← Chapters

အံ့ဩဖွယ်ကောင်းတဲ့ ညလေးဖြစ်တော့မှာပဲ။

Vol. 21 Ch. 306

အံ့ဩဖွယ်ကောင်းတဲ့ ညလေးဖြစ်တော့မှာပဲ။

Vol. 21 Ch. 306

ရှန်းယောင်သည် စားသောက်ဆိုင်သို့ ပြန်ရောက်သည့်အခါ ကျီကျောက် အဆိပ်မိသည်အား ကြားလိုက်ရသဖြင့် အမျက်ချောင်းချောင်း ထွက်သည်။

“ကျောက်ကျောက် ကိုယ့်အမှားတွေပါကွာ…” ရှန်းယောင်သည် သူ့ကိုယ်သူ အပြစ်တင်မှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူမအား ကြည့်လိုက်သည်။

“အရူးလေး” ကျီကျောက်သည် သူ့လက်မောင်းထဲသို့ တိုးဝှေ့လိုက်ကာ သူ့လည်ပင်းအား ပွတ်သီးပွတ်သပ်လုပ်ကာ အပြုံးလေးဖြင့် ပြောသည်။ “ဒါက ကျွန်မက သူများတွေထက် ပိုပြီး ခင်ပွန်းလောင်း ရွေးချယ်တဲ့နေရာမှာ အမြင်ပိုရှိတယ်ဆိုတဲ့ သက်သေပဲ မဟုတ်လား”

ထိုစကားကြားပြီးနောက် ရှန်းယောင်သည် မျက်ရည်များထွက်မတတ် ရယ်လိုက်မိသည်။ “ကျောက်ကျောက် မင်းကွာ…..”

“ကျွန်မယောက်ျားက ပြိုင်ဖက်ကင်းအောင် ချောမောခန့်ညားပြီးတော့ အကျင့်စရိုက်ကလဲ တောင်ပေါ်က ပန်းလေးတစ်ပွင့်လိုဆိုမှတော့ ပျားရိုင်းလေးတွေ လိပ်ပြာလေးတွေကို ဆွဲဆောင်နိုင်တာ မထူးဆန်းပါဘူးရှင်” ကျီကျောက်သည် သူ့နှာခေါင်းထိပ်လေးအား တို့ထိလိုက်ကာ သူမ၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ပင် တောက်ပလာသည်။

“မစိုးရိမ်ပါနဲ့ မမလေးလုက ကျွန်မကို ရန်စမှတော့ သူ့လဲ အချိန်ကောင်း ဖြတ်သန်းရမှာ မဟုတ်ပါဘူးနော်” ကျီကျောက်သည် ခဏလောက် စဉ်းစားလိုက်ပြီး သူ့နားထဲသို့ တီးတိုးပြောလာသည်။

ထို့နောက်မှသာလျှင် ရှန်းယောင် နားလည်တော့သည်။ “စာမေးပွဲခန်းမအပြင်ဖက်မှာ မင်း သူ့ကို ဒီလောက် ပြောလိုက်တာ အံ့ဩစရာ မရှိတော့ဘူးပဲ။”

“အွန်း….” ကျီကျောက်သည် ဘ၀င်ခိုက်စွာဖြင့် သူမ၏ မျက်ခုံးလေးအား ပင့်လိုက်သည်။

“တစ်ယောက်ယောက်က ကိုယ့်ကို ထိခိုက်စေပြီး ကိုယ့်ယောက်ျားကိုပါ လုယူချင်နေတာကို ဘာမှမလုပ်ပဲနေရအောင် ကျွန်မ အဲ့လောက် မတုံးအသေးပါဘူးနော်…. ဆရာက ပန်း၀တ်မှုန်ရနံ့အဆိပ်ကို အဆင့်မြင့် ထပ်မြှင့်ပေးပြီး ကျွန်မကို ပေးလိုက်တယ်လေ… ဒီညတော့ မမလေးလုအတွက် အံ့ဖွယ်ညလေး တစ်ည ဖြစ်တော့မှာပါပဲရှင်”

“ဒါပေမယ့် နောက်ထပ် အမြင်တစ်ခုနဲ့ ကြည့်ရင်တော့….” ကျီကျောက်သည် သူ့အင်္ကျီလည်ပင်းစအား သူမ၏ လက်သန်းလေးဖြင့် ချိတ်ဆွဲလိုက်ကာ စိတ်အားထက်သန်စွာ ကြည့်လာသည်။ “ရှင့်အမြင် ကျွန်မက အရမ်းရက်စက်နေလားဟင်….”

“ကိုယ့်ကျောက်ကျောက်လေးက အရမ်းကြင်နာတတ်တာပါနော်” ရှန်းယောင်သည် ပြုံးရင်း သူ့မျက်လုံးအား ကျဉ်းမြောင်းလိုက်သည်။ “ကိုယ့်အတွက်တော့လေ…. ကျောက်ကျောက်ကို ထိခိုက်စေ‌တဲ့ ဘယ်သူမဆို‌ သေသင့်တယ်”

ညဉ့်နက်လာသည်နှင့်အမျှ သစ်ပင်အရိပ်များမှာ လရောင်နဲ့အတူ ကခုန်ယိမ်းနေကြသည်။

နူးညံ့သည့်မွေ့ယာပေါ်၌ လဲလျောင်းနေသည့် လုဟုန်ရှန်သည် အိပ်ရာထောင့်တွင် နာကျင်မှုကြောင့် တွန့်လိမ်နေသည်။

သူမ၏ တစ်ကိုယ်လုံးမှာ အနီကွက်များဖြင့် ပြည့်နေပြီး အလွန်ယားယံနေသည်။ သူမ၏ အရေပြားပေါ်တွင် ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်များ ပြေးလွှားနေကြကာ တစ်ကိုက်ချင်းစီ ကိုက်နေကြသလို ခံစားရသည်။

ထိုအချိန်ခိုက်တွင် လုဟုန်ရှန်တစ်ယောက် ရူးသွပ်နေသည့်အလား သူမ၏ လက်မောင်းများ လည်ပင်းများနှင့် ပါးများအား ဆက်တိုက် ကုတ်ခြစ်နေခဲ့သည်။

သူမ၏ လက်သည်းရှည်များမှာ သူမ၏ အရေပြားထဲသို့ စိုက်၀င်သွားသည့် အခါမှာတော့ လုဟုန်ရှန် အသည်းခိုက်အောင် ခံစားရသဖြင့် အော်ခေါ်လိုက်သည်။

“တစ်ယောက်ယောက် လာကြစမ်း”

ညသန်းခေါင်ချိန်တွင် လုအိမ်တော်၏ သမားတော်သည် သူမ၏ သွေးခုန်နှုန်းအား ဂရုတစိုက် စမ်းသပ်ပြီးနောက် ပြောသည်။

“အကြီးဆုံး သခင်မလေး…. ပန်း၀တ်မှုန်အဆိပ် မိထားတာပဲဗျ”

“မြန်မြန် တို့ကို အဆိပ်ဖြေဖို့ နည်းလမ်း ရှာလေ”

“ကောင်းပါပြီ‌ဗျ….” သမားတော်သည် ကသိကအောက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ရှင် ဘာလို့ တုန့်ဆိုင်းနေပြီး ပါးစပ်ပိတ်နေရတာလဲ…. ရှင် စကားမပြောနိုင်ဘူးဆိုရင်လည်း ရှင့်လျှာကို ဆက်ထားနေဖို့ လိုသေးလို့လား”

လုဟုန်ရှန်သည်‌ ဒေါသတကြီး ဆဲဆိုလိုက်သည်။

“အကြီးဆုံး သခင်မလေး စိတ်အေးအေးထားပါ… အခုပဲ ကျွန်တော် ဆေးညွှန်း ရေးနေတာပါဗျ။ ဆေးမြစ်တွေနဲ့ ရေချိုးပြီးသွားရင်တော့ မမလေးကိုယ်က ယားယံတာတွေ ထပ်ပြီး ခံစားရတော့မှာမဟုတ်ပါဘူး”

“သွားသွား မြန်မြန် လုပ်ချေ”

အာရုဏ်တက်ချိန်မရောက်ခင်မှာပဲ ဆေးမြစ်တွေနဲ့ ရေနှစ်ခေါက် ချိုးပြီးသွားသည့် နောက်ဆုံးတွင် လုဟုန်ရှန်တစ်ယောက် သူမ၏ ခန္ဓာကိုယ်မှ ယားယံမှုတွေ မရှိတော့သလို ခံစားရသည်။

သို့ပေမယ့် သူမ၏ လက်မောင်းပေါ်မှ အမာရွတ်များမှာ ထိတ်လန့်ဖွယ်ရာ ကျန်ရှိနေသေးသည်။

“မမလေး…..” ရှဲ့အာသည် ဆေးကြိုပြီးနောက် သူမ၏ နံဘေးသို့ တုန်တုန်ရီရီဖြင့် လျှောက်လာသည်။ “ဆေး…. ဆေး သောက်လို့ ရပါပြီရှင့်”

လုဟုန်ရှန် ထိုဆေးပန်းကန်အား လှမ်းယူလိုက်ချင်းမှာပဲ သူမ၏ လက်ချောင်းများအား အပူဟပ်သွားသဖြင့် လက်ရုတ်လိုက်သည်။

“အယုတ်တမာမ”

လုဟုန်ရှန်သည် ဒေါသတကြီးဖြင့် ဆေးပန်းကန်လုံးအား ပစ်ပေါက်ခွဲလိုက်သည်။ ရှဲ့အာ၏ မျက်နှာပေါ်သို့ ပွက်ပွက်ဆူနေသည့် ဆေးရည်များ စင်ကုန်သဖြင့် သူမအား နာကျင်မှုကြောင့် ရှုံ့မဲ့သွားစေသည်။

လုဟုန်ရှန်နှင့် ယှဉ်ပါက ကျီကျောက်သည် အရုဏ်တက်ချိန်အထိ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

ကျွီ*

ရှန်းယောင်တစ်ယောက် တံခါးဖွင့်ကာ ၀င်လာချင်းမှာပင် ကျီကျောက်၏ ငိုက်မြည်းနေသေးသည့် အမူအရာအား မြင်လိုက်ရသည်။

“ကျောက်ကျောက် နိုးနေပြီလား”

“ဒီနေ့လဲ စာမေးပွဲရှိတယ်မလား…. ရှင် ဘာလို့ အစောကြီး ထပြန်တာလဲ” ကျီကျောက်သည် သမ်းဝေလိုက်ရင်း ပြောသည်။

သူမ မှတ်မိရသလောက် ခရိုင်အဆင့် တော်ဝင်စာမေးပွဲသည် ရှစ်လပိုင်း ကိုးရက်နေ့၊ ဆယ့်နှစ်ရက်နေ့နှင့် ဆယ့်ငါးရက်နေ့ဆိုပြီး အသီးသီး အပိုင်း သုံးပိုင်း ခွဲခြားထားပေသည်။

“မနေ့က မင်းလေးပဲ ရိုးရိုးခေါက်ဆွဲ တစ်ပွဲ စားချင်ပါတယ်ဆိုပြီး မပြောခဲ့ဘူးလား” ရှန်းယောင်သည် သစ်သားရောင်ကော်ဖီ စားပွဲခုံ၏ ဘေးအစွန်ဖက်တွင် မဟော်ဂနီရောင်လင်ဗန်း တစ်ခုအား ချလိုက်သည်။ ထို့နောက် သူသည် သူမဆီသို့ အပြုံးလေးဖြင့် လျှောက်လာကာ သူမ၏ ပါးပြင်လေးအား ညင်သာစွာ ပွတ်သပ်လိုက်ကာ ပြောသည်။

“မြန်မြန် မျက်နှာသစ် ဆေးကြောပြီး….. ခေါက်ဆွဲစားလိုက်တော့နော် ဟုတ်ပြီလား”

“ဟုတ်ပါပြီရှင့်” ကျီကျောက်သည် အိပ်ယာမှ ချက်ချင်းထလေသည်။

ရှန်းယောင်ကိုယ်တိုင် လုပ်ထားသည့် ခေါက်ဆွဲများမှာ နှင်းကဲ့သို့ ဖြူစွတ်ကာ ကြက်သွန်စိမ်းနံ့လေးဖြင့် သင်းသင်းလေး ဖြစ်သည်။

“ကြက်သွန်လေးတွေက မွှေးပြီး ခေါက်ဆွဲက မာမာလေးနော်…. ဟင်းရည်လေးကလဲ ကြည်လင်ပြီး ပူပူနွေးနွေးလေး။ စိတ်ပေါ့ပါးလန်းဆန်းနေစေရောရှင်”

ခေါက်ဆွဲလွတ်တစ်ပန်းကန်အား သုံးဆောင်ပြီးနောက် ကျီကျောက်သည် နှစ်ခြိုက်အားရစွာဖြင့် အကဲဖြတ်မှုအမှတ် ကောင်းကောင်းပေးလေတော့သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုအား တွေးလိုက်မိကာ အရှက်သည်းစွာဖြင့် ပြုံးလိုက်သည်။

“ဘာဖြစ်လို့လဲဟင်”

“ဘာမှ‌ ထွေထွေထူးထူး မဟုတ်ပါဘူး…. နည်းနည်း အရှက်သလို ခံစားရလို့ပါ” ကျီကျောက်သည် သူ့မျက်လုံးထဲသို့ စိုက်ကြည့်ကာ ပြုံးလိုက်မိသည်။

“ကျွန်မ ခံစားရတာက…. ကျွန်မကသာ ရှင့်ကို ဂရုစိုက်ပေးရမယ်လို့လေ…. အခုတော့ ရှင်ကချည်း ပြန်ဂရုစိုက်ပေးနေသလိုပဲ… စာမေးပွဲဖြေဆိုနေသူတစ်ယောက်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်တာ၀န်ကိုယ် မကျေပွန်သလိုဖြစ်နေလို့ပါ”

ရှန်းယောင်သည် သူမ၏ ပါးလေးအား ဆိတ်လိုက်ကာ သူ့မျက်လုံးထဲတွင် အချစ်များပြည့်နှက်လျက် နူးညံ့စွာပြုံးပြသည်။

“အရူးမလေး”

“ကျွန်မ မရူးပါဘူးနော်”

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကလူမြူနေကြစဉ်မှာပဲ နတ်ဆေးသမားတော် ရှန်းဟယ်က တံခါးခေါက်လာသည်။

ခဏအကြာတွင် ကျီကျောက်သည် အနည်းငယ် ပဟေဠိဖြစ်သွားသည်။

“ဆရာက…. ချင်အိမ်တော်ကို သွားဖို့ စီစဉ်နေတာလား”

“အင်း” နတ်ဆေးသမားတော် ရှန်းဟယ်သည် ခေါင်းအသာညိမ့်ပြရင်း သူ့မျက်၀န်းများအောက်ခြေ၌ မည်းမှောင်ကာ မရှင်းလင်းသည့် ခံစားချက်များအား ဖုံးကွယ်ထားသည်။ “လိုရင်းပဲပြောရမယ်ဆိုရင် မိတ်ဆွေဟောင်းတွေကို တွေ့ချိန်တန်ပြီ‌ပဲလေ”

“သူ့အဒေါ်က ယွင်ချွမ်မြို့အုပ်ချုပ်ရေးမှူးရဲ့ အစ်မအရင်းဖြစ်တယ်လို့ တပည့် အစ်ကိုချင်ဆီက ကြားခဲ့ဖူးတယ်” ကျီကျောက်သည် အနည်းငယ် အံ့အားသင့်သွားကာ ပြောသည်။ “ဆရာနဲ့ သခင်မကြီးချင်တို့က မိတ်ဆွေဟောင်းတွေဆိုတာ တကယ်ပဲပေါ့”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ထိုအကြောင်းအား ဆက်ပြောချင်ပုံမပေါ်ပေ။

“အထုပ်ပြင်ပြီး ချင်အိမ်တော်ကို ဆရာနဲ့ လိုက်ခဲ့ချေ”

“ဟုတ်ကဲ့ပါ ဆရာ”

ကျီကျောက်သည် နတ်ဆေးသမားတော် ရှန်းဟယ်နှင့်အတူ တောင်ဖက်ပိုင်းစီရင်စုရှိ ကျယ်၀န်းလှသည့် အိမ်၀င်းဆီသို့ အဖော်လိုက်သွားသည်။

အိမ်၀င်းအပေါက်၀ တစ်ဖက်စီရှိ ကျောက်သားခြင်္သေ့ရုပ်ထုကြီး နှစ်ကောင်မှာ အိမ်တော်အား ခမ်းနားထည်ဝါစေသည်။

အနီရောင်ဆေးသုတ်ထားသည့် သံတံခါးကြီးသည် လေးလံထိုင်းမှိုင်းသည့် အသံအား ပြုလျက် ဖြေးညှင်းစွာ ပွင့်လာသည်။

ကျီကျောက်သည် နတ်ဆေးသမားတော် ရှန်းဟယ် နောက်မှ ကျိုးနွံစွာ လိုက်သွားပြီးနောက် သစ်ခွပင်များဖြင့် ခြံရံထားသည့် အုတ်တံတိုင်းကြီးအား ပတ်ကြည့်ပြီးသည့်နောက် မျက်စိကျိန်းလောက်အောင် ထူးဆန်းသည့် ကျောက်ဆောင်ကျောက်သားများအား တွေ့လိုက်ရသည်။

ရှည်လျားလှသည့် သစ်သားစင်္ကြံလမ်းမှ အရှေ့ဖက်သို့ ဆယ့်ငါးမိနစ်ခန့်လောက် လျှောက်ပြီးချိန်တွင် သူတို့ ရပ်လိုက်ကြကာ လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သည့် ဘွန်ဇိုင်းပင်များအား တွေ့လိုက်ရသည်။

ဂန္ဓမာပန်းများ ပွင့်ရာ ဆောင်းဦးကာလ ကျရောက်နေပြီ ဖြစ်သည်။ ကျီကျောက်သည် သူမ စိတ်ထဲမှ ဂရုတစိုက် ရေကြည့်လိုက်ရာ အနည်းဆုံး ဂန္ဓမာပန်းပေါင်း အမျိုးတစ်ထောင် ရှိနေပေသည်။

အတွင်းခန်းတစ်ခန်းထဲ၀င်ပြီးသည့်နောက် လေထုထဲတွင် စန္ဒကူးနံ့လေးများဖြင့် သင်းကြိုင်နေပေသည်။

“ကိုကြီး…. ရောက်လာပြီပဲ”

ပန်းပွင့်ပုံအဆင်နှင့်အတူ ငှက်ကလေးများ၊ ငါးလေးများနှင့် ပိုးကောင်လေးများဖြင့် ဆေးရောင်ခြယ်ထားသည့် လိုက်ကာနောက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းရဲ့ ခေါင်းကိုက်ဝေဒနာက ပြန်ဖြစ်နေပြန်ပြီလို့ ကျုပ် ကြားမိတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် စိုးရိမ်သည့် လေသံဖြင့် မေးလာသည်။

“နှစ်ရှည်နေတဲ့ ဝေဒနာဟောင်းတစ်ခုပါပဲရှင်… ကိုကြီးကို ဒုက္ခပေးမိတာ တောင်းပန်ပါတယ်” လိုက်ကာနောက်မှ အသံမှာ အားနည်းလွန်းလှပေသည်။ “ဒါပေမယ့် ကိုကြီး လာပေးတာကိုပဲ ၀မ်းမြောက်မိပါတယ်”

“နာကြည်းမှုတွေ စုပုံလာတဲ့အခါ နာမကျန်းမှုအဖြစ် ပြောင်းလဲစေပြီး နှလုံးကို ပိတ်ဆို့နိုင်တယ်…. အချိန်တွေကြာလာရင် ဘယ်နတ်ဘုရားမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး” နတ်ဆေးသမားတော် ရှန်းဟယ်က ကူကယ်ရာမဲ့စွာဖြင့် ဖျောင်းဖျလာသည်။

“နှစ်တွေ ဒီလောက်ပဲ ကြာလာပြီ…. မင်း လွှတ်ချသင့်နေပါပြီ”

“ကိုကြီး….. ကျွန်မ ဘယ်တော့မှ လွှတ်မချနိုင်မှာကို စိုးရိမ်မိသားရှင်”

“ကျွန်မ သူပြန်လာမှာကို စောင့်နေခဲ့တာ နှစ်တွေ အများကြီး ကြာခဲ့ပြီ….” သခင်မကြီးချင်သည် ၀မ်းနည်းစွာ သက်ပြင်းချလိုက်သည်။

“ကျွန်မ ရောဂါကို စိတ်ပူစရာ မလိုပါဘူး… နှစ်ရက်အတွင်း သက်သာလာမှာပါရှင်”

“မင်းကိုယ်မင်း ဘာလုပ်နေတယ်ဆိုတာ သိနေမှတော့…. ကျုပ် မင်းကို မနှောင့်ယှက်တော့ပါဘူး” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ မပြန်ခင်မှာ ကျီကျောက်အား ညွှန်ပြကာ ပြောခဲ့သည်။

“ဒီမိန်းကလေးနာမည်က ကျီကျောက်တဲ့….. ငါ့ရဲ့ တပည့်လိမ္မာလေးပဲ”

***

All Chapters