ဓားကပ်ဘေးတောင်ထွတ်၏အပြစ်ဒဏ်
Vol. 28 Ch. 383
ဤနှစ်တွင် ကျင်းပရန် ကျန်ရှိနေသော ဒုတိယအကြိမ်မြောက် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ အခမ်းအနားသည် မည်သူမှ မထင်မှတ်ထားခဲ့သော အဆုံးသတ်နှင့် ကျင်းပပြီးစီးခဲ့ပြီမှာ အချိန်အနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကန်ရွှမ်းကလန်မှ တပည့်များမှာ ယခုထက်တိုင် အံ့အားသင့်စွာဖြင့် ပြောဆိုဆွေးနွေး နေကြဆဲပင် ဖြစ်သည်။
ပြောရမည်ဆိုလျှင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ပြုလုပ်ခဲ့သော ဇူယွမ်၏ အံ့အားသင့်စရာ တိုက်ပွဲ အလှည့်အပြောင်းများမှာ ကလန်ထဲရှိ ခရမ်းရောင်ခါးစည်း တပည့်များကိုပင် လေးစားစေခဲ့ခြင်း ဖြစ်၏။
အတိတ်ကာလများ၌ ခရမ်းရောင်ခါးစည်း တပည့်အများစုမှာ ဇူယွမ်၏ အောင်မြင်မှုများအကြောင်း ကြားသိခဲ့ဖူး ပါသော်လည်း ထိုအကြောင်းအရာများမှာ ရွှေခါးစည်း တပည့်များကြား၌သာ ဖြစ်ပေါ်ခဲ့သော တိုက်ပွဲလေးများ ဖြစ်သဖြင့် အရေးတယူ မရှိခဲ့ကြပေ။
သို့သော်လည်း ဤရွေးချယ်ခြင်းပြိုင်ပွဲ အပြီးတွင်တော့ ခရမ်းရောင်ခါးစည်း တပည့်များမှာ သူတို့နှင့် လက်ရည်တူညီလု နီးပါးပင်ရှိသော ဇူယွမ်အား စတင်၍ အသိအမှတ်ပြု လေးစားလာခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ဇူယွမ်မှာ မည်သည့်နည်းလမ်းကို အသုံးပြုခဲ့ပါစေ အဆုံး၌ချန်ပီယံနေရာ ရရှိနိုင်ခဲ့ပြီး ရှုယန်ကိုလည်း ကသိကအောက် အခြေအနေတစ်ခုသို့ ရောက်ရှိစေနိုင်ခဲ့၏။
ထိုသို့ တပည့်များမှ တစ်ဆင့်စကား တစ်ဆင့်ကြားရင်းနှင့်ပင် ကန်ရွှမ်းကလန်ထဲ၌ ဇူယွမ်၏ ဂုဏ်သတင်းမှာ လျင်မြန်စွာ ကြီးမားလာခဲ့သည်။ ဇူယွမ်မှာ ယခုမှ ခရမ်းရောင်ခါးစည်း အဆင့်သို့ တက်လှမ်းနိုင်ကာစ တပည့်အသစ်လေး တစ်ဦးမျှသာ ဖြစ်သော်လည်း ဂုဏ်သတင်းမှာမူ ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များထက်ပင် ကြီးမားနေခဲ့ပြီ ဖြစ်၏။
ဇူယွမ်၏ အခြေအနေနနှင့် ကွဲပြားစွာပင် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာမူ ကန်ရွှမ်းကလန်ထဲမှ အခြားတပည့်များက ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှ ဇူယွမ်၏ စွမ်းဆောင်ရည်များ အကြောင်း တခုတ်တရ ဆွေးနွေးကြတိုင်း ကသိကအောက်ဖြစ်ကာ အရှက်ရနေခဲ့ရသည်။ နှိုင်းယှဥ်ရမည် ဆိုပါလျှင် ဇူယွမ်၏ ဂုဏ်သတင်း ကြီးမားလာသည်နှင့်အမျှ ဓားကပ်ဘေး တောင်ထွတ်၏ ဂုဏ်သိက္ခာမှာ လျော့နည်းလာခဲ့ရခြင်း ဖြစ်၏။
ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ဇူယွမ်အကြောင်း ပြောဆိုဆွေးနွေးကြသော စကားဝိုင်းများထံမှ ေဝးဝေးသာနေခဲ့ကြပြီး ကန်ရွှမ်းကလန်ထဲတွင် လွန်စွာမှ တိတ်တိတ်ဆိတ်ဆိတ်သာ နေခဲ့ကြလေသည်။
ထိုအချိန်၌ပင် ဓားကပ်ဘေး တောင်ထွတ်၌ ယခုအကြိမ် ကျင်းပခဲ့သော ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သော တပည့်များ အားလုံးမှာ အနက်ရောင်ခါးစည်း အဆင့်အဖြစ် တစ်နှစ်ခန့် နေထိုင်ရမည်ဟူသော သတင်းမှာ ထွက်ရှိလာခဲ့သည်။
ပြောရမည်ဆိုလျှင် လီထျန်း၊ လုရွှမ်းယင်နှင့် အခြားပါဝင် ယှဥ်ပြိုင်ခဲ့ကြသော တပည့်များမှာ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရရုံသာမက ဓားကပ်ဘေး တောင်ထွတ်၏ ရွှေခါးစည်းတပည့်ဟူသော ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးသွားရတော့မည် ဖြစ်ကာ အတွင်းတောင်၏ အနိမ့်ဆုံးတပည့်ဖြစ်သော အနက်ရောင်ခါးစည်း အဆင့်သို့ လျှော့ချခံရတော့မည်ပင် ဖြစ်၏။
ထို့အပြင် ဤအဆင့်လျှော့ချခြင်းမှာ တစ်နှစ်တာလုံး တည်မြဲနေမည်ဖြစ်ပြီး တစ်နှစ်အကြာမှသာ မူလအဆင့်သို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။ ဓားကပ်ဘေး တောင်ထွတ်၏ ခရမ်းရောင်ခါးစည်း တပည့်ဖြစ်သော ရှုယန်မှာလည်း ရွှေခါးစည်းအဆင့်သို့ တစ်နှစ်တာ လျှော့ချခံခဲ့ရ၏။
ဤကဲ့သို့သော အပြစ်ဒဏ်မှာ အလွန်ပင် ပြင်းထန်လှသည်ဟု ဆိုနိုင်ပြီး ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတစ်ခုအတွက် မည်သည့်အခါမှ ထိုသို့ အပြစ်ပေးခြင်းများ မရှိခဲ့ချေ။ ထိုသည်မှာ တောင်ထွတ်ဆရာသခင် လင်ကျွမ်းသည် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအတွင်း ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ လုပ်ဆောင်ချက်များအား အနည်းငယ်မျှပင် အားရကျေနပ်ခြင်း မရှိကြောင်း ထင်ရှားစွာ ပြသနေခြင်းပင် ဖြစ်သည်။
မကြာမီ၌ပင် လီထျန်းတို့အုပ်စု၏ တပည့်ခါးစည်းအဆင့် လျှော့ချခံရခြင်း သတင်းမှာ ကန်ရွှမ်းကလန် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အခြားတောင်ထွတ်မှ တပည့်များမှာ အံ့အားသင့်စွာဖြင့် ဓားကပ်ဘေးတောင်ထွတ်မှ ပါဝင်ယှဥ်ပြိုင်ခဲ့သော တပည့်များအား သနားဂရုဏာသက်ခဲ့ကြ၏။ သို့သော်လည်း အပြစ်ဒဏ်မှာ ဓားကပ်ဘေး တောင်ထွတ်၏ ဆရာသခင် လင်ကျွမ်းကိုယ်တိုင် ချမှတ်ထားခြင်းဖြစ်သဖြင့် ကလန်ခေါင်းဆောင် ချင်းယန်မှလွဲ၍ မည်သူမှ ပြောင်းလဲ၍ရမည် မဟုတ်ပေ။
ထို့အပြင် ကန်ရွှမ်ကလန်ထဲရှိ တောင်ထွတ်ခုနစ်ခုလုံးမှာ လွတ်လပ်စွာ လည်ပတ်နေကြခြင်းဖြစ်ပြီး သက်ဆိုင်ရာ တောင်ထွတ်များ၏ ဆရာသခင်ကသာ တောင်ထွတ်တစ်ခုလုံးကို ချုပ်ကိုင်ထားသူ ဖြစ်ပေသည်။ ထို့ကြောင့် ကလန်ခေါင်းဆောင် ချင်းယန်မှာလည်း အခြားသော တောင်ထွတ်များ၏ ကိစ္စပြဿနာများကို ပုံမှန်အားဖြင့် ဝင်ရောက်ပြောဆိုခြင်း မရှိသဖြင့် ပြောရမည်ဆိုလျှင် လီထျန်း၊ လုရွှမ်းယင် ၊ ရှုယန်နှင့် အခြားသူများမှာ တစ်နှစ်တာ အပြစ်ဒဏ်ကို မဖြစ်မနေ လက်ခံရတော့မည်ပင် ဖြစ်၏။
ဓားကပ်ဘေး တောင်ထွတ် …
ယခုရက်များအတွင်း ဓားကပ်ဘေးတောင်ထွတ်၏ လေထုမှာ မွန်းကြပ်နေလျက် ရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ စိတ်အဆင်မပြေ ဖြစ်နေသဖြင့် တောင်ထွတ်ရှိ အကြီးအကဲများ အားလုံးမှာ လင်ကျွမ်း၏ ဒေါသအား မနှိုးဆွမိစေရန် အရာအားလုံးကို သတိကြီးစွာ ပြုမူလုပ်ဆောင်နေခဲ့၏။ အကျိုးဆက်အနေဖြင့် အကြီးအကဲများ လက်အောက်ရှိ တပည့်များမှာလည်း မည်သည့်ပြဿနာမှ မဖြစ်ပေါ်စေရန် ပို၍သတိကြီးစွာ ထားကာ နေထိုင်ခဲ့ကြသောကြောင့် ဓားကပ်ဘေးတောင်ထွတ် တစ်ခုလုံးမှာ တိတ်ဆိတ်နေလျက် ရှိသည်။ ပြောရမည်ဆိုလျှင် ရှုယန်နှင့် လီထျန်းတို့အုပ်စု၏ အဖြစ်အပျက်များအား မျက်မြင် ကြုံတွေ့ခဲ့ရပြီးနောက် မည်သူကမှ တောင်ထွတ်ဆရာသခင် လင်ကျွမ်း၏ ဒေါသကို နှိုးဆွစေနိုင်မည့် အပြုအမူများ ပြုလုပ်ရန် စိတ်ပင် မကူးရဲတော့ပေ။
ဓားကပ်ဘေးတောင်ထွတ်မှ မြင့်မားသော တောင်ထွတ်တစ်ခု၏ အတွင်းဖက် ကျောက်တုံးစင်မြင့်ပေါ်၌ လူငယ်နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် အနေအထားဖြင့် ထိုင်နေလျက် ရှိ၏။ လူငယ်နှစ်ဦးထဲမှ တစ်ဦးမှာ ခုန်းရှန်ဖြစ်ကာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
ခုန်းရှန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူငယ်မှာ ကျဥ်းမြောင်းရှည်လျားသော မျက်ဝန်းများနှင့် ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ်နေလျက် ရှိ၏။ ဤဓားကပ်ဘေး တောင်ထွတ် တစ်ခုလုံး၌ ခုန်းရှန်နှင့် မျက်နှာချင်းဆိုင် ထိုင်နိုင်သော အရည်အချင်းရှိသူမှာ ဓားကပ်ဘေး တောင်ထွတ်မှ ဒုတိယမြောက် အရွေးချယ်ခံ ကျောင်းဇူမှလွဲ၍ မည်သူမှ မဖြစ်နိုင်ပေ။
“မင်းက ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ငါတို့ ဓားကပ်ဘေး တောင်ထွတ်က တပည့်တွေပေါင်းပြီး ဇူယွမ်ကို အနိုင်ကျင့်မဲ့ကိစ္စကို ထောက်ခံခဲ့တာ မဟုတ်လား” ခုန်းရှန်မှ ကျောင်းဇူအား တစ်ချက်မျှကြည့်ကာ စကားဆိုလိုက်သည်။
“ရှုယန်က ဒီကိစ္စကို ကြံစည်ခဲ့တဲ့ကောင် ဆိုပေမဲ့ သူ့အဆင့်လောက်နဲ့ လီထျန်းတို့ တစ်အုပ်လုံးကို စည်းရုံးလို့ရမှာ မဟုတ်ဘူး” ကျောင်းဇူမှ ကူကယ်ရာမဲ့စွာဖြင့် ပြုံးကာ ပြန်၍ပြောလိုက်၏။
“သူတို့က တကယ် အသုံးမကျတာပဲ။ ကိစ္စ သေးသေးလေးကိုတောင် အဆင်ပြေအောင် မလုပ်နိုင်ကြဘူး” ခုန်းရှန်မှ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ စကားပြန်ပြောလိုက်သည်။
“ငါအရင်ထဲက ပြောပါတယ် ဇူယွမ်ကို ဂရုမစိုက်ပါနဲ့လို့။ အခုတော့ မင်းလုပ်ရပ်က သူ့ကို ပိုနာမည်ကြီးအောင် လုပ်ပေးလိုက်သလိုပဲ”
ကျောင်းဇူမှာ လက်ထဲမှ အဖြူရောင် ကျောက်စိမ်းပြားကို ပွတ်သပ်ရင်းဖြင့် ရေရွတ်လိုက်၏။
“ဒီကိစ္စကို ကိုင်တွယ်ဖို့ လွယ်ကူတယ်လို့ ထင်ခဲ့မိတာ ကျွန်တော့အမှားပါ။ ကြည့်ရတာ ဇူယွမ်ဆိုတဲ့ ကောင်က အရည်အချင်းတော့ ရှိတဲ့ပုံပဲ”
ကျောင်းဇူမှာ ထိုကိစ္စအား အမှန်တကယ်ပင် ဂရုမစိုက်ခဲ့ပဲ အမှုမဲ့အမှတ်မဲ့သာ ပြုမူခဲ့ခြင်းဖြစ်ပြီး ထိုနေ့၌ လီထျန်းအား မှာကြားခဲ့ပြီးနောက် မေ့မေ့ပျောက်ပျောက်ပင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ကျောင်းဇူ၏ အမြင်တွင် ဇူယွမ်ကဲ့သို့သော မလောက်လေး မလောက်စားကောင်အား သူ့လို ရွေးချယ်ခံတစ်ယောက်မှ အရေးစိုက်နေခြင်းသည်ပင် ဇူယွမ်အတွက် ဂုဏ်ယူလောက်စရာ ကိစ္စကြီးတစ်ခု ဖြစ်နေပြီ ဖြစ်၏။ သို့သော်လည်း ကျောင်းဇူထိုကဲ့သို့ အရေးမစိုက်ခဲ့သော ကိစ္စသေးသေးလေး၌ ဓားကပ်ဘေး တောင်ထွတ်၏ ဂုဏ်သိက္ခာများ အားလုံး ဆုံးရှုံးခဲ့ရပေသည်။ ခုန်းရှန်မှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။
“တောင်ထွတ်ဆရာသခင်က တော်တော်လေး ဒေါသထွက်နေတဲ့ပုံပဲ။ အစက လီထျန်းတို့ တစ်အုပ်စုလုံးကို အပြစ်ဒဏ်သုံးနှစ် ပေးဖို့တောင် စီစဥ်နေခဲ့တာ။ ငါဝင်ပြီး တောင်းဆိုပေးခဲ့လို့သာ အပြစ်ဒဏ်ကို တစ်နှစ်ထိ လျှော့ချလို့ရခဲ့တာ”
ခုန်းရှန်မှာ တည်ငြိမ်စွာပင် ပြောဆိုနေခြင်း ဖြစ်သော်လည်း တောင်ထွတ်ဆရာသခင် လင်ကျွမ်းအား ဖြောင်းဖျ၍ ရနိုင်ခဲ့ခြင်းက လင်ကျွမ်းမှ ခုန်းရှန်အား မည်မျှပင် အလေးထားကြောင်း ပေါ်လွင်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် ဓားကပ်ဘေး တောင်ထွတ်၏ အကြီးအကဲများသည်ပင် ခုန်းရှန်ကဲ့သို့ တောင်ထွတ်ဆရာသခင် လင်ကျွမ်းအား ဖြောင်းဖျရန် မဆိုထားနှင့် ကြိုးစားကြည့်ဖို့ပင် မဝံ့ရဲကြပေ။
ထိုစကားအား ကြားလိုက်ရသော အခါတွင် ကျောင်းဇူး၏ မျက်ဝန်းများ၌ မနာလိုသော အရိပ်အယောင်များနှင့် ပြည့်နှက်သွားခဲ့ရ၏။ ကျောင်းဇူနှင့် ခုန်းရှန်တို့ နှစ်ဦးလုံးမှာ ဓားကပ်ဘေးတောင်ထွတ်မှ ရွေးချယ်ခံ တပည့်များ ဖြစ်ကြပါသော်လည်း တောင်ထွတ် ဆရာသခင် လင်ကျွမ်းမှာမူ ခုန်းရှန်းအား သိသာစွာပင် ပို၍ အရေးပေးလေသည်။ ကျောင်းဇူမှ အသာအယာပြုံးကာ ပြန်၍ပြောလိုက်၏။
“အဲဒီလိုဆိုရင် လီထျန်းတို့ကို သက်ညှာဖို့ ပြောပေးတဲ့အတွက် အစ်ကိုတော်ကို ကျေးဇူးတင်ရတော့မှာပဲ”
ခုန်းရှန်မှ လက်ယမ်းပြကာ အဝေးတစ်နေရာအား ငေးကြည့် လိုက်ပြီးနောက် အေးစက်နေသော စကားသံဖြင့် ဆက်၍ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဓားကပ်ဘေး တောင်ထွတ်က ဒီလိုမျိုး ကြီးကြီးမားမား ဂုဏ်သိက္ခာကျတဲ့ကိစ္စ မဖြစ်တာ တော်တော်ကြာခဲ့ပြီ”
“ဇူယွမ်က ကျားကို မကြောက်တဲ့ နွားသူငယ်လို ကောင်မျိုးပဲ။ ငါတို့ရဲ့ ဓားကပ်ဘေး တောင်ထွတ်ကို နင်းပြီးတောင် နာမည်ကြီးဖို့ လုပ်ရဲတာကို ကြည့်ရတာ သူ့ကိုယ်သူ ထူးခြားတဲ့ကောင်လို့ ထင်နေပုံရတယ်”
ကျောင်းဇူမှ ခပ်ဖွဖွရီမောကာ ပြောလိုက်၏။
“ကျွန်တော်တို့ သူ့ကိုသင်ခန်းစာ ပေးလိုက်ကြရင်ရော”
ခုန်းရှန်မှ ကူကယ်ရာမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။
“ဒီကောင်လေးက ငါတို့နဲ့ အဆင့်အတန်းချင်း အဝေးကြီးပဲ။ သူ့ကို သင်ခန်းစာ ပေးမယ်ဆိုရင် ငါတို့ရဲ့ ဂုဏ်သိက္ခာတွေကို ချနင်းပြီး အဆင့်နိမ့်တဲ့သူကို သွားအနိုင်ကျင့်သလို ဖြစ်နေလိမ့်မယ်”
“ပြီးတော့ ... ”
ခုန်းရှန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်၍ပြောလိုက်၏။
“သူ့ဘေးမှာရှိနေတဲ့ ဇူရှောင်ယိုဆိုတဲ့ ကောင်မလေးက လုံးဝ သာမန်မဟုတ်ဘူး”
ကျောင်းဇူမှာ မျက်ခုံးပင့်ကာ အလေးမထားသော အမူအရာနှင့်ပင် တုံ့ပြန်လိုက်သည်။
“အဲဒီ ကောင်မလေးက မူလမှော်စာလုံး ပညာရပ်မှာ ကျွမ်းကျင်ပေမဲ့ ချီစွမ်းအင် နည်းနည်းမှမရှိဘူးလို့ ကျွန်တော်ကြားခဲ့တယ်။ သူမက တော်တယ် ဆိုပေမယ့် အစ်ကိုတော်က သက်သက်မဲ့ အရမ်း အထင်ကြီးနေသလိုပဲ”
“အကယ်၍ တစ်ချိန်ချိန် သူမနဲ့ တွေ့ခဲ့ရမယ်ဆိုရင် ကျွန်တော့ဓားနဲ့ သူမရဲ့မှော်စာလုံး ဘယ်ဟာက ပိုမြန်မလဲဆိုတာ သိချင်မိသားပဲ”
ခုန်းရှန်မှ ပြုံးကာ ခေါင်းကိုသာ ခါယမ်းလိုက်၏။ ကျောင်းဇူမှာ မာနကြီးတက်သူ ဖြစ်မှန်း သိရှိထားသဖြင့် ထိုအကြောင်းအရာနှင့် ပက်သတ်၍ ဘာမှထပ်၍ ပြောမနေတော့ဘဲ တောင်အောက်ဆီသို့သာ ငုံ့ကြည့်ရင်း ရေရွတ်လိုက်တော့သည်။
“ဒီနေ့ ဓားကပ်ဘေး တောင်ထွတ်ကို အကြီးအကဲလုဟုန်း လာမယ်လို့ ငါကြားခဲ့တယ်”
“တောင်ထွတ်ဆရာသခင် လင်ကျွမ်းဆီက အမိန့်ရလို့ထင်တာပဲ”
ထို့နောက် ခုန်းရှန်မှာ နှုတ်ခမ်းသားများ တွန့်ကွေးတက်သွားအောင်ပင် ပြုံးကာ ဆက်၍ပြောလိုက်၏။
“ငါတို့တောင်ထွတ် ဆရာသခင်က ဂုဏ်သိက္ခာကို အရေးစိုက်တက်တဲ့ သူမျိုးပဲ။ မူလသူတော်စင် တောင်ထွတ်က ငါတို့ဓားကပ်ဘေး တောင်ထွတ်ကို မျက်နှာရစရာ မရှိအောင် လုပ်ခဲ့တဲ့အတွက် ဆရာသခင်က အဲဒီကိစ္စနဲ့ ပက်သတ်ပြီး တစ်ခုခုတော့ လုပ်မှာပဲလေ”
“အဲဒါကြောင့် ငါတို့ဓားကပ်ဘေး တောင်ထွတ်နဲ့ သက်ဆိုင်တဲ့ အကြီးအကဲလုဟုန်းရဲ့ အုပ်စုကို မူလသူတော်စင် တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ဖြစ်စေပြီးတော့ တခြားအုပ်စုနှစ်ခုကို နှိမ်နင်းလိုက်တာ အကောင်းဆုံးပဲ”
“အကြီးအကဲလုဟုန်းရဲ့ အဖွဲ့က တပည့်ခေါင်းဆောင်နေရာ ရသွားပြီ ဆိုတာနဲ့ မူလသူတော်စင် တောင်ထွတ်ရဲ့ ဆရာသခင်အုပ်စု ဖြစ်လာမှာပဲ။ အဲအခါကြရင် အကြီးအကဲလုဟုန်းရဲ့ အမိန့်ကို ဇူယွမ်က ဘယ်လိုမှ ငြင်းဆန်လို့ ရတော့မှာ မဟုတ်ဘဲ ပြောတဲ့အတိုင်း အကုန်လိုက်နာ ရလိမ့်မယ်”
ကျောင်းဇူမှာ အံ့အားသင့် သွားခဲ့ပြီးနောက် ထိုအကြောင်းအရာများကို မြင်ယောင် ကြည့်ရုံနှင့်ပင် ရပ်တန့်၍ မရလောက်အောင် ကျယ်လောင်စွာ ရီမော ပစ်လိုက်လေသည်။
“ဟားဟားဟား ... တောင်ထွတ်ဆရာသခင်က တကယ်ကို အမျှော်အမြင်ကြီးတဲ့ သူပဲ။ မူလသူတော်စင် တောင်ထွတ်က ကျွန်တော်တို့ကို အရှက်ရအောင် လုပ်ခဲ့တဲ့အတွက် အနာဂတ်မှာ တသက်လုံး ဓားကပ်ဘေး တောင်ထွတ်ရဲ့ လက်အောက်မှာပဲ ရှိနေရတော့မယ်”
ခုန်းရှန်နှင့် ကျောင်းဇူမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရီမောပစ်လိုက်ကြရင်း တောင်ထွတ်ဆရာသခင် လင်ကျွမ်း၏ အကြံအစည်အား သဘောကျကြစွာဖြင့် မူလ သူတော်စင် တောင်ထွတ်ကို ဖိနှိပ်နိုင်မည့်နေ့အား မျှော်လင့်စောင့်စားလျက် ရှိနေတော့၏။