← Chapters

ဒါပေမဲ့ ကျွန်မကတော့ အရမ်းကြိုက်တယ်

Vol. 21 Ch. 304

ဒါပေမဲ့ ကျွန်မကတော့ အရမ်းကြိုက်တယ်

Vol. 21 Ch. 304

သူမ ရှင်းပြလာသည်အား နားထောင်ပြီးနောက် ရှန်းယောင်သည် သူ့နှုတ်ခမ်းအား တိတ်တဆိတ် ကွေးညွှတ်လိုက်မိသည်။ “ကျောက်ကျောက်ရဲ့ အစီအစဉ်တွေကတော့ ပြောင်မြောက်လှတယ်ကွာ”

“ကျွန်မက အကောင်းဆုံးပဲ မဟုတ်လား” ကျီကျောက်သည် သူ့နားတိုး၍ သူမ၏ လက်အား သူ့ပုခုံးပေါ် တယုတယတင်လိုက်ရင်း ဘ၀င်ခိုက်စွာ သူမ၏ မျက်ခုံးအား ပင့်ပြလာသည်။

“ဟုတ်တာပေါ့” ရှန်းယောင်သည် သူမ၏ နှာခေါင်းထိပ်လေးအား မြတ်နိုးစွာ ထိလိုက်ရင်း ပြောသည်။ “ကိုယ့်ကျောက်ကျောက်လေးက ပြိုင်ဘက်ကင်းပါပဲဗျာ”

ကျီကျောက်သည် ပြုံးဖြီးဖြီးဖြင့် သူမ၏ မျက်လုံးထဲမှ အပြုံးမှာ နက်ရှိုင်းသွားသည်။

“ဆိုင်ရှင်ချန်ဆီက ကိုယ်ကြားခဲ့တာ ရှောက်မိသားစုက ဖက်ထုပ်တွေက အရမ်းအရသာရှိတယ်တဲ့လေ… ပူနေတုန်းလေး မြည်းကြည့်ပါလား”

“ဟုတ်ပါပြီ”

ကျီကျောက်သည် မြည်းစမ်းဖို့ မစောင့်နိုင်တော့ပေ။ “ဖက်ထုပ်အသားက ပါးလွှာပြီး အသားတွေ အများကြီးပါတဲ့အပြင် ပါ၀င်ပစ္စည်းတွေကလဲ ထူးကဲလှတယ်… ကျွန်မ မမှားဘူးဆိုရင် ၀က်သားရဲ့ အနူးညံ့ဆုံး ၀မ်းဗိုက်သားဆို အကြိမ်များစွာ နှပ်ထားပြီး အဆာပလာအဖြစ် အသုံးပြုထားတယ်”

“ပြီးတော့ အသားထဲမှာ ထုပ်ပိုးထားတဲ့ ပုဇွန်တွေက အရမ်းလတ်ဆတ်တယ်” ကျီကျောက်သည် ဖက်ထုပ်ပန်းကန်လုံးအား ကြည့်ကာ ချီးကျူးပြောလိုက်သည်။ “ရှန်းယောင်….. ဒီဖက်ထုပ်တွေကို လုပ်တဲ့ စားဖိုမှူးက အားအင် အများကြီး စိုက်ထုတ်ထားတယ်လို့ ပြောလို့ ရနိုင်တယ်။”

“ဆိုင်ရှင်ချန် ပြောတာတော့ ရှောက်မိသားစု ဖက်ထုပ်က အရမ်း နာမည်ကြီးတယ်တဲ့။ ဒါ့အပြင် သူတို့က တစ်ရက်ကို ဖက်ထုပ်ပွဲ တစ်ရာပဲ အကန့်အသတ်ထားပြီး ရောင်းချတာတဲ့။ သူတို့က ကြိုတင်မှာယူလို့မရဘဲ… အရင်လာတဲ့သူ အရင်ရောင်းတယ်တဲ့။ ဒီနေ့ ကိုယ် ကံကောင်းပြီး နောက်ဆုံး ကျန်တဲ့ သုံးပွဲ၀ယ်လို့ ရလာတယ်။” ရှန်းယောင်သည် ပြုံးလိုက်ရင်း နူးညံ့စွာ ပြောသည်။ “ဒါပေမယ့် ကျောက်ကျောက်ရဲ့ ဖက်ထုပ်‌တွေက ပိုပြီးအရသာရှိတယ်လို့ ကိုယ် ထင်နေတုန်းပဲ”

“အပြောချိုလိုက်တဲ့ ပါးစပ်လေးပါလားနော်” ကျီကျောက်သည် အပြုံးလေးဖြင့် ဖက်ထုပ်လေးတစ်ခုအား တူဖြင့် ကောက်ညှပ်လိုက်ကာ သူ့နှုတ်ခမ်းနားသို့ လှမ်းခွံကျွေးလိုက်သည်။ “ဒါပေမဲ့ ကျွန်မကတော့ အရမ်းကြိုက်တယ်။”

နောက်တစ်နေ့တွင် တော်ဝင်စာမေးပွဲ ဖြေဆိုရမည့်နေ့ ကျရောက်လာပြီဖြစ်သည်။

“ကြည့်လို့ကောင်းရဲ့လားဟင်” ကျီကျောက်သည် အနီရောင် ချောင်ဆမ်၀တ်စုံလေးအား ဝတ်ထားလျက် ရှန်းယောင် ရှေ့သို့ လျှောက်လာကာ ကျက်သရေရှိစွာ ပတ်လည်လှည့်ပြသည်။ “ချောင်ဆမ်ဆိုတာ အောင်မြင်စွာ စတင်မှုကို ဆိုလိုတာလေရှင့်”

“ကျောက်ကျောက်ရဲ့ အလှကတော့ တောက်ပနေတဲ့ လမင်းကြီးနဲ့တောင် ယှဉ်နိုင်ပါရဲ့ဗျာ”

စာမေးပွဲခန်းမသည် ယွင်ချွမ်းစီရင်စု၏ တောင်ဖက်အစွန်ဆုံးအပိုင်းတွင် တည်ရှိပြီး ပတ်၀န်းကျင်မှာ အလွန်တိတ်‌ဆိတ်ကာ လုံခြုံရေး တင်းကြပ်လွန်းလှပေသည်။

အရုဏ်တက်ချိန်တွင် ကျီကျောက်သည် ရှန်း‌ယောင်အား စာမေးပွဲခန်းမ အပေါက်၀သို့ လိုက်ပို့ပေးသည်။ ထိုအချိန်တွင် စာမေးပွဲခန်းမအပေါက်၀၌ လူများဖြင့် ပြည့်နှက်နေပြီး ဖြစ်ပေသည်။

“ခရိုင်အဆင့် တော်ဝင်စာမေးပွဲမှာ လူတွေ အများကြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး” ကျီကျောက်သည် သက်ပြင်းချလိုက်မိသည်။ “ထောင်ပေါင်းများစွာသော စစ်သားတွေက သစ်သားတံတားကြီးကို ဖြတ်သွားနေကြသလိုပဲ”

“အင်း” ရှန်းယောင်သည် အပြုံးဖျော့ဖျော့ဖြင့် ပြော‌လာသည်။

ခရိုင်အဆင့် တော်ဝင်စာမေးပွဲသည် သုံးနှစ်တစ်ခါ ကျင်းပလေ့ ရှိသည်။ စာမေးပွဲကို သူတို့အောင်မြင်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့၏ အဆင့်အတန်းမှာ တမဟုတ်ချင်း တိုးတက်လာမည်ဖြစ်ပေသည်။ လူအများစု၏ မျက်လုံးထဲတွင် ပညာသင်ကျောင်းသားများသာလျှင် ထူးချွန်ထက်မြက်သည်ဟု ယူဆကြသည်။ စာမေးပွဲကို အပိုင်း သုံးပိုင်း ပိုင်းခြားထားကာ ပထမပိုင်းအား ရှစ်လပိုင်း ကိုးရက်နေ့တွင် ကျင်းပသည်။

“ကျောက်ကျောက် ကိုယ် စာမေးပွဲခန်းမထဲ ၀င်သွားပြီး‌ရင် စားသောက်ဆိုင်ကိုပြန်ပြီး နားနေလိုက်နော်” ရှန်းယောင်သည် သူမ၏ လက်ဖဝါးလေးအား ဆွဲယူကာ အသံတိုးတိုးဖြင့် ဖျောင်းဖျလာသည်။ “စာမေးပွဲက နေမ၀င်ခင်ထိ ပြီးမှာ မဟုတ်ဘူး။”

“ကောင်းပါပြီ” ကျီကျောက်သည် နာခံစွာ ပြန်ဖြေလိုက်သည်။ “ဒါနဲ့ စကားမစပ် ကျွန်မ ရှင့်အတွက် ထပ်တစ်ရာ အချိုမုန့်လုပ်လာပေးတယ်။ ရေနွေးအိတ်ထဲမှာ ပဲတီစိမ်းစွပ်ပြုတ် ဖြည့်ထားတယ်…. ခန်းမထဲက ဘာကိုမှ မစားလာခဲ့နဲ့နော်”

“ကောင်းပါပြီဗျ”

မနက်ခင်းစောစောမှာပဲ စာမေးပွဲခန်းမတံခါး တိတ်တဆိတ် ပွင့်လာခဲ့သည်။

စာမေးပွဲဖြေမည့်ကျောင်းသားများမှာ အစဉ်တိုင်း စီတန်းနေကြလျက် ခန်းမထဲ၀င်ရန် စောင့်ဆိုင်းနေကြသည်။

ရှန်းယောင် ခန်းမထဲ၀င်ပြီးနောက် ကျီကျောက်သည် သူမ၏ အကြည့်များအား အင်တင်တင်ဖြင့် ရုတ်သိမ်းလိုက်သည်။ သူမ၏ အိပ်မက်ထဲမှ ဖြစ်ရပ်များ မဖြစ်လာစေရန် သူမ၏ နှလုံးသားအောက်ခြေမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။

“အစ်မကြီး…. ရှင့်ရဲ့ ကျောက်စိမ်းပြား ပြုတ်ကျနေတယ်”

ကျီကျောက် မှင်သက်နေချိန်တွင် သူမ၏ အနောက်မှ သိမ်မွေ့သည့် အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

လုဟုန်ရှန်သည် သူမ၏ အရှေ့သို့လျှောက်လာကာ သူမ၏ လက်ဖဝါးအား ဖြန့်လိုက်သည်။ “အစ်မကြီး…. ဒီကျောက်စိမ်းဆွဲပြားက အစ်မကြီးဟာလားဆိုတာ တစ်ချက်ကြည့်ကြည့်ပါဦး”

ကျီကျောက်သည် ထိုဆွဲပြားအား တစ်ချက်ကြည့်လိုက်ကာ အပြုံးလေးဖြင့် ခေါင်းယမ်းပြလိုက်သည်။

“ကျေးဇူးပါ သခင်မလေး…. ဒါပေမယ့် ကျွန်မ ကျောက်စိမ်းဆွဲပြား မဟုတ်ပါဘူး”

“အာ….” လုဟုန်ရှန်သည် အံ့ဩချင်ယောင်ဆောင်ကာ မေးသည်။ “ကျွန်မ အမြင်မှားမိတာ ထင်တယ်”

“ဒီကျောက်စိမ်းဆွဲပြားကို ကောက်ရခဲ့တာလား” ကျီကျောက်သည် သူမ၏ မျက်နှာရှိ စိတ်ရှုပ်နေသည့် အရိပ်အယောင်အား မြင်တော့ အပြုံးလေးဖြင့် အကြံပြုလိုက်သည်။ “ပိုင်ရှင် ဘယ်သူလဲ‌ ဆိုတာကို မသိရင် အရာရှိတွေဆီမှာ ဆွဲပြားကို

သွားအပ်ထားလိုက်ပါလား”

“အကြံကောင်းပဲ” လုဟုန်ရှန်သည် စိတ်သက်သာရသည့် အပြုံးတစ်ခုအား တမင်တကာ ပြသလိုက်သည်။

“အကြံဉာဏ်တွက် ကျေးဇူးပါနော် အစ်မကြီး”

“ကြင်နာလွန်းနေပါပြီ သခင်မလေးရှင့်” ကျီကျောက်သည် အမှုမထားသလို ပြုံးလိုက်ကာ စားသောက်ဆိုင်သို့ ပြန်ရန် ပြင်လိုက်သည်။

ထိုမိန်းကလေးကိုယ်ပေါ်ရှိ အလှကုန်ပစ္စည်း၏ မွှေးရနံ့မှာ တကယ့်ကို စူးရှလွန်းလှပေသည်။ ကျီကျောက် ခြေနှစ်လှမ်းမျှသာ လျှောက်ရသေးပေမဲ့ အကြိမ် အနည်းငယ်လောက် နှာချေ‌လေတော့သည်။

စားသောက်ဆိုင်သို့ ပြန်ရောက်ပြီးနောက် ကျီကျောက် သူမ၏ နှာခေါင်းမှာ ယားသည်ထက် ပိုယားလာသလို ခံစားရသည်။

သူမ အဆက်မပြတ် နှာချေနေသည့် အသံအား ကြားသည့်အခါ နတ်ဆေးသမားတော် ရှန်းဟယ်သည် တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒီကို လာစမ်း…. ဆရာ တစ်ချက် စစ်ဆေးကြည့်ပေးမယ်။”

“ဆရာ….. တပည့် အအေးမိတာများလား” ကျီကျောက်သည်လည်း မှင်သက်နေမိသည်။ ခဏအကြာတွင် သူမ အနည်းငယ် ယားယံလာသလို ခံစားရသည်။အနီးကပ်ကြည့်လိုက်သည့်အခါ သူမ၏ လက်မောင်းပေါ်တွင် အနီကွက်များ ထနေသည်အား တွေ့လိုက်ရပေသည်။

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမ၏ သွေးခုန်နှုန်းအား စမ်းကြည့်ရင်း သူ့အမူအရာမှာ ပို၍လေးနက်လာသည်။ “မင်း အဆိပ်မိထားတယ်…. ပန်း၀တ်မှုန်ရနံ့ အဆိပ်…..”

“အဆိပ်မိတာလား….” ကျီကျောက် မျက်လုံးများ ပြူးကျယ်သွားသည်။ “တပည့် ဘယ်လိုလုပ်ပြီး အဆိပ်မိလာတာလဲ….”

“ပန်း၀တ်မှုန်ရနံ့အဆိပ်ဆိုတာ သက်ရောက်မှူ နှေးကွေးတဲ့ အဆိပ်မျိုးပဲ။ ခန္ဓာကိုယ်ထဲကို ရှူသွင်းမိတာနဲ့ တစ်ပြိုင်နက် ခြောက်နာရီအတွင်း တစ်ကိုယ်လုံး ယားယံလာမယ်…. သုံးရက်ကြာပြီးရင်တော့ အသက်ဆုံးရှုံးရလိမ့်မယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့အပ်အိတ်အား အလျင်အမြန်ဖွင့်ကာ ကျီကျောက်၏ လက်ကောက်၀တ်ရှိ သွေးကြောများပေါ်သို့ အမြန်အပ်စိုက်လိုက်သည်။

နာရီ၀က်ခန့်ကြာပြီးနောက် ကျီကျောက်သည် သူမ၏ လက်မောင်းမှ အနီကွက်များမှာ သာမန်မျက်စိဖြင့် မြင်နိုင်နှုင်းဖြင့် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

“ကံကောင်းလို့ပေါ့…. အမြန်သိလိုက်ရလို့ ဒီလိုမှ မဟုတ်ရင် ဘုရားတောင် မင်းကို ဆင်းမကယ်နိုင်လောက်ဘူး” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား ဒေါသစိတ်ဖြင့်တစ်ဖုံ ၀မ်းနည်းစိတ်ဖြင့်တစ်ဖုံ လှမ်းကြည့်လိုက်သည်။ “တပည့်မိုက်…. မင်းကိုယ်မင်း အဆိပ်မိတာတောင် မသိခဲ့ဘူးပေါ့လေ”

ကျီကျောက်သည် ထိုအကြောင်းအား အပြင်းအထန် စဉ်းစားကြည့်ပြီးနောက်ဆုံးတွင် ကျောက်စိမ်းဆွဲပြား ကောက်ရလားဟု လာမေးသည့် မိန်းကလေးအား တွေးမိသွားသည်။

အဲ့အချိန်တုန်းက သူမ သတိရသ‌လောက် ထိုမိန်းကလေး၏ ခန္ဓာကိုယ်ဆီမှ အမွှေးနံ့ပြင်းပြင်းအား သူမ ရှူရှိုက်မိခဲ့သည်။ ဒါပေမဲ့ ထိုမိန်းကလေးက သူမကို ဘာကြောင့် ဒုက္ခပေးချင်ရတာလဲ……

သူတို့တစ်ယောက်ကို တစ်ယောက်တောင် မသိကြပဲနဲ့။

“ရှန်းယောင်” ကျီကျောက်သည် စိုးရိမ်တကြီး ထရပ်လိုက်သည်။ “ရှန်းယောင်ကို ဒုက္ခပေးချင်တဲ့ နောက်ထပ် လူတစ်စု ရှိနေသေးတာလား”

သူမ အဆိပ်မိထားတာကိုသာသိရင် ရှန်းယောင် သေချာပေါက် စိုးရိမ်နေမည်ဖြစ်သည်။

ရှန်းယောင်သာ စိတ်ရှုပ်သွားသည်နှင့် တစ်ပြိုင်နက် တော်ဝင်စာမေးပွဲမှာ သူ အမှတ်ကောင်းတွေ ဘယ်လိုရနိုင်ပါတော့မလဲ။

“ငါ ဟိုးအရင်ထဲက မင်းကိုပြောခဲ့တယ်…. ရှန်းယောင်ရဲ့ ကံကြမ္မာက အတော်လေးကို အန္တရာယ်ရှိပါတယ်လို့… မင်း သူ့အနားမှသာ ဆက်နေရင် ဒီလို အန္တရာယ်မျိုး မကြာခဏ ကြုံနေရမှာပဲ” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား ရှုပ်ထွေးစွာကြည့်ရင်း ပြောသည်။ “တပည့်မိုက် အခုလည်း နောက်မကျသေးခင် ထွက်သွားကြရအောင်”

“ဆရာ….. တပည့်ကို အဆိပ်အမျိုးအစား ခွဲခြားနည်း သင်ပေးနိုင်မလားဟင်” ကျီကျောက်သည် သူ ဘာကို ပြောချင်သည်အား မသိချင်ယောင်ဆောင်လိုက်ကာ အလေးအနက် တောင်းဆိုသည်။ “ဆေးနဲ့ အဆိပ်ဆိုတာ ခွဲခြားလို့ မရဘူးမလား… တပည့်ကို သင်ပေးလို့ရမလားဟင်”

“မင်း တကယ်သင်ချင်တာလား….”

“အွန်း”

“ငါတော့ မင်းတစ်ယောက်ကို ဘာလုပ်ရမယ် မသိတော့ဘူး” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား ဒေါသတကြီး စိုက်ကြည့်သည်။

ထို့နောက် သူသည် စာအုပ်တစ်အုပ်ကို ယူလိုက်ကာ သူမအား လှမ်းပေးသည်။ “လ၀က်အတွင်း ဒီစာအုပ်ထဲက စာလုံးတွေကို ကျက်ထား….. ဆရာ မင်းကို အဆိပ် အမျိုးအစား ဘယ်လိုခွဲရမယ်ဆိုတာ သင်ကြားပေးမယ်”

“ကျေးဇူးပါ ဆရာ” ကျီကျောက်သည် အလွန်အမင်း ၀မ်းမြောက်လျက် ရတနာသေတ္တာအား ရလိုက်သကဲ့သို့ စာအုပ်အား ရင်ဝယ်ပိုက်ထားလိုက်သည်။

တစ်ဖက်တွင်တော့….

လုဟုန်ရှန်သည် အဆိပ်ခတ်ရာတွင် အောင်မြင်ပြီးနောက် လုအိမ်ခြံ၀င်းတွင်းသို့ စိတ်အခြေအနေကောင်းဖြင့် ပြန်လာသည်။ “တို့ မင်းကို ရှာခိုင်းထားတဲ့ အချက်အလက်တွေ ရှာထားပြီးပြီလား”

“ဟုတ်ကဲ့” ရှဲ့အာသည် အလျင်အမြန် ခေါင်းညိမ့်ပြလာသည်။ “အဲဒီသခင်လေးရဲ့ မျိုးရိုးနာမည်က ရှန်းဖြစ်ပြီး သူ့နာမည်က ယောင်ပါ… သူက တင်းယွမ်ကောင်တီကနေ လာတာ ဖြစ်ပြီး ချင်မိသားစုက အကြီး‌ဆုံးသား ချင်မင်ဟုန်နဲ့ သူငယ်ချင်းတွေပါ မမလေး”

“ရှန်းယောင်တဲ့လား…. နာမည်ကောင်းပဲ” လုဟုန်ရှန်သည် ရှဲ့အာဆီမှ ငှက်သိုက်စွပ်ပြုတ်အား ဖြေးညင်းစွာ ယူလိုက်ကာ ပြုံးသည်။

“တို့ အဲ့လူကို ပိုင်ဆိုင်ချင်တယ်”

“ဒါပေမယ့် သခင်မလေး ဒီသခင်လေးရှန်းက သခင်လေးချင်နဲ့ သူငယ်ချင်းတွေနော်….”

“အဲ့တော့ ဘာဖြစ်လဲ” လုဟုန်ရှန်သည် အမှုမထားသလို ပြုံးလိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသည့် မက်မွန်ပွင့် မျက်လုံးများမှာ စိတ်ပိုင်းဖြတ်မှုဖြင့် တောက်ပနေသည်။ “ငါ ရွေးချယ်တာကို ခံရတာ သူ့ရဲ့ ကံကောင်းမှုပဲလေ”

***

All Chapters