အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း
Vol. 8 Ch. 96
“နဝမကူတောင်တန်းတွေ ဟုတ်လား”
ကျိုးဝူပင်းက တိုးညင်းစွာ သက်ပြင်းချလိုက်၏။
“ရိုးရိုးသားသား ပြောရရင်... ငါ အဲဒီနေရာကို တကယ်ပဲ မသွားချင်ဘူး.. လီယွမ်က အန္တရာယ်များတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်သလို... သူ့ဆီမှာ ရှင်းပြလို့ မရနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတယ်”
“ဆရာ... ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူးလေ”
ကြည်လင်ပြတ်သားသော အသံလေး တစ်ခုက သတိပေးလာပြန်သည်။
ကျိုးဝူပင်းသည် စကားဖြင့်သာ ငြင်းဆန်နေသော်လည်း သူ၏ လုပ်ရပ်များကမူ သူ၏ စကားကို သစ္စာဖောက်နေခဲ့ချေပြီ ။သူသည် ဓားပျံပေါ်တွင် စီးနင်းလျက် တောင်တန်းများအတွင်းသို့ ရူးသွပ်စွာ ပျံသန်းဝင်ရောက်သွားလေတော့၏။
အချိန်အတော်ကြာပြီးနောက်။
သူတို့နောက်သို့ တကောက်ကောက် လိုက်လာခဲ့သော ကျီးကန်းအုပ်ကြီးမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ကျိုးဝူပင်းသည် တောင်ကုန်းတစ်ခုပေါ်တွင် ဆင်းသက်လိုက်ပြီး ဝူချင်းယင်းအား ချထားကာ ချိတ်ပိတ်ထားမှုကို ဖြေပေးလိုက်၏။
“စီနီယာအစ်ကို”
ဝူချင်းယင်းသည် ရုတ်တရက် ထထိုင်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့် ရှိနေတော့၏။
“ငါတို့ ကျိုးကုန်းတောင်တန်းတွေကို ရောက်လာပြီ.. အခုတော့ ဘေးကင်းသွားပါပြီ”
ကျိုးဝူပင်းက ဆိုလိုက်၏။
“စီနီယာအစ်ကိုရော ဘယ်မှာလဲ”
ထိုသို့ မေးမြန်းလိုက်သည့်အခိုက် ဝူချင်းယင်း၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ တုန်ရီနေရှာ၏။
“သူ သေသွားပြီ”
ကျိုးဝူပင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
“အဲဒီလို အခြေအနေမျိုးမှာ ရွှမ်းယွမ်က နောက်ချန်နေခဲ့တာက အကောင်းဆုံး ဖြေရှင်းနည်းပဲလေ”
“ငါလည်း နေခဲ့လို့ ရတာပဲ”
ဝူချင်းယင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဘာလို့လဲ နင် ဘာလို့ ငါ့ကို တားရတာလဲ စီနီယာအစ်ကို ဒီနေရာမှာ မသေသင့်ဘူးလေ”
“မင်း ဟုတ်လား”
ကျိုးဝူပင်းက ခေါင်းခါယမ်းလိုက်၏။
“မင်းက ဘာမှ အသုံးမကျပါဘူး.. မင်းသာ နောက်ချန်နေခဲ့ရင် အကြောင်းမဲ့ အသက်ဆုံးရှုံးရုံတင် မကဘူး... ကျန်တဲ့သူတွေပါ ဒုက္ခရောက်ကုန်မှာပဲ”
“ဘာပြောလိုက်တယ်”
ဝူချင်းယင်းသည် ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး ကျိုးဝူပင်းအား ချိန်ရွယ်လိုက်၏။
“ကျေးဇူးကန်းတဲ့ကောင်.. နင် အနိုင်ကျင့်ခံရတုန်းက စီနီယာအစ်ကိုက နင့်ဘက်က ရပ်တည်ပေးခဲ့တာကို နင် မေ့သွားပြီလား”
“နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သုံးနှစ်တိုင်တိုင် တိုးတက်မလာလို့ ဂိုဏ်းကနေ နှင်ထုတ်ခံရတော့မယ့် အချိန်တုန်းကလည်း စီနီယာအစ်ကိုကပဲ နင့်အတွက် တောင်းပန်ပေးခဲ့တာလေ အဲဒါကိုရော နင် မေ့သွားပြီလား”
“စီနီယာအစ်ကို နတ်ဆိုးတွေရဲ့ သတ်ဖြတ်တာကို ခံနေရတာကို ထိုင်ကြည့်ပြီးတော့ လိပ်ပြာသန့်သန့်နဲ့ ထွက်လာနိုင်လောက်အောင် နင်က ဘယ်လောက်တောင် အေးစက်ရက်စက်နိုင်ရတာလဲ”
ဝူချင်းယင်းက မရပ်မနား မေးခွန်းထုတ်နေတော့၏။
ကျိုးဝူပင်းက အားကိုးရာမဲ့စွာဖြင့် ဆိုလိုက်သည်။
“ငါ ပြောပြီးပြီလေ... အဲဒါက အကောင်းဆုံး ဖြေရှင်းနည်းပါလို့ သူသာ နောက်ချန်နေခဲ့ရင် ငါတို့ နှစ်ယောက်စလုံး အသက်ရှင်မယ်.. သူသာ မနေခဲ့ရင်... ငါ တစ်ယောက်တည်းပဲ အသက်ရှင်မှာ”
“တိတိကျကျ ပြောရရင်... သူက မင်းရဲ့ အသက်ကို ကယ်သွားတာ ငါ့အသက်ကို ကယ်တာ မဟုတ်ဘူး”
“မင်း တန်ဖိုးထားသင့်တယ်”
“နင်”
ဝူချင်းယင်းမှာ အလွန်ပင် ဒေါသထွက်သွားရတော့၏။
“ကောင်းပြီလေ ဒါဆိုရင် ဒီလိုစကားမျိုး ပြောရဲအောင် နင့်ကို ဘယ်သူက သတ္တိတွေ ပေးထားလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”
သူမသည် ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည့်အခိုက် ဓားချီစွမ်းအင်များမှာ ပင်လယ်တွင်းမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်နှယ် ဟိန်းဟောက် ပြင်းထန်လာခဲ့ချေပြီ။
ကျိုးဝူပင်းသည် ဓားရိုးကို အသာအယာ ပုတ်လိုက်ရုံဖြင့် ဓားသွားမှာ တစ်ပေခန့် ထွက်ပေါ်လာပြီး ပြင်းထန်လှသော ဓားချီစွမ်းအင်များကို ရိုက်ခွဲပစ်လိုက်လေရာ ထိုနဂါးကြီးမှာ ချက်ချင်းပင် ရွှံ့ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရတော့၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဝူချင်းယင်းမှာ အံ့အားသင့်သွားရတော့သည်။
“နင်... နင်က တပိုင်း သိုင်းသူတော်စင် အဆင့် နယ်ပယ်ကို ရောက်နေပြီလား”
“အင်း”
ကျိုးဝူပင်းက ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ တောင်တန်းများအတွင်းသို့ လျှောက်လှမ်းသွားသည်။
“ဓားသေတ္တာ ကိစ္စနဲ့ ပတ်သက်ပြီးတော့... ငါတို့ လီယွမ်ကို သွားမေးရဦးမယ်.. သွားကြစို့ စီနီယာအစ်မ”
...
နာရီဝက်ခန့် အကြာတွင်..
ကျိုးဝူပင်းနှင့် ဝူချင်းယင်းတို့သည် အမှတ် (၁၂) ဂူစံအိမ်၏ ဝါးတောလေးအတွင်းသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
“စီနီယာအစ်ကို လီယွမ်ကို အရိုအသေပေးပါတယ်”
နဝမဂူစံအိမ်တော်နှင့် လင်းရှောင်ဓားဂိုဏ်းတို့မှာ ရင်းနှီးသော ဆက်ဆံရေး ရှိကြသဖြင့် သူတို့နှစ်ဦးသည် လီယွမ်အား စီနီယာအစ်ကို ဟု အမြဲတစေ ခေါ်ဝေါ်လေ့ရှိကြသည်။
“မင်းတို့ သုံးယောက် ရှိတယ်လို့ ငါ မှတ်မိပါသေးတယ်.. ခေါင်းဆောင်က ဂျူနီယာညီလေး ရွှမ်းယွမ် မဟုတ်လား.. သူရော ဘယ်မှာလဲ”
လီယွမ်သည် လင်းရှောင်ဓားဂိုဏ်းမှ လူများကို ထပ်မံ မတွေ့မြင်လိုတော့သော်လည်း ပတ်သက်ဆက်နွှယ်နေသော ဆက်ဆံရေးများကြောင့် သူ ငြင်းဆန်၍ မရနိုင်ခဲ့ပေ။
အရေးအကြီးဆုံးမှာကား ဓားနတ်သမီးသည် လင်းရှောင်ဓားဂိုဏ်းမှ လာခြင်းဖြစ်ပြီး နောင်တစ်ချိန်တွင် ထိုနေရာသို့ ပြန်သွားရနိုင်ချေ ရှိသဖြင့် ဆက်ဆံရေးကို အရင်ဆုံး ထိန်းသိမ်းထားရန် လိုအပ်၏။
“စီနီယာအစ်ကို ရွှမ်းယွမ်ကတော့... နတ်ဆိုးတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားပါပြီ”
ဝူချင်းယင်းက အလွန်ပင် ဝမ်းနည်းကြေကွဲစွာဖြင့် ဆိုလိုက်၏။
“သေသွားပြီလား”
လင်းရှောင်ဓားဂိုဏ်း၏ မျိုးဆက်သစ် ခေါင်းဆောင်တစ်ဦး ဤမျှ လွယ်ကူစွာ သေဆုံးသွားခြင်းအပေါ် လီယွမ်မှာ အတော်လေး အံ့အားသင့်သွားရတော့သည်။
‘တကယ်ကို ဝမ်းနည်းစရာပဲ’
“စိတ်မကောင်းပါဘူး”
သူသည် လူသားများ၏ သေခြင်းရှင်ခြင်းကို မြင်တွေ့ခဲ့ရသည်မှာ များပြားလှချေပြီ..။
အမှတ် (၁၂) ဂူစံအိမ်သို့ သူ စတင် ရောက်ရှိလာစဉ်က သူ မှတ်မိနိုင်သော အမည်နာမများ ပိုင်ဆိုင်ထားသူ အများစုမှာလည်း နှစ်များစွာ ကုန်လွန်ပြီးနောက်တွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီ မဟုတ်ပါလော။
“စီနီယာအစ်ကို လီယွမ်... ကျွန်မတို့မှာ အကူအညီ တောင်းစရာ တစ်ခု ရှိပါတယ်”
ဝူချင်းယင်းက လင်းရှောင်ဓားသေတ္တာကို မြှောက်ကိုင်ကာ ရှေ့သို့ ကမ်းပေးလိုက်ရင်း ဆိုလိုက်၏။
“စီနီယာအစ်ကို... ဒီဓားသေတ္တာကို ဖွင့်ပေးပါဦး”
လီယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ”
“ပြောရရင်တော့ ရှက်စရာပါပဲ... ဂျူနီယာမောင်လေး ကျိုးနဲ့ ကျွန်မက လင်းရှောင်ဓားဂိုဏ်းရဲ့ တပည့်တွေ ဖြစ်ပေမယ့်... လင်းရှောင်ဓားသေတ္တာရဲ့ အသိအမှတ်ပြုခြင်းကို မခံရလို့ ဖွင့်လို့ မရပါဘူး”
ဝူချင်းယင်းက ရှင်းပြလိုက်၏။
“ပြီးတော့ ဒီအထဲမှာ ကျွန်မတို့ အခုချက်ချင်း ထုတ်ယူရမယ့် အရာတစ်ခု ရှိနေလို့... စီနီယာအစ်ကို့ကိုပဲ အကူအညီ တောင်းရတာပါ”
“မင်းတို့တောင် ဖွင့်လို့ မရတာကို... ငါ့ဆီ လာတယ်ပေါ့လေ”
လီယွမ်က မျက်မှောင်ကြုတ်လိုက်ပြန်သည်။
“ငါက လင်းရှောင်ဓားဂိုဏ်းက လူလည်း မဟုတ်ဘူးလေ”
“စီနီယာအစ်ကိုက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကျဆင်းနေသော ဆီးနှင်း ဓားရဲ့ လက်အောက်ခံ ဓားကို ဆွဲထုတ်နိုင်ခဲ့တာဆိုတော့... ဒီဓားသေတ္တာကို သေချာပေါက် ဖွင့်နိုင်မှာပါ.. ကျွန်မတို့က အရည်အချင်း မရှိလို့ စီနီယာအစ်ကို့ကိုပဲ အကူအညီ တောင်းရတာပါ”
ဝူချင်းယင်းက ဓားသေတ္တာကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရိုသေစွာ ဦးညွှတ်လိုက်၏။
“ငါ့ကို အကူအညီ တောင်းချင်တယ် ဆိုရင်တော့... အနည်းဆုံး အကြောင်းစုံကို ရှင်းပြသင့်တယ် မဟုတ်လား”
လီယွမ်က အဆင်အခြင်မဲ့ မလှုပ်ရှားခဲ့ပေ။
လင်းရှောင်ဓားသေတ္တာထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
“အဲဒါကတော့...”
ဝူချင်းယင်းမှာ တုံ့ဆိုင်းသွားသည်။
“ပြောလိုက်ပါ”
ကျိုးဝူပင်းက ဝင်ပြောလိုက်၏။
“ဒီကိစ္စက အမြန်ဆုံး ဖြေရှင်းဖို့ လိုတယ်.. တောင်ပိုင်းနယ်စပ်ကနေ ဂိုဏ်းဆီကို သတင်းပို့ပြီး လူလွှတ်ဖို့ စောင့်နေမယ်ဆိုရင် အချိန်မီတော့မှာ မဟုတ်ဘူး”
ဝူချင်းယင်းသည် ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ အကြောင်းစုံကို ရှင်းပြလိုက်လေတော့၏။
လွန်ခဲ့သော နှစ်နှစ်က ရွှမ်းယွမ်နှင့် အဖော်နှစ်ဦးတို့သည် ဓားနတ်သမီး ကိစ္စကို စုံစမ်းစစ်ဆေးပြီးနောက် လီယွမ်မှာ သံသယဖြစ်ဖွယ် မရှိကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် အမှတ် (၁၂) ဂူစံအိမ်မှ ထွက်ခွာကာ နတ်ဆိုးများကို နှိမ်နင်းရန် ခရီးဆက်ခဲ့ကြသည်။
တစ်နေ့တွင်မူ လင်းရှောင်ဓားသေတ္တာသည် သူတို့၏ ထိန်းချုပ်မှုမှ ရုတ်တရက် ရုန်းထွက်ကာ ပျံသန်းသွားခဲ့သည်။ သူတို့ သုံးဦးမှာလည်း နောက်မှ လိုက်လံ ဖမ်းဆီးခဲ့ကြရပြီး နောက်ဆုံးတွင် ရှေးဟောင်း လိုဏ်ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြလေ၏။
ထိုလိုဏ်ဂူအတွင်း၌ သူတို့သုံးဦးသည် ‘အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း’ ဟု ခေါ်သော နတ်ဓား ရတနာတစ်ခုကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြသည်။
‘အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း ဟုတ်လား’
လီယွမ်သည် ကူလမ်းစဉ်နှင့် ပတ်သက်သည့် ပစ္စည်းများကို အလွတ်ရနေသော်လည်း သိုင်းလမ်းစဉ်နှင့် ပတ်သက်၍မူ သိရှိမှု အလွန်ပင် နည်းပါးလှ၏။
ဤအမည်နာမကို ကြည့်ရုံဖြင့်ပင် သာမန်အရာ မဟုတ်ကြောင်း သိသာလှသည်။
“ကျွန်မတို့ရဲ့ ဓားကျင့်ကြံသူတွေရဲ့ လောကမှာ အဆိုတစ်ခု ရှိတယ်... မွေးရာပါ ဓားခန္ဓာနဲ့ အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်း ဆိုတာ အတူတကွ မွေးဖွားပြီး အတူတကွ သေဆုံးကြတဲ့ စိတ်ဝိညာဉ် အရာတွေပဲတဲ့”
“ပထမတစ်ခုကတော့ ဝိညာဉ်ဖြစ်ပြီး... လူတွေနဲ့အတူ လောကထဲကို ရောက်လာတတ်တယ်”
“ဒုတိယတစ်ခုကတော့ အရာဝတ္ထုဖြစ်ပြီး... ကောင်းကင်နဲ့ မြေကြီးကြားမှာ ပုန်းကွယ်နေတတ်တယ်”
ဝူချင်းယင်းက ရှင်းပြလိုက်၏။
“အဲဒါက ဘာဖြစ်လို့လဲ”
လီယွမ်သည် အန္တရာယ်ကို ချက်ချင်း အာရုံခံမိလိုက်သည်။
ဤကိစ္စမှာ ဓားနတ်သမီးနှင့် ပတ်သက်နေမည်မှာ သေချာလှ၏။ သူ ထပ်ပြီးတော့ ပြဿနာထဲ ဆွဲသွင်းခံရတော့မှာလား။
“မွေးရာပါ ဓားခန္ဓာနဲ့ အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်း ဆိုတာ နှစ်ပေါင်း သုံးရာတိုင်တိုင် ပေါ်မလာခဲ့တာပါ.. အခု အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်း ပေါ်လာပြီဆိုတော့... မွေးရာပါ ဓားခန္ဓာ အသစ်တစ်ခုလည်း လောကကြီးထဲကို ရောက်လာပြီဆိုတာ သက်သေပြနေတာပဲ”
“ပိုပြီး အရေးကြီးတာက ဒီအသစ်ပေါ်လာတဲ့ အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းက လင်းရှောင်ဓားသေတ္တာကိုတောင် တုံ့ပြန်မှု ဖြစ်စေခဲ့တယ်လေ”
“အဲဒါက ကျွန်မတို့ လင်းရှောင်ဓားဂိုဏ်းနဲ့ ကြီးမားတဲ့ ပတ်သက်မှု ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ.. မဟုတ်ရင် ဒီလို နတ်ဘုရား ရတနာမျိုးကို ကျွန်မတို့လို မျိုးဆက်သစ် လူငယ်တွေက ရှာတွေ့နိုင်စရာ အကြောင်း မရှိပါဘူး”
ဝူချင်းယင်းက အကြောင်းရင်းကို ရှင်းပြလိုက်၏။
ဤနေရာသို့ ရောက်သောအခါ လီယွမ်သည် တစ်ဖက်လူ ဘာဆက်ပြောမည်ကို ခန့်မှန်းမိနေပြီး ဖြစ်ပါသည်။
“ဂိုဏ်းစတင် တည်ထောင်ကတည်းက... ပထမဆုံး ဘိုးဘေးကြီးကနေ စပြီးတော့ ကျွန်မတို့ လင်းရှောင်ဓားဂိုဏ်းမှာ မွေးရာပါ ဓားခန္ဓာ ပိုင်ရှင် ငါးယောက် ပေါ်ထွက်ခဲ့ဖူးပါတယ်”
“ဓားနတ်ဘုရား အဆင့်ကို ရောက်ရှိပြီး ဟင်းလင်းပြင်ကို ခွဲထုတ်ပြီးတော့ ထွက်ခွာသွားခဲ့တဲ့ ပထမဆုံး ဘိုးဘေးကြီးကလွဲရင်... ကျန်တဲ့ လေးယောက်ထဲက သုံးယောက်ကတော့ သေဆုံးပြီး အချိန်ရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားခဲ့တာ ကြာလှပါပြီ”
“ဓားနတ်သမီး တစ်ယောက်တည်းကသာ ထူးခြားတာပါ.. သူက ကူအင်မော်တယ်ရဲ့ သမီးတော်လေ ကူအင်မော်တယ်က ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့လို့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ နှစ်ပေါင်း သုံးထောင်တိုင်တိုင် မပျက်မစီး တည်ရှိနေခဲ့တာပါ”
“ဓားနတ်သမီးဟာ နှစ်ပေါင်း သုံးထောင်တိုင်တိုင် အိပ်စက်နေခဲ့တာပါ.. ကျွန်မတို့ရဲ့ ဓားဂိုဏ်းရော နဝမဂူစံအိမ်တော်ကပါ သူမ ပြန်လည် နိုးထလာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ထားခဲ့ကြပြီးပါပြီ”
“ဒါပေမဲ့ မကြာသေးခင်ကမှ ဓားနတ်သမီး ပျောက်ဆုံးသွားခဲ့တာရယ်... အခု အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်း ပေါ်လာတာရယ် ပေါင်းလိုက်တော့... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ကို အများကြီး တွေးစရာတွေ ဖြစ်လာစေတယ်လေ”
ဝူချင်းယင်း၏ လေသံမှာ တဖြည်းဖြည်း လေးလံလာခဲ့လေပြီ။ သူမသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် သူမ၏ နောက်ဆုံး ကောက်ချက်ကို ထုတ်ဖော်လိုက်လေတော့၏။
“ဒါကြောင့် ကျွန်မ ခန့်မှန်းရသလောက်တော့”
“ဓားနတ်သမီးရဲ့ ရုပ်အလောင်းက အခိုးခံရတာ မဟုတ်ဘဲ... သူဟာ တကယ်ပဲ နိုးထလာခဲ့တာ ဖြစ်နိုင်တယ်.. နှစ်ပေါင်း သုံးထောင်ဆိုတဲ့ အချိန်ကာလကို ပြောင်းပြန်လှန်ပြီးတော့ ဒုတိယဘဝတစ်ခုကို ရှင်သန်ဖို့... လူ့လောကက အင်မော်တယ် တစ်ပါးအဖြစ် ပြန်လည် မွေးဖွားလာတာများလား”