ဘာတွေဖြစ်နေတာလဲ။
Vol. 21 Ch. 310
ဖန်းကွေ့ခန်းမ…..
အရောင်အဆင်းလှပသည့် အစားအသောက်များနှင့် ပြည့်နှက်နေသော ထမင်းစားပွဲအား ကြည့်လျက် သခင်မကြီးချင်သည် သူမ၏ မျက်လုံးထဲရှိ လှောင်ပြောင်ရိပ်များအား ဖုံးကွယ်ရန် မျက်လွှာချလိုက်မိသည်။ သခွားသီးစိတ် နှစ်ဇွန်းခန့် သုံးဆောင်ပြီးနောက် သူမသည် အစေခံများကို ဟင်းပွဲများအား ဖယ်ခိုင်းလိုက်ပေသည်။
“ဘယ်လို သရုပ်ဆောင်ရမယ်ဆိုတာ သေချာပေါက် သိတာပဲ” အထိန်းတော်ဝူသည် လှောင်ရယ်မိလိုက်သည်။
“စားပွဲပေါ်ကဟင်းပွဲတွေ အကုန်လုံးက ဆီတွေရွှဲပြီး ငန်နေပေမဲ့ အရမ်း လှပလွန်းတယ်… သခင်မသာ ရွံ့မုန်းတဲ့ပုံမျိုး ပြလိုက်ရင် ကောလဟာလတွေ ထွက်လာလိမ့်မှာ စိုးရိမ်မိပါတယ်”
“သခင်မ….. ဘာသုံးဆောင်ချင်လဲ။ ကျွန်မ စားဖိုဆောင်ထဲသွားပြီး ပြင်ဆင်ပေးပါ့မယ်” အထိန်းတော်ဝူသည် ခဏလောက် တွေးလိုက်မိကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
“အထိန်းတော်ကြီး….. မစိုးရိမ်ပါနဲ့…. ကျွန်မ တကယ် စားချင်စိတ် မရှိဘူး” သခင်မကြီးချင်သည် ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။ “သခင်မလျို့ကတော့ အတော်လေး သောကရောက်နေပုံပါပဲ”
“ဒါဆို…. သခင်မ ဘယ်လို စီစဉ်မလဲ”
“အလျင်မလိုပါနဲ့” သခင်မကြီးချင်သည် မထူးမခြားစွာ ပြုံးလိုက်သည်။ “သူ့ကို အာဏာအတွက် တိုက်ခိုက်ဖို့ အလျင်မလိုသေးပါဘူး…. ဒီအိမ်တော်ကို ဦးစီးဦးဆောင်နိုင်စွမ်း ရှိမလားဆိုတာ ကြည့်ကြည့်ရအောင်ပါ။ တို့တွေ မင်ဟုန်မွေးနေ့ပွဲပြီးမှ ဒီအကြောင်း ဆွေးနွေးကြတာပေါ့”
“သခင်မက အလျင်မလိုပေမဲ့ အဲ့ဒီရူရီခန်းမဆောင်က လူကတော့ အချိန်တခုလောက် စိတ်ဒုက္ခရောက်နေလောက်မယ် ထင်ပါတယ်ရှင့်”
“စိတ်ပူမနေပါနဲ့တော့”
ချင်မင်ဟုန်သည် ထမင်းဘူးများဖြင့် အပြေးရောက်လာချိန်တွင် သခင်မကြီးချင်မှာ စာရေးခုံထက်တွင် ဗုဒ္ဓဓမ္မကျမ်းများအား ကူးရေးလျက် ရှိပေသည်။
ချင်ရှန်းတစ်ယောက် ပျောက်ကွယ်သွားကတည်းက သခင်မကြီးချင်သည် မနက်မိုးသောက်နှင့် ညနေခင်းအချိန်များတွင် ဓမ္မကျမ်းစာများအား ကူးရေးတတ်သည့် အကျင့်ရလာခဲ့ပေသည်။
သူမ၏ စစ်မှန်တဲ့စိတ်ရင်းကို ဘုရားရှင်အား မြင်တွေ့စေ၍ ချင်ရှန်းတစ်ယောက် စောစောပြန်လာအောင် စောင်မပေးဖို့ မျှော်လင့်နေပေသည်။
“အရီးလေး” ချင်မင်ဟုန်က လေးစားစွာ ဂါရ၀ပြုလိုက်သည်။
“မင်ဟုန်ပါလား…. ဘယ်ကနေ လှည့်၀င်လာတာလဲ”
“အရီးလေး အခုတလော အစာစားချင်စိတ် ပျောက်နေတယ်လို့ ကျွန်တော် ကြားမိတယ်…. အဲ့ဒါနဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေကောင်း တစ်ယောက်ကို အရီးလေးအတွက် ဟင်းလျာနှစ်ခွက် ချက်ပြုတ်ခိုင်းခဲ့တယ်။”
ချင်မင်ဟုန်က ညင်သာစွာ ပြုံးလျက် ရှင်းပြပေသည်။ ထို့နောက် သူသည် အထိန်းတော်ဝူအား ပြောလိုက်သည်။
“အထိန်းတော်ကြီး စားဖိုဆောင်ထဲ တစ်ချက်လောက် သွားပြီး ထမင်းပန်းကန်လုံး နှစ်လုံး ပြင်ဆင်ပေးပါဦးဗျ”
“ကောင်းပါပြီရှင့်”
သူ စိတ်လှုပ်ရှားနေသည်အား မြင်ရသဖြင့် သခင်မကြီးချင်သည် သူ့အား မငြင်းလွှတ်ချင်တော့ပေ။
သို့ပေမယ့် ချင်မင်ဟုန်၏ ထမင်းဘူးများထဲမှ အေးစက်နေသည့် ဟင်းလျာနှစ်ခွက်အား ထုတ်လိုက်သည့်အခါ သခင်မကြီးချင် အနည်းငယ် စူးစမ်းချင်စိတ်ဖြစ်လာပေသည်။
“ဒီဟင်းလျာ နှစ်ခွက်ကြည့်ရတာ အေးစက်နေသလိုပဲ”
“ဟုတ်ပါတယ်ဗျ” ချင်မင်ဟုန်က ချက်ချင်းပင် ခေါင်းညိမ့်ပြလာသည်။ “အရီးလေး….. ဒီအအေးအမဲသားဟင်းလျာကို မြည်းကြည့်ပါဦး…. တကယ့်ကို အရသာရှိတယ်ဗျ၊ ဒါ့အပြင် ကျွန်တော့်မိတ်ဆွေကောင်းရဲ့ ဟင်းချက်စွမ်းရည်က စားဖိုမှူးတွေထက် မလျော့နေဘူးလေ၊ အရီးလေး တစ်ခါလောက် မြည်းကြည့်ပြီးတာနဲ့ သိသွားမှာပါဗျ”
ခဏကြာပြီးနောက် သခင်မကြီးချင်သည် သူမ၏ လက်ထဲမှ ပန်းကန်လုံးနှင့် တူအား အင်တင်တင်ဖြင့် ချလိုက်သည်။
“ဒီဟင်းလျာနှစ်မျိုးလုံးရဲ့ အရသာက တကယ်မဆိုးလှဘူး” သခင်မကြီးချင်သည် အပြုံးလေးဖြင့် မြှောက်ပင့်ပြောလာသည်။ “အအေးအမဲသားဟင်းလျာက ဟင်းအနှစ် များများလေးနဲ့ ပါးစပ်ထဲကို တစ်ကိုက်လောက်လေး ၀င်သွားတာနဲ့ ငန်ငန်လေးနဲ့ မွှေးကြိုင်နေသလို အစပ်အရသာ ပါးပါးလေးလဲ ရတယ်။”
“အရီးလေး ကြိုက်တယ်ဆို အာ့ထောင်ဆီကနေ ကျွန်တော် အအေးအမဲသားဟင်းလျာ ချက်ပြုတ်နည်းကို ၀ယ်လိုက်ပါ့မယ်ဗျ”
“အာ့ထောင်လား…..” သခင်မကြီးချင်သည် အနည်းငယ် အံ့ဩသွားမိသည်။ “မင်ဟုန်ပြောတဲ့ အာ့ထောင်ဆိုတာ မျိုးရိုးက ကျီဆိုတဲ့တစ်ယောက်လား…. သူမ ခင်ပွန်းရဲ့ မျိုးရိုးက ရှန်းဆိုတာမလား”
“ဟုတ်ပါတယ်ဗျ” ချင်မင်ဟုန်သည် ရုတ်တရက် တစ်ခုခုအား တွေးမိသွားပုံရကာ အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။ “ကျွန်တော့်ဦးနှောက်ကတော့ ကြည့်ပါဦး…. အာ့ထောင် အခုနလေးတင် ပြောလိုက်တယ်။ သူ အရီးလေးနဲ့ တစ်ကြိမ်တွေ့ခဲ့ဖူးတယ်တဲ့လေ”
“တို့တွေ တစ်ကြိမ်လောက် တွေ့ခဲ့ဖူးတာ အမှန်ပါပဲ” သခင်မကြီးချင် ပြုံးလိုက်မိသည်။ “တို့ မထင်ထားမိတာက သခင်မလေး အာ့ထောင်က မုန့်လုပ်တဲ့နေရာမှာ တော်ရုံတင်မကဘူးပဲ။ သူက နှင်းပွင့်ကိတ်မုန့် လုပ်တဲ့နေရာမှာရော တကယ်တော်တယ်။”
ချင်မင်ဟုန်က ပြုံးလျက် ခေါင်းညိမ့်ပြလိုက်မိသည်။
“အာ့ထောင်ရဲ့ ဟင်းချက်စွမ်းရည်ကတော့ တကယ့် အံ့မခန်းပါဘဲဗျာ”
“မင်းရဲ့ လေသံအရ သခင်မလေးကျီနဲ့ အတော်လေး ရင်းနှီးပုံရတယ်” ပထမသခင်မကျီသည် သူမ၏ မျက်ခုံးအား ဖြည်းဖြည်းချင်းပင့်လိုက်မိကာ သူမ၏ မျက်၀န်းထဲ၌ စိုးရိမ်စိတ် တစ်စွန်းတစ်စဖြင့် မေးလိုက်သည်။ “ဒါပေမဲ့ သခင်မလေး အာ့ထောင်က လက်ထပ်ပြီးသားမဟုတ်လားကွယ့်”
“ကျွန်တော် အရီးလေးကို မဖုံးကွယ်ထားတော့ပါဘူး…. တကယ်တော့ အရင်က ကျွန်တော် အာ့ထောင်ပေါ် ခံစားချက်ရှိခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ အလှလေးရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနှင့်နေပြီး ဖြစ်တယ်လေ” ချင်မင်ဟုန်သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် တစ်စွန်းတစ်စဖြင့် ရီလိုက်ရင်း ကျီကျောက်၏ မိသားစုအား သူ သိကျွမ်းခဲ့ရပုံ ဖြစ်စဉ်များအား ရှင်းပြလိုက်သည်။
တစ်နာရီခန့်ကြာပြီးနောက် သခင်မကြီးချင်သည် ကျီကျောက်အပေါ် ပို၍ပင် စိတ်၀င်စားလာခဲ့သည်။
“ဒီအဖြစ်အပျက်တွေအရဆို ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ စီးပွားရေး ပိုပြီးနာမည်ကြီးလာရတဲ့ အကြောင်းအရင်းက သခင်မလေးကျီကြောင့်ပေါ့ ဟုတ်လား။”
“အဲ့လိုပြောလို့ရပါတယ်ဗျ” ချင်မင်ဟုန်က တည်ကြည်စွာ ခေါင်းညိမ့်ပြလိုက်သည်။
“အာ့ထောင်က အရမ်းကို ကောင်းလွန်းပါတယ်၊ သူ့ခင်ပွန်း ရှန်းယောင်ကလည်း အကျင့်စရိုက် ကောင်းမွန်ပြီး အရည်အချင်းနဲ့ ပြည့်စုံတဲ့ လူကြီးလူကောင်း တစ်ယောက်ပါ၊ လိုရင်းပြောရမယ်ဆို ဒီစုံတွဲက အရမ်းကောင်းမွန်တဲ့သူတွေပါဗျ၊ ဒီလိုလူတွေနဲ့ မိတ်ဆွေ့ဖွဲ့ရတာ ထိုက်တန်တယ်လို့ ကျွန်တော် ခံစားရတယ်၊ အနာဂတ်မှာ အခွင့်အရေး ရှိလာရင်တော့ ကျွန်တော် သူတို့နှစ်ယောက်ကို အိမ်တော်ကို ဧည့်သည်အဖြစ်နဲ့ ဖိတ်ခေါ်ပြီး အရီးလေးနဲ့ သေသေချာချာလေး မိတ်ဆက်ပေးချင်တယ်။”
“မင်ဟုန်…. စီရင်စုမြို့တော်အတွင်းမှာ တို့တွေရဲ့ ချင်မိသားစု အဆင့်အတန်းကိုလည်း မင်း သိတယ် မဟုတ်လား၊ လောကကြီးမှာ အကျိုးအမြတ် ရနိုင်တာတွေ အများကြီးပါ… ဒါကြောင့် မင်းနဲ့ အာ့ထောင် ရင်းနှီးတယ်ဆိုတာ သိရတော့ အရီးလေး နည်းနည်း အံ့ဩသွားမိတယ်၊ သူတို့တွေက ယုံကြည်အားကိုးရတဲ့ မိတ်ဆွေတွေလို့ မင်းထင်တယ်ဆိုရင် အရီးလေးဖက်က ဘာမှ ထွေထွေထူးထူး ပြောစရာ မရှိနေပါဘူး….. ဒါပေမဲ့…. မိတ်ဆွေတွေဆိုတာ အချင်းချင်း ကူညီရိုင်းပင်းသင့်တယ်မလား။”
“အရီးလေး ဆိုလိုချင်တာက….”
“အရင်တုန်းက အရီးလေး ချင်အိမ်တော်ကို လက်ထပ်ပြီး မ၀င်ရောက်ခင်က နတ်ဆေးသမားတော် ရှန်းဟယ်အပေါ် ကျေးဇူးကြွေးတင်ခဲ့ဖူးတယ်၊ နောက်တော့ မိဘတွေရဲ့ စီစဉ်မှုအောက်မှာ သူ့ကို အရီးလေးရဲ့ မွေးစားအစ်ကိုအဖြစ် အသိအမှတ်ပြုခဲ့တယ်၊ ဒါပေမယ့် ဒီအကြောင်းကို လူအများကြီး မသိခဲ့ဘူး၊ ဒါ့အပြင် ရက်အနည်းငယ်အကြာက သူက သခင်မလေးကျီကို ခေါ်လာပြီး အရီးလေးနဲ့ လာတွေ့ခဲ့တယ်လေ” သခင်မကြီးချင်သည် အပြုံးဖြင့် ရှင်းပြသည်။
“ချင်မိသားစုအာဏာကိုသုံးပြီး တစ်ယောက်ယောက်က မင်းရဲ့ မိတ်ဆွေကို အနိုင်ကျင့်နေတယ်တဲ့လေ”
“ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲဗျ”
သခင်မကြီးချင်မှ ဖြစ်စဉ်တစ်ခုလုံးအား အကျဉ်းချုံးရှင်းပြပြီးနောက် ချင်မင်ဟုန်သည် သူ့နှလုံးသားမှ မပျောက်ကွယ်နိုင်သည့် ဒေါသတရားအား ခံစားလိုက်ရသည်။
“လုဟုန်ရှန်က အရမ်းကို ရက်စက်ဆိုးယုတ်လွန်းတာပဲ”
“တို့ချင်မိသားစုမှာပဲ ပန်း၀တ်မှုန်ရနံ့အဆိပ် ဖော်စပ်နည်း ရှိတာလေ…. လုဟုန်ရှန်လက်ထဲကို အဆိပ်ထည့်ပေးလိုက်တဲ့သူကို မင်း ကောင်းကောင်းသိမယ်လို့ တို့ ယုံကြည်တယ်”
သခင်မကြီးချင်သည် အသံတိုးတိုးဖြင့် ရှင်းပြလာသည်။
“ဒီနှစ်တွေထဲမှာ မင်းရဲ့ မိထွေးကောင်းက ချင်မိသားစုတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ တို့ သူမနဲ့ ပြိုင်ပြီး စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး…. ဒီတစ်ခေါက်မှာတော့ မင်းရဲ့ မွေးနေ့ပွဲကို ကျင်းပပေးဖို့ တို့ ဘာလို့ တောင်းဆိုခဲ့တယ်ဆိုတာ မင်း သိသင့်ပါပြီ”
ချင်မင်ဟုန် ဘယ်လိုလုပ် မသိပဲ နေပါ့မလဲ။ ပထမဆုံးအနေဖြင့် သူက အသက် ( ၂၃ ) နှစ် ပြည့်ပြီး ဖြစ်သလို သူ့အရွယ် သခင်လေးတိုင်းမှာ လမ်းလျှောက်စပြုနေပြီဖြစ်သည့် ကလေးများပင် ရှိနေကြပြီ ဖြစ်သည်။ ဒုတိယအချက်အနေနဲ့ အကြီးဆုံးအဒေါ်က သခင်မလျို့အား အခွင့်အရေးပေးနေခြင်း ဖြစ်ပေသည်။ သခင်မလျို့သာ သူမွေးနေ့ပွဲမှာ တစ်ခုခုလုပ်ပါက အကြီးဆုံးအဒေါ်မှာ သူမအား သေချာပေါက် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
“မင်းတို့ ဦးရီးတော် ပျောက်သွားကတည်းက အရီးလေးက အိမ်တော်ကို စီမံခန့်ခွဲမှုမှာ ပျင်းရိခဲ့မိတယ်၊ အဲ့လိုမှ မဟုတ်ရင် နှစ်တွေအကြာကြီး တို့ နားနားနေနေ နေနေခဲ့မှာ မဟုတ်ဘူး” သခင်မကြီးချင်သည် ခပ်ဖွဖွ ရယ်မောလိုက်မိသည်။ “ဒါပေမဲ့ အခုတော့ သခင်မလျို့က တို့ချင်မိသားစုဂုဏ်သတင်းကို အထိန်းအကွပ်မဲ့ ဖျက်ဆီးနေတာကို တို့ကြည့်မနေနိုင်တော့ဘူး….. ကောင်းကင်ဘုံမှာရှိတဲ့ မင်းဦးလေးကို မျက်နှာချင်းဆိုင်ဖို့ အရှက်ရမိတယ်”
“အရီးလေး…. အဲ့လိုမတွေးလိုက်ပါနဲ့ဗျ” ထိုစကားအားကြားပြီးနောက် ချင်မင်ဟုန်၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာခဲ့သည်။ “ကောင်းကင်ဘုံက လူကောင်းတွေကို ကြည့်ရှုစောင်မပေးမှာပါဗျ….. ဦးရီးတော် အသက်ရှိနေဦးမယ်လို့ ကျွန်တော် ယုံကြည်တယ်”
“တို့လည်း အဲ့လိုပဲ မျှော်လင့်မိပါတယ်ကွယ်”
ရူရီနန်းဆောင်။
ချင်မင်ဟုန်တစ်ယောက် ဖန်းကွေ့ခန်းမထဲသို့ ထမင်းဘူးများဖြင့် အပြေး၀င်သွားသည့် အကြောင်းအား ကြားပြီးနောက် သခင်မလျို့ အမျက်ထွက်သွားရသည်။
“ဒီကျေးဇူးကန်းတဲ့ ကောင်စုတ်လေးကတော့ ကောင်းကောင်း ပျိုးထောင်ပေးလို့ မရဘူးပဲ…. ဘယ်သူနဲ့ နီးနီးကပ်ကပ် နေသင့်တယ်ဆိုတာ တကယ် မပြောနိုင်ဘူးပဲ”
“သခင်မ…. ကိုယ်နဲ့ မသက်ဆိုင်တဲ့ တစ်စုံတစ်ယောက်အပေါ် ဒေါသထွက်နေရင် သခင်မရဲ့ ကျန်းမာရေး ထိခိုက်နေပါလိမ့်မယ်” သခင်မလျို့ အနောက်ရှိ အထိန်းတော်တစ်ယောက်မှ အလျင်အမြန် နှစ်သိမ့်ပေးလာသည်။ “အကြီးဆုံးသခင်လေးက ဖန်းကွေ့ခန်းမက တစ်ယောက်နဲ့ ရင်းနှီးနေတယ်ဆိုရင်တောင် ပြဿနာ မရှိဘူး၊ သူက အဆင့်နိမ့်ကုန်သည် တစ်ယောက်ပဲ မဟုတ်လား….. ကျွန်မတို့ ဒုတိယသခင်လေးနဲ့ မတူဘူးလေ၊ ကျွန်မတို့ရဲ့ ဒုတိယသခင်လေးကမှ စာသင်ကြားတဲ့နေရာမှာ အရမ်းတော်လွန်းလို့ ဆရာကတောင် မကြာခဏ ချီးကျူးနေရတယ်မလား”
သူမရဲ့ သားအရင်းအကြောင်း ကြားလိုက်ရသည့်အခါ သခင်မလျို့ရဲ့ နှလုံးသားထဲမှ ဒေါသများမှာ ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။
“အမှန်ပဲ….. အဲ့ကျေးဇူးကန်းတဲ့ ကောင်စုတ်လေးထက်စာရင် တို့အာ့ယောင်က ပိုပြီး အရေးကြီးတာပေါ့၊ အိုး ဟုတ်သားပဲ…. ဒီနေ့ အာ့ယောင် ပြန်လာမဲ့ရက် မဟုတ်လား၊ သူ တို့ကို ဘာလို့ လာမတွေ့သေးတာလဲ”
***