← Chapters

ခြံ၀န်းငယ်လေးတစ်ခု ၀ယ်ယူခြင်း

Vol. 21 Ch. 312

ခြံ၀န်းငယ်လေးတစ်ခု ၀ယ်ယူခြင်း

Vol. 21 Ch. 312

ဆိုင်ရှင်ချန်သည် ကျီကျောက်တစ်ယောက် ယုံကြည်ချက် အရမ်းရှိနေလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် မှင်သက်သွားမိပေမဲ့ ပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည်။

“သခင်မရဲ့ ဟင်းချက်စွမ်းရည်က တကယ့်ကို ထူးခြားပြောင်မြောက်လှပါတယ်ဗျ၊ သခင်မ ဘယ်လိုဆိုင်မျိုးဖွင့်ဖို့ အစီအစဉ် ရှိတယ်ဆိုတာ သိချင်မိတယ်။”

“လူချမ်းသာတွေကို ဧည့်ခံကျွေးမွေးတာမျိုးပါရှင့်” ကျီကျောက်သည် ခပ်ဖွဖွ ရယ်မောလိုက်ကာ သူ့အား သည်းထိတ်ရင်ဖိုအောင် လုပ်လိုက်သည်။ “ချွင်းဖုန့်စားသောက်ဆိုင် ဖွင့်ပြီးတဲ့အခါကျရင် ဆိုင်ရှင်ချန် လာပြီး အားပေးပါဦးရှင့်”

“ကောင်းပါပြီဗျ”

ဒီနေ့မှာ ဆောင်းဦးလလယ်ပွဲတော် ရှိခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ကောင်းကင်ဘုံမှာ စိတ်အခြေအနေ ကောင်းနေပုံရပေသည်။ နေ့ဖက်တွင် မိုးရွာလာခဲ့သည်။ ဆောင်းဦးမိုးမှာ အနည်းငယ် အေးမြကာ အပူချိန်အား လျော့ပါးစေသည်။ မိုးရွာပြီးနောက် ရာသီဥတုမှာ အလွန်တရာ သက်တောင့်သက်သာ ရှိလှပေသည်။

ချင်အိမ်တော်၊ ဖန်းကွေ့ခန်းမ။

သခင်မကြီးချင်သည် ကျီကျောက်မှ သူမဆီသို့ လူကိုယ်တိုင် လာရောက်တွေ့ဆုံမည်ဟု မထင်ထားမိချေ။

“အစကတော့ မနက်ဖြန်ကြမှ ကျွန်မခင်ပွန်းနဲ့အတူ အလည်လာဖို့ လုပ်ထားတာပါ၊ မနက်ဖြန်က အစ်ကိုချင်ရဲ့ မွေးနေ့ပွဲ မဟုတ်ပါလားရှင့်” ကျီကျောက်သည် ပြုံးလိုက်ကာ ညင်သာစွာ ရှင်းပြသည်။ “ဒါပေမဲ့ နောက်တော့ ဒီနေ့က ဆောင်းဦးလလယ် ပွဲတော်ရှိတာကို တွေးမိပြီးနောက် စိတ်ပိုင်းဖြတ်မှုတချို့ လုပ်ပြီး လာလည်ဖို့ ဆုံးဖြတ်လိုက်တာပါ၊ အဓိကအနေနဲ့ သခင်မကို ဒီနှင်းလွှာလမုန့်ကို မြည်းစမ်းစေချင်တာပါ၊ အနှောင့်အယှက်ဖြစ်သွားစေမိရင် တကယ်တောင်းပန်ပါတယ်ရှင့်”

“မိန်းကလေး ဘာတွေ လျှောက်တွေးနေတာလဲ” သခင်မချင်သည် သူမ၏ စကားများအား ကြားပြီးသည့်အခါ ရယ်လိုက်မိသည်။

“မင်းက ရည်ရွယ်ချက်ကောင်းနဲ့ လာတာပဲလေ၊ တို့က တို့အတွက် ကောင်းတဲ့အရာကို မသိတဲ့လူမျိုး မဟုတ်ပါဘူးကွယ်၊ မင်း လာပေးတာကို တို့ အရမ်းပျော်မိပါတယ်”

“သခင်မ မြည်းစမ်းကြည့်ပါဦးရှင့်”

“အာ့ထောင်…. တို့ကြားတာတော့ မင်းနဲ့ မင်ဟုန်နဲ့က တင်းယွမ်ကောင်တီမှာတုန်းက ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာပါဆို”

“ဟုတ်ပါတယ်ရှင့်” ကျီကျောက်သည် ရိုးသားစွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

“အစ်ကိုချင်က အရမ်းကြင်နာတတ်ပြီးတော့ ကျွန်မအမျိုးသားနဲ့ ကျွန်မတို့က စိတ်ရင်းအမှန်နဲ့ သူ့ကို မိတ်ဆွေကောင်းတစ်ယောက်လို သဘောထားတာပါ၊ ကျွန်မတို့တွေက စပ်တူ စီးပွားရေးမိတ်ဖက်တွေဆိုတာကို ဖယ်ထားရင်တောင် အစ်ကိုချင်က ကျွန်မတို့အတွက် မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တဲ့သူတစ်ယောက်လို့ ခံစားရပါတယ်ရှင့်”

ချင်မင်ဟုန်ရဲ့ မျိုးရိုးနာမည်က ချင်မဟုတ်ရင်တောင်မှ သူမနဲ့ ရှန်းယောင်တို့က သူနှင့် မိတ်ဆွေဖွဲ့ရန် ဆန္ဒရှိကြပေသေးသည်။

အကြီးဆုံးသခင်မချင်သည် ကျီကျောက်အား နှလုံးသားဖြူစင်လှသည့် ကောင်မလေးဟု မထင်ထားမိချေ။ သူမသည် သူ၏ စိုးရိမ်မှုများအား ပြည့်စုံအောင် ထောက်ပြလာသည်။

“အခုတော့ တို့မွေးစားအစ်ကိုက မင်းကို သူ့ရဲ့ တပည့်အတွက် လက်ခံချင်ရတဲ့ အကြောင်းရင်းကို တို့ နားလည်ပါပြီ” သခင်မကြီးချင်သည် ပြုံးလျက် ပြောလာသည်။

“တို့မိသားစုရဲ့ မျိုးရိုးနာမည်က ချန်ဖြစ်ပြီးတော့ တို့နာမည်က ဖန်ရုန်ပါ၊ မင်းစိတ်မရှိဘူးဆိုရင် အနာဂတ်မှာ တို့ကို ဒေါ်လေးရုန်လို့ ခေါ်နိုင်ပါတယ်ကွယ့်”

ကျီကျောက်သည် နာခံစွာခေါင်းညိမ့်ပြကာ ပြုံးလိုက်သည်။ “ဟုတ်ကဲ့ပါ ဒေါ်လေးရုန်ရှင့်”

သခင်မကြီးချင်သည် ပြုံးလိုက်ကာ တုံ့ပြန်လာသည်။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားလွယ်သလို ခံစားလိုက်ရသည်။ ဒီမိန်းကလေးသည် စေတနာထက်သန်၍ နာခံမှုရှိကာ ဖြူစင်ရိုးသားလှပေသည်။ လူတိုင်းသူမကို သဘောကျကြသည်မှာ အံ့ဩစရာ မရှိပေ။

“မင်ဟုန်ဆီကကြားရသလောက် မင်းရဲ့ ဟင်းရည်စွမ်းရည် အလွန် ထူးခြားပြောင်မြောက်လှတယ်ဆို” ပထမသခင်ချင်သည် ပြုံးလျက် သူမဘေးရှိ အထိန်းတော်ဝူအား ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် အထိန်းတော်ဝူသည် အစားအသောက်စာရင်းအား ယူ၍ ကျီကျောက်အား ကမ်းပေးလိုက်သည်။

“မနက်ဖြန်က မင်ဟုန်ရဲ့ မွေးနေ့ပွဲလေ၊ တို့ကို ဒီအစားအသောက်စာရင်း တစ်ချက်ကြည့်ဖို့ ကူပေးပါလားကွယ်။ တစ်ခုခုများ မှားနေတာရှိနေလားလို့လေ”

“ကောင်းပါပြီရှင့်” ကျီကျောက်သည် စိတ်အားထက်သန်စွာ သဘောတူလိုက်သည်။ သူမသည် အစားအသောက်စာရင်းအား ဖတ်ကြည့်ပြီးနောက် အတွေးများ ပြည့်နှက်စွာ မျက်မှောင်ကြုတ်လျက် မေးလိုက်မိသည်။

“ဒေါ်လေးရုန်ရှင့်….. ဒီအစားအသောက်စာရင်းကို ဘယ်သူ ရေးဆွဲပေးတာပါလဲ။”

“မင်ဟုန်ရဲ့ မိထွေးပါ”

သူမ ဒုက္ခရောက်နေသည့်အမူအရာအား မြင်ပြီးနောက် သခင်မကြီးချင် နားလည်သွားသည်။

“အာ့ထောင်…. ဒီစာရင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လားကွယ့်”

“တစ်ချက်ကြည့်ရုံနဲ့တော့ စာရင်းထဲမှာ ဘာမှားနေတယ်ဆိုတာ မသိနိုင်ပေမဲ့ သေချာလေး ဂရုစိုက်ပြီး စဉ်းစားကြည့်မယ်ဆိုရင်တော့ ပြဿနာတွေ အများကြီး ရှိနေပါတယ်ရှင့်” ကျီကျောက်သည် လေးနက်သည့်အသံဖြင့် ရှင်းပြသည်။

“အမဲသားနှပ်အနှစ်နဲ့ သကြားညို ကောက်ညှင်းဆန်ကိတ်တို့က အတူတူ တွဲစားဖို့ မသင့်တော်ပါဘူး၊ ဟင်းလျာနှစ်ခုလုံးကို တစ်ချိန်တည်းမှာ ရောစားမိရင် ဖောယောင်စေပါတယ်ရှင့်၊ ပြီးတော့ ဒီငါးကြင်းဟင်းနဲ့ နွယ်ချိုနဲ့က အတူတူမထားသင့်ပါဘူး၊ ငါးကြင်းဟင်းစားပြီး နွယ်ချိုပါတဲ့ ဟင်းချိုတစ်မျိုးမျိုးစားသုံးမိရင် အဆိပ်မိစေနိုင်ပါတယ်၊ ပြီးတော့ ကြက်သားနဲ့ မုန်ညင်းရွက်ကို အတူတူ တွဲစားမိမယ်ဆိုရင် အသက်ရှူသွေးလွှတ်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်”

သခင်မကြီးချင်သည် သူမ၏ နှလုံးသားထဲမှ အမည်မသိမီးတောက်များ တောက်လောင်လာသလို ခံစားရပေမဲ့ သူမသည် အတင်းအကြပ် ဖိနှိပ်ထားလိုက်သည်။

“ရူရီနန်းဆောင်က ထိုလူကတော့ ခေါင်းတလားမမြင်ရမချင်း မျက်ရည်ကျလောက်မှာ မဟုတ်ဘူးပဲ” သခင်မကြီးချင်သည် လှောင်ရယ်,ရယ်လိုက်ကာ အထိန်းတော်ဝူအား ဖျတ်ခနဲကြည့်လိုက်သည်။

“သူမက ဒီလိုရိုးရှင်းတဲ့ပွဲမျိုးကိုတောင် မစီစဉ်နိုင်မှတော့ ဒီမိသားစုကို ဦးစီးဖို့ ဘာလို့သူမကို လိုအပ်နေဦးမှာလဲ….”

“အထိန်းတော်ကြီး ဒုတိယသခင်ကြီးကို အိမ်တော်ကို ပြန်လာဖို့ ဖိတ်ခေါ်လိုက်ပါ…. တို့တွေ သူမရဲ့ အပေါ်ယံမျက်နှာကို လူတိုင်းရှေ့မှာ ဆွဲစုတ်မပစ်နိုင်ရင် သူမ ရပ်တန့်မှာ မဟုတ်တာကို တို့ စိုးရိမ်မိပါရဲ့၊ ပြီးတော့ သမားတော်ကိုလဲ ဖိတ်ခေါ်ခဲ့ချေ။”

“ကျွန်တော်မျိုးမ ချက်ချင်း သွားလိုက်ပါ့မယ်”

အထိန်းတော်ဝူသည် အလျင်အမြန် ပြန်ဖြေလိုက်ကာ ခန်းမထဲမှာ သွက်သွက်လေး ထွက်ခွာသွားပေသည်။

သခင်မကြီးချင်ရဲ့ လေသံမှာ တည်ငြိမ်နေပုံပေါ်သော်ငြား ကျီကျောက်သည် သူမ လေသံထဲ၌ သေနိုင်လောက်သည့် အရိပ်အယောင်အား ဖုံးကွယ်ထားသည်ကို ကြားနိုင်သေးပေသည်။

သို့ပေမယ့် ကျီကျောက်သည် အခြားသူ၏ မိသားစုရေးရာများတွင် စိတ်၀င်စားမှု မရှိတာကြောင့် ချက်ချင်း နှုတ်ဆက်လိုက်သည်။

သခင်မကြီးချင်သည် သူမအား မဟန့်တားစေဘဲ မနက်ဖြန်မနက်စောစော လာခဲ့ပေးပါရန် ဖိတ်ခေါ်သည်။ ကျီကျောက် စားသောက်ဆိုင်သို့ ပြန်ရောက်သည့် အချိန်တွင် ရှန်းယောင်လည်း ပြန်ရောက်နှင့်ပြီဖြစ်သည်။

“ဒါက….” ကျီကျောက်သည် ပိုင်ဆိုင်မှုစာချုပ်စာတမ်းအား တွေ့ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိသည်။

“ကိုယ် စားသောက်ဆိုင်ကနေ သိပ်မဝေးတဲ့ နေရာတစ်ခုမှာ ခြံ၀န်းငယ်လေးတစ်ခု ၀ယ်ခဲ့တယ်။ သွားကြည့်ချင်လား”

ရှန်းယောင်သည် သော့ချိတ်တွဲတစ်ခုအား ကောက်ယူ၍ သူမအား ကမ်းပေးသည်။ သူ့မျက်နှာပေါ်ရှိအပြုံးမှာ ညင်သာ၍ ခံညားနေပေသည်။

“ရှင် ခြံ၀န်းငယ်တစ်ခုကို ၀ယ်ခဲ့တာလား” ကျီကျောက်သည် အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ရှင် ဘယ်က ပိုက်ဆံရလာတာလဲ”

“ရက်အနည်းငယ်လောက်က ကိုယ် ပန်းချီကားတချို့ ရောင်းချခဲ့တယ်” ရှန်းယောင်သည် သူမ၏ နှာခေါင်းထိပ်လေးအား ချစ်မြတ်နိုးစွာ တို့ထိလိုက်ကာ အပြုံးလေးဖြင့် ရှင်းပြသည်။

“ချမ်းသာတဲ့လုပ်ငန်းရှင် တစ်ယောက်က ကိုယ့်ပန်းချီကားတွေကို မျက်စိကျသွားပြီး တန်ဖိုးမြင့်မြင့်ပေးပြီး ၀ယ်ခဲ့တယ်…. ကိုယ်လည်း ဒီရက်ထဲ မင်းကိုပြောဖို့ အချိန်မရှိသေးတာနဲ့ မပြောဖြစ်ခဲ့တာပါ”

“ကျွန်မ သိပါပြီ” ကျီကျောက်သည် သဘောပေါက်သွားကာ ပြုံးပြလိုက်သည်။ ခြံပိုင်ဆိုင်မှုစာချုပ်ပေါ်မှ နာမည်အား တွေ့ရသည့်အခါ သူမ ပို၍ ပဟေဠိဖြစ်သွားသည်။

“ရှန်းယောင်…. ဘာလို့ ကျွန်မနာမည်ကို စာချုပ်ပေါ်မှာ ရေးထားတာလဲ”

“အရူးမလေး” သူမရဲ့ စိတ်ရှုပ်ထွေးနေတဲ့ အမူအရာအား မြင်တော့ ရှန်းယောင်၏ မျက်လုံးထဲမှ အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။

“ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ဇနီးမလို့လေ၊ ဒီစာချုပ်စာတမ်းပေါ်မှာ မင်းနာမည် ရှိနေသင့်တာပေါ့”

ထို့နောက်မှသာ ကျီကျောက်သည် တုံ့ပြန်လာသည်။ သူမ၏ နှုတ်ခမ်းထောင့်လေးများမှာ ဖြေးဖြေးချင်း ကော့တက်သွားကာ နူးညံ့ညင်သာသည့် အပြုံးလေးအသွင် ထင်ဟပ်လာသည်။

“ရှန်းယောင်…. ရှင် ကျွန်မအပေါ် ဘာလို့ အရမ်းကောင်းပေးရတာလဲ”

“ကိုယ့်ဇနီးလေးကို ကောင်းကောင်းဆက်ဆံပေးရမှာ ကိုယ့်တာ၀န်ပါပဲဗျာ” ရှန်းယောင်သည် သူမအားပွေ့ဖက်လိုက်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ကျောက်ကျောက် အချိန်မလင့်သေးခင် အခုပဲ ကိုယ်တို့ သွားကြည့်ကြည့်ကြမလား”

“သေချာတာပေါ့ရှင်”

ကျီကျောက် ပြန်မရောက်ခင်က ရှန်းယောင်သည် သူတို့၏ အ၀တ်ထုပ်များအား သိမ်းဆည်းပြီးပြီဖြစ်ပေသည်။

စားသောက်ဆိုင်က ဘယ်လောက်ပဲ ကောင်းပါတယ်လို့ဆိုဆို အဆုံးမှာတော့ သူတို့ကိုယ်ပိုင်အသိုက်အမြုံလေး မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ကိုယ်ပိုင်ဖြစ်ကြောင်း စိတ်အာရုံခံစားရမှုကို မရရှိနိုင်ပေ။

ဆိုင်ရှင်ချန်နှင့် အပြန်အလှန် နှုတ်ဆက်စကားဆိုကြပြီးနောက် သူတို့နှစ်ယောက်သည် တစ်ယောက်လက်တစ်ယောက်ဆွဲကာ တောင်ဖက်လမ်းမကြီးတစ်လျှောက် လျှောက်သွားကြသည်။

ယွင်ချွမ်မြို့တော်မှာ အလွန်ကြီးမားလှပေသည်။ စည်ကားသိုက်မြိုင်လှသည့် လမ်းမရှည်ကြီးအပြင် နောက်ထပ် လမ်းမကြီးနှစ်ခုဖြစ်သည့် ဂင်ကိုလမ်းမကြီးနှင့် ဝူထုံလမ်းမကြီးတို့ ရှိပေသေးသည်။ ဒီလမ်းမကြီးနှစ်ခုမှာ ကြက်ခြေခတ်သဏ္ဍာန် ကန့်လန့်ဖြတ် တည်ရှိနေကြကာ ယွင်ချွမ်မြို့တော်အား မြောက်ဖက်ပိုင်း၊ တောင်ဖက်ပိုင်း၊ အရှေ့ဖက်ပိုင်းနှင့် အနောက်ဖက်ပိုင်းဟူသည် အပိုင်းလေး ခုအဖြစ် ပိုင်းခြားထားပေသည်။

အရှေ့ဖက်တွင် လှပပြီး ကျက်သရေရှိသည့် ခြံ၀န်းတချို့ရှိပြီး အိမ်တော်အများစုမှာ အာဏာရှိသည့် လူများနေထိုင်ကြပေသည်။

အကြီးဆုံးခြံ၀န်းကြီးမှာ ချင်အိမ်တော် ဖြစ်ပေသည်။ အနောက်ဖက်ပိုင်းတွင်တော့ အစိုးရရုံးတော်များနှင့် စားသောက်ဆိုင်တချို့ တည်ရှိပေသည်။ မြောက်ဖက်ပိုင်းတွင်တော့ ရိုးရှင်းလှသည့် ဝါးအိမ်လေးများ တည်ရှိကာ ဆင်းရဲချိုတဲ့သည့်မိသားစုမှ လူများနေထိုင်ကြပေသည်။

ရှန်းယောင်သည် တောင်ဖက်ပိုင်းရှိ ခြံ၀န်းငယ်လေးတစ်ခုအား အတော်ကြာကြာ မျက်စိကျခဲ့သည်။

ခြံ၀န်းငယ်လေးမှာ မကြီးပေမဲ့ အရှေ့ဖက်၀ိုင်းထဲတွင် ရှစ်လျှို့ပင်များ စိုက်ပျိုးထားပြီး အနောက်ဖက်ဝိုင်းထဲတွင် ရှေးဟောင်းရေတွင်းကြီးတစ်ခု ရှိပေသည်။

သူသည် တံခါးမကြီးအား တွန်းဖွင့်လိုက်ကာ ခန်းမဆောင်ထဲသို့ ၀င်လိုက်သည်။ ညာဖက်တွင် ကျယ်၀န်းကာ တောက်ပသည့် အဓိကအိမ်တော်ကြီးရှိပြီး ဘယ်ဖက်တွင် ပရိဘောဂထားသည့်အခန်း ရှိပေသည်။

“ဒီခြံ၀န်းထဲမှာ ကိုယ့်ကို စိတ်လှုပ်ရှားစေဆုံးက စားဖိုဆောင်ပဲလေ” ရှန်းယောင်သည် ပျော်ရွှင်နေသည့် ကျီကျောက်အား လှည့်ကြည့်ကာ အပြုံးလေးဖြင့် ရှင်းပြသည်။

“ကျောက်ကျောက် ကိုယ်တို့တွေ စားဖိုဆောင်ကိုသွားပြီး တစ်ချက်ကြည့်ကြည့်ကြမလား”

***

All Chapters