ဉာဏ်များသည့် မေးခွန်းများ
Vol. 21 Ch. 311
ညအမှောင်သည် အနက်ရောင်ကတ္တီပါ အ၀တ်စကဲ့သို့ ထူပိန်းမှောင်မဲနေကာ ကြယ်ကလေးများမှာ တောက်ပလင်းလက်သည့် စိန်ပွင့်လေးများသဖွယ် တန်ဆာဆင်လျက်ရှိနေကြပေသည်။
ရှန်းယောင်သည် လက်နောက်ပစ်လျက် ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်ကာ ညကောင်းကင်ယံမှ ကြယ်အလင်းရောင်အား ကြည့်၍ သူ့နှလုံးသားမှာ ရေသေကဲ့သို့ တည်ငြိမ်နေပေသည်။
ကျီကျောက်သည် တမင်တကာဖြင့် သူမ၏ ခြေလှမ်းများအား ဖော့ပြီး လျှောက်ကာ သူ့ခါးအား အနောက်ကနေ ပွေ့ဖက်လိုက်သည်။
“ရှင် ဘာတွေ စဉ်းစားနေတာလဲ” ကျီကျောက်က နူးညံ့စွာ မေးလိုက်သည်။
“ဒီနေ့ မေးခွန်းအကြောင်း ကိုယ် တွေးနေတာပါ” ရှန်းယောင်သည် နောက်လှည့်လိုက်ကာ သူမ၏ ကိုယ်လေးအား သူ့လက်မောင်းထဲသို့ ဆွဲပွေ့လိုက်ရင်း ညင်သာစွာ ရှင်းပြလာသည်။
“ဒီနှစ်မေးခွန်းတွေက အရင်နှစ်နဲ့ယှဉ်ရင် နည်းနည်း ကွဲပြားမှု ရှိနေတယ်”
လေးနှစ်ခန့်အကြာက သူ့အမှတ်များမှာ အစားထိုးခံခဲ့ရသော်ငြား ဒီနှစ်တွေအတွင်း၌ စာမေးပွဲမေးခွန်းများပေါ်သို့ သူ အာရုံစိုက်ခဲ့သည်။
“တကယ်တော့…. ဒီနှစ်တွေအတွင်းမှာ တော်ဝင်စာမေးပွဲအတွက် မေးခွန်းတွေက ပုံစံတူမေးခွန်းတွေပဲ ဖြစ်ခဲ့တာလေ၊ အရင်နှစ်တွေက မေးခွန်းတွေက အရမ်းကိုမှ ဗလာဆန်ပြီးတော့ ဖြေဖို့ မခက်ကြဘူး…. ဒါ့အပြင် အရင်နှစ်က အမှတ်မှီတဲ့လူအများစု ရေးသားထားတဲ့ စာစီစာကုံး အများစုက အရမ်းကို စိတ်ကူးယဉ်ဆန်ပြီး လှပကြတယ်၊ ဒါပေမယ့် ဒီနှစ်မေးခွန်းတွေကတော့ လက်တွေ့ဆန်တဲ့ဖက်ကို ရောက်နေတယ်။”
“ နှစ်တိုင်း မိုးခေါင်ခြင်းနဲ့ ကျိုင်းကောင်ကပ်ဆိုက်တာကို ခံစားရတဲ့ နယ်မြေ တစ်ခုက အာဏာရှိတဲ့သူတွေက ဘာလုပ်သင့်လဲလို့ မေထားတယ်” ရှန်းယောင်က ခပ်ဖွဖွ ရယ်မောလိုက်မိသည်။ “ဒါ ဒီနေ့အတွက် စာမေးပွဲမေးခွန်းပဲ။”
“ဒီမေးခွန်းလား….” ကျီကျောက်သည် အလွန်အမင်း အံ့ဩသွားမိသည်။ တင်းယွမ်ကောင်တီမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေ မဟုတ်ဘူးလား။
“ဒီစာမေးပွဲက ရှင့်အတွက် ရည်ရွယ်ပြီး ထုတ်ထားတာမျိုးများလား”
ထင်ရှားနေသည့် ခန့်မှန်းချက် တစ်ခုမှာ ကျီကျောက်၏ နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့သည်။
ရှန်းယောင်ကိုယ်တိုင်လည်း မသိပေမဲ့ ဒီမေးခွန်းက တကယ့်ကို သူ့အတွက် တိုက်ဆိုင်မှု ရှိနေပေသည်။
“စကားမစပ်….. ဒီနေ့ အစ်ကိုချင် ကျွန်မကို လာရှာပြီး သူ့မွေးနေ့ပွဲ တက်ရောက်ပေးဖို့ ကျွန်မတို့ကို လာဖိတ်ထားတယ်” ကျီကျောက်က အပြုံးဖြင့် အကြောင်းအရာအား ပြောင်းလိုက်ပေသည်။
“ကျွန်မတို့တွေ အတူတူသွားကြရအောင်လေ… ရှင် နောက်ဆုံးစာမေးပွဲပြီးတဲ့အခါကျရင် သူ့အတွက် လက်ဆောင်ရွေးပေးဖို့ သွားကြတာပေါ့”
“ကောင်းပါပြီဗျ” ရှန်းယောင်သည် အပြုံးလေးဖြင့် သဘောတူလိုက်ရင်း သူမ၏ မျက်နှာလေးအား ဆိတ်လိုက်မိသည်။ “ကိုယ် မင်းစကား နားထောင်ပါ့မယ်”
ထိုစကားအား ကြားပြီးနောက် ကျီကျောက်သည် ရှက်ရွံ့စွာဖြင့် သူမ၏ ခေါင်းလေးအား သူ့လက်မောင်းထဲသို့ မြှုပ်နှံလိုက်သည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လခြမ်းလေးမှာ အနက်ရောင် တိမ်တိုက်များထဲသို့ တိတ်ဆိတ်စွာ ပုန်းကွယ်သွားသည်။
ရှစ်လပိုင်း ဆယ့်ငါးရက်မြောက်နေ့ ဆောင်းဦးလယ် ပွဲတော်။
တစ်ချိန်တည်းမှာပဲ တော်ဝင်စာမေးပွဲ နောက်ဆုံးအကြိမ်အား ကျင်းပနေပေသည်။
စာမေးပွဲ စတင်ကျင်းပချိန်မှာ ကိုးနာရီဆယ့်ငါးမိနစ်၌ ဖြစ်ပေသည်။ ခေါင်းလောင်းတီးသည်နှင့် စာမေးပွဲဖြေဆိုသူများမှာ စတင်ဖြေဆိုကြသည်။
ရှန်းယောင်သည် စာမေးပွဲမေးခွန်းအား ဖွင့်ကြည့်လိုက်သည့်အခါ သူ့မျက်၀န်းထဲမှ အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
နောက်ဆုံးမေးခွန်းမှာ အလွန် စိတ်၀င်စားဖွယ် ကောင်းပေသည်။
စာမေးပွဲမေးခွန်းမှာ ပုံပြင်တိုလေး တစ်ပုဒ် ဖြစ်ပေသည်။ နွားနေမကောင်းဖြစ်သဖြင့် နွားပိုင်ရှင်သည် နွားအား တိရစ္ဆာန်ကုသမားတော်ဆီသို့ ပို့ဆောင်ခဲ့သည်။ တိရစ္ဆာန်ကုသမားတော်မှ စစ်ဆေးကြည့်ရှုပြီးသည့်နောက် နွားမှာ နောက်ဆုံးအဆင့် အခြေအနေသို့ ရောက်နေပြီး မစားမသောက်နိုင်ဖြစ်နေကြောင်း သိလိုက်ရသည်။
နွားပိုင်ရှင်လည်း အသဲနှလုံး ကြေကွဲစွာဖြင့် နွားအား ဈေးနိမ့်နိမ့်ဖြင့် ရောင်းချလိုက်သည်။ ဒါပေမဲ့ နွားကို ၀ယ်ယူသည့် သားသတ်သမားမှာ တိရစ္ဆာန်ကုသမားတော်၏ အစ်ကိုဖြစ်သူ ဖြစ်ပြီး အမှန်တကယ်မှာတော့ နွားမှာ နာမကျန်းဖြစ်နေခြင်းမျိုး မရှိပေ။
နွားပိုင်ရှင်သည်လည်း အမှန်တရားအား ရှာတွေ့ပြီးနောက် စကားပြောဆိုရန် တိရစ္ဆာန်ကုသမားတော်ဆီ သွားခဲ့သည်။ နောက်ဆုံးမှာတော့ ထိုသမားတော်က သူ့အား တစ်ဖန် ပြန်ရန်တွေ့ကာ နွားမှာ ကူးစက်ရောဂါရှိနေကြောင်း ပြောကာ နွားပိုင်ရှင်ဆီမှ ထိုနွားအား ကုသပေးရန် ငွေထပ်တောင်းပြန်သည်။ တိရစ္ဆာန်ကုသမားတော်ရဲ့ အစ်ကိုဖြစ်သူ သားသတ်သမားကလည်း ကလိမ်ကကျစ်ကျကာ နွားပိုင်ရှင်သည် မကောင်းသော အကြံအစည်ဖြင့် သူ့အား နာမကျန်းဖြစ်နေသည့် နွားအား တမင်တကာ ရောင်းချပါသည်ဟု စွပ်စွဲပြောဆိုပြန်သည်။ နွားပိုင်ရှင်သည် ရိုးသားဖြောင့်မတ်သူ ဖြစ်သဖြင့် အရင်က ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးပေ။ အဆုံးမှာတော့ သူသည် မြို့တော် ရာဇ၀တ် တရားသူကြီးအား အနူးအညွတ် တောင်းပန်ခဲ့သည်။ သို့ပေမယ့် တရားသူကြီးမင်းမှာ အမှား အမှန် ခွဲခြားပိုင်းဖြတ်နိုင်စွမ်း မရှိပေ။ နွားပိုင်ရှင်သည် မတရားခံရသူဖြစ်သည့်သူက ရက်စက်ကြမ်းကြုတ်သည့် တရားခံဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိသည့်အတွက် ရုံးတော်ထဲမှာပဲ သူ့လျှာ သူ ကိုက်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်။
နောက်တော့ အမုန်းတရားများနှင့် ပြည့်နှက်နေသည့် နွားပိုင်ရှင်၏ ဇနီးသည် သူမ၏ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး ရာဇ၀တ်ရုံးတော်ထဲသို့ သူမ၏ မိသားစုကို ခေါ်လာကာ တရားမမျှတမှုရဲ့ ဗုံသံအား တီးခတ်ခဲ့ပေသည်။
စာမေးပွဲဖြေဆိုသူများ ဖြေဆိုရမည့် မေးခွန်းမှာ…. အကယ်၍ သူတို့သာ ရာဇ၀တ်တရားသူကြီးမင်း ဆိုပါစို့၊ မတူညီသည့် ထွက်ဆိုချက် နှစ်ခု ရှိသည့် တရားလိုအုပ်စု နှစ်ခုအား ရင်ဆိုင်ရပါက မည်သို့ ဖြေရှင်းကိုင်တွယ်သင့်ပါသလဲ။
ဒီမေးခွန်းက တကယ်ကို ဉာဏ်များလွန်းလှပေသည်။
အဆုံးမှာ မည်သူကမှ ထိုနွားက နာမကျန်းဖြစ်နေတဲ့ နွား ဟုတ် မဟုတ် မသိကြပေ။
စာမေးပွဲဖြေဆိုသူအများစုမှာ အမူအရာကင်းမဲ့စွာဖြင့် သူတို့၏ နားများနှင့် ပါးများအား ကုတ်ခြစ်နေကြပေသည်။
ရှန်းယောင် တစ်ယောက်သာလျှင် ထိုမေးခွန်းအား ဖတ်ရှုပြီးသည်နှင့် စတင် ဖြေဆိုတော့သည်။
စာမေးပွဲစောင့်ကြပ်သူ ချင်ချန်သည် ရှန်းယောင် ဖြေဆိုထားသည့် အဖြေစာရွက်အား မြင်ပြီးနောက် မျက်ခုံးပင့်သွားမိသည်။ ဆန်းသစ်လှသည့် အမြင်တစ်ခုပါပဲလား။
ဒီနှစ်အင်ပါယာ ၀င်ခွင့်စာမေးပွဲရဲ့ နောက်ဆုံးမေးခွန်းမှာ လက်ရှိဘုရင်မင်းမြတ်နှင့် မင်းသားရှန်တို့ကိုယ်တိုင် မေးခွန်းထုတ်ထားခြင်း ဖြစ်ပေသည်။
အရှင်မင်းကြီးနှင့် မင်းသားရှန်တို့သည် လက်ရှိ မိဖုရားကြီး၏ သားတော်များဖြစ်ကြပြီး အရှင်မင်းကြီးမှာ မင်းသားရှန်အား ယုံကြည်လှပေသည်။
မင်းသားရှန်သည် သက်တော်ပြည့်ပြီးခါစ မင်းသားတစ်ပါဖြစ်သော်ငြား သူ၏ စစ်မက်ရေးရာ အောင်မြင်မှုများမှာ မယှဉ်နိုင်လောက်အောင် ကျော်ကြားလှပေသည်။
လွန်ခဲ့သော ခုနှစ်နှစ်ခန့်အကြာက ဆယ့်သုံးနှစ်အရွယ် မင်းသားရှန်သည် တိုက်ပွဲတစ်ခုမှ ကျော်ကြားလာခဲ့ခြင်း ဖြစ်ပေသည်။ သူ့တပ်အုပ်စု တော်ဝင်နန်းတော်သို့ ပြန်ရောက်ပြီးနောက် စစ်မက်အာဏာအား ပြန်လည်ပေးအပ်ပေမဲ့ အရှင်မင်းကြီးမှ ယူချင်စိတ် မရှိခဲ့ချေ။ နောက်ပိုင်းမှာ မင်းသားရှန်သည် တော်ဝင်နန်းတော်ထဲမှာပဲ နေထိုင်ခဲ့ပြီး နန်းတွင်းရေးရာ အမှုအခင်းများတွင် သူ့ထင်မြင်ချက်များအား ရှားရှားပါးပါးသာ ဖော်ပြခဲ့သည်။
ဒီနှစ်စတွင်မှသာ မင်းသားရှန်သည် ရုတ်တရက် လှုပ်ရှားလာကာ တော်ဝင်စာမေးပွဲတွင် ဒီလို ဉာဏ်များလှသည့် မေးခွန်းမျိုး ထုတ်လာခဲ့သည်။
ချင်ချန်သည် နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးပြီဟု ထင်ခဲ့ပေမဲ့ မေးခွန်းလှည့်ထားသည့် မေးခွန်းမျိုးအား တွေ့လိုက်ရသောအခါ သူကိုယ်တိုင်တောင် ကြံရာမရ ဖြစ်မိသည်။
အရမ်းနည်းပါးလှသည့် လူနည်းစုသာ အမှတ်မှီနိုင်လောက်မည်ဟု သူ အနည်းငယ် စိုးရိမ်နေမိသည်။
ရှန်းယောင်၏ အဖြေစာရွက်အား မြင်ပြီးသည့်နောက် မင်းသားရှန်း၏ မေးခွန်း နောက်ကွယ်မှ အဓိပ္ပါယ် အစစ်အမှန်အား နားလည်သွားသည်။
ယင်ချွမ်စားသောက်ဆိုင်။
ကျီကျောက်သည် နှင်းလွှာလမုန့် တချို့အား ပြုလုပ်လျက် လမုန့်များထည့်ရန် လှပလှသည့် မုန့်ဘူးများအား ပြင်ဆင်နေသည်။
“သခင်မရဲ့ လက်တွေကတော့ ထက်မြက်လွန်းလှပါပေတယ်”
ပဲအနှစ် ထည့်ထားသည့် နှင်းလွှာလမုန့် တစ်ပိုင်းအား မြည်းစမ်းကြည့်ပြီးနောက် ဆိုင်ရှင်ချန်သည် ကျီကျောက်အား သူ့နှလုံးသား အောက်ခြေမှ လက်မထောင်ပြလိုက်သည်။
“လမုန့်တွေ အများကြီး ကျွန်တော် မြည်းစမ်းခဲ့ဖူးတယ်ဗျ၊ ဒါပေမဲ့ သခင်မရဲ့ နှင်းလွှာ လမုန့်လောက် အရသာရှိတဲ့ မုန့်မျိုး မရှိခဲ့ဖူးဘူးဗျာ”
“ဆိုင်ရှင်ချန် ကြိုက်တယ်ဆို နောက်ထပ် နှစ်ခုလောက် ထပ်ယူစားပါဦးရှင့်” ကျီကျောက်သည် ဆိုင်ရှင်ချန်အား လမုန့်တချို့ ကမ်းပေးလိုက်သည်။ “ပဲအနှစ်ထည့်ထားတာအပြင် ကြာစေ့ရော ဆောင်းဖရဲသီးရော ထည့်လုပ်ထားပါသေးတယ်၊ အရသာအရှိဆုံးက ဘာလဲလို့ မေးရင်တော့ ဘဲဥအနှစ် ထည့်ထားတဲ့ လမုန့်ပါပဲရှင့်”
“ကျွန်တော် ဘယ်လို လက်ခံရပါ့ဗျာ….” ဆိုင်ရှင်ချန်သည် သူ့လက်အား ထပ်ခါထပ်ခါ ဝှေ့ယမ်းကာ ပြောသည်။ “ဒါမှမဟုတ် သခင်မ ကျွန်တော့်ကို ဒီလမုန့် ရောင်းပေးရင်ရောဗျ”
“ဆိုင်ရှင်ချန်….. ကျွန်မတို့တွေ ဒီတစ်လျှောက်လုံး ရှင့်ကို ဒုက္ခပေးခဲ့မိပါတယ်ရှင်၊ ဒါ့အပြင် ရှင်က ကျွန်မတို့အတွက် တစ်နေ့ ထမင်းသုံးနပ်လဲ ပြင်ဆင်ပေးသေးတယ်လေ၊ ကျွန်မ စားသောက်ဆိုင်ရဲ့ စားဖိုဆောင်ကိုလည်း အချိန်တိုင်း ငှားနေခဲ့ရတာမလား” ကျီကျောက်က ရိုးသားစွာ ပြောလာသည်။
“ဒီလမုန့်တွေကို ကျွန်မတို့ရဲ့ စိတ်ကျေနပ်မှု တိုကင်ပြားအဖြစ် ယူလိုက်ပါရှင်၊ ရှင် ဒီမုန့်တွေ မယူရင် ကျွန်မတို့ကို စိမ်းကားနေတယ်လို့ပဲ ခံစားမိတယ်”
သူ တကယ် မငြင်းပယ်နိုင်သည်အား တွေ့ရသည့်အခါ ဆိုင်ရှင်ချန်သည် လမုန့်များအား လက်ခံရန်သာ တတ်နိုင်သည်။ သို့ပေမယ့် သူ့ကိုယ်သူ တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်မိသည်။ အကယ်၍ ရှန်းယောင်တို့ ဇနီးမောင်နှံသာ အနာဂတ်မှာ ညွှန်ကြားစရာ တစ်စုံတစ်ရာ ရှိလာခဲ့ရင် သူ သေချာပေါက် ငြင်းပယ်လိမ့်မည် မဟုတ်ပေ။
“စကားမစပ်လေ…. သခင်မတို့ မြို့တော် စီရင်စုမှာ စားသောက်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ကျွန်တော် ကြားမိသလားလို့ဗျ” ဆိုင်ရှင်ချန်သည် တစ်စုံတစ်ခုအား တွေးလိုက်မိကာ စိတ်၀င်တစား မေးလာခဲ့သည်။
“ဆိုင်ဖွင့်ဖို့အတွက် နေရာ ရွေးပြီးပြီလားဆိုတာ ကျွန်တော် သိချင်လို့ပါဗျ”
“အစ်ကိုချင်က ဆိုင်ခန်း သုံးခန်း ကူရွေးပေးခဲ့တယ်၊ ဒီတစ်လျှောက်မှာ ကျွန်မခင်ပွန်းက စာမေးပွဲဖြေနေရတာဆိုတော့ ကျွန်မတို့တွေ အခုထိ သွားကြည့်ဖို့ အချိန်မရှိသေးပါဘူးရှင်” ကျီကျောက်သည် လမုန့်များအား ထုပ်ပိုးလျက် ရှင်းပြလာသည်။
“ဒါပေမဲ့ ကျွန်မတို့တွေ စီရင်စုမြို့တော်မှာ အချိန်အကြာကြီး သေချာပေါက် နေရလောက်မယ်၊ ရက်အနည်းငယ်ကြာရင်တော့ ကျွန်မတို့တွေ သင့်တော်တဲ့ အိမ်ဝိုင်းတစ်ခုလောက် အရင် ရှာကြမလို့ပါ၊ အရင်အခြေကျသွားပြီးရင်တော့ ဖြေးဖြေးချင်းစီ ဆိုင်ခန်းတွေကို ပတ်ကြည့်မလို့ပါပဲရှင်”
“သခင်မ….. ကျွန်တော်တို့ ယွင်ချွမ်စီရင်စုမှာ စားသောက်ဆိုင် အနည်းဆုံး ထောင်ချီ ရှိပါတယ်ဗျ၊ သခင်မတို့ စားသောက်ဆိုင် ဖွင့်ချင်ရင်ဆို အားထုတ်မှုတချို့ ရှိသင့်နေတုန်းပါပဲ” ဆိုင်ရှင်ချန်က အလျင်အမြန် ရှင်းပြလာသည်။
“ဥပမာအနေနဲ့ဆို မြို့တော်မှာ အကြီးဆုံး စားသောက်ဆိုင်က ထျန်ရှန်းစားသောက်ဆိုင် ဖြစ်ပြီး သူတို့ရဲ့ ဘဲသားကင်က အထက်တန်းအဆင့်ပါပဲဗျ၊ ပညာရှင်ကျောင်းသားတွေနဲ့ အထက်တန်းကျတဲ့ ဧည့်သည်တွေကတော့ ကောင်းရှန်းစားသောက်ဆိုင်ကို သွားရတာ သဘောကျကြတယ်၊ တကယ်တော့ ကောင်းရှန်းစားသောက်ဆိုင်က အစားအသောက်တွေက ပုံမှန်အရသာပဲ ဆိုပေမဲ့ နောက်ကွယ်က သူဌေးရဲ့ ချမ်းသာထည်ဝါမှုကတော့ မယှဉ်နိုင်လောက်အောင်ပါပဲ၊ သူက ဆယ်ရက်တစ်ကြိမ် စားသောက်ဆိုင်မှာ ဖျော်ဖြေဖို့ လူတွေကို ဖိတ်ခေါ်တယ်၊ အခြားစားသောက်ဆိုင်တွေမှာလဲ သူတို့ကိုယ်ပိုင် ထူးခြားချက်ကိုယ်စီ ရှိကြတယ်”
“တကယ်တော့ မြို့တော်မှာ စားသောက်ဆိုင်ဖွင့်ဖို့ အရင်ဆုံး ကျွန်မ တွေးမိချိန်ကတည်းက အစ်ကိုချင်က မြို့တော်မှာ စားသောက်ဆိုင်တွေ အများကြီး ရှိကြောင်း ကျွန်မကို ပြောခဲ့ပြီးသားပါ၊ ချွင်းဖုန့်စားသောက်ဆိုင်ကို မြို့တော်လို နေရာမျိုးမှာ ဖွင့်ဖို့ဆိုတာ တကယ် မလွယ်ကူဘူး” ကျီကျောက်က ဖျော့တော့စွာ ပြုံးပြလိုက်သည်။
“ဒါပေမဲ့ ကျွန်မရဲ့ ဟင်းချက်စွမ်းရည်နဲ့ဆို သေချာပေါက် ကျွန်မ လုပ်နိုင်ပါမယ်လို့ထင်တယ်။”
***