အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
အပိုင်း ၆၁၀ : လူ့ကျင့်ဝတ်ကို လေးစားမှုမရှိခြင်း
ယခုဆိုလျှင် ဝူထျန်းက ထန်ရှောင်ဖေးထက် မဲအရေအတွက် တစ်ထောင်ကျော် ပိုများနေပြီဖြစ်၏။
ဤမဲတစ်ထောင်ကျော်ကို အမီလိုက်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပါချေ။
အဓိကအကြောင်းအရင်းမှာ လကုန်ခါနီးဖြစ်နေ၍ပင်။ မည်သူ့ထံတွင် မဲအရေအတွက်အများကြီး ကျန်နေတော့မည်နည်း။
ဝူထျန်းလည်း ဝမ်းသာအားရဖြင့် ထန်ရှောင်ဖေး၏ စာအုပ်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ရာ သူ့မျက်နှာအမူအရာကား ရုတ်တရက်ဆိုသလို အကြီးအကျယ် ပြောင်းလဲသွားသည်။
သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ကွဲအက်သွားသည်။
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။
ထိုအချိန်မှာ ဝူထျန်းလည်း ကြမ်းပြင်ပေါ်ရှိ ကွဲသွားသော ခွက်ကို စိတ်မဝင်စားတော့ဘဲ သူ့အကြည့်များက ထန်ရှောင်ဖေး၏ လစဉ်မဲအရေအတွက်ကိုသာ ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
ယခု ထန်ရှောင်ဖေး၏ လစဉ်မဲများက ၂၅၁၈၈အထိ ရောက်သွားပြီး သူ့ထက် မဲနှစ်ထောင်ကျော် သာလွန်သွားချေပြီ။
ဤမျှများပြားသော မဲအရေအတွက်ကြောင့် ဝူထျန်းခမျာ ဘာမှမတတ်နိုင်တော့သလို ခံစားလိုက်ရသည်။
ဒီလောက်ပိုက်ဆံပေါတဲ့ အလှူရှင်ကြီးက ဘယ်သူများလဲ။
ဝူထျန်း၏ ခန့်မှန်းချက်အရ ဤမျှများပြားသော မဲများက်ုရဖို့ဆိုလျှင် ယဲ့ချန်း၏ ဆုလာဘ်က တစ်သန်းကျော်ခန့် ရှိရမည်မဟုတ်လော။ သူ ရူးများရူးနေသလား။
ယခုအချိန်တွင်မူ ဝူထျန်းခမျာ လုံးဝအရှုံးပေးလိုက်ရပြီဖြစ်၏။
ဤမျှကြီးကျယ်ခမ်းနားသော အလှူရှင်ကြီးရှေ့မှာ သူ့အနေနှင့် ဆက်လက်တိုက်ပွဲဝင်ရန် သတ္တိများ ကုန်ခမ်းသွားပြီဖြစ်၏။
ယခုနှစ်အတွက် သူ့စာမူခအားလုံးကို ပစ်ပေါက်ပြီး သုံးခဲ့ပါသော်ငြား ဘာမှထူးခြားမလာခဲ့ပေ။ ဆက်တိုက်ခိုက်ရန် သူ့တွင် ဘာရှိသေးသလဲ။ ဘယ်လိုလုပ်ပြီး တိုက်နိုင်တော့မည်နည်း။
ယဲ့ချန်း၏ ဆုချီးမြှင့်မှုကြေညာချက်က ချီချွမ်းဝက်ဘ်ဆိုက်မှာ ပေါ်လာခဲ့သည်။
စတားလိုက်က ချီချွမ်းဝက်ဘ်ဆိုက်ကို နောက်တစ်ကြိမ် ထပ်မံလင်းလက်စေခဲ့ပြန်ပြီ"
"ဘုရားရေ... အရမ်းချမ်းသာတဲ့ အလှူရှင်ကြီး နောက်ဆုံးတော့ ပေါ်လာပြီပဲ"
ဝူထျန်းခမျာ ဆဲရေးတိုင်းထွာချင်စိတ်များ အပြင်းအထန် ဖြစ်ပေါ်လာသည်။
ဘယ်လိုလူစားမျိုးလဲကွာ။
တစ်သိန်းကျော်ခန့်ကို သဘောရှိသလို ဆုချနေသည်ဖြစ်ရာ သူ့ဘက်က မဲဆက်ဝယ်နေဦးမည်ဆိုလျှင်ပင် တစ်ဖက်လူက သူ့ကို အသာလေး ကျော်တက်သွားဦးမည်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
"ဒီလူငယ်လေးက လူကြီးလူကောင်းဆန်ဆန် ပြုမူရကောင်းမှန်း မသိဘူးပဲ"
နောက်ဆုံးမှာတော့ ဝူထျန်းလည်း နာမည်ကြီးနေသည့် စကားစုတစ်ခုကိုသုံးပြီး ကူကယ်ရာမဲ့စွာ ညည်းညူနိုင်ရုံသာ တတ်နိုင်တော့သည်။
သူ့ရင်ထဲတွင် မကျေနပ်သော်လည်း ဘာမှမတတ်နိုင်ပါချေ။
ယဲ့ချန်း၏ နှုတ်ခမ်းထောင့်များမှာ ကွေးတက်သွားပြီး ထန်ရှောင်ဖေး၏ လစဉ်မဲအရေအတွက်ကို ကြည့်နေသည်။
သူက ငွေအနည်းငယ်သုံး၍ ထပ်ပြီး ဆုချလိုက်သည်ဖြစ်ရာ ယခုဆိုလျှင် ထန်ရှောင်ဖေး၏ လစဉ်မဲအရေအတွက်က သုံးသောင်းအထိ ရောက်ရှိသွားပြီဖြစ်သော်လည်း ဝူထျန်း၏ လစဉ်မဲများကတော့ လုံးဝတိုးမလာတော့ပေ။
ဤလူ မဲလိမ်ခြင်းကို ရပ်လိုက်ပြီဖြစ်ကြောင်း ရှင်းနေချေသည်။ ဤသည်မှာ သူ အရှုံးပေးလိုက်ပြီဟူသော သဘောပင်။
ယဲ့ချန်း၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။
"မင်းက မဲတင်ရတာကို ကြိုက်တယ်မလား။ မဲတင်တယ်ဆိုတာ ဘယ်လိုလဲဆိုတာ ငါ ပြမယ်။ ငါကတော့ ပေါ်တင်လုပ်တာနော်"
တစ်သိန်းကျော်ဖြင့် ဆုချပြီး မဲလိမ်နေကြောင်း သိနေပါသည့်တိုင် ဘာမှမတတ်နိုင်သလို ခံစားရအောင် လုပ်နေခြင်းပင်။ ဤသည်မှာ ငွေ၏စွမ်းအားပင်။
ဝူထျန်းက မဲလိမ်ခြင်းကို ရပ်လိုက်သည်ဖြစ်ရာ သူ့လက်ရာအတွက် လစဉ်မဲများမှာ နေ့တစ်ဝက်လောက်အထိ လုံးဝတိုးမလာတော့ပေ။
ဤသည်မှာ စာအုပ်၏စွမ်းဆောင်ရည်အစစ်အမှန်ပင်။
ထန်ရှောင်ဖေး၏ စွမ်းဆောင်ရည်က လစဉ်မဲစာရင်းတွင် ပထမနေရာအထိ ထိုးတက်သွားခဲ့ပြီး ဝူထျန်းမှာမူ သူ(မ)ကို ကျော်တက်နိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ပေ။
ယဲ့ချန်းကလည်း ဦးဆောင်သူစာရင်းမှာ ထိပ်ဆုံးနေရာသို့ ရောက်ရှိသွားပြီး စတားလိုက်ကို လူတိုင်း ကိုးကွယ်ချင်စိတ် ပေါက်သွားခဲ့သည်။
ယဲ့ချန်းသည် သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် ထန်ရှောင်ဖေး၏ စာအုပ်ကို လစဉ်မဲအများဆုံးရသည့် နံပါတ်တစ်စာအုပ်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဤသည်မှာ ချီချွမ်းဝက်ဘ်ဆိုက်၏ သမိုင်းတွင် ပထမဆုံးအကြိမ်လည်း ဖြစ်၏။
ထိုအချိန်မှာမူ တရုတ်ဝက်ဘ်ဆိုက်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
"မိုက်လိုက်တာ။ ဒါကမှ တကယ့်ဒိတ်ဒိတ်ကြဲအစစ်"
"ဒီစာရေးဆရာကို အားကျလိုက်တာ။ ငါ ဘာလို့ ဒီလိုချမ်းသာတဲ့အလှူရှင်နဲ့ တွေ့ရမယ့်ကံမျိုး မရှိရတာလဲ"
"သောက်ရမ်းမိုက်တယ်။ ပိုက်ဆံသုံးပြီး လစဉ်မဲတွေကို ဗုံးကြဲပစ်လိုက်တာ"
"တလောတုန်းက ဝူထျန်း တော်တော်လေး ဘဝင်မြင့်နေခဲ့တာ မဟုတ်ဘူးလား။ မဲတွေဝယ်တယ်။ လူတွေ ငှားတယ်လေ"
"ဟားဟား... အခုတော့ သူ အပိုးကျိုးသွားပြီ"
"ဪ.. တစ်ယောက်ယောက်ကသာ ငါ့ကို ဒီလိုမျိုး ဆုချီးမြှင့်မယ်ဆိုရင် ငါ နေ့တိုင်း အပိုင်းသစ်တွေ အများကြီးတင်ပေးမှာ"
စာဖတ်သူအများအပြားကလည်း သိချင်စိတ်ပြင်းပြလာပြီး ဤစာအုပ်မှာ ဘယ်လို ဆွဲဆောင်မှုမျိုးများ ရှိနေသလဲဆိုသည်ကို ကြည့်ရန်အတွက် ထန်ရှောင်ဖေး၏ စာအုပ်ကို ဝင်ကြည့်လိုက်ကြသည်။
ခဏတွင်းချင်းမှာပင် ထန်ရှောင်ဖေး၏ စာအုပ်မှာ ဝက်ဘ်ဆိုက်တစ်ခုလုံး၏ ထောက်ခံချက်ကို အပြည့်အဝရရှိသွားပြီး ဝင်ငွေအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
ထန်ရှောင်ဖေး၏ စုဆောင်းမှုများ၊ ထောက်ခံမဲများနှင့် ဖော်လိုဝါများကပါ အလျင်အမြန် တိုးလာခဲ့သည်။
အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ ဝူထျန်း လုံးဝမတတ်နိုင်တော့ပေ။
တစ်နှစ်စာ စာမူခများအားလုံးကို မဲဝယ်ဖို့အတွက် အချည်းနှီးသုံးလိုက်ရသည်။
လက်ရှိအချိန်မှာတော့ ဝူထျန်းသည် မိုက်မဲလှသော သူ့လုပ်ရပ်များအတွက် နောင်တရပြီး နာကျင်စွာ ငိုကြွေးနေရသည်။
ယခုမူ သူသည် ယဲ့ချန်းလို ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နှင့် မဆုံမချင်း ဤအခြေအနေမှ ကယ်တင်နိုင်မည့် မျှော်လင့်ချက်မျိုး မရှိတော့ပေ။
သို့သော် သူ့တွင် ထိုသို့သော ကံကောင်းမှုမျိုး မရှိပေ။
ဘီလျံနှင့်ချီ၍ ချမ်းသာသော ယဲ့ချန်းလို အလှူရှင်မျိုးက ဘယ်နှယောက်များ ရှိလေသလဲ။
ရှိခဲ့လျှင်ပင် ဝတ္ထုဖတ်ဖို့ အချိန်ရသူဟူ၍ ဘယ်နှယောက်များ ရှိမည်နည်း။
ဤရလဒ်အတွက် ယဲ့ချန်း အလွန်ကျေနပ်နေမိသည်။
ယခင်က သူ ထန်ရှောင်ဖေးကို ဆုငွေမချီးမြှင့်ခဲ့ခြင်းမှာ ထန်ရှောင်ဖေးက တစ်ပါးသူကို အားမကိုးချင်ဘူးဟု ပြောခဲ့၍ပင်။
သို့သော် ဤတစ်ကြိမ်ကမူ မတူပေ။ တစ်ဖက်လူက နာမည်ရဖို့အတွက် ထန်ရှောင်ဖေးကို အနိုင်ကျင့်ခဲ့သည်ဖြစ်ရာ ယဲ့ချန်းအနေနှင့် ဤအဖြစ်ကို လက်သင့်မခံနိုင်ပေ။
အခြားတစ်ဖက်တွင်မူ ဝူထျန်းက ဝက်ဘ်ဆိုက်ပေါ်ရှိ ဒေတာများကိုကြည့်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်။
သူ့ရင်ထဲတွင် မကျေနပ်သော်လည်း လက်ခံရုံကလွဲ၍ မတတ်နိုင်တော့ပေ။
ထန်ရှောင်ဖေး လစဉ်မဲစာရင်းတွင် ပထမရမည်မှာ သံသယဖြစ်စရာ မရှိတော့ပေ။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာလေသည်။
"ယဲ့ချန်း...ရှင် ဘာလို့ ပိုက်ဆံတွေအများကြီး ဆုချထားရတာလဲ"
"ဟားဟား...မင်းစာအုပ်က အရမ်းကောင်းလို့ မနေနိုင်တော့လို့ပါ"
"လူဆိုးကောင်"
ထန်ရှောင်ဖေး၏ ရင်ထဲဝယ် အနည်းငယ် နွေးထွေးသွားသည်။
ယဲ့ချန်းက ဤသို့လုပ်ပေးခဲ့သော်ငြား ထန်ရှောင်ဖေးကတော့ ပိုက်ဆံကို နည်းနည်းနှမြောမိသည်။
သူ(မ)က သုံးဆယ်ရာခိုင်နှုန်းသာ ရမည်ဖြစ်၏။ ကျန်ပိုက်ဆံများကို ဝက်ဘ်ဆိုက်နှင့် ခွဲယူရပေမည်။
သို့သော် ယဲ့ချန်းက သူ(မ)အတွက် အရာရာလုပ်ပေးရန် ဆန္ဒရှိနေသဖြင့် ထန်ရှောင်ဖေး တကယ်စိတ်လှုပ်ရှားမိသည်။
"ယဲ့ချန်း...ဒီည ကျွန်မ ရှင့်ကို ညစာဝယ်ကျွေးမယ်လေ"
"ကောင်းပြီ။ နေရာကို မင်းပဲဆုံးဖြတ်လိုက်"
ညနေပိုင်းတွင် ယဲ့ချန်းလည်း အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်သို့ ကားမောင်းလာခဲ့သည်။
ဝင်ပေါက်တွင် ထန်ရှောင်ဖေးက ယဲ့ချန်းကို စောင့်နှင့်နေပြီဖြစ်၏။
ယဲ့ချန်းကိုမြင်သော် ထန်ရှောင်ဖေး လက်ပြလိုက်သည်။
"ယဲ့ချန်း"
ယဲ့ချန်း ကားပေါ်က ဆင်းလာပြီးနောက် ထန်ရှောင်ဖေးနှင့်အတူ အနောက်တိုင်း စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်၏။
အစားအသောက်များ မှာယူပြီးနောက် ထန်ရှောင်ဖေးက ဝိုင်နီခွက်ကို ကောက်ကိုင်လိုက်၏။
"ယဲ့ချန်း... ကျေးဇူးပဲနော်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိ၏။
"ဟားဟား... ကိစ္စမရှိပါဘူး။ ကိုယ်က မင်းရဲ့ အမာခံပရိသတ်ပဲလေ"
ထန်ရှောင်ဖေးလည်း မျက်နှာပျက်သွားချေသည်။
"နောက်ဆိုရင် ဒီလိုမျိုး ပိုက်ဆံတွေကို ဖြုန်းတီးခွင့်မပြုဘူးနော်"
ယဲ့ချန်းက ထန်ရှောင်ဖေး၏ မျက်နှာလေးကို ကြည့်၍ လေးနက်စွာ ဆိုလိုက်၏။
"ဒါဆိုရင် နောက်နောင် ကိစ္စတစ်ခုခုဖြစ်လာရင် ကိုယ့်ကို သေချာပေါက် ပြောပြမယ်လို့ ကတိပေးရမယ်"
ထန်ရှောင်ဖေးလည်း မျက်နှာအရဲသားဖြင့် ခေါင်းညိတ်လိုက်၏။
"အင်း... သိပါပြီ"
သူတို့နှစ်ယောက်သား အနောက်တိုင်းအစားအစာကို စားသောက်ပြီး၍ အိမ်ပြန်ရန်အတွက် အပေါက်ဝသို့ ရောက်လာချိန်ဝယ် ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က အနားသို့ ရုတ်တရက်ရောက်လာခဲ့သည်။
ထန်ရှောင်ဖေးကို မြင်သော် သူ့မျက်လုံးများမှာ အရောင်လက်သွားချေသည်။
"ရှောင်ဖေး... မတွေ့ရတာကြာပြီနော်"
သူ(မ)ရှေ့ရှိ လူငယ်ကို မြင်သောအခါ ထန်ရှောင်ဖေး မျက်မှောင်ကြုတ်လိုက်မိသည်။
ဤလူက ထန်ရှောင်ဖေး၏ ကောလိပ်အတန်းဖော်ဖြစ်ပြီး ကျောင်းတက်ကတည်းက သူ(မ)ကို လိုက်ပိုးနေခြင်းပင်။
သို့သော် ထန်ရှောင်ဖေးကတော့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေသည့် ဤလူ့အပေါ် ဘာခံစားချက်မှ မရှိပါချေ။
ထန်ရှောင်ဖေးကမူ ယဲ့ချန်း၏ လက်မောင်းကို တမင်တကာ ဆုပ်ကိုင်ပြီး အေးစက်စက် လေသံဖြင့် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ"
ထန်ရှောင်ဖေးက အမျိုးသားတစ်ယောက်၏ လက်မောင်းကို ကိုင်ထားကြောင်း မြင်လိုက်ရချိန်ဝယ် လုထောင် မျက်မှောင်ကြုတ်လိုက်လေသည်။
"ဒါ ဘယ်သူလဲ"
ထန်ရှောင်ဖေးကလည်း ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
"ကျွန်မရည်းစားလေ"
"မင်းရည်းစား ဟုတ်လား"
လုထောင်၏ အမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။
လွန်ခဲ့သည့် လဝက်ခန့်က အတန်းဖော်များ ပြန်ဆုံကြစဉ် ထန်ရှောင်ဖေးမှာ ရည်းစားမရှိသေးပေ။
ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီး ရည်းစားရသွားတာလဲ။
လုထောင်က ယဲ့ချန်းကို ရန်လိုလေဟန် အကြည့်များဖြင့် ကြည့်လိုက်သော်ငြား မျက်နှာထက်တွင်မူ အတုအယောင်အပြုံးတစ်ပွင့်ကို ဖန်တီးထားသည်။
သူက ယဲ့ချန်းကို လက်ကမ်းပေးပြီး ပြောလိုက်၏။
"အစ်ကို... ကျွန်တော်က ထန်ရှောင်ဖေးရဲ့ ကောလိပ်အတန်းဖော် ဝမ်သိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ ဌာနမန်နေဂျာ လုထောင်ပါ"
"ဪ ဟုတ်ကဲ့...ကျွန်တော်က ထန်ရှောင်ဖေးရဲ့ချစ်သူ တက္ကစီဒရိုင်ဘာယဲ့ချန်းပါ"
ယဲ့ချန်း၏ ကိုယ်ရေးအချက်အလက်ကို ကြားလိုက်ရသောအခါ လုထောင် ခဏတာ ဆွံ့အသွားသည်။
သူက ကြွားချင်သောကြောင့် သူ့ရာထူးကို ပြောလိုက်ခြင်းပင်။
တစ်ဖက်လူကတော့ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်သည့်တိုင် အလွန်ဂုဏ်ယူနေဟန်ဖြင့် ပြောနေပေသည်။ ဤယုံကြည်မှုမျိုးကို ဘယ်ကများ ရလာသလဲ။
သို့သော် လုထောင်၏ မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
ဒီတော့ ဒီကောင်က တက္ကစီဒရိုင်ဘာတစ်ယောက်ပေါ့။
ဒီလိုလူမျိုးက နတ်ဘုရားမတစ်ပါးရဲ့ ချစ်သူဖြစ်ဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်းပြည့်မီနိုင်မှာလဲ။
ယဲ့ချန်းကသာ ထင်ရှားလှသော ကိုယ်ရေးအချက်အလက်တစ်ခုခု ရှိနေမည်ဆိုလျှင် သူ့အနေနှင့် လက်လျှော့ကောင်း လက်လျှော့နိုင်သည်။
ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေလေရာ ထန်ရှောင်ဖေးကို ဆက်လိုက်ဖို့ သူ့မှာ အခွင့်အရေးရှိသေးသည်ဟု တွေးလိုက်မိသည်။
•••••••••••••••••••••••
အပိုင်း ၆၁၁ : လျှို့ဝှက်ဆန်းကြယ်သော သူဌေး
လုထောင်က ယဲ့ချန်းကို အထင်သေးလေဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဪ... တက္ကစီဒရိုင်ဘာလား။ တက္ကစီဒရိုင်ဘာတွေက တစ်လကို လေးငါးထောင်လေးရဖို့အတွက် သေမတတ်အလုပ်လုပ်ရတယ်လို့ ကြားဖူးတယ်"
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်၏။
"မဟုတ်တာ...ခင်ဗျားက ချဲ့ကားပြီးပြောနေပြီပဲ။ အဲဒီလောက် မရပါဘူး။ နှစ်ထောင်သုံးထောင်လောက်ပါပဲ"
"နှစ်ထောင်သုံးထောင် ဟုတ်လား"
လုထောင် ကြက်သေသေသွားသည်။
"အင်း.. ခင်ဗျားပြောသလို သေမတတ်တော့ မပင်ပန်းပါဘူး။ တကယ်တော့ ကျွန်တော်က တစ်နေ့ကို နှစ်နာရီလောက်ပဲ အလုပ်လုပ်တာ"
လုထောင်ခမျာ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟေ့လူ... တက္ကစီမောင်းတာက ဝင်ငွေများများ မရပါဘူးဆိုမှ ခင်ဗျားက ကြိုးစားပမ်းစားတောင် မလုပ်ဘူးပဲ။ နောက်ဆိုရင် အိမ်တစ်လုံးဝယ်ဖို့ ဘယ်လိုလုပ်မလဲ။ ရှောင်ဖေးကို ပျော်ရွှင်တဲ့ဘဝလေးပေးဖို့ ဘယ်လိုလုပ်မှာလဲ"
ထိုအချိန်တွင် လုထောင်က ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောလေသည်။
"ထျန်းချန်ယိပင်မှာ စတုရန်းမီတာတစ်ရာကျယ်တဲ့ ကျုပ်ရဲ့အိမ်တစ်လုံးရှိတယ်။ အဲဒါ ဘယ်လောက်ရှိလဲ သိလား။ ခင်ဗျားလန့်သွားမယ်နော်... ယွမ်ဆယ်သန်းကျော်တယ်"
ထိုသို့ပြောပြီးနောက် လုထောင်မှာ ထန်ရှောင်ဖေးကို တစ်ချက်ကြည့်လိုက်သည်။
ထန်ရှောင်ဖေးက သူ့ကို အားကျသော အကြည့်များနှင့် ကြည့်လာမည်ဟု ထင်ထားသော်လည်း စိတ်ပျက်သွားရသည်။
သူ(မ)က သူ့ကို ဂရုပင် မစိုက်ချေ။
သေစမ်း...ထျန်းချန်ယိပင်က အိမ်နဲ့ ကြွားလုံးထုတ်တာက ပုံမှန်ဆိုရင် အမြဲအလုပ်ဖြစ်တယ်လေ...
ယဲ့ချန်းကို ကြည့်လိုက်တော့လည်း သူကပါ အမူအရာကင်းမဲ့နေပြီး လန့်သွားဟန်မတူချေ။
လုထောင်လည်း အလွန်မကျေမနပ်ဖြစ်သွားသည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... မင်းက ဘယ်မှာနေတာလဲ"
"ဪ ကျွန်တော်လား။ ဟွားစံအိမ်တော်နဲ့ နှင်းဆီအိမ်ရာမှာ ကျွန်တော့်အိမ်တွေ ရှိတယ်။ အများကြီးပဲဆိုတော့ သိပ်တောင် မမှတ်မိတော့ဘူး"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ဟွားစံအိမ်တော်နှင့် နှင်းဆီအိမ်ရာတဲ့လား။
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လုထောင် ချက်ချင်းဆွံ့အသွားသည်။
ဤနေရာနှစ်ခုစလုံးက မိုတုမြို့တွင် အလွန်ခမ်းနားထည်ဝါသော ဗီလာအိမ်ရာများပင်။
သောက်ကျိုးနည်း...
ဒီကောင်က လေကြီးမိုးကြီးတွေ ပြောတတ်တာပဲ။ ဟွားစံအိမ်တော်ဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ။
ဘီလျံနဲ့ချီပြီး ချမ်းသာနေမှသာ အဲဒီမှာ နေနိုင်မှာလေ။
မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ဟွားစံအိမ်တော်မှာ အိမ်တစ်လုံးရှိတယ်လို့ ပြောနေတာလား။
နောက်နေတာလား။
ထိုစဉ် အနောက်တိုင်းစားသောက်ဆိုင်ထဲမှ လူတချို့ ထွက်လာကြသည်။
ထွက်လာသူများကို မြင်လိုက်ရသောအခါ လုထောင်က အနားသို့ အမြန်လျှောက်သွားပြီး ရိုရိုသေသေ တံခါးဖွင့်ပေးလိုက်သည်။
ထွက်လာသူများမှာ ဝမ်သိုက်လုပ်ငန်းစု၏ အဆင့်မြင့်အရာရှိများပင်။
အထွေထွေမန်နေဂျာချန်းဝမ်က အခြားသူများနှင့် စကားပြောရင်း ထွက်လာလေသည်။
လုထောင်က တရိုတသေပြောလိုက်သည်။
"ကောင်းကောင်းပြန်ပါ ဥက္ကဋ္ဌချန်း"
ချန်းဝမ်က အသာခေါင်းညိတ်ပြလိုက်ပြီး တံခါးဝမှ ထွက်ခွာမည်အပြု ရုတ်တရက်ဆိုသလို အနီးအနားရှိ ယဲ့ချန်းကို မြင်သွားသည်။
"ဥက္ကဋ္ဌယဲ့... ဒီမှာရှိနေတာကိုး"
ချန်းဝမ်က ယဲ့ချန်းထံသို့ ရိုသေလေးစားသော အမူအရာဖြင့် ချဉ်းကပ်သွားသည်။
"ဪ လောင်ဝမ်.. ခင်ဗျားလည်း ညစာလာစားတာလား"
ဥက္ကဋ္ဌယဲ့ ဟုတ်လား။
လောင်ဝမ် ဟုတ်လား။
ယဲ့ချန်းက ချန်းဝမ်ကို ခေါ်လိုက်သည့် အသုံးအနှုန်းကို ကြားသော် လုထောင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဒီလူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။
ချန်းဝမ်ဆိုတာ ဘယ်သူလဲ။
သူသည် ဝမ်သိုက်လုပ်ငန်းစု၏ သူဌေးပင်။
ဘီလျံချီ၍ ချမ်းသာသော သူက တက္ကစီဒရိုင်ဘာတစ်ယောက်ကို အဘယ်ကြောင့်များ ဤမျှအထိ ရိုသေနေရသလဲ။
ချန်းဝမ်က အနီးအနားရှိ ရှယ်ယာရှင်များကို ပြောလိုက်သည်။
"အားလုံးပဲ... ခင်ဗျားတို့ကတော့ မသိလောက်သေးဘူး။ ဒီလူက ဝမ်သိုက်လုပ်ငန်းစုရဲ့ နောက်ကွယ်က လူပဲ။ မစ္စတာယဲ့ချန်းတဲ့"
ချန်းဝမ်၏စကားကို ကြားသောအခါ လုထောင် မေ့လဲလုမတတ် ဖြစ်သွားသည်။
သောက်ကျိုးနည်း... သူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။
ယဲ့ချန်းက လုထောင်၏ အမူအရာကို သတိထားမိသွားဟန်ဖြင့် ခပ်ဖွဖွပြုံးလိုက်သည်။
"ကျွန်တော့်ရဲ့ အဓိကအလုပ်က တက္ကစီမောင်းတာပါ။ ဒါပေမဲ့ ကုမ္ပဏီတချို့မှာလည်း ရင်းနှီးမြှုပ်နှံထားသေးတယ်။ အဲဒါကတော့ ကြားပေါက်အလုပ်ပေါ့လေ"
ယဲ့ချန်း၏စကားကို ကြားသော် လုထောင်ခမျာ ဆွံ့အသွားရပြန်သည်။
သောက်ကျိုးနည်း...
ဝမ်သိုက်လို လုပ်ငန်းစုကြီးကိုတောင် ကြားပေါက်အလုပ်လို့ သတ်မှတ်ထားတာဆိုတော့ ကောင်းကင်ဘုံကိုများ တက်ချင်နေသေးတာလား။
ချန်းဝမ်က ဆို၏။
"ဥက္ကဋ္ဌယဲ့... ခင်ဗျားလည်း ပြန်တော့မလို့လား။ ဂရုစိုက်သွားပါ"
ယဲ့ချန်းမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထန်ရှောင်ဖေး၏ လက်ကိုဆွဲ၍ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
လုထောင်ကမူ ယဲ့ချန်း ထွက်လာသည်ကို မြင်သောအခါ အလွန်ရှက်ရွံ့သွားပြီး မြေကြီးထဲ ဝင်ပုန်းချင်စိတ်ပေါက်သွားသည်။
စောစောကတင် သူ ဟန်ရေးပြပြီး ကြွားလုံးထုတ်နေခဲ့သည်။ တကယ်တမ်းတွင် သူတို့က ဒဏ္ဍာရီလာ ဒိတ်ဒိတ်ကြဲများ ဖြစ်နေပေသည်။
ယဲ့ချန်းအတွက်မူ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ။
ထို့နောက် ယဲ့ချန်းလည်း ထန်ရှောင်ဖေးကို အိမ်သို့ ကားဖြင့် လိုက်ပို့ပေးခဲ့သည်။
ထန်ရှောင်ဖေးက ရယ်မောလိုက်၏။
"ဒါနဲ့ ကျွန်မ ရှင့်ကို ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်ပေးသင့်လား"
ယဲ့ချန်းကလည်း ရယ်မောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သူဌေး"
"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက် ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွက် အတ္တလန်တိတ်ဟိုတယ်ရဲ့ ရှယ်ယာ၈၈ရာခိုင်နှုန်းကို ရရှိပါတယ်"
ဤဆုလာဘ်အကြောင်း ကြားလိုက်ရသောအခါ ယဲ့ချန်း၏မျက်လုံးများ အရောင်လက်သွားသည်။
စန်းယာမြို့ အတ္တလန်တိတ်ဟိုတယ်တဲ့...
မိုက်လိုက်တာ...
ဤဟိုတယ်က ဟွားနိုင်ငံရှိ ကြယ်ခုနစ်ပွင့်အဆင့်ရှိသော ဟိုတယ်အနည်းစုထဲက တစ်ခုပင်။
ဖျော်ဖြေရေးနှင့် အပန်းဖြေစရာအားလုံး တစ်နေရာတည်းမှာရှိသည့် ဟွားနိုင်ငံ၏ နာမည်ကြီး ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ်၏။
ဟိုတယ်၏ တန်ဖိုးက ခန့်မှန်းခြေအားဖြင့် တစ်ရာဘီလျံကျော်ရှိပြီး ရှယ်ယာ၈၈ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်းမှာ စင်စစ်အံ့သြဖွယ်ကောင်းလှသည်။
အတ္တလန်တိတ်မှာ ဟိုတယ်လုပ်ငန်းဖြစ်စေ၊ ဖျော်ဖြေရေးလုပ်ငန်းဖြစ်စေ ဟွားနိုင်ငံထဲတွင် ထိပ်တန်းအဆင့်ပင်တည်း။
အရေးအကြီးဆုံးမှာ စန်းယာမြို့ဟာ တစ်နှစ်ပတ်လုံး နွေးထွေးနေသောကြောင့် ဘယ်အချိန်သွားသွား ပျော်ရွှင်ဖွယ်အချိန်များကို ပိုင်ဆိုင်ရမည်သာ။
ထိုစဉ် ယဲ့ချန်း၏ဖုန်းက ရုတ်တရက် ထမြည်လာသည်။
ဖုန်းခေါ်ဆိုသူမှာ စုဝမ်ယိ ဖြစ်၏။
"ယဲ့ချန်း... ဒီနှစ် ကျွန်မတို့ကုမ္ပဏီရဲ့ ဝင်ငွေလည်ပတ်မှုက အရင်နှစ်တွေထက် ပိုများတယ်။ အဲဒါကြောင့် ကုမ္ပဏီက အဆင့်မြင့်အရာရှိတွေကို စန်းယာမြို့ကို အပန်းဖြေခရီးပို့ပေးဖို့ စီစဉ်နေတာ။ ရှင်ရော လိုက်ချင်လား"
ယခု မြောက်ပိုင်းတွင် ဆောင်းဝင်နေသည်ဖြစ်ရာ စန်းယာမြို့ကို ခရီးသွားခြင်းက အသင့်တော်ဆုံးပင်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး ပြုံးလိုက်၏။
"လိုက်မှာပေါ့။ ကိုယ့်ကိုပါ ထည့်တွက်လိုက်"
သူလည်း အတ္တလန်တိတ်ဟိုတယ်ကို ယခုလေးတင် ရရှိထားသည်ဖြစ်ရာ သွားစစ်ဆေးရန် အချိန်ကိုက်ပင်။
"ဒါနဲ့ စုစုပေါင်း ဘယ်နှယောက်လဲ။ ကိုယ် အရှေ့ပိုင်းလေကြောင်းလိုင်းကို ဆက်သွယ်ပြီး လေယာဉ်တစ်စင်း စင်းလုံးငှားလိုက်မယ်"
"ကျေးဇူးပါပဲ ယောက်ျားရယ်... ရှင်က အကောင်းဆုံးပဲ"
စုဝမ်ယိက ရယ်မောလျက် ပြောလိုက်သည်။
ယဲ့ချန်းက ဆို၏။
"ဒါနဲ့ ဟိုတယ်ရော ဘိုကင်တင်ပြီးပြီလား"
စုဝမ်ယိက ပြောလေသည်။
"လုပ်ပြီးပြီ...ဟိုက်ထန်ပင်လယ်အော်ဟိုတယ်လေ"
ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်၏။
"ဟိုက်ထန်ပင်လယ်အော်ဟိုတယ်က အဆင့်သိပ်မမြင့်ဘူး။ မိန်းမ အပြင်ထွက်လည်တဲ့အခါ အနည်းဆုံးတော့ ကြယ်ခုနစ်ပွင့်အဆင့် ဟိုတယ်ကို သွားရမှာပေါ့။ အတ္တလန်တိတ်ဟိုတယ်ကို သွားကြမယ်"
"ယောက်ျား ရှင်ရူးနေလား။ အခုအချိန်က ခရီးသွားရာသီလေ။ အတ္တလန်တိတ်ဟိုတယ်က အခန်းတစ်ခန်းကို သုံးလေးထောင်တောင် ပေးရတာ။ ကျွန်မတို့ ဘယ်လိုလုပ်ပြီး ငှားနိုင်မှာလဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။
"တခြားလူတွေက မလုပ်နိုင်ပေမဲ့ မင်းယောက်ျားက အတ္တလန်တိတ်ရဲ့ ပိုင်ရှင်ဖြစ်နေရင်ရော"
"အာ... တကယ်လား။ အတ္တလန်တိတ်က ရှင့်အပိုင်လား"
စန်းယာမြို့ရှိ အတ္တလန်တိတ်ဟိုတယ်မှာ စန်းယာမြို့၏ အထင်ကရ အဆောက်အအုံတစ်ခု ဖြစ်သည်။
သို့သော် ပိုင်ရှင်ကမူ လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေခဲ့သည်။
ပိုင်ရှင်က ယဲ့ချန်းဖြစ်နေလိမ့်မည်ဟု စုဝမ်ယိ အိပ်မက်ပင် မမက်ဖူးပေ။
ယဲ့ချန်းက ပြုံးလိုက်၏။
"ဒါပေါ့။ အခန်းကိစ္စတွေကို ကိုယ် နောက်မှ စီစဉ်လိုက်မယ်"
"ကျေးဇူးတင်ပါတယ် ယောက်ျားရေ မွမွ"
စုဝမ်ယိက ဖုန်းချပြီးနောက် ကုမ္ပဏီဝန်ထမ်းများကို အတ္တလန်တိတ်ဟိုတယ်သို့ နေရာပြောင်းလိုက်ကြောင်း အသိပေးလိုက်လေရာ လူတိုင်း အရူးအမူးပျော်ရွှင်သွားကြသည်။
"သူဌေး သက်တော်ရာကျော် ရှည်ပါစေ"
"သူဌေးကို သေမတတ်ချစ်တယ်"
စုဝမ်ယိခမျာ သူ(မ)ဖုန်းထဲရှိ ယဲ့ချန်း၏ ဓာတ်ပုံကို စိုက်ကြည့်ရင်း ငေးမောသွားရသည်။
ဒီလူ့မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ။ သူ့ရဲ့နောက်ခံက ဘာများလဲ။
ထိုအချိန်ဝယ် အတ္တလန်တိတ်ဌာနချုပ် ဥက္ကဋ္ဌရုံးခန်းအတွင်း...
ဂျော့ခ်ျမှာ ယဲ့ချန်း၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားပြီး ထိတ်လန့်နေချေသည်။
ပုန်းကွယ်နေသော အတ္တလန်တိတ်၏ သူဌေးက နောက်ဆုံးတော့ ပေါ်လာခဲ့လေပြီ။
ကမ္ဘာကျော် ဟိုတယ်စီမံခန့်ခွဲမှုကျွမ်းကျင်သူတစ်ဦးအနေနှင့် ဂျော့ခ်ျကို အတ္တလန်တိတ်ဟိုတယ်၏ ဥက္ကဋ္ဌအဖြစ် လစာအများအပြားပေး၍ ငှားရမ်းထားခြင်းပင်။
ဂျော့ခ်ျသည် သူ့အရည်အချင်းများကို အသုံးချပြီး ဟိုတယ်၏ ကြွယ်ဝမှုကို တစ်ရာဘီလျံကျော်အထိ ဒုံးပျံလို ထိုးတက်သွားစေရန် တွန်းအားပေးခဲ့သည်။
သို့သော် နောက်ကွယ်ရှိ သူဌေးကမူ တစ်ခါမှ ပေါ်မလာခဲ့ဖူးပေ။
သူသည် ဤအလုပ်ကို တကယ်သဘောကျသဖြင့် အတ္တလန်တိတ်ဟိုတယ်ကို သူ့ကိုယ်ပိုင်အလုပ်တစ်ခုလိုပင် သဘောထားခဲ့သည်။
ထို့ကြောင့် ဂျော့ခ်ျမှာ လုံခြုံမှုရှိသလိုခံစားရပြီး ရုတ်တရက်ကြီး အလုပ်ဖြုတ်မခံရစေရန်အတွက် ယဲ့ချန်းနှင့် တွေ့ဆုံချင်စိတ်များ အလွန်ပြင်းပြနေသည်။
ဤတစ်ကြိမ်တွင်မူ သူဌေးကိုယ်တိုင် သူ့ကို တက်တက်ကြွကြွ ဆက်သွယ်လာသည်ဖြစ်ရာ ဂျော့ခ်ျအနေနှင့် သူဌေးကို အလိုလိုက်အကြိုက်ဆောင်ရန် ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်သည်။
ဤသည်မှာ သူ့ရွှေတွင်းကြီးပင်။ ထို့ကြောင့် လက်လွှတ်ခံ၍ မဖြစ်ပါချေ။
သို့သော် သူဌေးက အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။
သူဌေး၏အကြိုက်များ သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးများနှင့် ပတ်သက်ပြီး သူ ဘာမှမသိထားပေ။
ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာကား အရာအားလုံးကို ပြီးပြည့်စုံနေအောင် လုပ်ထားရန်ပင်။
••••••••••••••••••••••••
အပိုင်း ၆၁၂ : ကြိုဆိုပွဲအခမ်းအနား
သူဌေးသစ် ရောက်လာတော့မည်ဖြစ်၍ ဂျော့ခ်ျခမျာ စိတ်လှုပ်ရှားနေသလို မျှော်လင့်ချက်လည်း ပြည့်နှက်နေချေသည်။
ဤသည်မှာ သူ့အတွက် အရေးကြီးစာမေးပွဲကြီးတစ်ခုနှယ်။
သူသာ အောင်မြင်ခဲ့လျှင် ဒေါ်လာဘီလျံချီတန်သော ဤဟိုတယ်ကြီး၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရမည်သာ။
အကယ်၍ ကျရှုံးခဲ့လျှင် ရွှေလိုတန်ဖိုးရှိသော အခွင့်အရေးကြီးကို ဆုံးရှုံးရမည်ဖြစ်၏။
ထို့ကြောင့် သတင်းရရချင်းမှာပင် ဂျော့ခ်ျတစ်ယောက် စတင်ပြင်ဆင်တော့သည်။
ဤတစ်ကြိမ်တွင်မူ ဂျော့ခ်ျခမျာ အစွမ်းကုန် စဉ်းစားခဲ့ရသည်။
အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရမည်မဟုတ်လော။
ဧည့်ကြိုကောင်မလေးများက အလှဆုံးဖြစ်နေရန် လိုအပ်သလို ကြိုဆိုမည့် အငွေ့အသက်ကလည်း ကြီးကျယ်ခမ်းနားနေရမည်။
သူဌေးက အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ ဟိုတယ်ကို ရုတ်တရက်လာရောက်ခြင်းမှာ သူ့ကို အကဲဖြတ်ဖို့ ဖြစ်နိုင်ခြေများသည်။
ဤသည်မှာ ဂျော့ခ်ျအတွက် အလွန်အရေးကြီးသည်။
သူဌေးဘက်က ကျေနပ်မှုရှိမရှိဆိုသည်မှာ သူ့အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားပေမည်။
ထို့ပြင် ယဲ့ချန်းက သူ့ကိုကြိုဆိုသောအခါ သူက သူဌေးမှန်း ဘယ်သူမှမသိစေဘဲ အထူးဧည့်သည်တစ်ယောက်အနေနှင့်သာ ဆက်ဆံရန် ဖုန်းထဲကတစ်ဆင့် မှာထားသေးသည်။
တစ်နေကုန် အလုပ်လုပ်ပြီးနောက် အရာအားလုံး အဆင်သင့်ဖြစ်နေပြီဟု ခံစားလိုက်ရမှသာ ဂျော့ချ် သက်ပြင်းချနိုင်တော့သည်။
နောက်တစ်နေ့မှာမူ အတ္တလန်တိတ်ဟိုတယ်ရှိ ဝန်ထမ်းအားလုံး သတင်းတစ်ခု ရလိုက်ကြသည်။
အရေးကြီးဧည့်သည်တစ်ယောက် အတ္တလန်တိတ်ဟိုတယ်သို့ လာရောက်မည်ဖြစ်ရာ ဟိုတယ်ဘက်က အပြည့်အဝ ပြင်ဆင်ထားရမည်ဟူသော သတင်းပင်။
ဤသတင်း ပျံ့နှံ့သွားသောအခါ လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။
ဘယ်လိုဧည့်သည်မျိုးကများ ဤမျှအထိ အုန်းအုန်းကျက်ကျက်ဖြစ်စေရသလဲ။
ယခင်ကလည်း အတ္တလန်တိတ်ကို အထူးဧည့်သည်တချို့ လာရောက်လည်ပတ်ဖူးသည်။
သို့သော် ဤသို့ အထူးတလည်ဧည့်ခံခြင်းမျိုးတော့ တစ်ခါမှ မရှိခဲ့ဖူးပေ။
အတ္တလန်တိတ်ဟိုတယ်ကို ဆောက်လုပ်ပြီးကတည်းက ဧည့်သည်တစ်ယောက်ကို ဤမျှ အဆင့်အတန်းမြင့်မြင့် ဧည့်ခံခြင်းကား ဤတစ်ခေါက်က ပထမဆုံးအကြိမ် ဖြစ်ပုံရသည်။
နောက်တစ်နေ့တွင် မိုတုမြို့မှ ကိုယ်ပိုင်လေယာဉ်တစ်စင်း ပျံတက်သွားပြီး စန်းယာမြို့သို့ ဦးတည်သွားလေသည်။
ဤလေယာဉ်ကတော့ ကမ္ဘာကျော် ဂပ်ဖ်စထရင်ကိုယ်ပိုင်လေယာဉ်ဖြစ်ပြီး လူကုံထံများအတွက် သီးသန့်ထုတ်လုပ်ထားခြင်းပင်။
ယခုဆိုလျှင် ယာရှီလုပ်ငန်းစုတစ်ခုလုံးက သူဌေးစုဝမ်ယိမှာ မယုံနိုင်လောက်အောင် သြဇာညောင်းသော ချစ်သူကောင်လေးတစ်ယောက် ရှိကြောင်း သိနေကြပြီဖြစ်၏။
တကယ်တော့ ဤတစ်ခေါက် သူတို့ အတ္တလန်တိတ်ဟိုတယ်တွင် တည်းခိုခွင့်ရသည်မှာ သြဇာကြီးမားသော ထိုပုဂ္ဂိုလ်၏ကျေးဇူးကြောင့်ပင်။
ဤတစ်ခေါက်မှာမူ အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီကလည်း ယဲ့ချန်း၏ခရီးစဉ်အတွက် အပြည့်အဝ ပြင်ဆင်ပေးထားသည်။
လေယာဉ်မယ်အားလုံးကလည်း အချောအလှလေးများချည်းသာ။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်သောကြောင့် သူဌေး၏ ခရီးစဉ်အတွက် ထိပ်တန်းအဆင့် ဧည့်ခံပြုစုမှုများ လိုအပ်ပေသည်။
လေယာဉ်က ဆင်းသက်တော့မည်ဖြစ်၏။
အေးစက်သော မြောက်ပိုင်းမှ နွေးထွေးလှသော စန်းယာမြို့ကို ရောက်လာရသောကြောင့် ယဲ့ချန်း၏ စိတ်အခြေအနေကလည်း အလွန်ကောင်းမွန်နေသည်။
တစ်ချိန်တည်းမှာပင် လေဆိပ်အပြင်ဘက်ရှိ ဇိမ်ခံကားရှစ်စီးနှင့် ဘတ်စ်ကားတစ်စီးတို့က လေယာဉ်ကွင်းထဲသို့ ဝင်ရောက်လာသည်။
အရေးကြီးအထူးဧည့်သည် မဟုတ်ပါက သာမန်ကားများကို ဝင်ခွင့်မပြုပါချေ။
ဤတစ်ခေါက်တွင် ဤအထူးဧည့်ခံပွဲအတွက် စီစဉ်ပေးရန် ဂျော့ခ်ျက လေဆိပ်ကို သီးသန့် ဆက်သွယ်ထားသည်။
သူဌေး၏ ကိုယ်ရေးအချက်အလက်က လျှို့ဝှက်ဆန်းကြယ်နေသဖြင့် ဤသို့သောဧည့်ခံမှုမျိုး လိုအပ်ပေသည်။
ဘတ်စ်ကား ထိုးရပ်လိုက်သောအခါ လူအုပ်ကြီးလည်း ပစ္စည်းများကို နေရာချကြတော့သည်။
ကော်ဇောနီတစ်ခုကို ခင်းထားပြီး ဆွဲဆောင်မှုရှိသော အလှပဂေးလေးများက တစ်ဖက်တစ်ချက်စီတွင် တန်းစီ၍ ရပ်နေကြသည်။
အလှပဂေးလေးများက ပန်းများ ကိုင်ထားကြပြီး မျက်နှာထက်တွင်လည်း အပြုံးကိုယ်စီဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။
လေဆိပ်ရှိ လူအများအပြားလည်း ဘယ်လိုအထင်ကရပုဂ္ဂိုလ်များ လာမလဲဆိုသည်ကို သိချင်စိတ်ပြင်းပြနေကြသည်။
ဂျော့ခ်ျက လူအုပ်ကြီး၏ ရှေ့ဆုံးတွင်ရပ်ပြီး အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကြီးကို မော့ကြည့်နေပေသည်။
သူ့အတွက်မူ ဤသည်မှာ ဘဝ၏ အရေးကြီးစာမေးပွဲတစ်ခုလို ဖြစ်နေသဖြင့် နည်းနည်းတော့ ထိတ်လန့်နေမိသည်။
ထိုစဉ် ကောင်းကင်ထက်မှ ခရီးသည်တင်လေယာဉ်တစ်စင်း ဖြည်းညင်းစွာ ဆင်းသက်လာသည်။
လေယာဉ်ပေါ်တွင် သူဌေးသားတစ်ယောက်က ရုပ်ရည်ရမှတ်ကိဆယ်ခန့်ရှိသော အလှလေးတစ်ယောက်ကို ပရောပရည်လုပ်နေချေသည်။
"အလှလေး... မင်း စန်းယာမြို့ကို ခရီးထွက်လာတာလား။ ဟိုတယ်ရော ဘိုကင်လုပ်ပြီးပြီလား။ ကိုယ့်ဟိုတယ်မှာ တည်းရင်ရော ဘယ်လိုလဲ"
အလှလေးခမျာ ခဏမျှမှင်တက်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ရှင့်ဟိုတယ်က ဘာဟိုတယ်လဲ"
ထိုအမျိုးသားက ခပ်ဖွဖွပြုံးလိုက်သည်။
"ကြယ်ခုနစ်ပွင့်အဆင့် အတ္တလန်တိတ်ဟိုတယ်က ကိုယ့်ဟိုတယ်လေ"
ထိုသူဌေးသား၏ စကားကို ကြားလိုက်ရသောအခါ အလှလေး၏မျက်နှာကား အစပိုင်းတွင် အေးစက်သွားသော်ငြား ခဏအကြာတွင် အံ့အားသင့်သွားလေဟန် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"အဲဒီအတ္တလန်တိတ်ဟိုတယ်က ရှင့်ဟာလား"
ထိုအမျိုးသားကလည်း တောက်ပစွာ ပြုံးလိုက်သည်။
"ကိုယ့်အပိုင်လို့တော့ ပြောလို့မရပါဘူး။ ကိုယ့်အဖေက ရှယ်ယာခြောက်ဆယ်ရာခိုင်နှုန်း ပိုင်ထားတာလေ"
လေယာဉ်ခန်းထဲရှိ လူတိုင်းလည်း ထိုစကားကို ကြားသောအခါ ထိုအမျိုးသားကို လှည့်ကြည့်လိုက်ကြသည်။
အံ့ဩစရာပဲ... လက်စသတ်တော့ သူဌေးတစ်ယောက်ရဲ့သား ဖြစ်နေတာကိုး။
"ဇိမ်ခံအမှတ်တံဆိပ်တွေချည်း ဝတ်ထားတာ မဆန်းပါဘူးလေ။ အတ္တလန်တိတ်ဟိုတယ်က တစ်ရာဘီလျံကျော် တန်ကြေးရှိတယ်လို့ ကြားဖူးတယ်။ ဘုရားရေ... ချမ်းသာလိုက်တာ"
အလှလေးက သူ(မ)၏ အထင်သေးလေဟန် အကြည့်များကို ချက်ချင်းဖယ်ရှားလိုက်သည်။
"ရှင့်အဖေက အတ္တလန်တိတ်ဟိုတယ်ရဲ့ အဓိကရှယ်ယာရှင်ပေါ့။ တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း အဲဒီဟိုတယ်မှာ တည်းမှာ"
"ဟားဟား ပြဿနာမရှိပါဘူး။ ကိုယ့်အဖေက သူဌေးဆိုတော့ ကိုယ်က ဒီနေရာမှာ သခင်လေးပေါ့။ ကိုယ်နဲ့ဆိုရင် မင်း ဟိုတယ်မှာ အကောင်းဆုံးဝန်ဆောင်မှုတွေကို သေချာပေါက် ခံစားရမှာပါ"
လော့ဖေးက ဆောင့်ကြွားကြွားနိုင်နေပေသည်။
ဤဟိတ်ဟန်ထုတ်မှုကတော့ အမှတ်ပြည့်ပင်။
တကယ်တမ်းတွင် သူသည် ဟိုတယ်ပိုင်ရှင် မဟုတ်ပေ။ သူ့အဖေက အတ္တလန်တိတ်ဟိုတယ်၏ ရှယ်ယာရှင်တစ်ယောက်ဆိုသော်ငြား ရှယ်ယာတစ်ရာခိုင်နှုန်းသာ ရှိသည်။
သူသည် ဤခြေတံရှည်အလှလေးကို အမိဖမ်းဖို့အတွက် သက်သက်ကြွားလုံးထုတ်နေခြင်းပင်။
လော့ဖေး၏ စကားများကြောင့် ထိုအလှလေးက စိတ်လှုပ်ရှားသွားသည်။
"ကောင်းတာပေါ့။ ဒါဆို ရှင် ကျွန်မကို သေချာဂရုစိုက်ရမယ်နော်"
လော့ဖေးကလည်း အိုကေဟူသည့် လက်ဟန်အမူအရာကို လုပ်ပြလိုက်၏။
"ပြဿနာမရှိပါဘူး"
ဟိုတယ်ပိုင်ရှင်အဖြစ် ဟန်ဆောင်ခြင်းဖြင့် လော့ဖေးသည် အလှပဂေးပေါင်းများစွာ၏ နှလုံးသားကို ဆွဲဆောင်ခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း ဤအလှလေး ငါးစာမိသွားပုံရသည်။
လော့ဖေးက အလှလေးကို ဆက်ကြွားလုံးထုတ်နေပေသည်။ အများစုကတော့ သူ ဘယ်လောက်ချမ်းသာကြောင်းနှင့် သူ့မိသားစုနောက်ခံက ဘယ်လောက်တောင့်တင်းကြောင်း ကြွားလုံးထုတ်နေခြင်းပင်။
အပေါ်ယံကြည့်ပါက အလှလေးသည် ခပ်ချေချေဖြစ်သော်ငြား တကယ်တော့ သူ(မ)က ငွေမက်သည့် မိန်းမတစ်ယောက်ဖြစ်၏။ ထို့ကြောင့် လော့ဖေး၏ စကားများက သူ(မ)၏နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။
ဤတစ်ခေါက်တော့ သူ(မ)မှာ မထင်မှတ်ပါဘဲ အလွန်ချမ်းသာသည့် သူဌေးတစ်ယောက်နှင့် ဆုံလိုက်ရလေပြီ။
လော့ဖေးက ဆက်ပြောသည်။
"ကိုယ့်ဟိုတယ်ရဲ့ အထူးခြားဆုံးအခန်းက ပိုဆိုက်ဒန်အခန်းပဲ။ အဲဒီကနေ အတ္တလန်တိတ် ငါးပြတိုက်ကြီးတစ်ခုလုံးကို အပေါ်စီးကနေ မြင်ရတယ်။ ညဘက် အခန်းထဲမှာ အိပ်နေရင်း အပြင်ဘက်မှာ သမုဒ္ဒရာကမ္ဘာကြီးကို မြင်နေရမှာ။ တွေးကြည့်လိုက်"
အလှလေးမှာ နားထောင်ရင်း စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေခဲ့သည်။
ယခင်က သူ(မ)လည်း ပိုဆိုက်ဒန်အခန်းအကြောင်း ကြားဖူးသည်။
သို့သော် ထိုနေရာတွင် တစ်ညတည်းခိုရုံအတွက်ဖြင့် တစ်သောင်းခန့် ကုန်ကျမည်ဟု ကြားဖူးသည်။ ထိုပမာဏကို သူ(မ) မတတ်နိုင်ပေ။
"ရှင်ပြောတာကို နားထောင်ရသလောက်တော့ အရမ်းရိုမန်တစ်ဆန်တာပဲနော်"
အလှလေး၏ မျက်ဝန်းအစုံကား တောက်ပနေတော့သည်။
မူလကတည်းက ငွေမက်သည့် မိန်းမတစ်ယောက်ဖြစ်သောကြောင့် လော့ဖေး၏ ကြွားလုံးများကို ကြားလိုက်ရသောအခါ သူ(မ)မှာ ဝမ်းသာလုံးဆို့သွားလေသည်။
သူ(မ)သာ ဤသူဌေးသားနှင့် ချိတ်နိုင်ခဲ့မည်ဆိုလျှင် လူကုံထံမိသားစုထဲသို့ ဝင်ရောက်နိုင်ပေမည်။
သူ(မ)သာ ဤသူဌေးသားနှင့် ပိုဆိုက်ဒန်ဟိုတယ်ခန်းတွင် တည်းခိုခွင့်ရမည်ဆိုပါက သူ(မ)၏ အပေါင်းအသင်းများအကြား ကြွားဝါ၍ရချေပြီ။
လော့ဖေးက ခေါင်းညိတ်ပြလိုက်၏။
"တကယ်တော့ တစ်ညကို တစ်သောင်းဆိုတာ သာမန်လူတွေ တတ်နိုင်တဲ့အရာ မဟုတ်ဘူးလေ။ ဘိုကင်တင်ထားဖို့လည်း လိုသေးတယ်။ အလှလေး... တစ်ညကို တစ်သောင်းတန်တဲ့ သမုဒ္ဒရာဒိတ်ကို ခံစားကြည့်ချင်လား"
ထိုအချိန်တွင် လော့ဖေး၏ မျက်လုံးထဲဝယ် မကောင်းဆိုးဝါးဆန်သော အကြံအစည်များဖြင့် ပြည့်နှက်နေခဲ့သည်။
အလှလေးက လော့ဖေး၏ ရည်ရွယ်ချက်ကို ရိပ်မိသော်လည်း တမင်တကာပင် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။
"ကျွန်မက မိန်းကလေးလေ။ ယောကျ်ားတစ်ယောက်နဲ့ အခန်းတစ်ခန်းထဲမှာ ဘယ်လိုလုပ်ပြီး အတူနေလို့ဖြစ်မှာလဲ"
အလှလေး။ စကားကို ကြားလိုက်ရသောအခါ လော့ဖေး၏ ရင်ထဲဝယ် ဝမ်းသာပျော်ရွှင်မှုများ ဆူပွက်လာသည်။
ဤသို့သော မိန်းမများနှင့် သူ အများကြီးကြုံတွေ့ခဲ့ဖူးသည်။
အပြင်ပန်းတွင်မူ ဣန္ဒြေရှင်လေးလို ဟန်ဆောင်နေသော်လည်း သူ နည်းနည်းလောက် တွန်းအားပေးလိုက်သည်နှင့် သူ(မ)ကို အလွယ်တကူ ပိုင်ဆိုင်နိုင်မည်သာ။
ယခု သူ လုပ်ရမည့်အရာကား သူ့စွမ်းရည်များကို ဆက်လက်ပြသပြီး ဤမိန်းမကို သူ့အား လုံးဝကိုးကွယ်သွားစေရန်ပင်။
သို့မှသာ ဤမိန်းမသည် သူ့စိတ်ကြိုက် ကစားဖို့အတွက် ကစားစရာလေးတစ်ခု ဖြစ်လာမည်သာ။
ထိုအကြောင်းကိုတွေးမိသော် လော့ဖေး၏ ရင်ထဲတွင် တပ်မက်မှုများ တလှပ်လှပ် ဖြစ်ပေါ်လာသည်။
အာ... ဒါက သူဌေးသားတစ်ယောက်ရဲ့ ဘဝပါပဲလား။
သူ ဘယ်သွားသွား အလှလေးများ ခြံရံနေပေသည်။
ထိုအချိန်မှာပင် သူ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သေစမ်း... ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ မြင်ကွင်းလဲ။
အပြင်ဘက်တွင် ကော်ဇောနီခင်းထားပြီး တစ်ဖက်တစ်ချက်စီဝယ် အလှလေးများ တန်းစီ၍ ရပ်နေကြသည်။
ဘတ်စ်ကားပေါ်ရှိ စာလုံးများကို မြင်လိုက်ရချိန်ဝယ် သူ့ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများလှိုက်တက်လာသည်။
အတ္တလန်တိတ် ဟုတ်လား။
ဒါက ငါ့အတွက် ဟိုတယ်က ကြိုဆိုနေတာများလား။
အာ... ဂျော့ခ်ျက စီစဉ်တဲ့နေရာမှာ တော်တော်လေး တိုးတက်လာတာပဲ။
ဤမျှခမ်းနားသော ပြင်ဆင်မှုများက သူ့ဘေးနားရှိ အလှလေးကို သူ့ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ရောက်လာစေမည်မှာ သေချာပေသည်။
ထိုအချိန်တွင် လော့ဖေးလည်း ပြတင်းပေါက်အပြင်ဘက်သို့ စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြလိုက်၏။
"အဲဒါကို မြင်လား။ အောက်ဘက်မှာ ကိုယ့်ကို ကြိုဆိုနေကြတာလေ"
••••••••••••••••••••••••••••