ကိုယ် မင်းကို လွမ်းတယ်
Vol. 21 Ch. 314
ဖန်းကွေ့ခန်းမဆောင် အပြင်ဖက်၌ မတ်တပ်ရပ်နေသည့် ချင်မင်ဟုန်သည် ထိုအကြောင်းအား ကြားပြီးနောက် သူ့နှလုံးသားမှ ဒုတ်ခနဲ တစ်ချက်ခုန်သွားမိသည်။
စဉ်းစားဆင်ခြင်မှုအတော်များများ ပြုလုပ်ပြီးနောက် သူသည် လေးလံသည့် ခြေလှမ်းများဖြင့် ခန်းမဆောင်ထဲသို့ လျှောက်လာခဲ့သည်။
သူ၏ စိတ်ဓာတ်ကျနေသည့် အမူအရာအား မြင်ပြီးနောက် သခင်မကြီးချင်သည် အထိန်းတော်ဝူအား တစ်ချက်ကြည့်လိုက်ပေသည်။
ခဏအကြာတွင် အထိန်းတော်ဝူသည် စွပ်ပြုတ်အချို နှစ်ပွဲအား ယူဆောင်လာခဲ့သည်။
“မင်းငယ်ငယ်တုန်းက အထိန်းတော်ဝူရဲ့ ပဲနီစွပ်ပြုတ်ချိုချိုလေး သောက်ရတာ သဘောကျတာကို တို့မှတ်မိသေးတယ်၊ အဲ့အချိန်တုန်းက အိမ်တော်က မင်းဘ၀က မလွယ်ကူခဲ့ဘူးမလား၊ သခင်မလျို့က အမြဲတမ်း သရုပ်ဆောင်နေခဲ့တာလေ၊ မင်းရဲ့ ဖခင်ကလည်း တော်ဝင်နန်းတော်ထဲကို စိတ်ရောကိုယ်ပါ မြှုပ်နှံထားတာကြောင့် မင်းကို ဂရုစိုက်ခဲခဲ့တယ်၊ မင်းက ကျီစယ်နောက်ပြောင်တတ်ပြီးတော့ ခေါင်းမာတဲ့ကလေးတစ်ယောက်ဖြစ်သလို တခါတလေ ရန်ပွဲတွေလည်း ဖြစ်ခဲ့သေးတယ်၊ မင်းရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဖန်းကွေ့ခန်းမဆောင်ကို လာတတ်တယ်” သခင်မကြီးချင်သည် ပဲနီစွပ်ပြုတ်ပန်းကန်လုံးအား ယူလိုက်ကာ ဇွန်းအား ပန်းကန်လုံးထဲ ထည့်မွှေလိုက်ရင်း သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။
“ကျွန်တော် ငယ်ငယ်တုန်းက အရီးလေးရဲ့ လျှို့ဝှက်ကာကွယ် စောင့်ရှောက်ပေးမှုကြောင့်သာ မဟုတ်ရင် အခုလိုအရွယ်ရောက်လာနိုင်ပါ့မလားတောင် ကျွန်တော် မတွေးမိပါဘူးဗျာ” ချင်မင်ဟုန်က ကျေးဇူးတင်လျက် ပြောသည်။
“ကျွန်တော့် နို့ထိန်းအမေ မကွယ်လွန်ခင်က သူမက အရီးလေးနဲ့ ကျွန်တော့်အမေက မိတ်ဆွေကောင်းတွေလို့ ပြောခဲ့တယ်၊ သူမ မသေခင်မှာ အကယ်၍ သခင်မလျို့ကသာ အနာဂတ်မှာ ကျွန်တော့်အပေါ် ထောင်ချောက်ဆင်လာခဲ့ရင် ဖန်းကွေ့ခန်းမဆောင်ကို မကြာခဏသွားရောက်ဖို့ သူမက ပြောခဲ့သေးတယ်၊ အဲ့အချိန်တုန်းကတော့ ကျွန်တော်က အရမ်းငယ်သေးတာကြောင့် နို့ထိန်းအမေရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို နားမလည်ခဲ့ဘူးဗျ”
“စွပ်ပြုတ်ချိုချိုလေး မြည်းကြည့်ပါဦးကွယ်၊ အေးသွားရင် အရသာ မရှိလောက်တော့ဘူး” သခင်မကြီးချင်သည် သူ့အား ပြုံးပြကာ သူမ၏ မျက်လုံးများမှာ နူးညံ့သိမ်မွေ့နေပေသည်။
ချင်မင်ဟုန်သည် စွပ်ပြုတ် တစ်ပန်းကန်လုံးအား တိတ်တဆိတ် သုံးဆောင်သွားနောက် ထွက်ခွာသွားသည်။
သူ့နှလုံးသားထဲ၌ သံသယတချို့ရှိနေသော်ငြား သူ ထုတ်မပြောဖြစ်ခဲ့ပေ။
အရာအားလုံးပြီးနောက် တချို့သော လျစ်လျူရှုမှုများသည် ချမ်းသာသုခ ဖြစ်နိုင်ပေသည်။ ချင်အိမ်တော် အပြင်ဖက်သို့ သူခြေလှမ်းပြီးနောက် ချင်မင်ဟုန်က သူ့ခေါင်းအား မော့လိုက်ကာ ညကောင်းကင်ယံမှ တောက်ပနေသည့် လမင်းကြီးအား စူးစိုက်ကြည့်လိုက်ရင်း သူ့နှလုံးသားထဲ၌ ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပြည့်နှက်နေပေသည်။
ရုတ်တရက် ဒီနေ့သည် ဆောင်းဦးလလယ် ပွဲတော်နေ့ဖြစ်ကြောင်း အမှတ်ရသွားပေမဲ့ ပြန်လည်ပေါင်းဆုံခြင်း ညစာအား သူ မစားနိုင်တော့ပေ။
စီရင်စုမြို့တော်ရဲ့ ချင်မိသားစုအမည်အား ကြားလိုက်ပါက လူတိုင်း အားကျနေကြပေမဲ့ သူကတော့ အထီးကျန်မှုကိုသာ ခံစားရပေသည်။
ညနေခင်းစောစောတွင် ကျီကျောက်သည် ရိုးရှင်းလှသည့် ဟင်းလျာများနှင့် စွပ်ပြုတ် တစ်ပွဲ ချက်ပြုတ်လိုက်သည်။ ထိုဟင်းလျာများအားလုံးမှာ ရှန်းယောင် အကြိုက်များ ဖြစ်ပေသည်။
ကျီကျောက် မီးဖိုချောင်ထဲတွင် ဟင်းချက်နေခိုက် ရှန်းယောင်သည် ခြံ၀န်းထဲ၌ သန့်ရှင်းရေးလုပ်နေခဲ့ပေသည်။
စိမ်းလန်းစိုပြေသည့် ကျိုင်းပင်အိုကြီးအောက်တွင် သစ်သားစားပွဲအသေးလေး တစ်ခု ရှိပြီး ထိုစားပွဲပုံ ဘေးတစ်ဖက်စီတွင် ဝါးဆစ်ထိုင်ခုံ နှစ်လုံး ရှိပေသည်။
“စားလို့ ရပါပြီရှင့်” ဟင်းပွဲများချပြီးနောက် ကျီကျောက်သည် အပြုံးလေးဖြင့် ပြောသည်။
“စောင့်နေရတာ မောနေရောပေါ့ စားကြရအောင်လေ။”
“ကောင်းပါပြီဗျ”
နှစ်ဦးသားသည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလျက် တိတ်ဆိတ်စွာ သုံးဆောင်ကြသည်။
ဒီညလရောင်နှင့်ယှဉ်လျှင် သူဇနီးသေးသေးလေးမှာ ကမ္ဘာပေါ်တွင် အလှဆုံးအမျိုးသမီးလေးဟု ရှန်းယောင် ခံစားရပေသည်။
“အဟမ်း” သူသည် သူမအား တည့်တိုးဆန်ကာ ပြင်းပြစွာကြည့်နေခဲ့ကာ မခွဲခြားနိုင်သည့် ဆန္ဒများပင် ပါ၀င်နေသည်။
သူ့ထံမှ ဤ သို့ကြည့်ခံရပြီးနောက် ကျီကျောက်၏ ပါးပြင်များမှာ စတင်ပူခြစ်လာတော့သည်။
“ရှင်…..”
သူမ၏ မေးခွန်းအား အဆုံးမသတ်နိုင်ခင် ရှန်းယောင်သည် သူမအား မမျှော်လင့်စွာ ချဉ်းကပ်လာခဲ့သည်။
သူတို့သည် လင်မယားဖြစ်ပြီးကြသော်ငြား သူချဉ်းကပ်လာသည့်အချိန်တိုင်း ကျီကျောက်မှာ မျက်နှာများနီရဲလာကာ သူမ နှလုံးခုန်နှုန်းမှာ မြန်နေခဲ့သည်။
ကျီကျောက်သည် သူမ၏ လက်ထဲမှ တူတစ်စုံအား စိတ်လှုပ်ရှားစွာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ သူမ၏ မျက်လုံးများအား တိတ်တဆိတ် ပိတ်လိုက်ရင်း သူမ၏ နှုတ်ခမ်းလေးများအား စူလိုက်မိသည်။
“ကျောက်ကျောက် ဒီနားလေးမှာ ထမင်းလုံးကပ်နေတယ်” ရှန်းယောင်သည် ရယ်ချင်စိတ်အား ထိန်းလိုက်ကာ လေးနက်စွာပြောသည်။
ကျီကျောက်၏ မျက်နှာလေးမှာ တဖြည်းဖြည်း ရဲတွတ်လာတော့သည်။
“အိုး” ကျီကျောက်သည် ရှိုးတို့ရှန်းတမ်း ပြုံးလိုက်ရင်း ပြန်လှည့်လိုက်သည့်အချိန်မှာဘဲ ရှန်းယောင်က သူမအား ပွေ့ဖက်လာခဲ့သည်။
စိတ်လှုပ်ရှားနေသည့် ကျီကျောက်သည် မသိလိုက်ခင်မှာဘဲ သူ့လည်ပင်းအား ဖက်တွယ်လိုက်မိသည်။ သူမ၏ အရည်များရွှန်းလဲ့နေသည့် မက်မွန်ပွင့်မျက်၀န်းလေးမှာ တောထဲမှ သမင်ငယ်လေး မှင်သက်နေသကဲ့သို့ ချစ်ဖို့ကောင်းလှပေသည်။
ရှန်းယောင်သည် သူ့လက်မောင်းထဲမှသူအား ငုံ့ကြည့်လိုက်ကာ ပုစဉ်းတစ်ကောင်မှ ရေအား ထိလိုက်သကဲ့သို့ သူမ၏ နှုတ်ခမ်းပါးလေးအား ညင်သာစွာ ဖွဖွလေး နမ်းရှိုက်လိုက်ပေသည်။
“ရှင်….. ရှင် ဘာလို့ ဒီလိုမျိုးဖြစ်နေရတာလဲ” ကျီကျောက်သည် သူ့ရင်ဘတ်အား ထုလိုက်ကာ နူးညံ့စွာ ညီးညူလာပေသည်။
“ကျောက်ကျောက်” ရှန်းယောင်သည် ရုတ်တရက် သူမ၏ နားသယ်ဖျားလေးသို့ တိုးကပ်လိုက်ကာ သူ့လေသံမှာ ဖြားယောင်းသွေးဆောင်ရိပ်များ ပါနေခဲ့သည်။
ကျီကျောက်သည် သူမနှလုံးသားလေး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ “ဘာ…. ဘာဖြစ်လို့လဲ”
“ကိုယ် မင်းကို လွမ်းတယ်” ရှန်းယောင်သည် သူမအား တိုးညှင်းစွာပြောလိုက်ရင်း သူမ၏ နားသီဖျားလေးအား ဖွဖွလေးကိုက်လိုက်သည်။
ရှန်းယောင်သည် သူမအား အိမ်ဝင်းအတွင်းသို့ သယ်ဆောင်ရန်လုပ်နေတုန်းမှာပင် အရေးတကြီး တံခါးခေါက်သံအား ကြားလိုက်ရပေသည်။
သူ့လက်မောင်းထဲမှ ကျီကျောက်သည် သူ့အင်္ကျီစအား စိတ်လှုပ်တရှား ဆွဲကိုင်လိုက်သည်။ “အရမ်းနောက်ကျနေပြီ…. ဘယ်သူများ လာတာပါလိမ့်”
ထိုအချိန်တွင် ချင်မင်ဟုန်သည် ဝိုင်ကောင်း နှစ်အိုးအား သယ်ဆောင်လာလျက် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိပေသည်။
ဒီလိပ်စာ မှန်တယ်မလား….။
သူ နောက်တစ်ကြိမ် တံခါးခေါက်ရန် ပြင်ခိုက် သူ့ရှေ့ရှိ ခြံ၀င်းတံခါးမှာ ရုတ်တရက် ပွင့်လာခဲ့သည်။
သူသာ သူ့ကိုယ်သူ ဟန်ချီညီအောင် မထိန်းနိုင်ခဲ့ပါက မြေကြီးပေါ်သို့ ပြုတ်ကျသွားလောက်ပေသည်။
“ရှန်းယောင်…. ဒီနေ့က ဆောင်းဦးလလယ် ပွဲတော်နေ့လေ၊ ကျွန်တော်တို့တွေ အတူသောက်ကြရအောင်လေ” ချင်မင်ဟုန်က ပြုံးလျက် သူ့လက်ထဲမှ ဝိုင်အိုးအား မြှောက်ပြလိုက်သည်။
ချင်မင်ဟုန်သည် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ရှန်းယောင်၏ အမူအရာမှာ ညထက်ပင် မည်းမှောင်နေသည်အား သတိမပြုမိခဲ့ချေ။
“အစ်ကိုချင်လား”
ကျီကျောက်သည် ချင်မင်ဟုန်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိသဖြင့် အလျင်အမြန် မေးလိုက်သည်။ “အရမ်းညဉ့်နက်နေပြီလေ။ ဘာလို့ ဒီကိုရောက်လာတာလဲ။”
“တစ်ယောက်ထဲ ဆောင်းဦးလလယ်ပွဲတော်ကို ကုန်ဆုံးရမှာ နည်းနည်း ၀မ်းနည်းဖို့ကောင်းတယ်လေဗျာ” ချင်မင်ဟုန်က ကူကယ်ရာမဲ့စွာ ပုဆုံးတွန့်ပြလျက် ပြုံးရင်း ပြောသည်။
“ဒါကြောင့်မို့ ကိုယ် မင်းတို့ကို အနှောင့်အယှက်ပေးဖို့ ရောက်လာခဲ့တာလေ၊ ကိုယ် မင်းတို့ကို မနှောင့်ယှက်မိဘူးမလား။”
“သခင်လေး ဘယ်လို ထင် ပါ သ လဲ ဗျ” ရှန်းယောင်သည် အံကြိတ်လျက် မေးသည်။
“ကိုယ် အချိန်မှားရောက်လာတာလား” ချင်မင်ဟုန်သည် စိတ်ပျက်မှုများဖြင့် သူ့မျက်လုံးများအား အောက်စိုက်လိုက်သည်။
“ဒါဆိုလည်း ကိုယ် မင်းတို့ကို ထပ်ပြီး မနှောင့်ယှက်တော့ဘူး”
“အစ်ကိုချင် ထိုင်ပါဦးရှင့်” ကျီကျောက်သည် ပြုံးကာ သူ့လက်ထဲမှ ဝိုင်းနှစ်အိုးအား ယူလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ မီးဖိုချောင်ထဲမှာ လတ်လတ်ဆတ်ဆတ် ပုစွန်ထုပ်လေးတွေ ကျန်နေသေးတယ်…. အစ်ကိုကြီးတို့ အရက်နဲ့မြည်းဖို့ ညီမ သွားလုပ်ပေးမယ်”
ကျီကျောက်သည် လှည့်ထွက်ကာ မီးဖိုချောင်ထဲသို့ သွားရန်လုပ်လိုက်သည်။ သူမသည် ရှန်းယောင်ဘေးမှ ဖြတ်လျှောက်သွားချိန်တွင် သူ့၀တ်ရုံလက်စအား ဆွဲလိုက်ကာ တိုးတိုးလေးပြောသည်။ “အစ်ကိုချင်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်”
မကျေနပ်ချက်များဖြင့် ပြည့်နေသည့် ရှန်းယောင်သည် သူမ၏ ပါးဖောင်းဖောင်းလေးအား ဒေါသတကြီး ဆွဲလိုက်ကာ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။ “ကိုယ် သိပါပြီဗျ”
ကျီကျောက်သည် မီးဖိုချောင်ထဲသို့ ၀င်သွားကာ ဘူးသေးလေးထဲမှ လတ်ဆတ်သည့် ပုစွန်အရှင်တချို့အား ထုတ်လိုက်သည်။ ပုစွန်အမြည်းဟင်းလျာမှာ အလွန်တရာ ရိုးရှင်းလှပေမဲ့ အရေးကြီးဆုံးအချက်မှာ ပုစွန်အရှင်များအား အကြိမ်ရေတချို့ ရေဆေးရန် လိုအပ်ခြင်းပင်။ ပုစွန်များအား ဆေးကြောပြီးနောက် ပုစွန်ခေါင်း ပုစွန်ဥမှင်နှင့် ပုစွန်ခြေထောက်တို့အား ဖြတ်ထုတ်ရပေသည်။
သန့်စင်ပြင်ဆင်ပြီးသည့် ပုစွန်များအား ပန်းကန်ပြားပေါ်သို့တင်လိုက်ကာ အပေါ်မှ ပိုင်ကျူးသေရည်အား လောင်းချလိုက်ပေသည်။ ထို့နောက် ပန်းကန်လုံးတစ်ခု ယူကာ ဖုံးထားလိုက်ပေသည်။
ကျီကျောက်သည် ခဏလောက်တွေးပြီးနောက် အချဉ်ရည်တချို့ ရောထည့်ရန် ဆုံးဖြတ်လိုက်ပေသည်။
ကျီကျောက်သည် ကြက်သွန်စိမ်းတချို့အား ထုတ်လိုက်၍ လက်ချောင်းပမာဏခန့် လှီးလိုက်ပြီးနောက် စတင်၍ အချဉ်ရည်ဖြင့် ရောလိုက်သည်။
ထိုအချိန်တွင် ခြံ၀င်းအတွင်း၌ ရှန်းယောင်သည် လက်ပိုက်လျက် ဝါးထိုင်ခုံပေါ်သို့ မှီလိုက်ကာ တစ်ယောက်ထဲ သောက်နေသည့် ချင်မင်ဟုန်အား စိတ်၀င်တစား ကြည့်နေလိုက်ကာ ရုတ်တရက် ပြောလိုက်သည်။ “အရက်ကိုသုံးပြီး ခင်ဗျားရဲ့ စိုးရိမ်မှုတွေကို ထုံကျင်အောင်လုပ်တာက ခင်ဗျားရဲ့ စိုးရိမ်မှုတွေကို ပိုဆိုးအောင်ပဲ လုပ်မိလိမ့်မယ်ဗျ”
ချင်မင်ဟုန်သည် သူ့အား တိတ်တဆိတ် ကြည့်လာပြီး သူ့မျက်လုံးထဲ၌ အပြစ်ရှိစိတ်များဖြင့် ပြည့်နေသည်။
“ကိုယ် အချိန်မှား ရောက်လာတယ် ထင်ပါရဲ့”
“ ခင်ဗျား ရောက်လာတာပဲလေ” ရှန်းယောင်သည် အပြုံးလေးဖြင့် ပြန်ပက်လာခဲ့သည်။
“ကျောက်ကျောက် ပြောတာက ခင်ဗျားက ကျွန်တော်တို့ရဲ့ မိတ်ဆွေကောင်းတဲ့” ရှန်းယောင်သည် သူ့စကားအား ကြားဖြတ်ကာ စိတ်ရင်းဖြင့် ပြောလာသည်။
“ခင်ဗျား ဘာကို စိတ်ညစ်လို့ မူးမေ့အောင် သောက်ချင်တယ်ဆိုတာ ကျွန်တော် မသိပေမဲ့ အရက်သောက်တာက ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်၊ အခုထိ ခင်ဗျားက လက်ထပ်ရသေးတာလဲ မဟုတ်ဘဲ ခင်ဗျား ခန္ဓာကိုယ်ကို စောစောစီးစီး ပျက်ဆီးအောင်လုပ်ပြီး ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ထိခိုက်အောင် မလုပ်ပါနဲ့ဗျာ”
ချင်မင်ဟုန်သည် ပြုံးလိုက်မိကာ ခဏလောက် ရုန်းကန်လိုက်ပြီးနောက် သူ့လက်ထဲမှ ဝိုင်အိုးအား ချလိုက်ပေသည်။
“ကျောက်ကျောက်က ပြောတယ်။ ဒီနေ့ ပထမသခင်မဆီကို အလည်လာဖို့ အိမ်တော်ကို ရောက်ခဲ့တယ်တဲ့…. ပြီးတော့ ခင်ဗျားမွေးနေ့ပွဲရဲ့ အစားအသောက်စာရင်းမှာ မသင့်တော်တာကိုလဲ မြင်ခဲ့တယ်တဲ့လေ” ရှန်းယောင်သည် တည်ညိမ်စွာ ကြည့်လျက် မေးသည်။
“ဒါကြောင့်မလို့ ခင်ဗျား စိတ်ပျက်နေတာလားဗျ”
***