အခန်း (၉၇)
Vol. 8 Ch. 97
ဝူချင်းယင်း၏ စကားများက လီယွမ် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေသည်။
နောက်ဆုံးတွင်တော့ အပြစ်အားလုံးက ဓားနတ်သမီးအပေါ်သို့ ကျရောက်သွားခဲ့သည်။
များပြားလှသော ပင်မကူကောင်များကို ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ချက် ပေါ်ထွက်သွားမည်ကိုသာ စိုးရိမ်မနေခဲ့လျှင် ဓားနတ်သမီးအား လင်းရှောင်ဓားဂိုဏ်းသို့ ပြန်သွားခွင့်ပြုရန် လီယွမ် ဝန်လေးနေမည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် အရာရာတိုင်းက စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ဘဲ ဓားနတ်သမီးသည်လည်း သူနှင့်အတူ လူသူကင်းဝေးရာတွင် ခိုအောင်းနေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
“အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်း မွေးဖွားလာတဲ့ ရှေးဟောင်းလိုဏ်ဂူက နယ်စပ်တောင်တန်းတွေမှာ ရှိတယ်.. အဲဒီနေရာက နတ်ဆိုးနယ်မြေနဲ့ ဆက်စပ်နေပြီး ဓားနတ်သမီး စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ နေရာပဲ..”
ဝူချင်းယင်းက ဆက်လက်ရှင်းပြသည်။
“အချိန်အကြာကြီး စောင့်နေရင် နတ်ဆိုးတွေက ရှေးဟောင်းလိုဏ်ဂူရဲ့ လျှို့ဝှက်ချက်ကို သိသွားမှာ စိုးရိမ်ရတယ်.. ကျွန်မတို့ ဓားဂိုဏ်းက ကျွမ်းကျင်သူတွေကို မြန်မြန်ဆန်ဆန် အကြောင်းကြားချင်တယ်.. အဲဒီလို လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လင်းရှောင်ဓားသေတ္တာကို အားကိုးဖို့ပဲ..”
“ကျေးဇူးပြုပြီး စီနီယာအစ်ကို လီယွမ်... ကျွန်မတို့ ဓားဂိုဏ်းကို ကူညီပေးပါ..”
“ဒီကျေးဇူးတရားကို ကျွန်မတို့ အသက်ထက်ဆုံး ကျေးဇူးဆပ်ပါ့မယ်.. စီနီယာအစ်ကိုရဲ့ ကျေးဇူးကို လင်းရှောင်ဓားဂိုဏ်းက အမြဲတမ်း သတိရနေမှာပါ..”
စကားပြောရင်းဖြင့် သူမက ဒူးထောက်ရန် ပြင်လိုက်သည်။
“ဒီလိုလုပ်စရာ မလိုပါဘူး..”
လီယွမ်က သူမအား တွဲထူပေးလိုက်၏။
“လင်းရှောင်ဓားဂိုဏ်းနဲ့ ငါ့ရဲ့ နဝမဂူစံအိမ်တော်က နှစ်ပေါင်းသုံးထောင်ကြာတဲ့အထိ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့တာပဲ.. ဒီကိစ္စက အရမ်း အရေးကြီးတဲ့အတွက် သေချာပေါက် ကူညီပေးရမှာပေါ့”
ဓားနတ်သမီးသည် သူ၏ ပင်မကူကောင် ဖြစ်၏။
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းသည်လည်း ဓားနတ်သမီး၏ ကောင်းကင်ဘုံက ဖန်တီးပေးထားသော အဖော်ဖြစ်ရာ ၎င်းက ဓားနတ်သမီး၏ စိတ်ဝိညာဉ်ကို နောက်ထပ်တစ်ဆင့် မြှင့်တင်ပေးနိုင်ကောင်း မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
ဤကဲ့သို့သော နတ်ဘုရားတို့၏ အဖိုးတန်ပစ္စည်းများကို နတ်ဆိုးများ၏ လက်ထဲသို့ မည်သို့မည်ပုံ အကျခံနိုင်မည်နည်း။
လီယွမ်.. တွေးတောနေမိ၏။
အကယ်၍ သူက အခွင့်အရေးကို အသုံးချပြီး အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ခိုးယူလိုက်မည်ဆိုပါက လင်းရှောင်ဓားဂိုဏ်းမှ လူများ ရောက်လာသောအခါ သူ့အား သတ်ပစ်ကြမည်လား။
ဤသို့ လုပ်ဆောင်ခြင်းက အနည်းငယ် ကိုယ်ကျင့်တရား ကင်းမဲ့လွန်းရာ မကျဘူးလား။
‘ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဒါကို ဓားနတ်သမီးအတွက် သိမ်းထားပေးမှာပဲ.. ဒါကြောင့် ငါက ဓားနတ်သမီးကို တိုက်ရိုက် ပေးလိုက်တာက အဆင့်တွေ အများကြီးကို လျှော့ချလိုက်နိုင်တာပဲ.. ဒါက အရမ်းကို ယွီတ္တိတန်ပါတယ်..’
လီယွမ်၏ ‘ရှင်းလင်းပြတ်သားသော စဉ်းစားဆင်ခြင်ဉာဏ်’ က သူ၏ ရင်ထဲရှိ မှေးမှိန်နေသော ကိုယ်ကျင့်တရားဆိုင်ရာ အသိတရားလေးကို လျင်မြန်စွာ လွှမ်းမိုးသွားလေတော့သည်။
“ငါ့ကို ဓားသေတ္တာ ပေး"
သူက ဝူချင်းယင်းထံမှ လင်းရှောင်ဓားသေတ္တာကို ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။
လင်းရှောင်ဓားသေတ္တာကို အလွန်အဖိုးတန်သော ရှားပါးသစ်သားနှင့် ထူးခြားသော သတ္တုတို့ဖြင့် ပြုလုပ်ထားပြီး တိမ်တိုက်၊ နှင်းကျခြင်း၊ အပြာရောင်နဂါး၊ ချုံချီ၊ လှိုင်းတံပိုး၊ နေနှင့် လ စသည့် ပုံစံခုနစ်မျိုးဖြင့် အလှဆင်ထားသည်။
ထိုပုံစံခုနစ်မျိုးက ပုံရိပ်တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ တစ်ခုနှင့်တစ်ခု အပြည့်အဝ အထောက်အကူ ပြုနေကြသည်။
လီယွမ်က စပ်စုလိုက်၏။
“ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးကို ဓားဂိုဏ်းက အကြီးအကဲတွေက မင်းတို့လို လူငယ်လေးတွေကို ဘယ်လိုလုပ်ပြီး ဂုဏ်ဆာဖို့ ပေးထားနိုင်ရတာလဲ”
သေတ္တာထဲတွင် နတ်ဓား ခုနစ်လက်လည်း ရှိနေသေးသည် မဟုတ်လော။
“ဒါက အတုပါ..”
ဝူချင်းယင်းက ရယ်လိုက်သည်။
“လင်းရှောင်ဓားဂိုဏ်းရဲ့ နတ်ဓား ခုနစ်လက်ထဲက သုံးလက်က ပျောက်ဆုံးသွားခဲ့ပြီ.. အဲဒီအထဲမှာ ဓားနတ်သမီးရဲ့ နှင်းကျဓားလည်း ပါတယ်လေ"
“ဒီအတုက နတ်ဓားရဲ့ ဓားစိတ်ဆန္ဒကို ကူးယူထားတာ သက်သက်ပါ.. တန်ဖိုးကြီးတယ် ဆိုပေမယ့် ဓားဂိုဏ်းရဲ့ လူငယ်ခေါင်းဆောင် အဆက်ဆက် ကိုင်ဆောင်ခဲ့ကြတဲ့ မူရင်းဓားနဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားပါတယ်..”
အစစ်အမှန် နတ်ဓားတစ်လက်ကို ပိုင်ဆိုင်နိုင်ရန်အတွက်ဆိုလျှင် အနည်းဆုံး အဋ္ဌမအဆင့် ဓားသူတော်စင်အဆင့်သို့ ရောက်ရှိမှသာ အသိအမှတ်ပြုခံရရန် အခွင့်အရေး ရှိပေလိမ့်မည်။
“ဪ... ဒီလိုကိုး"
လီယွမ်က ရုတ်တရက် သဘောပေါက်သွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားသေတ္တာက ပွင့်သွားသည်။
“ဟင်…”
ဝူချင်းယင်းမှာ ဆွံ့အသွားလေတော့သည်။
‘မဟုတ်ဘူးလေ ဓားသေတ္တာကို ဒီလိုမျိုး ဖွင့်ရတာလား..’
အမြဲတမ်း တည်ငြိမ်အေးဆေးစွာ နေတတ်သော ကျိုးဝူပင်းပင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူ၏ စိတ်ထဲရှိ ပေါ့ပါးနူးညံ့သော အသံလေးမှာ အလွန်စူးရှလာ၏။
“သခင်... သူရဲ့ ဓားသိုင်းပါရမီက သခင့်ထက်တောင် ပိုကြီးမားလောက်တယ်..”
ကျိုးဝူပင်းက နောက်ပြောင်လိုက်သည်။
“မင်းက ငါ့ကို အနှစ်တစ်ထောင်အတွင်း နံပါတ်တစ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..”
ပေါ့ပါးကြည်လင်သော အသံလေးမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောလာသည်။
“သူ့ရဲ့ ပါရမီက အနှစ်တစ်ထောင် အဆင့်လောက်တင် မကဘူး.. သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုတောင် ကျွန်တော် ထိုးဖောက်မမြင်နိုင်ဘူး.. အပြင်ပန်းမှာတော့ သူက ဓားသိုင်းပါရမီ လုံးဝမရှိသလို ဖြစ်နေပေမယ့် တကယ်တမ်းကျတော့ သူက ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်တယ်.. ‘ဓားနဲ့ တစ်သားတည်းဖြစ်ခြင်း’ နယ်ပယ်မျိုးနဲ့ နည်းနည်း ဆင်တူတယ်..”
“ဒါ...”
ကျိုးဝူပင်းက တစ်ခဏမျှ တွေဝေသွားပြီးနောက် မေးလိုက်၏။
“ဒါဆို မင်း ဘာလို့ သူ့ဆီ သွားပြီး မပူးပေါင်းလိုက်တာလဲ”
ကျိုးဝူပင်း၏ စိတ်ထဲရှိ လွင့်မျောနေသော အသံလေးမှာ လွန်ခဲ့သော နှစ်များစွာက တောင်ကြားတစ်ခုတွင် သူ တွေ့ရှိခဲ့သော ကျိုးနေသည့် ဓားငယ်လေးတစ်ခုထံမှ လာခြင်း ဖြစ်သည်။
ထိုကျိုးနေသော ဓားငယ်လေးကို တွေ့ရှိပြီးနောက် သူ၏ အသက်စွမ်းအင်များ အဆက်မပြတ် စုပ်ယူခံခဲ့ရသဖြင့် သူ၏ ကျင့်ကြံခြင်းက သုံးနှစ်တိုင်တိုင် ရပ်တန့်နေခဲ့သည်။
ကျိုးနေသော ဓားငယ်လေးကို သုံးနှစ်တိတိ ပြုစုပျိုးထောင်ပြီးနောက်မှသာ အတွင်း၌ ပုန်းကွယ်နေသော ဓားဝိညာဉ်လေး ပြန်လည်နိုးထလာပြီး ကျိုးဝူပင်းလည်း ပြန်လည်မွေးဖွားလာနိုင်ခဲ့ခြင်း ဖြစ်၏။
“သခင်... ဘာတွေ ပြောနေတာလဲ"
ဓားဝိညာဉ်က ပြန်လည်တုံ့ပြန်လာသည်။
“ကျွန်မက သခင့်ကို သခင်အဖြစ် အသိအမှတ်ပြုပြီးသားပါ.. ထာဝရ သခင့်နောက်ကို လိုက်ပါ့မယ်.. လီယွမ်ရဲ့ ပါရမီက သခင့်ထက် ပိုအားကောင်းနေရင်တောင် သူက နောက်ဆုံးမှာတော့ ကူသခင် တစ်ယောက်ပဲလေ သခင်ကမှ ဓားအင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်မယ့် အကြီးမားဆုံး မျှော်လင့်ချက် ရှိသူပါ..”
ကျိုးဝူပင်းက လုံးဝ လက်မခံပေ။
“ကောင်းပါပြီ... အချည်းနှီး ကတိတွေ ဆက်မပေးပါနဲ့တော့ ငါ အဲဒီစကားတွေကို ကြားရတာ နားဝသွားပြီ..”
ဓားဝိညာဉ်က တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်၏။
“ဂျုန်း”
လင်းရှောင်ဓားသေတ္တာ အပြည့်အဝ ပွင့်သွားပြီး အတွင်းရှိ ဓားခုနစ်လက်က အဆက်မပြတ် တုန်ခါနေကာ တောက်ပသော အလင်းတန်းများနှင့် ဓားအရိပ်များကို အမြောက်အမြား လွှင့်ထုတ်နေသည်။ လှည့်ပတ်နေသော တိမ်တိုက်များနှင့် မြူခိုးများ သမုဒ္ဒရာထဲမှ ထွက်ပေါ်လာသော အပြာရောင်နဂါး၊ တိုက်ခိုက်နေသော ချုံချီ၊ နေနှင့် လ လည်ပတ်နေခြင်း စသည့် ထူးခြားဆန်းကြယ်သော ဖြစ်စဉ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့၏။
“မြန်မြန်လုပ်.. ဂျူနီယာမောင်လေး ကျိုး”
ဝူချင်းယင်း.. သတိပြန်ဝင်လာပြီး လက်သင်္ကေတများ ပြုလုပ်ကာ လက်ချောင်းများကို ဓားအဖြစ် အသုံးပြုလိုက်၏။ လေထဲတွင် မျဉ်းကြောင်းများ ဆွဲကာ သူမ၏ စစ်မှန်သော စွမ်းအင်များကို ဓားသေတ္တာထဲသို့ အဆက်မပြတ် ပို့လွှတ်နေသည်။
ကျိုးဝူပင်းလည်း ထိုနည်းတူပင် ပြုလုပ်နေ၏။
ရှေးဟောင်းလိုဏ်ဂူထဲတွင် ရှိနေစဉ်က သူတို့သုံးဦးသည် ဓားသေတ္တာမှတစ်ဆင့် အစွမ်းထက်သော ဂိုဏ်းဝင်များကို အကူအညီတောင်းရန် စီစဉ်ခဲ့သော်လည်း မမျှော်လင့်ဘဲ နတ်ဆိုးများ၏ အာရုံစိုက်မှု ခံလိုက်ရသဖြင့် သူတို့၏ အစီအစဉ်ကို စွန့်လွှတ်လိုက်ရခြင်းပင်။
လီယွမ်က ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေသည်။
နာရီဝက်ခန့် အကြာတွင် ဝူချင်းယင်းနှင့် ကျိုးဝူပင်းတို့မှာ အင်အားကုန်ခမ်းမတတ် ဖြစ်သွားပြီးမှသာ ဓားသေတ္တာကို အပြည့်အဝ အသက်သွင်းနိုင်ခဲ့၏။
“ဓားသေတ္တာကို အသက်သွင်းလိုက်တာနဲ့ လင်းရှောင်ဓားဂိုဏ်းရဲ့ ဘိုးဘေးတွေ နေထိုင်ရာ နေရာမှာရှိတဲ့ မူလပစ္စည်းက တုံ့ပြန်မှု ပြလိမ့်မယ်.. ပြီးရင် ဂိုဏ်းက အစွမ်းထက်တဲ့သူတွေက လမ်းညွှန်မှုအတိုင်း ရောက်လာကြလိမ့်မယ်"
ဝူချင်းယင်းက ရှင်းပြလာသည်။
“သိုင်းပညာ လမ်းစဉ်ကလည်း ကူလမ်းစဉ်လောက် လျှို့ဝှက်ဆန်းကြယ်တာပဲ..”
လီယွမ်က အနည်းငယ် ပြုံးလိုက်ပြီး သူကိုယ်သူ ပြန်လည်သုံးသပ်ခြင်းကို အလိုအလျောက် စတင်လိုက်ပြန်၏။
ထျန်းယွမ်တိုက်ကြီးအပေါ် သူ၏ နားလည်မှုက အလွန် တိမ်ကောနေသေးသည်။ သူ၏ အစီအစဉ်များက စေ့စပ်သေချာပြီး အပြစ်အနာအဆာ ကင်းသည်ဟု သူ ထင်မှတ်ထားသည့် အချိန်တိုင်းတွင် သူ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားသည့် အရာတစ်ခုခုက အမြဲတမ်း ပေါ်လာတတ်၏။
ဥပမာအားဖြင့် ခွန်းလွန်တောင်သို့ ခရီးသွားစဉ်က သူ့ကို မည်သူမျှ ရှာမတွေ့နိုင်ဟု သူ ထင်ခဲ့သော်လည်း ‘အမြွှာကျောက်စိမ်းဆွဲကြိုး’ က သူ့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အခြားကျောက်စိမ်းဆွဲကြိုးကို ဝတ်ဆင်ထားသူမှာ သူ၏ဘက်မှ ဖြစ်သော အဒေါ်ဖြစ်သူ ဖြစ်နေခဲ့၏။
ဓားနတ်သမီး ကိစ္စက နောက်ဆုံးတွင် ပြီးဆုံးသွားပြီဟု သူ ထင်ခဲ့သော်လည်း ‘အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း’ က ပေါ်ထွက်လာပြီး မုန်တိုင်းအသစ်တစ်ခုကို ဖန်တီးလိုက်ပြန်သည်။
‘ငါက ကူလမ်းစဉ်ကို လုံလောက်အောင် နားလည်ထားပေမယ့် တခြားလမ်းစဉ်တွေနဲ့ ထျန်းယွမ်တိုက်ကြီးရဲ့ လျှို့ဝှက်ချက်တွေကိုတော့ အရမ်း သိတာနည်းလွန်းတယ်..’
လူတွေက သူတို့ နားမလည်နိုင်တဲ့ အရာတွေကြောင့် အမြဲတမ်း ဒုက္ခရောက်တတ်ကြတယ်..
‘ကံကောင်းလို့ ငါက ကံကောင်းတဲ့သူ ဖြစ်နေတာ ဒါကြောင့် အမှားကို ပြင်ဆင်ဖို့ အခွင့်အရေး အမြဲရနေတာပဲ..’ လီယွမ်က တိတ်တဆိတ် ဝမ်းသာနေမိသည်။
“စီနီယာအစ်ကို လီယွမ်... ကျွန်မတို့ စီနီယာတွေ ရောက်လာတာကို စောင့်နေရင်း (၁၂) ဂူစံအိမ်မှာ ရက်အနည်းငယ်လောက် တည်းခိုပါရစေ နားလည်ပေးပါနော်..”
ဝူချင်းယင်းက မချိပြုံးလေးဖြင့် တောင်းဆိုလာ၏။
“ရပါတယ်..”
လီယွမ်က ဖော်ရွေစွာ ပြုံးလိုက်သည်။
“ရှောင်ကျောက်ကို မင်းတို့အတွက် နေစရာ စီစဉ်ပေးခိုင်းလိုက်ပါ့မယ်.. မင်းတို့ ကြိုက်သလောက် နေလို့ရပါတယ်..”
...
လင်းရှောင်ဓားဂိုဏ်းမှ သူနှစ်ဦးကို နှုတ်ဆက်ပြီးနောက် လီယွမ်က တောင်နောက်ဘက်ရှိ လျှို့ဝှက်နယ်မြေဆီသို့ အပြေးအလွှား သွားခဲ့၏။
လီယွမ်ကို မြင်သောအခါ ဓားနတ်သမီး၏ ဗလာကျင်းနေသော မျက်လုံးများက သိသာရုံလေး လှုပ်ခတ်သွားပြီး သူမက လေပြေလေးတစ်သုတ်လို သူ့ဆီသို့ လွင့်မျောလာသည်။
ထို့နောက်...ကပ်တွယ်လိုက်၏။
လီယွမ်ကလည်း အသားကျနေပြီပင်။
ရှောင်ချိုက်နှင့် ဝူမေ့တို့က သူ့အပေါ် မည်သို့ပင် ပြုမူပါစေ ဓားနတ်သမီးကလည်း ထိုအတိုင်း တိတိကျကျ လုပ်ဆောင်မည်သာ ဖြစ်၏။
ဒါက နတ်သမီး၏ စိတ်ဝိညာဉ်ပင် ဖြစ်ပါသည်။
“ကောင်းပြီ... မင်းကို ပြောစရာ တစ်ခု ရှိတယ်..”
ကပ်တွယ်မှုများ ပြီးဆုံးသွားပြီးနောက် လီယွမ်က ဓားနတ်သမီးကို ထိုင်ခိုင်းလိုက်၏။
“အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းက မွေးဖွားလာပြီ.. မင်း ခံစားမိလား..”
ဓားနတ်သမီးက လီယွမ်ကို အချိန်အတော်ကြာအောင် ဗလာကျင်းစွာ စိုက်ကြည့်နေပြီးနောက် တစ်စုံတစ်ခုကို ခံစားမိသွားသကဲ့သို့ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။
ဓားနတ်သမီး၏ အတွေးများမှတစ်ဆင့် လီယွမ်လည်း အခြေအနေအရပ်ရပ်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ဓားနတ်သမီး၏ ဓားဖြစ်သော နှင်းကျဓားသည် လင်းရှောင်ဓားဂိုဏ်း၏ နတ်ဓား ခုနစ်လက်အနက်မှ တစ်လက်ဖြစ်ပြီး ထိုခေတ်က ဓားနတ်သမီးနှင့် တစ်ကမ္ဘာတည်းတွင် မွေးဖွားလာသော အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းမှ ထုလုပ်ထားခြင်း ဖြစ်၏။
ယခုအခါ ဓားနတ်သမီးက နှစ်ပေါင်း သုံးထောင်တိုင်တိုင် အိပ်စက်ပြီးနောက် ပြန်လည်မွေးဖွားလာခဲ့သလို အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကလည်း ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်ရာ တကယ်ကို မမျှော်လင့်ထားသော ကိစ္စပင်။
“ကြည့်ရတာ အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကို ငါတို့ ရယူရတော့မယ် ထင်တယ်..”
လီယွမ်က ဓားသန္ဓေသားလောင်းကို စိတ်ဝင်စားနေခြင်း မဟုတ်ဘဲ လင်းရှောင်ဓားဂိုဏ်းက ဓားနတ်သမီး၏ တည်နေရာကို ခြေရာခံရန် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို အသုံးပြုမည့် အခြားနည်းလမ်းများ ရှိနေမည်ကို ပူမိနေခြင်းပင်။
သူလည်း စပ်စုချင်စိတ် ဖြစ်မိသည်။
ဓားနတ်သမီးဆီမှ မွေးဖွားလာပြီး နှစ်ပေါင်းသုံးထောင် ကွာခြားကာ တစ်ကမ္ဘာတည်းတွင် မွေးဖွားလာသော အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း နှစ်ခု ထိပ်တိုက်တွေ့ကြသောအခါ ဘာတွေ ဖြစ်လာမည်နည်း။
“ဓားနတ်သမီး... မင်းလည်း ဒါကို တကယ် လိုချင်နေတယ် မဟုတ်လား..”