အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အပိုင်း ၆၀၇ : လူ့ကျင့်ဝတ်လိုက်နာခြင်း
မဲအရေအတွက် နှစ်သိန်းရှစ်သောင်းတဲ့လား။
ဘုရားရေ... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် များနေရတာလဲ။
ယဲ့ချန်း၏ "ရေပြင်တေးသွားကဗျာ"မှာ မဲအရေအတွက် နှစ်သိန်းရှစ်သောင်းအထိ ရသွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
အောက်ဘက်ရှိ ပရိသတ်များထံမှ တအံ့တဩရေရွတ်သံများ ထွက်ပေါ်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများပင် အံ့အားသင့်သွားကြသည်။
စဉ်းစားကြည့်ကြပါလေ။ ယဲ့ချန်း ကဗျာစပ်ပြီးသွားချိန်မှာ မဲပေးရန် အချိန်ဆယ်မိနစ်သာ ရသည်။
ဆယ်မိနစ်အတွင်းမှာပင် မဲအရေအတွက်နှစ်သိန်းရှစ်သောင်းအထိ ရသွားခဲ့သည်။
ပုံမှန်အားဖြင့် ကိုယ့်ကျောင်းရှိ ကျောင်းသားများက ကိုယ့်ကျောင်းအုပ်ကြီးကိုသာ သေချာပေါက် မဲပေးကြပေမည်။
စတားတက္ကသိုလ်တွင် စာရင်းသွင်းထားသော ကျောင်းသားအရေအတွက်က တစ်ထောင်ခန့်သာ ရှိ၏။ ကျန်မဲများမှာ တခြားကျောင်းရှိ ကျောင်းသားများနှင့် ကြည့်ရှုနေသော ပရိသတ်များက မဲပေးခဲ့ကြခြင်းပင်။
ဤသည်မှာ လူတိုင်း ဤကဗျာကို ဘယ်လောက်သဘောကျကြသလဲဆိုသည်ကို ပြသနေသည်။
ယဲ့ချန်းတစ်ယောက်တည်းရသည့်မဲက ကျန်လူအားလုံး ပေါင်းထားသည့် မဲအရေအတွက်ထက် ကျော်လွန်နေသည်။
ဤတစ်ကြိမ်တွင်မူ ယဲ့ချန်းသည် ကဗျာတစ်ပုဒ်တည်းနှင့် နာမည်ကြီးသွားချေသည်။
ကဗျာရေးခဲ့ကြသည့် ကျောင်းအုပ်များထဲမှာ မည်သူကမှ သူ့ထက် မဲပိုမရခဲ့ကြပေ။ ဤသည်မှာ အလွန်အံ့ဩဖို့ကောင်းလွန်းလှသည်။
နှစ်သိန်းရှစ်သောင်းဟူသော အဓိပ္ပာယ်ကို လူတိုင်း နားလည်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ကြည့်ရှုသူသုံးသိန်းခန့် ရှိနေသည်ဖြစ်ရာ လူအများစုက ယဲ့ချန်းကို မဲပေးခဲ့ကြသည်ဟူသော သဘောပင်။
ယခင်က ကျင်းပခဲ့သော တက္ကသိုလ်ကျောင်းအုပ်များတွေ့ဆုံပွဲတွေတွင်လည်း မဲပေးသည့် အစီအစဉ်များ ရှိခဲ့သော်ငြား ယခုလိုအခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။
ချန်းမုက ယဲ့ချန်းကို ပြုံးပြပြီး ပြောလိုက်၏။
"ကျောင်းအုပ်ယဲ့... ခင်ဗျားဆီမှာ ဒီလိုအရည်အချင်းမျိုးရှိမယ်လို့ မထင်ထားဘူး"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"သာမန်ပါပဲဗျာ။ အပျော်သဘော ရေးလိုက်ရုံပါ"
လူတိုင်း : "..."
သေစမ်း... မင်း အပျော်ရေးတာတောင် ဒီလောက်ကောင်းနေတာ။ တကယ်အတည်ပေါက်သာ ရေးမယ်ဆိုရင် ငါတို့တော့ ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်ရမလဲ။
ထိုအချိန်မှာပင် တခြားကျောင်းများရှိ ကျောင်းအုပ်တော်တော်များများကလည်း ယဲ့ချန်းကို လာနှုတ်ဆက်ကြသည်။
ယဲ့ချန်းပြသခဲ့သော အရည်အချင်းက စင်စစ်သန်မာလွန်းလှသည်။
အောက်ခြေအဆင့် တက္ကသိုလ်တစ်ခုကို ဟွားနိုင်ငံရှိ နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံတော်အဆင့် ဆုတံဆိပ်တစ်ခုပင် ရရှိခဲ့သေးသည်။
အပျော်ရေးလိုက်သည့် ကဗျာလေးကပင် ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်လောက်သည်။
ဤသို့သောလူမျိုးနှင့် မည်သူကများ အဆက်အသွယ်မလုပ်ဘဲ နေချင်မည်နည်း။
လူအများက ယဉ်ကျေးမှုအသိပညာ သို့မဟုတ် စာပေစွမ်းရည်မရှိဘူးဟု သတ်မှတ်ခံထားရသော ယဲ့ချန်းမှာ သူ့ကို အထင်သေးနေသူများကို သူ့ကဗျာဖြင့် လက်တုံ့ပြန်လိုက်၏။
သူ့ကိုလှောင်ပြောင်ခဲ့သည့် ကျိုးခွန်းကမူ မဲနှစ်သောင်းတည်းသာ ရခဲ့သဖြင့် ယှဉ်၍ပင် မရချေ။
အစောပိုင်းက ကျိုးခွန်း ဘာပြောလိုက်လေသလဲ။
လူငယ်တွေက အမျိုးသားဂန္တဝင်စာပေတွေကို ထပ်လေ့လာဖို့ လိုသေးတယ်ဆိုလား။
သူ့စွမ်းရည်က လေ့လာသင်ယူရန် လိုအပ်သေးသလား။
"လူငယ်တွေမှာ ယဉ်ကျေးမှုအသိပညာမရှိဘူး"ဟူသော စကားလုံးက လူတိုင်း၏ နားထဲဝယ် ပဲ့တင်ထပ်နေဆဲပင်။
ကျိုးခွန်း၏ မျက်နှာကြီးကတော့ မြင်မကောင်းအောင် ရုပ်ဆိုးနေတော့သည်။
ဤတစ်ခါတော့ သူ တကယ်အရှက်ကွဲသွားရချေပြီ။
ယဲ့ချန်း ကဗျာမစပ်တတ်ဘူးဟုထင်ပြီး ယဲ့ချန်းကို သူ လှောင်ပြောင်ခဲ့မိသည်။
သို့တိုင် ယဲ့ချန်းဆီက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သော ဤကဗျာမျိုး ထွက်လာလိမ့်မည်ဟု မထင်ထားပေ။
ဘယ်သူက ယဉ်ကျေးမှုအသိပညာ မရှိတာလဲ။
ဘယ်သူက ကျောင်းပြန်တက်ဖို့ လိုနေတာလဲ။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အင်တာနက်အသုံးပြုသူများကတော့ ကျိုးခွန်းကို လှောင်ပြောင်ကြလေတော့သည်။
ယဲ့ချန်း၏ကဗျာက သူ့ကိုလည်း အံ့အားသင့်သွားစေကြောင်း ငြင်းဆန်၍မရပါချေ။
ယဲ့ချန်း၏ကဗျာက ထူးချွန်ပြောင်မြောက်လွန်းလှသည်။
သို့သော် ဆယ်မိနစ်အတွင်း မဲနှစ်သိန်းရှစ်သောင်း ရသည်ကမူ များလွန်းလှသည်မဟုတ်လော။
ဤသည်မှာ လူတိုင်းနီးပါး ယဲ့ချန်းကို မဲပေးခဲ့သည်ဟူသော သဘောမျိုးပင်။
တချို့က ဒေါသထွက်နေကြသော်ငြား တချို့ကမူ ယဲ့ချန်းကို လေးစားသွားကြသည်။
မည်သို့ပင်ဖြစ်စေ လူတစ်ယောက်၏ အရည်အချင်းက အခြားလူအားလုံးကို ချေမှုန်းနိုင်သည့် အဆင့်အထိ ရောက်သွားသောအခါ သူတစ်ပါး၏ လေးစားမှုကို အလိုလိုရရှိသည်။
ယဲ့ချန်းက ယခုလိုပင်။
သူ့ကဗျာဖြင့် ကျန်လူအားလုံးကို အနိုင်ပိုင်းပြီး လူတိုင်းဆီက အထင်ကြီးလေးစားမှုကို ရယူနိုင်ခဲ့သည်။
အထူးသဖြင့် ကျိုးခွန်းက လူတိုင်းရှေ့မှာ ယဲ့ချန်းကို လှောင်ပြောင်ခဲ့သဖြင့် လူတော်တော်များများ မကျေမနပ်ဖြစ်ခဲ့ကြရသည်။
ယခုမူ ကျိုးခွန်း၏ ဝေးပေါ် အကောင့်မှာ ပေါက်ကွဲထွက်နေချေပြီ။
"ကျိုးခွန်း... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဆရာလာလုပ်ချင်နေတာလဲ"
"မင်းရေးထားတာက ဘာကြီးလဲ။ ဖတ်လို့ရော ရရဲ့လား"
"ရှက်ဖို့ကောင်းလိုက်တာ။ ပါးဖြတ်ရိုက်ခံရလို့ မင်းမျက်နှာကြီး ရောင်ကိုင်းသွားပြီလား"
"လူကြီးဖြစ်ပြီး လေးစားမှုမရှိတဲ့ကောင်"
"ဒီအဘိုးကြီးက အကျင့်မကောင်းဘူး"
"ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေလိုက်"
...
သူ့ဝေးပေါ်အကောင့်အောက်ရှိ မှတ်ချက်များကို ကြည့်ရင်း ကျိုးခွန်းခမျာ ရူးမတတ်ဖြစ်နေချေသည်။
ယဲ့ချန်းကြောင့် သူ မျက်နှာပျက်ရခြင်းဖြစ်၏။
စတားတက္ကသိုလ်ကျောင်းသားများကတော့ ဝမ်းသာလုံးဆို့နေကြသည်။
သူတို့၏ကျောင်းအုပ်ကြီးက အံ့မခန်းပင်။
အစောတုန်းက ယဲ့ချန်းကို တခြားကျောင်းရှိ ကျောင်းသားများ လှောင်ပြောင်နေကြသဖြင့် သူတို့ တကယ် စိတ်မကောင်းဖြစ်ခဲ့ရသည်။
သူတို့အနေနှင့် လက်တုံ့ပြန်ချင်သော်လည်း ယုံကြည်မှု မရှိခဲ့ကြပေ။
ယဲ့ချန်းသည် ယခင်က ကဗျာမရေးခဲ့ဖူးချေ။
ယခုမူ ယဲ့ချန်းက ကဗျာတစ်ပုဒ်ရေးလိုက်ရုံသာမက နတ််ဘုရားများပင် တုန်လှုပ်သွားလောက်သည့် ကဗျာမျိုး ရေးလိုက်နိုင်သည်ဖြစ်ရာ သူတို့အနေနှင့် မပျော်ဘဲ ဘယ်နေနိုင်မည်နည်း။
တစ်ခဲနက်လက်ခုပ်သံများအကြား အစီအစဉ်တင်ဆက်သူက ပြုံးလျက် စကားဆိုလိုက်သည်။
"နောက်အစီအစဉ်အနေနဲ့ မစ္စတာယဲ့ချန်းကို စင်ပေါ် ဖိတ်ခေါ်ပါတယ်"
ခန်းမထဲတွင် မိုးခြိမ်းသံအလား လက်ခုပ်သံများ ပဲ့တင်ထပ်သွားသည်။
လူတိုင်းက အရည်အချင်းရှိသည့် ဤတက္ကသိုလ်ကျောင်းအုပ်ကို ငေးကြည့်နေကြသည်။
သူသည် အစောပိုင်းကမှ အခြားသူများထံတွင် မေးခွန်းထုတ်၍ အရှက်ခွဲခံခဲ့ရသော်ငြား ကဗျာတစ်ပုဒ်ကို အသုံးချပြီး တစ်ဖက်လူ၏ မျက်နှာကို ခပ်ပြင်းပြင်းရိုက်ချနိုင်ခဲ့သည်။
ဤသည်မှာ ကျေနပ်စရာကောင်းပြီး အလွန်ထူးချွန်ပြောင်မြောက်လွန်းသည်။
သူသည် မေးခွန်းထုတ်သူများကြောင့် လဲကျမသွားသည့်အပြင် သံသယများကို ချေဖျက်ဖို့ လုပ်ရပ်ဖြင့် သက်သေပြလိုက်သည်။
ဤသည်မှာ ဟွားနိုင်ငံရှိ တက္ကသိုလ်ကျောင်းအုပ်တစ်ယောက်တွင် ရှိသင့်သော ကိုယ်ရည်ကိုယ်သွေးမျိုးပင်။
အစီအစဉ်တင်ဆက်သူက ပြုံးလျက် ပြောလိုက်၏။
"မစ္စတာယဲ့... မဲအရေအတွက်အပြတ်အသတ်နဲ့ ဗိုလ်စွဲသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ရှင်ရေးခဲ့တဲ့ ကဗျာကို ကျွန်မလည်း တကယ်သဘောကျမိတယ်"
ယဲ့ချန်းကို ချီးကျူးပြီးနောက် အစီအစဉ်တင်ဆက်သူက ဆက်ပြောလိုက်ပြန်သည်။
"မစ္စတာယဲ့... အားလုံးအတွက် စကားတစ်ခွန်းလောက် ပြောပေးပါဦး"
ယဲ့ချန်းက မိုက်ခရိုဖုန်းကို ကိုင်လိုက်သော်လည်း သူ့အကြည့်များကတော့ ကျိုးခွန်းဆီသို့ ရောက်သွားသည်။
ထိုအကြည့်တစ်ချက်ကြောင့် ကျိုးခွန်း၏ ရင်ထဲဝယ် တုန်လှုပ်သွားလေသည်။
ယဲ့ချန်းက တော်တော်အငြိုးကြီးသည်ဟု သူ ခံစားလိုက်ရသည်။
အစောပိုင်းက သူ ယဲ့ချန်းကို အချိန်အတော်ကြာအောင် အရှက်ခွဲခဲ့သည်ဖြစ်ရာ ယခု သူ့ကိုလည်း သည်အတိုင်း လွှတ်ထားပေးမည်လော။
ထင်ထားသည့်အတိုင်းပင် ယဲ့ချန်းက သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူက ပြုံးစစဖြင့် စကားဆိုလာချေသည်။
"တကယ်တော့ ကဗျာစပ်တယ်ဆိုတာ ကျွန်တော့်အတွက် ဝါသနာတစ်ခုပါပဲ။ ကျောင်းအုပ်ကျိုး ပြောသလို အဆင့်မြှင့်တင်ဖို့လည်း လိုသေးသလို ကျွန်တော်တို့ရဲ့ နက်နဲတဲ့အမျိုးသားဂန္တဝင်စာပေတွေကိုလည်း လေ့လာဖို့လိုပါသေးတယ်။ တကယ်တော့ ကျွန်တော်တို့လူငယ်တွေက တက်ကြွတယ်ဆိုပေမဲ့ ယဉ်ကျေးမှုအသိပညာ မရှိဘူးလို့တော့ မဆိုလိုဘူးလေ။ ယဉ်ကျေးမှုအသိပညာဆိုတာ အသက်အရွယ်နဲ့အတူ ကြီးထွားလာတာမျိုး မဟုတ်ပါဘူး"
ယဲ့ချန်းက ဆက်တိုက်လက်တုံ့ပြန်နေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
လူငယ်တွေမှာ ယဉ်ကျေးမှုအသိပညာ မရှိဘူးလို့ ခင်ဗျား ခုနက ပြောခဲ့တယ်မဟုတ်လား။
အခု ကျုပ် ခင်ဗျားကို အရှက်ခွဲပြနေပြီလေ။
ထင်သည့်အတိုင်းပင် ကျိုးခွန်း၏မျက်နှာကား သံချေးရောင်ပေါက်သွားပြီး စိတ်ခံစားချက်များကို မနည်းထိန်းချုပ်နေရသည်။
အစက ယဲ့ချန်းအနေနှင့် အာရုံစိုက်မှုကို ရယူသွားပြီဖြစ်ရာ ဤကိစ္စ ပြီးသွားပြီဟု ကျိုးခွန်း ထင်ထားခဲ့သည်။
ထင်မှတ်မထားပါဘဲ ယဲ့ချန်းက အသာလွှတ်မပေးဘဲ ဤကိစ္စကိုပါ ထည့်ပြောသွားခဲ့သေးသည်။
လူငယ်တစ်ယောက်ဖြစ်သည့် အစီအစဉ်တင်ဆက်သူကလည်း အပြည့်အဝ ထောက်ခံလေသည်။
"ကျောင်းအုပ်ယဲ့ပြောတာ မှန်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ရှေးဟောင်းကဗျာတွေနဲ့ ဟွားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို သဘောကျပါတယ်။ ကျွန်မတို့လူငယ်တွေက ဖုန်းပဲသုံးပြီး ဗီဒီယိုအတိုလေးတွေပဲ ကြည့်နေကြတာ မဟုတ်ပါဘူး။ ရိုးရာယဉ်ကျေးမှုတွေကိုလည်း နှစ်သက်ကြပါတယ်။ ကျောင်းအုပ်ယဲ့... ဆုလက်ခံရရှိတဲ့အတွက် ကျေးဇူးတင်စကားလေး ပြောကြားပေးပါဦးရှင့်"
"ကျွန်တော့်ရဲ့ကျေးဇူးတင်စကားကတော့ လူကြီးပိုင်းတချို့အနေနဲ့ ကိုယ်ကျင့်တရားကင်းမဲ့တဲ့ လုပ်ရပ်မျိုး မလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြပါလို့ပဲ ပြောချင်ပါတယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ခန်းမထဲရှိ လူများလည်း ရယ်မောလိုက်ကြသည်။
ဤသည်မှာ သခင်ကြီးမာဆီက နာမည်ကြီးလာသည့် စကားစုတစ်ခုဖြစ်၏။ "လူငယ်တွေအနေနဲ့ ကိုယ်ကျင့်တရား ရှိသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြ"ဟူ၍ပင်။
ခန်းမထဲတွင် ထွက်ပေါ်လာသော ရယ်သံများကို ကြားနေရခြင်းမှာ ကျိုးခွန်းအတွက်မူ နားထဲကို ဆူးနှင့် ထိုးဆွခံနေရသလိုပင်။
သို့သော် သူ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
အစီအစဉ်တင်ဆက်သူက ရယ်မောလျက် ပြောလိုက်၏။
"အမှာစကားပြောကြားပေးတဲ့ ကျောင်းအုပ်ယဲ့ကို ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက ပရိသတ်များ၏ လက်ခုပ်သံများအကြားမှာပင် စင်မြင့်ပေါ်က ဆင်းလာခဲ့သည်။
အွန်လိုင်းပေါ်တွင်လည်း ယနေ့ ကဗျာပြိုင်ပွဲက အကြီးအကျယ်ပေါက်သွားလေသည်။
"ကျောင်းအုပ်ယဲ့က အရမ်းမိုက်တာပဲ။ နောက်ဆိုရင် ကျောင်းအုပ်ယဲ့မှာ အသိပညာမရှိဘူးလို့ ဘယ်သူပြောရဲသေးလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"ဟုတ်ပါ့။ ကျောင်းအုပ်ယဲ့ကို ကျွန်တော်တို့ ထောက်ခံပါတယ်"
"ကျောင်းအုပ်ယဲ့... ကျွန်တော်က ခင်ဗျားရဲ့ သစ္စာရှိ ပရိသတ်ပါဗျာ"
စတားတက္ကသိုလ်၏ စာမျက်နှာအောက်တွင် တခြားကျောင်းရှိ ကျောင်းသားများက ယဲ့ချန်းအတွက် မှတ်ချက်များ ဝင်ရေးခဲ့ကြသည်။
ကျန်းစုတက္ကသိုလ်၏ စာမျက်နှာအောက်တွင်မူ ဆဲဆိုစကားများဖြင့် ပြည့်နှက်နေချေသည်။
"ဒီလို ကိုယ်ကျင့်တရားမရှိတဲ့ ကျောင်းအုပ်မျိုးကို ပညာရေးလောကထဲက မောင်းထုတ်ပစ်သင့်တယ်"
"ဟုတ်တယ်။ အမှိုက်လို ကျောင်းအုပ်ကြီး.... ကျန်းစုတက္ကသိုလ်ကို လျှောက်ခဲ့မိတာ နောင်တရတယ်"
"ရာစုနှစ်ချီပြီးသက်တမ်းရှိတဲ့ ကျောင်းတော်ကြီးက ဒီလိုအစုတ်အပြတ်ကျောင်းအုပ်တစ်ယောက်ကြောင့် ပျက်စီးရပြီ"
...
ယဲ့ချန်းလည်း မှတ်ချက်များကို ကြည့်၍ ခပ်ဖွဖွပြုံးလိုက်မိသည်။
ဟိတ်ကြီးဟန်ကျယ်နဲ့ ဟန်ရေးပြချင်တဲ့ ရလဒ်က ဒါပဲလေ။
•••••••••••••••••••••••••••
အပိုင်း ၆၀၈ : ကိုယ် ဖြေရှင်းလိုက်မယ်
ယဲ့ချန်း အိမ်ပြန်ရောက်ပြီးနောက် သူ့ဝတ္ထုအကြောင်း ရုတ်တရက်သတိရလိုက်သည်။
ဝတ္ထုအပိုင်းသစ် မတင်ဖြစ်သည်မှာ တော်တော်ကြာနေပြီဖြစ်၏။
ယဲ့ချန်းက စာရေးသူများဆုံရပ်အက်ပလီကေးရှင်းကို ဖွင့်လိုက်သည်။
ထိုအခါ သူ အံ့ဩမှင်တက်သွားရသည်။
သေစမ်... မှတ်ချက်တွေက ဒီလောက်တောင်များတာလား။
ယဲ့ချန်းက စာလုံးရေနှစ်သိန်းခန့်သာ တင်ရသေးသည်။
သို့သော် ထိုစာလုံးရေနှစ်သိန်းကပင် အလွန်နာမည်ကြီးနေပြီဖြစ်၏။
ယဲ့ချန်းလည်း မှတ်ချက်ကဏ္ဍကို ဖွင့်ကြည့်လိုက်သည်။
"စာရေးသူရေ..ဘာလို့ အပိုင်းသစ်မတင်သေးတာလဲ"
"ဇာတ်လမ်းအဆက်ကို မျှော်နေတာ"
"ဒီလိုဝတ္ထုကောင်းကို ဘာလို့ ရပ်ပစ်လိုက်တာလဲ"
"ဒါက သေချာပေါက် ဂန္တဝင်မြောက်တဲ့ လက်ရာတစ်ခုနော်"
အွန်လိုင်းပေါ်ရှိ မှတ်ချက်များကို ကြည့်ရင်း ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
ဘာလို့အပိုင်းသစ်မတင်တာလဲ ဟုတ်လား။ ဘာလို့လဲဆိုတော့ မင်းတို့အစ်ကိုကြီးမှာ ပိုက်ဆံမပြတ်လို့လေ။
ထားပါတော့လေ...
စာဖတ်သူတွေက ဇာတ်လမ်းကို ဘယ်လောက်တောင် ဆက်ဖတ်ချင်နေလဲဆိုတာ မြင်နေရမှတော့ နောက်ထပ်နည်းနည်းလောက် ထပ်တင်ပေးလိုက်ပါဦးမယ်။
သူ တင်လိုက်ပြီးသည်နှင့် မှတ်ချက်ကဏ္ဍတွင် ချက်ချင်းဆိုသလို ပေါက်ကွဲသွားတော့သည်။
"ဘုရားရေ... ကောင်းကင်ဘုံကိုထိုးဖောက်ခြင်းက တကယ်ကြီး အပိုင်းသစ်တက်လာတယ်ဟ"
"မိုက်လိုက်တာ။ ငါ မျှော်နေခဲ့ရတာကြာပြီ။ နောက်ဆုံးတော့ ယွင်လန်ဂိုဏ်းမှာ ရှောင်ယန် ဘာတွေလုပ်ခဲ့လဲဆိုတာ သိရတော့မယ်"
"ရှောင်ယန်နဲ့ တိုက်ပွဲနတ်ဘုရားမတို့ကြားမှာ ဘာတွေဖြစ်မလဲဆိုတာ ငါ တော်တော်သိချင်နေပြီ"
ယဲ့ချန်းလည်း အွန်လိုင်းပေါ်ရှိ မှတ်ချက်များကို ကြည့်ရင်း ခပ်ဖွဖွပြုံးလိုက်ပြန်သည်။
ထိုအချိန်မှာပင် သူအတန်းဖော်ထန်ရှောင်ဖေး၏ ဝတ္ထုကို ရုတ်တရက်သတိရလိုက်မိသည်။
ပြီးခဲ့သည့်အခေါက်က ငွေလှူပေးပြီးနောက် ထန်ရှောင်ဖေး၏ဝတ္ထုက တကယ်အောင်မြင်သွားခဲ့သည်။
သို့သော် အောက်ဘက်ရှိ မှတ်ချက်များကို ကြည့်လိုက်သောအခါ ယဲ့ချန်း မျက်နှာပျက်သွားသည်။
"ဒီလိုအစုတ်အပြတ်စာအုပ်မျိုးကို ဘယ်သူက တကယ်ဖတ်နေမှာလဲ"
"အားလုံးပဲ... ဒီအစုတ်အပြတ်စာအုပ်ကို ဆက်မဖတ်ကြပါနဲ့တော့"
"ဒီ လောကကိုထိုးဖောက်ခြင်းက ဘာအကြောင်းတွေ ရေးထားတာလဲဆိုတာ ငါ တကယ်နားမလည်နိုင်ဘူး"
"အမှိုက်လိုစာအုပ်.... တစ်ခန်းဖတ်ပြီးတာနဲ့ လက်လျှော့လိုက်ပြီ"
...
ဤမှတ်ချက်များအားလုံးက အကောင့်တုများဖြင့် ရေးတင်ထားကြခြင်းဖြစ်၏။
ထို့ပြင် ယဲ့ချန်း ဝေ့ကြည့်လိုက်သောအခါ မှတ်ချက်ကဏ္ဍတစ်ခုလုံးတွင် ဤသို့သော အကောင့်တုများဖြင့် ပြည့်နှက်နေကြောင်း မြင်လိုက်ရသည်။ ဤသည်မှာ စနစ်တကျစီစဉ်ပြီး ပြဿနာရှာနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
ထန်ရှောင်ဖေး ရေးထားသည့် ဝတ္ထုကို ယဲ့ချန်း ဖတ်ဖူးသည်။
ဂန္တဝင်မြောက်သည်ဟု မဆိုနိုင်သော်ငြား အလွန်ကောင်းမွန်သော ဝတ္ထုတစ်ပုဒ်ဖြစ်၏။
ယခုလို နှောင့်ယှက်သူအများကြီး ရှိနေခြင်းမှာ ပုံမှန်မဟုတ်ပေ။
ထန်ရှောင်ဖေးဘက်က ကာကွယ်ပြောဆိုပေးသည့် မှတ်ချက်အချို့ ရှိနေသော်ငြား ထိုမှတ်ချက်မျးမှာ ခပ်မြန်မြန် ဖုံးလွှမ်းခံလိုက်ရသည်။
တစ်ယောက်ယောက်က ထန်ရှောင်ဖေးကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်နေခြင်းမှာ ထင်ရှားလှသည်။
ထို့ကြောင့်လည်း ထန်ရှောင်ဖေးသည် မကြာသေးခင်က သူ(မ)၏ ဝေးပေါ်တွင် အမြဲမပျော်ရွှင်ပုံပေါက်နေခြင်းပင်။
ထန်ရှောင်ဖေးက သူ့ထိုင်ခုံဖော်ဖြစ်သောကြောင့် သူ(မ) အနိုင်ကျင့်ခံနေရသည့် အဖြစ်ကို ယဲ့ချန်း ကြည့်မနေနိုင်ပေ။
ဤလူများထဲရှိ လူတော်တော်များများမှာ ဝူထျန်းဟုခေါ်သော စာရေးဆရာတစ်ယောက်၏ ပရိသတ်များဖြစ်ကြောင်း ယဲ့ချန်း သတိထားမိသည်။
သူလည်း ဖုန်းကောက်ကိုင်ပြီး ထန်ရှောင်ဖေးကို ဖုန်းခေါ်လိုက်သည်။
"ရှောင်ဖေး... မင်းနဲ့ ဝူထျန်းဆိုတဲ့ စာရေးဆရာက ဘာတွေဖြစ်ထားတာလဲ"
ထိုနာမည်ကို ကြားလိုက်ရသောအခါ ထန်ရှောင်ဖေး သက်ပြင်းချလိုက်လေသည်။
"ကျွန်မတို့ကြားမှာ ဘာကိစ္စမှမရှိပါဘူး"
သူ(မ)က ထိုသို့ပြောနေသော်ငြား သူ့ကို ဒုက္ခမပေးချင်သောကြောင့် ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။
"ရှောင်ဖေး... ကိုယ်တို့က သူငယ်ချင်းတွေမဟုတ်ဘူးလား။ ဟုတ်တယ်ဆိုရင် ဘာဖြစ်နေလဲဆိုတာ ကိုယ့်ကိုပြောပြလေ"
ထန်ရှောင်ဖေးက ဆို၏။
"ကျွန်မတို့ ပြဿနာတက်နေတယ်ဆိုတာ ရှင် ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းကလည်း ပြန်ဖြေသည်။
"သေချာပေါက် သိတာပေါ့။ ကိုယ် မင်းစာအုပ်ရဲ့ မှတ်ချက်ကဏ္ဍကို ဝင်ကြည့်လိုက်တော့ ဆဲဆိုနေတာတွေ အများကြီးတွေ့ရတယ်လေ။ ပြီးတော့ တော်တော်များများက ဝူထျန်းရဲ့ ပရိသတ်တွေချည်းပဲ"
ထန်ရှောင်ဖေးက ဆိုပြန်လေသည်။
"ယဲ့ချန်း... တကယ်ဘာမှမဟုတ်ပါဘူး။ ရှင် စိတ်ပူစရာ မလိုပါဘူး။ ကျွန်မဘာသာ ဖြေရှင်းနိုင်ပါတယ်"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ကိုယ်ပြောခဲ့တာကို မင်းမေ့သွားပြီလား။ ကိုယ် မင်းကို ကာကွယ်ပေးမယ်။ မင်း ကိုယ့်ကို မပြောပြရင် စိတ်ဆိုးမှာနော်"
ထန်ရှောင်ဖေးက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ။ ပြောပြပါ့မယ်"
ယဲ့ချန်း၏ စကားများကို ကြားရသောအခါ ထန်ရှောင်ဖေး၏ ရင်ထဲဝယ် နွေးထွေးသွားသည်။
"စိတ်မပူနဲ့။ ကိုယ်ရှိတယ်။ သူ့ဘာသာ ဘယ်လောက်ပဲ အကောင်ကြီးကြီး ကိုယ့်သူငယ်ချင်းကို အနိုင်ကျင့်လို့ မရဘူး။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်နေတာတောင် မပြောပြဘူးဆိုတော့ မင်းက ကိုယ့်ကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးလား"
ယဲ့ချန်းက လွှမ်းမိုးနိုင်စွမ်းရှိသော လေသံဖြင့် ပြောလိုက်သည်။
ထန်ရှောင်ဖေးက ဆိုလေသည်။
"ကောင်းပါပြီ... ကျွန်မ နောက်ဆို အဲဒီလိုမလုပ်တော့ပါဘူး။ ဟုတ်ပြီလား"
ယဲ့ချန်းကလည်း ပြန်ပြောလိုက်၏။
"ဒီလိုမှပေါ့"
တကယ်တော့ သူတို့နှစ်ယောက်ကြားရှိ ပြဿနာဟာ ယခုနှစ် နှစ်ပတ်လည်အစည်းအဝေးမှာ ပေးမည့် အကောင်းဆုံးမျက်နှာသစ်ဆုကြောင့်ပင်။
သို့သော် ထန်ရှောင်ဖေး၏ စာအုပ်နှင့် ဝူထျန်း၏စာအုပ်မှာ အရည်အသွေးပိုင်းတွင် လက်ရည်ညီနေချေသည်။
အဆုံးတွင်မူ အယ်ဒီတာက သူတို့စာအုပ်များ၏ လစဉ်မဲအရေအတွက်ကို အကောင်းဆုံးမျက်နှာသစ်ဆုအတွက် စံသတ်မှတ်ချက်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် အကောင်းဆုံးမျက်နှာသစ်ဆု ရရှိသူမှာ ဝက်ဘ်ဆိုက်၏ ထောက်ခံချက်ကို ရရှိမည့်အပြင် ရုပ်ရှင်အဖြစ် အသက်သွင်းနိုင်မည့် အခွင့်အရေးပါ ရရှိနိုင်ပေမည်။
စာရေးဆရာတစ်ယောက်အတွက်မူ ဤအခွင့်အရေးမှာ ရတောင့်ရခဲပင်။
ယဲ့ချန်းလည်း နားထောင်ပြီးနောက် အခြေအနေကို နားလည်သွားသည်။
ထန်ရှောင်ဖေးကတော့ အကောင်းဆုံးမျက်နှာသစ်ဆုကို အလွန်တရာ လိုချင်မိသည်။
အကြောင်းကား ဤသည်မှာ သူ(မ)၏ဘဝကို ပြောင်းလဲပေးနိုင်ရုံသာမက သူ(မ)၏ဝတ္ထုပါ အသိအမှတ်ပြုခံရမည်ဖြစ်သောကြောင့်ပင်။
ယဲ့ချန်းက ပြောလိုက်သည်။
"ဒါဆို မူပိုင်ခွင့်နဲ့ ပတ်သက်နေတာပေါ့။ မူပိုင်ခွင့်က ဘယ်လောက်တောင် တန်ဖိုးရှိလို့လဲ"
ထန်ရှောင်ဖေးက အနည်းငယ်ချဲ့ကား၍ပြောလိုက်သည်။
"တစ်သန်းကျော်လောက် တန်တယ်"
ယဲ့ချန်းမှမူ ဆွံ့အသွားရသည်။
"တစ်သန်းကျော်လေးပဲလား"
"တစ်သန်းကျော်လေးပဲဆိုတာက ဘာသဘောလဲ။ အဲဒါက အများကြီးပဲလေ"
ထန်ရှောင်ဖေးက ပြောလိုက်၏။
ယဲ့ချန်း ရယ်မောလိုက်လေသည်။
"ကောင်းပြီလေ။ သဘောပေါက်ပြီ။ ကိုယ့်တာဝန်သာထားလိုက်"
ထန်ရှောင်ဖေးက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"တရားမျှတတဲ့ ယှဉ်ပြိုင်မှုဆိုရင် ကျွန်မ ရှုံးလည်း လက်ခံပါတယ်။ ဒါပေမဲ့ ဒီကောင်က ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးနေတာ။ မဲလိမ်တယ်။ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေပေးတယ်။ နောက်ကွယ်ကနေ ယုတ်မာတဲ့အလုပ်တွေ အကုန်လုပ်နေတာ။ တကယ်ဒေါသထွက်ဖို့ကောင်းတယ်"
ထန်ရှောင်ဖေးလည်း ဝူထျန်းကို တကယ်စိတ်တိုမိသည်။
လစဉ်မဲပေးပွဲတွင် စာဖတ်သူများက ပိုကောင်းသည့် စာအုပ်ကိုသာ မဲပေးကြပေလိမ့်မည်။
ယခုလိုနည်းလမ်းမျိုးဖြင့် မဲများကို လိမ်လည်ခြယ်လှယ်နေခြင်းမှာ စည်းမျဉ်းများကို လုံးဝချိုးဖောက်နေခြင်းပင်။
ယဲ့ချန်းက မေးလိုက်၏။
"မင်း အယ်ဒီတာကိုရော ပြောပြပြီးပြီလား"
ထန်ရှောင်ဖေးခမျာ ဝမ်းနည်းစွာ ပြောပြလာသည်။
"အယ်ဒီတာကို ပြောပြပြီးပြီ။ ဒါပေမဲ့ အယ်ဒီတာက သက်သေမရှိဘူးလို့ ပြောတယ်"
ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။
"အယ်ဒီတာက ဂရုမစိုက်ဘူးဆိုရင်လည်း ပြဿနာမရှိဘူး။ ကိုယ်ပဲ ဖြေရှင်းလိုက်မမယ်"
"ဒီရက်ပိုင်းအတွင်း အဲဒီအရှုပ်ထုပ်တွေကို ဂရုမစိုက်နေနဲ့တော့။ မင်းရဲ့ဝတ္ထုကိုပဲ အပိုင်းသစ်တင်နိုင်ဖို့ အာရုံစိုက်ထား။ အဲဒီဝူထျန်းကိစ္စကိုတော့ ကိုယ်ပဲ တာဝန်ယူလိုက်မယ်"
ထန်ရှောင်ဖေး ခေါင်းညိတ်ပြလိုက်၏။
"ယဲ့ချန်း... ကျေးဇူးပဲနော်"
"ဒီရက်ပိုင်း ကျွန်မ အပိုင်းသစ်တွေ ကောင်းကောင်းမတင်ဖြစ်ဘူး။ အခုတော့ စိတ်အေးအေးထားပြီး အပိုင်းသစ်နည်းနည်း ထပ်တင်လို့ရပြီ"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ကြိုးစားထား"
"မွ"
ထန်ရှောင်ဖေးခမျာ မျက်နှာအရဲသားဖြင့် ဖုန်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် ယဲ့ချန်း၏ မျက်ဝန်းထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
ဝူထျန်း၏စာအုပ်က သူ(မ)လောက် မကောင်းကြောင်း သိသာနေသည့်တိုင် ဤသို့နှယ် အောက်တန်းကျသော လှည့်ကွက်များကိုသုံးပြီး မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေခြင်းကား တကယ်ဒေါသထွက်ဖို့ကောင်းသည်။
ယဲ့ချန်းက ကွန်ပျူတာကိုဖွင့်၍ ထန်ရှောင်ဖေး၏ စာအုပ်ကို ဝင်ကြည့်လိုက်သည်။
လက်ရှိမှာတော့ ထန်ရှောင်ဖေး၏ မဲအရေအတွက်က တစ်သောင်းနှစ်ထောင်ရှိပြီး ဝူထျန်း၏ မဲအရေအတွက်ကမူ တစ်သောင်းရှစ်ထောင်အထိ ရောက်နေချေပြီ။
လကုန်ခါနီးအချိန်လောက်တွင် သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားနေပြီဟု ဆိုရမည်။
သို့သော် ယဲ့ချန်းမှာ မဲအရေအတွက်များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသည်မှာ အကောင့်တုများချည်းသာ။ အသစ်ဖွင့်ထားသည့် အကောင့်များဆိုလျှင် ယဲ့ချန်း တစ်ချက်ကြည့်လိုက်သည်နှင့် သိနိုင်သည်။
ဤကိစ္စတွင် မသင်္ကာစရာတစ်ခုခုမရှိဘူးဆိုပါက ယဲ့ချန်း ယုံမည်မဟုတ်ပါချေ။
ဤသကောင့်သားများက ရလဒ်ကောင်းရဖို့ မရိုးသားသော နည်းလမ်းများကို သုံးနေကြခြင်းပင်။
ဝက်ဘ်ဆိုက်၏ တရားမျှတမှုက ဤကဲ့သို့သော လူများကြောင့် ပျက်စီးရခြင်းပင်။
သူတို့၏ မဲလိမ်လည်မှုက ဝက်ဘ်ဆိုက်၏ တရားမျှတမှုကို ထိခိုက်စေသော်ငြား မဲလိမ်ခြင်းကလည်း ဝက်ဘ်ဆိုက်အတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသဖြင့် ခိုင်လုံသော သက်သေမရှိပါဘဲ ဝက်ဘ်ဆိုက်ဘက်က ဂရုစိုက်မည်မဟုတ်ပေ။
ယဲ့ချန်းလည်း ဝက်ဘ်ဆိုက်၏ စည်းမျဉ်းများကို ပြန်စစ်ဆေးကြည့်လိုက်သောအခါ ယခင် စာပေဝက်ဘ်ဆိုက်များနှင့် ဆင်တူနေကြောင်း တွေ့ရသည်။ ဗီအိုင်ပီဖြစ်နေသရွေ့ လစဉ်မဲလက်မှတ်များ ရရှိနိုင်ပြီး အဆင့်ပိုမြင့်လေလေ လစဉ်မဲများ ပိုရလေလေပင်။
ဥပမာအားဖြင့် ယဲ့ချန်းဆိုလျှင် ပြီးခဲ့သည့်တစ်ခေါက်က ရွှေရောင်မဟာမိတ်ထောက်ပံ့မှုကြောင့် လစဉ်မဲ အခုနှစ်ဆယ် ရထားသည်။
ယဲ့ချန်းလည်း ထိုမဲများအားလုံးကို ထန်ရှောင်ဖေးအား တုံ့ဆိုင်းမနေဘဲ ပေးလိုက်သည်။
သို့သော် ဤမျှဖြင့် ထန်ရှောင်ဖေးကို ကူညီပေးရန် မလုံလောက်သေးဘူးဆိုပါက...
ယဲ့ချန်းအနေနှင့် ပိုလွယ်ကူသော နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်သည်။ ဤသည်မှာ ပိုက်ဆံသုံး၍ ဖြေရှင်းရန်ပင်။
ဤကမ္ဘာပေါ်တွင် မည်သို့ပင်ဖြစ်စေ ပိုက်ဆံရှိနေသရွေ့ လုပ်ချင်ရာလုပ်နိုင်သည်။
ဝက်ဘ်ဆိုက်ကလည်း ပရိသတ်များကို ပိုက်ဆံသုံးစေချင်သည်။ အကြောင်းမှာ သူတို့က နောက်ဆုံးတွင် အကျိုးအမြတ်ရရှိမည်ဖြစ်သောကြောင့်သာ။
ပိုက်ဆံသုံးတဲ့နေရာမှာ ဘယ်သူက ပိုတော်လဲဆိုတာ ကြည့်ကြသေးတာပေါ့။
မင်း ငိုသွားတဲ့အထိ ငါ ပိုက်ဆံသုံးပြမယ်... စောင့်ကြည့်နေလိုက်။
လစဉ်မဲခြောက်ထောင် ကွာဟချက်တဲ့လား။
အခြားသူများအတွက်မူ မဖြစ်နိုင်ဘူးဟု ထင်ရသော်ငြား ယဲ့ချန်းအတွက်တော့ လွယ်ကူလွန်းလှသည်။
•••••••••••••••••••••••••
အပိုင်း ၆၀၉ : မျက်နှာသစ်ဘုရင်နေရာအတွက် ယှဉ်ပြိုင်ခြင်း
ဝူထျန်း၏ အရေးအသားက ထန်ရှောင်ဖေး၏ အရေးအသားနှင့် သိပ်မကွာလှသည့်အပြင် အနည်းငယ်ပင် ပိုညံ့နေသေးသည်။
ဤသို့သော စာအုပ်မျိုးက ထန်ရှောင်ဖေး၏ စာအုပ်ထက် မဲအရေအတွက် ခြောက်ထောင်ကျော်အထိ ဘာကြောင့်ပိုများနေရလေသလဲ။
လက်ရှိတွင် ဝူထျန်း၏ စာအုပ်က လစဉ်မဲစာရင်း။ အဆင့်သုံးနေရာတွင် ရှိနေသော်ငြား ဤအချက်အလက်များက ဖောင်းပွနေကြောင်း ယဲ့ချန်း မြင်နေရသည်။
စိတ်မှန်သည့် မည်သူမဆို ဝူထျန်း၏ စာအုပ်မှာ တကယ်တမ်းတွင် မဲလိမ်ထားကြောင်း သိနိုင်သည်။
သို့သော် မဲလိမ်ခြင်းကား ဝက်ဘ်ဆိုက်၏ အသံတိတ်စည်းမျဉ်းတစ်ခုနှယ် ဖြစ်နေလေရာ မည်သူကမှလည်း ဂရုမစိုက်ကြပါချေ။
ထို့ကြောင့်လည်း ဝူထျန်းက အပျက်သဘောဆောင်သည့် မှတ်ချက်များကို မသမာသောနည်းလမ်းဖြင့် သုံးနိုင်ရုံသာမက မဲများကိုပါ မောက်မာထောင်လွှားစွာ လိမ်လည်ခဲ့သေးသည်။
ယဲ့ချန်းလည်း အေးစက်စက် ရယ်မောလိုက်ပြီးနောက် ငွေဖြည့်လိုက်သည်။
ထိုအချိန်ဝယ် မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်က ဆောင့်ကြွားကြွားအပြုံးတစ်ပွင့်ဖြင့် ဖန်သားပြင်ကို စိုက်ကြည့်နေသည်။
သူသည် တစ်စုံတစ်ယောက်နှင့် စကားပြောနေခြင်းပင်။
"မင်း အလုပ်လုပ်တာ သေသပ်တယ် မဲလိမ်နတ်ဘုရားရေ"
မဲလိမ်နတ်ဘုရားဆိုသည်မှာ ထောင်ပေါင်ကတစ်ဆင့် သူ ရှာတွေ့ခဲ့သည့် မဲအရေအတွက်များ မြှင့်တင်ပေးသူတစ်ယောက်ပင်။
လစဉ်မဲများနှင့် အပျက်သဘောဆောင်သည့် မှတ်ချက်များကိုပါ တစ်ဖက်လူက လုပ်ပေးခဲ့ခြင်းသာ။
"အဆင်ပြေပြေ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ခင်ဗျားကျေနပ်နေသရွေ့တော့ ဒါ ကျွန်တော်တို့တာဝန်ပါပဲ"
မဲလိမ်နတ်ဘုရားက ပြန်ဖြေချေသည်။
"အင်း.. နောက်ပိုင်း လိုအပ်တာရှိရင် မင်းကို ဆက်သွယ်လိုက်မယ်"
စကားပြောဝိုင်းကို ပိတ်ပြီးနောက် ဝူထျန်းလည်း သူ့အချက်အလက်များကို တစ်ချက်ကြည့်လိုက်သည်။
ယခုဆိုလျှင် သူသည် လစဉ်မဲ ခြောက်ထောင်ကျော်နှင့် အသာစီးရနေပြီဖြစ်ရာ ထန်ရှောင်ဖေး၏ စာအုပ်ထက် ရှေ့ပြေးနေလေပြီ။
ထို့ပြင် လွန်ခဲ့သည့် ရက်အနည်းငယ်က မဲလိမ်နတ်ဘုရားကို မဲများဆက်တင်ရန် ပြောထားခဲ့သေးသည်။
မည်သို့ပင်ဖြစ်စေ မဲလိမ်နတ်ဘုရား၏ စွမ်းရည်နှင့်သာဆိုလျှင် ထန်ရှောင်ဖေးအနေနှင့် သူ့ကို ကျော်တက်နိုင်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် ထန်ရှောင်ဖေးကို ကျော်တက်နိုင်ရန်အတွက် သူ ငွေတော်တော်များများ သုံးခဲ့ရသည်။
ငွေကုန်၍ နှမြောမိသော်ငြား သူသာ မျက်နှာသစ်ဘုရင် ဖြစ်လာခဲ့ပါက တစ်ဆက်တည်းရလာမည့် ထောက်ခံချက်များကတစ်ဆင့် အရင်းသာမက အမြတ်ပါ ပြန်ရလိမ့်မည်ဟု တွေးထားသည်။
အွန်လိုင်းစာပေလောကတွင် ငါးနှစ်ခြောက်နှစ်ခန့် ကျင်လည်ခဲ့သော ဝါရင့်စာရေးဆရာတစ်ယောက်အနေနှင့် သူသည် ဤသို့သောလှည့်ကွက်များနှင့် အလွန်ရင်းနှီးနေလေပြီ။
ထန်ရှောင်ဖေးက လူသစ်လေးတစ်ယောက်ပင်။ သူ့ကို ယှဉ်ပြိုင်နိုင်ဖို့ သူ(မ)ဆီတွင် ဘာများရှိသလဲ။
ဝူထျန်း၏ ယခင်လက်ရာများအားလုံးနီးပါး ကျရှုံးခဲ့သည်ချည်းသာ။
သို့သော် ဤလက်ရာကတော့ မတူပါချေ။ သူ မျှော်လင့်ချက်ရောင်ခြည်ကို မြင်ရသည်။
ယခုတော့ သူ့တွင် မျက်နှာသစ်ဘုရင်ဖြစ်လာရန် အခွင့်အရေးရှိနေချေပြီ။ နောက်တစ်ဆင့်ကတော့ ထိပ်တန်းစာရေးဆရာတစ်ယောက် ဖြစ်လာရန်ပင်။
ဤသို့သော အခွင့်အရေးမျိုးကို ထန်ရှောင်ဖေးက ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မည်နည်း။
ထို့ကြောင့် ဤတစ်ကြိမ်တွင်မူ မသမာသော နည်းလမ်းတချို့ကို ထုတ်သုံးရမည်ဆိုလျှင်ပင် မျက်နှာသစ်ဘုရင်ဆုကို သူ သေချာပေါက် ရယူမည်သာ။
ဤအခွင့်အရေးက သူ့အတွက် စင်စစ်ရှားပါးလွန်းလှသည်။
သူ့နှုတ်ခမ်းထက်ဝယ် အေးစက်စက်အပြုံးတစ်ပွင့် ဖြတ်ပြေးသွားသည်။
"ကောင်မလေးတစ်ယောက်ကများ ငါနဲ့လာယှဉ်ချင်နေတာ။ မင်းမှာ အရည်အချင်းရှိလို့လား"
သူ့အရေးအသားက သိပ်မကောင်းသော်ငြား အွန်လိုင်းစာပေလောကတွင် အချိန်ကြာကြာ ကျင်လည်ခဲ့သောကြောင့် အဆက်အသွယ်များကတော့ အလွန်ကောင်းမွန်ပေသည်။
သူသည် ဤအသံတိတ်စည်းမျဉ်းများကို နားလည်ထားပြီးသားပင်။
ထန်ရှောင်ဖေးအတွက်မူ ဤသည်မှာ သူ(မ)၏ ပထမဆုံးစာအုပ်ဖြစ်ပြီး လူသစ်လေးတစ်ယောက်မျှသာ ရှိသေးသည်။ သူ(မ)၏စာအုပ် အောင်မြင်သွားရခြင်းမှာ ရွှေရောင်မဟာမိတ်ခေါင်းဆောင်တစ်ယောက်နှင့် ဆုံတွေ့ခွင့်ရခဲ့သော ကံကောင်းမှုကြောင့်ပင်။
သူ့မှာ အလွန်မနာလိုဖြစ်နေသော်ငြား ဤတစ်ကြိမ်တွင်မူ ထန်ရှောင်ဖေးကို ချေမှုန်းပစ်နိုင်တော့မည်ဟု တွေးမိသဖြင့် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားရသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တုန်းက ယဲ့ချန်း၏ တစ်သန်းတန်ဆုလာဘ်က တရုတ်ဝဘ်ဆိုက်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထို့ကြောင့် ထန်ရှောင်ဖေးဆီသို့ စာဖတ်သူအများကြီး ရောက်လာချေသည်။
ထန်ရှောင်ဖေး၏ ဒေတာများလည်း ဆက်တိုက်ဆိုသလို မြင့်တက်သွားသည်။
ပုံမှန်အတိုင်းသာ ယှဉ်ပြိုင်ရမည်ဆိုလျှင် သူသည် ထန်ရှောင်ဖေး၏ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပါချေ။
ထို့ကြောင့်လည်း ယခုလို ပုံမှန်မဟုတ်သော ဗျူဟာကို သုံးခဲ့ရခြင်းပင်။
စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သူ့လုပ်ရပ်များနှင့် ပတ်သက်ပြီး ဝူထျန်းကမူ ရှက်စရာကောင်းသည်ဟု လုံးဝမခံစားရသည့်အပြင် အလွန်ဂုဏ်ယူပြီး ဘဝင်မြင့်နေသေးသည်။
ထို့ကြောင့် သူလည်း ပျင်းရိပျင်းတွဲဖြင့် ထန်ရှောင်ဖေးဆီမှာ လစဉ်မဲ ဘယ်လောက်ရှိနေပြီလဲဆိုသည်ကို ကြည့်ရန် သူ(မ)၏ စာအုပ်ကို ဖွင့်လိုက်သည်။
မဲအရေအတွက် ခြောက်ထောင်ကွာဟချက်အတွက် ထန်ရှောင်ဖေးအနေနှင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ မဖြစ်နိုင်တော့ပေ။
သို့သော် ထန်ရှောင်ဖေး၏ စာအုပ်ကို ဖွင့်ကြည့်လိုက်ချိန်တွင်မူ သူ မှင်တက်သွားရသည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
တန်ရှောင်ဖေး၏ စာအုပ်မဲအရေအတွက်က နှစ်သောင်းနှစ်ထောင့်နှစ်ရာနှင့် သူ့ကို ကျော်တက်သွားပြီဖြစ်၏။
ဝူထျန်းခမျာ ချက်ချင်းဆိုသလို ဆွံ့အသွားသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လွန်ခဲ့သည့်တစ်နာရီ သူ ကြည့်လိုက်စဉ်က ထန်ရှောင်ဖေး၏ စာအုပ်အချက်အလက်က သူ့ထက် မဲခြောက်ထောင်ခန့် လျော့နည်းနေခဲ့သည်။ တစ်နာရီအတွင်း ဘာတွေဖြစ်သွားခဲ့လေသလဲ။
ရုတ်တရက်ဆိုသလိုပင် ဝူထျန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထန်ရှောင်ဖေးလည်း မဲလိမ်ခဲ့သည်ဟုပင်။
ဒီကောင်မလေးက တော်တော်လည်တာပဲ။
အစပိုင်းမှာ ငါ့ကို အငိုက်ဖမ်းပြီး ရုတ်တရက် မဲတွေလိမ်တင်ပြီး ကျော်တက်သွားတာပေါ့။
ဝူထျန်း၏ နှုတ်ခမ်းထက်ဝယ် အေးစက်စက်အပြုံးတစ်ပွင့် ဖြတ်ပြေးသွားသည်။
ဒါပေမဲ့ မင်းက အရမ်းရိုးအလွန်းတယ်။ ငါ့မှာ ကြိုတင်ပြင်ဆင်မှုတွေ မရှိဘူးလို့ မင်းထင်နေတာလား။
သို့သော် ထိုအချိန်မှာပင် ထန်ရှောင်ဖေး၏ မှတ်ချက်ကဏ္ဍမှာ စာတိုအတန်းလိုက် ပေါ်လာသည်။
စတားလိုက်က ဖေးဖေးကို ချီချွမ်းဒင်္ဂါး ၁၀၀၀၀၀၀ ဆုချီးမြှင့်လိုက်ပါတယ်။
စတားလိုက်က ဖေးဖေးကို ချီချွမ်းဒင်္ဂါး ၁၀၀၀၀၀၀ ဆုချီးမြှင့်လိုက်ပါတယ်။
စတားလိုက်က ဖေးဖေးကို ချီချွမ်းဒင်္ဂါး ၁၀၀၀၀၀၀ ဆုချီးမြှင့်လိုက်ပါတယ်။
...
မှတ်ချက်များက ချက်ချင်းဆိုသလို ရေကြီးသည့်အလား တစ်ခုပြီးတစ်ခု ဝင်လာပြီး မှတ်ချက်ကဏ္ဍတစ်ခုလုံးကို နေရာယူသွားလေသည်။
သူငှားထားသည့် လူတစ်သိုက်၏ မှတ်ချက်များလည်း အရိပ်အယောင်မကျန်အောင် ပျောက်ကွယ်သွားသည်။
စတားလိုက်...
ဒီစတားလိုက်ဆိုတဲ့လူ ထပ်ရောက်လာပြန်ပြီ။
ဤနာမည်ကို မြင်လိုက်ရသောအခါ ဝူထျန်းခမျာ သရဲတစ္ဆေကို မြင်လိုက်ရသလို ဖြစ်သွားချေသည်။
မှတ်ချက်ကဏ္ဍတစ်ခုလုံးမှာ သူငှားထားသည့် လူတစ်သိုက်၏ မှတ်ချက်များအားလုံး ရှင်းလင်းဖယ်ရှားခံလိုက်ရသည်။
ဤဆုများက အပျက်သဘောဆောင်သည့် စာများကို လုံးလုံးလျားလျား ဖုံးကွယ်သွားစေခဲ့သည်။
ချီချွမ်းဒင်္ဂါးဆယ်သန်းဆိုသည်မှာ ယွမ်ငွေတစ်သောင်းနှင့် ညီမျှပြီး လစဉ်မဲတစ်ရာကို ကိုယ်စားပြုသည်။
သေစမ်း... ထန်ရှောင်ဖေးရဲ့ လစဉ်မဲတွေ အရမ်းမြန်မြန်ကြီး ထိုးတက်လာတာ မဆန်းပါဘူး။
ဒီကောင် ရူးနေတာလား။ ပိုက်ဆံတွေကို ရေလိုသုံးနေရတယ်လို့...
ဝူထျန်း၏ မျက်နှာကား ဖြူရော်သွားသည်။ အစတုန်းက သူသည် လူတစ်သိုက်ကို ငှားပြီး ထန်ရှောင်ဖေးက မဲလိမ်ထားသည်ဟု စွပ်စွဲကာ အယ်ဒီတာထံတွင် တိုင်ကြားရန် စဉ်းစားထားသည်။
ယခုတော့ ကောင်းလိုက်လေခြင်း။ သူ(မ)၏မဲများမှာ ဆုလာဘ်များဖြစ်ကြောင်း သိသာသွားလေပြီ။ ထို့ကြောင့် မဲအရေအတွက်က တိုးလာခြင်းသာ။
သူ ဒေါသထွက်၍ပင် မရတော့ပါချေ။
အကြောင်းမှာ ယဲ့ချန်း လုပ်ခဲ့သမျှအရာအားလုံးက စည်းမျဉ်းထဲတွင် အကျုံးဝင်နေသောကြောင့်သာ။
မျက်နှာသစ်ဘုရင်ဆုရလျှင်ပင် ပြန်ရမည်မှာ တစ်သန်းသာ ရှိ၏။ သို့သော် စတားလိုက်ဟူသည့် ဤလူက ယခုလေးတင် ဆုငွေ တစ်သန်းနီးပါး ပေးထားပြီဖြစ်ရာ ဘယ်လိုလုပ်ပြီး ဆက်ကစားရတော့မည်နည်း။
ယခုလိုပစ်ပေးလိုက်သည့် အရာများမှာ တကယ့်ငွေသားအစစ်များပင်။
ဝူထျန်း ငိုချင်စိတ်ပင် ပေါက်သွားသည်။
ဒီလောက် ပိုက်ဆံပေါနေတဲ့ အကောင်ကြီးက ဘာလို့များ ကျရှုံးနေတဲ့ ငါ့လို စာရေးဆရာပေါက်စကိုမှ လာပြီး ပစ်မှတ်ထားနေရတာလဲ။
ဤစတားလိုက်က ဘယ်သူလဲဆိုသည်ကို လူအများအပြားက ခန့်မှန်းနေကြသည်။ သူ ပျောက်သွားပြီဟု ထင်ထားကြသော်ငြား ရုတ်တရက်ကြီး ပြန်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထန်ရှောင်ဖေး၏ မဲအရေအတွက်များ ဆက်တိုက်တက်လာသည်ကိုကြည့်ရင်း ဝူထျန်းလည်း အဆုံးမှာတော့ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။
သူ့မှာ မဲလိမ်ဖို့အတွက် သောင်းဂဏန်းခန့် သုံးထားရသည်။
တကယ်တော့ သူ့တွင် လစဉ်မဲ ခုနစ်ထောင်ရှစ်ထောင်လောက်သာ ရှိ၏။ ကျန်မဲတစ်သောင်းက လိမ်ထားခြင်းပင်။
ယခုမူ တစ်ခုတည်းသော အခွင့်အရေးက မဲလိမ်နတ်ဘုရားကို ဆက်ရှာရန်ပင်။
ဤသည်မှာ ငွေထပ်သုံးရဦးမည်ဟူသော သဘောပင်။
ဝူထျန်းခမျာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးနောက် လောင်းကြေးထပ်လိုက်တော့သည်။
ဤပထမနေရာကို သူ မဖြစ်မနေ ထိန်းသိမ်းထားရမည်။
ထို့ကြောင့် သူ စကားပြောဝိုင်းကို ပြန်ဖွင့်လိုက်သည်။
"မဲလိမ်နတ်ဘုရာ... ငါ မဲတွေ ထပ်လိုသေးတယ်။ မင်းဆီမှာ ထောက်ခံမဲ ဘယ်လောက်ကျန်သေးလဲ"
မဲလိမ်နတ်ဘုရား : "ထပ်တင်ချင်သေးတာလား။ ခင်ဗျားရဲ့ဒေတာတွေက အခုဆိုရင် အများကြီး ဖြစ်နေပြီလေ။ ဒီလို လကုန်ခါနီးအချိန်မှာ မဲက သိပ်မကျန်တော့ဘူး။ ကျွန်တော့်ဆီမှာ ရှစ်ထောင်ကျော်လောက်ပဲ ရှိတော့တယ်"
ဝူထျန်းလည်း အံတင်းတင်းကြိတ်လိုက်သည်။
"ရှိတာတွေအကုန်လုံး ငါ့ကိုပေး။ ငါ့အတွက် ဆက်ပြီးတင်ပေးစမ်းပါ"
မဲလိမ်နတ်ဘုရားလည်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ထပ်တင်ဦးမလို့လား။ ခင်ဗျားရဲ့ဒေတာတွေက နိုင်နေပြီ မဟုတ်ဘူးလား"
ဝူထျန်းမှာ အံတင်းတင်းကြိတ်လိုက်လေသည်။
"အခု အပြောင်းအလဲနည်းနည်း ဖြစ်သွားလို့။ ရှိသမျှမဲတွေအကုန်လုံးသာ ဆက်တင်ပေး"
"ကောင်းပြီလေ။ ခင်ဗျား ကျေနပ်စေရမယ်။ စိတ်ချ"
ဝူထျန်းက ငွေပေးရန် ဆန္ဒရှိနေမှတော့ မဲလိမ်နတ်ဘုရားကလည်း ဝမ်းသာပေသည်။
ဤတစ်ကြိမ်မှာလည်း သူ ငွေဝင်ကြမ်းပေဦးမည်။
မကြာခင်မှာပင် ဝူထျန်း၏ လစဉ်မဲများက ဒုံးပျံနှယ် ထိုးတက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ၂၃၈၂၃ မဲအထိ ရောက်ရှိသွားကာ တန်ရှောင်ဖေး၏၂၂၈၁၈မဲကို နောက်တစ်ကြိမ် ကျော်တက်သွားခဲ့ပြန်သည်။
ဤအခြေအနေကို မြင်လိုက်ရသောအခါ ဝူထျန်း သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ ပြန်လည်ဦးဆောင်နိုင်ခဲ့ချေပြီ။
စတားလိုက်က ဤမျှအထိ ချမ်းသာမည်ဟု သူ မယုံကြည်ပေ။ ယခုလိုအများကြီး သုံးထားပြီးသည့်တိုင် ထန်ရှောင်ဖေးအတွက် ငွေကုန်ခံနေဦးမည်တဲ့လား။
သူ့ခန့်မှန်းချက်အရဆိုလျှင် ထန်ရှောင်ဖေး၏ လစဉ်မဲတိုးတက်နှုန်းက အဆုံးစွန်အထိ ရောက်သွားလောက်ပြီ။ ထပ်တက်လာနိုင်စရာ အကြောင်းမရှိတော့ပေ။
ဝူထျန်း၏ နှုတ်ခမ်းထက်ဝယ် အေးစက်စက် အပြုံးတစ်ပွင့် ဖြတ်ပြေးသွားသည်။ သူ့ခမျာ မျက်နှာသစ်ဘုရင် ဖြစ်လာပြီးနောက် စာမူခများ ဆက်တိုက်ဝင်လာတော့မည်ဟုပင် ကြိုတင်မြင်ယောင်နေပြီဖြစ်၏။
•••••••••••••••••••••••••