံတော် သိသွားတော့သည်။
ဘေးရှိ အစေခံကို လုကျင်က
“သံတမန်ကို သွားခေါ်လိုက်”
ထိုသို့ပြောပြီးနောက် အစေခံ ထွက်ခွာသွားပြီး မကြာမီမှာပင် ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် လူတစ်ယောက် ခန်းမအတွင်းသို့ ရောက်ရှိလာ၏။
နတ်ဘုရင်ခံ ကွေးဟိုင်က လုကျင်ကို ကြည့်ကာ
“ဘုရင်ကြီး ကျုပ်ကို ဘာကြောင့်များ ခေါ်ရတာလဲဆိုတာ သိပါရစေ။”
လုကျင်သည် စိတ်ကို ခဏခန့် ငြိမ်အောင် ထားလိုက်ပြီးနောက် လက်ကို ဝေ့ယမ်းလိုက်ရာ လတ်တလော ရရှိထားသည့် ထောက်လှမ်းရေး အစီရင်ခံစာ တစ်ခု ခန်းမအတွင်း ပေါ်လာ၏။
ခန်းမအတွင်း လွင့်ပျံနေသည့် စာသားများကို မြင်လျှင် နတ်ဘုရင်ခံ ကွေးဟိုင် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ လွန်ခဲ့သည့် ရက်များအတွင်း သူသည် ကျင့်စဉ်ကိုသာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။
ထျန်းရှ နတ်ဘုရား နိုင်ငံတော်နှင့် သွေးလင်းယုန်ခန်းမတို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသဖြင့် လျှို့ဝှက်လဝန်းနန်းတော် မကြာမီ ပျက်စီးတော့မည်ဟု သူ စိတ်ချထားသောကြောင့် သွေးလင်းယုန်ခန်းမထံမှ သတင်းကိုသာ စိတ်အေးလက်အေး စောင့်စားနေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ယခု အစီရင်ခံစာအရ သွေးလင်းယုန်ခန်းမသည် ဆုတ်ခွာသွားပြီး လျို့ဝှက်လဝန်းနန်းတော်သည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ရင်ဆိုင်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သွေးလင်းယုန်ခန်းမမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ။
ဘာကြောင့်များ အခုလို အချိန်မျိုးမှာမှ ဆုတ်ခွာသွားရတာလဲ။
သွေးလင်းယုန်ခန်းမသာ ဆုတ်ခွာသွားလျှင် နတ်ဘုရင် ချင်းယွမ် ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့ တွေးမိသည်နှင့် နတ်ဘုရင်ခံ ကွေးဟိုင်၏ မျက်နှာ ချက်ချင်း အုံ့မှိုင်းသွားတော့၏။
ထိုအခိုက်အတန့်တွင် လုကျင်က
“သံတမန်... သွေးလင်းယုန်ခန်းမ ဆုတ်ခွာသွားပြီဆိုတော့ အထက်ဂိုဏ်းက ပေးထားတဲ့ တာဝန်ကို ကျုပ်တို့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ မလွယ်တော့ဘူးထင်တယ်။”
---
………..