နတ်ဆိုးနှိမ်နင်းရေး ချောက်နက်ထဲသို့ လီယွမ် တိတ်တဆိတ် ဝင်ရောက်ခြင်း
Vol. 8 Ch. 98
ညဉ့်နက်ချိန်။
ဝူချင်းယင်းသည် ကုတင်ပေါ်တွင် လှဲနေသော်လည်း အိပ်မပျော်နိုင်ဘဲ ဟိုဘက်ဒီဘက် လူးလွန့်နေမိသဖြင့် ထထိုင်ကာ အပြင်သို့ ထွက်လာခဲ့၏။
လရောင်အောက်တွင် ကျိုးဝူပင်းက ဓားတစ်လက်ကို သွေးနေသည်။
"ဂျူနီယာ မောင်လေး ကျိုး... ငါ နည်းနည်း စိတ်ပူနေတယ်"
ဝူချင်းယင်းက သူမ၏ စိုးရိမ်မှုများကို ဖွင့်ဟလိုက်၏။
ကျိုးဝူပင်းက ခေါင်းမမော့ဘဲ ကျိုးပဲ့နေသော ဓားငယ်လေးကို သေချာစွာ ပွတ်တိုက်နေရင်း မေးလိုက်၏။
"စီနီယာအစ်မက အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကို နတ်ဆိုးတွေ တွေ့သွားမှာ စိုးရိမ်နေတာလား"
"အင်း"
ဝူချင်းယင်းက ခေါင်းညိတ်လိုက်သည်။
"နတ်ဆိုးတွေကို ကြောက်ရုံတင် မကဘူး... နောက်ထပ် ကြောက်တာက..."
"စီနီယာအစ်မ စကားကို ဆင်ခြင်ပြောပါ"
ကျိုးဝူပင်းက ချက်ချင်း ဖြတ်ပြောလိုက်၏။
"တချို့စကားတွေက ပြောလို့ မရဘူး.. ဒါက သူတစ်ပါးရဲ့ နယ်မြေပဲ.. အိမ်ရှင်ကို ဒေါသထွက်အောင် လုပ်မိရင် ကိုယ့်အလောင်းကိုတောင် ရှာတွေ့မှာ မဟုတ်ဘူး"
ဝူချင်းယင်းက မျက်မှောင်ကြုတ်လိုက်၏။
"မင်း သူ့ကို အရမ်း ကြောက်နေတာလား" သူမက မေးလိုက်၏။
"ကြောက်တာ မဟုတ်ဘူး လေးစားတာလို့ အတိအကျ ပြောချင်တယ်" ကျိုးဝူပင်းက လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
ကျိုးနေသော ဓားဝိညာဉ်ပင်လျှင် ဖောက်ထွင်းမမြင်နိုင်သော သူတစ်ယောက်ကို သူ ဘယ်လိုလုပ် ရန်စရဲမည်နည်း။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနှင့် အတူတူပဲလေ။
"ငါ လျှောက်တွေးနေတာပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"
ဝူချင်းယင်းက ဆက်မပြောတော့သော်လည်း သူမ၏ ရင်ထဲတွင်တော့ မသက်မသာ ဖြစ်နေဆဲပင်။
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းသည် အလွန်တရာ အဖိုးတန်ပြီး တန်ဖိုးဖြတ်မရနိုင်လောက်အောင် ရှားပါးသော လောကီရတနာတစ်ခု ဖြစ်ကာ ဓားသိုင်းပညာရှင်များအတွက် ပြိုင်ဘက်ကင်း ရတနာတစ်ခု ဖြစ်၏။
မည်သူမဆို ဤမျှ ကြီးမားသော သွေးဆောင်ဖြားယောင်းမှုကို ခုခံတွန်းလှန်နိုင်ရန် ခက်ခဲလှသည်။
လီယွမ်က အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း၏ တည်နေရာကို မရှာဖွေနိုင်လျှင်ပင် ဤသတင်းအချက်အလက်ကို အခြားသူများကို ရောင်းစားနိုင်သေးသည် မဟုတ်လော။
"အများကြီး မတွေးပါနဲ့ မျက်နှာသစ်ပြီး သွားအိပ်လိုက်ပါ.. ဒဏ်ရာကို ဂရုစိုက်ပါ"
ကျိုးဝူပင်းက ထပ်မံသတိပေးလိုက်၏။
"စီနီယာအစ်မ... သူများဆီက အကူအညီ တောင်းထားတာကို အများကြီး မတွေးပါနဲ့.. မဟုတ်ရင် အရိုက်ခံရလိမ့်မယ်"
သူက အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကိစ္စကို သိပ်အရေးမကြီးသလို သဘောထားလိုက်၏။
ကျိုးနေသော ဓားငယ်လေးကပင် သူ့ကို ဝင်လုခိုင်းခြင်း မရှိသဖြင့် ဤအခြေအနေက သူ ထိန်းချုပ်နိုင်သော အတိုင်းအတာကို ကျော်လွန်နေပြီ ဖြစ်ကြောင်း သိသာလှသည်။
ဝါးတောလေးထဲတွင်..
"ဒီကျိုးဝူပင်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ"
အခြေအနေကို မသေချာသဖြင့် လီယွမ်က အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ရှာဖွေရန် ဓားနတ်သမီးကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်၏။ အခြားသူများက ဦးအောင် ရှာတွေ့သွားပြီး ဓားနတ်သမီး၏ တည်နေရာကို ကောက်ချက်ချမိမည်ကို သူ စိုးရိမ်နေသည်။
"သွားကြစို့"
"ပက်ကျိ... လေအဖြစ် အသွင်ပြောင်းလိုက်"
လီယွမ်က မျက်နှာတစ်ထောင်ကူကောင်၏ စွမ်းရည်များကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။
လေကဲ့သို့ လှုပ်ရှားနိုင်ခြင်းသည်လည်း 'ပတ်ဝန်းကျင်နှင့် အသွင်တူအောင် ပြောင်းလဲခြင်း' စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး သူ့အား လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်စေသည်။
လေအဖြစ် အသွင်ပြောင်းပြီးနောက် လီယွမ်သည် ခြေရာလက်ရာ မကျန်ဘဲ အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် လေထဲတွင် ရွေ့လျားနိုင်၏။
ဓားနတ်သမီးကမူ သူမ၏ ဖြူလွလွ ဂါဝန်လေးဖြင့် လရောင်အောက်တွင် လွင့်မျောနေပြီး လောကီအညစ်အကြေးများနှင့် ကင်းစင်သော လနတ်သမီးလေးတစ်ပါးကဲ့သို့ ဖြစ်နေသည်။
ဝိုးတဝါး ခံစားသိရှိမှုလေးတစ်ခုကို လိုက်၍ သူတို့နှစ်ဦးက (၁၂) ဂူစံအိမ်နယ်မြေမှ တိတ်တဆိတ် ထွက်ခွာသွားပြီး ကျိုးကုန်းတောင်တန်းများထဲမှ ထွက်လာခဲ့ကြ၏။
"နယ်စပ်ဒေသတွေက တကယ်ကို မငြိမ်းချမ်းဘူးပဲ"
အင်ပါယာခေတ် အထွတ်အထိပ် ရောက်နေချိန်မှာတောင်မှ တာ့ယန်မင်းဆက်က နတ်ဆိုးတွေနဲ့ အမြဲတမ်း တိုက်ခိုက်နေရပြီး နယ်စပ်တွေက နှစ်ပေါင်းများစွာ မငြိမ်းချမ်းခဲ့ဘူးဆိုရင် အခုလို နိုင်ငံတော် ပြိုကွဲပြီး စစ်ပွဲတွေ ဖြစ်နေတဲ့ အချိန်ဆို ပိုဆိုးမှာပေါ့။
လီယွမ်က သတိကြီးစွာဖြင့် ရှေ့ဆက်သွားနေပြီး လမ်းခရီးကို ရှင်းလင်းရန် ကူကောင်များကို အသုံးပြုကာ အန္တရာယ်ရှိသော နေရာများကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။
သုံးရက်အကြာ။
လီယွမ်က တောင်ပိုင်းနယ်စပ်သို့ ရောက်ရှိလာပြီး ဓားနတ်သမီးနှင့် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကြားက ဆက်သွယ်မှုက ပိုမို အားကောင်းလာသည်။
သူက အဆင်အခြင်မဲ့ မလှုပ်ရှားဘဲ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ပုန်းအောင်းကာ နယ်မြေကို စူးစမ်းရန် ကင်းထောက်ကူကောင် အမြောက်အမြားကို စေလွှတ်လိုက်၏။
"ဟင်"
မကြာမီမှာပင် မြင်ကွင်းများက လီယွမ်၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။
နယ်စပ်ရှိ တောင်တန်းများပေါ်တွင် နတ်ဆိုးအမြောက်အမြားက အသေးစိတ် ရှာဖွေမှုများ ပြုလုပ်နေကြပြီး လူသားအဖွဲ့များလည်း အတော်လေး များပြားနေသည်။
"ကြည့်ရတာ နှစ်ဖက်စလုံးက နယ်စပ်မှာ လောကီရတနာတစ်ခု ပေါ်လာပြီဆိုတာကို သတိထားမိသွားကြပုံရတယ်.. ဒီအတိုင်း ဆက်သွားနေရင် အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကို အနှေးနဲ့အမြန် ရှာတွေ့သွားလိမ့်မယ်"
နတ်ဆိုးများ လက်ထဲသို့ ရောက်သွားသည်ဖြစ်စေ နယ်စပ်တပ်ဖွဲ့များ လက်ထဲသို့ ရောက်သွားသည်ဖြစ်စေ လီယွမ်အတွက်တော့ အားနည်းချက်တစ်ခု ဖြစ်၏။
ကိုယ်တိုင် လက်ဝယ်ပိုင်ဆိုင်ထားမှသာ စိတ်အေးချမ်းသာစွာ နေနိုင်မည် ဖြစ်၏။
"နတ်ဆိုးတွေနဲ့ နယ်စပ်တပ်ဖွဲ့တွေ အရမ်းများလွန်းတယ်.. သူတို့ထဲက တချို့ကို အဝေးကို မျှားခေါ်သွားမှ ဖြစ်မယ်"
မျက်နှာတစ်ထောင်ကူကောင် ရှိနေလျှင်ပင် သတိထားရန် လိုအပ်သေးသည်။
အသွင်ပြောင်းမှုက ပိုမို ပြီးပြည့်စုံလေလေ စိတ်စွမ်းအားကို ပိုမို သုံးစွဲရလေလေပင်။ အရေးကြီးသော အချိန်များတွင် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း၏ ချီစွမ်းအင်ကို ဖုံးကွယ်ရန်အတွက် မျက်နှာတစ်ထောင်ကူကောင်ကို အားကိုးရမည် ဖြစ်၏။
လီယွမ်၏ နှောင်းပိုင်း နယ်မြေအဆင့် စိတ်စွမ်းအားဖြင့်ပင်လျှင် တောင့်ခံထားနိုင်မည် မဟုတ်ပေ။
အကယ်၍ နယ်စပ်တပ်ဖွဲ့များနှင့် နတ်ဆိုးအချို့ကို အဝေးသို့ မျှားခေါ်နိုင်မည်ဆိုပါက တောင်များထဲသို့ ဝင်ရောက်ရန် ပိုမို လွယ်ကူသွားမည်ဖြစ်ပြီး နောက်ပိုင်း လုပ်ဆောင်ချက်များအတွက် အင်အားကို ချွေတာနိုင်မည် ဖြစ်သည်။
"လာခဲ့"
လီယွမ်၏ ခါးတွင် ဘူးသီးခြောက်ငယ်များစွာကို ချိတ်ဆွဲထားပြီး အတွင်း၌ ပိုးကောင်အမျိုးမျိုးကို ထည့်သွင်းထားသည်။
"မင်းတို့ကို ရွေးလိုက်ပြီ သွား... ပေါက်ကွဲကူကောင်"
"ရတနာအလင်းကူကောင်... မင်းလည်း သွားတော့"
သူက ပေါက်ကွဲစေနိုင်သော စွမ်းအင်များနှင့် ရတနာအလင်းတန်းများ ပြည့်နှက်နေသည့် ဘူးသီးခြောက်လေးများကို လွှတ်လိုက်ရာ 'အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း' တည်ရှိရာ နေရာနှင့် ဆန့်ကျင်ဘက်သို့ တိကျစွာ လွင့်ပျံသွားကြသည်။
ပေါက်ကွဲကူကောင်၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ပေါက်ကွဲရန်သာ ဖြစ်၏။
ရတနာအလင်းကူကောင်မှာ လုံးဝ အန္တရာယ် မရှိသော အင်းဆက်တစ်မျိုး ဖြစ်သော်လည်း ၎င်းက ရတနာတစ်ခုအဖြစ် ဟန်ဆောင်ရန်အတွက် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများနှင့် စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်သည်။
ပေါက်ကွဲကူကောင်နှင့် ရတနာအလင်းကူကောင်တို့ကို သူ၏ စိတ်စွမ်းအား ထိန်းချုပ်နိုင်သည့် အကွာအဝေး အဆုံးအထိ ပို့ဆောင်ပြီးနောက် လီယွမ်က ရတနာအလင်းကူကောင်ကို မြေအောက်တွင် ဖုံးကွယ်ထားလိုက်ပြီး ကြိတ်၍ ရွတ်ဆိုလိုက်၏။
"ပေါက်ကွဲစမ်း"
“အုန်း”
ရုတ်ချည်းပင် နယ်စပ်တောင်တန်းများ၏ နက်ရှိုင်းသော လူသူကင်းမဲ့ရာ နေရာတစ်ခုတွင် ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
"ဘာဖြစ်တာလဲ"
"လှုပ်ရှားမှုတွေ ရှိနေတယ် အဲဒီဘက်ကို မြန်မြန်သွားကြ"
"နတ်ဆိုးတွေ ရှာနေတဲ့ ရတနာက အသက်ဝင်လာတာများလား မသိဘူး"
နယ်စပ်တပ်ဖွဲ့များနှင့် နတ်ဆိုးများ နှစ်ဖက်စလုံးက အခြားတစ်ဖက်မှ ရတနာကို အရင်ရှာတွေ့သွားသည်ဟု ထင်မှတ်ကာ စုံစမ်းရန်အတွက် လူအများအပြားကို ချက်ချင်း စေလွှတ်လိုက်ကြသည်။
"ပက်ကျိ... ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းလိုက်"
နတ်ဆိုးများနှင့် နယ်စပ်တပ်ဖွဲ့များ ရွေ့လျားသွားသည်နှင့်အမျှ လီယွမ်လည်း လှုပ်ရှားလိုက်၏။ မျက်နှာတစ်ထောင်ကူကောင်က သူနှင့် ဓားနတ်သမီးကို လုံးဝ ဖုံးကွယ်ပေးထားပြီး ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားစေခဲ့သည်။
တောင်တန်းများနှင့် သစ်တောများကြားတွင် လျှောက်လှမ်းနေစဉ် မြက်ခင်းပြင်များကို ဖြတ်သန်းသွားစဉ်နှင့် သစ်ကိုင်းသစ်ရွက်များကို ထိတွေ့မိစဉ်တွင်ပင် မျက်နှာတစ်ထောင်ကူကောင်က မြင်ကွင်းအချို့ကို ဖုံးကွယ်ပေးထားနိုင်ပြီး ပုံမှန်မဟုတ်သော အရာများကို မပေါ်လွင်စေပေ။
အလွန် အစွမ်းထက်သော စိတ်စွမ်းအားရှိပြီး အသေအချာ စောင့်ကြည့်နေသူများသာလျှင် ရှားပါးကူကောင်၏ စွမ်းအားကို ရိပ်မိနိုင်ပေလိမ့်မည်။
ရှုပ်ထွေးမှုများကို အခွင့်ကောင်းယူကာ လီယွမ်က အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း ပုန်းအောင်းနေသော ရှေးဟောင်းလိုဏ်ဂူဆီသို့ လျင်မြန်စွာ ဦးတည်သွားသည်။
သူက ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာသည်။
ချောက်ကမ်းပါးအောက်တွင် ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေပြီး ကြမ်းတမ်းသော လေပြင်းများ တိုက်ခတ်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ ဖြစ်နေသည်။ အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းမှာ မြူခိုးများထဲတွင် တစ်နေရာရာ၌ ရှိနေမည်ပင်။
"ဒါက နတ်ဆိုးနှိမ်နင်းရေး ချောက်နက် ဖြစ်ရမယ်"
လီယွမ်က တောင်ပိုင်းနယ်စပ်၏ သမိုင်းကြောင်းအချို့ကို သိရှိထား၏။
နတ်ဆိုးနှိမ်နင်းရေး ချောက်နက်သည် ထျန်းယွမ်တိုက်ကြီးတွင် လူသားများနှင့် နတ်ဆိုးများကြား ပထမဆုံး စစ်ပွဲအပြီးတွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။ လူသားမျိုးနွယ်စု၏ စစ်နတ်ဘုရားက နတ်ဆိုးတပ်ကို တွန်းလှန်ပြီးနောက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ကောင်းကင်တံခါးသို့ မဝင်ရောက်မီ ပြိုင်ဘက်ကင်း ဓားချက်တစ်ချက်ဖြင့် ခုတ်ပိုင်းခဲ့ခြင်းတည်း။
ထိုသို့ဖြင့် နတ်ဆိုးနှိမ်နင်းရေး ချောက်နက်၏ မူလပုံစံ ဖြစ်ပေါ်လာခဲ့သည်။ နောင်လာနောက်သားများ၏ ပြုပြင်မွမ်းမံမှုများအပြီးတွင် ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသော နတ်ဆိုးနှိမ်နင်းရေး ချောက်နက် ဖြစ်လာခဲ့သည်။
သို့သော် တာ့ယန်တော်ဝင်မိသားစု ပြိုကွဲသွားပြီးနောက်ပိုင်းတွင်တော့ နတ်ဆိုးများက နတ်ဆိုးနှိမ်နင်းရေး ချောက်နက်၏ ကာကွယ်ရေးများကို တစ်စိတ်တစ်ပိုင်း ဖြတ်ကျော်ကာ တောင်ပိုင်းနယ်စပ်ဒေသသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့ကြ၏။
နယ်စပ်တပ်ဖွဲ့များမှာလည်း အချို့သော တောင်ကြားများကိုသာ ထိန်းသိမ်းထားနိုင်ပြီး ဆန္ဒရှိသော်လည်း မစွမ်းဆောင်နိုင်တော့ပေ။
လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က လူသားများနှင့် နတ်ဆိုးများကြား ဒုတိယအကြိမ် စစ်ပွဲကြီးတွင် ဓားနတ်သမီးက ဤနေရာ၌ ကျဆုံးခဲ့ခြင်း ဖြစ်၏။
ထို့နောက် လီယွမ်က သူ၏ခါးမှ ဘူးသီးခြောက်ငယ်လေးကို ယူလိုက်သည်။
"မြူခွဲကူကောင်... သွားတော့"
ဤသည်က လက်အောက်ခံ ကူကောင်များကို အကန့်အသတ်မရှိ ထိန်းချုပ်နိုင်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်ပြီး 'မြေပြင်အနေအထား အားသာချက်' ၏ ကန့်သတ်ချက်များကို မခံရဘဲ မည်သည့် တိုက်ပွဲပတ်ဝန်းကျင်နှင့်မဆို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်သည်။
မြူခွဲကူကောင် ဆယ်ကောင်ကျော်က မြူခိုးများထဲသို့ တိုးဝင်သွားကြ၏။
စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် လီယွမ်က မြူခိုးများထဲရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သည်။
မြူခိုးများထဲတွင် နေထိုင်သော မျောက်ဝံများနှင့် ငှက်အချို့မှလွဲ၍ အန္တရာယ် သိပ်မရှိပေ။ ချောက်ကမ်းပါး နံရံများပေါ်တွင် အစီအရင်ပုံစံများနှင့် တိုက်ပွဲအမာရွတ်အချို့ကို မြင်တွေ့နိုင်သေးသည်။ ၎င်းတို့မှာ နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် ပျက်စီးယူယွင်းနေပြီး အသုံးပြု၍ မရနိုင်တော့ပေ။
"ဝူမေ့... ရုပ်သေးရုပ်တွေ ထပ်ပြီး ထိန်းချုပ်ထားလိုက်"
လီယွမ်က စိုးရိမ်နေဆဲပင် ဖြစ်၏။
အဓိကပြဿနာမှာ ဤနေရာရှိ မြူခိုးများက အလွန် ထူးဆန်းပြီး သူ၏ စိတ်စွမ်းအား စူးစမ်းမှုများနှင့် အင်မော်တယ်များ၏ အာရုံခံနိုင်စွမ်းများကို ပိတ်ဆို့ထားနိုင်သည်။ လျှို့ဝှက်နယ်မြေနှင့် အနည်းငယ် ဆင်တူသော်လည်း ထိုမျှလောက် မဆိုးရွားပေ။
၎င်းမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော စစ်ပွဲများ တောင်လိုပုံနေသော အလောင်းများနှင့် ပင်လယ်လို စီးဆင်းနေသော သွေးများ စုပုံလာမှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ဒီအထဲမှာ ထူးဆန်းသည့် အရာတစ်ခုခုများ မွေးဖွားလာနိုင်မလား ဘယ်သူသိမည်လဲ။
"ကျွီ ကျွီ"
ဝူမေ့က နတ်ဆိုးနှိမ်နင်းရေး ချောက်နက် အထက်တွင် ပျံသန်းနေသော ငှက်အချို့ကို ထိန်းချုပ်ရန် ပင့်ကူမျှင်များကို အသုံးပြုကာ အခြားသော စူးစမ်းရှာဖွေမှုတစ်ခုကို ပြုလုပ်လိုက်၏။
အကြိမ်ကြိမ် သေချာစွာ စစ်ဆေးပြီး အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက်မှသာ လီယွမ် စိတ်သက်သာရာ ရသွားတော့သည်။
"သွားမယ်"
သူက လေထဲသို့ ခုန်ဆင်းလိုက်ပြီး ဓားနတ်သမီးနှင့်အတူ ချောက်နက်ထဲရှိ မြူခိုးများထဲသို့ တိုးဝင်သွားလေတော့၏။