အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အပိုင်း ( 142 )
အကြီးစား စီးပွားရေးတစ်ခုပဲ
လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
လုချန်ရှန်းသည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ၊ သို့သော် သူသည် အသစ်ရောက်ရှိလာသူကို အကဲခတ်နေခဲ့သည်။
အူတိုင်ဖွဲ့စည်းခြင်း အဆင့်၇၊ အဲ့တာက ကိုင်တွယ်ဖို့ လွယ်တယ်မဟုတ်ဘူးလား။ လက်လေးကို မြှောက်လိုက်ရုံနဲ့ ဒီကောင့်ကို အခါတစ်သိန်းလောက် ရိုက်သတ်လို့ရတာပဲလေ။
သို့ရာတွင်၊ သူသည် သူ၏စည်းမျဥ်းစည်းကမ်းများကို လိုက်နာနေခဲ့ကာ၊ သူ၏ပါးစပ်ကို ဖွင့်ဟ၍၊ မေးမြန်းလိုက်သည် “ မင်းက ဘယ်သူလဲ “
“ ငါက ရှန်လင်း “
“ ရှန်လင်းလား ”
“ အမှန်ပဲ “
ရှန်လင်းသည် သူ၏အမူအရာပြောင်းလဲမှုကို မြင်တွေ့သွားကာ၊ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေတော့၏။
သို့သော် လုချန်ရှန်းမှ ပြန်ပြောလာခဲ့သည် “ သူ့ကို မသိဘူးလေ “
“ မင်း ……. “
“ ဒါမှမဟုတ် ငါပြန်ပြင်ပြောပါရစေ၊ မိုးကြိုးငှက် မျိုးနွယ်စုအတွင်းမှာရှိတဲ့ မင်းရဲ့ အဆင့်အတန်းက တော်တော်လေးကို မြင့်လား။ ဒါမှမဟုတ် မင်းက အရေးကြီးတဲ့ လူတစ်ယောက်ယောက်များလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှန်လင်း၏ အမူအရာ မည်းမှောင်သွားသည်။ ဒီကောင်က ငါ့ကို အထင်သေးနေတာလား။ ဒါမှမဟုတ်၊ တမင်သက်သက် ရန်စပြီးတော့ အရှက်ခွဲနေတာလား
လုချန်ရှန်းကမူ တစ်ဖက်လူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့၏။ ထိုလူ့ထံတွင် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိနေကာ၊ ဓားမြက်ကို ဆွဲလုချင်နေခဲ့၏။ ရှင်းရှင်းလင်းလင်း မေးမြန်းလိုက်ပါက၊ သူသည် ၎င်းကို ဈေးကောင်းတစ်ခုဖြင့်၊ ရောင်းချနိုင်လိမ့်မည် ဖြစ်သည်၊ သူသည် ထပ်မံ၍ အရှုံးခံမည် မဟုတ်ပေ။
အကယ်၍ သူက ငယ်ငယ်ရွယ်ရွယ်ဖြင့်၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၇ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင်မှ၊ နည်းစနစ်များဖြင့်၊ အသွင်အပြင်ကို ငယ်ရွယ်အောင် ပြုပြင်ထားသည့်၊ မွန်းစတားအိုကြီးများ ရှိနေသေးသည်။ မွန်းစတားအိုကြီးတစ်ဦး ဖြစ်နေမည်ဆိုပါက၊ တန်ဖိုးရှိနေလိမ့်မည် မဟုတ်ပေ။
ရှန်လင်းသည် တစ်ခဏခန့် အချိန်ယူခဲ့ပြီးမှ၊ လေးလေးနက်နက် ပြန်ပြောလာခဲ့၏ “ ချင်းယီ၊ မင်းက မရိုးရှင်းဘူးဆိုတာကို ငါသိတယ်၊ ဒါပင်မဲ့ မင်းက တော်တော်ကြီးကို မောက်မာလွန်းတယ်။ ငါ့ကို အဲ့လိုမျိုး ပြောပြီးတော့၊ အရှက်ခွဲချင်နေတာလား “
“ မင်းက နားလည်မှုနေတာပဲ “ လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းပြကာ၊ တုံ့ပြန်လိုက်၏ “ မင်းဘယ်သူလဲဆိုတာကို ငါမသိဘူးလေ၊ အဲ့တာကြောင့် မေးနေတာပေါ့ဟ “
“ ငါ့အဖေက မိုးကြိုးငှက်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပဲ “
ထိုအချိန်တွင်၊ လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားကာ၊ သူ၏လေသံမှာလည်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲသည်။
“ စီးပွားရေးကြီးတစ်ခုပဲ “
သူသည် အံ့ဩတကြီး အော်ပြောမိသွားကာ၊ ကောင်းကင်ထက်သို့ မြင့်တက်သွားတော့၏။
ရှန်လင်းသည် မျက်မှောင်ကြုတ်သွားကာ၊ အလွန်တရာ စိတ်ရှုပ်ထွေးသွားခဲ့သည်၊ သို့သော် သူသည် စကားပြန်ပြောလာနေသေး၏ “ ဓားမြက်ကို လွှဲပေးလိုက်၊ ငါမင်းကို ထွက်သွားခွင့်ပေးမယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် …….. “
“ ဘာအဲ့လိုမှ မဟုတ်ဘူးဆိုရင်ဆိုတာ မရှိဘူး၊ လာခဲ့လိုက် “
ထို့နောက်တွင်၊ လုချန်ရှန်း၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။ ရှန်လင်းမှာလည်း တအံ့တဩ ဖြစ်သွားခဲ့ပြီး၊ အာရုံခံလိုက်သည့် အချိန်တွင်၊ တစ်ဖက်လူက သူ့အနောက်သို့ ရောက်ရှိနေကာ၊ လက်ကိုမြှောက်၍၊ သူ့ကို ဖိနှိပ်ရန် ကြိုးပမ်းလာနေသည်ကို၊ သိရှိသွား၏။
အင်း၊ ဒီကောင့်ကို ပြန်ပေးဆွဲပြီး ရောင်းလိုက်မယ်ဆိုရင်၊ ဈေးကောင်းရမှာပဲ
ရှန်လင်းမှာလည်း သူ၏အမြန်နှုန်းကြောင့်၊ အံ့ဩတုန်လှုပ်သွားခဲ့သည်၊ တစ်ချိန်တည်းမှာပင်၊ သူသည် မည်သည့်မထီမဲ့မြင်ပြုမှုကိုမှ မပြသခဲ့ပေ။ လုချန်ရှန်းက လော့ယွမ်တောင်တန်းတွင်၊ ရွှေတောင်ပံ ပန်ဘုရင်လေးကို ဖိနှိပ်ကာ၊ ချူလျူရှန်းကို သတ်ဖြတ်ခဲ့၏။
ထိုလူသည် သူ၏ ဓားတာအို ကျင့်ကြံရေးကို အားကိုး၍၊ ယွမ်နယ်မြေအတွင်းတွင်လည်း၊ အောင်မြင်မှုတစ်ခု စိုက်ထူနိုင်ခဲ့၏။
အပြင်ကမ္ဘာက ယွမ်နယ်မြေနှင့် ကွာခြားသော်လည်း၊ ရှန်လင်းသည် ထိုလူ့ကို လျှော့မတွက်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင်၊ သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်တော့မည့်အလား၊ ဟိန်းဟောက်လာခဲ့ပြီး၊ လျှပ်စီးတန်းများ ချက်ချင်းပေါ်ထွက်လာခဲ့ကာ၊ သူ၏ခန္ဓာကိုယ်ကို အုပ်မိုး၍၊ လုချန်ရှန်းဆီသို့ ပြေးဝင်သွား၏။
၎င်းသာလျှင် မဟုတ်ဘဲ၊ သူတိုက်ခိုက်သည့် အချိန်၌၊ ကောင်းကင်ယံတွင် မိုးခြမ်းသံများ ပျံ့လွင့်လာခဲ့ပြီး၊ ထိုနှစ်ခု ပဲ့တင်ထပ်နေခဲ့ကာ၊ မိုးကြိုးနိယာမသည် လျှပ်စီးလက်သကဲ့သို့၊ ဖျပ်ခနဲ ဖြစ်တည်လာခဲ့သည်။
အဆိုပါ အရှိန်အဝါက အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိ၏။ နေ့တိုင်းမိုးကြိုးနှင့် ရေချိုးနေခဲ့သည့် လူကို၊ လျှပ်စီးကြောင်းလေး အနည်းငယ်က၊ မည်ကဲ့သို့ ဖြိုနိုင်လိမ့်မည်နည်း။ သူသည် ၎င်းအား၊ အနှိပ်ခံနေသည်ဟုသာ မှတ်ယူထား၏။
ထိုကောင်က သူ၏ဓားမြက်ကို လုယူချင်နေခြင်းမှာ လက်သင့်ခံ၍ မရသော ကိစ္စတစ်ခု ဖြစ်သည်။
အတွေးတစ်ချက်ဖြင့်၊ သူသည် အနားသို့ ချဥ်းကပ်သွားပြီး၊ ရိုက်ချရန်ပြင်လိုက်သည်၊ သို့သော် ထိုကောင့်ကို ဖိနှိပ်လိုက်တော့မည့် အချိန်တွင်၊ သူသည် တအံ့တဩ ဖြစ်ကာ၊ အေးခဲတောင့်တင်းသွား၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် နောက်ဆုတ်သွားသည်။
အဝေးတွင် ရပ်နေရင်းဖြင့်၊ သူ၏ မျက်လုံးများအတွင်းတွင်၊ အကြောက်တရားနှင့် အံ့ဩတုန်လှုပ်မှုများ စွန်းထင်းနေသည့်၊ အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သူသည် လုံးဝမတူညီကွဲပြားသော လူတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့၊ ရှန်လင်းကို ငေးကြည့်နေတော့၏။
“ ဘာလဲ၊ ဘာတွေ ဖြစ်နေတာလဲဟ “
လုချန်ရှန်း၏ အသံသည် အနည်းငယ် တုန်ရင်နေခဲ့သည်။
ယခုလေးတင် ရှန်လင်းနှင့် ရင်ဆိုင်ခဲ့ရသည့် အချိန်တွင်၊ သူသည် မိုးကြိုးကို လျစ်လျူရှုထားပြီး၊ သူ၏ ရုပ်ခန္ဓာဖြင့် ၎င်းကို ခံယူလိုက်သည်။ သူသည် မိုးကြိုးပစ်ခြင်းကို၊ အကြိမ်ပေါင်းများစွာ ခံယူခဲ့ဖူးပြီး၊ ၎င်းကို နေသားကျနေခဲ့ပြီ ဖြစ်သည်။
ထိုကောင့်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်၊ မိုးကြိုးက မည်မျှပင်အားကောင်းနေပါစေ၊ ကောင်းကင်ဘုံ ကပ်ဘေးထပ် ပိုမိုအားကောင်းနေမည်လော။
သို့သော် အဆိုပါ မိုးကြိုးလျှပ်စီးများက သူ၏ခန္ဓာပေါ်သို့ ကျဆင်လာခဲ့သည့် အချိန်တွင်၊ မိုးကြိုးများက သူ၏ခန္ဓာကိုယ် အတွင်းပိုင်းသို့၊ စီးဝင်လာခဲ့ပြီး၊ ဓားဆန္ဒဖြင့် ၎င်းကို ဖြတ်တောက်ရန် ပြင်လိုက်သည်၊ တစ်ခဏခန့် လှုံ့ဆော်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် မိုးကြိုး ပြိုကွဲသွားပြီး၊ ကြွယ်ဝသော ဝိညာဥ်ချီအဖြစ် အသွင်းပြောင်းကာ၊ သူ၏ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့လွင့်သွားသည်ကို၊ မြင်တွေ့ခဲ့ရ၏။
ယခုလေးတင် ရောက်ရှိလာခဲ့သည့် မိုးကြိုးလျှပ်စီးက၊ ဝိညာဥ်ကျောက်တုံး ရာပေါင်းများစွာကို၊ သန့်စင်ရခြင်းနှင့် ညီမျှနေခဲ့သည်။
ဤအချိန်တွင်၊ သူသည် ရှန်လင်းကို ကြည့်ကာ၊ စိတ်ခံစားချက်များက လွတ်ထွက်သွားခဲ့သည်။ သူသည် မိုးကြိုးထံတွင်၊ ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိနေလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ။
မိုးကြိုးလျှပ်စီးတစ်ခုကပင်၊ ဝိညာဥ်ကျောက်တုံး ရာပေါင်းများစွာ၏ အာနိသင်ကို ပိုင်ဆိုင်ထားခဲ့သည်။ အကယ်၍ သူကသာ နှစ်အနည်းငယ်မျှ၊ မိုးကြိုးအပစ်ခံလိုက်မည်ဆိုပါက၊ မည်ကဲ့သို့ ဖြစ်သွားလိမ့်မည်နည်း။
ထိုအချိန်တွင်၊ သူသည် အင်မော်တယ်နယ်ပယ်သို့ သွားနိုင်မည့်၊ တံခါးပေါက်တစ်ခုကို ဖွင့်နိုင်ခဲ့သည့်အလား၊ ခံစားသွားခဲ့ရ၏။
လုချန်ရှန်းက ၎င်းက အိမ်မက်တစ်ခုသာ ဖြစ်သည်ဟု ခံစားနေရသေးသည်။
၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် သူ၏ပေါင်ကို ရုတ်တရက် ခပ်ပြင်းပြင်း ရိုက်ချလိုက်ပြီး၊ မကြာသေးကမှ သူကျော်ဖြတ်ထားသည့်၊ ကောင်းကင်ဘုံကပ်ဘေးကို အမှတ်ရသွားကာ၊ နောင်တရနေသည့် စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။
အကယ်၍ မိုးကြိုးကို ဝိညာဥ်ချီအဖြစ် ပြောင်းလဲနိုင်သည်ဆိုပါက၊ သူက ဝိညာဥ်ကျောက်တုံး မည်မျှကို လက်လွှတ်ခဲ့ရသနည်း။
ရှန်လင်းကမူ သူ၏ ကြောက်လန့်တကြားဖြစ်ကာ၊ နောင်တရနေသည့် အမူအရာကို၊ ကြည့်နေရင်းဖြင့်၊ ဘဝင်ခိုက်သွားခဲ့သည်။
မိုးကြိုးငှက်မျိုးနွယ်စုက မိုးကြိုးတာအို ကျွမ်းကျင်မှုနှင့်၊ မွေးဖွားလာခဲ့သည့်၊ မျိုးနွယ်စုတစ်ခု ဖြစ်သည်။ သူတို့သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို၊ ဆက်သွယ်နိုင်ပြီး၊ တိုက်ခိုက်မှုအတွက် မိုးကြိုးများကို ထုတ်လွှတ်နိုင်ကြသည်၊ ၎င်းက သူတို့၏ မွေးရာပါ စွမ်းရည်ပင် ဖြစ်သည်။
“ ချင်းယီ၊ ငါမင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ငါက ဓားမြက်ကိုပဲ လိုချင်တာ “
“ ပေါက်ကရတွေ တော်လိုက်စမ်း၊ လာတိုက်လိုက် “
လုချန်ရှန်းသည် အော်ဟစ်ဟိန်းဟောက်ကာ၊ ကောင်းကင်ထက်သို့ ခုန်တက်သွားတော့သည်၊ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့၏။
ရှန်လင်းမှ နှာခေါင်းရှုံ့လာခဲ့၏ “ ခေါင်းမာချက် “
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အလင်းတန်းနှစ်ခု ထိတွေ့တိုက်ခိုက်နေကာ၊ မိုးကြိုးလျှပ်စီးတန်းများ ဆက်တိုက်ပေါက်ထွက်လာခဲ့ပြီး၊ အလင်းတန်းများ အဆက်မပြတ် ပေါ်ထွက်နေလျက်ရှိ၏။ ငွေရောင် မိုးကြိုးလျှပ်စီးက၊ ရှန်လင်းနှင့် ပေါင်းစည်းထားသည့်အလား၊ ဖြစ်နေခဲ့၏။
တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက၊ အံ့ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ မည်သို့မျှ နောက်မဆုတ်သွားဘဲ၊ မိုးကြိုးများကို သူ၏ခန္ဓာပေါ်သို့ ကျဆင်းကာ၊ အတွင်းသို့ ဝင်ခွင့်ပြုထားလိုက်၏။ ၎င်းက အနည်းငယ် နာကျင်သော်လည်း၊ သူသည် ကြီးမားသော ဝိညာဥ်ချီ ပမာဏတစ်ခုက၊ သူ၏ခန္ဓာကိုယ် အတွင်းတွင်၊ စုစည်းလာကာ၊ မှော်စွမ်းအားအဖြစ်၊ ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်ကို၊ ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့၏။
“ နည်းလွန်းနေတယ် “
ဆယ်ကြိမ်ကျော် ထိတွေ့ရင်ဆိုင်ခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် မနေနိုင်တော့ဘဲ၊ ရေရွတ်ပြောဆိုနေတော့သည်။
ဝိညာဥ်ကျောက်တုံး ရာပေါင်းများစွာ၏ အာနိသင် ရှိနေသော ပထမဦးဆုံးအကြိမ်မှအပ၊ နောက်ဆက်တွဲအကြိမ်များကမူ၊ အမြင့်ဆုံးအနေဖြင့်၊ တစ်ရာ(သို့) နှစ်ရာမျှသာ ရှိနေခဲ့၏။
ယခုလက်ရှိအချိန်၌၊ အဆင့်တစ်ခု ထိုးဖောက်ရန်အတွက်ပင်၊ အနည်းဆုံးအနေဖြင့်၊ ဝိညာဥ်ကျောက်တုံး ဆယ်သန်းလိုအပ်နေသောကြောင့်၊ တစ်ရာ၊ နှစ်ရာဆိုသည့် ပမာဏက၊ အမှန်ပင် နည်းပါးလွန်းနေခဲ့သည်။
“ နည်းနည်းလောက် ပွဲကြမ်းလိုက်ပြီးတော့၊ သူ့အလားအလာတွေ အကုန်လုံး ထွက်လာအောင်၊ လှုံ့ဆော်ပေးလိုက်သင့်လား “
လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ သူ၏ကျင့်ကြံရေးကို အလိုအလျောက် ဖိနှိပ်နေခဲ့၏၊ သူသည် ထိုလူ့ကို မတော်ဆ သတ်ဖြတ်မိသွားမည်ကို၊ ကြောက်လန့်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင်၊ သူသည် သူ၏လက်ကို မြှောက်လိုက်သည်၊ များပြားလွန်းလှသော ဓားချီများ ပေါ်ထွက်လာကာ၊ ရှန်လင်းဆီသို့ ပြေးဝင်သွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်လိုက်ရသော အချိန်၌၊ ရှန်လင်းမှာ တဟားဟား ရယ်မောနေတော့သည် “ သေတဲ့အထိ ခံတိုက်ဖို့ ပြင်နေတာလား “
သူစောင့်ကြည့်နေသည့် အချိန်မှာပင်၊ အလင်းတန်းများ လိမ်ယှက်လာခဲ့ကာ၊ မိုးကြိုးများ ဟိန်းဟောက်လာခဲ့သည်။ လုချန်ရှန်းသည် ယခင်က အခြေအနေမျိုးနှင့်၊ တူညီသည့် အကျိုးသက်ရောက်မှုကို၊ ထပ်မံ၍ ခံစားလိုက်ရသည်။
သူထုတ်လုပ်နေခဲ့သည့်၊ ဓားချီမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။ ထိုမျှ အရေးကြီးသော အခိုက်အတန့်တွင်၊ သူသည် ထိုလူ့ကို ခမ်ကြမ်းကြမ်း၊ ဖိအားပေးရမည် ဖြစ်သည်။ ထိုလူ့၏ အလားအလာကို နှိုးဆွပေးခြင်းက၊ ကုသိုလ်ကောင်းမှုတစ်ခု လုပ်နေခြင်းဟုပင်၊ သတ်မှတ်နိုင်ပေသည်။
အစတွင် ဘဝင်ခိုက်နေခဲ့သည့်၊ ရှန်လင်းမှာလည်း တဖြည်းဖြည်း လေးနက်လာခဲ့သည်။ သူသည် လုချန်ရှန်း၏ တိုက်ခိုက်မှုက၊ ယခင်ကထပ် ပိုမိုအားကောင်းလာကာ၊ သူ၏ ဓားချီကပင် ပိုမိုအားကောင်းလာသည်ဟု၊ ခံစားနေခဲ့ရ၏။
“ ဓားနှလုံးသား သန့်စင်မှု၊ တကယ်ကို ထူးခြားတယ်။ ငါမင်းကို လျှော့တွက်ခဲ့မိတယ် “
ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်၌၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်၊ မိုးကြိုးလျှပ်စီးများက ပိုမိုအားကောင်းပြင်းထန်လာခဲ့သည်။
သို့သော် တဖြည်းဖြည်းဖြင့်၊ သူသည် သူ့ကို တိုက်ခိုက်နေခဲ့သည့် လုချန်ရှန်းက၊ မိုးကြိုးကို တောင့်ခံနေရင်းဖြင့်၊ အချိန်တိုင်း မျက်မှောင်ကြုတ်သွားသော်လည်း၊ ၎င်းအား ထပ်ခါတလဲလဲ တောင့်ခံနိုင်ခဲ့သည်ကို၊ သတိပြုမိသွား၏။
သူသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ လုချန်ရှန်းကို ဖိနှိပ်ရန်အလို့ငှာ၊ အားကုန်ထုတ်ရန်၊ ဆုံးဖြတ်လိုက်သည်။
ရလဒ်ကမူ၊ သူက ဆက်တိုက်တိုက်ခိုက်ကာ၊ သူ၏တိုက်ခိုက်မှုက ပိုမိုအားကောင်းလာသည်နှင့်အမျှ၊ လုချန်ရှန်းက သူ့နှင့်အဆက်မပြတ် တိုးတက်လာသကဲ့သို့၊ ပိုပို၍ ရဲရင့်လာလေလေ ဖြစ်လာခဲ့၏။
“ ဘာတွေ ဖြစ်နေတာလဲဟ “
မိုးကြိုးတာအိုကို နားလည်ထားပြီး၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံရေး အဆင့်၇သို့ ရောက်ရှိနေသည့်၊ သူကဲ့သို့သော လူတစ်ဦးအား၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်တစ်ဦးကပင်၊ သူ့ကို ယှဥ်တိုက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅တွင်သာ၊ ရှိနေသည့် လုချန်ရှန်းကမူ သူ့ကို ဤမျှအတိုင်းအတာအထိ၊ တိုက်ခိုက်နေနိုင်ခဲ့၏။
( လုချန်းရှန်က လော့ယွမ်တောင်တန်းမှာတုန်းက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ကို ချပြခဲ့လို့၊ သူက အဲ့အဆင့်မှာပဲ ရှိနေလို့၊ တစ်ခြားလူတွေက ထင်နေတာပါ )
ထိုအချိန်တွင်၊ ရှန်လင်းမှာ စောင့်ကြည့်နေရင်းဖြင့်၊ မျက်မှောင်ကြုတ်သွားခဲ့သည်။ လုချန်ရှန်းကမူ၊ တိုက်ခိုက်ရန်အတွက်၊ သူ၏ဓားချီကို ထိန်းချုပ်ကာ၊ အရှေ့သို့ ဆက်တိုက်ဖိအားပေးနေခဲ့ပြီး၊ သူ၏အရှိန်အဝါက ပိုမိုအားကောင်းလာနေခဲ့၏။
“ ဓားနှလုံးသား သန့်စင်မှုက အဲ့လောက်တောင် စွမ်းတာလားဟ “
ရှန်လင်း အံ့အားသင့်သွားကာ၊ အကြည့်များ ပိုမိုစူးရှလာခဲ့ပြီး၊ အရွက်ကိုးရွက် ဓားမြက်ကို ရယူရန်၊ ပို၍စိတ်ပိုင်းဖြတ်လိုက်သည်။
လုချန်ရှန်းသည် ရှန်လင်း၏ အပြောင်းအလဲကို ခံစားမိသွားခဲ့သည်။ မိုးကြိုး၏ အရှိန်အဝါက၊ ပိုမိုအားကောင်းလာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားကို ဆက်သွယ်ကာ၊ မိုးကြိုးတာအိုမှတစ်ဆင့်၊ မိုးကြိုးအပိုင်းအစကို ချေးယူ၍၊ တိုက်ခိုက်မှုတစ်ခုအဖြစ်၊ ပြောင်းလဲသွား၏။
သို့ရာတွင် ၎င်းသည် လူတစ်ဦး၏ မှော်စွမ်းအားနှင့် အရင်းအမြစ်ကို အဆက်မပြတ် လောင်ကျွမ်း/စားသုံးနေခဲ့၏။
( ဒီနေရာက အရင်းအမြစ်ဆိုတာက သွေးအဆီအနှစ်၊ ဒါမှမဟုတ် အသက်စွမ်းအားပါ )
၎င်းတို့အားလုံးကို ခံစားမိသွားသောအခါတွင်၊ လုချန်ရှန်းသည် အံ့အားသင့်ကာ၊ စိတ်ကျေနပ်သွားတော့သည်။ အဆိုပါ မိုးကြိုးလျှပ်စီးများက အနိမ့်ဆုံးအနေဖြင့်၊ ဝိညာဥ်ကျောက်တုံး ငါးသောင်းမှ ခြောက်သောင်းအထိ၊ တန်သည့် ဝိညာဥ်ချီများအဖြစ်၊ ပြောင်းလဲသွားမည် ဖြစ်သည်။
၎င်းကို တွေးမိသွားခြင်းသည် သူ့ကို ထိန်းချုပ်မှုကင်းမဲ့သွားစေသည်အထိ၊ စိတ်လှုပ်ရှားသွားစေခဲ့၏။ အကယ်၍ သူတို့ကသာ နောက်ထပ် တိုက်ပွဲအနည်းငယ်မျှ ဆက်လက်၍ တိုက်ခိုက်နေမည်ဆိုပါက၊ တက်လှမ်းခြင်းက အိမ်မက်တစ်ခုသာ ဖြစ်နေတော့မည် မဟုတ်ပေ။
မိုးကြိုးငှက်မျိုးနွယ်စု၏ မွေးရာပါ စွမ်းရည်က၊ သူ့ကို အမှန်တကယ် အငိုက်မိသွားစေခဲ့၏။ ၎င်းသည် ကောင်းကင်နှင့်ကမ္ဘာမြေ၏ ဝိညာဥ်ချီနှင့် မိုးကြိုးတို့ကို၊ ချေးငှားပြီး၊ ထို့နောက်တွင် သူ့ကို အားဖြည့်ပေးနေခဲ့သည်။ သူသည် မပြောပြတတ်လောက်သည်အထိ၊ ဝမ်းသာပျော်ရွှင်နေလျက်ရှိ၏၊ မိုးကြိုးငှက် မျိုးနွယ်စုက တကယ့် အားဆေးကြီးတစ်ခုပဲ
---
…………………………………………………………………………………………………………………………………
အပိုင်း ( 143 )
အို့၊ ခင်ဗျားကြောင့် ကျုပ်ပိတ်မိသွားပြီ
ဤတိုက်ပွဲတွင်၊ လုချန်ရှန်းနှင့် ရှန်လင်းတို့မှာ၊ မည်သူမှ အသာစီးမရဘဲ၊ အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်နေလျက်ရှိ၏။
ကောင်းကင်မှ မြေပြင်အထိ၊ အရပ်မျက်နှာလေးခုစလုံး ကသောင်းကနင်းဖြစ်နေခဲ့ကာ၊ တောင်တန်းများ လှုပ်ရမ်း၍ ပြိုကျနေခဲ့၏။
ဓားချီက ကောင်းကင်ထက်သို့ မြင့်တက်သွားသည့် အချိန်တွင်၊ ဓားပင်လယ်တစ်ခု ဖြစ်တည်လာကာ၊ အရပ်လေးမျက်နှာလုံးကို ပိတ်လှောင်လိုက်သည်။
ရှန်လင်းမှ စူးရှရှ ဟိန်းဟောက်လာခဲ့ရာ၊ ငွေရောင်မိုးကြိုး လင်းလက်လာခဲ့ပြီး၊ သူ၏အစစ်အမှန် ပုံစံအဖြစ် ပြောင်းလဲသွားကာ၊ ကောင်းကင်ထက်သို့ ခုန်တက်သွား၏၊ သူ၏တောင်ပံများသည် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ၊ တုန်ခါနေလျက်ရှိပြီး၊ လုချန်ရှန်းပေါ်သို့၊ လျှပ်စီးအလင်းတန်း ကျဆင်းလာခဲ့၏။
မည်သူက အဆိုပါ မိုးကြိုးလျှပ်စီးနားသို့ မချဥ်းကပ်သွားရဲပေ။
လုချန်ရှန်းကမူ သူ၏စွမ်းအားကို ထိန်းချုပ်ထားကာ၊ တစ်ခြားလူများကို အကူအညီလှမ်းတောင်းလိုက်ပြီး၊ တစ်ဖက်လူ၏ အလားအလာကို လှုံ့ဆော်ရာတွင်၊ ကူညီပေးနေတော့၏။
သူတို့နှစ်ဦးသည် ခွဲခြား၍မရသည့်အလား ဖြစ်နေခဲ့သည်၊ သို့သော် ရှန်လင်းသည် ပြိုင်ဘက်ဖြစ်သူ၏ အံ့ဖွယ်ကောင်းသော၊ ဓားတာအိုကြောင့် ဆက်တိုက်အံ့အားသင့်နေခဲ့ရသည်၊ သူ၏နယ်ပယ်က လုချန်ရှန်းထပ် ပိုမိုမြင့်မားသော်လည်း၊ ထိုလူသည် သူ၏တိုက်ခိုက်မှုများကို တောင့်ခံနေနိုင်သေးသည်။
ရှန်လင်းနှင့် လုချန်ရှန်း၊ နှစ်ဦးစလုံးက မျက်စိပဒါဿဖြစ်ဖွယ်ကောင်းနေခဲ့သည်။
တစ်ဦးက မိုးကြိုးငှက်မျိုးနွယ်စု၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ ကျန်တစ်ဦးကမူ တောင်ပိုင်းမှလာသော၊ နာမည်ဆိုးဖြင့် ကျော်ကြားသူ ပြဿနာသမား ဖြစ်သည်၊ သူတို့၏ ပဋိပက္ခက အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီး၊ လူတော်တော်များများသည် မည်သူ အားနည်းကာ၊ မည်သူက ပိုစွမ်းလဲဆိုသည်ကို သိချင်နေကြ၏။
အဝေးတွင်၊ အနက်ရောင် ငှက်များက၊ ၎င်းတို့၏ တောင်ပံများကို ခတ်ကာ၊ ပျံသန်းလာကြသည်၊ သူတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင်၊ တိတ်ဆိတ်မှုသာလျှင် ကြီးစိုးနေခဲ့၏၊ ကောင်းကင်ဝါးမျိုငှက်များ ရောက်ရှိလာခဲ့ပြီး၊ လူတိုင်းက ၎င်းတို့ကို ရှောင်ကွင်းသွားကြသည်။
သူတို့သည် တောင်ထိပ်တစ်ခုပေါ်သို့၊ ဆင်းသက်လာခဲ့ပြီး၊ ကောင်းကင်ထက်တွင် အပြင်းအထန် တိုက်ခိုက်နေသည့် လူနှစ်ဦးကို၊ ငေးကြည့်လာကြ၏။
“ အဲ့တာက ချင်းယီပဲ၊ သူက ရှန်လင်းကို တိုက်ခိုက်နေတာပဲ “ ဟု ကောင်းကင်ဝါးမျိုငှက်တစ်ကောင်မှ စကားစပြောလာခဲ့၏။
ရှောင်ဟေး၏ မျိုးနွယ်တူ ညီကလည်း ထိုနေရာသို့ ငေးကြည့်နေလျက်ရှိ၏၊ သူသည် ယခင်က အရိုက်ခံခဲ့ရသောကြောင့်၊ ယုံကြည်မှုအနည်းငယ် လျော့ကျသွားခဲ့သည်၊ သို့သော် လုချန်ရှန်းက ရှန်လင်းကို၊ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါတွင်၊ သူအံ့အားသင့်သွားခဲ့သည်။
“ သူ့ကို ရန်မစဖို့ ငါတို့ကို၊ မီထျန်းက ပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူက ဒီလောက်ကြီးအထိ စွမ်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ တကယ်လို့ သူသာကြီးပျင်းလာခဲ့မယ်ဆိုရင်၊ သူက တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေလိမ့်မယ် “
ကောင်းကင်ဝါးမျိုငှက်များသည် စိတ်ခံစားချက်များဖြင့်၊ သက်ပြင်းတချချ ဖြစ်သွားကြ၏။ ရှန်လင်း၏ သွေးမျိုးဆက်က အလွန်တရာ အစွမ်းထက်ပြီး၊ သူသည် မိုးကြိုးတာအိုကိုပါ ကျွမ်းကျင်ထား၏၊ သို့သော် သူသည် လူသားမျိုးနွယ်စုမှ၊ လူငယ်လေး၏ တားဆီးခြင်းကို ခံနေခဲ့ရသည်။
ရှောင်ဟေးတစ်ဦးတည်းကသာလျှင် ၎င်းကို စောင့်ကြည့်နေရင်းဖြင့်၊ မျက်မှောင်ကြုတ်နေလျက်ရှိ၏။
“ ဒီကောင်က ဘာလှည့်ကွက်တွေ သုံးနေတာပါလိမ့် “
တစ်ခြားလူများက မသိကြသော်လည်း၊ သူကမူ လုချန်ရှန်းက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သိနေခဲ့သည်၊ အဆင့်တူကိုမဆိုထားနှင့်၊ မွေးရာပါ ဝိညာဥ်နယ်ပယ်၏ အဆင့်၆၊ (သို့) အဆင့်၇ ပညာရှင်ကပင်၊ သူ့ကို မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုအကောင်သည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၇ ကျင့်ကြံသူနှင့်၊ သူတင်ကိုယ်တင် တိုက်ခိုက်နေလျက်ရှိ၏၊ သူ၏အမူအရာမှာလည်း၊ သူက ခက်ခက်ခဲခဲ တိုက်ခိုက်နေရသည့်အလား ဖြစ်နေခဲ့ပြီး၊ ၎င်းတို့အားလုံးကို ချုံငုံသုံးသပ်ကြည့်မည်ဆိုပါက၊ သူလုပ်နေသည့် အရာအားလုံးက လှည့်စားမှုများဆိုသည်မှာ သိသာလွန်းနေခဲ့၏။
“ မီထျန်း၊ မင်းသူငယ်ချင်းအတွက် အကူအညီ လိုလား “
“ သူ့ကို ကူညီရမှာလား “ ရှောင်ဟေး မျက်မှောင်ကြုတ်သွား၏။
သူ့ဘေးတွင် ရှိနေသည့် လူသည် ခေါင်းငြိမ့်ပြကာ၊ တုံ့ပြန်လာခဲ့သည် “ ဟုတ်တယ် “
“ မလိုပါဘူးကွာ “
ရှောင်ဟေးသည် သူ၏လက်ကို ဝေ့ရမ်းပြလိုက်သည်၊ အကယ်၍ လုချန်ရှန်းကသာ အလိုရှိမည်ဆိုပါက၊ သူသည် သူ၏လက်ညှိုးလေးတစ်ချောင်းတည်းဖြင့် ရှန်လင်းကို ဖိနှိပ်ကာ၊ ငွေများအတွက် ထိုလူ့ကို ပြန်လည်ရောင်းချနိုင်ပေသည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ၎င်းမှာ သူ့ထံတွင် ဆိုးရွားသော ရည်ရွယ်ချက်တစ်ချို့ ရှိနေသည်ဟု၊ ဆိုလိုနေခြင်းပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင်၊ လုချန်ရှန်းသည် ကျယ်လောင်စွာ ဟိန်းဟောက်၍၊ ကောင်းကင်ထက်သို့ ပြေးတက်သွားပြီး၊ သူ့အရှေ့တွင် ရှိနေသည့် မိုးကြိုးငှက်နှင့် ထပ်မံ၍ တိုက်ခိုက်နေတော့၏။
ပြိုင်ဘက်က မိုးကြိုးကို ချေးငှားထားပြီး၊ သူသည် ဝိညာဥ်ချီကို ရရှိရန်အတွက်၊ ၎င်းကို စုပ်ယူနေလျက်ရှိ၏၊ သူသည် သူက မိုးကြိုးစွမ်းအား အပိုင်းအစကို ထိတွေ့မိနေသကဲ့သို့၊ ထူးခြားသော စွမ်းအင်လှိုင်းတစ်ခုကို ခံစားနေခဲ့ရ၏။
အဆိုပါ ရှာဖွေတွေ့ရှိမှုသည် သူ၏စိတ်ကို ဂဏာမငြိမ် ဖြစ်သွားစေခဲ့သည်။
ထို့အပြင်၊ သူက အဆိုပါ စွမ်းအင်လှိုင်းနှင့် ထိတွေ့မိသည့် အချိန်ကတည်းက၊ သူ့အပေါ်တွင် ရှိနေသည့် ရှန်လင်း၏ မိုးကြိုးများ၏ အကျိုးသက်ရောက်မှုက အဆက်မပြတ် လျော့ကျလာခဲ့သည်။
“ အခုတော့ သူက အသုံးမဝင်တော့ဘူးလို့ ခံစားနေရပြီ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့၏၊ ယခုတွင် သူသည် မိုးကြိုးစွမ်းအားကို ထိတွေ့မိခဲ့ပြီဖြစ်ပြီး၊ ၎င်းက ဝိညာဥ်ချီ၏ တန်ဖိုးထပ်ပင် ပိုမိုသာလွန်နေလျက်ရှိ၏။ အကယ်၍ သူကသာ မိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့မည်ဆိုပါက၊ သူက ပိုမိုအစွမ်းထက်လာမည်မှာ၊ မြေကြီးလက်ခတ်မလွဲပင်။
သူသည် မိုးကြိုးမှော်ပညာကြောင့် စိတ်လှုပ်ရှားသွားပြီး၊ အဆိုပါ နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးပမ်းလိုနေခဲ့သည်၊ သို့သော် ရှန်လင်း၏ နယ်ပယ်က လုံလုံလောက်လောက် အားကောင်းမနေသောကြောင့်၊ သူပြောင်းလဲခဲ့သော ဝိညာဥ်ချီက ပိုပို၍ နည်းပါးလာနေလျက်ရှိပြီး၊ မိုးကြိုးစွမ်းအားကပါ ပိုမိုအားနည်းလာခဲ့၏။
၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် ထိုလူ့ကို တိုက်ရိုက်ဖိနှိပ်ကာ၊ ရပ်တန့်ရန် ပြင်လိုက်သည်။
သို့ရာတွင်၊ သူတွေးတောစဥ်းစားနေပြီး၊ သူ၏လက်ကို မြှောက်လိုက်သည့် အချိန်မှာပင်၊ ပို၍အားကောင်းသော ဓားချီတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ထက်သို့ ထောင်တက်သွား၏။ ရှန်လင်းသည် အထိတ်တလန့် ဖြစ်သွားကာ၊ မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ၊ အဆုံးမဲ့ ဓားချီများက တောင်နံရံမှ ထွက်လာခဲ့ကာ၊ ဤနေရာတစ်ခုလုံးအပေါ်သို့ ကျဆင်းလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ ဘာတွေ ဖြစ်နေတာလဲဟ ”
လုချန်ရှန်းမှာလည်း တစ်ခဏခန့် မှင်သက်သွားပြီး၊ အဆိုပါ ဓားချီက လေထုအတွင်းမှ ပေါ်လာခဲ့ကာ၊ ဘက်ပေါင်းစုံသို့၊ ပျံ့လွင့်သွားသည်ကိုသာ မြင်လိုက်ရ၏။
ရွှမ် ရွှမ်
ထိတွေ့တိုက်ခတ်မှု အသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး၊ သူ့အနားတွင် ရှိနေသည့် ဓားချီသည် ဘက်ပေါင်းစုံကို လှုပ်ရမ်းသွားစေကာ၊ ဆက်တိုက်ပြိုကွဲသွားစေခဲ့၏။
ဤနေရာတွင် ရှိနေသည့် ဓားချီက အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသော်လည်း၊ အသုံးပြုသူ/အရှင်သခင် မရှိသောကြောင့်၊ များစွာအားနည်းနေလျက်ရှိ၏။
ဓားတာအိုတွင် အောင်မြင်မှုရရှိခြင်းနှင့်၊ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ရရှိခြင်းတို့မှာလည်း၊ လေးလံသော စွမ်းအားကို၊ ပေါ့ပါးသော စွမ်းအားနှင့် ဖယ်ရှားနိုင်စွမ်းနှင့်၊ ဓားချီကို ရှောင်ကွင်းနိုင်စွမ်းတို့ကို ရရှိသွားစေနိုင်၏၊ သို့သော် ၎င်းတို့၏ ရုတ်တရက် ပေါ်ထွက်လာမှုက လူတိုင်းကို အငိုက်မိသွားစေခဲ့ကာ၊ သူ့ကို အဝေးသို့ လွင့်ထွက်သွားစေခဲ့၏။
ရှန်လင်း၏ အမူအရာ ချက်ချင်းလေးနက်သွားခဲ့သည်၊ သူ့အရှေ့တွင် သူမြင်တွေ့နေခဲ့ရသည့် အရာမှာ၊ မိုးခြိမ်းသံများ မည်ဟီးခြင်းနှင့် ဓားချီများ လှုပ်ခါခြင်းတို့ဖြစ်၏၊ သို့သော် ၎င်းတို့သည် တစ်ခုပြီးတစ်ခု ချေမှုန်းခံလိုက်ရကာ၊ သူ့အပေါ်သို့ ကျဆင်းလာခဲ့သည်။
လုချန်ရှန်း၏ မျက်လုံးများအတွင်းတွင်မူ၊ ၎င်းက ဘာမှဟုတ်မနေခဲ့ပေ၊ သို့သော် ရှန်လင်းအတွက်ကား၊ ၎င်းက သေခြင်းရှင်ခြင်း ကိစ္စတစ်ခုဖြစ်နေခဲ့သည်။
သို့ရာတွင် မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦးကပင်၊ ၎င်းနှင့် ရင်ဆိုင်ရပါက၊ ကြီးမားသော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရမည် ဖြစ်သည်။
သို့သော် အရေးအကြီးဆုံး အခိုက်အတန့်တွင်မူ၊ ရှန်လင်း၏ နဖူးတွင် ရေးထိုးထားသည့်၊ ငွေရောင်မိုးကြိုးရုန်းတစ်ခု လင်းလက်လာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် မိုးကြိုးများ ပေါက်ထွက်လာခဲ့ကာ၊ အဆိုပါ ဓားချီများကို တစ်ခဏခန့် ပွင့်ထွက်သွားစေခဲ့သည်။
မိုးကြိုးငှက်သည် ကမ္ဘာ့အမြန်ဆုံး အမြန်နှုန်းကို ပိုင်ဆိုင်ထားပြီး၊ တစ်ခဏအတွင်းမှာပင် သူသည် ဤနေရာမှ ထွက်သွားကာ၊ ဤနေရာ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
“ ချီးပဲ၊ ဂိုဏ်းကြီးတွေက သောက်ရမ်းကောင်းတာပဲ။ အသက်ကယ်နည်းတွေ အများကြီးရှိနေတယ် “ လုချန်ရှန်းသည် တအံ့တဩဖြင့် ပြောဆိုနေတော့သည် “ ငါ့ဆရာကလည်း အရေးပါတဲ့ လူတစ်ယောက်ပဲလေ၊ သူက ငါ့ကို အသက်ကယ်နည်းလမ်းတစ်ခုမှ မပေးခဲ့ဖူးဘူး။ သူမေ့နေတာများလား “
၎င်းကို တွေးမိသွားသောအချိန်၌၊ သူသည် ထိုလူက အမှန်တကယ်မေ့သွားနိုင်ခြေများသည်ဟု၊ ထင်သွားကာ၊ နောက်မှ သတိပေးမည်ဟု ဆုံးဖြတ်လိုက်၏။ သို့ရာတွင်၊ ဤဖြစ်ရပ်က အလွန်တရာ မြန်ဆန်လွန်းနေခဲ့ပြီး၊ ရှန်လင်းကိုပါ လွတ်မြောက်သွားစေခဲ့သောကြောင့်၊ သူသည် ထိုကောင့်ကို လိုက်ဖမ်းရဦးမည် ဖြစ်သည်။
“ ဟူး “
ထိုအကြောင်းကို တွေးမိသွားသောအခါတွင်၊ သူသည် မနေနိုင်တော့ဘဲ၊ အသာအယာ သက်ပြင်းချနေတော့၏၊ ရှန်လင်း၏ ကျင့်ကြံရေးက အနည်းငယ် နိမ့်ကျပြီး၊ သူ၏မိုးကြိုးက အားနည်းနေခဲ့သော်လည်း၊ ခြင်တစ်ကောင် မည်မျှပင်သေးငယ်နေခဲ့ပါစေ၊ အသားဖြစ်နေသေးသည်၊ အနိမ့်ဆုံးအနေဖြင့်၊ သူ့အား မိုးကြိုးတာအိုကို နားလည်သွားစေနိုင်၏။
သူက ဤနေရာသို့ ရောက်နေခဲ့ပြီး ဖြစ်သောကြောင့်၊ တစ်ခုခုမပါဘဲ၊ ပြန်ထွက်သွားလိမ့်မည် မဟုတ်ပေ။
တစ်ခဏအတွင်းမှာပင်၊ သူသည် ခြေလှမ်းတစ်လှမ်းကာ၊ ပြေးလိုက်ရန် ပြင်လိုက်သည်၊ သို့သော် မိုးကြိုးများ မည်ဟီးလာကာ၊ ငွေရောင်ငှက်ကြီးများက ၎င်းတို့၏ တောင်ပံများကို ဖြန့်ကျက်ထားပြီး၊ မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေသည့် ကောင်းကင်ထက်သို့ မြင့်တက်သွားကာ၊ ဤနေရာကို ဝိုင်းရံလာသည်ကိုသာ မြင်တွေ့လိုက်ရ၏။
“ ဘာလို့ ဒီကို ရောက်လာရတာလဲဟ။ မဟာတောရိုင်း ခန်းမက လူတွေက ဘယ်ရောက်သွားတာလဲ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။
ကောင်းကင်ဝါးမျိုငှက်တို့မှာလည်း မျက်မှောင်ကြုတ်သွားကြသည်။
ယခုတွင် သူတို့က ဤလူငယ်လေးနှင့် အမှန်တကယ် မိတ်ဖွဲ့လိုနေကြပြီ ဖြစ်သည်။
ရှောင်ဟေးတစ်ဦးတည်းကသာလျှင်၊ အေးအေးအေးအေး ဖြစ်နေခဲ့သည်၊ သူသည် ဤအသေးစား အခက်အခဲလေးများက လုချန်ရှန်းအတွက် ဘာမှမဟုတ်ဘူးဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
ထိုအကောင်၏ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ်အဆင့်တွင်သာ ရှိနေသေးသော်လည်း၊ သူ၏ဓားတာအိုက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ သူသည် ရွေ့လျားနိုင်သည့် မှော်ပစ္စည်းတစ်ခုကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
အကယ်၍ ထိုလူများကသာ ပေါ့ဆခဲ့မည်ဆိုပါက၊ သူတို့အားလုံး ခံလိုက်ရမည် ဖြစ်သည်။
ရှန်လင်းကမူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ စကားပြောလိုက်သည် “ မျိုးနွယ်စု အကြီးအကဲ၊ သူက ဓားမြက်ကို ရသွားပါတယ်၊ အဲ့တာက သူ့ဆီမှာ ရှိနေပါတယ် “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ငှက်အုပ်တစ်အုပ်သည်၊ လူသားပုံစံများအဖြစ် ပြောင်းလဲသွားကာ၊ လုချန်ရှန်းကို ကြည့်၍၊ စကားလှမ်းပြောလာခဲ့၏ “ ဓားမြက်ကို လွှဲပြောင်းပေးလိုက် “
“ မင်းပြောတိုင်း ပေးလိုက်ရင်၊ ငါမျက်နှာ ပျက်သွားရမှာ မဟုတ်ဘူးလား “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ၊ မပျော်မရွှင်ဖြစ်သွားခဲ့သည်၊ သူသည် ပုန်ကန်ကာ၊ ရိုင်းစိုင်းလေ့ရှိသည့် လူတစ်ဦးဖြစ်သည်၊ ထိုကဲ့သို့သော လူတစ်ဦးက တစ်ခြားလူများ၏ ပြောစကားကို နားထောင်ပါမည်လော။
အကယ်၍ ဤနေရာတွင် ဝိညာဥ်ကျောက်တုံးများ မရှိဘူးဆိုရင်၊ ကောင်းကင်ဘုံ၏ ဘုရင်မင်းမြတ် ဆင်းသက်လာမည်ဆိုလျှင်တောင်မှ၊ အချည်းနှီးသာ ဖြစ်နေလိမ့်မည် ဖြစ်သည်။
“ ဟက် “ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင်၊ အနီးအနားရှိ လူတစ်ဦးက တဟားဟား ရယ်မောကာ၊ စကားဝင်ပြောလာခဲ့သည် “ တကယ်တော့ အရင်တုန်းက ငါတို့မသိခဲ့လို့ပဲ၊ ဒါပင်မဲ့ အခုကတော့ မင်းသဘောအတိုင်း ဖြစ်လာမှာ မဟုတ်ဘူး “
အဆိုပါ မျိုးနွယ်စု၏ စကားလုံးတိုင်းက မောက်မာကြီးစိုးမှုတို့ဖြင့်၊ ပြည့်နှက်နေလျက်ရှိ၏၊ လုချန်ရှန်းကို မဆိုထားနှင့်၊ ကောင်းကင်ဝါးမျိုငှက်များကို ကြည့်နေသည့် အချိန်မှာပင်၊ သူတို့သည် မထီမဲ့မြင်ပြုမှုကို ပြသနေခဲ့ပြီး၊ သူတို့၏ နဖူးများပေါ်တွင်၊ မောက်မာမှုဆိုသည့် စကားလုံးကို ရေးထိုးထားသည့်အလား ဖြစ်နေခဲ့၏။
လုချန်ရှန်းကမူ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါ့သဘောအတိုင်း မဖြစ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ။ ခင်ဗျားတို့က ကျုပ်ကို ဝိုင်းတိုက်ဖို့ ပြင်နေကြတာလား “
“ ရန်စနေဖို့ မလိုပါဘူး၊ မင်းရဲ့ ဓားတာအိုက ကြောက်စရာကောင်းတယ်ဆိုတာကို ငါသိတယ်၊ ဒီနေရာကလည်း မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒါပင်မဲ့ မင်းကလည်း ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး “
“ မင်းက မဟာတောရိုင်း ခန်းမကို အားကိုးလို့မရတော့ဘူး၊ သူတို့က ဒီကိုလာနိုင်ဦးမှာ မဟုတ်ဘူး။ ဓားမြက်ကို လွှဲပေးလိုက်၊ ငါမင်းကို ထွက်သွားခွင့်ပေးမယ် “
လုချန်ရှန်းသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးခွန်းပြန်ထုတ်လိုက်သည် “ ကျုပ်ထွက်မသွားနိုင်ဘူးဆိုရင်၊ ခင်ဗျားတို့လည်း မဝင်နိုင်ဘူးလေ၊ ခင်ဗျားတို့က ကျုပ်ကို ဘာလုပ်နိုင်မှာမို့လို့လဲ၊ ကျုပ်ကို ဆိုက်ဝါးထည့်ဖို့ ကြိုးစားနေတာလား “
( psycho-war သတင်းမှားတွေ ပြော၊ အမှားကို အမှန်ဖြစ်အောင် ဝိုင်းလိမ်ကြတာမျိုးပါ )
အဘိုးအိုသည် အေးစက်စက် ရယ်မောကာ၊ အရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်၊ သူ၏ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများ ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းတို့သည် ပင့်ကူအိမ်တစ်ခုအလား၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ၊ အောက်သို့ ကျဆင်းလာခဲ့၏။
ဂျိန်း …….. အုမ်း
တောင်တစ်လုံးသည် မိုးကြိုးကြောင့် ပေါက်ကွဲထွက်သွားပြီး၊ အဘိုးအိုသည် ၎င်းကို ကြည့်ကာ၊ စကားထပ်ပြောလာခဲ့သည် “ ငါမဝင်နိုင်ဘူးဆိုပင်မဲ့၊ ငါ့ရဲ့မိုးကြိုးကတော့ ဝင်နိုင်တယ်၊ အခု မင်းပိတ်မိသွားပြီ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း တလေးတနက် ဖြစ်သွားကြသည်။
လုချန်ရှန်းသည် ပေါက်ကွဲသွားသည့်၊ တောင်ကို ငေးကြည့်လိုက်ပြီး၊ အပြည့်အဝ မပျောက်ကွယ်သွားသည့် မိုးကြိုးလျှပ်စီးများကို ကြည့်ကာ၊ ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။
“ အို့၊ ကြောက်လိုက်တာ၊ ခင်ဗျားတို့ကြောင့် ကျုပ်ပိတ်မိနေပြီ “
---
…………………………………………………………………………………………………………………………………..
အပိုင်း ( 144 )
ထမင်းမစားရသေးဘူးလား
လုချန်ရှန်းသည် ထိုကဲ့သို့ ပြောလိုက်ပြီး၊ လူသားအသွင် ပြောင်းထားသည့်၊ မိုးကြိုးငှက်တစ်အုပ်ကို မော့ကြည့်ကာ၊ သူ၏မျက်လုံးများ ခတ်ကာ၊ ကြောက်နေသည့်ပုံစံမျိုး ပေါ်လွင်စေရန်၊ အကောင်းဆုံးကြိုးစားနေတော့သည်။
သို့သော် သူ၏နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် တွန့်ကွေးနေလျက်ရှိ၏။
ထို့နောက်တွင် သူသည် တစ်ဖန်ပြန်၍ တွေးတောစဥ်းစားကာ၊ သူ၏ လေသံက မူမမှန်ဘဲ၊ အလွန်တရာ အေးဆေးတည်ငြိမ်သည်ဆိုသည်ကို သဘောပေါက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင်၊ သူသည် သူ၏အသံနေအသံထားကို ပြန်လည်ပြင်ဆင်ကာ၊ စကားထပ်ပြောလိုက်သည် “ ခင်ဗျားတို့က ကျုပ် ….. ကျုပ်ကို မိုးကြိုးနဲ့ အသေသတ်ဖို့ ကြံနေကြတာလား “
“ ဟက် “
မိုးကြိုးငှက်များသည် တဟားဟား ရယ်မာနေကြတော့သည်။
သူတို့က အတွင်းသို့ မဝင်နိုင်သော်လည်း၊ သူတို့သည် လုချန်ရှန်းကို ဤအတိုင်းထားထားလိမ့်မည် မဟုတ်ဘဲ၊ ဓားမြက်ကို ရအောင် ယူကြမည် ဖြစ်သည်။
ဤကမ္ဘာအတွင်းတွင် ရှိနေသည့်၊ သက်ရှိမည်မျှက မိုးကြိုးကို၊ ကြောက်လန့်ကြသနည်း။ အထူးသဖြင့် ကောင်ကင်ဘုံ ကပ်ဘေးကို ကျော်ဖြတ်ဖူးသူများဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ပြီးသည့်နောက်မှာပင်၊ သူတို့အားလုံး ကြောက်လန့်နေကြမည် ဖြစ်သည်၊ သေးငယ်သော အမှားအယွင်းတစ်ခုလေးကပင်၊ ရုပ်ခန္ဓာနှင့် နတ်ဝိညာဥ်နှစ်ခုစလုံးကို ပြိုကွဲသွားစေနိုင်၏။
မိုးကြိုးက အဖျက်စွမ်းအားကို သယ်ဆောင်ထားကာ၊ အသက်ဓာတ်ကို ဖျက်စီးလေ့ရှိ၏။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ သူ၏ခန္ဓာကိုယ်ပေါ်သို့ အနက်ရောင်ဝတ်စုံ ကျဆင်းလာခဲ့၏။ သူသည် အဝေးသို့ ငေးကြည့်ကာ၊ စကားလှမ်းပြောလိုက်သည် “ အဲ့တော့ ဘာဖြစ်လဲ။ ကျုပ်ဆီမှာ မိုးကြိုးကို တားဆီးနိုင်တဲ့၊ အထွတ်အထိပ် ရတနာတစ်ခုရှိတယ်။ မဟာတောရိုင်း ခန်းမကို ကတိပေးထားခဲ့ပြီးပြီဖြစ်တာကြောင့်၊ ဓားမြက်ကို ကျုပ်အသက်နဲ့ ရင်းပြီးတော့ ကာကွယ်မယ် “
သူ၏အသံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
အားလုံးသည် သူ့ကိုယ်ပေါ်တွင် ရှိနေသည့် အနက်ရောင်ဝတ်စုံကို၊ စိုက်ကြည့်လာခဲ့ကြသည်၊ သို့သော် သူတို့သည် ၎င်းနှင့် ပတ်သက်သည့် မည်သည့်ထူးခြားချက်ကိုမှ၊ ရှာမတွေ့ခဲ့ကြပေ။
ဓားချီတစ်ခု လည်ပတ်နေကာ၊ စိတ်စွမ်းအား ထောက်လှမ်းမှုတို့ကို၊ ဖြတ်တောက်နေသောကြောင့်၊ သူတို့သည် မည်သည့်အရာကိုမှ သတိမပြုမိလိုက်ကြပေ။
သို့ရာတွင်၊ သူတို့က မည်မျှပင် ကြည့်ရှုနေခဲ့ပါစေ၊ ၎င်းက သာမန်အနက်ရောင် ဝတ်စုံတစ်ခုသကဲ့သို့သာ ဖြစ်နေခဲ့၏၊ တစ်ခုတည်းသော ကွာခြားချက်ကမူ၊ ၎င်းက အချိန်အတော်ကြာ ဝတ်ဆင်ထားခဲ့သည့်အလား၊ အနည်းငယ် မှိန်ဖျော့နေခြင်းပင် ဖြစ်သည်။
လူတစ်ချို့သည် သူ၏စကားကြောင့် ဒေါသထွက်သွားကာ၊ အံ့ဩတကြီးဖြစ်နေသော အမူအရာများနှင့်အတူ သူ့ကို ကြည့်လာကြသည်။
“ လူယုတ်မာလိုမျိုး ဖြစ်နေတဲ့ ချင်းယီက ဒီလိုမျိုး ဖြောင့်မတ်တည်ကြည်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ အမှန်ပဲ၊ မဟာတောရိုင်း ခန်းမကို ပေးထားခဲ့တဲ့ ကတိအတွက်၊ သူက အသက်ကို ပေးပြီး၊ ခုခံဖို့အတွက်တောင် ဆန္ဒရှိနေတယ် ”
“ သူ့ရဲ့ လုပ်ရပ်တွေက လူယုတ်မာလိုမျိုး နည်းနည်းလေး ဖြစ်နေပင်မဲ့၊ သူ့ရဲ့စရိုက်ကတော့ ကောင်းပါတယ်။ ဒီလိုလူမျိုးကို တကယ်ကို သိမ်းသွင်းသင့်တယ် “
“ … “
ကောင်းကင်ဝါးမျိုငှက်များသည် စိတ်လှုပ်ရှားစွာဖြင့်၊ ဆွေးနွေးပြောဆိုနေကြပြီး၊ သူတို့၏ မျက်လုံးများအတွင်းတွင် စိတ်ခံစားချက်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
အထူးသဖြင့် ယခင်က လုချန်ရှန်းကို အထင်သေးနေခဲ့သည့်၊ ရှောင်ဟေး၏ ညီတော်စပ်သူဖြစ်ပြီး၊ သူသည် ရှောင်ဟေးက သူ့အား၊ မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့ရလဲဆိုသည်ကို၊ နားလည်သွားခဲ့၏၊ ထိုကဲ့သို့သော စိတ်သဘောထားမျိုးက အမှန်ပင် လေးစားဖွယ်ကောင်းနေခဲ့၏။
“ ငါသူ့ကို တောင်းပန်ပြီးတော့၊ သူ့နဲ့ မိတ်ဖွဲ့ရမယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေး မှင်သက်သွားခဲ့သည်။
“ သူက ဖြောင့်မတ်တည်ကြည်တာလား။ သူနဲ့မိတ်ဖွဲ့မှာလား။ သူတို့အားလုံး ရူးသွားကြတာလားဟ “
သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ၊ အောက်သို့ ငုံ့ကြည့်လိုက်ပြီး၊ လုချန်ရှန်းက မည်သည့်လှည့်ကွက်များ အသုံးပြုနေလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ သို့သော် ထိုလူက မည်သည့်ဆုံးရှုံးမှုကိုမှ၊ ခံစားရမည် မဟုတ်ဘူးဆိုသည်ကိုတော့၊ သူသေချာနေခဲ့သည်၊ ကံညံ့နေသူများ အမြဲလိုလို ရှိနေလိမ့်မည် ဖြစ်သည်။
ထိုလူ၏ အတွေးများက အလွန်တရာ နက်ရှိုင်းလွန်းလှပြီး၊ မည်သို့မျှ ခန့်မှန်း၍ မရဘဲ၊ မထင်မှတ်ထားသော နည်းလမ်းများဖြင့်၊ အောင်မြင်မှုများကို ရယူလေ့ရှိ၏။
မိုးကြိုးငှက်များကမူ ထိုစကားကို ကြားကာ၊ တဟားဟား ရယ်မောနေကြတော့သည်။
သူတို့၏ အမြင်တွင်မူ၊ လုချန်ရှန်းကမူ ကောင်းကင်ဘုံ ကပ်ဘေးကို မကျော်လွှားဖူးဘဲ၊ မိုးကြိုးနည်းစနစ်များ၏ စွမ်းအားကိုသတိမပြုမိသည့်၊အကြောက်အလန့်ကင်းကာ၊ မောက်မာသည့် အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်နေခဲ့သည်။
သူတို့သည် မှော်ပစ္စည်းဟု ခေါ်ဆိုသည့် အရာက၊ ကောင်းကင်ယံတွင် ပြည့်နှက်နေသည့် မိုးကြိုးများကို တောင့်ခံနိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။
မွေးရာပါ မိုးကြိုးနည်းစနစ်ဆိုသည်မှာ သူတို့မျိုးနွယ်စု၏ ဂုဏ်သိက္ခာဖြစ်သည်။
“ ချင်းယီ၊ မင်းက တော်တော်လေးကို ခေါင်းမာနေတယ်ဆိုမှတော့၊ တစ်ခြားလူတွေကို အပြစ်မတင်နဲ့တော့ “
ဂျိန်းးးးး
မိုးခြိမ်းသံတစ်သံ ပေါက်ထွက်လာခဲ့ပြီး၊ လူတိုင်း၏ စိတ်နှလုံးသားများကို လှုပ်ရမ်းသွားစေခဲ့၏။ ငွေရောင်မိုးကြိုးလျှပ်စီးတန်းတစ်ခုသည် လေထုကို ထိုးဖောက်ကာ၊ လုချန်ရှန်းထံသို့ ပြေးဝင်လာခဲ့သည်။
ကောင်းကင်နှင့်ကမ္ဘာမြေတို့၏ အရောင်များ ချက်ချင်းပြောင်းလဲသွားကာ၊ သူတို့သည် ကောင်းကင်ဘုံနှင့် ဆက်သွယ်နေသည့်အလား ဖြစ်နေခဲ့သည်။
အားလုံး၏ အကြည့်များအောက်မှာပင်၊ အလင်းတန်းများ လိမ်ယှက်လာခဲ့၏။ မိုးကြိုးသည် ဓားချီကို ထိုးဖောက်လာခဲ့ပြီး၊ ၎င်း၏ စွမ်းအားတစ်ချို့ ပျောက်ကွယ်သွားပုံရကာ၊ လုချန်ရှန်းကို တိုက်ခိုက်လာခဲ့သေး၏။
ခရက်
ကျယ်လောင်သော အသံတစ်သံနှင့်အတူ၊ လုချန်ရှန်းသည် ချက်ချင်းလွင့်ထွက်သွားကာ၊ မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားခဲ့သည်။
“ ဟက် “
“ မိုးကြိုးကို တားဆီးနိုင်တဲ့ အထွတ်အထိပ် ရတနာတစ်ခုရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား “
မိုးကြိုးငှက်တစ်ကောင်မှ အေးစက်စွာ လှောင်ပြောင်လာခဲ့၏။
လုချန်ရှန်းသည် သူ့ကိုယ်သူ ထူမကာ၊ တုံ့ပြန်လိုက်သည် “ ငှက်အိုကြီး၊ ငါအဆင်သင့် မဖြစ်သေးလို့ကွ။ မင်းက တကယ်ကြီးကို ခိုးကြောက်ခိုးဝှက် တိုက်ခိုက်ခဲ့တာပဲ။ ဘယ်လောက် အရှက်မဲ့လိုက်လဲ “
“ အသင့်မဖြစ်သေးတာလား။ အခုရော အသင့်ဖြစ်ပြီလား “
ထို့နောက်တွင် နောက်ထပ် မိုးကြိုးတစ်ခု ပစ်ခွင်းလာခဲ့၏။
ဤတစ်ကြိမ်တွင်မူ၊ လုချန်ရှန်းသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်ကာ၊ သူ၏စိတ်ကို ဖြေလျော့ပေးလိုက်ပြီး၊ မိုးကြိုးကို သူ၏ခန္ဓာကိုယ်ပေါ်သို့၊ ကျဆင်းခွင့် ပြုလိုက်၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး ချက်ချင်းတုန်ရင်သွားပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းမှ၊ ဝိညာဥ်ချီ ပေါက်ထွက်လာခဲ့ကာ၊ မှော်စွမ်းအားအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
အလင်းတန်းများ ထပ်မံ၍ လိမ်ယှက်လာခဲ့ပြီး၊ မိုးကြိုးလျှပ်စီး စီးကြောင်းများ အဆက်မပြတ် မြင့်တက်လာခဲ့၏။
လုချန်ရှန်းထံမှ ငြင်သာသော ညီးတွားသံတစ်ခု ပေါ်ထွက်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုက ကောင်းကင်ဘုံကပ်ဘေးလောက် မစွမ်းသော်လည်း၊ အပြင်ဘက်တွင်သာ အမြဲလိုလို ပိတ်ဆို့တားဆီးခံခဲ့ရ၏၊ သို့သော် ဤတစ်ကြိမ်မူ၊ ၎င်းက သူ၏ခန္ဓာကိုယ်အတွင်းသို့ အမှန်တကယ် ဝင်ရောက်လာခဲ့၏။
ဦးခေါင်းမှ ခြေဖျားအထိ၊ သူ၏အသွေးအသားတိုင်းထံသို့၊ မိုးကြိုးများ စိမ့်ဝင်လာခဲ့သည်။
“ မင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာကို ငါကြည့်ဦးမယ် “
မိုးကြိုးငှက်မှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့၏။ အစတွင် ၎င်းသည် လုချန်ရှန်းက အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးသာ ဖြစ်သောကြောင့်၊ အများဆုံးအနေဖြင့်၊ နှစ်ကြိမ်မျှ မိုးကြိုးအပစ်ခံခဲ့ရပြီးသည့်နောက်တွင်၊ ဝိညာဥ်လွင့်ထွက်ကာ၊ ပြိုကွဲသွားလိမ့်မည်ဟုသာ ထင်နေခဲ့သည်။
သို့ရာတွင်၊ သူသည် တိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့ကာ၊ မထိမခိုက်ဖြင့်၊ ထိုနေရာတွင် ထိုင်နေသေးသည်။
၎င်းသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ၊ အောက်ဘက်သို့ မိုးကြိုးများ အဆက်မပြတ် ပို့လွှတ်နေတော့၏။ ကောင်းကင်ပြင်သည် တဒုန်းဒုန်း အော်မြည်နေခဲ့ပြီး၊ မိုးကြိုးစွမ်းအားများ အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။
စောင့်ကြည့်နေသူတိုင်းသည် အံ့ဩတကြီးဖြစ်သွားကြကာ၊ သူ၏ အနက်ရောင်ဝတ်စုံ ငေးကြည့်လာကြ၏။
“ အဲ့ဒီအထွတ်အထိပ် ရတနာက တကယ်ကို ထူးခြားတာပဲ၊ မိုးကြိုးကိုတောင် တကယ်ကြီး တောင့်ခံနေနိုင်တယ် “
“ ကြည့်ရတာတော့ ရှားပါးရတနာတစ်ခု ဖြစ်မဲ့ပုံပဲ။ မှိန်ဖျော့နေတဲ့ အမှတ်အသားတွေကို ကြည့်ရသလောက်အရဆိုရင်၊ အဲ့တာက အချိန်ကာလရဲ့ တိုက်စားမှုကိုပါ တောင့်ခံနိုင်ဖို့များတယ် “
“ အမှန်ပဲ၊ အဲ့လိုပစ္စည်းမျိုးကို အခုမှပဲ မြင်ဖူးတာ “
“ … “
ပတ်ပတ်လည်ရှိ အာမေဋိတ်သံများကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေး၏ နှုတ်ခမ်းများ တွန့်လိမ်သွားခဲ့သည်။ ဘာကို အထွတ်အထိပ် ရတနာလဲ။ အဲ့တာက သာမန်အဝတ်အစားလေးတစ်ခုပဲ၊ လူတွေကို ဒုက္ခပေးတဲ့ အချိန်မှာ၊ ထုတ်ဝတ်တဲ့ မကောင်းမှု ပစ္စည်းကွ
အရောင်မှိတ်နေတာက၊ သူက အသစ်ဝယ်ဖို့၊ ကပ်စီးနည်းလွန်းနေပြီးတော့၊ ဝတ်တာ တော်တော်ကြာနေလို့ဟေ့
ဂျိန်းးးး
သူက စိတ်ထဲမှ တိတ်တဆိတ် စောဒကတက်နေသည့် အချိန်မှာပင်၊ မိုးကြိုးတစ်စင်း ထပ်မံ၍ ပစ်ခွင်းလာခဲ့သည်။
လုချန်ရှန်းသည် သူ၏နေရာမှာပင် ထိုင်ကာ၊ အဆက်မပြတ်ဖြစ်ပေါ်လာသည့်၊ အတွင်းအပြင် နာကျင်မှုနှစ်ခုစလုံးကို တောင့်ခံနေရင်းဖြင့်၊ တစ်ချိန်တည်းမှာပင်၊ သူ၏ခန္ဓာကိုယ်အတွင်းသို့ ကြွယ်ဝသော ဝိညာဥ်ချီများ စီးဝင်လာခဲ့၏။
မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်၏ တိုက်ခိုက်မှုက၊ ရှန်လင်း၏ မိုးကြိုးထပ် ပိုမိုအားကောင်းနေလျက်ရှိပြီး၊ သူ့စိတ်ထဲတွင် ရှိနေသည့်၊ အတွေးများက မှုန်ဝါးမနေတော့ဘဲ၊ ပိုမိုရှင်းလင်းပြတ်သားလာခဲ့သည်။
မိုးကြိုးလျှပ်စီးတန်းများက ဆက်တိုက်ကျဆင်းလာခဲ့သောကြောင့်၊ သူသည် မိုးကြိုးတာအိုကို ပိုမိုချဥ်းကပ်နေနိုင်ခဲ့၏၊ ဖြစ်စဥ်က နာကျင်ရသော်လည်း၊ သူသည် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။
အပြည့်အဝ လိုက်လျောညီထွေ ဖြစ်သွားသည့် အချိန်တွင်၊ သူသည် မိုးကြိုးတာအိုကို အမှန်တကယ် ဖမ်းဆုပ်နိုင်လိမ့်မည် ဖြစ်သည်။
တစ်ခြားတစ်ဖက်တွင် ရှိနေသည့် မိုးကြိုးငှက်များကမူ၊ မထိမခိုက်ရှိနေသည့် လုချန်ရှန်းကို ကြည့်ကာ၊ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
“ အဲ့ဒီအနက်ရောင် ဝတ်စုံက မိုးကြိုးစွမ်းအားကို တကယ်ကြီး လျစ်လျူရှုထားနိုင်တာလား “
“ ဒီမှာ အချိန်မဖြုန်းနဲ့တော့။ တကယ်လို့ မဟာတောရိုင်း ခန်းမက လူတွေ ရောက်လာမယ်ဆိုရင်၊ ငါတို့က ဓားမြက်ကို တကယ်ကြီးလက်လွှတ်လိုက်ရလိမ့်မယ် “
“ တိုက် “
ချက်ချင်းဆိုသလိုပင်၊ ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့ပြီး၊ သူက သူ၏အစစ်အမှန်ပုံစံအဖြစ်၊ အသွင်ပြောင်းသွားသကဲ့သို့၊ ငွေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။
ကြီးမားသော မိုးကြိုးငှက်ကြီးတစ်ကောင်က အပေါ်သို့ တက်လာခဲ့ပြီး၊ ကောင်းကင်ထက်တွင် မိုးကြိုးများ ဟိန်းဟောက်လာခဲ့၏။ လေထုအတွင်းသို့၊ ငွေရောင်မိုးကြိုးလျှပ်စီး စီးကြောင်းများ ကျဆင်းလာခဲ့ပြီး၊ လုချန်ရှန်းကို တိုက်ခိုက်လာကြ၏။
လူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ၊ နောက်လူတစ်ဦးပါ လှုပ်ရှားလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှ မိုးကြိုးများ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။
အားလုံးသည် မိုးကြိုးများ ပစ်ခွင်းလာခဲ့ပြီး၊ ကမ္ဘာမြေနှင့် တောင်တန်းများ လှုပ်ရမ်းသွားသည်ကို၊ မြင်တွေ့လိုက်ကြရသည်။ အားလုံး၏ အကြည့်များအောက်မှာပင်၊ ဤနေရာတစ်ခုလုံးကို မိုးကြိုးများ ဖုံးအုပ်လာခဲ့သည်။
ဓားချီက ၎င်း၏ စွမ်းအားတစ်ချို့ကို ချေဖျက်ပေးနိုင်သော်လည်း၊ ၎င်းသည် လူတိုင်း၏ စိတ်နှလုံးသားများကို လှုပ်ရမ်းသွားစေသေး၏။
“ မီထျန်း၊ မင်းက တကယ်သွားမကူတော့ဘူးလား “ ရှောင်ဟေး၏ ညီတော်စပ်သူမှ မေးမြန်းလာခဲ့၏။
တစ်ခြားလူများမှာလည်း မနေနိုင်တော့ဘဲ၊ လှည့်ကြည့်လာကြသည်။
သို့ရာတွင် ရှောင်ဟေးကမူ ခေါင်းခါပြကာ၊ တုံ့ပြန်လိုက်၏ “ သူက ဘယ်လိုလှည့်ကွက်မျိုး သုံးနေတာလဲဆိုတာကို ငါမသိပင်မဲ့၊ တကယ်လို့ အကူအညီ လိုအပ်တယ်ဆိုရင်၊ သူကိုယ်တိုင် ထုတ်ပြောလာလိမ့်မယ်၊ တကယ်လို့ …… “
“ ဘာတကယ်လို့လဲ “ တစ်စုံတစ်ဦးမှ မေးမြန်းလာခဲ့သည်။
ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ တုံ့ပြန်လိုက်သည် “ တကယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စတွေသာ မဖြစ်လာဘူးဆိုရင်၊ မိုးကြိုးငှက်တွေက ဒီတစ်ကြိမ်မှာ တော်တော်ကြီးကို ဒုက္ခရောက်သွားလိမ့်မယ် “
“ အတည်ကြီးလား “
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ ယခုလက်ရှိ အခြေအနေများအရ၊ မိုးကြိုးငှက်များက အသာစီးရနေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့ပြီး၊ အောက်ဘက်တွင် ရှိနေသည့် လူကမူ အဆက်မပြတ် တိုက်ခိုက်ခံနေခဲ့ရကာ၊ မည်သို့မျှရုန်းမထွက်နိုင်ခဲ့ပေ။
လုချန်ရှန်းမှာလည် သူ၏ခန္ဓာကိုယ် အနေအထားကို ပြောင်းလဲကာ၊ ကောင်းကင်ထက်သို့ ခက်ခက်ခဲခဲ ခေါင်းမော့၍ ကြည့်လာခဲ့သည်။
အားလုံးသည် သူအရှုံးပေးလာပြီဟုသာ ထင်သွားကြသည်။
မိုးကြိုးငှက်များမှာလည်း တပြုံးပြုံး ဖြစ်သွားကြကာ၊ သူအသနားခံလာမည့် အချိန်ကို စောင့်ဆိုင်းနေကြတော့၏။
သို့ရာတွင် လုချန်ရှန်း၏ ပါးစပ်မှ ဟိန်းထွက်လာသည့်၊ စကားတစ်ခွန်းသည် လူတိုင်းကို နေရာမှာတင်၊ အေးခဲတောင့်တင်းသွားစေခဲ့သည်။
“ မင်းတို့ဆီမှာ လူတစ်ယောက်ကို ရိုက်နှက်နိုင်မဲ့ ခွန်အားတောင် မရှိဘူးလားဟ၊ မင်းတို့က အဲ့တာကို ဂုဏ်ယူနေကြသေးတာလားဟ။ မင်းတို့က ထမင်းမစားရသေးဘူးလား “
---
……………………………………………………………………………………………………………………………………