← Chapters

ကျွန်မယောက်ျားက အဲ့လောက် စိတ်သဘောထား သေးသိမ်တဲ့သူ မဟုတ်ဘူးရှင့်

Vol. 21 Ch. 308

ကျွန်မယောက်ျားက အဲ့လောက် စိတ်သဘောထား သေးသိမ်တဲ့သူ မဟုတ်ဘူးရှင့်

Vol. 21 Ch. 308

သခင်မကြီးချင် ပြန်ရောက်လာခြင်းသည် ချင်မိသားစုအား မုန်တိုင်းသဖွယ် ရိုက်ခတ်ခဲ့သည်။ စားသောက်‌ဆိုင်၌ တည်းခိုနေသည့် ကျီကျောက်တောင်မှ ကောလဟာလတချို့ ကြားခဲ့ရသည်။

“သခင်မကြီးချင်က အုပ်ချုပ်ရေးမှူးချန်ရဲ့ ညီမအရင်းတော်စပ်သလို ချင်မိသားစုက ယွင်ချွမ်မြို့မှာ အချမ်းသာဆုံးအိမ်တော် ဖြစ်တာမို့ လမ်းတွေမှာပါ ကောလဟာလတွေ ပြန့်နေတာလေ” ရှန်းယောင်သည် ကျီကျောက်၏ ပဟေဠိဖြစ်နေသည့် အမူအရာအား မြင်ရသဖြင့် ပြုံးရင်း ရှင်းပြသည်။

“ကျွန်မ နည်းနည်း အံ့ဩမိလို့ပါ…. အဲ့ဒီသခင်မလေးလုက ယွင်ချွမ်အထွေထွေတရားသူကြီးမင်းအိမ်တော်က ဖြစ်သလို အစ်ကိုချင့် မိထွေးရဲ့ တူမလည်း တော်စပ်တယ်ပေါ့လေ” ကျီကျောက်သည် ဒီဆက်နွယ်မှုများမှာ တကယ်ပဲ ရှုပ်ထွေးလှသည်လို့ ခံစားရပေသည်။

“အင်း…. နည်းနည်း ရှုပ်ထွေးတယ်”

ရှန်းယောင်သည်လည်း လုဟုန်ရှန်နှင့် ချင်မိသားစုကြားမှ ဆက်နွယ်မှုအား အံ့အားသင့်ခဲ့ပေသည်။

“ဒီအကြောင်းကို ထပ်မပြောကြရအောင်” ကျီကျောက်သည် ပြုံးလိုက်ရင်း သူ့မျက်လုံးထဲသို့ ကြည့်လိုက်ကာ ညင်သာစွာ မေးသည်။ “ဒီနေ့ ဒုတိယအကြိမ်စာမေးပွဲဖြေရမယ်မလား ကျွန်မတို့တွေ စာမေးပွဲခန်းမကို သွားကြရအောင်လေ”

“ကိုယ်တစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ်” ရှန်းယောင်သည် သူမ၏ နှာခေါင်းထိပ်လေးအား တို့ထိလိုက်ကာ သူ့အသံမှာ သံသယ၀င်စရာမလိုအောင် တည်ကြည်လှပေသည်။ “စားသောက်ဆိုင်မှာပဲ ကိုယ် ပြန်လာတာကို လိမ်လိမ်မာမာ စောင့်နေချေ။”

“ကောင်းပါပြီရှင့်” ကျီကျောက်သည် ခဏလောက် စဉ်းစားပြီးမှ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ဒါဆို ခဏနေရင် ကျွန်မ ဆိုင်ရှင်ကို စားဖိုဆောင်ခဏ ငှားပေးဖို့ ပြောပြီးတော့ လမုန့်တချို့ လုပ်ထားလိုက်မယ်”

“ရှင် ပြန်ရောက်မှ လမုန့် အတူတူ စားကြမယ်” ဆောင်းဦးလလယ်ပွဲတော်ကျရောက်ရန် ရက်အနည်းငယ်သာ လိုတော့ပေသည်။ ကျီကျောက်သည် ဒီအခွင့်အရေးအား ယူ၍ မတူ‌ညီသော အရသာရှိသည့် လမုန့်တချို့ လုပ်ကြည့်ချင်ပေသည်။

“ကိုယ် မင်းစကား နားထောင်ပါ့မယ်” ရှန်းယောင်သည် လိမ်လိမ်မာမာဖြင့် ပြန်ဖြေလိုက်ကာ သူ့မျက်လုံးများမှာ စကြ၀ဠာကဲ့သို့ တောက်ပကာ နူးညံ့ညင်သာမှုများဖြင့် ပြည့်နေပေသည်။

နေမွန်းတည့်ချိန်တွင် ကျီကျောက်သည် လမုန့်လုပ်ရန် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် ဆိုင်ရှင်အား မေးလိုက်သည်။ နှစ်ရက်ခန့်အလိုက သူမသည် ဆိုင်ရှင်ကို လမုန့်လုပ်ရန် ပုံစံခွက်တချို့အား ကြိုတင်မှာယူရန် မေးခဲ့ပြီးဖြစ်သည်။ ဒီနေ့မှာတော့ ထိုပုံစံခွက်များ ရရှိပြီဖြစ်သည်။ ပုံမှန် အစေ့အစုံအလင်ပါသည့် လမုန့်များအပြင် ကြာစေ့ယိုလမုန့်၊ ဘဲဥအနှစ်လမုန့်အပြင် နှင်းလွှာလမုန့်တို့အား ပြုလုပ်ခဲ့သည်။

“နှင်းလွှာလမုန့်လား….”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ဒီလမုန့်အမျိုးအစားအသစ်အား အရမ်းသိချင်နေမိသည်။ “ဒီလမုန့်က ဘယ်လိုအရသာမျိုးလဲကွယ့်…. ကျန်တဲ့ လမုန့်တွေနဲ့ ဘယ်လို ကွာခြားလဲ”

ကျီကျောက်သည် ခဏတာမျှ အလေးအနက် တွေးလိုက်မိသည်။ ထို့နောက် သူမသည် လက်ဖျောက်တီးလိုက်ကာ ပြောသည်။ “နှင်းလွှာလမုန့်မှာ ထူးခြားတဲ့အချက် နှစ်ချက် ရှိပါတယ် ဆရာ…. ပထမတစ်ချက်ကတော့ အပြင်ဖက်အလွှာက သကြားရည်အစား ကောက်ညှင်းဆန်ကို သုံးထားတာပါ…. နောက်တစ်ချက်ကတော့ လမုန့်ရဲ့ အသားပါ”

ပုံမှန်လမုန့်များသည် ကျက်အောင် ဖုတ်ထားကြသဖြင့် လျှာပေါ်၌ ကြမ်းရှရှ ခံစားရသည်။ အထူးသဖြင့် အစေ့စုံလမုန့်မှာ လူ့သွားအား ကျိုးပဲ့စေသည့်အထိ မာကြောတတ်သည်။ သို့ပေမယ့် နှင်းလွှာလမုန့်မှာတော့ ထိုပြဿနာ မရှိပေ။ နှင်းလွှာလမုန့်အသားသည် ပို၍ နူးညံ့ကာ အိစက်ပေသည်။ နှင်းလွှာလမုန့်သည် လူကြီးများအတွက်သာမက လူငယ်များအတွက်လည်း ပိုသင့်တော်ပေသည်။

“ဘယ်လိုပဲ ပြောပြောပါလေ…. ဒီလမုန့်တွေရဲ့အရသာဆိုတာ မြည်းကြည့်ပြီးမှပဲ ဆုံးဖြတ်နိုင်မှာပါပဲ” နတ်ဆေးသမားတော် ရှန်းဟယ်သည် ပြုံး၍ပြောလျက်

နှင်းလွှာလမုန့်အား တစ်ချက်ကိုက်ကြည့်ပြီးနောက် ကျီကျောက်အား လက်မထောင်ပြသည်။ “တကယ်ကို အရသာရှိတာပဲ‌ဟေ့”

ထိုချီးကျူးစကားအား ကြားလိုက်ရသည့်အခါ ကျီကျောက်တစ်ယောက် စိတ်ကြီး၀င်လျက် မျက်ခုံးပင့်လိုက်မိသည်။ “ဒါပေါ့…. ဘယ်သူက ဒီလိုအရသာရှိတဲ့ အစားအသောက်ကို လုပ်ပေးထားတာမလို့လဲ”

“အရင်တစ်ခေါက်က ဆရာ ပေးထားတဲ့ အိမ်စာတွေ ပြီးသွားပြီလား” ရုတ်တရက်ပင် နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား ကြည့်ကာ အပြုံးဖျော့ဖျော့ဖြင့် သူ့နှုတ်ခမ်းများအား ကွေးညွှတ်ပြီး မေးခွန်းထုတ်လိုက်သည်။ “အဆိပ် ဘယ်လိုဖော်စပ်ရမယ်ဆိုတာ သင်ချင်တယ်လို့ မင်း ပြောခဲ့တယ်မလား… အခုထိ ဘာအားထုတ်မှုမှ မလုပ်ရသေးဘူးလား”

“တပည့် အခုပဲ လုပ်လိုက်ပါ့မယ်” ကျီကျောက်သည် သူမ၏ လက်ထဲမှ လမုန့်အား အလျင်အမြန် ချလိုက်ကာ သူမ အခန်းထဲသို့ ပြန်၍ စာကျက်မှတ်တေ့ာသည်။

အဆိပ်ဖော်စပ်ရမည့် အခန်းကဏ္ဍများမှာ ကျယ်ပြန့်လှပေသည်။ ကျီကျောက်အား ခေါင်းကိုက်စေသည့် အရာမှာ တချို့ အဆိပ်မရှိသည့် အပင်များအား အချင်းချင်း ရောစပ်လိုက်ပါက ပြင်းထန်လှသည့် အဆိပ်အား ဖော်စပ်နိုင်သည့် အကြောင်းပင်။

ကျီကျောက်သည် စားပွဲခုံရှေ့ရှိ ပြန့်ကျဲနေသောစာအုပ်များအား ကြည့်လျက် ခဏအကြာတွင် အိပ်ပျော်သွားသည်။

သို့ပေမယ့် သူမ အိပ်မက် ထပ်မက်နေခဲ့ပြန်သည်။

အိပ်မက်ထဲမှ မြင်ကွင်းမှာ အနည်းငယ် မရင်းနှီးသော်ငြား အိပ်မက်ထဲမှ လူများမှာ အလွန် ရင်းနှီးနေပေသည်။

အလျင်လိုနေသည့် ချင်မင်ဟုန်တစ်ယောက်သည် သွေးတစက်စက်ကျနေသည့် ဓားရှည်အား ကိုင်လျက် စိတ်ကြီး၀င်နေသည့် လုဟုန်ရှန်အား စိုက်ကြည့်နေခဲ့ပေသည်။

“၀မ်းကွဲအစ်ကိုက ဘာမှ သွေးမတော်သားမစပ်တဲ့ မိန်းမတစ်ယောက်အတွက် ကျွန်မကို သတ်ချင်နေတာလားရှင့်….. ၀မ်းကွဲအစ်ကို ကျီအာ့ထောင်က လက်ထပ်ပြီးသား အမျိုးသမီးဆိုတာကို မေ့နေတာလား…. ဒီစုန်းမက ရှင်တို့ယောကျာ်းတွေကို မြူဆွယ်ဖို့ ဘယ်လို အတတ်ပညာမျိုးကိုများ သုံးထားလဲ မသိဘူး…. မဟုတ်မှလွဲရော… ဒီမိန်းမရဲ့ အိပ်ရာပေါ်က စွမ်းရည်က အရမ်းကောင်းလို့များလား”

“မင်း ပါးစပ်ပိတ်ထားစမ်း” ချင်မင်ဟုန်က သူမ၏ ပါးပြင်အား ရက်စက်စွာ ဖြတ်ရိုက်ချလိုက်ကာ ပြောသည်။ “မင်းက ပါးစပ်ပုတ်လွန်းတဲ့မိန်းမပဲ”

“ငါ မင်းကို နောက်ဆုံးအနေနဲ့ သတိပေးမယ်… မင်း အာ့ထောင်ကို ထပ်ပြီး ထိခိုက်ရဲတာနဲ့ ငါ မင်းကို သေချာပေါက် ရှင်းပစ်မယ်”

“ချင်မင်ဟုန်….” လုဟုန်ရှန်သည် သူမ၏ မျက်နှာအား လက်ဖြင့် ကာလိုက်ကာ ဒေါသတကြီး ဆဲဆိုသည်။ “ရှင်က အကျိုးလိုလို့ ညောင်ရေလောင်းနေတာပဲ ဖြောင့်မတ်တဲ့သူလို ဟန်ဆောင်မနေစမ်းပါနဲ့…. ရှင် ကျီအာ့ထောင်ကို ကြိုက်တယ်မလား… အဲ့တာကြောင့် ရှင့်အိပ်ရာပေါ်ကို သူ့ကို ကျွန်မ ပို့ပေးခဲ့တာလေ။ ရှင် ကျေးဇူးတင်စကား မပြောရင်တောင် ရပါတယ်၊ ဒါပေမဲ့ ရှင်က ကျွန်မကို ရိုက်တယ်ပေါ့လေ။”

“လုဟုန်ရှန်….. မင်း မိန်းမယုတ်”

“ကောင်းတယ်….. အရမ်းကောင်းတယ်” လုဟုန်ရှန်သည် သရော်ပြုံးပြုံးလိုက်သည်။ “ရှင်တို့ စောင့်‌နေ”

မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားပြန်ပြီ။ ကျီကျောက်သည် သူမကိုယ်သူမ ကြိုးဆွဲချနေသည့် တွဲလောင်း အနေအထားဖြင့် မြင်လိုက်ရသည်။

ဘာပါလိမ့်….. ဘာတွေ ဖြစ်နေကြပါလိမ့်။

ကိုယ့်ကိုယ်ကိုယ် သတ်သေတာများလား…..။

အရမ်း ထူးဆန်းလွန်းတယ်…..။

ကျီကျောက်သည် သူမ၏ ခန္ဓာကိုယ်အား အနီးကပ်ကြည့်လိုက်ပြီးနောက် သူမ သတိမေ့မျောနေသည်အား တွေ့လိုက်ရသည်။

“သခင်မလေး…. ဒီကိစ္စကို တကယ် လုပ်ကြမှာလား….. တစ်ယောက်ယောက် သိသွားရင်ရော...”

“ဘာကြောက်လန့်နေစရာလို‌လို့လဲ။ လူသေတွေက စိတ်အချရဆုံးပဲ” လုဟုန်ရှန်သည် စိတ်ကြီး၀င်စွာ ပြုံးလိုက်သည်။ “ဒါ့အပြင်…. ဒီခွေးမ ကျီအာ့ထောင်က သေသင့်တယ်”

ဘန်း...

အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားသည့် ရှန်းယောင်သည် တံခါးအား ကန်ဖွင့်လိုက်ကာ ကျီကျောက်၏ လည်ပင်းရှိ ပုဝါအဖြူအား ပိုင်းဖြတ်လိုက်သည်။

သူသည် လုဟုန်ရှန်ဖက်သို့ ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

ထိုအကြည့်မှာ သူသည် လူသေတစ်ယောက်အား ကြည့်နေသည့်အလားပင်….။

ရှန်းယောင်က ဓားမြှောင်အား ပစ်လွှတ်လိုက်သည့် အချိန်တွင် ကျီကျောက်သည် စိုးရိမ်တကြီး အော်လိုက်မိသည်။ “မလုပ်နဲ့…..”

ရှန်းယောင်သာ လုဟုန်ရှန်အား သတ်လိုက်မိပါက သူ့ဘ၀အနာဂတ်ခရီးလမ်းမှာ မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်။

သူ့ရဲ့ ကျန်ရှိတဲ့ ဘ၀တစ်လျှောက်လုံးကို အကျဉ်းထောင်ထဲ၌ ကုန်ဆုံးသွားရနိုင်ဖွယ်ရှိသည်။

“ဘာဖြစ်တာလဲ”

ကျီကျောက်၏ အော်ဟစ်သံအား ကြားသည့်အခါ နတ်ဆေးသမားတော် ရှန်းဟယ်သည် အပြေးရောက်လာသည်။

“တပည့်အလိမ္မာလေး အဆင်ပြေရဲ့လား”

ထိုအချိန်တွင် ကျီကျောက်၏ တစ်ကိုယ်လုံး ချွေးစီးများပြန်လျက်ရှိကာ ထိတ်လန့်ကြောက်ရွံ့မှု အရှိန်မှာ မပြေသေးပေ။

စကားတစ်ခွန်းမှ ထပ်မဆိုဘဲ နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမ၏ သွေးခုန်နှုန်းအား အလျင်အမြန် စစ်ဆေးလိုက်ပေသည်။

“ဆရာ…. တပည့် အိပ်မက်ဆိုး မက်ခဲ့တယ်” ကျီကျောက်သည် တဖြည်းဖြည်း စိတ်တည်ငြိမ်လာကာ မျက်လွှာချလိုက်သည်။ သူမ၏ အသံတိုးတိုးမှာ ကြောက်ရွံ့ထိတ်လန့်မှုများ ကျန်ရှိနေသေးပေသည်။

“ဆရာ မင်းအတွက် စိတ်ငြိမ်လက်ဖက်ရည် တစ်ပန်းကန် လုပ်ပေးမယ်”

“ကျေးဇူးပါ ဆရာ” ကျီကျောက်သည် သူမ၏ မျက်လွှာအား အသာပင့်ကာ အပြုံးတစ်ခုကို အားတင်းပြီး ပြုံးပြလိုက်သည်။ စိတ်ငြိမ်လက်ဖက်ရည် တစ်ပန်းကန် သောက်ပြီးနောက် ကျီကျောက် လုံးဝ စိတ်ငြိမ်သွားခဲ့သည်။

သူမ ခဏလောက် အနားယူပြီးသည့်အချိန်တွင် ချင်မင်ဟုန်သည် စားသောက်ဆိုင်သို့ ရောက်လာခဲ့ပေသည်။

“မွေးနေ့ပွဲလား…..” ကျီကျောက် အနည်းငယ် ထူးဆန်းနေသည်။ “အစ်ကိုချင်က အခုမှ အသက် ( ၂၃ ) နှစ် ပြည့်မှာလား။”

“အင်း” ကျီကျောက်၏ မျက်နှာလေးမှာဖြူဖျော့ကာ အားနည်းနေသည်အား သတိထားမိပြီးနောက် ချင်မင်ဟုန်က စိုးရိမ်တကြီး မေးမြန်းသည်။ “အာ့ထောင်…. မင်းကြည့်ရတာ မျက်နှာသိပ်မကောင်းဘူး.… တစ်ခုခု ဖြစ်ထားလို့လား”

“မဟုတ်ပါဘူး” ကျီကျောက်သည် ရှက်ပြုံးလေးဖြင့် ဖြေသည်။ “စောနက အိပ်မက်ဆိုးမက်ထားတာ ထိတ်လန့် မပြေသေးလို့ပါ…. ဒါပေမယ့် ဆရာက ကျွန်မကို စိတ်ငြိမ်လက်ဖက်ရည် တိုက်ထားပြီးပါပြီ”

“တော်ပါသေးတယ်” ချင်မင်ဟုန်သည် ခဏကြာအောင် စဉ်းစားပြီးနောက် သူ့အိတ်ကပ်ထဲမှ ဖိတ်စာတစ်ခုအား ထုတ်ယူကာ အပြုံးလေးဖြင့် ရှင်းပြသည်။ “အဲ့နေ့ကျရင် ရှန်းယောင်နဲ့အတူ လာခဲ့လိုက်… ရှန်း‌ယောင်ရဲ့ သ၀န်တို‌ပုံနဲ့ဆို ကိုယ် မင်းကို တစ်ယောက်တည်း မဖိတ်ရဲပါဘူးဗျာ”

“အစ်ကိုချင်က စိတ်ထဲထားလွန်းနေပါပြီ” ကျီကျောက်က အပြုံးဖြင့် ပြောသည်။ “ကျွန်မယောက်ျားက အဲ့လောက် သဘောထားမသေးသိမ်ပါဘူးရှင့်။”

***

All Chapters