နူးညံ့သိမ်မွေ့လှသည့် ဓားတစ်စင်း
Vol. 21 Ch. 305
ယင်ချွမ်စားသောက်ဆိုင်_
ကျီကျောက်သည် ဆေးကြိုလျက် ရှိနေပေသည်။
“မင်း ကိုယ်ထဲက အဆိပ်တွေကို အရှင်းပျောက်ချင်ရင် ဆေးဖက်၀င်ပစ္စည်းတွေနဲ့ စီမံထားတဲ့ ချိုးရေထဲ ၀င်စိမ်ဖို့ လိုအပ်တယ်”
“ဆရာ…. အဲ့ဒီအဆိပ်က ပန်း၀တ်မှုန်အဆိပ်လို့ ပြောလိုက်တယ်မလားဟင်” ကျီကျောက်သည် မျက်မှောင်ကြုတ်ကာ သိချင်စိတ်ဖြင့် မေးသည်။ “ပန်း၀တ်မှုန်အဆိပ်က ဘယ်လိုအဆိပ်မျိုးလဲ ဆရာ”
“အဟွတ် အဟွတ်” နတ်ဆေးသမားတော် ရှန်းဟယ် မျက်၀န်းထဲ၌ မသက်မသာဖြစ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ “ဒီလိုပြောရမှာ ရှက်မိပေမဲ့…. အဲ့ဒီပန်း၀တ်မှုန်အဆိပ်က ဆရာကိုယ်တိုင် ဖော်စပ်ထားတာပဲ….”
“အာ……” ကျီကျောက် မျက်လုံးများမှာ မယုံနိုင်မှုများဖြင့် ပြူးကျယ်လာသည်။
“ဆရာ ငယ်ငယ်တုန်းက ဆေးပညာရပ်ကို လေ့လာသင်ယူခဲ့ပြီး နောက်ပိုင်းမှာ အဆိပ်ဖော်စပ်ရတာက ပိုစိတ်၀င်စားဖို့ ကောင်းတယ်ဆိုတာ သိလိုက်ရတယ်လေ…. ဆရာ့ရဲ့ အားလပ်ချိန်တိုင်းမှာ အဆိပ်တချို့ ဖော်စပ်ခဲ့ပြီး… အဲ့ထဲကမှ ပန်း၀တ်မှုန်အဆိပ်ကလည်း တစ်ခု အပါအ၀င်ပေါ့”
နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့မုတ်ဆိတ်များအား ပွတ်သပ်နေရင်း သူ့မျက်၀န်းထဲ၌ ကူကယ်ရာမဲ့နေသည့် အရိပ်အယောင် အပြည့်ဖြင့် ပြောသည်။
“ဒါက…. ဆရာ မထင်ထားတာက တပည့်မိုက် မင်းက ဒီလိုအဆိပ်မျိုး မိလာလိမ့်မယ်လို့လေ”
“တပည့် အရမ်း တုံးအမိပါတယ်” ကျီကျောက်သည် စိတ်ထိခိုက်စွာ မျက်တောင်ခတ်လိုက်သည်။ “ဒါပေမယ့် ဆရာ…. ဆရာက ဒီပန်းဝတ်မှုန်အဆိပ်ကို လုပ်ခဲ့တာဆိုတော့ ဒီအဆိပ်ဘယ်သူ့လက်ထဲမှာ ရှိနေတယ်ဆိုတာ သိတယ်မလား”
ကျီကျောက်၏ မျှော်လင့်တကြီး အကြည့်အား ရင်ဆိုင်ပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် ကူရာမဲ့စွာဖြင့် သူ့ခေါင်းအား ခါယမ်းလိုက်သည်။ “ဆရာက ဒီပန်း၀တ်မှုန်အဆိပ်ကို သာမန်ကာလျှံကာပဲ ပြုလုပ်ခဲ့တာ…. နောက်တော့ ငွေနည်းနည်းလိုတာနဲ့ အဆိပ်ဖော်စပ်နည်းကို ရောင်းချလိုက်တယ်”
“ဒါပေမဲ့ ချစ်တပည့်လေး စိတ်မပူနေပါနဲ့… မင်း နက်နက်ရှိုင်းရှိုင်း အဆိပ်မိသွားတာ မဟုတ်ဘူး… ပြီးတော့လည်း မင်းသွေးကြောထဲက အဆိပ်တွေကို အပ်စိုက်ကုထုံးနဲ့ ဖြေထားပြီးပြီ။ ခဏနေရင် ငါ ပေးထားတဲ့ ဆေးညွှန်းအတိုင်း ဆေးသစ်ဥသစ်ဖုတွေနဲ့ ဆယ့်ငါးမိနစ်လောက် ရေစိမ်နေလိုက် သေချာပေါက် အသက်အန္တရာယ်ကင်းတာမို့ စိတ်ချရပါတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့ရင်ဘတ်အား ပုတ်ကာ ကတိပေးလေသည်။
“ကောင်းပါပြီ” ကျီကျောက်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် သာမန်ကာလျှံကာ မေးလိုက်သည်။ “ဆရာ….. တပည့်ကိုလည်း အဲ့ဒီပန်း၀တ်မှုန်ရနံ့ အဆိပ် နဲနဲလောက် ပေးလို့ ရမလားဟင်”
“ဘာအတွက် လိုလို့လဲကွယ့်”
“သေချာပေါက် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပေးဆပ်ရမယ်လေ” ကျီကျောက်သည် အပြုံးလေးဖြင့် ပြောသည်။
နေ၀င်လုနီးနီးအချိန်ခိုက်တွင် စာမေးပွဲခန်းမ တံခါးမှာ နောက်ဆုံးတော့ ပွင့်လာခဲ့သည်။
ဖြေဆိုပြီးသူများသည် ခန်းမထဲမှ အစဉ်လိုက် ထွက်လာကြပေမဲ့ လူတိုင်းရဲ့ အမူအရာမှာ ခြားနားလို့ နေသည်။ တချို့က အပြုံးပန်းများ ဝေဆာလို့ ပြုံးပျော်နေကြသလို တချို့ကတော့ မျက်မှောင်ကြုတ်နေကြသည်။
ခန်းမတံခါးအပြင်ဖက်၌ ရပ်စောင့်နေသည့် ကျီကျောက်သည် ရုတ်တရက် လူအုပ်ထဲတွင် မတ်တပ်ရပ်နေသည့် ရှန်းယောင်အား လှမ်းမြင်လိုက်သဖြင့် ပြုံးလိုက်မိကာ သူမ၏ မျက်လုံးထဲမှ ဂုဏ်ယူရိပ်များ သန်းနေသည်။
ထိုအချိန်တွင် ရှန်းယောင်သည် ကျီကျောက်၏ မျက်နှာပေါ်မှ တောက်ပသည့်အပြုံးအား မြင်၍ ရုတ်ခြည်းပင် ခြေလှမ်းကျဲကြီးများ လှမ်းလျှောက်ကာဖြင့် အလျင်အမြန် ချဉ်းကပ်လာသည်။
သို့ပေမယ့် မဖိတ်ခေါ်ထားသည့် ဧည့်သည်တစ်ယောက်သည် ရှန်းယောင်နှင့် ကျီကျောက်တို့ ကြားသို့ ဝင်၍ ပိတ်ဆို့လိုက်သည်။
ကျီကျောက်သည် ကျောက်စိမ်းရောင် ကျက်သရေရှိလှသည့် ပုံရိပ်အား မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒီပုံရိပ်က အရမ်းရင်းနှီးနေသလိုပဲ။
“သခင်လေးရှန်း” လုဟုန်ရှန်သည် ရှန်းယောင်အား ရဲရဲရင့်ရင့် ဟန့်တားလိုက်သည်။ “ကျွန်မက လုဟုန်ရှန်ပါ…. ယွင်ချွမ်အထွေထွေတရားသူကြီးမင်း လုမင်ရဲ့ သမီးပါ။”
ရှန်းယောင်သည် မျက်မှောင်ကြုတ်လိုက်ကာ အမူအရာကင်းမဲ့စွာဖြင့် သူမအား ဖြတ်လျှောက်သွားသည်။ အစမှ အဆုံးထိ သူသည် သူမအား မကြည့်ခဲ့ပေ။
“သခင်လေးရှန်း ကျွန်မရဲ့ အစေခံက ဒီမနက် ရှောက်မိသားစု ဖက်ထုပ်ဆိုင်ရှေ့မှာ ရှင့်ကို အမှားပြုခဲ့မိတာကြောင့် ကျွန်မက အထူးလာရောက်ပြီး တောင်းပန်တာပါ” လုဟုန်ရှန်သည် စိတ်ထိခိုက်သလို ရှင်းပြလာသည်။
မျက်ရည်များ ဝဲနေသည့် မျက်လုံးလေးများနှင့် လှပကျော့ရှင်းလှသည့် မိန်းမပျိုလေးသည် အခြားသူများ၏ သနားဂရုဏာအား ဆွဲဆောင်နိုင်ပေသည်။
“မင်းမိသားစုရဲ့ လေ့ကျင့်သင်ကြားပေးမှုက ထင်သလောက် မကောင်းဘူးပဲ” ရှန်းယောင်သည် မထူးခြားနားစွာ ပြန်ဖြေလာသည်။ သူ့စကားလုံးများထဲတွင် ထေ့ငေါ့မှုများမှာ အထင်းသားပင်။
လုအိမ်တော်ရဲ့ အစေခံအမျိုးသမီးက သူ့ဆီမှ တစ်စုံတစ်ခုအား အတင်းအကြပ် ၀ယ်ယူရန် ကြိုးပမ်းသည်မှာ လုံး၀ အကြောင်းအရင်း မခိုင်လုံပေ။
လုမိသားစုမှ မိန်းကလေးငယ်တစ်ယောက်က လူကြားထဲမှ လူစိမ်းတစ်ယောက်ရဲ့ လမ်းအား ပိတ်ဆို့သည်။ သူမမှာလည်း မိန်းမပျိုတစ်ယောက် ရှိရမည့် ပြောဆိုပြုမူပုံမျိုး မရှိနေပေ။
“သခင်လေးရှန်း စိတ်ဆိုးနေတုန်းပဲလားရှင့်” လုဟုန်ရှန်သည် သူ့အား သနားကြင်နာစဖွယ်ကောင်းစွာ ကြည့်လိုက်ရင်း သူမ၏ မျက်လုံးထောင့်မှ မျက်ရည်မှာ တိတ်တဆိတ် ကျဆင်းသွားသည်။ “ဒါတွေအားလုံးက သေချာ မကြပ်မတ်မိဘဲ ရှင့်ကို အပြစ်ပြုစေခဲ့တဲ့ ကျွန်မရဲ့ အမှားတွေပါ။ ကျွန်မ တောင်းပန်တဲ့အနေနဲ့ သခင်လေးကို လက်ဖက်ရည်တစ်ခွက်လောက် တည်ခင်းဧည့်ခံပါရစေရှင့်… သခင်လေး ကျွန်မကို အသိအမှတ်ပြုပေးနိုင်မလား မသိဘူး။”
“မလိုပါဘူးဗျ”
“ဒီအတန်းဖော်ကတော့…. အလှလေးတစ်ယောက် ဖိတ်ခေါ်တာကို ဘယ်လိုတောင် မလျော်ကန်ရတာလဲဟေ့”
“ဟုတ်ပါ့ ဟုတ်ပါ့ မမလေးလုက တောင်းပန်ချင်ရုံပဲမလား။ ဘာလို့ မင်းက အလျှော့မပေးချင်သေးတာလဲ”
မကြာခင်ပင် အနားရှိလူများက စတင် ဆွေးနွေးကြသည်။
ရှန်းယောင်၏ မျက်နှာမှာ တင်းမာလာပြီး သူ့အကြည့်များက အေးစက်လာသည်။
မနီးမဝေးမှာ မတ်တပ်ရပ်နေသည့် ကျီကျောက်သည် ဒီမြင်ကွင်းအား လက်ပိုက်လျက် စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။ သူမ၏ မျက်နှာပေါ်မှ အမူအရာမှာ စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။
လောကကြီးက အားနည်းတဲ့သူတွေကို အမြဲဂရုဏာသက်ကြသည်။ သူတို့က အခြေအနေ တစ်ရပ်လုံးကို နားမလည်ခဲ့ရင်တောင် အခြားသူတွေရဲ့ အကျင့်စရိုက်ကို အကဲဖြတ်ဖို့ သူတို့ မရပ်တန့်ကြပေ။
“ကျောက်ကျောက် ဒီကိုလာ”
အစကနေ အဆုံးထိ ရှန်းယောင်၏ အကြည့်သည် ကျီကျောက်၏ မျက်နှာပေါ်တွင်သာ ကပ်တွယ်နေပေသည်။ သူမ၏ မျက်နှာမှ အပြုံးအား မြင်လိုက်သဖြင့် သူမအား အကူအညီတောင်းရန် ကြည့်လိုက်မိသည်။
“အယ် မမလေး... ကျွန်မ ယောကျာ်းကို သိနေတာလားရှင့်” ကျီကျောက်သည် သူတို့နှစ်ဦးကြားသို့ ကျက်သရေရှိသည့် အပြုံးလေးဖြင့် လျှောက်လာရင်း တမင်တကာ “ယောက်ျား” ဆိုတဲ့ စကားလုံးအား အသားပေးပြောဆိုလိုက်သည်။
“ရှင်…..” လုဟုန်ရှန်တစ်ယောက် ဒီအမျိုးသမီး အဆင်ပြေနေမယ်လို့ မမျှော်လင့်ထားပေ။ ကျိန်းသေပေါက် သူမ ပန်း၀တ်မှုန်ရနံ့အဆိပ်ကို အသုံးပြုခဲ့တယ်မဟုတ်လား။
“ဆိုတော့….. အစ်မကြီးက အစ်ကိုရှန်းရဲ့ ဇနီးလားရှင့်” လုဟုန်ရှန်သည် အံ့ဩသွားသလို ဟန်ဆောင်ကာ ပြုံးလိုက်သည်။
“ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးကြပဲနဲ့ အစ်ကိုရှန်းလို့ မခေါ်သင့်ပါဘူးဗျ” ရှန်းယောင်သည် မျက်မှောင်ကြုတ်ကာ တင်းမာသောအသံဖြင့် ပြောသည်။
လုဟုန်ရှန် တစ်ဆို့သွားသည်။ သူမကိုယ်သူမ မိတ်ဆက်ခဲ့ပြီးပေမဲ့ ရှန်းယောင်က မျက်နှာသာ မပေးသေးဘူးပဲ… ဒီလူက တကယ့်ကို စိတ်၀င်စားစရာ ကောင်းတာပဲ။
“အချစ်ရေ ဘာတွေဖြစ်နေတာလဲဟင်” ကျီကျောက်သည် ရှန်းယောင်၏ ၀တ်ရုံစ အစွန်းအား ညင်သာစွာ ဆွဲကာ မသိနားမလည်ယောင်ဆောင်၍ အပြုံးလေးဖြင့် မေးသည်။
ရှန်းယောင်သည် ကူကယ်ရာမဲ့စွာ ပြုံးလျက် ဒီမနက် ရှောက်မိသားစုဖက်ထုပ်ဆိုင်မှာ ဘာတွေဖြစ်ခဲ့သည်ဆိုသည်အား ညင်သာစွာ ရှင်းပြလာသည်။
“ဒါဆို…. ဒီလိုတွေ ဖြစ်ခဲ့တာပေါ့နော်” ကျီကျောက်သည် သဘောပေါက်သွားကာ ပြုံးလိုက်သည်။ သူမသည် တစ်ဖက်သို့ လှည့်ကာ လုဟုန်ရှန်အား ပြုံးပြသည်။ “မမလေးလု…. အနာဂတ်မှာ အစေခံတွေကို ကောင်းကောင်းလေး သင်ပြထားသင့်တယ်နော်။ ကံကောင်းလို့ပေါ့ ကျွန်မယောက်ျားက စိတ်သဘောထားကောင်းတဲ့သူမလို့….. အဲ့နေရာမှာ အခြားယောကျာ်းတစ်ယောက်သာဆို မမလေးရဲ့ အစေခံကို သေတဲ့အထိ လည်ပင်းညှစ်သတ်လောက်တယ်နော်… ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ရှင် ဘယ်မိသားစုကောင်းက အစေခံအမျိုးသမီးတစ်ယောက်က ယောက်ျားတစ်ယောက်ရဲ့ ၀တ်ရုံလက်ကို အတင်းလှမ်းဆွဲမှာလဲရှင်…. ဆောင်ကြာမြိုင်က ကချေသည်လဲ မဟုတ်ပဲနဲ့လေနော်”
ကျီကျောက်၏ လေသံမှာ အလွန်တရာ ညင်သာပျော့ပျောင်းပေမဲ့ သူမ ပြောဆိုသည့် စကားလုံးတိုင်းမှာ ဓားတစ်စင်းလို ထက်ရှနေပေသည်။
“အမျိုးသမီးရှန်း….. ရှင် အထင်မှားနေ….” လုဟုန်ရှန်သည် သူမ၏ လက်အား ၀တ်ရုံလက်ထဲ၌ တင်းတင်းဆုပ်ထားမိပေမဲ့ စိတ်ထိခိုက်ကာ ဂရုဏာသက်ချင်စဖွယ်ကောင်းပုံပေါ်နေသေးသည်။
“အထင်မှားတာ…” ကျီကျောက်သည် သူမ၏ လက်အား ဝေ့ယမ်းပြသည်။ “မမလေးလု…. ကျွန်မအထင် မမလေး အထင်မှားနေတာထင်တယ်…. ကျွန်မ မမလေးကို အထင်မလွဲပါဘူး… ကျွန်မယောကျာ်းကို ကျွန်မ ယုံကြည်တယ်လေ…. သူက လူကြီးလူကောင်းတစ်ယောက် အားနည်းတဲ့သူတွေကို အနိုင်ကျင့်တာမျိုး သေချာပေါက် လုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် ကျွန်မယောကျာ်းက သဘောထားကြီးတဲ့သူပါ။ မမလေး တောင်းပန်တာကို သူ့ကိုယ်စား ကျွန်မက လက်ခံပါတယ်ရှင့်။ ဒါပေမယ့်လေ မမလေး လမ်းဖယ်ပေးလို့ ရမလားဟင်… မမလေး ကျွန်မတို့ အိမ်ပြန်လမ်းကို ပိတ်ဆို့နေလို့လေ”
ကျီကျောက်သည် ရုတ်တရက် ခြေဖျားထောက်လိုက်ကာ ရှန်းယောင်၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ “ယောကျာ်း….. စီရင်စုမြို့တော်က မိန်းကလေးတွေက အရမ်းအတင့်မရဲလွန်းကြဘူးလားဟင်… သူတို့က ကျွန်မလောက် ကြည့်မကောင်းတာက ထားပါတော့။ သူတို့က စိတ်မှန်တဲ့ပုံလည်း မပေါ်ဘူးနော်… မျိုးရိုးမြင့်မိသားစုတွေက မိန်းကလေးတွေဆိုတာ အိမ်မှာပဲ နေကြပြီး သူတို့မျက်နှာကို မပြရဲကြတဲ့ အရှက်ကြောက်ကြီးတဲ့သူတွေ မဟုတ်ကြဘူးလားဟင်…. ဘယ်လိုများ လမ်းတကာမှာ ယောကျာ်းတွေကို တားမြစ်ရဲရတာပါလိမ့်နော်…. တကယ့်ကို ထူးဆန်းတာပါပဲရှင်”
ကျီကျောက်သည် သူမ၏ အသံအား တမင်တကာ တိုး၍ ပြောလိုက်သော်ငြား စကားလုံးတိုင်းကို လုဟုန်ရှန်တစ်ယောက် ကြားနေရသည်။ ထိုအချိန်၌ သူမ၏ မျက်နှာအမူအရာမှာ ပို၍ပင် အရုပ်ဆိုးလာသည်။
“ယောကျာ်း… စားသောက်ဆိုင်ကို ပြန်ကြရအောင်လေ” ကျီကျောက်သည် သူ့လက်မောင်းအား လှုပ်လိုက်ကာ တောက်ပသည့် အပြုံးလေးဖြင့် ပြောသည်။ “ကျွန်မ ရှင် ချက်ကျွေးတဲ့ ခေါက်ဆွဲကို စားချင်နေပြီ”
“ကောင်းပါပြီဗျ”
ထိုအချိန်ခိုက်တွင် လုဟုန်ရှန်သည် သူမ၏ နှလုံးသားအောက်ခြေမှ အမည်မသိ ဒေါသလှိုင်းလုံး မြင့်တက်လာသည်အား ခံစားလိုက်ရသည်။
သူမ လုအိမ်တော်သို့ ပြန်ရောက်ချိန်တွင် အလွန်ဒေါသထွက်စွာဖြင့် အဆင့်မြင့် လက်ဖက်ရည်အိုး တစ်စုံအား ပစ်ပေါက်ကာ ခွဲလိုက်သည်။ ထို့နောက် သူမသည် သံဆူးအပြည့်ဖြင့် ကြာပွတ်အား ကောက်ယူကာ ရှဲ့အာအား ရက်ရက်စက်စက် ရိုက်နှက်သည်။ ရှဲ့အာ၏ ငိုယိုအော်ဟစ်သံအား နားထောင်ပြီးနောက်မှ လုဟုန်ရှန် နေထိုင်လို့ကောင်းသွားသည်။
***