နှင်းပွင့်ကိတ်မုန့်
Vol. 21 Ch. 307
လိုက်ကာနောက်မှ အမျိုးသမီးမှာ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ခပ်ဖွဖွ ရယ်မောပြီး ပြောသည်။
“နောက်ဆုံးတော့ တပည့်လက်ခံဖို့ ဆန္ဒရှိသွားပြီပေါ့”
“ကျုပ်က ဒီမိန်းကလေးနဲ့ ကံကြမ္မာချင်း ဆက်နွယ်နေလို့လေ” နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီကျောက်အား စိတ်ကျေနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒါ့အပြင်… ဒီမိန်းကလေးရဲ့ အချက်အပြုတ်လက်ရာက မင်းထက် ပိုကောင်းတယ်”
“အိုး…..” သခင်မကြီးချီသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် အပြုံးဖြင့် ပြောလာသည်။ “သခင်မလေးကျီ…. နှင်းပွင့်ကိတ်မုန့် ဘယ်လိုလုပ်ရမယ်ဆိုတာ သိလားရှင့်”
“သခင်မချီ ပြောတာက ကောက်ညှင်းဆန်၊ နှမ်းစေ့၊သကြားတို့နဲ့ လုပ်ထားတဲ့ စတုရန်းပုံ နှင်းပွင့်ကိတ်မုန့်ကို ပြောတာလား မသိဘူး” ကျီကျောက်က ဂရုတစိုက် ပြန်မေးလိုက်သည်။
“အသေအချာပါပဲ”
“ကျွန်မ…. ဘယ်လိုလုပ်ရမယ်ဆိုတာ သိပါတယ်ရှင့်”
“ဒါဆို စားဖိုဆောင်ထဲမှာ နှင်းပွင့်ကိတ်လုပ်ပေးဖို့ သခင်မလေးကျီကို ဒုက္ခပေးရတော့မှာပဲရှင်”
ကျီကျောက်သည် သူမ နံဘေးရှိ သူမ၏ ဆရာသခင်အား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူမ ဆရာမှ ခေါင်းညိမ့်ပြလာသည်အား မြင်သည့်အခါမှ သဘောတူလိုက်သည်။
“ကောင်းပါပြီရှင့်”
မီးခိုရောင်၀တ်စုံ ၀တ်ဆင်ထားသည့် အထိန်းတော်ကြီးသည် လိုက်ကာနောက်မှ ကျီကျောက်ရှေ့သို့ လျှောက်လာကာ လေးစားသမှုဖြင့် ဂါရ၀ပြုလာကာ ပြောသည်။ “မမလေး…. စားဖိုဆောင်ထဲကို ကျေးဇူးပြု၍ လိုက်ခဲ့ပေးပါရှင့်”
“ကောင်းပါပြီရှင့်”
ကျီကျောက် ထွက်သွားပြီးနောက် သခင်မကြီးချင်မှ အရင်ဦးစွာ မေးလာသည်။
“အစ်ကိုကြီးရဲ့ အကျင့်စရိုက်ကို ကျွန်မ အသိဆုံးပါရှင်…. အစ်ကိုကြီးက လွတ်လပ်မှုကို တောင့်တနေတဲ့ သူတစ်ယောက်ပါ…. ဘယ်လိုလုပ်ပြီး တပည့်တစ်ယောက်ကို အလွယ်တကူ လက်ခံလိုက်တာပါလဲ။ ဒီသခင်မလေးကျီမှာ ထူးခြားလှတဲ့အရာတစ်ခု ရှိနေလို့မလားရှင့်”
“အာ့ထောင်က နူးညံ့ပြီး ကြင်နာတဲ့ ကလေးတစ်ယောက်ပါ… ပြီးတော့ သူမရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကို ကောင်းတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် အသံတိုးတိုးဖြင့် ရှင်းပြလာသည်။ “အစကတော့…. ကျုပ်ကို တစ်ယောက်ယောက်ကနေ ဒီကလေးမရဲ့ ခင်ပွန်းကို ကူညီပေးဖို့ တောင်းဆိုလာတာပဲ… ဒီကလေးမရဲ့ အကျင့်စရိုက်က ကျုပ်ရဲ့ စိတ်နေစိတ်ထားနဲ့ ကိုက်ညီနေဖို့ မမျှော်လင့်ထားခဲ့ဘူး…. သူမက တကယ့်ကို တော်တဲ့ ကလေးတစ်ယောက်ပါပဲ”
“ဖန့်ရုန်…. မင်း သူမကို ကူညီပေးနိုင်ဖို့ ကျုပ် မျှော်လင့်တယ်”
“ဘာလို့ အဲ့လို ပြောရတာလဲရှင့်” သခင်မကြီးချင် အနည်းငယ် အံ့အားသင့်သွားသည်။
“လုဟုန်ရှန်က ဒီကလေးမရဲ့ ခင်ပွန်းကို မျက်စိကျနေပြီး သူမကို အဆိပ်ခပ်ခဲ့တယ်လေ” နတ်ဆေးသမားတော် ရှန်းဟယ်သည် စိတ်ရှုပ်ထွေးနေသည့် အသံဖြင့် ပြောသည်။ “အရင်တုန်းက ကျုပ် မင်းကို ကျုပ် လုပ်ထားတဲ့ ပန်း၀တ်မှုန်ရနံ့အဆိပ် အကုန်လုံးကို ပေးခဲ့တယ်မလား….”
သခင်မကြီးချင်သည် ဖြစ်ကြောင်းကုန်စင်တစ်ခုလုံးအား ကြားပြီးသည့်နောက် အတွေးနက်ထဲ ကျရောက်သွားသည်။
“စိတ်မပူပါနဲ့ အစ်ကိုကြီး….. အာ့ထောင်အတွက် တရားမျှတမှုကို ကျွန်မ သေချာပေါက် ရှာပေးမှာပါ”
ဆရာက ဒီနေ့မှာ သူမအတွက် ထောက်ပံ့ပေးဖို့ တစ်ယောက်ယောက်ကို ရှာဖွေပေးရန် ဒီကို ရောက်လာခြင်း ဖြစ်သည်။ သူမ ဆရာနှင့် သခင်မကြီးချင်းကြားရှိ ဆက်ဆံရေးအား သူမ သိချင်စိတ်ဖြစ်သော်ငြား ဆရာမှ သူမအား ပြောချင်စိတ် မရှိသဖြင့် ထပ်မေးရန် မလိုအပ်တော့ချေ။
“ကျေးဇူးပါ အထိန်းတော်ကြီး” နှင်းပွင့်ကိတ်မုန့်အတွက် လိုအပ်သည့် ပစ္စည်းများအား သူမဆီ ယူလာပေးသဖြင့် ကျီကျောက်က နာခံမှုရှိစွာဖြင့် ကျေးဇူးတင်လိုက်သည်။
“မမလေး အရမ်းယဉ်ကျေးနေပါပြီရှင့်” အထိန်းတော်ကြီးမှ အလျင်အမြန် ပြောလာသည်။ “တခြား မှာချင်တာများ ရှိသေးရင် လိုအပ်သလို ကျွန်မကို ပြောပေးပါရှင့်”
“အခု လောလောဆယ်တော့ လုံလောက်ပါတယ်ရှင့်” ကျီကျောက်က အပြုံးဖျော့ဖျော့ဖြင့် ယဉ်ကျေးစွာ ပြောသည်။
ကျီကျောက်သည် သူမ၏ လက်များအား ဆေးကြောပြီးသည့်အခါ နှင်းပွင့်ကိတ်မုန့် ပြုလုပ်ရန် ပြင်ဆင်သည်။
အရင်ဦးစွာ ကျီကျောက်သည် ဆေးကြောထားသည့် ကောက်ညှင်းဆန်အား ပေါင်းအိုးထဲ ထည့်ပြီး ကျက်သည့်အထိ ရေနွေးငွေ့နှင့် ပေါင်းပြီး ကြိတ်ချေလိုက်သည်။ ထို့နောက် သူမသည် သင့်တော်သည့် နှမ်းစေ့ပမာဏနှင့် ကြိတ်ချေထားပြီးသား သကြားပမာဏအား ထည့်ကာ မုန့်ဖုတ်လိုက်သည်။ နောက်ဆုံးတွင် သူမသည် ပေါင်းအိုးထဲတွင် ဆီပါးပါး သုတ်လိမ်းလိုက်ကာ အိုးပူအောင် ခဏလောက်ထားပြီးနောက် သုံးဆောင်ရန် အဆင်သင့်အနေထား ဖြစ်သွားသည်။
ကိတ်မုန့်အား ကုဗတုံးအရွယ်အစားများအဖြစ် လှီးဖြတ်လိုက်ကာ ပန်းကန်ပြားထဲ ထည့်လိုက်သည်။
သခင်မကြီးချင်သည် နှင်းပွင့်ကိတ်မုန့်အား တစ်ကိုက်ကိုက်ကြည့်ပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်သည်။
“အစ်ကိုကြီးက တကယ့်ကို ချဲ့ကားပြောတာ မဟုတ်ဘူးပဲ…. အာ့ထောင်ရဲ့ ဟင်းချက်စွမ်းရည်က တကယ့်ကို ထူးခြားပြောင်မြောက်လှပါပေတယ်”
“ဒီနှင်းပွင့်ကိတ်မုန့်က ဆန်းသစ်ပြီး အရသာရှိလှပါတယ်….. အချိုဓာတ်က အသင့်အတင့်ပဲဆိုပေမဲ့ တကယ်ကို အရသာရှိတယ်”
ကျီကျောက်သည် သခင်မကြီးချင်ဆီမှ နှုတ်ဆက်လက်ဆောင်တစ်ခု ရရှိခဲ့သည်။ ထိုအရာမှာ အဖြူရောင် ကျောက်စိမ်းလက်ကောက်တစ်ခု ဖြစ်ကာ ထိကြည့်ရုံနှင့် အလွန်ချောမွတ်ကာ ပူနွေးနေသည်။
“ဒီလက်ဆောင်က အရမ်းတန်ဖိုးကြီးပါတယ်… ကျွန်မ လက်မခံဝံ့ပါဘူး” ကျီကျောက်သည် ငြင်းဆန်ချင်နေပေမဲ့ သခင်မကြီးချင်ပြောသည့်စကားအား ကြားလိုက်ရသည်။
“မိန်းကလေး…. လူကြီးတွေပေးတဲ့ လက်ဆောင်ကို ငြင်းလို့ မကောင်းဘူးလေ”
“ဒါက….” ကျီကျောက်သည် အသနားခံသည့် မျက်လုံးများဖြင့် သူမ၏ ဆရာဖြစ်သူအား ကြည့်ရုံသာ တတ်နိုင်တော့သည်။
“ယူလိုက်ပါ” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား ခေါင်းညိမ့်ပြလာသည်။ “အရမ်းနောက်ကျနေပြီ…. ပြန်ကြတာပေါ့”
ယင်ချွမ်စားသောက်ဆိုင်သို့ ပြန်ရောက်ပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့အခန်းတံခါးအား သော့ခတ်လိုက်ကာ ထွက်လာရန် ငြင်းဆိုသဖြင့် ကျီကျောက် အနည်းငယ် စိုးရိမ်နေမိသည်။
“ရှန်းယောင်….. ဆရာ့ကို ကြည့်ရတာ စိတ်ညစ်နေသလိုပဲ။ သူ ပျော်လာအောင် ကျွန်မ ဘာလုပ်ပေးနိုင်လောက်မလဲ” ကျီကျောက်သည် စားပွဲရှေ့တွင်ထိုင်လျက် စိုးရိမ်နေသည့် အမူအရာဖြင့် မေးစေ့ပေါ် လက်ထောက်ပြီး အကြံတောင်းလာခဲ့သည်။
“စိတ်မပူပါနဲ့” ရှန်းယောင်သည် သူမအား ကြည့်ကာ ညင်သာစွာ နှစ်သိမ့်ပေးသည်။ “ဆရာကြီး အဆင်ပြေသွားမှာပါ”
ကျီကျောက်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက်ဆုံးတွင် အကြံတစ်ခု ရသွားသည်။
“စိတ်အခြေအနေမကောင်းတဲ့သူတွေက အချိုပွဲ တစ်ခုခု စားသင့်တယ်တဲ့လေ…. မီးဖိုချောင်ထဲသွားပြီး အချိုပွဲ တစ်ခုခု သွားလုပ်ရမလား”
“ရှန်းယောင်….. ရှင်ရော ဘယ်လိုထင်လဲ”
“အင်း... အကြံကောင်းပဲ…. ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်”
တစ်ဖက်မှာတော့ သခင်မကြီးချင်သည် ကျီကျောက်၏ နောက်ကြောင်းဇစ်မြစ်အား စုံစမ်းမေးမြန်းပြီးသည့်နောက်မှ စိတ်သက်သာရာရသွားသည်။
“သခင်မ…. နတ်ဆေးသမားတော် ရှန်းဟယ်တစ်ယောက် လှည့်စားခံရမှာကို စိတ်ပူလို့လားရှင့်” အထိန်းတော်ဝူသည် သူမ၏ သခင်မအား ကြည့်လိုက်ကာ နူးညံ့စွာမေးသည်။
“အစ်ကိုကြီးက သိုင်းလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်လာတာမလို့ လွယ်လွယ်နဲ့ လှည့်စားခံရမှာ မဟုတ်ဘူး” သခင်မကြီးချင်သည် ခပ်ဖွဖွ ရယ်မောလိုက်မိကာ ပြောသည်။ “ဒီအတိုင်း တို့ မထင်ထားမိတာက သူက တပည့်တစ်ယောက် လက်ခံလိုက်တယ် ဆိုတာကိုပဲ…. ဒါ့အပြင် သူက တို့ကို အဲ့ဒီတပည့်အသစ်လေးအတွက် တရားမျှတမှု ရှာဖွေခိုင်းဖို့ မတုံ့ဆိုင်းနေဘူးလေ”
အထိန်းတော်ဝူသည် မျက်လွှာချလိုက်ကာ ဆက်မပြောလာတော့ပေ။
“ဒီနှစ်တွေအတွင်းမှာ ရှန်းတစ်ယောက် အသက်ရှင်နေသေးဖို့ကိုပဲ တို့မျှော်လင့်နေခဲ့ရတာ…” သခင်မကြီးချင်သည် ပူဆွေးသောကရောက်နေသည့် အသံဖြင့် ပြောလိုက်သည်။
“သခင်မ…. ဆရာသခင် ပြောခဲ့တာတွေ မေ့သွားပြီလား…. စိတ်ရောကိုယ်ပါနှစ်ပြီး ဆုတောင်းရင် တစ်နေ့မှာ ဆုတောင်းတွေက အမှန်ဖြစ်လာမယ်ဆိုတာကိုလေ” အထိန်းတော်ဝူသည် အလျင်အမြန် သူမအား နှစ်သိမ့်လိုက်သည်။
“အထိန်းတော်ကြီး တို့ ဒီအကြောင်းကို အကြာကြီးစဉ်းစားနေခဲ့တာ….. တို့တွေ အိမ်တော်ကိုပြန်ဖို့ အချိန်ရောက်နေပြီလားလို့လေ” သခင်မကြီးချင်သည် သက်ပြင်းဖျော့ဖျော့ ချလိုက်မိသည်။ “တို့မျှော်လင့်တာက ရှန်းတစ်ယောက် စောစောပြန်လာဖို့ ဆိုပေမဲ့ အဲ့အချိန် သူပြန်လာရင် ချင်မိသားစု ပြိုလဲသွားတာကို တို့ မလိုချင်ဘူး….. ချင်မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့ တို့ အကောင်းဆုံး ကြိုးစားရမယ်”
ချင်မင်ဟုန်သည် သူ့အဒေါ်မှ အိမ်တော်သို့ ပြန်လာမည့်အကြောင်းအား သိသိချင်းတွင် အနည်းငယ် အံ့အားသင့်သွားသော်ငြား လွန်စွာ ပျော်ရွှင်နေမိသည်။
ချင်မိသားစုထဲတွင် ထိုသတင်းအား ကြားပြီးနောက် တချို့မှာ ပျော်ရွှင်နေကြသလို တချို့မှာ စိတ်ပူနေကြပေသည်။
ချင်မိသားစုအား တာ၀န်ယူထားသူမှာ ချင်ချန်၏ ဒုတိယဇနီးဖြစ်သလို ချင်မင်ဟုန်၏ မိထွေးဖြစ်သည့် သခင်မလျို့ ဖြစ်ပေသည်။
“တကယ်ပဲ ဘာတွေဖြစ်နေတာပါလိမ့်…. ချန်ဖန့်ရုန်က ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ ပြန်လာချင်နေရတာလဲ” သခင်မလျို့သည် သူမ၏ လက်ထဲရှိ လက်ဖက်ရည်ခွက်အား တင်းတင်းဆုပ်ထားကာ သူမ၏ ရှည်လျား ကျဉ်းမြောင်းသည့် မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးထဲမှာ အေးစက်သည့် အလင်းတန်းဖြင့် စူးရှနေသည်။
လွန်ခဲ့တဲ့ခြောက်နှစ်လောက်တုန်းက ချင်ရှန်းတစ်ယောက် စစ်မြေပြင်၌ ပျောက်ကွယ်သွားကတည်းက ချန်ဖန့်ရုန်သည် ထိုအဖြစ်အပျက်မှ ဖြေမဆည်နိုင်ဖြစ်ကာ ခေါင်းမာမာဖြင့် ချင်မိသားစု အရံအိမ်တော်သို့ ပြောင်းရွှေ့သွားကာ ဆယ့်ခြောက်နှစ်ကြာအောင် နေထိုင်ခဲ့သည်။
နှစ်တွေကြာလာသည်နှင့် သခင်မလျို့သည် အရာအားလုံးအား စေ့စေ့စပ်စပ် အစီအစဉ်ချကာ ချင်မိသားစု၏ စည်းစိမ်များအား ဖြည်းဖြည်းချင်း ထိန်းချုပ်လာခဲ့သည်။
ချန်ဖန့်ရုန်သာ ပြန်ရောက်လာသည်နှင့် သူမ ထိန်းချုပ်ထားတဲ့ အာဏာတွေကို လွှဲပြောင်းပေးရတော့မှာ မဟုတ်ဘူးလား….။
သခင်မလျို့အတွက် ကောင်းမွန်သည့် လက္ခဏာ မဟုတ်ချေ။
“သခင်မ စိတ်အေးအေးထားပါ” သူမ နံဘေးရှိ အထိန်းတော်မှ အလျင်အမြန် အကြံပြုလာသည်။ “ပထမသခင်မက နှစ်ပေါင်းများစွာ အသီးအရွက်ပဲ သုံးဆောင်ပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သလို အပြင်လောကနဲ့ ကင်းကွာပြီး နေထိုင်တတ်တဲ့ အကျင့်စရိုက်ရှိတဲ့သူတစ်ယောက်ပါ…. ဒီတစ်ခေါက် သူမ ပြန်လာချင်တာ ခဏတဖြုတ်အတွက်ပဲ ဖြစ်နိုင်တယ်မလား…. ပြီးတော့လည်း ဝေရွေ့အိမ်တော်က တစ်ယောက်ရဲ့ လက်ထပ်ပွဲကလည်း ကျင်းပခါနီးနေပြီမလား”
“အထိန်းတော်ကြီး ဆိုလိုတာက…. ချန်ဖန့်ရုန်က ချင်မင်ဟုန်ရဲ့ လက်ထပ်ပွဲကို ကိုယ်တိုင် စီစဉ်ပေးချင်နေတာပေါ့” သူမ နံဘေးရှိ အထိန်းတော်၏ ထောက်ပြချက်အရ သခင်မလျို့တစ်ယောက် တဖြည်းဖြည်း စိတ်သက်သာရာ ရသွားသည်။
“မှန်တယ် မှန်တယ်…. ချန်ဖန့်ရုန်နဲ့ တို့အရှေ့က ဇနီးနဲ့က ညီအစ်မတွေလိုပဲလေ…. အရင်ဇနီးကြောင့်သာ မဟုတ်ရင် သူမက ဒီနှစ်တွေမှာ ချင်မင်ဟုန်ကို တိတ်တဆိတ် ဂရုစိုက်ပေးမှာ မဟုတ်သလို အဲ့ကောင်စုတ်လေးရဲ့ အကျင့်စရိုက်ကလဲ တို့ကြောင့် ပျက်စီးသွားတာ ကြာလောက်ပြီ။”
“ချန်ဖန့်ရုန်က သူ့ရဲ့ မိသားစုနောက်ခံအဆင့်အတန်းကြောင့်သာ တို့ကို တစ်ကြိမ်ပြီး တစ်ကြိမ် ဆန့်ကျင်ရဲနေခဲ့တာပါ” သခင်မလျို့သည် အလွန်အမင်း ဒေါသထွက်လျက် ရက်စက်ကြမ်းကြုတ်စွာ အံကြိတ်လိုက်သည်။
***