← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အပိုင်း ( 145 )

မိုးကြိုးတာအို မျိုးစေ့

လူငယ်လေးသည် သူ၏ခန္ဓာကိုယ်ကို၊ အဆက်မပြတ် ထိုးနှက်နေသည့်၊ မိုးကြိုးများကို ကြည့်ကာ၊ အံကြိတ်၍ အော်ပြောလာခဲ့သည်။

ပွဲကြည့်ပရိတ်သတ်အားလုံး တအံ့တဩ ဖြစ်သွားကြသည်။

မိုးကြိုးငှက်များသည် အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း၊ နောက်ပိုင်းတွင် ဒေါသတကြီး ဖြစ်သွားကြသည်။ ၎င်းက ပေါ်တင်ရန်စမှုတစ်ခုဖြစ်ပြီး၊ မည်သူကမှ ၎င်းကို သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

“ ဒီနေ့မှာ မင်းခန္ဓာကိုယ်က ပိုမာလား၊ ဒါမှမဟုတ် မင်းရဲ့ ပါးစပ်က ပိုမာလားဆိုတာကို၊ ငါကြည့်မယ် “

ဝှစ် ဝှစ်

ချက်ချင်းဆိုသလိုပင်၊ ထိုလူနှစ်ဦးတည်းသာလျှင် မဟုတ်ဘဲ၊ ပိုများသော မိုးကြိုးငှက်များက ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့ကြသည်။ လေထုအတွင်းတွင် ငွေရောင်မိုးကြိုးတို့ဖြင့်၊ ပြည့်နှက်သွားပြီး၊ ပိုက်ကွန်တစ်ခုကဲ့သို့၊ လှည့်ပတ်လိမ်ယှက်လာခဲ့ကာ၊ မြေပြင်ကို ရိုက်ချလာခဲ့၏။

ဓားချီများ ရုန်းကြွကာ၊ မိုးကြိုးများ သောင်းကျန်းလာခဲ့၏။

အားကောင်းသော စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ မိုးကြိုးခြိမ်းသံများသည် တိမ်တိုက်များထံမှ၊ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး၊ တစ်ညီတစ်ညာတည်း ဟိန်းဟောက်လာခဲ့ကြသည်။

“ အားးးး “

တစ်ပြိုင်နက်ဆိုသလိုပင်၊ အော်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။ လုချန်ရှန်း၏ ခန္ဓာကိုယ် တုန်ရင်သွားကာ၊ လဲပြိုလုမတတ် ဖြစ်သွားခဲ့သည်၊ သို့သော် သူ၏နှုတ်ခမ်းများကမူ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင်၊ မိုးကြိုးလျှပ်စီးများ ကခုန်နေလျက်ရှိပြီး၊ သူ၏ခန္ဓာကိုယ်တွင် ထိုစွမ်းအားတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။

အဆိုပါ မိုးကြိုးလျှပ်စီးများ အဆက်မပြတ်၊ ကျဆင်းလာသည်နှင့်အမျှ၊ သူ၏ခန္ဓာကိုယ် အတွင်းတွင် ဝိညာဥ်ချီ စီးကြောင်းများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့ပြီး၊ သူ့ကို အားဖြည့်ပေးရန်အတွက်၊ မှော်စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့၏။

သူ၏မွေးရာပါ ဝိညာဥ်၏ ဘေးဘက်တွင်၊ ဝေဝေဝါးဝါး ပုံစံကွက်များ ဖြစ်တည်လာခဲ့ပြီး၊ တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ၊ ပျံ့လွင့်သွားပြီး၊ ၎င်းတို့က မည်သည့်အရာများဖြစ်လဲဆိုသည်ကို ခွဲခြားရ ခက်ခဲသွားစေခဲ့သော်လည်း၊ နေရာအနှံ့တွင် လွှမ်းမိုးကြီးစိုးသည့် အရှိန်အဝါတစ်ခု၊ ထွက်ပေါ်နေလျက်ရှိ၏။

၎င်းက မိုးကြိုးတာအို အမှန်တရား ဖြစ်ပုံရသည်။ လုချန်ရှန်းသည် ၎င်းကို အဆက်မပြတ် စူးစမ်းလေ့လာနေခဲ့ပြီး၊ ၎င်းက နာကျင်ရသော်လည်း၊ သူသည် ၎င်းကို တောင့်ခံနေနိုင်ခဲ့သည်။

၎င်းသည် အတိတ်က သူခံစားခဲ့ရသည့် နာကျင်မှုများနှင့်၊ ကောင်းကင်ဘုံကပ်ဘေးထပ်၊ အဆပေါင်းများစွာ ပိုမိုသိမ်မွေ့နေလျက်ရှိ၏။

သူသည် အမှန်တရားကို အာရုံခံမိနေခဲ့ပြီဖြစ်သော်လည်း၊ ၎င်းက လုံလုံလောက်လောက် မရှင်းလင်း၊ မပြတ်သားသေးပေ။

သို့ရာတွင် ၎င်းတို့က အားလုံးက ပြဿနာ ဟုတ်မနေခဲ့ပေ။ သူ၏အမြင်တွင်မူ၊ သူက ၎င်းကို မထိတွေ့နိုင်ဘူးပါက၊ ၎င်းက မိုးကြိုးများ မလုံလောက်သေးဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်၏။ အဆိုပါ ဖြစ်စဥ်က ဆက်လက်ဖြစ်တည်လာသည်နှင့်အမျှ၊ သူ၏ မိုးကြိုးတာအို နားလည်မှုက၊ ပိုမိုရှင်းလင်းလာခဲ့ပြီး၊ သူကိုယ်တိုင်မှာလည်း မိုးကြိုးဒဏ်ကို စတင်၍၊ ခံနိုင်ရည်ရှိလာခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌၊ ၎င်းက သူ့အတွက် ကောင်းသောကိစ္စတစ်ခု မဟုတ်ပေ။

သူသည် ကောင်းကင်ထက်သို့၊ ရုတ်တရက် မော့ကြည့်ကာ၊ စကားထပ်ပြောလိုက်သည် “ ဘာကို မိုးကြိုးငှက်လဲ။ မင်းတို့ကိုယ်မင်းတို့ မိုးကြိုးတာအို နိယာမကို ကျွမ်းကျင်တယ်လို့၊ ကြွေး‌ကြော်နေကြပင်မဲ့၊ မင်းတို့ရဲ့ မိုးကြိုးက ဘာကိစ္စ တော်တော်ကြီးကို အားနည်းနေရတာလဲ၊ မင်းတို့က ထမင်းမစားရသေးဘူးလား “

“ ပြန်သွားပြီး၊ လေ့ကျင့်လိုက်ကြဦး။ ပြီးမှ ထပ်လာခဲ့၊ တကယ်လို့ မစားရသေးဘူးဆိုရင်လည်း၊ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်၊ ငါမင်းတို့အားလုံးကို ထမင်းကျွေးမယ် “

စကားများ တစ်ခွန်းပြီးတစ်ခွန်း၊ ဟိန်းထွက်လာခဲ့ပြီး၊ အရပ်မျက်နှာလေးခုစလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့၏။ လူတိုင်းသည် သူ့ကို ငေးကြည့်လာခဲ့ကာ၊ မယုံကြည်နိုင်ဖြစ်သွားကြသည်။

“ သူက ဖုန်မှုန့်အဖြစ်တောင် ပြောင်းတော့မှာကို၊ အော်ကျယ်အော်ကျယ်နဲ့ ရန်စနေရဲသေးတာလားဟ “

“ သူတုန်နေတာကိုတောင် ငါမြင်နေရတယ်၊ သူ့ရဲ့ ပါးစပ်က အဲ့လောက်တောင် ခေါင်းမာနေသေးတာလားဟ “

“ အဲ့တာက မိုးကြိုးငှက်မျိုးနွယ်ကိုယ်တိုင်က ဂုဏ်ယူဝင့်ကြွားရတဲ့ မွေးရာပါ စွမ်းရည်လေ။ အဲ့တာကို မကောင်းဘူးလို့ ပြောနေတာက၊ မိုးကြိုးငှက်တွေကို ပိုပြီးတော့ ဒေါသထွက်သွားစေနိုင်တယ်ဆိုတာကို၊ မသိဘူးလားဟ “

“ သူ့ဆီမှာ အဲ့ပါးစပ်တစ်ခုပဲ၊ အကောင်းအတိုင်း ကျန်နေတော့တာ ဖြစ်နိုင်တယ် “

“ … “

အားလုံးသည် စိတ်လှုပ်ရှားတကြီး ဆွေးနွေးပြောဆိုနေလျက်ရှိ၏၊ အထူးသဖြင့်၊ တုန်တုန်ရင်ရင် ဖြစ်နေသော်လည်း၊ ဇွဲမလျှော့စတမ်းဆက်လက်၍ တောင့်ခံနေသည့် လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် ဖြစ်ပြီး၊ ၎င်းက အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့၏။

ရှောင်ဟေးသည်မှာလည်း နားမလည်နိုင်ဖြစ်နေခဲ့သည်၊ သူသည် ထိုကောင်က မည်သည့်အရာများ ပြုလုပ်နေလဲဆိုသည်ကို လုံးဝမသိပေ။

အကယ်၍ သူသာ ထွက်သွားချင်သည်ဆိုပါက၊ မိုးကြိုးငှက်မျိုးနွယ်စုမှ လူများက သူ့ကို မည်သို့မျှ တားဆီးနိုင်လိမ့်မည်၊ မဟုတ်ပေ။ သို့သော် သူသည် ဤနေရာတွင်သာ အတင်းအကြပ် ကပ်တွယ်နေခဲ့ပြီး၊ မိုးကြိုးအပစ်ခံနေခဲ့၏။

“ သူက မိုးကြိုးငှက်တွေကို အသုံးချပြီးတော့၊ သူ့ရဲ့ ရုပ်ခန္ဓာကို ပြုပြင်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ်၊ သူက တကယ်ကြီးကို ထပ်ပြီးတော့၊ အရိုက်ခံချင်နေတာလား “ ရှောင်ဟေးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေ၏။

အသံများဆက်တိုက် ပေါ်ထွက်ကာ၊ ဆူညံနေလျက်ရှိ၏။

မိုးကြိုးငှက်များသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး၊ ထိုစကားများကို ကြားကာ၊ လုံးဝဒေါသထွက်သွားကြသည်။

ကောင်းကင်ယံတွင် ရှိနေသည့် မိုးကြိုးငှက် အကုန်လုံးသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ၊ ဆင်းသက်လာကြသည်၊ ကောင်းကင်နှင့် ကမ္ဘာမြေ မြည်ဟီးလာခဲ့ပြီး၊ မိုးကြိုးလျှပ်စီးများသည် ပိုက်ကွန်ကြီးတစ်ခုသဖွယ်၊ လိမ်ယှက်လာခဲ့ပြီး၊ ကမ္ဘာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။

လုချန်ရှန်းသည် လူတိုင်းကို ကျောပေးကာ၊ မိုးကြိုးများကို ရင်ဆိုင်လိုက်သည်။

သူ၏နည်းစနစ် ကြာချိန်က ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး၊ ၎င်းကို ထပ်မံ၍ အသုံးပြုရန်အတွက်၊ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။ ၎င်းက ယခင်ကလောက် မကြာတော့သော်လည်း၊ တစ်ရက်ကျော်အထိ၊ အချိန်ယူရဦးမည် ဖြစ်သည်။

အရာအားလုံး ဆက်လက်ဖြစ်ပွားနေခဲ့၏၊ မဟာတောရိုင်း ခန်းမမှ လူများ မရောက်ရှိလာသေးပေ။ ထို့အစား တစ်ခြားလူများသာ ဤနေရာသို့ စုပြုံလာကြ၏။

ဤနေရာရှိ လှုပ်ခတ်မှုက အလွန်တရာ ကြီးမားနေသောကြောင့်၊ ဘက်ပေါင်းစုံမှ ပရိတ်သတ်များကို ဆွဲဆောင်သွားခဲ့၏။

နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှာလည်း ထိုသတင်းကို အနံ့ခံမိသွားကာ၊ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

၎င်းသည် မွေးရာပါ ဝိညာဥ်နယ်ပယ်တွင် ရှိသည့် အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏အမည်က ချူယင်ဖြစ်ပြီး၊ ဝါစဥ်အရ ပြောရမည်ဆိုပါက၊ သူက ချူချန်ခုန်း၏ ဦးလေးဖြစ်သည်ဟု၊ သတ်မှတ်ရလိမ့်မည် ဖြစ်သည်။

လုချန်ရှန်းက ပိတ်လှောင်ခံထားရပြီး၊ မိုးကြိုးပစ်ခံနေရသည်ကို မြင်လိုက်ရသောအခါတွင်၊ သူသည် ကျယ်လောင်စွာ အော်ရယ်နေတော့၏။

“ အဲ့ကလေးက တော်တော်ကြီးကို မုန်းဖို့ကောင်းတယ်၊ နောက်ဆုံးတော့ သူပြစ်ဒဏ်ခံနေရပြီပေါ့။ မိုးကြိုးငှက်မျိုးနွယ်စုက လူထုအတွက်၊ အန္တရာယ်ကို ဖယ်ရှားပေးနေတာပဲ “

ချူယင်၏ အသံ ဟိန်းထွက်လာခဲ့သည်။

နှစ်ဖက်စလုံးက ကမ္ဘာမကြေရန်သူများ ဖြစ်နေခဲ့ပြီဖြစ်သောကြောင့်၊ သူတို့က သူ့ကို အကြိမ်တစ်ရာလောက်အထိ၊ သေစေချင်ခဲ့သည်မှာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။

မိုးကြိုးငှက်တစ်ကောက်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့ပြီး၊ ထိုနေရာကို ကြည့်ကာ၊ စကားပြောလိုက်သည် “ မင်းအောင်ပွဲခံတာ စောလွန်းနေသေးတယ်။ ဒီလူက တကယ်ကို သတ်ရခက်တယ် “

“ သတ်ရခက်တာလား။ ဘာဖြစ်လို့လဲ “

“ သူ့ကိုယ်ပေါ်မှာ ရှိနေတဲ့ အနက်ရောင်ဝတ်စုံကြောင့်ပဲ၊ အဲ့တာက သာမန်ဆန်နေပုံရပင်မဲ့၊ မိုးကြိုးတွေကို အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့တယ်။ အဲ့တာက ရှားပါး ရတနာပစ္စည်းတစ်ခုပဲ ဖြစ်ရမယ် “

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ သူတောင့်မခံနိုင်တော့ပါဘူး “

သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ရင်နေခဲ့ကာ၊ အနက်ရောင် ဝတ်စုံမှာလည်း၊ ထိခိုက်ပြီးရင်း၊ ထိခိုက်နေလျက်ရှိ၏။ အနက်ရောင်ဝတ်စုံက အပြည့်အဝ ပျက်စီးသွားနှင့်တစ်ပြိုင်နက်၊ သူ့ကို မည်သူကမှ ကယ်တင်နိုင်တော့မည် မဟုတ်ပေ။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ လျှပ်စီးအလင်းရောင်များသာလျှင် ကျန်ရှိနေခဲ့၏။

ရှောင်ဟေးမှာလည်း၊ ထိုစကားများကို ကြားကာ၊ အချိန်အတော်ကြာ ဆွံ့အသွားခဲ့သည်။

စုတ်ပြတ်သပ်နေတဲ့ အဝတ်စတစ်ခုကို ရှားပါးရတနာတစ်ခုလို့ ပြောနေကြတယ်ပေါ့။ ဒီကောင်တွေ အကုန်လုံး လှည့်စားခံနေရပြီပဲ။

သို့ရာတွင် လုချန်ရှန်မှာလည်း ချူယင် ရောက်ရှိလာမှုကို အာရုံခံမိသွားကာ၊ စကားလှမ်းပြောလာခဲ့၏ “ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က အဲ့ဒီခွေးသူတောင်းစားက ဘယ်ကနေရောက်လာပြီးတော့၊ ဒီနေရာမှာ လာဟောင်နေရတာလဲ။ ငါအပြင်ထွက်လာတဲ့ အချိန်ကျရင်၊ မင်းတို့အားလုံးကို သတ်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ချင်ယင်၏ မျက်လုံးများ မည်းမှောင်သွားခဲ့သည်။

“ မင်းက သေတော့မှာကိုတောင်၊ မောက်မာနေရဲသေးတယ်ပေါ့ “

“ မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ “

“ ဟားဟားဟား “

ချူယင်မှ လှောင်ပြောင်လာခဲ့ပြီး၊ သူ၏လက်ထဲတွင် ပုတီးစေ့တစ်လုံး ပေါ်ထွက်လာခဲ့သည်။ သူသည် မိုးကြိုးငှက်များကို ကြည့်ကာ၊ စကားလှမ်းပြောလိုက်၏ “ တာအိုရောင်းရင်းတို့၊ ဒါက ငါအခါအခွင့်သင့်လို့ ရခဲ့တဲ့ မိုးကြိုးပုတီးစေ့ပဲ။ အဲ့ထဲမှာ မိုးကြိုးတာအို အမှန်တရားရဲ့ အပိုင်းအစတစ်ခု ရှိတယ်၊ ပြီးတော့၊ အဲ့တာက ရန်သူကို သတ်ဖို့အတွက် ကူညီပေးနိုင်တယ် “

မိုးကြိုးငှက်များက မတုံ့ပြန်လာခဲ့ပေ။

သို့ရာတွင် ချူယင်သည် ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး၊ ပုတီးစေ့ကို မြေပြင်ပေါ်သို့၊ ရိုက်ချလိုက်သည်။ များပြားလွန်းလှသော မိုးကြိုးလျှပ်စီးများ ပေါက်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဖြစ်တည်လာခဲ့၏။ ကောင်းကင်ထက်မှ အနက်ရောင် လျှပ်စီးတန်းတစ်ခု ဆင်းသက်လာခဲ့သည်။

“ မကောင်းတော့ဘူး “

ဤတစ်ကြိမ်တွင် ရှောင်ဟေး၏ အမူအရာ လေးနက်သွားခဲ့သည်။

ချူယင်ပြောထားခဲ့သည့်အတိုင်းပင်၊ အနက်ရောင် လျှပ်စီးတန်းထံတွင်၊ မိုးကြိုးတာအို အမှန်တရား ပါဝင်နေခဲ့ပြီး၊ ၎င်းက ထုတ်လွှတ်လိုက်သည့်၊ မိုးကြိုးလျှပ်စီးများက ပိုမိုအစွမ်းထက်ကာ၊ ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ မွေးရာပါ ဝိညာဥ်အဆင့်၉ ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့၏။

ဂျိန်းးး

ကြီးမားသော ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး၊ အဆိုပါ တိုက်ခိုက်မှုသည် ကမ္ဘာမြေကို လှုပ်ရမ်းသွားစေခဲ့၏၊ လုချန်ရှန်းကမူ အပျက်အစီးများကြားတွင် လှဲလျောင်းနေလျက်ရှိပြီး၊ သူ၏အနက်ရောင် ဝတ်စုံ၏ နေရာအများစုက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

“ ဟားဟားဟား “

ချူယင်သည် ကျယ်လောင်စွာ အော်ရယ်နေခဲ့ပြီး၊ လူတိုင်း၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။

ရှောင်ဟေးသည် တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားကာ၊ အောက်သို့ ငုံ့ကြည့်နေတော့သည်။

အားလုံးပြီးဆုံးသွားပြီဟု လူတိုင်းက ထင်နေကြသည့် အချိန်မှာပင်၊ လုချန်ရှန်း ရွေ့လျားလာခဲ့သည်။

“ သူမသေသေးဘူး “

ချူယင် အံ့အားသင့်သွားခဲ့ပြီး၊ မိုးကြိုးငှက်များလည်း တအံ့တဩ ဖြစ်သွားကြသည် “ အဲ့ဒီအနက်ရောင် ဝတ်စုံက တကယ်ကို ထူးခြားတာပဲ “

အကယ်၍ မိုးကြိုးတာအိုကို နားမလည်ဘူးဆိုပါက၊ နောက်ဆုံးတိုက်ကွက်ကို မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် သူသည် ၎င်းကို တောင့်ခံနိုင်ခဲ့ပြီး၊ အနက်ရောင် ဝတ်စုံ၏ ထူးခြားသော သဘာဝကို ပြသခဲ့သည်။

သို့ရာတွင် နောက်ထပ် လူတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ သူမသေဘူးဆိုရင်တောင်မှ၊ သူက အကြာကြီးတောင့်ခံထားနိုင်မှာ မဟုတ်ဘူး “

သူတို့စကားပြောနေသည့် အချိန်မှာပင်၊ မိုးကြိုးတစ်စင်း ထပ်မံ၍ ပစ်ခွင်းလာခဲ့ပြန်သည်။

လုချန်ရှန်းကမူ ထိုနေရာမှာပင် မလှုပ်မယှက် လှဲလျောင်းကာ၊ မိုးကြိုးအပစ်ခံနေခဲ့၏။

“ ချီးပဲ “

ရှောင်ဟေး၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်၊ သို့သော် ဓားဆန္ဒ အပိုင်းအစတစ်ခု ချဥ်းကပ်လာခဲ့ပြီး၊ ၎င်းနှင့်အတူ အသံတစ်သံပါ အဖော်ပြု လိုက်ပါလာခဲ့သည်။

“ မလှုပ်နဲ့ “

ဟမ်

ထိုစကားကိုကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေးသည် နေရာမှာတင် အေးခဲတောင့်တင်းသွားခဲ့သည်။

သူသည် ၎င်းက လုချန်ရှန်း၏ အသံဆိုသည်ကို သိနေခဲ့သည်။

သို့သော် ထိုအကောင်က ဘာလုပ်ချင်နေလဲဆိုသည်ကို၊ နားမလည်သေးပေ။

မိုးကြိုးများ လိမ်ယှက်နေကာ၊ သူ၏ခန္ဓာကိုယ်အပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့သည်၊ လုချန်ရှန်းသည် မျက်လုံးများ မှိတ်ထားပြီး၊ မြေပြင်ပေါ်တွင် လှဲလျောင်းနေကာ၊ ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို တိတ်တဆိတ် အာရုံခံနေလျက်ရှိ၏။

နောက်ဆုံးတိုက်ကွက်က အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ အကယ်၍ သူက ၎င်းကို တောင့်ခံနိုင်ခဲ့သည်ဆိုလျှင်တောင်မှ၊ ၎င်းက ခက်ခဲကြမ်းတမ်းနေလိမ့်မည် ဖြစ်သည်။ သို့သော် သူသည် ဓားဆန္ဒဖြင့်၊ ၎င်း၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခဲ့၏၊ အကယ်၍ တစ်ခုခု မှားယွင်းသွားမည်ဆိုပါက၊ သူသည် ကန်းယွင်ကားချပ်ကို အသုံးပြုကာ၊ ၎င်းကို ဖိနှိပ်လိုက်မည် ဖြစ်သည်။

ဤအချိန်၌၊ ကြွယ်ဝသော ဝိညာဥ်ချီများ အဆက်မပြတ် မြင့်တက်လာခြင်းအပြင်၊ သူ့ခန္ဓာကိုယ်အတွင်းတွင်၊ ရှိနေသည့် ပုံစံကွက်များမှာလည်း၊ တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ သူ၏ မွေးရာပါ ဝိညာဥ်သည် ကန်းယွင်ကားချပ်ကို ချထားလိုက်ပြီး၊ ခက်ထန်သော အမူအရာနှင့်၊ အဆိုပါ ပုံစံကွက်များကို ဖမ်းဆုပ်လိုက်သည်။

လက်ထဲတွင် ဆုပ်ကိုင်ခံထားရသည့်၊ ပုံစံကွက်များကို စောင့်ကြည့်နေရင်းဖြင့်၊ မှော်စွမ်းအားများ အဆက်မပြတ် မြင့်တက်လာကာ၊ ရောနှောလာခဲ့ပြီး၊ သေးငယ်သော အလင်းလုံးတစ်ခုအဖြစ် ဖွဲ့စည်းကာ၊ မျိုးစေ့တစ်ခုကဲ့သို့၊ သူ၏လက်ဝါးအတွင်းတွင် မျောလွင့်နေလျက်ရှိပြီး၊ အတွင်းတွင် မိုးကြိုးလျှပ်စီး အပိုင်းအစ ရှိနေကာ၊ အပင်ပေါက်၍၊ ရှင်သန်ကြီးထွားလာရန် စောင့်ဆိုင်းနေတော့၏။

၎င်းက မိုးကြိုးလျှပ်စီးပင်ဖြစ်၏။ မိုးကြိုးပုတီးစေ့၏ ကူညီမှုသာ မရှိဘူးဆိုပါက၊ သူကိုယ်တိုင်မှာလည်း၊ သူက ၎င်းကို ဖွဲ့စည်းနိုင်မလားဆိုသည်ကို၊ မရေရာ၊ မသေချာဖြစ်နေခဲ့သည်။

၎င်းထံမှ မွေးဖွားလာသည့် အရာဖြင့်၊ သူသည် မိုးကြိုးတာအိုကို နားလည်နိုင်တော့မည် ဖြစ်သည်။

လုချန်ရှန်းသည် အသက်ကို ဖြည်းဖြည်းချင်း၊ ရှူသွင်းနေတော့၏၊ မိုးကြိုးအပစ်ခံခဲ့ရတာက အလဟာသ မဖြစ်ခဲ့ဘူးပဲ၊ ဟာဟား …….

---

……………………………………………………………………………………………………………………………………….

အပိုင်း ( 146 )

ငါ့ဆီမှာ နောက်တစ်ခု ရှိတယ်

ထိုအချိန်တွင်၊ ဘက်ပေါင်းစုံမှ အကြည့်ပေါင်းများစွာ စုဆုံလာခဲ့သည်။

မွေးရာပါ ဝိညာဥ်သည် ကန်းယွင်ကားချပ်ကို၊ သူ၏ကျောပေါ်တွင် သယ်ဆောင်ထားပြီး၊ မျိုးစေ့ကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ဆောင်နေလျက်ရှိ၏။

ပတ်ဝန်းကျင်ရှိ မိုးကြိုးများ ငြိမ်သက်သွားခဲ့သည်။

လူတိုင်းက သူ့ကို ကြည့်လာကြပြီး၊ ချူယင်ကပင် လှောင်ပြောင်လာခဲ့၏၊ သူ၏မျက်လုံးများ အတွင်းတွင် အငြိုးအတေးတို့ဖြင့်၊ ပြည့်နှက်နေခဲ့၏။

“ အဲ့လိုဆိုရင်၊ သူသေဖို့များနေပြီ “

“ ဟက်၊ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီး၊ ငါတို့ မျိုးနွယ်စုနဲ့ လာယှဥ်နေရဲတာကိုး၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ “

“ ငါတို့က သူ့ကို အရင်ကတည်းက အခွင့်အရေး ပေးခဲ့တယ်၊ တကယ်လို့ ဓားမြက်ကို ထားခဲ့မယ်ဆိုရင်၊ ငါတို့ကို သူ့ကို လွှတ်ပေးလိုက်မှာ၊ ဒါပင်မဲ့၊ သူက သူ့အတွက် ဘာကကောင်းလဲဆိုတာကိုမှ မသိတာ၊ အဲ့တော့ သူများတွေကို အပြစ်လိုက်တင်နေလို့ မရဘူး “

“ … “

အသံများ ပေါက်ထွက်လာကာ၊ အကြည့်များ ပြောင်းလဲသွားသည်၊ တစ်ခြားလူများသည် အသာအယာ သက်ပြင်းချနေကြတော့သည်၊ ပါရမီရှင်တစ်ဦးက ထိုကဲ့သို့ ကျဆုံးသွားခြင်းမှာ၊ အနည်းငယ် နှမြောဖွယ်ကောင်းနေခဲ့ပြီး၊ လူတစ်ချို့ကို သနားစိတ်များ ဝင်သွားစေခဲ့၏။

ကောင်းကင်ဝါးမျိုငှက်တို့မှာလည်း မျက်မှောင်ကြုတ်သွားကြပြီး၊ ရှောင်ဟေးက သူ့အား မည်သည့်အတွက်ကြောင့်၊ မကူညီရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြ၏။

သို့ရာတွင်၊ ထိုအချိန်၌၊ အပြင်ဘက်တွင် မည်းတူးနေသည်အထိ၊ မိုးကြိုးအပစ်ခံထားရသော်လည်း၊ အသက်ငွေ့ငွေ့ ကျန်နေသေးသည့် လုချန်ရှန်းက၊ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

သူသည် သူ၏မူလနေရာမှာပင် ထိုင်နေစဲဖြစ်ပြီး၊ မတ်တပ်ရပ်ရန် ကြိုးပမ်းနေခဲ့သည်၊ သို့သော် သူသည် လူတိုင်းကို ကျောပေးထားပြီး၊ သူ၏အနက်ရောင် ဝတ်စုံမှာလည်း၊ ပြာအဖြစ်ပြောင်းလဲသွားပြီ ဖြစ်ကာ၊ သူ၏ခန္ဓာကိုယ်က တန်းတန်းမတ်မတ် ထိုင်နေသေး၏။

“ သူမသေသေးဘူး “

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

“ … “

ခုနက မိုးကြိုးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ။ မွေးရာပါ ဝိညာဥ်အဆင့်၉ ကျင့်ကြံသူကတောင်၊ တောင့်ခံနိုင်ဖို့ ခက်တယ်လေ

ချူယင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ အဲ့ဒီ အနက်ရောင် ဝတ်စုံက တကယ့်အထွတ်အထိပ် ရတနာတစ်ခုပဲ၊ အူတိုင်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကတောင် အဲ့တာကို ဝတ်ပြီးတော့၊ မိုးကြိုးတွေကို တောင့်ခံနိုင်ခဲ့တယ် “ တစ်ခြားလူများသည် လေသံတိုးတိုးလေးဖြင့်၊ ရေရွတ်ပြောဆိုနေကြတော့သည်။

လုချန်ရှန်းမှ စကားပြန်ပြောလာခဲ့၏ “ ကြည့်ရတာတော့၊ မင်းတို့ရဲ့ မိုးကြိုးငှက်မျိုးနွယ်စုက ဘာမှမထူးခြားနေတဲ့ပုံပဲ။ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လိပ်အိုကြီးရဲ့ အကူအညီရှိတာတောင်မှ၊ မင်းတို့က သာမန်ပါပဲ။ စောစောထွက်သွားဖို့ အကြံပေးလိုက်မယ်၊ ဒီနေရာမှာ ကိုယ့်ကိုကိုယ် အရူးမလုပ်ကြနဲ့ “

“ မင်း …… “

“ ချင်းယီ၊ မင်းက တော်တော်ကြီး မောက်မာလွန်းတယ်။ တကယ်လို့ မင်းဆီမှာ အထွတ်အထိပ် ရတနာတစ်ခု ရှိပြီးတော့၊ မိုးကြိုးကို တားဆီးပိတ်ဆို့နိုင်တယ်ဆိုရင်တောင်မှ၊ အခုအဲ့တာက ပျက်စီးသွားပြီ။ မင်းက ဘယ်လိုခုခံနိုင်ဦးမှာလဲ “

မိုးကြိုးငှက်တစ်ကောင်မှ ဟိန်းဟောက်လာခဲ့သည်။

တစ်ခြားလူများမှာလည်း နားမလည်နိုင်ဖြစ်သွားကြသည်၊ ဒီချင်းယီက တကယ်ကို တော်တော်ကြီး မောက်မာတာပဲ၊ အဲ့လိုတွေကို ဆက်တိုက် လှောင်ပြောင်၊ ရန်စနေတယ်

အနက်ရောင် ဝတ်စုံ မရှိတော့တာတောင်မှ၊ သူက မောက်မာနေရဲသေးတယ်ပေါ့။

သို့ရာတွင် လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့၏ “ တကယ်လို့ အဲ့တာ ပျက်စီးသွားတယ်ဆိုရင်လည်း၊ ပျက်စီးသွားတယ်ပေါ့။ ငါ့ဆီမှာ နောက်တစ်ခုရှိတယ်ကွ “

“ ဘာကြီး “

လူတိုင်း အံ့အားသင့်သွားကြသည်။

ထို့နောက်၌၊ လုချန်ရှန်း၏ လက်ထဲတွင် အနက်ရောင် ဝတ်စုံတစ်ခု ပေါ်လာခဲ့ပြီး၊ သူသည် ၎င်းကို ဝတ်ဆင်လိုက်သည်။

သူတို့၏ အကြည့်များသည် ၎င်းထံတွင်၊ ရှိနေခဲ့ပြီး၊ သူတို့၏ စိတ်နှလုံးသားများ လှုပ်ခါသွားကြသည်။ သူ့ဆီမှာ အဲ့လိုမျိုး အထွတ်အထိပ် ရတနာ နှစ်ခုတောင် ရှိနေတယ်ပေါ့၊ ဒီတစ်ခုက အရင်ဟာထက်တောင် ပိုပြီးတော့၊ တောက်ပနေသေးတယ်

“ သူ့ဆီမှာ တကယ်ကြီးကို နှစ်ခုရှိနေတာပဲ “

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လို အခြေအနေမျိုးတွေအောက်မှာ၊ အဲ့လိုပစ္စည်းမျိုးကို နှစ်ခုတောင် ပိုင်ဆိုင်ထားနိုင်တာလဲ “

“ အဲ့တာက ယုံနိုင်စရာကို မရှိဘူးကွာ “

“ … “

အရပ်လေးမျက်နှာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ၊ လူတိုင်းဆွံ့အသွားကြသည်။

မိုးကြိုးငှက်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ လုံးဝအံ့အားသင့်သွားကြသည်။

ရှောင်ဟေးမှာလည်း မနေနိုင်တော့ဘဲ၊ မျက်နှာရှုံ့မဲ့သွားခဲ့သည်၊ အထူးသဖြင့် ထိုစကားကို ကြားလိုက်ရသောအခါတွင်ဖြစ်ပြီး၊ သူသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

လူတိုင်းက ကျင့်ကြံသူများ ဖြစ်နေခဲ့သည်၊ အဝတ်နှစ်ခုကို မပိုင်ဆိုင်ထားသောလူက မည်မျှဆင်းရဲလိုက်သနည်း။ အဝတ်နှစ်ထည်ပင် မပိုင်ဆိုင်ထားခြင်းက ပိုမိုမယုံကြည်နိုင်စရာ ကောင်းသင့်သည် မဟုတ်လော။

လုချန်ရှန်းသည် ထိုနေရာမှာပင် ထိုင်ကာ၊ မိုးကြိုးများကို ထပ်မံ၍ တောင့်ခံနေလျက်ရှိ၏။ အဆိုပါ အနက်ရောင် ဝတ်စုံက အသစ်ပြုလုပ်ထားသော အရာဖြစ်ပြီး၊ ချွေတာခြင်းဆိုသည့် အကျင့်သီလကို စောင့်ထိန်းခြင်းအားဖြင့်၊ သူ၏ အဝတ်အစားက လုံးဝသုံးမရတော့သည့်၊ အခြေအနေသို့ ရောက်ရှိလာမှသာလျှင်၊ အသစ်လဲရန် ကြံရွယ်ထားခဲ့သည်။

ရလဒ်ကမူ၊ သူသည် ရွေးချယ်စရာမရှိတော့ဘဲ၊ ၎င်းကို စောစောစီးစီး ထုတ်သုံးနေခဲ့ရသည်။

သူသည် ယခင်က ပျက်စီးသွားခဲ့သည့် အဝတ်က၊ အနည်းဆုံးအနေဖြင့် နောက်ထပ်နှစ်နှစ်ရာအထိ တာရှည်ခံသည်ဟု ခံစားနေခဲ့ရပြီး၊ ၎င်း၏ ပျက်စီးမှုက၊ သူ၏နှလုံးသားကို နာကျင်ကိုက်ခဲသွားစေခဲ့၏။ သူက အမြဲလိုလို ဆင်းရဲကာ၊ အရာအားလုံးကို ချွေတာသုံးစွဲခဲ့သည်။

ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ်၊ အလွန်အကျွံ သုံးစွဲဖူးခြင်း ဖြစ်သည်။

သို့ရာတွင်၊ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ၊ သူသည် မျိုးစေ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်နေသည့် မိုးကြိုးက၊ အကျိုးသက်ရောက်မှု ပိုမိုလျော့နည်းလာခဲ့ကာ၊ တဖြည်းဖြည်း ခံနိုင်ရည် ရှိလာခဲ့သည်။

၎င်းကို သတိပြုမိသွားသောအခါတွင်၊ လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ တကယ်လို့ မင်းတို့က တကယ်မစားရသေးဘူးဆိုရင်၊ မင်းတို့ကို ငါကျွေးပါ့မယ်ကွာ “

“ မင်း ……… “

“ ဘာကိုမင်းလဲ။ ခပ်ပြင်းပြင်းလေး လုပ်စမ်းပါ “

လုချန်ရှန်း၏ အသံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် မိုးကြိုးငှက် မျိုးနွယ်စုတစ်ခုလုံး၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။ သူတို့သည် အရိုက်ခံနေရသည့် အချိန်မှာပင်၊ ဤမျှလောက် မောက်မာနေသည့် လူတစ်ဦးကို၊ တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ သူသည် သူတို့၏ ဂုဏ်အယူရဆုံး စွမ်းအားကိုပင် စိန်ခေါ်နေခဲ့၏။

တစ်ပြိုင်နက်ဆိုသလိုပင်၊ သူတို့အားလုံးက အရူးအမူး တိုက်ခိုက်လာကြသည်၊ မိုးကြိုးပေါင်းများစွာသည် ကြမ်းတမ်းသော မုန်တိုင်းတစ်ခုအလား၊ ဆင်းသက်လာခဲ့သည်။

အာနိသင်ကို တဖြည်းဖြည်း၊ ခံနိုင်ရည်ရှိလာသည်နှင့်အမျှ၊ ၎င်းက မည်သို့မျှ မနာကျင်တော့ပေ။

ဤအချိန်တွင် သူသည် အဆိုပါမျိုးစေ့ကို အပင်ပေါက်လာစေရန်အတွက်၊ ပိုမိုအစွမ်းထက်သည့် မိုကြိုးများကိုပင်၊ အရေးတကြီး လိုအပ်နေခဲ့သည်။

သူ၏စိတ်ထဲတွင် မျှော်လင့်ချက်တို့ဖြင့်၊ ပြည့်နှက်နေလျက်ရှိ၏။ မိုးကြိုးတာအိုက တိုက်ခိုက်ရေးတွင် မည်မျှအစွမ်ထက်လိုက်သနည်း။ မိုးကြိုးတာအိုကို ကျွမ်းကျင်ခြင်းက၊ ကမ္ဘာကြီး၏ အမြန်ဆုံးသော အမြန်နှုန်းကို ကျွမ်းကျင်တတ်မြောက်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်၊ ပြေးလွှားနေသည့် အချိန်တွင်၊ ၎င်းက မည်မျှမြန်ဆန်လိုက်မည်နည်း။

၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည်းမခံနိုင်တော့ပေ။ သူတို့၏ အကူအညီများကို ယူကာ၊ မျိုးစေ့ကို ဖွဲ့စည်းခဲ့ပြီးပြီဖြစ်သောကြောင့်၊ မျိုးစေ့အပင်ပေါက်လာစေရန်အတွက်၊ အနည်းငယ် ပိုမိုချေးငှားလိုက်ခြင်းက၊ လွန်ကြူးသော ကိစ္စတစ်ခု မဟုတ်ပေ။

သူတို့က ကောင်းကင်ဘုံ မိုးကြိုး၏ ဘုန်းတန်ခိုးကို၊ ချေးငှားယူခဲ့သောကြောင့်၊ ၎င်းက ထိုလူများအတွက်ပါ၊ အဆင်ပြေသော ကိစ္စတစ်ခုဖြစ်သည်။

မိုးကြိုးများ ထပ်မံ၍ ကျဆင်းလာသည်နှင့်အမျှ၊ လုချန်ရှန်းက ထပ်မံ၍ စကားဆက်ပြောလာခဲ့၏ “ လိပ်အိုကြီးချူ၊ ခင်ဗျားဆီမှာ စောနက ပုလဲလုံးမျိုး ထပ်ရှိသေးလား။ ထပ်ထုတ်လာလိုက်၊ ခင်ဗျားက ကျုပ်ကို သေသွားအောင် ဖောက်ခွဲနိုင်မလားဆိုတာကို၊ ကျုပ်ကြည့်မယ် “

“ မင်း ….. “

ချူယင် ဆွံ့အသွား၏၊ သူသည် သူကပါ ရန်စခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လုချန်ရှန်းသည်၊ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တစ်စုက၊ သူ့အား မိုးကြိုးများ အဆုံးမဲ့ ထောက်ပံ့ပေးနေသကဲ့သို့၊ အလှည့်ကျ မိုးကြိုးပစ်နေသည်ကို၊ ထိုင်လျက်သားဖြင့်၊ တောင့်ခံနေလျက်ရှိ၏။

သူက ပိုပို၍ ခံနိုင်ရည်ရှိလာခြင်းက နှမြောဖွယ်ကောင်းလွန်းလှသည်။ အကျိုးသက်ရောက်မှုက၊ ပိုမိုအားနည်းလာလေလေ၊ သူရရှိသည့် ဝိညာဥ်ချီက ပိုမိုလျော့ပါးလာလေလေ ဖြစ်နေခဲ့သည်။

“ ရူးနေပြီ၊ သူလုံးဝ ရူးနေပြီ “

တစ်ခြားလူများသည် သူတို့၏ ဦးခေါင်းများကို အဆက်မပြတ် ခါရမ်းနေကြတော့သည်။

ကိစ္စများက ဤအထိ ရောက်ရှိလာလိမ့်မည်ဟု၊ မည်သူကမှ မထင်မှတ်ထားခဲ့ပေ၊ တစ်ရက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသည်၊ မွေးရာပါ ဝိညာဥ်အဆင့် မိုးကြိုးငှက်တစ်အုပ်၏ ဖောက်ခွဲခြင်းကို၊ ခေါင်းမာမာဖြင့်၊ ထိုမျှကြာရှည်စွာ တောင့်ခံနေခဲ့၏။

“ သူ့ကိုယ်ပေါ်မှာ ရှိနေတဲ့၊ အနက်ရောင် ဝတ်စုံက၊ အထွတ်အထိပ် ရတနာတစ်ခုပဲ ဖြစ်ရမယ် “

“ တကယ်လို့ ငါတို့ကသာ၊ အဲ့တာကို ရခဲ့မယ်ဆိုရင်၊ မိုးကြိုးကို ထပ်ပြီးတော့၊ တွေးပူနေစရာ မလိုတော့ဘူး၊ ကပ်ဘေးကို ခံယူနေရတဲ့ အချိန်မှာ၊ အောင်မြင်နိုင်ခြေကလည်း အများကြီး တိုးလာမှာပဲ “

“ သူက တော်တော်ကြီးကို မောက်မာလွန်းတယ်၊ သူ့ဆီမှာ တတိယတစ်ခု ရှိနေသေးတယ်လို့ ထင်နေတာလား “

“ … “

၎င်းကို စောင့်ကြည့်နေရင်းဖြင့်၊ မည်သူကမှ မတည်ငြိမ်နိုင်ကြတော့ပေ။

လူငယ်တစ်ဦးက မိုးကြိုးငှက်တစ်အုပ်၏၊ တိုက်ခိုက်မှုများကို တောင့်ခံနေခြင်းမှာ၊ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။

ရှောင်ဟေးသည် လုံးဝစိတ်ရှုပ်ထွေးသွားခဲ့သည်၊ သူသည် လုချန်ရှန်း၏ ယခင်က ရှင်းပြမှုကြောင့်၊ အနည်းငယ် နားလည်နေခဲ့သည်၊ သို့သော် ယခုတွင်ကား၊ မည်သို့မျှ နားမလည်နိုင်တော့ပေ။

သူသည် အချိန်မည်မျှ ကုန်ဆုံးသွားလဲဆိုသည်ကို မသိပေ၊ သို့သော် ၎င်းက လုချန်ရှန်းအတွက် မပြောပလောက်ဘူးဆိုသည်ကို သိနေခဲ့သည်။

မျိုးစေ့က ဖွဲ့စည်းရုံသာ ရှိသေးသော်လည်း၊ လုချန်ရှန်းသည် မိုးကြိုးကို အစကတည်းက ကြောက်မနေခဲ့ပေ။

၎င်းက မရှိခြင်းတရား၊ ရှိခြင်းတရားသို့ ပြောင်းလဲခြင်းဖြစ်ပြီး၊ အရေးအကြီးဆုံး အဆင့်လည်း ဖြစ်သည်။

သို့တိုင်အောင် သူသည် အရှုံးမပေးဘဲ၊ ထပ်မံ၍ အော်ဟစ်သေးနေ၏ “ အမှိုက်တစ်အုပ်ကွာ “

“ မင်းသေချင်နေတာပဲ “

ဂျိန်းးးး

မိုးကြိုးများ အဆက်မပြတ် ကျဆင်းလာနေခဲ့သည်၊ သို့သော် လုချန်ရှန်းကမူ မလှုပ်မယှက် တည်ငြိမ်နေခဲ့သည်။ သူသည် သူ၏ခန္ဓာကိုယ်အပေါ်သို့၊ မိုးကြိုးများ ကျဆင်းခွင့်ပြုထားလိုက်ပြီး၊ သူ၏အသွင်အပြင်ကိုပင် မပြောင်းလဲတော့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ မိုးကြိုးဆက်တိုက် အပစ်ခံထားရကာ၊ မည်းတူးနေသဖြင့်၊ မည်သူကမှ သူ့ကို မှတ်မိလိမ့်မည် မဟုတ်ပေ။

သို့ရာ၌၊ ထိုအချိန်တွင်၊ အဝေးမှ လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်၊ မဟာတောရိုင်း ခန်းမ၏ လူများ ရောက်ရှိလာခဲ့သည်။

အကြီးအကဲ ဝူယန်သည် တစ်ခြားလူများကို ဦးဆောင်လာကာ၊ ဤနေရာသို့ ပြေးတက်လာခဲ့၏။

“ ချင်းယီ “

လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင်၊ အကြီးအကဲ ဝူယန် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် မိုးကြိုးငှက်များ ဝိုင်းရံနေကာ၊ မိုးကြိုးလျှပ်စီးများ အဆက်မပြတ် ကျဆင်းနေလျက်ရှိပြီး၊ အဆိုပါ မြင်ကွင်းက လူတိုင်းကို ကျောချမ်းသွားစေခဲ့၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် စိတ်သက်သာရာရသွားကာ၊ မောပန်းနွမ်းနယ်သည့်အလား ဖြစ်နေသကဲ့သို့၊ ဟန်ဆောင်နေတော့၏။

“ နောက်ဆုံးတော့ ခင်ဗျားတို့ ရောက်လာခဲ့ပြီပဲ။ ကျုပ်တို့ သဘောတူညီချက်ကို ဖြည့်ဆည်းပြီးတော့၊ ဒီပစ္စည်းတွေကို ကာကွယ်ဖို့အတွက်၊ ကျုပ်က အရှုံးပေးမဲ့အစား၊ အသေပဲခံလိုက်မယ်၊ သူတို့က ကျုပ်ကို သေအောင် ရိုက်သတ်နိုင်တော့မလို့ပဲ “

ကျီရှုသည် အောက်ဘက်ရှိ သနားဖွယ်ရာ အခြေအနေကို၊ ငုံ့ကြည့်ကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြီးပြည့်စုံသော လူတစ်ဦးသည် အပြင်ပိုင်းတွင်၊ လုံးဝမည်းတူးနေကာ၊ အသက်ငွေ့ငွေ့သာ ကျန်သည်အထိ၊ မိုးကြိုးအပစ်ခံထားရပြီး၊ သွားများသာလျှင် ဖြူဖြူဖွေးဖွေး ဖြစ်နေခဲ့၏။

သူတို့သည် အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးက၊ မိုးကြိုးငှက်တစ်အုပ်၏ နေ့ရောညပါ၊ ဗုံးကျဲတိုက်ခိုက်ခြင်းကို၊ မည်ကဲ့သို့ တောင့်ခံနိုင်ခဲ့လဲဆိုသည်ကို မမှန်းတတ်တော့ပေ။ သူသည် လူရုပ်ပင် မပေါက်တော့ချေ။

အကြီးအကဲ ဝူယန်၏ အမူအရာ မည်းမှောင်သွားပြီး၊ သူ၏လက်ကို မြှောက်လိုက်ရာ၊ ကြီးမားသော မှော်စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။

သူသည် မိုးကြိုးငှက်များကို ကြည့်ကာ၊ စကားပြောလိုက်သည် “ ဂုဏ်သိက္ခာကြီးမားတဲ့၊ မင်းတို့ မိုးကြိုးငှက်မျိုးနွယ်စုက၊ လူငယ်တစ်ယောက်ကို ဒီအခြေအနေအထိ၊ ဖြစ်သွားအောင် အများနဲ့တစ်ယောက်၊ တကယ်ကြီး အနိုင်ကျင့်နေခဲ့တယ်ပေါ့။ မင်းတို့ဆီမှာ အရှက်ကော ရှိသေးရဲ့လား “

“ မေးမနေနဲ့တော့၊ သူတို့ဆီမှာ ရှိမှာ မဟုတ်ဘူး။ ဘယ်လိုလူမျိုးက အားနည်းတဲ့ လူတစ်ယောက်ကို ဒီလောက်ကြီးအထိ အနိုင်ကျင့်နေမှာလဲ “

လုချန်ရှန်းသည် မတရားခံနေရသည့်အလား၊ အော်ကျယ်အော်ကျယ် လုပ်လာခဲ့၏။

ရှောင်ဟေး ဆွံ့အသွားခဲ့သည်၊ အရှက်မရှိတာက ဘယ်သူလဲဟ

ထိုစကားကို ကြားလိုက်ရသော အခါတွင်၊ မိုးကြိုးငှက်များသည်၊ ဒေါသထွက်လွန်းသဖြင့်၊ တုန်တုန်ရင်ရင် ဖြစ်သွားကြသည်။ လုချန်ရှန်းက မထိမခိုက် ရှိနေသည့် အချိန်တွင်၊ သူတို့က အဆက်မပြတ် ရန်စခံရ၊ အစော်ကားခံရနှင့် စိန်ခေါ်ခံနေခဲ့ရသည်။

“ ချင်းယီ၊ မင်း ….. “

“ ဘာကိုမင်းလဲ။ အခု ငါ့ရဲ့ ကျောထောက်နောက်ခံ ရောက်လာပြီကွ၊ မင်းတို့က ငါ့ကို ဘာတွေ သုံးပြီးတော့ ပိတ်လှောင်ထားဦးမလဲဆိုတာကို ငါကြည့်မယ် “

ထို့နောက်တွင်၊ လုချန်ရှန်းသည် မြေပြင်ပေါ်မှ၊ ခုန်တက်လာခဲ့ပြီး၊ ဓားချီကို ရိုက်ချိုးကာ၊ လေဟာနယ်ကို ကျော်ဖြတ်၍၊ မဟာတောရိုင်း ခန်းမမှ ကျင့်ကြံသူများ၏ ဘေးနားတွင် မတ်တပ်ရပ်နေတော့သည်။ မှော်စွမ်းအားများ လည်ပတ်လာသည်နှင့်အမျှ၊ သူသည် ချင်းယီ၏ အသွင်အပြင်ကို၊ ထပ်မံ၍ ရရှိလာခဲ့ပြီး၊ ခေါင်းကို မြင့်မြင့်မော့ကာ၊ အရှေ့သို့ ငေးကြည့်နေတော့၏။

---

…………………………………………………………………………………………………………………………………

အပိုင်း ( 147 )

အဲ့တာကို သိထားတာတောင်၊ မင်းက ငါ့နောက်ကို လိုက်ရဲသေးတယ်ပေါ့

မဟာတောရိုင်း ခန်းမနှင့်၊ မိုးကြိုးငှက်မျိုးနွယ်စုသည် ထပ်မံ၍ ထိပ်တိုက်ရင်ဆိုင်နေကြတော့သည်။

ယခင်က သူတို့မှာလည်း ရုတ်တရက် ပေါ်လာသည့် ဓားချီကို ကြုံတွေ့ခဲ့ရပြီး၊ ထိုနေရာမှာပင် ပိတ်မိနေခဲ့ကြကာ၊ ယခုမှသာလျှင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

မိုးကြိုးငှက် မျိုးနွယ်စုကမူ စောစောစီးစီး ရောက်ရှိနေခဲ့၏။

အစတွင် သူတို့သည် ချင်းယီက၊ အသက်မရှင်လောက်တော့ဘူးဟုသာ ထင်နေခဲ့ကြသည်၊ သို့သော် သူသည် မှော်ဆန်စွာ တောင့်ခံနိုင်ခဲ့ပြီး၊ ၎င်းက လူတိုင်းကို၊ အပြစ်ရှိစိတ် ခံစားသွားရစေခဲ့၏၊ သူတို့သည် သူ့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ပေ။

“ မိတ်ဆွေလေး၊ ငါတို့တွေ ရှက်မိပါတယ်ကွာ “ ကျီရှုသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ လေးလေးနက်နက် ပြန်ပြောလိုက်၏ “ အဆင်ပြေပါတယ်၊ အဲ့တာတွေ အားလုံးက အတိတ်ဖြစ်သွားပြီ။ ရန်သူကို တွန်းလှန်ဖို့က၊ အခုလက်ရှိ အချိန်ရဲ့ ဦးစားပေး အလုပ်ပဲ “

“ ကောင်းတယ် “

အကြီးအကဲ ဝူယန်မှ တုံ့ပြန်လာခဲ့၏။ သူတို့သည် လုချန်ရှန်းက ဓားမြက်ကို ရရှိထားပြီး၊ ၎င်းကို ကာကွယ်ထားသည်ဆိုသည်ကို သိနေခဲ့သည်။

“ ဟက် “

မိုးကြိုးငှက်တစ်ကောင်က အေးစက်စွာ ရယ်မောလာခဲ့၏။

သူတို့သည် ဓားမြက်ကို၊ အရယူရန် စိတ်ပိုင်းဖြတ်ထားကြပြီး၊ အရှေ့သို့ စိုက်ကြည့်နေကြ၏။

“ တကယ်လို့ မင်းတို့က ရန်သူဖြစ်ချင်တယ်ဆိုတော့လည်း၊ လုပ်လိုက်ကြတာပေါ့ကွာ “

ဝှစ်

ချက်ချင်းဆိုသလိုပင်၊ မိုးကြိုးများ ဟိန်းဟောက်လာခဲ့ပြီး၊ မိုးကြိုးငှက်များသည် သူတို့၏ တောင်ပံများကို ခတ်နေကြတော့သည်၊ လေသံနှင့် မိုးကြိုးပစ်သံများ၊ အဆုံးမဲ့ ပဲ့တင်ထပ်လာခဲ့၏။ ရုတ်တရက်ဆိုသလိုပင်၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုက၊ မြင့်တက်လာသည့် လှိုင်းလုံးများသကဲ့သို့၊ ဤနေရာတစ်ခုလုံးကို ဖုံးအုပ်လာခဲ့သည်။

ဂျိန်းးးး ဘုမ်းးးးး

မြည်ဟီးသံများ ရောစပ်နေလျက်ရှိပြီး၊ မှော်စွမ်းအားများသည် မိုးကြိုးတို့နှင့်၊ အဆက်မပြတ် ပွတ်တိုက်နေခဲ့၏။

ဤနေရာတစ်ခုလုံးသည် စစ်မြေပြင်အဖြစ်၊ ပြောင်းလဲသွားခဲ့သည်။

ပြပွဲကို စောင့်ကြည့်နေသူများသည်၊ တိုက်ပွဲအတွင်းသို့ ဆွဲခေါ်ခံလိုက်ရကာ၊ ပဲလှော်ကြားဆားညပ်ရမည်ကို၊ ကြောက်ရွံ့နေကြပြီး၊ တစ်ဦးပြီးတစ်ဦး နောက်ဆုတ်သွားကြသည်။

မဟာတောရိုင်း ခန်းမသော်လည်းကောင်း၊ မိုးကြိုးငှက်မျိုးနွယ်စုသော်လည်းကောင်း၊ မည်သည့်အရာကမှ၊ သူတို့ရန်စစော်ကားနိုင်သော အရာမဟုတ်ပေ။

၎င်းတို့က တောင်ပိုင်းပြည်နယ်၏ အစွမ်းအထက်ဆုံး၊ အင်အားစုများအနက်တွင်၊ တည်ရှိသည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ၊ ၎င်းက ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။

“ မိတ်ဆွေလေး၊ ဘေးတစ်ဖက်မှာ သွားနေနေပါ။ မင်းကို ထပ်ထိရဲတဲ့ လူတိုင်းက၊ ငါတို့ရဲ့ အဆုံးမဲ့ အမျက်ဒေါသကို၊ ရင်ဆိုင်ရလိမ့်မယ် “

၎င်းက လုချန်ရှန်းတစ်ဦးတည်းအတွက်သာလျှင် မဟုတ်ဘဲ၊ တစ်ခြားလူများပါ ကြားသွားအောင် ပြောလိုက်ခြင်းဖြစ်သည်။

“ ကောင်းတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် အမှန်တကယ် နောက်ဆုတ်သွားပြီး၊ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ကာ၊ တိုက်ပွဲကို စူးစမ်းလေ့လာနေတော့၏။ တိုက်ပွဲကို အလွယ်တကူ ရပ်တန့်ရန်မှာ၊ နှစ်ဖွဲ့စလုံးအတွက် ခက်ခဲနေလိမ့်မည် ဖြစ်သည်။

သို့ရာတွင် အဆိုပါ ကိစ္စများက သူနှင့်၊ အနည်းငယ်မျှ သက်ဆိုင်နေခဲ့သည်။ သူနှင့် မဟာတောရိုင်း ခန်းမ၏ ဆက်ဆံရေးအား၊ အရောင်းအဝယ်တစ်ခုဖြင့်၊ ကန့်သတ်ထားခဲ့၏။ သူကသာ သူ့အပိုင်းကို လုပ်ဆောင်နေသရွေ့၊ သေသည်အထိ တိုက်ခိုက်ရန် မလိုအပ်ပေ၊ ထို့ပြင် သူရရှိမည့် အခကြေးငွေထဲတွင်၊ တိုက်ခိုက်ရေးစားရိတ် မပါဝင်ပေ။

ထို့ကြောင့်၊ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ကာ၊ တိုက်ပွဲကို စောင့်ကြည့်နေရုံဖြင့်ပင်၊ လုံလောက်နေပြီ ဖြစ်သည်။

အားလပ်ချိန်နှင့်အတူ၊ သူသည် သူရိတ်သိမ်းနိုင်ခဲ့သည့် အကျိုးအမြတ်များကို စစ်ဆေး၊ ရေတွက်နေခဲ့သည်။

တစ်ရက်ကျော်အကြာမှာပင်၊ သူသည် မိုးကြိုးများကို၊ ဝိညာဥ်ချီအဖြစ် ပြောင်းလဲခဲ့ပြီး၊ ပမာဏာက ဝိညာဥ်ကျောက်တုံး တစ်သန်းထပ်ပင်၊ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ပို၍အရေးကြီးသော အရာကမူ၊ သူက မိုးကြိုးတာအိုမျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ယခုလက်ရှိ အချိန်တွင်၊ သူက မိုးကြိုးတာအိုကို ထိတွေ့မိနေပြီဖြစ်သည်။ အဆိုပါ မျိုးစေ့နှင့်သာဆိုပါက၊ သာမန်မိုးကြိုးကို မဆိုထားနှင့်၊ ကောင်းကင်ဘုံ မိုးကြိုးကပ်ဘေးကိုပင်၊ ကြောက်လန့်နေရန် လိုတော့မည် မဟုတ်ပေ။

မျိုးစေ့ကို အားဖြည့်ပေးကာ၊ အပင်ပေါက်၍ ရှင်သန်ကြီးထွားလာသည်နှင့်အမျှ၊ သူသည် မိုးကြိုးတာအိုကို၊ တဖြည်းဖြည်း နားလည်လာမည်ဖြစ်ပြီး၊ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ကာ၊ အမြန်ဆုံး အမြန်နှုန်းကို ပိုင်ဆိုင်၍၊ ခွန်ပန်နှင့်ပင် ယှဥ်နိုင်တော့မည် ဖြစ်သည်။

ဤတစ်ကြိမ် ရိတ်သိမ်းမှုမှာ အလွန်တရာ ကြီးမားနေခဲ့သည်။

သူပျော်ရွှင်စွာ တွက်ချက်နေသည့် အချိန်မှာပင်၊ သူသည် သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်တည်လာသည်ကို၊ ရုတ်တရက် ခံစားလိုက်ရသည်။

ဘုမ်းးး

လုချန်ရှန်းသည် နောက်သို့လှည့်ကြည့်လိုက်ပြီး၊ တိုက်ခိုက်မှုတစ်ခု ကျဆင်းလာသည်ကိုသာ မြင်တွေ့လိုက်ရ၏။ အကယ်၍ သူက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်တွင်သာ အမှန်တကယ် ရှိနေခဲ့မည်ဆိုပါက၊ သူသည် ၎င်းကို မရှောင်ရှားနိုင်ဘဲ၊ ချက်ချင်းသုတ်သင်ရှင်းလင်းခံလိုက်ရမည် ဖြစ်သည်။

သူဘေးတစ်ဖက်သို့ ရှောင်တိမ်းလိုက်သည့် အချိန်၌၊ သူသည် ချူယင်က ထိုနေရာတွင် အေးစက်စက်မျက်လုံးများဖြင့်၊ မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က၊ ဒီလောက်အထိ ထိုးထွင်းသိမြင်နိုင်ပြီးတော့၊ တုံ့ပြန်ကလည်း တော်တော်ကြီးကို မြန်နေတယ်။ ငါမင်းကို တကယ်ကြီး လျှော့တွက်ခဲ့မိတာပဲ “

လုချန်ရှန်းသည် ထိုလူ့ကို စိုက်ကြည့်ကာ၊ လေးလေးနက်နက် ပြန်ပြောလိုက်သည် “ ခွေးသူတောင်းစားကြီးချူ၊ ခင်ဗျားက ကျုပ်ကို သတ်ရဲနေတယ်ပေါ့လေ “

“ ဟက်၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူလေးတစ်ယောက်ပဲကို၊ ဘာလို့မသတ်ရဲရမှာလဲ “

“ ခင်ဗျားက မဟာတောရိုင်း ခန်းမကို အထင်သေးနေတာမလား။ သူတို့အရှေ့မှာတင် လှုပ်ရှားရဲနေတယ်ဆိုတော့၊ ခင်ဗျားက ဉာဏ်ကောင်းတယ်လို့ ကျုပ်မထင်ဘူး “ လုချန်ရှန်းသည် အဝေးသို့ ငေးကြည့်နေတော့သည်။

“ ဟားဟား “ ချူယင်မှ လှောင်ပြောင်လာခဲ့၏ “ မဟာတောရိုင်း ခန်းမက အဲ့လောက်ကြီးအထိ အာဏာပြလို့ရလို့လား။ မင်းနဲ့ငါ့ကြားက ပဋိပက္ခက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုပဲလေ၊ ဒီနေရာက အခွင့်အလမ်းတွေနဲ့ ဘာမှမဆိုင်ဘူး။ ဆင်ခြေတွေ အများကြီးမှ အများကြီးပဲ “

အားလုံး၏ အကြည့်များအောက်မှာပင်၊ လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ တစ်ခဏအတွင်းမှာပင်၊ လေထုအတွင်းတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့်၊ ပြည့်နှက်လာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ တစ်စုံတစ်ဦးကို ရုတ်တရက် မှတ်မိသွားကာ၊ စကားထပ်ပြောလိုက်သည် “ ကိုယ်ရေးကိုယ်တာ ကိစ္စလား။ အရင်က ငါမှားသွားခဲ့တာများလား “

“ ဘာကိုမှားသွားတာလဲ “

“ ချူချန်ခုန်းက ချူလျူရှန်းရဲ့ တရားမဝင်သား မဟုတ်ဘဲ၊ မင်းရဲ့သား ဖြစ်နေတာကိုး “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ယွမ်နယ်မြေ၏ ဒုတိယအလွှာတွင်၊ လုချန်ရှန်းပြောခဲ့သည့် စကားများက၊ ကမ္ဘာအနှံ့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်ပြီး၊ လူတိုင်းသည် ချူချန်ခုန်းနှင့် ချူလျုရှန်း အကြားရှိ၊ ဆက်ဆံရေး အကြောင်းကို၊ အပူတပြင်း ဆွေးနွေးပြောဆိုနေလျက်ရှိသည်။

နောက်ထပ် လှည့်ကွက်တစ်ခု ရှိနေတာလား

ချူယင်၏ အမူအရာ မည်းမှောင်သွားကာ၊ အေးစက်စွာ တုံ့ပြန်လာခဲ့၏ “ ပေါက်ကရတွေ “

“ မဟုတ်ဘူးလား။ ဒါဆိုရင် ငါနားလည်ပြီ “

“ ဘာကိုနားလည်တာလဲ “ တစ်စုံတစ်ဦးသည် မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့သည်။

လုချန်ရှန်းမှ ပွင့်ပွင့်လင်းလင်း တုံ့ပြန်လိုက်သည် “ ဒီဟာက ငါနဲ့သူ့ကြားမှာရှိတဲ့၊ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုလို့၊ သူပြောခဲ့တယ်လေ။ ချူလျူရှန်းက သူ့ရဲ့ တရားမဝင်သား ဖြစ်နေတာလေ၊ ငါက အဲ့ဘဲ၊ ချူလျူရှန်းရဲ့ ကိုယ်ပွားကို သတ်ခဲ့ပြီးတော့၊ ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်ခဲ့တယ်လေ၊ အဲ့တာကြောင့် ဒီအဘိုးကြီးက ငါ့ကို ဒီလောက်အထိ၊ သတ်ချင်နေရတာပဲ “

“ အဲ့တာက ……. “

လူတိုင်း မှင်သက်သွားကြသည်။

မေးမြန်းခဲ့သည့် ထိုလူမှ၊ အံ့ဩတကြီး အော်ပြောလာခဲ့၏ “ အဲ့တာက အဓိပ္ပါယ်ရှိတယ် “

“ တကယ်တော့ ဦးလေးက ဦးလေးမဟုတ်ဘဲ၊ အဖေအရင်း ဖြစ်နေခဲ့တာပေါ့။ ဒါက အဖေရင်းက သူ့ရဲ့ သားအတွက် လက်စားလာချေနေတာပဲလေ “

ချက်ချင်းဆိုသလိုပင်၊ လူအုပ်ကြီးတစ်ခုလုံး ဂဏာမငြိမ်ဖြစ်ကာ၊ စိတ်လှုပ်ရှားသွားကြသည်။

သို့ရာတွင် ချူယင်ကမူ ဒေါသတကြီး ဖြစ်သွားကာ၊ တုံ့ပြန်လာခဲ့၏ “ ချင်းယီ၊ မင်းသေချင်နေတာပဲ “

“ ကြည့်ကြဦး၊ သူဒေါသထွက်နေတယ်၊ အဲ့တာက အမှန်ဖြစ်ဖို့များတယ် “ လုချန်ရှန်းသည် မီးအတွင်းသို့၊ လောင်စာထည့်နေတော့၏။

“ ချူလျူရှန်းက ချူယင်ရဲ့ တရားမဝင်သား၊ ချူချန်ခုန်းကကျတော့၊ ချူလျူရှန်းရဲ့ တရားမဝင်သားပဲ။ မင်းတို့ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က အဲ့လိုမျိုး အကွက်ရွှေ့နေကြတာပေါ့ “

“ ငါမင်းကို သတ်မယ် “

ချူယင် ဟိန်းဟောက်လိုက်ရာ၊ ကြီးမားသော မှော်စွမ်းအား လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

အနီးအနားတွင် ရှိနေသည့် လူတို့၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။

“ မကောင်းတော့ဘူး “

ကောင်းကင်ဝါးမျိုးငှက်များအပြင်၊ လူတိုင်းက တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားကြသည်။

မွေးရာပါ ဝိညာဥ် အဆင့်၈တွင် ရှိနေသည့် ချူယင်က၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦး ယှဥ်နိုင်သော အရာ မဟုတ်ပေ။

သို့ရာတွင် ရှောင်ဟေးက သူတို့ကို ထပ်မံ၍၊ တားဆီးလိုက်၏။

“ မလှုပ်နဲ့၊ ငြိမ်ငြိမ်လေး စောင့်ကြည့်နေကြ “

“ ဒါပင်မဲ့ ……. “

ရှောင်ဟေးသည် သူတို့ကို လျစ်လျူရှုထားလိုက်သည်။

ချူယင်က တိုက်ခိုက်လာခဲ့သည့် အချိန်တွင်၊ လုချန်ရှန်းသည် ဘေးတစ်ဘက်သို့ ရွှေ့ကာ၊ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

ပြိုင်ဘက်က တိုက်ခိုက်လာသည်နှင့်အမျှ၊ လုချန်ရှန်းသည် မြေပြင်ပေါ်သို့ ခုန်ဆင်းကာ၊ တောင်တန်းဒေသအတွင်းသို့ တိုးဝင်၍၊ ပျောက်ကွယ်သွားတော့သည်။

“ မင်း မလွတ်ဘူး။ ဒီနေ့ ငါမင်းကို သေအောင်သတ်မယ် “

ချူယင်သည် ထိုစကားကို ပြောလိုက်ပြီး၊ လုချန်ရှန်း၏ အရှိန်အဝါကို အာရုံခံကာ၊ ထိုနေရာသို့ ပြေးလိုက်သွားတော့သည်။

“ မီထျန်း၊ သူက မင်းရဲ့သူငယ်ချင်းလေ၊ မင်းက ဘယ်လိုလုပ်ပြီးတော့၊ ဒီအတိုင်း ရပ်ကြည့်နေနိုင်ရတာလဲ “

“ သူ့ကို စိတ်ပူနေစရာ မလိုပါဘူး “ ရှောင်ဟေးမှ ခေါင်းခါပြလိုက်၏။

သူ၏ညီတော်စပ်သူမှ စကားဝင်ပြောလာခဲ့သည် “ ဒါပင်မဲ့၊ အဲ့တာက မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံသူ‌လေ၊ သူက ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။ သူကလည်း တော်တော်ကြီးကို မိုက်မဲတယ်၊ မဟာတောရိုင်း ခန်းမရဲ့ လူတွေဘက်ကို မပြေးဘဲနဲ့၊ ဘာကိစ္စ အပြင်ကို ပြေးသွားရတာလဲ။ အဲ့တာက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ မဟုတ်ဘူးလား “

ထိုစကားကို ကြားလိုက်ရသောလည်း၊ ရှောင်ဟေးသည် အေးအေးဆေးဆေး ဖြစ်နေခဲ့ပြီး၊ ပွင့်ပွင့်လင်းလင်း တုံ့ပြန်လိုက်သည် “ တကယ်လို့ သူသာ ထွက်ပြေးချင်တယ်ဆိုရင်၊ အသွင်ပြောင်းခြင်းနယ်ပယ်က၊ ပညာရှင်ကတောင် သူ့ကို အမိဖမ်းနိုင်မှာ မဟုတ်ဘူး “

“ မင်းဘာကိုဆိုလိုတာလဲ။ သူ့ဆီမှာ လျှို့ဝှက်ရတနာ တစ်ခုရှိနေတာလား “

ရှောင်ဟေးသည် မဝန်ခံသကဲ့သို့၊ ငြင်းငယ်ခြင်းလည်း၊ မပြုလုပ်လိုက်ပေ။ ၎င်းက ထုတ်ပြော၍မရသော ကိစ္စတစ်ခုဖြစ်သည်၊ အကယ်၍ သူကသာ သူ၏ကျိန်ဆိုမှုကို ချိုးဖောက်လိုက်မည်ဆိုပါက၊ မိုးကြိုးပစ်ခံရသလောက် ရိုးရှင်းနေမည် မဟုတ်ပေ။

သို့ရာတွင် တစ်ခြားလူများက မသိကြသော်လည်း၊ သူက လုချန်ရှန်းကို ကောင်းစွာနားလည်နေခဲ့သည်။ အကယ်၍ မမျှော်လင့်ထားသော ဖြစ်ရပ်များသာ မပေါ်လာခဲ့ဘူးဆိုပါက၊ သူ့ကိုယ်ပေါ်တွင် ရှိနေသည့်‌‌ မှော်ပစ္စည်းက သုံးခုထပ် ပိုနေလိမ့်မည် မဟုတ်ပေ။

၎င်းတို့အနက်မှ တစ်ခုက၊ ဟင်းလင်းပြင် မှော်ရတနာပင် ဖြစ်နေခဲ့၏။

၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် သူ၏မျိုးနွယ်စုဝင်များကို စောင့်ဆိုင်းခိုင်းကာ၊ ထိုနေရာဘက်သို့ ပြေးထွက်သွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ လုချန်ရှန်းသည် တောင်တန်းဒေသမှ ထွက်လာခဲ့ပြီ ဖြစ်ပြီး၊ ချူယင်က သူ့အနောက်မှ လိုက်လာနေလျက်ရှိ၏။

ချူယင်မှာလည်း လုချန်ရှန်း၏ အမြန်နှုန်းကြောင့် တအံ့တဩ ဖြစ်နေခဲ့သည်၊ ၎င်းက အလွန်တရာ မြန်ဆန်နေလျက်ရှိပြီး၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦး၊ ပိုင်ဆိုင်နိုင်သော အရာ မဟုတ်ပေ။

သို့ရာတွင် သူသည် အနားသို့ ချဥ်းကပ်လာစဲဖြစ်ပြီး၊ စကားလှမ်းပြောလာခဲ့သည် “ မင်းက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ။ ဒီလိုထိုးထွင်းသိမြင်မှုမျိုးနဲ့ အမြန်နှုန်းတွေက၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်၊ ပိုင်ဆိုင်နိုင်တဲ့ အရာတွေ မဟုတ်ဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ လူရှိ/ မရှိသည်ကို အတည်ပြုနေတော့၏။

မည်သူမှ မရှိဘူးဆိုသည်ကို၊ အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ သူသည် အေးအေးလူလူ ရပ်တန့်လိုက်ပြီး၊ အပြုံးတစ်ခုဖြင့်၊ ချူယင်ကို လှည့်ကြည့်လိုက်၏။

အကြည့်ချင်းဆုံသွားသည့် အချိန်တွင်၊ လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ အဲ့တာက အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်၊ ပိုင်ဆိုင်နိုင်တဲ့ အရာတွေ မဟုတ်ဘူးဆိုတာကို သိတာတောင်မှ၊ နောက်ကလိုက်လာရဲသေးတာလား “

သူ၏အသံပျောက်ကွယ်သွားမှုနှင့်အတူ၊ လေထုအတွင်းတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့ပြီး၊ ဤနေရာ၏ ထောင့်တိုင်းသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။

---

…………………………………………………………………………………………………………………………………….

All Chapters