← Chapters

အခန်း (၁၇၅၃-၁၇၅၅)

Vol. 117 Ch. 1753-1755

အခန်း (၁၇၅၃-၁၇၅၅)

Vol. 117 Ch. 1753-1755

အခန်း (၁၇၅၃)

နတ်ဘုရင်ခံ ရွှေတောင်ပံ၏ ဒုတိယ အကြံ

လုကျင်၏ စကားများကို ကြားလျှင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကလည်း စစ်တပ်ဆုတ်ခွာရန် ကြံစည်နေကြောင်း နတ်ဘုရင်ခံ ကွေးဟိုင် ချက်ချင်း နားလည်လိုက်၏။

ထိုသို့တော့ အဖြစ်မခံနိုင်ပေ။

လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးရမည်မှာ ဧကန်မုချ ဖြစ်၏။ ၎င်းသည် နတ်ဘုရင် ချင်းယွမ်၏ အလိုဆန္ဒသာမက ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်၏ အလိုဆန္ဒလည်း ဖြစ်သည်။

နတ်ဘုရင်ခံ ကွေးဟိုင်က လုကျင်ကို

“ဘုရင်ကြီး... စိတ်မလောပါနဲ့ဦး။ သွေးလင်းယုန်ခန်းမမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ကျုပ် သွားစုံစမ်းပါ့မယ်။ သူတို့မှာ အစီအစဉ်သစ် ရှိနေလို့ ခဏ ဆုတ်ခွာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”

လုကျင်က နတ်ဘုရင်ခံ ကွေးဟိုင်ကို

“ဒါဆိုရင်တော့ သံတမန်ကို အားကိုးရတော့မှာပဲ။”

လုကျင်လည်း အစက ထိုသို့ပင် တွေးခဲ့သော်လည်း ယခုအချိန်အထိ သွေးလင်းယုန်ခန်းမဘက်မှ လှုပ်ရှားမှု မရှိသဖြင့် ၎င်းတို့ တကယ်ပင် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် အစီအစဉ် မရှိတော့ခြင်းလားဟု သံသယဖြစ်နေမိ၏။

ထိုအခိုက်အတန့်တွင် လုကျင်က စကားကို ဆက်လိုက်၏။

“သံတမန်... တကယ်လို့ သွေးလင်းယုန်ခန်းမက ဆုတ်ခွာသွားတာဆိုရင် ကျုပ်တို့ ထျန်းရှ နတ်ဘုရား နိုင်ငံတော်လည်း ဆုတ်ခွာဖို့ ရွေးချယ်ရလိမ့်မယ်။ နောက်ဆုံးတော့ ကျုပ်တို့ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အင်အားနဲ့ နတ်ဂိုဏ်း နှစ်ဂိုဏ်းကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ဖို့က မလုံလောက်ဘူးလေ။”

သွေးလင်းယုန်ခန်းမက တကယ်ပင် ဆုတ်ခွာရန် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ထိုသို့သော စကားမျိုးကို ကြိုတင်ပြောထားရမည် ဖြစ်၏။ အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိသည့်အပြင် ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့၏ ဖျက်ဆီးခြင်းကို သူတို့ မခံလိုပေ။

သူတို့နှင့် သွေးလင်းယုန်ခန်းမနှင့် မတူသည့် အချက်က သွေးလင်းယုန်ခန်းမ တည်ရှိရာ ကမ္ဘာငယ်လေးကို ပြင်ပလူ အမြောက်အမြား မသိကြခြင်း ဖြစ်၏။ ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ဖြစ်သည့် နတ်ဘုရင်ခံ ကွေးဟိုင်ပင်လျှင် ၎င်း၏ တည်နေရာကို မသိပေ။

သို့‌သော် ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ တည်နေရာကိုတော့ အားလုံးက သိကြသည်။

ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့သည် သွေးလင်းယုန်ခန်းမကို ရှာမတွေ့နိုင်သော်လည်း ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကိုတော့ တိုက်ရိုက် စစ်ဦးလှည့်လာနိုင်၏။ သွေးလင်းယုန်ခန်းမ၏ ဟန့်တားမှု မရှိပဲ စစ်ကို ဆက်လက်ဆင်နွှဲခြင်းမှာ ထျန်းရှ နတ်ဘုရား နိုင်ငံတော် ‌အနေနှင့် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လုကျင် သူ၏ စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။ သွေးလင်းယုန်ခန်းမ ဆုတ်ခွာသွားကြောင်း အတည်ပြုနိုင်သည်နှင့် သူလည်း ချက်ချင်းပင် ဆုတ်ခွာမည်ဖြစ်ကာ ချီယန်ဂိုဏ်းထံ သံတမန်စေလွှတ်၍ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည် ဖြစ်၏။

လုကျင်၏ စကားများကို ကြားလျှင် နတ်ဘုရင်ခံ ကွေးဟိုင် မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း စကားများများ မပြောနိုင်ချေ။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ စိုးရိမ်ပူပန်မှုများကို သူ နားလည်သည်။

အစကတည်းက နတ်ဘုရင် ချင်းယွမ်သည် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန်အတွက် သွေးလင်းယုန်ခန်းမကို ထောက်ပံ့ပေးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရန် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ဆွဲဆောင်နိုင်ခဲ့ခြင်းမှာ မျှော်လင့်မထားသည့် ကံကောင်းမှုတစ်ခု ဖြစ်ခဲ့သည်။

လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရာတွင် သွေးလင်းယုန်ခန်းမသည်သာ ပင်မ အင်အားစု ဖြစ်၏။ သွေးလင်းယုန်ခန်းမပင် ဆုတ်ခွာသွားလျှင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်သည်လည်း ဆက်လက် တိုက်ခိုက်တော့မည် မဟုတ်တာ သဘာဝပင် ဖြစ်၏။

နတ်ဘုရင်ခံ ကွေးဟိုင်က

“နားလည်ပါပြီ။ ကျုပ် အခုပဲ သွေးလင်းယုန်ခန်းမဆီကို သွားလိုက်ပါ့မယ်။”

ထိုသို့ပြောပြီးနောက် နတ်ဘုရင်ခံ ကွေးဟိုင်၏ ပုံရိပ် ခန်းမအတွင်းမှ ပျောက်ကွယ်သွား၏။ နတ်ဘုရင်ခံ ကွေးဟိုင် ထွက်ခွာသွားသည်ကို မြင်လျှင် လုကျင်က စစ်တပ်ကို ခုခံစစ် ပြင်ဆင်ထားရန် ချက်ချင်း အမိန့်ပေးလိုက်၏။

နတ်ဘုရင်ခံ ကွေးဟိုင်ထံမှ သတင်းရောက်ရှိလာမှသာ သူတို့၏ နောက်ထပ်ခြေလှမ်းကို လုပ်ဆောင်မည် ဖြစ်၏။ တိုက်ခိုက်မည်လား သို့မဟုတ် ဆုတ်ခွာမည်လား ဆိုသည်မှာ နတ်ဘုရင်ခံ ကွေးဟိုင်၏ သတင်းအပေါ်တွင်သာ မူတည်သည်။

…….

လဝက်ခန့် ကြာပြီးနောက်။

သွေးလင်းယုန်ခန်းမ၏ စခန်းတစ်ခု၌။

သူ၏ ရှေ့မှ အမွှေးအမျှင် အနက်ရောင်များ ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ် ထွားကျိုင်းသော လူကို နတ်ဘုရင်ခံ ကွေးဟိုင် အေးစက်စက် ကြည့်ကာ

“ခင်ဗျားတို့ သွေးလင်းယုန်ခန်းမမှာ ဘာတွေ ဖြစ်နေတာလဲ။ ဘာကြောင့် အခုလို အချိန်မျိုးမှာမှ လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်တာ ရုတ်တရက် ရပ်လိုက်ရတာလဲ။”

တစ်ဖက်လူ၏ မောက်မာသော အမူအရာကို မြင်လျှင် နတ်ဘုရင်ခံ မိစ္ဆာမျောက်စိတ်ထဲ အလွန်ပင် မကျေမနပ် ဖြစ်သွားသော်လည်း ထိုသူမှာ ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ဖြစ်နေသဖြင့် အောင့်အည်း သည်းခံလိုက်ရ၏။

နတ်ဘုရင်ခံ မိစ္ဆာမျောက်က ခပ်အေးအေးပင်

“သံတမန်... ကျုပ်တို့ မတိုက်တာ မဟုတ်ပါဘူး။ တကယ်တော့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အခုလက်ရှိ အင်အားက အရမ်းကြီးနေလို့ပါ။ ကျုပ်တို့ သူတို့ကို လုံးဝ ယှဉ်လို့မရပါဘူး။”

“ကျောက်စိမ်းနဂါးဂိုဏ်း တိုက်ပွဲမှာ ကျုပ်တို့ခန်းမရဲ့ တပည့်ပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ရသလို နတ်ဘုရင်ခံ အဆင့် အကြီးအကဲ အမြောက်အမြားနဲ့ ကျုပ်တို့ရဲ့ ခန်းမသခင်ကိုယ်တိုင်တောင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်ချက်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ကွေးဟိုင် မျက်မှောင်ကြုတ်သွား၏။ ကျောက်စိမ်းနဂါးဂိုဏ်း တိုက်ပွဲတွင် သွေးလင်းယုန်ခန်းမ ရှုံးနိမ့်ခဲ့ခြင်းမှာ အခြားအစီအစဉ် တစ်ခုခု ရှိနေသောကြောင့် သူတို့ဘာသာ ဆုတ်ခွာခဲ့ခြင်းသာ ဖြစ်မည်ဟု သူ အမြဲတစေ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။

သွေးလင်းယုန်ခန်းမ တကယ်ပင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟု နတ်ဘုရင်ခံ မိစ္ဆာမျောက်က ပြောလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သွေးလင်းယုန်ခန်းမက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်ရတာလဲ။

မိစ္ဆာနတ်များ၏ စွမ်းအားသည် ဖြောင့်မတ်သော နတ်များ၏ စွမ်းအားကို သဘာဝအလျောက် ဖိနှိပ်နိုင်သည် မဟုတ်ပါလား။

နတ်ဘုရင်ခံ မိစ္ဆာမျောက်က စကားကို ဆက်လိုက်၏။

“အခု လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားက အထွတ်အထိပ်ကို ရောက်နေတာ။ ဒါကြောင့် အရှိန်အဟုန် အနည်းငယ် လျော့ကျသွားတဲ့အထိ စောင့်ဖို့ ကျုပ်တို့ ဆုံးဖြတ်ထားပါတယ်။ သူတို့ရဲ့ ကံစွမ်းအား အားနည်းသွားတဲ့အချိန်ကျမှ လျှို့ဝှက်လဝန်းနန်းတော်ကို အင်အားအပြည့်နဲ့ ပြန်တိုက်မှာပါ။”

သူတို့ ဆုတ်ခွာရသည့် တကယ့်အကြောင်းရင်းမှာ လျှို့ဝှက်လဝန်းနန်းတော်တွင် မိစ္ဆာစွမ်းအားများကို ဖိနှိပ်နိုင်သည့် နတ်နိယာမ ရှိနေခြင်းကြောင့်ဖြစ်ကြောင်းကိုတော့ နတ်ဘုရင်ခံ ကွေးဟိုင်ကို နတ်ဘုရင်ခံ မိစ္ဆာမျောက်က အမှန်အတိုင်း ပြောပြမည် မဟုတ်ပေ။

၎င်းသည် သွေးလင်းယုန်ခန်းမ၏ အားနည်းချက် ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်တွင် မိစ္ဆာစွမ်းအားကို ဖိနှိပ်နိုင်သည့် နတ်နိယာမ ရှိနေကြောင်း အပြင်လူများ ပိုသိသွားပြီး ဤနိယာမသာ ပျံ့နှံ့သွားခဲ့လျှင် မိစ္ဆာနတ်များ၏ အားသာချက် ပျောက်ကွယ်သွားမည် ဖြစ်ပြီး သူတို့၏ အခြေအနေ ပို၍ခက်ခဲသွားပေလိမ့်မည်။

ထိုစဉ် နတ်ဘုရင်ခံ ကွေးဟိုင်၏ မျက်နှာ အလွန် အုံ့မှိုင်းသွား၏။

အရှိန်အဟုန် လျော့ကျသွားအောင် စောင့်ရမယ် ဟုတ်လား။

နားထောင်ရ ကောင်းလှ၏။

သေမှာကြောက်သည်ဟုသာ တည့်တည့်ပြောပါတော့လား။

တိုက်ပွဲတစ်ပွဲတွင် ရှုံးနိမ့်ခဲ့ရုံမျှဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကို ဆက်မတိုက်ရဲတော့သည်အထိ ထိုမိစ္ဆာနတ်ဂိုဏ်း သွေးလင်းယုန်ခန်းမ သူရဲဘောကြောင်လှသည်ဟုသာ နတ်ဘုရင်ခံ ကွေးဟိုင် ယူဆ၏။ သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို မတိုက်လျှင် နတ်ဘုရင် ချင်းယွမ် ပေးအပ်ထားသည့် တာဝန်ကို သူ ပြီးမြောက်အောင် ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။

သူတို့တစ်သိုက်ကို အသုံးမကျသူများဟုသာ ဆဲရေးလိုက်ချင်သော်လည်း သွေးလင်းယုန်ခန်းမ၏ စခန်းအတွင်း၌ သူ ရောက်နေသည်ကို သတိပြုမိသဖြင့် ဒေါသကို ထိန်းချုပ်လိုက်ကာ

“ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ပဲ ကြည့်ရှင်းကြတော့”

ဟု တစ်ခွန်းသာ ပြောဆိုပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမဆီသို့ ပြန်သွားတော့၏။

ခမ်းနားသော ကောင်းကင်ခန်းမထံမှ အထောက်အပံ့ အမြောက်အမြားကို ရယူထားပြီး ယခုလို လက်ရှောင်သွားသည့် သွေးလင်းယုန်ခန်းမ၏ အကြောင်းကို နတ်ဘုရင် ချင်းယွမ်ထံ သူ အစီရင်ခံရမည် ဖြစ်၏။

……

လျှို့ဝှက်လဝန်း ကျောင်းတော်။

ကောင်းကင်လင်းယုန်တောင်ထိပ်။

နတ်ဘုရင်ခံ ရွှေတောင်ပံသည် နတ်မိန်းပျို နှစ်ဦး၏ ရင်ခွင်ထဲ၌ လဲလျောင်းကာ သူမတို့ထံမှ မွှေးပျံ့သည့် ရနံ့များကို ခံစားနေ၏။ ထိုအခိုက်အတန့်တွင် တပည့်တစ်ယောက်သည် နတ်ဘုရင်ခံ ရွှေတောင်ပံ ရှိနေသည့် ခန်းမအတွင်းသို့ ဝင်ရောက်လာ၏။

“စီ... စီနီယာအစ်ကို... ကျရှုံးသွားပါပြီ”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။ ထထိုင်လိုက်ကာ ခန်းမအတွင်းရှိ တပည့်ကို အေးစက်စက် ကြည့်၍

“အဲဒီ ချန်းလုက ကောင်းကင်နတ် အဆင့်ပဲ ရှိတာ မဟုတ်လား။ ကောင်းကင်နတ် တစ်ယောက်ကို သတ်ရတာ လက်ဖဝါးလှန်သလောက် မလွယ်ဘူးလား။”

တပည့်ဖြစ်သူက

“ကျုပ် ရှာပေးလိုက်တဲ့ ရွှေနတ်အဆင့်တွေက ချန်းလုရဲ့ နေအိမ်ကို အရင်သွားကြတာပါ။ အဲဒီနောက် ကောင်းကင်ခန်းမဆီ တိုက်ရိုက် သွားကြတယ်။ ကောင်းကင်ခန်းမထဲ ဝင်သွားပြီးကတည်းက သူတို့တွေ ပြန်ထွက်မလာကြတော့ဘူး။ ချန်းလုကို တစ်စုံတစ်ယောက်က သတ်ဖို့ ကြံစည်နေတာကို နတ်သခင် ကောင်းကင် သိသွားပုံရပါတယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ၏ မျက်နှာ ချက်ချင်းပင် အုံ့မှိုင်းသွားတော့၏။

“နတ်သခင် ကောင်းကင်က ချန်းလုကို အမြဲတမ်း စောင့်ကြည့်နေတာပဲ”

ဟု သူ့ဘာသူ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

မည်သို့ပင်ဆိုစေ ချန်းလုသည် ရှုကျင့်ရှူး၏ ကြင်ဖော်ဖြစ်သလို ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲရှိ သူတော်စင်မလေး၏ ဖခင်လည်း ဖြစ်သည်။ ထို့ပြင် ရှုကျင့်ရှူးသည် အမည်ခံအရ နတ်သခင် ကောင်းကင်၏ တပည့်ဖြစ်ရာ နတ်သခင် ကောင်းကင်သည် ကောင်းကင်တောင်ထိပ်ပေါ်၌ ချန်းလု အပေါ်တစ်စုံတစ်ခု ဖြစ်ပွားခြင်းအား ခွင့်ပြုမည် မဟုတ်ချေ။

ကောင်းကင်တောင်ထိပ်ပေါ်၌ ချန်းလုကို သုတ်သင်ရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်ရာ သူ့ကို တောင်ပေါ်မှ ထွက်လာအောင် ဆွဲဆောင်နိုင်မည့် နည်းလမ်းကိုတော့ ရှာဖွေရပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် နတ်ဘုရင်ခံ ရွှေတောင်ပံသည် နံဘေးရှိ နတ်မိန်းမပျိုများကို လှည့်ကြည့်လိုက်ပြီး သူမတို့အနက် တစ်ဦးကို

“လျူချိုင်... ကောင်းကင်တောင်ထိပ်ကို သွားပါ။ ချန်းလုကို ဆွဲဆောင်နိုင်မည့် နည်းလမ်းရှာပြီး သူ့ကို တောင်ပေါ်ကနေ ထွက်လာအောင် လုပ်ပါ။”

နတ်ဘုရင်ခံ ရွှေတောင်ပံ၏ အမိန့်ကို ကြားလျှင် လျူချိုင်က ချက်ချင်းပင်

“နားလည်ပါပြီ သခင်”

ချန်းလု၏ အနားတွင် ရှုကျင့်ရှူး မရှိတော့သဖြင့် သူ အထီးကျန်ပြီး ဟာတာတာ ဖြစ်နေပေလိမ့်မည်ဟု နတ်ဘုရင်ခံ ရွှေတောင်ပံ တွေးတောမိ၏။ လျူချိုင်ကဲ့သို့ လှပသည့် နတ်မိန်းပျိုတစ်ဦးက သူ့ထံ အတင်းတိုးကပ်လာလျှင် ချန်းလုဘက်မှ ငြင်းဆန်နိုင်မည်ဟု သူ မယုံကြည်ချေ။

ချန်းလုနှင့် လျူချိုင်တို့ တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့လျှင် လျူချိုင်သည် သူ့ကို တောင်ပေါ်မှ ထွက်လာအောင် မဆွဲဆောင်နိုင်ခဲ့လျှင်ပင် ချန်းလုတွင် အခြားအမျိုးသမီး ရှိနေသည်ဟု သတင်းများ ဖြန့်ကာ ထိုကိစ္စကို ကြီးကျယ်အောင် သူ လုပ်ဆောင်နိုင်သည်။

ထိုကိစ္စသာ ရှုကျင့်ရှူး၏ နားထဲသို့ ရောက်ရှိသွားခဲ့လျှင် ချန်းလုအပေါ် သူမ အလွန် စိတ်ပျက်သွားပေလိမ့်မည်။ ထိုအခါမှသာ ရှုကျင့်ရှူးနှင့် နီးစပ်ခွင့်ရရန် သူ အခွင့်အရေး ရရှိပေလိမ့်မည်။

---

…………..

အခန်း (၁၇၅၄)

အထက်ဂိုဏ်းမှ သံတမန်

ခမ်းနားသော ကောင်းကင်ခန်းမ။

နတ်ဘုရင် ချင်းယွမ်၏ နေအိမ်။

နတ်ဘုရင် ချင်းယွမ်သည် အခြားဂိုဏ်းများမှ တပည့်များ စုဆောင်းသည့် ကိစ္စကို ကိုင်တွယ်နေ၏။

ယခုအခိုက်အတန့်တွင် သူ၏လက်ထဲ၌ စာအုပ်ငယ်တစ်အုပ် ရှိနေပြီး ၎င်းထဲတွင် တောင်ပိုင်းနယ်မြေရှိ ခမ်းနားသော ကောင်းကင်ခန်းမသို့ လူလွှတ်ခဲ့အင်အားစုများ စာရင်းနှင့် ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်အမိန့်ကို လျစ်လျူရှုခဲ့သည့် အင်အားစုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ထိုစဉ် “လျှို့ဝှက်လဝန်းနန်းတော်” ဟူသော စကားလုံးကို မြင်လိုက်ရလျှင် နတ်ဘုရင် ချင်းယွမ် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်သည် ယခုအချိန်တွင် ပျက်စီးလုနီးပါး ဖြစ်နေလောက်ပြီဟုလည်း သူဘာသာ တွေးတောလိုက်၏။

သို့သော် သူ ထိုသို့တွေးနေစဉ်ပင် တပည့်တစ်ဦး ဝင်လာပြီး

“အကြီးအကဲ ချင်းယွမ်... နတ်ဘုရင်ခံ ကွေးဟိုင်က အတွေ့ခံဖို့ တောင်းဆိုနေပါတယ်”

နတ်ဘုရင် ချင်းယွမ်၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားမိသည်။ သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးပစ်လိုက်ပြီလား။

ထိုသို့တွေးကာ နတ်ဘုရင် ချင်းယွမ်က

“ဝင်လာခိုင်းလိုက်”

ဟု ချက်ချင်းပင် ပြောလိုက်၏။

စကားဆုံးသည်နှင့် နတ်ဘုရင် ချင်းယွမ်၏ စာကြည့်ခန်းထဲသို့ နတ်ဘုရင်ခံ ကွေးဟိုင် ဝင်လာ၏။

နတ်ဘုရင် ချင်းယွမ်က ဦးစွာ စကားစလိုက်သည်။

“လျှို့ဝှက်လဝန်း နတ်ဘုရင်ကော အသက်ရှင်သေးရဲ့လား။ သူတို့ ထွက်ပြေးသွားတာလား ဒါမှမဟုတ် အသတ်ခံလိုက်ရပြီလား” ဟု မေးမြန်းလိုက်သည်။

နတ်ဘုရင် ချင်းယွမ်၏ မေးခွန်းကို ကြားလျှင် နတ်ဘုရင်ခံ ကွေးဟိုင် ခဏခန့် တိတ်ဆိတ်သွား၏။ နတ်ဘုရင်ခံ ကွေးဟိုင်က သူ၏မေးခွန်းကို ချက်ချင်း မတုံ့ပြန်သည်ကို မြင်လျှင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း နတ်ဘုရင် ချင်းယွမ် ရုတ်တရက် ခံစားလိုက်ရသည်။

နတ်ဘုရင် ချင်းယွမ်က အေးစက်စက်ဖြင့် “ဘာဖြစ်တာလဲ”

ဟု မေးလိုက်၏။

သတင်းကောင်းသာ ဖြစ်ပါက နတ်ဘုရင်ခံ ကွေးဟိုင်သည် ချက်ချင်းပင် ပြောဆိုပေလိမ့်မည်။ ယခုကဲ့သို့ စိုးရိမ်ပူပန်နေသော အမူအရာမျိုး ပြသနေမည် မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်သည် ပျက်စီးခြင်းသို့ မရောက်သေးပဲ မျှော်လင့်မထားသည့် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ကြောင်း နတ်ဘုရင် ချင်းယွမ် ချက်ချင်းပင် သဘောပေါက်လိုက်၏။

နတ်ဘုရင်ခံ ကွေးဟိုင်က

“သွေးလင်းယုန်ခန်းမက ဆုတ်ခွာသွားပါပြီ။ အခု လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားက အရမ်းကို အားကောင်းနေပြီး သူတို့က လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်လို့မရဘူးလို့ ပြောပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအား အားနည်းသွားတဲ့အချိန်ကျမှပဲ သူတို့က တိုက်ခိုက်ပါတော့မယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင် ချင်းယွမ်၏ မျက်နှာ ချက်ချင်းပင် အုံ့မှိုင်းသွားတော့သည်။

သူက အေးစက်စက်ဖြင့်

“အသုံးမကျတဲ့ အကောင်တွေ”

ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချင်းယွမ်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး

“ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကလည်း သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းပြီး လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ဖို့ သဘောတူခဲ့တယ်လို့ ခင်ဗျားပြောခဲ့တယ် မဟုတ်လား။ ဒီအင်အားစုနှစ်ခု ပူးပေါင်းတာတောင် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုတည်းကို မကိုင်တွယ်နိုင်ဘူးလား။”

နတ်ဘုရင်ခံ ကွေးဟိုင်က

“ထျန်းရှ နတ်ဘုရား နိုင်ငံတော်က ချီယန်ဂိုဏ်းနဲ့ ရင်ဆိုင်နေခဲ့ပြီး ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက် သွေးလင်းယုန်ခန်းမက ချက်ချင်း ဆုတ်ခွာဖို့ ရွေးချယ်ခဲ့တာပါ။ အခုဆိုရင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်တောင်မှ ဆုတ်ခွာဖို့ စဉ်းစားနေပါပြီ။”

နတ်ဘုရင်ခံ ကွေးဟိုင်၏ စကားများကို ကြားလျှင် နတ်ဘုရင် ချင်းယွမ်၏ အမူအရာ ပို၍ပင် ဆိုးရွားသွားတော့သည်။

“မိစ္ဆာနတ်တွေက တကယ်ပဲ အားကိုးလို့မရဘူး”

“သူတို့တွေက ပိုပြီးတော့ အကျိုးအမြတ် လိုချင်နေတာ ဖြစ်ရမယ်။”

သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်လို့မရဘူးဆိုသည်ကို နတ်ဘုရင် ချင်းယွမ် မယုံကြည်နိုင်ပေ။

သူ၏အမြင်အရ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အကူအညီ မပါလျှင်ပင် သွေးလင်းယုန်ခန်းမ တစ်ခုတည်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ် သုတ်သင်နိုင်၏။

သို့သော် ယခု သွေးလင်းယုန်ခန်းမက သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ ပြိုင်ဘက် မဟုတ်ဟု အကြောင်းပြချက် ပေးနေကြသည်။

ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။

ခမ်းနားသော ကောင်းကင်ခန်းမသည်လည်း လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးလိုကြောင်း သိထားကြသဖြင့် ဤအခွင့်အရေးကို အသုံးချကာ ခမ်းနားသော ကောင်းကင်ခန်းမထံမှ အကျိုးအမြတ်များ ပိုမိုတောင်းခံရန်အတွက် ဆုတ်ခွာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ဤမိစ္ဆာနတ်တစ်သိုက်က ခမ်းနားသော ကောင်းကင်ခန်းမထံမှ အကျိုးအမြတ်များ ရယူရန် ကြိုးပမ်းနေသည်ဟူသော အတွေးကြောင့် နတ်ဘုရင် ချင်းယွမ်လည်း သွေးလင်းယုန်ခန်းမကိုပါ သုတ်သင်ပစ်ချင်စိတ် ပေါက်သွားမိသည်။

ခဏခန့် စဉ်းစားပြီးနောက် နတ်ဘုရင် ချင်းယွမ်က နတ်ဘုရင်ခံ ကွေးဟိုင်ကို

“ခင်ဗျား ကိုယ်တိုင် ချီယန်ဂိုဏ်းဆီ သွားပြီး သတိပေးလိုက်။ တကယ်လို့ သူတို့ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဆက်ပြီး မဟာမိတ် ဖွဲ့နေမယ်ဆိုလျှင် ခမ်းနားသော ကောင်းကင်ခန်းမက ချီယန်ဂိုဏ်းကို တိုက်ရိုက် ဖျက်ဆီးပစ်မယ်လို့ ပြောလိုက်။”

“နောက်ပြီး သွေးလင်းယုန်ခန်းမဆီကိုလည်း သွားဦး။ လျှို့ဝှက်လဝန်းနန်းတော်ကို ဆက်တိုက်ဖို့အတွက် အဲဒီ မိစ္ဆာနတ်တွေ ဘာလိုချင်သလဲဆိုတာ မေးကြည့်လိုက်။ ကျုပ်ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်။”

နတ်ဘုရင်ခံ ကွေးဟိုင်က

“နားလည်ပါပြီ”

“ခွင့်ပြုပါဦး”

စကားဆုံးသည်နှင့် နတ်ဘုရင် ချင်းယွမ်၏ စာကြည့်ခန်းအတွင်းမှ နတ်ဘုရင်ခံ ကွေးဟိုင် ထွက်ခွာသွားတော့သည်။ နတ်ဘုရင်ခံ ကွေးဟိုင်၏ ကျောပြင်ကို ကြည့်ရင်း နတ်ဘုရင် ချင်းယွမ်က အေးစက်စက်ဖြင့် ရေရွတ်လိုက်၏။

“နတ်ဆိုးဧကရာဇ် ကိစ္စပြီးတာနှင့် သွေးလင်းယုန်ခန်းမကိုလည်း ရှင်းပစ်ရမယ်။”

သွေးလင်းယုန်ခန်းမသည် အစကတည်းက မိစ္ဆာနတ်များ ဖြစ်ကြသည်။ ၎င်းတို့ကို သူ၏အကျိုးအတွက် အလုပ်ခိုင်းစေခြင်းကပင် ကြီးမားလှသော မျက်နှာသာပေးမှု ဖြစ်နေပြီဟု နတ်ဘုရင် ချင်းယွမ် မြင်၏။

သို့သော်လည်း ဤမိစ္ဆာနတ်များသည် သူတို့၏ အလုပ်ကို ကောင်းကောင်းမလုပ်သည့်အပြင် ခမ်းနားသော ကောင်းကင်ခန်းမထံမှ အကျိုးအမြတ်များကို ရယူရန်ပါ ကြိုးပမ်းနေကြသေးသည်။

ခမ်းနားသော ကောင်းကင်ခန်းမသည် ယခုအချိန်တွင် နတ်ဆိုးဧကရာဇ်နှင့် ဖြစ်ပွားနေသော စစ်ပွဲအပေါ်၌သာ အင်အား အားလုံးကို အာရုံစိုက်ထားရခြင်း မရှိပါက ဤသတင်းကို ကြားသည်နှင့် နတ်သခင်ထံ အစီရင်ခံကာ သွေးလင်းယုန်ခန်းမကို ဖျက်ဆီးရန် စစ်တပ် တောင်းဆိုမည်မှာ မလွဲမသွေပင် ဖြစ်သည်။

…..

ရွက်ဝါမြို့။

ယနေ့ ရွက်ဝါမြို့၏ အထက်တွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။

နတ်လှေများနှင့် နတ်များ ကောင်းကင်ယံမှ အဆက်မပြတ် ကျဆင်းနေကြသည်။

လုကျင်သည် မြို့တော်ဝန်စံအိမ်၏ အစည်းအဝေးခန်းမ၌ အုံ့မှိုင်းသော မျက်နှာဖြင့် ထိုင်နေ၏။ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း နတ်ဘုရင်ခံ ကွေးဟိုင်ထံမှ သတင်းတစ်စုံတစ်ရာ မရသေးပေ။

ထိုအခိုက်အတန့်တွင် စစ်သည်တစ်ဦး ခန်းမထဲသို့ ဝင်လာကာ

“ဘုရင်ကြီး... ဒါက အခုလေးတင် ရရှိထားတဲ့ သတင်းပါ။”

စကားပြောရင်းနှင့် စစ်သည်က ကျောက်စိမ်းလိပ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးလိုက်၏။ လုကျင် သူ၏

လက်ကို မြှောက်လိုက်လျှင် ကျောက်စိမ်းလိပ်လည်း သူ၏လက်ထဲသို့ ပျံဝင်လာ၏။

ထို့နောက် လုကျင်သည် ကျောက်စိမ်းလိပ်ကို အသက်သွင်းကာ အတွင်းရှိ သတင်းအချက်အလက်များကို ဖတ်ရှုလိုက်သည်။

နတ်ဘုရင်ခံ ကွေးဟိုင်သည် နတ်ဘုရင်ခံ မိစ္ဆာမျောက်နှင့် တွေ့ဆုံပြီးနောက် ပျောက်ကွယ်သွားကြောင်း သိလိုက်ရလျှင် လုကျင် အလွန်ပင် ဒေါသထွက်သွားကာ နတ်စွမ်းအားများကို အသုံးပြု၍ ကျောက်စိမ်းလိပ်ကို ချက်ချင်းပင် အမှုန့်ခြေပစ်လိုက်၏။

ထို့နောက် သူက

“စစ်တပ်ကို ပြန်ရုပ်သိမ်းလိုက်”

ဟု အမိန့်ထုတ်လိုက်တော့သည်။

သဘောတရားအရဆိုလျှင် နတ်ဘုရင်ခံ ကွေးဟိုင်သည် နတ်ဘုရင်ခံ မိစ္ဆာမျောက်နှင့် တွေ့ဆုံပြီးနောက် သွေးလင်းယုန်ခန်းမတွင် အခြားအစီအစဉ် တစ်စုံတစ်ရာ ရှိမရှိကို သူထံ ချက်ချင်း အသိပေးသင့်သည်။

သို့သော်လည်း ထိုနောက်ပိုင်း နတ်ဘုရင်ခံ ကွေးဟိုင် ပျောက်ကွယ်သွား၏။

ယင်းက သွေးလင်းယုန်ခန်းမ တကယ်ပင် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်းနှင့် နတ်ဘုရင်ခံ ကွေးဟိုင်က သတင်းကို တမင်တကာ ဖုံးကွယ်ထားကာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့၏ အင်အားများကို ဆက်လက် တိုက်စားနေစေရန် လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ညွှန်ပြနေသည်။

လုကျင်၏ အမိန့်နှင့်အတူ ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ စစ်နတ်‌လှေများသည် ရွက်ဝါမြို့မှ ထွက်ခွာကာ ဆုတ်ခွာသွားကြတော့သည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချီယန်သည် စစ်နတ်လှေတစ်စင်း၏ ကုန်းပတ်ပေါ်၌ ရပ်နေကာ ထွက်ခွာသွားသော ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ စစ်နတ်‌လှေများကို ကြည့်ရင်း

“လျှို့ဝှက်လဝန်းနန်းတော်နဲ့ မဟာမိတ်ဖွဲ့ခဲ့တာက ကျုပ်တို့ လုပ်ခဲ့သမျှထဲမှာ ပညာအရှိဆုံး ဆုံးဖြတ်ချက်ပဲ”

ဟု မှတ်ချက်ပြုလိုက်၏။

သူ၏နံဘေးရှိ နတ်ဘုရင်ခံတစ်ဦးက

“မှန်ပါတယ်...သွေးလင်းယုန်ခန်းမကို တွန်းလှန်ပြီးတဲ့နောက် လျှို့ဝှက်လဝန်းနန်းတော်က ကျုပ်တို့ကို အခုလို ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ တကယ်လို့ လျှို့ဝှက်လဝန်းနန်းတော်သခင်သာ နတ်သခင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်သွားလျှင် တောင်ပိုင်းနယ်မြေရဲ့ အခြေအနေတောင် ပြောင်းလဲသွားနိုင်တယ်။”

ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချီယန် ရပ်နေသည့် စစ်နတ်လှေအထက်၌ အသံတစ်ခု ရုတ်တရက် ဟိန်းထွက်လာ၏။

“သူ နတ်သခင်တစ်ယောက် ဖြစ်လာနိုင်စရာ မရှိပါဘူး”

နတ်ဘုရင် ချီယန် မျက်မှောင်ကြုတ်သွားကာ သူ၏ နတ်ဘုရင် အရှိန်အဝါကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး

“ဘယ်သူလဲ”

ဟု မေးလိုက်၏။

နတ်ဘုရင် ချီယန် တစ်စုံတစ်ခု မလုပ်ဆောင်မီမှာပင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အာကာသထဲမှ ဖြည်းညှင်းစွာ ထွက်လာကာ လေဟာနယ်ကို နင်းလျှောက်၍ နတ်ဘုရင် ချီယန်၏ စစ်နတ်လှေ ရှေ့မှောက်သို့ ရောက်ရှိလာ၏။

တစ်ဖက်လူတွင် နတ်ဘုရင်ခံ အရှိန်အဝါသာ ရှိသည်ကို ခံစားမိသောကြောင့် နတ်ဘုရင် ချီယန် အနည်းငယ် စိတ်အေးသွားကာ

“ခင်ဗျားက ဘယ်သူလဲ”

ဟု မေးမြန်းလိုက်သည်။

နတ်ဘုရင်ခံ ကွေးဟိုင်က တည်ငြိမ်စွာပင်

“နတ်ဘုရင် ချီယန်... ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး”

မည်သို့ပင်ဆိုစေ လျှို့ဝှက်လဝန်းနန်းတော်၏ စစ်နတ်လှေများ အနီးအနား၌ ရှိနေသေးရာ ဤနေရာတွင် စကားပြောကြပါက သူတို့၏ စကားများကို လျှို့ဝှက်လဝန်းနန်းတော်မှ လူများ ကြားသွားနိုင်သည်။

နတ်ဘုရင် ချီယန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး

“ကျုပ်နောက်ကို လိုက်ခဲ့”

စကားဆုံးသည်နှင့် နတ်ဘုရင် ချီယန်နှင့် နတ်ဘုရင်ခံ ကွေးဟိုင်တို့လည် အလင်းတန်းနှစ်ခုအဖြစ် အသွင်ပြောင်း၍ စစ်မြေပြင်မှ ထွက်ခွာသွားကြတော့သည်။

မကြာမီတွင် နတ်ဘုရင် ချီယန်သည် ချီယန်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာ၏။ ချီယန်ဂိုဏ်း၏ အစည်းအဝေးခန်းမသို့ ရောက်ရှိပြီးနောက် နတ်ဘုရင် ချီယန်က

“အခု ခင်ဗျားရဲ့ အထောက်အထားကို ကျုပ်ကို ပြောပြတော့မလား”

ဟု စတင်မေးမြန်းလိုက်သည်။

နတ်ဘုရင်ခံ ကွေးဟိုင်က တိုက်ရိုက်ပင်

“ကျုပ်က ခမ်းနားသော ကောင်းကင်ခန်းမက လာတာပါ။”

နတ်ဘုရင်ခံ ကွေးဟိုင်၏ စကားများကို ကြားလျှင် နတ်ဘုရင် ချီယန် တုန်လှုပ်သွားသည်။

သတိပြန်ဝင်လာပြီးနောက် နတ်ဘုရင် ချီယန်က

“အထက်ဂိုဏ်းရဲ့ အထူးသံတမန်က ချီယန်ဂိုဏ်းအတွက် ဘာအမိန့်များ ရှိလို့ပါလဲ”

ဟု အလျင်အမြန် မေးမြန်းလိုက်၏။

နတ်ဘုရင်ခံ ကွေးဟိုင်က ခပ်အေးအေးပင်

“နတ်ဘုရင် ချီယန်... ခင်ဗျားတို့ ချီယန်ဂိုဏ်းက ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို ခင်ဗျားကိုယ်တိုင်က မသိသေးဘူးပဲ။”

---

………..

အခန်း( ၁၇၅၅ )

လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးချင်နေတာ ခမ်းနားသော ကောင်းကင်ခန်းမ ဖြစ်နေလား

နတ်ဘုရင်ခံ ကွေးဟိုင်၏ စကားကို ကြားလျှင် နတ်ဘုရင် ချီယန် မှင်တက်သွား၏။

သတိပြန်ဝင်လာလျှင် နတ်ဘုရင် ချီယန်က

“ဒါက ဘာအဓိပ္ပာယ်လဲ ခင်ဗျား”

နတ်ဘုရင်ခံ ကွေးဟိုင်က ခပ်အေးအေးပင်

“လျှို့ဝှက်လဝန်းနန်းတော်ကို တကယ်ဖျက်ဆီးချင်နေတာက သွေးလင်းယုန်ခန်းမ နဲ့ ထျန်းရှ နတ်ဘုရားနိုင်ငံတော် မဟုတ်ဘူး။ ခမ်းနားသော ကောင်းကင်ခန်းမပဲ။”

နတ်ဘုရင် ချီယန်၏ အတွေးများ လုံးဝရပ်တန့်သွား၏။

လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးချင်နေသူမှာ ခမ်းနားသော ကောင်းကင်ခန်းမ ဖြစ်နေတာလား။

သူပြောလိုက်သော စကားကြောင့် နတ်ဘုရင် ချီယန် အံ့အားသင့်သွားသည်ကို မြင်လျှင် နတ်ဘုရင်ခံ ကွေးဟိုင်က လှောင်ပြုံးပြုံးလျက်

“ခင်ဗျားတို့ ချီယန်ဂိုဏ်းက ခမ်းနားသော ကောင်းကင်ခန်းမကို ဆန့်ကျင်ဖို့အထိ သတ္တိကောင်းနေပါလား။”

စိတ်ကိုပြန်ထိန်းပြီးနောက် နတ်ဘုရင် ချီယန်က

“အထူးသံတမန် ကျုပ်ကို လိမ်ညာနေတာလား။ ခမ်းနားသော ကောင်းကင်ခန်းမက သွေးလင်းယုန်ခန်းမလို မိစ္ဆာအင်အားစုတွေကိုတော့ လွှတ်ပေးထားပြီး ဘာလို့ လျှို့ဝှက်လဝန်းနန်းတော်ကို ဘာလို့ဖျက်ဆီးဖို့ ကြိုးစားရတာလဲ။”

နတ်ဘုရင် ချီယန် မယုံကြည်သေးသည်ကို တွေ့ရသဖြင့် နတ်ဘုရင်ခံ ကွေးဟိုင်က နှာခေါင်းရှုံ့လျက်

“လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမရဲ့ နတ်အမိန့်ကို လျစ်လျူရှုပြီး ကျုပ်တို့ရဲ့ သံတမန်ကို သတ်ပစ်ခဲ့တာလေ။ အဲ့ဒီလို ဂိုဏ်းမျိုးက မပျက်စီးသင့်ဘူးလား။”

ဒါက...

နတ်ဘုရင် ချီယန် တစ်ဖန် မှင်တက်သွားရပြန်သည်။

လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သတ်ခဲ့တယ်...

ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။

လျှို့ဝှက်လဝန်းနန်းတော်မှာ ဒီလောက်အထိ သတ္တိရှိနေတာလား။

နတ်ဘုရင်ခံ ကွေးဟိုင်က

“ဘာလဲ...ခင်ဗျားက ကျုပ်ရဲ့ အဆင့်အတန်းကိုပါ သံသယဝင်နေတာလား”

ထိုသို့ပြောပြီးနောက် သက်သေခံတံဆိပ်တစ်ခုကို နတ်ဘုရင်ခံ ကွေးဟိုင်က ထုတ်ယူကာ နတ်ဘုရင် ချီယန်၏ ရှေ့သို့ ပစ်ပေးလိုက်၏။ တံဆိပ်သည် လေထဲတွင် ဝဲပျံနေပြီး တောက်ပသော ခုနစ်ရောင်ခြယ် နတ်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

သက်သေခံတံဆိပ်မှ ထွက်ပေါ်နေသော အငွေ့အသက်ကို ခံစားမိလျှင် နတ်ဘုရင် ချီယန် တုံ့ခနဲ ဖြစ်သွား၏။ ခမ်းနားသော ကောင်းကင်ခန်းမ တပည့်တစ်ဦး၏ သက်သေခံတံဆိပ်ကို သူ မြင်ဖူးထားသဖြင့် ယခုတံဆိပ်မှာလည်း ခမ်းနားသော ကောင်းကင်ခန်းမ တပည့်များသာ ပိုင်ဆိုင်နိုင်သည့် အရာမှန်း သိလိုက်၏။

ရှေ့မှလူမှာ ခမ်းနားသော ကောင်းကင်ခန်းမ၏ တပည့်စစ်စစ် ဖြစ်ကြောင်း သက်သေပြနေလေပြီ။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သတ်ခဲ့ခြင်းအား သူ မယုံကြည်နိုင်သေးပေ။

ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်မြေတွင် အကြီးဆုံးသော အင်အားစု ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ သူတို့ကို မစော်ကားရဲသလို သူတို့၏ အမိန့်ကိုလည်း မလွန်ဆန်ရဲကြပေ။

လျှို့ဝှက်လဝန်းနန်းတော်သည် သူတို့ကို ဆန့်ကျင်ရဲသည့် သတ္တိများအား မည်သည့်နေရာမှ ရလာခဲ့သနည်း။

နတ်ဘုရင် ချီယန် တိတ်ဆိတ်စွာ တွေးတောနေသည်ကို မြင်လျှင် နတ်ဘုရင်ခံ ကွေးဟိုင်က

“အခု ခမ်းနားသော ကောင်းကင်ခန်းမက စစ်ပွဲအတွက် ပြင်ဆင်နေတာ။ မကြာခင် တခြားထိပ်သီးအင်အားစုတွေနဲ့ ပေါင်းပြီး နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်တော့မှာ။ ဒါကြောင့် လျှို့ဝှက်လဝန်းနန်းတော်ကို ရှင်းပစ်ဖို့ လောလောဆယ် အချိန်မပေးနိုင်သေးတာ။”

“နတ်ဆိုးဧကရာဇ်နဲ့ စစ်ပွဲပြီးသွားတာနဲ့ ခမ်းနားသော ကောင်းကင်ခန်းမက သူ့ရဲ့ နတ်အမိန့်ကို ဖီဆန်တဲ့ တောင်ပိုင်းနယ်မြေက အင်အားစုတွေကို ဧကန်မုချ ရှင်းပစ်လိမ့်မယ်။ အကယ်၍ နတ်ဘုရင် ချီယန်က လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဆက်ပြီး မဟာမိတ်ဖွဲ့နေမယ်ဆိုရင် ချီယန်ဂိုဏ်း ဘယ်လိုကံကြမ္မာမျိုးနဲ့ ကြုံရမလဲဆိုတာ ပြောပြနေဖို့ မလိုဘူးထင်တယ်။”

နတ်ဘုရင် ချီယန် ဆက်လက်၍ တိတ်ဆိတ်နေဆဲ ဖြစ်၏။ သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။

အကယ်၍ ထိုလူပြောသလို လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သတ်ခဲ့ကြောင်း မှန်ကန်ပါက သွေးလင်းယုန်ခန်းမနှင့် ထျန်းရှ နတ်ဘုရားနိုင်ငံတော်တို့ မတိုက်ခိုက်လျှင်ပင် ခမ်းနားသော ကောင်းကင်ခန်းမက သူတို့ဘာသာ လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

ချီယန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်နှင့် မဟာမိတ်အဖြစ် ဆက်လက် တည်ရှိနေပါက တစ်နေ့တွင် သူတို့လည်း ချေမှုန်းခံရမှာ သေချာသည်။ ထို့ကြောင့် ချီယန်ဂိုဏ်းအနေနှင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် အဆက်အသွယ် ဖြတ်ရမည် ဖြစ်၏။

သို့သော် ဤသတင်းအချက်အလက်၏ မှန်ကန်မှုကို သူ မဆုံးဖြတ်နိုင်သေးပေ။ သတင်းပို့လာသူမှာ နတ်ဘုရင်ခံတစ်ဦးသာ ဖြစ်သည်။

ထိုနတ်ဘုရင်ခံတွင် ခမ်းနားသော ကောင်းကင်ခန်းမ၏ သက်သေခံတံဆိပ် ရှိသော်လည်း သူပြောသမျှ အရာအားလုံး မှန်ကန်သည်ဟု အာမမခံနိုင်ပေ။

သွေးလင်းယုန်ခန်းမနှင့် ထျန်းရှ နတ်ဘုရားနိုင်ငံတော်တို့က သွေးခွဲရန်အတွက် ခမ်းနားသော ကောင်းကင်ခန်းမ တပည့်အဖြစ် အယောင်ဆောင်ထားသော သံတမန်ကို လွှတ်ကာ သတင်းမှားများ ပေးနေခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် ထိုလူ၏ စကားမှာ အမှန်ဖြစ်စေ အမှားဖြစ်စေ အတည်ပြုရန် လိုအပ်သည်။ အမှားဖြစ်ပါက ပိုကောင်းပြီး ထိုလူ၏ စကားကို ဂရုစိုက်စရာ မလိုတော့ပေ။

အကယ်၍ အမှန်ဖြစ်နေပါက ချီယန်ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ဆက်ဆံရေးကို အလျင်အမြန် ဖြတ်တောက်ရမည် ဖြစ်သည်။

ထိုသို့တွေးတောရင်း နတ်ဘုရင် ချီယန်က နတ်ဘုရင်ခံ ကွေးဟိုင်ကို

“အထူးသံတမန်... ကျုပ်ကို စဉ်းစားဖို့ အချိန်လေး နည်းနည်းလောက် ပေးလို့ရမလား။”

နတ်ဘုရင် ချီယန်၏ အတွေးကို သိနေသဖြင့် နတ်ဘုရင်ခံ ကွေးဟိုင်က

“ကောင်းပြီ။ အချိန်ပေးပါ့မယ်၊ ဒါပေမဲ့ အချိန်ဆိုတာ ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး။ မကြာခင်မှာ ထိပ်သီးအင်အားစုတွေက နတ်ဆိုးဧကရာဇ်ကို ချီတက်တိုက်ခိုက်တော့မှာ။ အကယ်၍ နတ်ဆိုးဧကရာဇ် အရေးနိမ့်သွားပြီးတဲ့အထိ ခင်ဗျား မဆုံးဖြတ်ရသေးဘူးဆိုရင်တော့ ချီယန်ဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်ဟာ ကံကြမ္မာတစ်ခုတည်းကိုပဲ မျှဝေခံစားရလိမ့်မယ်။”

နတ်ဘုရင် ချီယန်က

“စိတ်ချပါ အထူးသံတမန်။ မကြာခင်မှာ အဖြေတစ်ခု ပေးပါ့မယ်။”

နတ်ဘုရင်ခံ ကွေးဟိုင်က

“ဒါဆိုရင် ကျုပ် ချီယန်ဂိုဏ်းမှာပဲ ခဏနေပြီး ခင်ဗျားရဲ့ အဖြေကို စောင့်နေမယ်။”

နတ်ဘုရင် ချီယန်က ပြုံးလျက်

“ဒါဆိုရင် အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် အထူးသံတမန်။”

“ခင်ဗျားအတွက် အကောင်းဆုံး တည်းခိုဆောင်ကို စီစဉ်ပေးပါ့မယ်။ ကျုပ်နောက်ကို လိုက်ခဲ့ပါ။”

ထိုသို့ပြောပြီးနောက် နတ်ဘုရင် ချီယန်သည် နတ်ဘုရင်ခံ ကွေးဟိုင်ကို ခေါ်ဆောင်ကာ ခန်းမထဲမှ ထွက်ခွာသွားသည်။

နောက်ရက်များတွင် နတ်ဘုရင် ချီယန်က နတ်ဘုရင်ခံ ကွေးဟိုင်ကို အကောင်းဆုံး ဧည့်ဝတ်ပြုထားသလို တစ်ဖက်တွင်လည်း လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သတ်ဖြတ်ခဲ့သည့် ကိစ္စအား စုံစမ်းရန် လူလွှတ်လိုက်၏။

ဤကိစ္စကို လူအနည်းငယ်သာ သိသော်လည်း ယွမ်ယုတိက လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များအား ထိုအကြောင်း ပြောခြင်း မပြုရန် တားမြစ်ထားခြင်း မရှိပေ။ ထို့ကြောင့် ဖြစ်ရပ်၏ အသေးစိတ် အချက်အလက်များက ပျံ့နှံ့နေခဲ့သည်။

မကြာမီပင် နတ်ဘုရင် ချီယန် စုံစမ်းစစ်ဆေးခိုင်းထားသော အချက်အလက်များ ထွက်ပေါ်လာသည်။

…..

တစ်လကြာပြီးနောက်။

ချီယန်ဂိုဏ်း။

အစည်းအဝေးခန်းမ။

လက်ထဲရှိ ကျောက်စိမ်းလိပ်ထဲမှ သတင်းအချက်အလက်ကို ဖတ်ပြီးနောက် နတ်ဘုရင် ချီယန်၏ မျက်နှာ ပြာနှမ်းသွားသည်။

ထိုအခြေအနေ တကယ် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို တကယ် သတ်ဖြတ်ခဲ့ခြင်းပင်။

လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များသည် သူတို့ အမှား တစ်စုံတစ်ခု လုပ်ခဲ့သည်ဟု မထင်ကြသဖြင့် ချီယန်ဂိုဏ်းမှ သူလျှိုများသည် လျှို့ဝှက်လဝန်းနန်းတော်သို့ စစ်ဆေးရန် ရောက်ရှိလာသော သံတမန် မည်သို့သေဆုံးသွားသည့် အကြောင်းကို အလွယ်တကူ မေးမြန်းနိုင်ခဲ့သည်။

နတ်ဘုရင် ချီယန် အလွန် တုန်လှုပ်သွားခဲ့သည်။

ယွမ်ယုတိ၏ သတ္တိက အံ့ဩစရာပင်။

ခမ်းနားသော ကောင်းကင်ခန်းမသည် နတ်သခင်အဆင့် အမြောက်အမြား ရှိနေသည့် တောင်ပိုင်းနယ်မြေ၏ အကြီးမားဆုံးသော အင်အားစု ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်တွင် လက်ရှိ နတ်ဘုရင် နှစ်ပါးသာ ရှိပြီး ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို မည်သို့ ဆန့်ကျင်ရဲကြသနည်း။

ဤအရာက တကယ့် ပြဿနာပင်။

ခမ်းနားသော ကောင်းကင်ခန်းမက နတ်ဆိုးဧကရာဇ်နှင့် စစ်ပွဲပြီးသွားသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်ကို ဧကန်မုချ ဝိုင်းရံတိုက်ခိုက်လိမ့်မည် ဖြစ်သည်။

ချီယန်ဂိုဏ်းသာ လျှို့ဝှက်လဝန်း နန်းတော်နှင့် မဟာမိတ်အဖြစ် ဆက်လက် တည်ရှိနေပါက သူတို့ကိုပါ မလွဲမသွေ ထိခိုက်လိမ့်မည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် အဆက်အသွယ်ကို အမြန်ဆုံး ဖြတ်တောက်ရမည် ဖြစ်၏။

ထိုသို့တွေးတောရင်း နတ်ဘုရင်ခံ ကွေးဟိုင် နေထိုင်ရာ တည်းခိုဆောင်သို့ နတ်ဘုရင် ချီယန် ချက်ချင်း သွားလိုက်သည်။

ထိုအချိန်တွင် နတ်ဘုရင်ခံ ကွေးဟိုင်သည် အတွင်းဆောင်၌ ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေသည်။

နတ်ဘုရင် ချီယန် လူလွှတ်၍ စုံစမ်းစစ်ဆေးပြီးလျှင် လျှို့ဝှက်လဝန်းနန်းတော်မှ ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သတ်ဖြတ်ခဲ့သည့် ကိစ္စအား မကြာမီ သိသွားမည်ဟု ယုံကြည်နေသဖြင့် သူ လုံးဝ စိုးရိမ်ခြင်း မရှိပေ။

နတ်ဘုရင် ချီယန် သိသွားသည်နှင့် မည်သို့လုပ်ရမည်ကို အလိုလို သိသွားမည် ဖြစ်သည်။

ထိုစဉ် အတွင်းဆောင်၏ အဝင်ဝတွင် နတ်ဘုရင် ချီယန် ပေါ်လာသည်။ သူ ရောက်ရှိလာသည်ကို အာရုံခံမိလျှင် နတ်ဘုရင်ခံ ကွေးဟိုင်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခပ်အေးအေးပင်

“နတ်ဘုရင် ချီယန် ဘာလုပ်ရမလဲဆိုတာကို သိသွားပြီနဲ့ တူတယ်။”

နတ်ဘုရင် ချီယန်က အတွင်းဆောင်ထဲသို့ ချက်ချင်း ဝင်လာကာ

“အထူးသံတမန်ရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ချီယန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်လို မဆင်မခြင်လုပ်တတ်တဲ့ နတ်ဂိုဏ်းမျိုးနဲ့ မဟာမိတ်ဖွဲ့မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သံတမန်ရဲ့ သတိပေးမှုသာ မရှိရင် ချီယန်ဂိုဏ်း မကြာခင် ပျောက်ကွယ်သွားနိုင်တယ်။”

နတ်ဘုရင်ခံ ကွေးဟိုင်က ခပ်အေးအေးပင်

“ဘာမှ မဆုံးရှုံးသေးပါဘူး။ နတ်ဘုရင် ချီယန်က အချိန်မီ သတိဝင်လာတာပဲ။”

နတ်ဘုရင် ချီယန်ကလည်း

“အထူးသံတမန် ပြောတာ မှန်ပါတယ်”

နတ်ဘုရင်ခံ ကွေးဟိုင်က ဆက်လက်၍

“ဒါပေမဲ့ ခင်ဗျားတို့ ချီယန်ဂိုဏ်းက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တာ။ လျှို့ဝှက်လဝန်းနန်းတော်နဲ့လည်း မဟာမိတ်ဖွဲ့ခဲ့သေးတယ်။ အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမက နတ်သခင်တွေက ခင်ဗျားတို့ကို တာဝန်ရှိတယ်လို့ သတ်မှတ်ရင် ချီယန်ဂိုဏ်း ပျက်သုန်းသွားနိုင်သေးတာပဲ။”

---

All Chapters