← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အပိုင်း ( 136 )

ပူးပေါင်းခြင်း

ရှောင်ဟေးသည် တစ်ခဏခန့် အချိန်ယူခဲ့ပြီးမှ၊ စိတ်တည်ငြိမ်သွားခဲ့သည်။

သူသည် တစ်ခဏခန့် ဆွံ့အသွားကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

ရှောင်ဟေးသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ စကားထပ်ပြောလာခဲ့သည် “ ထားလိုက်တော့၊ ဘာမှမဟုတ်တော့ဘူး “

“ အို့ “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ လှည့်ထွက်သွားရန် ပြင်လိုက်သည်၊ သို့သော် သူသည် တစ်စုံတစ်ခုကို မှတ်မိသွားကာ၊ ရုတ်တရက် မေးမြန်းလိုက်၏ “ ရှောင်ဟေး၊ မင်းတို့ မျိုးနွယ်စုက တော်တော်လေးကို ချမ်းသာတာပဲ “

“ ဟမ် “

ထိုစကားကို ကြားလိုက်သော အချိန်တွင်၊ ရှောင်ဟေးသည် ရုတ်တရက် တုန်ရင်သွားကာ၊ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

“ လုချန်ရှန်း၊ ငါမင်းကို တောင်းပန်ပါတယ်ကွာ။ မင်းသိတဲ့လူတွေကို အခွင့်ကောင်းမယူပါနဲ့လားကွာ “

“ အဲ့တာက ဘာကိုဆိုလိုတာလဲ။ ငါ့ကို ဘယ်လိုလူမျိုးလို့ သတ်မှတ်နေတာလဲ “ လုချန်ရှန်းသည် အသာအယာ နှာခေါင်းရှုံ့လာခဲ့ပြီး၊ မကျေမချမ်းဖြစ်ကာ၊ ထွက်သွားတော့သည်။

ရှောင်ဟေး၏ မျက်ဝန်းများ လှုပ်ခတ်သွားခဲ့သည်။ မင်းက ဘယ်လိုလူမျိုးလဲဆိုတာကို ငါမသိဘူးလို့ ထင်နေတာလား။ ဘာကိစ္စ မကျေမနပ်ဖြစ်နေရတာလဲ။

သူသည် လုချန်ရှန်းနှင့် ရင်ဆိုင်ရချိန်တွင်၊ အတော်လေး ကူရာကယ်ရာမဲ့နေလျက်ရှိ၏၊ သူတို့က အတော်လေး ရင်းနှီးကြသော်လည်း၊ ထိုလူသည် သူ့ကို အခွင့်ကောင်းယူရန်(သို့) အမြတ်ထုတ်ရန်အတွက် နေ့စဥ်နေ့တိုင်း ကြိုးပမ်းနေခဲ့၏။

၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် သူ၏မျိုးနွယ်စုထံသို့၊ မရပ်မနား ပြေးသွားကာ၊ သူတို့က လုချန်ရှန်းနှင့် ဝေးဝေးနေသင့်ကြောင်း၊ ရှင်းရှင်းလင်းလင်း ပြောရန် ဆုံးဖြတ်ထားခဲ့သည်။

သို့ရာတွင်၊ သူက ထပ်ခါတလဲလဲ သတိပေးပြောကြားခဲ့သော်လည်း၊ လူတိုင်းက အတော်လေး နားမလည်နိုင် ဖြစ်နေသေး၏၊ သူတို့၏အမြင်တွင်မူ၊ ချင်းယီက အံ့ဖွယ်ကောင်းကာ၊ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ရောက်ရှိနေခဲ့သော်လည်း၊ သူသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅တွင်သာ ရှိနေခဲ့သည်။

သူ၏ နယ်ပယ်က လုံလုံလောက်လောက် မမြင့်မားသောကြောင့်၊ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုကို အနည်းငယ်မျှသာ ခြိမ်းခြောက်နေနိုင်၏၊ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးကပင် သူ့ကို ကောင်းစွာဖိနှိပ်နေနိုင်ပေသည်၊ ထို့ကြောင့် သူတို့သည် ရှောင်ဟေးက မည်သည့်အတွက်ကြောင့် စိုးရိမ်တကြီး ဖြစ်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြ၏။

အမှန်တကယ်တွင်မူ၊ ထိုလူက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို ရှောင်ဟေးတစ်ဦးကသာ သိနေခဲ့သည်၊ သို့သော် သူသည် ထိုလူ၏အကြောင်းများကို၊ မည်သူ့ကိုမှ မပြောပြဘူးဟု ကျိန်ဆိုထားခဲ့ရသည်။

အကယ်၍ သူ့ကို ရန်စသွားလိုက်မည်ဆိုပါက၊ မျိုးနွယ်စုတစ်ခုလုံး ငြိမ်းချမ်းနေတော့မည် မဟုတ်ပေ၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က သက်ရှိဥပမာတစ်ခု ဖြစ်သည်၊ အကယ်၍ သူတို့၏ မျိုးနွယ်စုက ပိုမိုအားကောင်းနေမည်ဆိုပါက၊ ရလဒ်က များစွာကွာခြားနေလိမ့်မည် မဟုတ်ပေ။

အကယ်၍ သူတို့ကသာ သူ့ကို ရန်စသွားမိမည်ဆိုပါက၊ အိမ်တွင်းပုန်းနေကြရတော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ လွန်ခဲ့သော နှစ်ရက်မှစ၍၊ လူတော်တော်များများသည် တောင်တန်းဒေသဆီသို့၊ ဦးတည်သွားကာ၊ ရှေ့တက်ရန် ကြိုးပမ်းနေခဲ့ကြသည်၊ သို့သော် လုချန်ရှန်းကမူ မည်သို့မျှ အလျင်လိုမနေခဲ့ပေ။

နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းအကြောင်း သိခဲ့ရပြီးသည့်နောက်တွင်၊ သူသည် ဤနေရာက ထူးခြားသည်ဆိုသည်ကို သိနေခဲ့သည်၊ အဆိုပါ ကျိန်စာသင့် အနက်ရောင်ရေ၏ ဇစ်မြစ်က ထူးခြားနေပြီး၊ အခွင့်အလမ်းများကို အလွယ်တကူ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့ကို အရင်ကင်းထောက်ခိုင်းထားခြင်းက ကောင်းမွန်သော ကိစ္စတစ်ခုဖြစ်၏။

ထို့အပြင် သူသည် အခြားကိစ္စတစ်ခုကိုပါ သိနေခဲ့သည်၊ အနက်ရောင်ရေကြောင့် ညစ်နွမ်းသွားသည်မှာ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသာလျှင် မဟုတ်ဘဲ၊ အရှေ့မှ တောင်ဘက်အထိ၊ လူတော်တော်များများက ၎င်းကို ထိတွေ့မိခဲ့ကြသည်။

သည့်အပြင်၊ အနက်ရောင်ရေ ကိုယ်တိုင်က ကျိန်စာတစ်ခုဖြစ်သည်ဟု သတ်မှတ်၍ရပေ၏၊ တစ်ကြိမ်မျှ ညစ်နွမ်းသွားသည်နှင့်တစ်ပြိုင်နက်၊ ဝိညာဥ် အရင်းအမြစ် တိုက်စားခံရကာ၊ ကျင့်ကြံရေး ဖြတ်တောက်ခံလိုက်ရမည် ဖြစ်သည်။

သို့ရာတွင်၊ တောင်တန်းဒေသအတွင်းတွင် အနက်ရောင်ရေကျိန်စာကို ဖြေရှင်းနိုင်သည့်၊ စွမ်းအင်(သို့) ပစ္စည်းတစ်ခုရှိသည်ဟု၊ ဒဏ္ဍာရီများက ဆိုထား၏၊ သို့သော် ၎င်းကို အလွယ်တကူ ရရှိလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ၊ လူတော်တော်များများက ထိုဒေသကို မျက်စိကျနေကြပြီဖြစ်သည်၊ တစ်ချို့လူများကမူ တောင်တန်းဒေသ၏ အတွင်းပိုင်းသို့ ပိုမိုဝင်ရောက်ရန် ကြိုးပမ်းနေကြပြီ ဖြစ်ပြီး၊ လူနည်းစုကသာလျှင် အပြင်ပိုင်းဒေသတွင် စူးစမ်းလေ့လာနေစဲဖြစ်၏။

လုချန်ရှန်းကမူ အနက်ရောင်ရေရှိရာ လမ်းကြောင်းတစ်လျှောက်၊ ဖြည်းဖြည်းချင်း လမ်းလျှောက်နေကာ၊ ၎င်းကို အသေးစိတ် စူးစမ်းလေ့လာနေကာ၊ မေးခွန်းတစ်ခုကို တွေးတောစဥ်းစားနေလျက်ရှိ၏၊ ဒီရေတွေကို စုဆောင်းလို့ရလား။ အချိန်ကိုက် လှုပ်ရှားနိုင်မယ်ဆိုရင်၊ ဒီဟာက သေချာပေါက်ကို လက်နက်ကောင်းတစ်ခု ဖြစ်လာမှာပဲ။

အကယ်၍ သူကသာ အဆိုပါရေတစ်ပုံးကို၊ ချူလျူရှန်း၏ ဦးခေါင်းပေါ်သို့ ပက်လိုက်မည်ဆိုပါက၊ ၎င်းက သူ့ကို ပွဲချင်းပြီးမသတ်နိုင်ဘူးဆိုလျှင်တောင်မှ၊ သူ့အား သေချာပေါက် ခံစားသွားရစေမည် ဖြစ်သည်၊ နယ်ပယ်ပိုမြင့်လေလေ၊ ကျိန်စာ၏တိုက်စားမှုက ပိုမိုကြောက်မက်ဖွယ်ကောင်းလေလေဟု ကူချန်ကျွင်းမှ ပြောပြခဲ့ဖူးသည်။

နှမြောဖွယ်ကောင်းသည့် အရာကမူ၊ ရှောင်ဟေးထံမှ ရရှိထားသည့် မီးဖိုမှအပ၊ ကျန်ရှိနေသည့် ပစ္စည်းများကို ရောင်းချခဲ့ပြီးခြင်းပင် ဖြစ်၏၊ သူသည် ကန်းယွင်ကားချပ်ကိုပါ အလွယ်တကူ မစမ်းသပ်ဝံ့ပေ၊ အကယ်၍ ၎င်းသာ ပျက်စီးသွားမည်ဆိုပါက၊ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ပေ၏။

ထိုစဥ်၊ အဝေးတွင် လှုပ်ခတ်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ရွှေရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ မြေပြင်ထက်မှ မြင့်တက်လာခဲ့ကာ၊ ပုံရိပ်အများအပြား လိုက်ပါလာခဲ့ပြီး၊ ကောင်းကင်ထက်သို့ တိုးဝင်သွားတော့၏။

အမျိုးမျိုးသော မှော်စွမ်းအားများ စုစည်းလာခဲ့ပြီး၊ ကောင်းကင်ကိုပင် လှုပ်ရမ်းသွားစေသည့် လှုပ်ခတ်မှုသည် တောင်တန်းဒေသ၏ အလယ်ဗဟိုမှ၊ ပျံ့လွင့်လာခဲ့သည်။

“ အဲ့တာက ဘာကြီးလဲ “

လုချန်ရှန်းသည် ၎င်းကို စိုက်ကြည့်နေခဲ့ပြီး၊ ရွှေရောင်အလင်းတန်းတစ်ခု ဖုံးလွှမ်းနေကာ၊ အတွင်းပိုင်းတွင် ရွှေရောင်အဆောင်ကဲ့သို့သော အရာတစ်ခုရှိနေသည်ကိုသာ၊ မြင်တွေ့လိုက်ရ၏။

သူသည် စီးဆင်းနေသည့် ထူးခြားသော ဓားဆန္ဒကို၊ အဝေးမှပင် ခံစားနေနိုင်ခဲ့သည်။

သို့ရာ၌၊ သူ့ထံတွင် မည်သည့် ယှဥ်ပြိုင်လိုစိတ်မှ ရှိမနေခဲ့ပေ၊ သူသည် ငါးဦးထပ်မနည်းသော အသွင်ပြောင်းခြင်းအဆင့် ပညာရှင်များက၊ ထိုနေရာတွင် ရှိနေသည်ကို အာရုံခံမိနေခဲ့သည်၊ ထို့ကြောင့် ထိုနေရာသို့ သွားခြင်းမှာ အချိန်ဖြုန်းခြင်းသာလျှင် ဖြစ်နေပေလိမ့်မည်။

ထို့အစား သူသည် အနက်ရောင်ရေဘေးနားတွင်သာ၊ တစ်ခဏခန့် ထိုင်နေခဲ့၏။

တစ်ချို့သော အကြောင်းအရင်းများကြောင့်၊ သူသည် အနက်ရောင်ရေအတွင်းတွင်၊ ဓားတာအို အရိပ်တစ်ခု ရှိနေသည်ဟု အာရုံခံမိနေပြီး၊ အကွာအဝေးတစ်ခု ခြားထားကာ၊ ဂရုတစိုက် စူးစမ်းလေ့လာနေတော့၏။

ရေနှင့်အတူ စီးဆင်းလာသော၊ ကျမ်းစာများသည် လျှို့ဝှက်ဆန်းကြယ်စွာ၊ ရောက်ရှိလာနေ၏၊ ရွှေရောင်စာရွက်တစ်ခုချင်းစီတိုင်းသည် တမင်သပ်သပ် စီစဥ်ထားသကဲ့သို့၊ အပိုင်းတစ်ပိုင်းမျှသာ ပါဝင်နေခဲ့သည်။

သူကပင် ၎င်းကို တွေးမိသွားသောကြောင့်၊ တစ်ခြားလူများကပါ ၎င်းကို တွေးမိလိမ့်မည် ဖြစ်သည်၊ သို့သော် လူတော်တော်များများ ရောက်လာနေစဲဖြစ်ပြီး၊ ၎င်းသည် ဤနေရာ၏ တန်ဖိုးကို ညွှန်ပြနေခဲ့သည်။

ရှောင်ဟေး၏ စကားများအရ၊ မျိုးနွယ်စုသုံးခု သွေးနှောက အတော်လေး ထူးခြားသည်ဆိုသည်ကို သူပြောနိုင်သော်လည်း၊ ထိုလူ၏ ဓားတာအိုက မည်သည့်နယ်ပယ်တွင် ရှိနေလဲဆိုသည်ကို သူမသိပေ။

တွေးတောစဥ်းစားနေရင်းဖြင့်၊ သူသည် တစ်စုံတစ်ဦးက၊ သူ့အား စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရ၏။

“ ဘယ်သူလဲ “

လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး၊ မလှမ်းမကမ်းတွင် သက်လတ်ပိုင်းလူတစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

လုချန်ရှန်းကို မြင်လိုက်ရသော အချိန်၌၊ ထိုလူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

“ မိတ်ဆွေလေး၊ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး၊ ငါ့ဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး “ ထိုလူသည် ချဥ်းကပ်လာခဲ့သော်လည်း၊ အကွာအဝေးတစ်ခု ခြားထားစဲပင်။

လုချန်ရှန်းသည် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်နေခဲ့၏၊ သူ့အရှေ့တွင် ရှိနေသည့်လူသည်၊ မွေးရာပါ ဝိညာဥ် အဆင့်၄ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားပြီး၊ အပြုံးတစ်ခု ဆင်မြန်းထားကာ၊ သူ့အား နူးနူးညံ့ညံ့ ငေးကြည့်နေလျက်ရှိ၏။

“ ခင်ဗျားက ဘယ်သူလဲ “

သက်လတ်ပိုင်းလူမှ ပြန်ပြောလာခဲ့သည် “ မဟာတောရိုင်း ခန်းမ၊ ကျီရှု “

“ မဟာတောရိုင်း ခန်းမလား “

“ ဟုတ်တယ် “

“ အဲ့တာက ဘာကြီးလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ကျီရှုဟု အမည်ရသည့်လူမှာ တအံ့တဩ ဖြစ်သွားခဲ့သည်၊ သို့သော် သူဒေါသမထွက်သွားခဲ့ပေ၊ ထို့အစား သူသည် အေးအေးဆေးဆေး ရှင်းပြလာခဲ့၏ “ ငါ့ရဲ့ မဟာတောရိုင်း ခန်းမက အရှေ့ပိုင်းမှာ ရှိတယ်၊ ငါတို့ဆီမှာ အင်အားနည်းနည်းလောက်တော့ ရှိတယ်လေ “

လုချန်ရှန်းသည် အတော်လေး နားမလည်နိုင် ဖြစ်သွားခဲ့သည်၊ သို့သော် ထိုလူ၏ လေသံအရ၊ သူသည် အတော်လေး အင်အားကောင်းသည့်၊ အင်အားစုကြီးတစ်ခုထံမှ ရောက်ရှိလာပုံရသည်။

သူသည် များများစားစား ပြောမနေဘဲ၊ မေးခွန်းပြန်ထုတ်လိုက်သည် “ ကိစ္စ တစ်ခုခုရှိလို့လား “

“ ရှိတာပေါ့ “

“ ပြောလေ “

ကျီရှုသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ တုံ့ပြန်လာခဲ့၏ “ သိပ်မကြာခင် အချိန်ကမှ၊ မိတ်ဆွေလေးက တောင်ပိုင်းက၊ ယွမ်နယ်မြေမှာ ကြောက်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခု ရခဲ့တာကို၊ ငါသိပါတယ်။ မင်းရဲ့ စွမ်းရည်က ထူးခြားပြီးတော့၊ မင်းရဲ့ ဓားတာအိုက ဓားနှလုံးသား သန့်စင်မှုနယ်ပယ်အထိ ရောက်နေပြီလို့၊ ငါကြားခဲ့ရတယ်လေ “

“ ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ “

လုချန်ရှန်း၏ တုံ့ပြန်မှုသည် အလွန်တရာ အေးအေးတည်ငြိမ်နေခဲ့သည်၊ သူသည် ဤလူက ဘာလိုချင်နေလဲဆိုသည်ကို၊ အနည်းငယ် သိချင်နေခဲ့ပြီး၊ ပတ်ဝန်းကျင်တွင် သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး၊ ထိုလူမှတစ်ပါး၊ တစ်ခြားမည်သူမှ မရှိဘူးဆိုသည်ကို၊ သိရှိသွား၏။

မွေးရာပါ ဝိညာဥ် အဆင့်၄ ပညာရှင်က သူ့ကို မည်သို့မျှ ခြိမ်းခြောက်လိမ့်မည် မဟုတ်ပေ။

ကျီရှုမှာလည်း အေးအေး‌ဆေးဆေးဖြစ်နေခဲ့ပြီး၊ ပွင့်ပွင့်လင်းလင်း ပြန်ပြောလာခဲ့သည် “ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ မိတ်ဆွေလေး ငါက မင်းအတွက် ရောက်လာခဲ့တာ၊ မင်းနဲ့ ပူးပေါင်းချင်လို့ပေါ့ “

“ ပူးပေါင်းတာလား။ ဘာကိုပူးပေါင်းတာလဲ “

“ ဒါဆိုရင်လည်း ငါတည့်ပြောလိုက်မယ်။ ဒီနေရာက ထူးခြားတဲ့ ဓားတာအို အမွေအနှစ်တစ်ခုနဲ့၊ အခွင့်အလမ်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့၊ ထူးခြားတဲ့နေရာလေ။ ဟိုမှာ ရှိနေတဲ့ ရွှေရောင်အဆောင်လိုပဲ၊ အသွင်ပြောင်းခြင်း ပညာရှင်တွေတောင် အဆွဲဆောင်ခံနေရတယ် “ဟု ကျီရှုမှ ပြောလာခဲ့၏။

လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ချုံပုတ်ကို ပတ်ရိုက်မနေပါနဲ့ “

“ အဲ့ဒီအခွင့်အလမ်းတွေကို ဓားဆန္ဒက ကာကွယ်ထားပြီးတော့၊ သာမန်ကျင့်ကြံသူတွေကို ချဥ်းကပ်လို့မရအောင်၊ လုပ်ထားတယ်၊ ဒါပင်မဲ့၊ ဓားတာအို ကျင့်ကြံသူတွေကတော့ သူတို့နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်တယ်။ ဓားတာအို ကျင့်ကြံရေးက ပိုမြင့်လေလေ၊ ပိုလွယ်လွယ်လေလေပဲ။ ပြီးတော့ ငါ့ရဲ့ မဟာတောရိုင်း ခန်းမက၊ မိတ်ဆွေလေးနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်။ အကျိုးအမြတ်တွေကို အချိုးကျခွဲကြမယ်၊ တကယ်လို့ ဓားတာအို အမွေအနှစ်ကို ရခဲ့မယ်ဆိုရင်လည်း၊ မင်းနဲ့ မျှဝေပေးမယ်၊ ဘယ်လိုလဲ “

ထို့နောက်တွင် ကျီရှုသည် လုချန်ရှန်းကို ကြည့်ကာ၊ သူ၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့၏။

လုချန်ရှန်းမှ စိတ်ရှုပ်ထွေးစွာဖြင့်၊ မေးမြန်းလိုက်သည် “ ဓားတာအို ပိုမြင့်လေလေ၊ ပိုလွယ်လွယ်လေလေဆိုတော့၊ ကျုပ်ဘာသာ တစ်ယောက်တည်း သွားလိုက်တာက ပိုမကောင်းဘူးလား။ ဘာလို့ ခင်ဗျားတို့ မျှဝေသင့်တာလဲ “

“ အမှန်ပါပဲ၊ ဒါပင်မဲ့ မိတ်ဆွေလေး၊ ဒီတစ်ကြိမ်မှာ သားရဲနှင့် လူသားမျိုးနွယ်စုရဲ့ အင်အားစု၊ ဘယ်လောက်များများက ဒီကို ရောက်လာခဲ့လဲဆိုတာကို သိလား။ အသွင်ပြောင်းခြင်း ပညာရှင်ကော၊ ဘယ်လောက်တောင် ရောက်လာခဲ့လဲ။ မင်းက ထူးခြားတယ်ဆိုပင်မဲ့၊ မင်းရဲ့ကျင့်ကြံရေးက တော်တော်လေး နိမ့်နေသေးတယ်။ အကူအညီ မရှိဘူးဆိုရင်၊ အဲ့က အခွင့်အလမ်းတွေ ရဖို့အတွက် ခက်သွားလိမ့်မယ် “

ကျိရှုသည် အမှန်တရားကို ထုတ်ပြောလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်၏ ” ဆိုတော့၊ ကျုပ်ကို ကာကွယ်ပေးဖို့အတွက်၊ အသွင်ပြောင်းခြင်း ပညာရှင်တစ်ယောက်ကို ရှာပေးမလို့လား “

“ မဟုတ်ဘူး။ အသွင်ပြောင်းခြင်း ပညာရှင်တွေက၊ အဆင့်နိမ့်နယ်ပယ်က တိုက်ပွဲတွေမှာ ဝင်မပါရဘူးလို့၊ မျိုးနွယ်စုအားလုံးက သဘောတူထားကြတယ်။ အဲ့တာကြောင့်၊ တကယ်လို့ မင်းကသာ ငါ့ရဲ့ မဟာတောရိုင်း ခန်းမနဲ့ ပူးပေါင်းမယ်ဆိုရင်၊ မင်းက အခွင့်အလမ်း ဘယ်နှခုကိုပဲရရ၊ ငါတို့က မင်းကို ကာကွယ်ပေးနိုင်တယ်။ မင်းဆီမှာ ရန်သူအတော်လေး ရှိတယ်လို့၊ ငါကြားခဲ့ရတယ်၊ မိတ်ဆွေလေး၊ ငါတို့က လုံလောက်တဲ့ ကာကွယ်မှုမျိုးကို ထောက်ပံ့ပေးနိုင်တယ် “

“ ခင်ဗျားပြောတာတွေက အဲ့လောက်တောင် ဆွဲဆောင်မှု ရှိနေတာလား “ လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။

ကျီရှုမှ ပြန်ပြောလာခဲ့၏ “ ငါပြောတာတွေက အမှန်တွေချည်းပါပဲ၊ မိတ်ဆွေလေး၊ မင်းစဥ်းစားကြည့်ပေါ့ကွာ “

လူနှစ်ဦးသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့်၊ တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ကြသည်။

သို့ရာတွင် လုချန်ရှန်းကမူ တစ်ဖက်လူကို၊ စိတ်ဝင်တစား စူးစမ်းနေခဲ့၏။ အကယ်၍ သူကသာ သဘောတူလိုက်မည်ဆိုပါက၊ ထိုလုပ်ရပ်က မီးနှင့်ဆော့ကစားခြင်းသာလျှင် ဖြစ်နေပေလိမ့်မည်။

---

………………………………………………………………………………………………………………………………………..

အပိုင်း ( 137 )

ခင်ဗျားသိပါတယ်၊ ကျွန်တော်က လောကကြီးထဲကို အခုမှ ခြေဆန့်ဖူးတာဆိုတော့၊ အလိမ်ခံရမှာကို ကြောက်တယ်လေ

ထိုအချိန်၌၊ သူတို့နှစ်ဦးသည် အနက်ရောင်ရေအနားတွင်၊ မတ်တပ်ရပ်နေလျက်ရှိသည်။

လုချန်ရှန်း၏ အတွေးများ လှုပ်ရှားနေခဲ့သည်။

ကျီရှု၏ စကားများတွင် ပြစ်ချက်များ ကင်းမဲ့နေခဲ့သည်၊ အကယ်၍ သူကသာ မဟာတောရိုင်း ခန်းမ၏ ကာကွယ်ပေးမှုကို ရရှိခဲ့မည်ဆိုပါက၊ ၎င်းသည် သူ့အား ပြဿနာတော်တော်များများကို သက်သာသွားစေမည် ဖြစ်သည်။

ဥပမာအားဖြင့်၊ ကျောက်ကုန်းမင်နှင့် နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများက၊ ပေါ်ပေါ်တင်တင် လှုပ်ရှားလာရဲမည် မဟုတ်ပေ။ ထို့အပြင် ဤလူက သူ့ကို ရှာဖွေနေခဲ့သောကြောင့်၊ ယခင်က ဖြစ်ရပ်များကိုပါ သေချာပေါက် သိရှိထားလိမ့်မည် ဖြစ်သည်။

အရာအားလုံးကို သိနေခဲ့ပြီး၊ ထိုကဲ့သို့ ပြောရဲနေသောကြောင့်၊ သူတို့၏ အင်အားက အတော်လေး ကြောက်မက်ဖွယ်ကောင်းနေပုံရသည်။

တစ်ခုတည်းသော သံသယမှာ မဟာတောရိုင်း ခန်းမက၊ သူ့ကို အသုံးချပြီးလျှင်၊ စွန့်ပစ်၊ မပစ်ဆိုသည်ပင် ဖြစ်သည်။ အကယ်၍ အသွင်ပြောင်းခြင်း ပညာရှင် မရှိဘူးဆိုပါက၊ ပြဿနာ ကြီးကြီးမားမား ရှိနေလိမ့်မည် မဟုတ်ပေ။

သူ၏ ဓားနှလုံးသား သန့်စင်မှုကို အပြည့်အဝ ထုတ်သုံးကာ၊ ကန်းယွင်ကားချပ်ကို အသက်သွင်း၍၊ သူ၏ အမျိုးမျိုးသော လွတ်မြောက်ရေး နည်းစနစ်များနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက၊ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်ကပင် သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုမျှလောက်သည်အထိ ယုံကြည်မှု ရှိနေခဲ့၏။

ကျီရှုမှ စကားထပ်ပြောလာခဲ့၏ “ တာအိုရောင်းရင်း၊ ဘယ်လိုသဘောရလဲ “

“ ထပ်ပြီးတော့ စဥ်းစားပါရစေဦး “

“ ငါတို့ မဟာတောရိုင်း ခန်းမက ရိုးရိုးသားသား လာခဲ့တာပါက၊ ငါတို့က မင်းကို လှည့်စားမှာ မဟုတ်ဘူး “

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ စကားထပ်ပြောလာခဲ့၏ “ ခင်ဗျားက အဲ့လိုပြောနေပင်မဲ့၊ ကျွန်တော့်ဆီမှာ သံသယတွေ ရှိနေသေးတယ်။ ကိစ္စပြီးသွားတဲ့နောက်မှာ၊ ခင်ဗျားတို့က ကတိမတည်ဘူးဆိုရင်ရော။ အဲ့လိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ “

“ အဲ့လိုဖြစ်လာမှာ မဟုတ်ဘူး “

“ လူတစ်ယောက်ရဲ့ နှလုံးသားဆိုတာက ပြောဖို့ခက်တဲ့ အရာလေ “

“ အဲ့တာဆိုရင် တာအိုရောင်းရင်းက ဘယ်လိုလုပ်ချင်လို့လဲ “ ဟု ကျီရှုမှ မေးမြန်းလာခဲ့၏။

လုချန်ရှန်းမှ တုံ့ပြန်လိုက်သည် “ ကျုပ်ကို စရံငွေ အရင်ပေးထားမယ်ဆိုရင်ကော။ အဲ့တာက အာမခံဖြစ်လိမ့်မယ်။ ကျုပ်က ခင်ဗျားတို့အတွက် အသက်ကို စွန့်စားပေးရမှာလေ။ အန္တာရယ်က တော်တော်ကြီးတယ်ဆိုတော့၊ ဝိညာဥ်ကျောက်တုံး တစ်ချို့လောက် ပေးထားတာက ကျိုးကြောင်းသင့်တယ်မလား “

ဟမ်

ကျီရှု မှင်သက်သွား၏။

၎င်းက မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သည်။

“ ဒါဆိုရင် တာအိုရောင်းရင်းက ဘယ်လောက်လိုချင်တာလဲ “

“ တစ်သန်း “ လုချန်ရှန်းသည် မည်သို့မျှ ယဥ်ကျေးမနေဘဲ၊ တိုက်ရိုက်ပြောဆိုလိုက်သည်။

ကျီရှု မျက်မှောင်ကြုတ်သွားခဲ့သည်၊ တစ်သန်းဆိုသည်မှာ သေးငယ်သော ပမာဏ တစ်ခု မဟုတ်ပေ၊ ၎င်းက များစွာသော မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များကို၊ ထောက်ပံ့ပေးရန် လုံလောက်နေခဲ့သည်။

“ တစ်သန်း ….. “

“ ညီအစ်ကို၊ ယဲ့မီထျန်းကလည်း ငါ့ဆီကို၊ အရင်တုန်းက ချဥ်းကပ်လာခဲ့ဖူးတယ်။ သူတို့ရဲ့ ကမ်းလှမ်းမှုကလည်း တစ်သန်းပဲ။ တကယ်လို့ မင်းတို့ရဲ့ စွမ်းအားကိုသာ ပိုမယုံဘူးဆိုရင်၊ သူတို့ဆီကိုပဲ သွားလိုက်မှာ။ ခင်ဗျားသိလား၊ ကျွန်တော်က လောကြီးထဲကို၊ အခုမှ ခြေဆန့်ဖူးတာလေ၊ အလိမ်ခံရမှာ ကြောက်တယ်ဗျ “

လုချန်ရှန်းသည် မျက်တောင်ပင် မခတ်ဘဲ၊ တုံ့ပြန်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ကျီရှု၏ မျက်မှောင်ကြုတ်နေမှုက ပိုမိုတင်းကြပ်သွားခဲ့သည်။

ဤကိစ္စမတိုင်ခင် အချိန်က၊ သူသည် ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စုနှင့်၊ အမှန်တကယ် ဆုံတွေ့ခဲ့ဖူးကာ၊ ယဲ့မီထျန်း၏ အထောက်အထားကို သိနေခဲ့သည်။

ဝိညာဥ်ကျောက်တုံးတစ်သန်းနှင့် ယှဥ်လိုက်မည်ဆိုပါက၊ အခွင့်အလမ်းများက ပိုမိုတန်ဖိုးရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်၊ ထို့ကြောင့် ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်၊ သူသည် ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းပြီလေ၊ ငါသဘောတူတယ် “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဒါဆိုရင် ဝိညာဥ်ကျောက်တုံးတွေ ပေး “

“ ငါ့ဆီမှာ အဲ့လောက်အများကြီး မရှိဘူး၊ ခဏလောက် ထွက်သွားရဦးမယ် “

“ အဲ့လိုလည်း ရပါတယ်လေ “

လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်၏။ သူသည် အခြေအနေကို စောင့်ကြည့်နေမည်ဖြစ်ပြီး၊ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားခဲ့ရပါက၊ ဝိညာဥ်ကျောက်တုံးများနှင့်အတူ၊ ထွက်ပြေးမည် ဖြစ်သည်။

ထိုစဥ်၊ ကျီရှုသည် ထွက်ခွာသွားကာ၊ တောင်ထိပ်တစ်ခုအပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင်၊ တစ်ခြားလူများက ဝိုင်းဝန်းမေးမြန်းလာကြ၏။

“ ဘယ်လိုလဲ။ သူသဘောတူခဲ့လား “

“ သူသဘောတူခဲ့တယ်၊ ဒါပင်မဲ့ သူက ဝိညာဥ်ကျောက်တုံး တစ်သန်းလိုချင်နေတယ် “

“ တစ်သန်းလား? “ ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ အဘိုးအိုတစ်ဦး မျက်မှောင်ကြုတ်သွားခဲ့သည်။

တစ်ခြားလူများ၏ အမူအရာများပါ ပြောင်းလဲသွားခဲ့သည်၊ တစ်သန်းဆိုသည့် ပမာဏမှာ အမှန်ပင် များပြားလွန်းနေခဲ့သည်။

အဘိုးအိုမှ ပြန်ပြောလာခဲ့၏ “ အဲ့လူငယ်လေးက တော်တော်လေးကို ရယ်စရာကောင်းတာပဲ။ တကယ်လို့ သူက ဝိညာဥ်ကျောက်တုံး တစ်သန်းရသွားမယ်ဆိုရင်တောင်မှ၊ အဲ့တာက ဘာကောင်းကျိုးရှိလို့လဲ။ ဘာအာမခံချက်မှ မရှိသေးဘူးလေ၊ သူက စဥ့်နှီတုံးပေါ်က ငါးသာသာပါပဲ “

“ သူ့ကို ပေးလိုက် “ တစ်ခြားလူတစ်ဦးမှ စကားဝင်ပြောလာ၏။

“ အဲ့လူက ငယ်ငယ်ရွယ်ရွယ်နဲ့၊ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်ကိုတောင် ပိုင်ဆိုင်ထားတယ်။ အဲ့လိုစွမ်းရည်မျိုးက တကယ်ရှားတယ်။ သူ့ကို ခေါ်နိုင်မဲ့ အခွင့်အရေး ရှိလား “

“ မသိရသေးပါဘူး “

“ တကယ်လို့ ကျွန်တော်တို့က သူ့ကို ခေါ်နိုင်ခဲ့မယ်ဆိုရင်ကော “ ဟု ကျီရှုမှ မေးမြန်းလိုက်၏။

အဘိုးအိုတစ်ဦးမှ တုံ့ပြန်လာခဲ့၏ “ ဒါဆိုရင်လည်း အခုကိစ္စပြီးသွားရင်၊ အဲ့အကြောင်းကို ဆွေးနွေးကြတာပေါ့။ တကယ်လို့ သူ့ဆီမှာ တကယ်ပဲ အရည်အချင်းရှိနေမယ်ဆိုရင်၊ ငါတို့က နည်းလမ်းတစ်ခု ရှာကြမယ်။ တကယ်လို့ အရည်အချင်းမရှိဘူးဆိုရင်၊ ဘာမှထပ်လုပ်နေစရာ မလိုတော့ဘူး။ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာတော့၊ အခြေအနေကို တည်ငြိမ်အောင် လုပ်ရမယ်၊ ဓားနှလုံးသား သန့်စင်မှုဆိုတာက လူတိုင်းဆီမှာ ရှိတဲ့အရာ မဟုတ်ဘူး၊ အဲ့တာက တော်တော်ကြီး အသုံးဝင်လိမ့်မယ် “

“ ဟုတ်ကဲ့ “

တစ်ခြားလူများမှ ခေါင်းငြိမ့်၍ တုံ့ပြန်လာခဲ့ကြသည်။

လုချန်ရှန်းကမူ မြစ်ကြောတစ်လျှောက်၊ အေးအေးလူလူ လမ်းသလားနေခဲ့ပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ ကျေနပ်အားရနေခဲ့သည်။

ဝိညာဥ်ကျောက်တုံး တစ်သန်းက သူ၏အိတ်ကပ်အတွင်းသို့ ရောက်လာတော့မည်ဖြစ်သောကြောင့်၊ သူ၏စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အေးစက်စက်အော်သံတစ်သံသည် ပျော်ရွှင်မှုအတွင်းတွင်၊ နစ်မြုပ်နေသည့် သူ့ကို၊ လှုပ်နှိုးလာခဲ့သည်။

“ ချင်းယီ “

ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ပုံရိပ်အများအပြားသည် ကောင်းကင်ယံတွင် ရွေ့လျားနေကာ၊ သူ့အနားသို့ ချဥ်းကပ်လာကြ၏။

လုချန်ရှန်းသည် မော့ကြည့်လိုက်ကာ၊ အံ့အားသင့်သွားခဲ့သည်။

“ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က တကယ့်သရဲကောင်ပဲ၊ ငါဘယ်သွားသွား ငါ့နောက်ပဲလိုက်နေတယ် “

သူသည် အသာအယာ သက်ပြင်းချနေခဲ့ပြီး၊ ထိုဂိုဏ်းက စိတ်ရှုပ်ဖွယ်ကောင်းသည်ဟု၊ ခံစားသွားခဲ့ရ၏။ နန်းတော်သခင်ရဲ့ ကိုယ်ပွားလေးတစ်ခုကို သတ်တယ်၊ လူနည်းနည်းလောက်ကို ကျိန်စာသင့်သွားစေတယ်၊ ပြီးတော့ ယွမ်နယ်မြေမှာ ချူချန်ခုန်းကို ရိုက်နှက်တယ်၊ အဲ့တာလေးတွေပဲ လုပ်ခဲ့တာလေ၊ ဘယ်သူသေသွားလို့လဲဟ။

ဒီလောက် အသေးအမွှား ကိစ္စလေးတစ်ခုကို၊ နေ့ရောညပါ ဖက်တွယ်နေကြပြီးတော့၊ တိုက်ခိုက်သတ်ဖြတ်ဖို့ပဲ အော်နေကြတယ်၊ သဘောထားသေးသိမ်လိုက်တဲ့ ကောင်တွေ

သို့ရာတွင် သူသည် အသစ်ရောက်လာသူများကို၊ စူးစမ်းလေ့လာနေခဲ့သည်၊ မွေးရာပါ ဝိညာဥ် အဆင့်၄ ပညာရှင်နှစ်ဦးနှင့် မွေးရာပါ ဝိညာဥ်အဆင့် ….

အကယ်၍ သူတို့သာ တိုက်ခိုက်ကြမည်ဆိုပါက၊ ၅၀-၅၀သာလျှင် ဖြစ်ဖို့များသည်။ လုချန်ရှန်းက သူတို့ကို အသေရိုက်သတ်ရန်အတွက် ၅၀%အခွင့်အရေး ရှိပြီး၊ သူတို့က အနက်ရောင်မြစ်အတွင်းသို့ လွှင့်ပစ်ခံရရန်အတွက် ၅၀%အခွင့်အရေး ရှိနေခဲ့သည်။

“ သီသီလေး လွတ်သွားတာပဲ ” ဟု လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့၏။

အသစ်ရောက်လာသူများက လှောင်ပြောင်လာကြသည် “ သီသီလေး လွတ်သွားတာလား။ ငါတို့က မင်းကို လိုက်ရှာနေခဲ့တာ အချိန်တော်တော်ကြာနေပြီ “

“ ဆိုတော့၊ ကြိုတင်စီစဥ်ထားတာပေါ့ “

လုချန်ရှန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး၊ သူ၏ အစိမ်းရောင် ဝတ်စုံက လေတိုက်တိုင်း ယိမ်းနွဲ့နေလျက်ရှိကာ၊ ယခုလက်ရှိ အခြေအနေကို လုံးဝလျစ်လျူရှုထား၏။

“ ပေါက်ကရတွေ တော်လောက်ပြီ၊ ဒီနေ့မင်းသေရမယ် “

နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများက၊ ဒေါကြီးမောကြီး ဟိန်းဟောက်လာကြသည်။

သို့ရာတွင် သူတို့ မလှုပ်ရှားရသေးခင် အချိန်မှာပင်၊ လုချန်ရှန်းက ရှေ့တက်၍၊ စကားထပ်ပြောလာခဲ့၏ “ ငါဒီမှာပဲ ရပ်နေမယ်။ တကယ်လို့ မင်းတို့က ငါ့ကို သတ်နိုင်မယ်ဆိုရင်၊ ငါရှုံးတယ် “

သူသည် စကားပြောနေရင်းဖြင့်၊ အနားသို့ တိုးသွားခဲ့သည်။

ထိုလူသုံးဦးစလုံး မှင်သက်ကာ၊ အံ့အားသင့်သွားခဲ့သည်။ သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ၊ ဒီကောင်က တော်တော်လေးကို မောက်မာပြီးတော့၊ အဆင်အခြင်မဲ့တာပဲ။

“ ကောင်းပြီလေ၊ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် “ လူတစ်ဦးသည် စကားပြောနေရင်းဖြင့်၊ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ပေါက်ကရတွေ တော်လိုက်တော့၊ ငါ့ကို လာသတ်လိုက် “

“ ကောင်စုတ်လေး၊ မောက်မာချက်ကတော့ “

သူတို့အားလုံး ဒေါသတကြီး ဖြစ်သွားကြသည်။

သို့ရာ၌ သူတို့ မလှုပ်ရှားနိုင်သေးခင် အချိန်မှာပင်၊ အသံတစ်သံသည် အဝေးမှ ပေါ်ထွက်လာခဲ့သည်။

“ ဘယ်ကောင် လုပ်ရဲလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း မော့ကြည့်လိုက်ပြီး၊ ကျီရှုရောက်လာသည်ကို မြင်တွေ့သွားကြသည်။

“ မဟာတောရိုင်း ခန်းမက လူတစ်ယောက်ပဲ “ လူတစ်ဦး မျက်မှောင်ကြုတ်သွားခဲ့သည်။

အဘိုးအိုတစ်ဦးသည် ကျီရှုချဥ်းကပ်လာသည်ကို စောင့်ကြည့်နေရင်းဖြင့်၊ ရှေ့တက်ကာ၊ ပြန်ပြောလိုက်သည် “ တာအိုရောင်းရင်းကျီရှု၊ ဒါက ဘာသဘောလဲ “

လုချန်ရှန်း အံ့ဩသွားခဲ့သည်၊ သူသည် ထိုလူများက၊ တစ်ဦးကိုတစ်ဦး သိနေကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် ကျီရှုသည် စိတ်ခံစားချက် ကင်းမဲ့နေသော အမူအရာမျိုးဖြင့်၊ ထိုလူများကို ကြည့်ကာ၊ ပြန်ပြောလိုက်သည် “ မင်းတို့ သူ့ကို ထိလို့မရဘူး “

“ ဘာလို့လဲ “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ ကျင့်ကြံသူများ မျက်မှောင်ကြုတ်သွားကြသည်။

ကျီရှုမှ တုံ့ပြန်လိုက်၏ “ ငါတို့ မဟာတောရိုင်း ခန်းမက ငါတို့ရဲ့ လှုပ်ရှားမှုကို၊ မင်းတို့ကို ရှင်းပြပေးဖို့ လိုအပ်လို့လား “

“ အဲ့တာက ……… “

ပြစ်တင်ကြိမ်းမောင်းမှုနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ ထိုလူသုံးဦးစလုံး မကျေမနပ်ဖြစ်သွားကြသည်။

လုချန်ရှန်းကပင် အတော်လေး အံ့အားသင့်သွားခဲ့သည်။ အနေအထားကို ကြည့်ရခြင်းအားဖြင့် မဟာတောရိုင်း ခန်းမက အတော်လေး အဆင့်အတန်း မြင့်မားကာ၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကဲ့သို့သော အင်အားစုကြီးတစ်ခုကိုပင် နောက်ဆုတ်သွားစေခဲ့သည်၊ ၎င်းက ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ပေ။

ထိုလူများ၏ အမူအရာများ ဆိုးရွားသွားခဲ့သည်၊ သို့သော် သူတို့သည် ၎င်းကို မျိုသိပ်သည်းခံလိုက်ရုံသာ ရွေးချယ်လိုက်ကြသည်။

သူတို့သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်မှ၊ စကားထပ်ပြောလာခဲ့၏ “ တာအိုရောင်းရင်း ကျီရှု၊ ငါတို့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်နဲ့ အဲ့ကလေးက လုံးဝကို အတူရှိလို့မရဘူး၊ သူက ….. “

“ အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ “

ကျီရှုမှ ကြားဖြတ်ဝင်ပြောလိုက်၏။

၎င်းကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ထိုလူများ၏ အမူအရာများကို ကြည့်ကာ၊ သူ၏အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ ဒါပင်မဲ့ …… “

“ မင်းတို့က နားမလည်ကြသေးဘူးလား “ ထိုအချိန်တွင် လုချန်ရှန်းကပါ စကားဝင်ပြာနေတော့သည် “ မဟာတောရိုင်း ခန်းမက ငါ့ရဲ့ အခုလက်ရှိ နောက်ခံပဲ။ တကယ်လို့ မင်းတို့က သူတို့ကို မနိုင်ဘူးဆိုရင်၊ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် မင်းတို့က သူ့ကို အရင်သတ်ပြီး၊ ပြီးမှ ငါ့ကို သတ်လိုက်မယ်ဆိုရင်၊ မည်သူကမှ ဒီကိစ္စကို သိမှာ မဟုတ်ဘူး “

“ မင်း ….. “

သူတို့၏ အမူအရာများ ဆိုးရွားသွားခဲ့သည်။

ကျီရှုမှာလည်း အနည်းငယ် အံ့အားသင့်သွားကာ၊ လုချန်ရှန်းကို လှည့်ကြည့်လိုက်သည်။ သူပြောခဲ့သည့် စကားက ယုတ္တိရှိနေပုံရသည်၊ အကယ်၍ သူတို့ကသာ ပူးပေါင်းဆောင်ရွက်ထားမည်ဆိုပါက၊ မဟာတောရိုင်း ခန်းမက သူ့ကို ကာကွယ်ပေးရမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ မည်သို့မျှ ဝင်ပါနေရန် မလိုအပ်ပေ။

သို့သော် သူသည် အကြောင်းအရင်းကို မသိသော်လည်း၊ ထိုစကားလုံးက လုချန်ရှန်း၏ ပါးစပ်မှ ထွက်လာခဲ့သည့် အချိန်တွင်၊ သူသည် ၎င်းက အနည်းငယ် ထူးဆန်းနေသကဲ့သို့၊ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားခဲ့ရ၏။

ထို့အပြင် သူသည် ကြောက်မက်ဖွယ်ကောင်းသော အကြံတစ်ခုကိုပင် ပေးလိုက်သေးသည်၊ သူက သူ့ကိုယ်သူ သတ်သေချင်နေတာလား၊ ဘာလားဟ

သို့ရာတွင် လုချန်ရှန်းမှ အေးအေးလူလူ စကားဆက်ပြောလာခဲ့၏ “ တကယ်လို့ မင်းတို့နေရာမှာ ငါသာဖြစ်နေမယ်ဆိုရင်၊ ပြေးသွားနေလောက်ပြီ။ အခုချိန်မှာ၊ ငါ့ကို ဆန့်ကျင်တာက၊ မဟာတောရိုင်း ခန်းမကို ဆန့်ကျင်လိုက်တာပဲ။ တကယ်လို့ မဟာတောရိုင်း ခန်းမက ဘာမှမဟုတ်ဘူးလို့၊ မင်းတို့ ထင်နေကြတယ်ဆိုရင်တော့၊ မင်းတို့က ဒီနေရာမှာ ဆက်နေလို့ရတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူတို့၏ အမူအရာများ ပြာနှမ်းသွားခဲ့သည်။

ကျီရှုမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်၊ ရုတ်တရက်ဆိုသလိုပင်၊ သူသည် တစ်ခြားလူများကို ခြိမ်းခြောက်ရန်အတွက်၊ သူတစ်ပါး၏ ဂုဏ်သိက္ခာကို ငှားရမ်းခြင်းက၊ မည်ကဲ့သို့ဖြစ်လဲဆိုသည်ကို နားလည်သွားခဲ့သည်။

---

……………………………………………………………………………………………………………………………………..

အပိုင်း ( 138 )

မင်းက ဘာကိုကြည့်နေတာလဲ။ ငါ့မှာ ကျောထောက်နောက်ခံ ရှိနေပြီကွ

လုချန်ရှန်း၏ စကားတစ်ခွန်းက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။

နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများသည် မျက်နှာများ ပြာနှမ်းကာ၊ အံတကြိတ်ကြိတ် ဖြစ်သွားကြ၏၊ သူတို့အားလုံး ဒေါသထွက်နေကြကာ၊ ခန္ဓာကိုယ်များပင် တုန်ရီနေသော်လည်း၊ သူတို့လုပ်နိုင်သော အရာ မရှိပေ။

ကျီရှုမှာလည်း အသိစိတ် လွတ်သွားခဲ့သည်။

ထို့နောက်တွင် လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့၏ “ စိုက်ကြည့်နေတုန်းပဲလား။ မင်းတို့က ဘာကိစ္စ မြန်မြန်မထွက်သွားကြသေးတာလဲ။ မဟာတောရိုင်း ခန်းမက ဘာမှမဟုတ်ဘူးလို့ တကယ်ကြီး ထင်နေကြတယ်ပေါ့လေ “

ကျီရှု : “ … “

“ချင်းယီ၊ ငါတို့ကို ဒီမှာစောင့်နေလိုက် “ ထိုလူများသည် မဟာတောရိုင်း ခန်းမကို၊ အမှန်တကယ် မဆန့်ကျင်နိုင်သောကြောင့်၊ လှည့်ထွက်သွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းမှ တုံ့ပြန်လိုက်သည် “ မင်းတို့ လုပ်နိုင်တာ အားလုံးက ခြိမ်းခြောက်တာပဲ။ ငါမင်းတို့ကို စောင့်ပေးနေခဲ့တာ အချိန်အတော်ကြာနေခဲ့ပြီ။ ငါဒီမှာပဲ ရပ်နေတာလေ၊ မင်းတို့က ဘာကိစ္စ မလှုပ်ရှားလာရသေးတာလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ သူတို့သည် ဒေါသထွက်လွန်းသဖြင့်၊ သွေးအန်လုနီးနီးဖြစ်သွားကြသည်။

ကျီရှုသည် သိုင်းလောကတွင် နှစ်ပေါင်းများစွာ၊ ကြာရှည်သည်အထိ လှည့်လည်သွားလာနေခဲ့ပြီး၊ ယနေ့တွင် သူ့အတွက် တံခါးပေါက်တစ်ချက်ပွင့်သွားကာ၊ အမြင်ကျယ်သွားခဲ့သည်၊ သူသည် ထိုမျှလောက် စိတ်ရှုပ်ဖွယ်ကောင်းသည့်၊ လူတစ်ဦးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ထိုလူများ ထွက်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့်၊ လုချန်ရှန်းသည် ဘေးတစ်ဖက်သို့ လှည့်ကြည့်ကာ၊ မေးမြန်းလိုက်သည် “ ကျွန်တော့်ရဲ့ ဝိညာဥ်ကျောက်တုံးတွေ ဘယ်မှာလဲ “

ကျီရှုသည် တစ်ခဏခန့် ကြက်သေသေသွားခဲ့သည်၊ အဆိုပါ အပြောင်းအလဲက အလွန်တရာ မြန်ဆန်လွန်းနေခဲ့သည်။

သို့ရာတွင်၊ သူသည် ဝိညာဥ်ကျောက်တုံးများကို ထုတ်ပေးလိုက်ပြီး၊ လုချန်ရှန်းကို ခေါ်ကာ၊ လှည့်ထွက်သွားတော့သည်။

ယခုလက်ရှိ အခြေအနေကမူ အသွင်ပြောင်းခြင်း ပညာရှင်တော်တော်များများက၊ အတွင်းပိုင်းသို့ ဝင်သွားကြပြီ ဖြစ်သည်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်နှင့် အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှ ပညာရှင်များသာ၊ အပြင်ဘက်တွင် ကျန်ရှိနေခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ဦးက သူ့အား လာရောက်တိုက်ခိုက်မည်ကို၊ စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။

ထို့နောက်တွင်၊ သူသည် တောင်တန်းဒေသနားသို့၊ ချဥ်းကပ်သွားခဲ့သည်၊ ကျီရှုသည် သူ့ကို ကိစ္စတော်တော်များများနှင့်၊ အမျိုးမျိုးသော ကြိုတင်ကာကွယ်မှုများကို ပြောပြခဲ့သည်။

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ၊ သဘောတူကြောင်း ဖော်ပြလိုက်သည်။

ဤအချိန်၌ လမ်းတစ်လျှောက်လုံးတွင်၊ လူတော်တော်များများ စုဝေးနေကြပြီ ဖြစ်သည်။

ကျီရှု ဖြတ်သွားသည့်အချိန်တွင်၊ လူတိုင်းက သူ့ကို စကားပြောရန်၊ နှုတ်ဆက်လာခဲ့ကြသည်၊ သို့သော် သူ့အနောက်တွင် ရှိနေသည့်၊ လုချန်ရှန်းကို မြင်လိုက်ရသောအချိန်၌၊ သူတို့အားလုံး မှင်သက်သွားကြသည်။

လုချန်ရှန်းသည် ရင်းနှီနေသော အင်အားစုများနှင့်၊ ရင်းနှီးနေသော လူများကို ကြည့်ကာ၊ နှစ်ပေါင်းများစွာ ရင်းနှီးသိကျွမ်းနေသည့်၊ မိတ်ဆွေများကဲ့သို့ နွေးနွေးထွေးထွေး နှုတ်ဆက်နေတော့၏။

“ ရို့၊ ကောင်းကင်တံခါးဂိုဏ်းက တာအိုရောင်းရင်းတို့၊ မတွေ့ရတာကြာပြီနော် “

“ ပန်ကျူးစီနီယာ၊ နေကောင်းလားဗျ “

“ အချိန်ပြည့်တော့မယ်၊ နောက်လရဲ့ အလံငှားခတွေကို ပေးဖို့ မမေ့ကြနဲ့ဦးနော် “

“ … “

လုချန်ရှန်းသည် ရယ်ရယ်မောမောဖြင့်၊ စကားပြောနေခဲ့ပြီး၊ ထိုလူများမှာလည်း တုံ့ပြန်သည့် အနေဖြင့် အားတင်း၍ ပြုံးပြလာခဲ့ကြသည်။

အကယ်၍ အခြေအနေသာ ပေးမည်ဆိုပါက၊ သူတို့က ထိုလူ့ကို၊ မည်သို့မျှ ရန်စခဲ့လိမ့်မည် မဟုတ်ပေ။

ယခုတွင် ထိုလူသည် ဤနေရာသို့ အကြောက်အလန့် ကင်းကင်းဖြင့်၊ ပေါ်တင်ရောက်ရှိလာခဲ့၏။

အားလုံးသည် သူနှင့် မဟာတောရိုင်း ခန်းမအကြားရှိ၊ ဆက်ဆံရေးကို မှန်းဆတွက်ချက်နေကြတော့သည်။

သူတို့က အဝေးသို့ လမ်းလျှောက်သွားသည့် အချိန်တွင်၊ နတ်ကောင်းကင်ဂိုဏ်းမှ လူတော်တော်များများက အနီးအနားတွင် မတ်တပ်ရပ်နေလျက်ရှိသည်ကို၊ မြင်တွေ့လိုက်ရ၏။

တစ်ခြားသော အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူများက၊ အတွင်းသို့ ဝင်သွားကြပြီ ဖြစ်သော်လည်း၊ သူတို့ကမူ ဤနေရာတွင်သာ ရှိနေသေးသည်။

အရှင်သခင် လေးပါးစလုံး ရှိနေခဲ့သည်။

“ စစ်ပွဲဘုရင် အကြီးအကဲ၊ ကျုပ်တို့ထပ်တွေ့ကြပြန်ပြီ “

လုချန်ရှန်းသည် ကူချန်ကျွင်းကို လက်သီးဆုပ်၍ နှုတ်ဆက်ကာ၊ လေးစားမှုတစ်ချို့ကို ပြသလိုက်သည်။

ထိုလူက သူ၏ဆရာဖြစ်သောကြောင့်၊ မျက်နှာသာပေးလိုက်ရမည် ဖြစ်သည်။ ဆရာဖြစ်သည့်လူက မျက်နှာသာ ရသွားပါက၊ တပည့်ဖြစ်သည့် သူ့အတွက်လည်း အကျိုးရှိနေမည်ဖြစ်သည်၊ ၎င်းအား သူ့ကိုယ်သူ မျက်နှာပေးလိုက်သည်ဟုပင် သတ်မှတ်နိုင်ပေသည်။

ထိုမြင်ကွင်းမှာ လူတော်တော်များများကို အံ့အားသင့်သွားစေခဲ့သည်၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ ကျယ်ပြောမှုကို လုံးဝလျစ်လျူရှုထားပြီး၊ အမြဲလိုလို မောက်မာလေ့ရှိကာ၊ မည်သူ့ကိုမဆို ရန်စရဲပြီး၊ ဘာမဆို လုပ်ရဲသည့်၊ ချင်းယီက ကူချန်ကျွင်းကို အတော်လေး လေးစားခဲ့၏။

သူတို့သည် ထိုလူက တစ်စုံတစ်ဦးအပေါ်တွင်၊ ချိုချိုသာသာ ဖြစ်နေသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ကူချန်ကျွင်းမှ ပြုံးပြလာခဲ့၏ “ မိတ်ဆွေလေး၊ ငါတို့ထပ်တွေ့ကြပြန်ပြီ “

လုချန်ရှန်းသည် ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်သည်၊ ထို့နောက်တွင် သူ၏ အကြည့်သည် လအရှင်သခင်ဆီသို့၊ ရောက်ရှိသွားခဲ့သည်၊ သို့သော် သူသည် ဘာစကားမှ မပြောလိုက်ပေ၊ သို့သော် သူသည် သူမ၏ ဘေးနားတွင် ရှိနေသည့်၊ လူတစ်ဦးကို မြင်လိုက်ရသောကြောင့်၊ တအံ့တဩ ဖြစ်သွားခဲ့သည်။

“ အို့၊ ဦးလေး၊ ခင်ဗျားကလည်း ဒီနေရာမှာ ရှိနေတာပဲ “

ထိုလူမှာ ယခင်က ယွမ်နယ်မြေအတွင်းတွင်၊ ဆုံတွေ့ခဲ့သည့် ယန်မင်ပင် ဖြစ်သည်။

ယန်မင်မှာလည်း အံ့ဩမှင်သက်သွားခဲ့သည်၊ သူသည် လုချန်ရှန်းလုပ်ဆောင်ခဲ့သည့် ကိစ္စများကို အမှတ်ရသွားကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

ထို့အစား၊ လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့၏ “ နောက်ဆုံးတစ်ခေါက်တုန်းက ကိစ္စအတွက် ကျေးဇူးတင်ရဦးမယ် “

“ ဘာကိစ္စလဲ “ တစ်ခြားလူများ မျက်မှောင်ကြုတ်သွားကြသည်။

ယန်မင်၏ အမူအရာ တင်းကြပ်သွားခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်၏ “ တကယ်လို့ ဒီဦးလေးကသာ မပြောပြခဲ့ဘူးဆိုရင်၊ အလံတွေ အကြောင်းကို သိခဲ့ရမှာ မဟုတ်‌ဘူးလေ။ သူ့ရဲ့လမ်းညွှန်မှုသာ မရှိခဲ့ဘူးဆိုရင်၊ အလံတွေကို ဆွဲထုတ်နိုင်ခဲ့မှာ မဟုတ်ဘူး “

“ ဘာဖြစ်တယ် “

ထိုစကားကို ကြားလိုက်ရသောအချိန်၌၊ အင်အားစု အသီးသီး၏ အကြည့်များက၊ ယန်မင်အပေါ်သို့ ကျရောက်သွားခဲ့သည်။

၎င်းသည် တရားခံကို ရှာတွေ့သွားသည့်အလား ဖြစ်နေခဲ့သည်။

ဘက်ပေါင်းစုံမှ အကြည့်များကို ခံစားလိုက်ရသောအခါတွင်၊ ယန်မင်မှာ ခါးသက်သက် ပြုံးနေတော့၏။ ထိုအချိန်က သူသည် လူငယ်တစ်ဦးက ရည်မှန်းချက်ကြီးမားကာ၊ ချစ်စရာကောင်းပြီး၊ အပြစ်ကင်းစင်သည်ဟု ထင်နေခဲ့ကာ၊ ကိစ္စတော်တော်များများကို ပြောပြပေးခဲ့သည်။ သူက ထိုကိစ္စများကို ထုတ်ပြောလာလိမ့်မည်ဟု၊ မည်သူက ထင်မှတ်ထားမည်နည်း။

“ ဆိုတော့ မိတ်ဆွေလေး ချင်းယီကို ကူညီပေးခဲ့တာက နတ်အရှင်သခင်ပေါ့ “

“ ဟမ် “

ထိုစကားကို ကြားလိုက်ရသောအချိန်တွင်၊ နတ်အရှင်သခင်သည် မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့ပြီး၊ ပတ်ဝန်းကျင်မှ အကြည့်များကလည်း ပိုမိုစူးရှထက်မြက်လာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ တအံ့တဩဖြင့်၊ စကားထပ်ပြောလာခဲ့၏ ” ဆိုတော့ ခင်ဗျားက နတ်အရှင်သခင်လား “

“ မိတ်ဆွေလေး၊ မင်းရဲ့ ပုံစံကတော့ အရင်အတိုင်းပါပဲ “ ယန်မင်မှ ကူရာကယ်ရာမဲ့စွာဖြင့်၊ ပြန်ပြောလိုက်သည်။

လုချန်ရှန်းသည် နတ်ကောင်းကင်ဂိုဏ်းတွင်၊ အချိန်အတိုင်းအတာတစ်ခုအထိ နေခဲ့ဖူးသော်လည်း၊ နတ်အရှင်သခင်နှင့် တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ သူသည် သူတို့က ဤမျှလောက် ရေစက်ပါနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင်၊ နတ်အရှင်သခင်က အတော်လေး ကောင်းမွန်သည့်လူတစ်ဦးဖြစ်သည်၊ ပထမဦးဆုံး တွေ့ခဲ့သည့် အချိန်မှာပင်၊ သူသည် ထိုကိစ္စများကို ပြောပြခဲ့ကာ၊ သူ့အား များစွာကူညီပေးခဲ့၏။

ဘေးတစ်ဖက်မှ စောင့်ကြည့်နေသည့်၊ ကျီရှုမှာလည်း တစ်ခဏခန့် အံ့အားသင့်သွားခဲ့သည်၊ သူသည် ဤလူငယ်လေးထံတွင် အဆက်အသွယ်ကောင်းများ ရှိနေကာ၊ ဂိုဏ်းကြီးများမှ လူများနှင့် သိကျွမ်းနေလိမ့်မည်ဟု၊ မထင်မှတ်ထားခဲ့ပေ။

နတ်အရှင်သခင်ကို နှုတ်ဆက်ခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် တစ်ဖက်သို့ လှည့်သွားကာ၊ ဘေးဘက်တွင် ရပ်နေသည့် ကျောက်ကုန်းမင်ကို၊ မြင်တွေ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင်၊ သူ၏အမူအရာတစ်ခုလုံး ပြောင်းလဲကာ၊ ယခင်က ရှိနေခဲ့သည့် အပြုံးပင် ပျောက်ကွယ်သွားခဲ့သည်။

“ မင်းက ဘာကို ကြည့်နေတာလဲ။ ငါ့ကို ရိုက်ချင်နေတာလား “ ဟု လုချန်ရှန်းမှ အော်ငေါက်လိုက်၏။

အဆိုပါ အပြောင်းအလဲသည် လူတော်တော်များများကို အငိုက်မိသွားစေခဲ့သည်။

စကားပြောနေရင်းဖြင့်၊ သူသည် ကျီရှုအနောက်သို့ လျှောက်လှမ်းသွားခဲ့သည်။

ကျောက်ကုန်းမင်၏ မျက်လုံးများ လှုပ်ခတ်သွားကာ၊ ဒေါသများ လှိုက်တက်လာခဲ့သည်။ သူသည် လက်သီးမဆုပ်ဘဲ၊ မနေနိုင်လောက်သည်အထိ ဖြစ်သွားကာ၊ လက်ဆစ်ချိုးသံများပင် ပေါ်ထွက်လာခဲ့၏။

“ ချင်းယီ၊ မင်းသေချင်နေတာပဲ “

“ ကျောက်ကုန်းမင်၊ မင်းက လေးစားမှုကို ပြသင့်တယ်။ ငါက လူတိုင်း အနိုင်ကျင့်တာကို ခံခဲ့ရတဲ့၊ လူငယ်လေးအဖြစ်ပဲ ရှိနေဦးမယ်လို့ ထင်နေတာလား။ တွေ့လား။ ငါ့ဆီမှာ ကျောထောက်နောက်ခံ ရှိနေပြီကွ “

လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်၊ ကျီရှု၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်ထားလိုက်သည်။

ကျီရှုသည် ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။

ကျောက်ကုန်းမင်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူက အသွင်ပြောင်းခြင်းအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး၊ ကျီရှုက မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်ဦးဖြစ်နေခဲ့သော်လည်း၊ ကျီရှု၏အနောက်တွင်၊ မဟာတောရိုင်း ခန်းမရှိနေခဲ့သည်။

သူသည် ကိစ္စများက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ။

လုချန်ရှန်း၏ အမူအကျင့်ကြောင့်၊ မည်သူက မအံ့ဩသွားခဲ့ဘေ။ သို့သော် သူအနိုင်ကျင့်ခံရသည်ဆိုသည့် စကားကမူ၊ လူစကား မဟုတ်ပေ။

အနိုင်ယူရန်မဆိုထားနှင့်၊ ယခုလက်ရှိ အချိန်ထိ၊ သူနှင့်ရင်ဆိုင်ရာတွင် အနည်းငယ်မျှ အသာစီးရသည့်လူပင် မရှိသေးချေ။

သူတစ်ဦးတည်းကသာလျှင် ထိုကဲ့သို့သော စကားမျိုးကို ပြောရဲလေသည်။

“ ဟမ့် “

ကျောက်ကုန်းမင်က မည်သို့မျှ မတုံ့ပြန်လာခဲ့ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် မျက်စောင်းထိုးကာ၊ အသာအယာ လှောင်ပြောင်လိုက်ပြီး၊ အရှေ့သို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားတေ့း၏။

ကျီရှုသည် ဆွံ့အသွားကာ၊ သူ့အနောက်သို့ လိုက်သွားသည်။

ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုမှာလည်း၊ ၎င်းကို မြင်တွေ့ခဲ့ရသည်။ လူတိုင်း ဆွံ့အသွားပြီး၊ ရှောင်ဟေးကို ကြည့်ကာ၊ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်၊ သူက အဲ့လို အနိုင်ကျင့်တတ်တဲ့ လူတစ်ယောက်ကို ဘာလို့ ကာကွယ်ပေးနေရတာလဲဟ။

အငြိုးအတေးရှိတဲ့ လူတွေကို ခဏမေ့ထားလိုက်၊ ဖြတ်သွားဖြတ်လာလူတွေကတင် သူ့ကို မြင်ရတာနဲ့ ပိတ်ရိုက်ချင်စိတ်တွေ ပေါက်သွားလောက်တယ်၊ အဲ့ကောင်က တော်တော်လေးကို မောက်မာတယ်

ရှောင်ဟေးကမူ လုချန်ရှန်း၏ ကျောပြင်ကို ကြည့်ကာ၊ အတွေးနက်သွားခဲ့သည်။

“ မဟာတောရိုင်း ခန်းမက သူ့အပေါ်မှာ မကောင်းတဲ့၊ ရည်ရွယ်ချက်တွေ ရှိမနေတာက ပိုကောင်းလိမ့်မယ် “ ဟု ရှောင်ဟေးမှ လေသံတိုးတိုးလေးဖြင့် ပြောနေခဲ့၏။

သူ့ဘေးနားတွင် ရှိနေသည့် မျိုးနွယ်စုဝင်တစ်ဦးမှ မေးမြန်းလာခဲ့သည် “ မင်းက သူ့ကို ဘာလို့ဒီလောက်တောင် ကာကွယ်ပေးနေရတာလဲ “

“ မင်းက သူ့အတွက်နဲ့၊ မဟာတောရိုင်း ခန်းမနဲ့ ရန်သူလုပ်တော့မလို့လား “

ထိုစကားများကို ကြားလိုက်ရသောအခါတွင်၊ တစ်ချို့လူများက မကျေမနပ် ဖြစ်သွားခဲ့သည်။

အပြင်လူတစ်ယောက်အတွက်နဲ့၊ မျိုးနွယ်စုရဲ့ အရေးကိစ္စတွေကို လျစ်လျူရှုတော့မလို့လား

သို့ရာတွင် ရှောင်ဟေးကမူ မျက်မှောင်ကြုတ်၍၊ တုံ့ပြန်လိုက်သည် “ မင်းက ဘာတွေပြောနေတာလဲ။ ငါက အဲ့တာကို မဟာတောရိုင်း ခန်းမရဲ့ ကောင်းကျိုးအတွက် ပြောနေတာ “

“ အာ “

လူတော်တော်များများသည် ကြောင်အမ်းအမ်း ဖြစ်သွားကာ၊ ရှောင်ဟေး၏ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်သွားကြ၏။

“ အဲ့ဒီ လူသားမျိုးနွယ် လူငယ်လေးက တော်တော်ကြီးကို အစွမ်းထက်နေတာလား “ ဟု တစ်စုံတစ်ဦးမှ မေးမြန်းလာခဲ့၏။

ရှောင်ဟေးသည် သူနှင့် ပထမဦးဆုံး တွေ့ရသည့် အချိန်ကို၊ အမှတ်ရသွားခဲ့သည်၊ ထို့နောက်တွင်၊ တစ်ခြားလူများ၏ ကြေကွဲဖွယ်ကောင်းသော၊ ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု မြင်ယောင်လာကာ၊ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေမိတော့သည်။

၎င်းတို့က ပြီးဆုံးသွားခဲ့သည်မှာ၊ အတော်ပင် ကြာနေခဲ့ပြီဖြစ်သော်လည်း၊ ပြန်လည်တွေးတာစဥ်းစားခြင်းကပင်၊ လူတိုင်းကို စိတ်ဂဏမငြိမ် ဖြစ်သွားစေရန် လုံလောက်နေခဲ့သည်။

သူသည် သူ၏ မျိုးနွယ်စုဝင်များကို ကြည့်ကာ၊ စိတ်အရင်းအမှန်ဖြင့် ပြောပြလိုက်သည် “ မင်းတို့ကို ဒီတစ်ချက်ပဲပြောပြနိုင်တယ်၊ သူ့ကို ရန်စရတာထပ်၊ မြင့်မြတ်နယ်မြေတစ်ခုကို ရန်စရတာက ပိုကောင်းတယ် “

“ ဘာဖြစ်လို့လဲ “

“ ဘာလို့လဲဆိုတော့၊ အဲ့လူက သဘောထား သေးသိမ်ပြီးတော့၊ အတော်ကြီးကို လက်စားချေတတ်လို့ပဲ။ တကယ်လို့ မင်းတို့ဆီမှာ ဝိညာဥ်ကျောက်တုံးတွေ အများကြီး ရှိနေမယ်ဆိုရင်တော့၊ ဘာမှမဖြစ်ဘူး “

ကောင်းကင်ဝါးမျို ငှက်များသည် ကြောင်အမ်းအမ်း ဖြစ်သွားကာ၊ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။

---

…………………………………………………………………………………………………………………………………..

All Chapters