အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁)
အမှန်တရား
ထိုစဉ် လျန်ထျန်း၏ မျက်လုံးများမှာ အေးစက်နေလေသည်။ ဆောင်းရာသီ၏ အအေးမြဆုံးသော နေ့ရက်များထက်ပင် ပို၍ အေးစက်နေပြီး ဖခင်ဖြစ်သူကို ကြည့်နေသည့် သားတစ်ဦး၏ အကြည့်နှင့် လုံးဝ မတူတော့ပေ။
လျန်သရှန်းသည် သားဖြစ်သူကို ကြောင်စီစီဖြင့် ငေးကြည့်နေမိလေသည်။ လောကဓံ၏ ဒဏ်ချက်များ ကြောင့် ရင့်ကျက်နေသော သူ၏ မျက်လုံးအစုံတွင် ပထမ၌ ဝေဝါးသွားပြီးနောက် မျက်ရည်များ ဝဲတက် လာလေတော့သည်။
သူသည် မိမိကိုယ်မိမိ အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ ပေါင်ကို အားရပါးရ ဆိတ်ကြည့်လိုက်ရာ နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားခဲ့လေသည်။ အိပ်မက်မဟုတ်ကြောင်း အတည်ပြုလိုက်ပြီးနောက် လျန်သရှန်းသည် ဝမ်းသာအားရ ငိုကြွေးလေတော့သည်။
"သား... မင်း တကယ်ပဲ ငါ့သား လျန်ထျန်းလေးလား...။"
သူသည် တုန်ရီနေသော လက်များဖြင့် သားဖြစ်သူကို ထိတွေ့ရန် ကြိုးစားရင်း စကားပြောလိုက်လေ သည်။ သို့သော် လျန်ထျန်းက ဖခင်ဖြစ်သူ၏ လက်ကို ဖယ်ထုတ်လိုက်ပြီး အေးစက်စက် အကြည့်များ ဖြင့်ပင် တစ်လုံးချင်း မေးလိုက်လေသည်။
"ပြောစမ်းပါဦး...၊ အဖေ တကယ်ပဲ သားနဲ့ မေမေ့ကို မေ့သွားခဲ့တာလား...။"
သားဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ လျန်သရှန်းမှာ ရုတ်တရက် ပျာပျာသလဲ ဖြစ်သွားခဲ့ရလေ သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"
"ဒီနှစ်တွေအတွင်း အဖေ မင်းတို့ သားအမိကို အမြဲတမ်း တွေးနေခဲ့တာပါ။ စက္ကန့်တိုင်းမှာ သတိရပြီး လွမ်းနေခဲ့တာပါ...။"
လျန်ထျန်းက ဖခင်ဖြစ်သူ၏ စကားကို နှာခေါင်းရှုံ့ကာ ဖြတ်ပြောလိုက်လေသည်။
"သတိရတယ် ဟုတ်လား...။ ဒါဆိုရင် ဘာလို့ ဒီနှစ်တွေအထိ အိမ်ကို တစ်ခါမှ ပြန်မလာခဲ့တာလဲ...။"
သားဖြစ်သူ၏ ဒေါသတကြီး ကြိမ်းမောင်းမှုကို ရင်ဆိုင်လိုက်ရသောအခါ လျန်သရှန်းမှာ ခေတ္တမျှ ထိတ်လန့်သွားရလေသည်။
"သားရယ်... အဖေ့ကို ရှင်းပြခွင့်ပေးပါဦး။ အဖေ မင်းတို့ သားအမိအပေါ် တကယ် အားနာရပါတယ်။ အဖေတို့ အိမ်က ပိုက်ဆံတွေ အကုန်လုံး အလိမ်ခံလိုက်ရပြီး အကြွေးနွံထဲမှာ နစ်ခဲ့ရတာလေ...။"
"အဲ့ဒီ အကြွေးရှင်တွေက အရမ်းကြမ်းကြတာ။ အဖေ့ကို နေရာအနှံ့ လိုက်ရှာပြီး ဖမ်းဆီးနှိပ်စက်ကြ တယ်။ အဖေ မင်းတို့ကို ဒုက္ခမရောက်စေချင်လို့ ဒီကို ထွက်ပြေးလာခဲ့ရတာပါ...။"
"တစ်ခါက မင်းတို့ သားအမိကို ခိုးကြည့်ဖို့ ပြန်လာခဲ့သေးတယ်၊ ဒါပေမဲ့ လမ်းမှာ သူတို့နဲ့ တိုးပြီး အပြင်း အထန် အရိုက်ခံခဲ့ရတယ်...။"
"အဲ့ဒီအချိန်ကစပြီး အဖေ နောက်တစ်ခါ ပြန်မလာရဲတော့ဘူး။ အဖေ မင်းတို့ကို ဂရုစိုက်တယ်ဆိုတာ သူတို့ သိသွားရင် မင်းတို့ သားအမိကိုပါ ဒုက္ခပေးမှာ စိုးရိမ်လို့ပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက အေးစက်စက် လှောင်ပြုံးတစ်ခုဖြင့် ထပ်မံ ဖြတ်ပြော လိုက်ပြန်လေသည်။
"ဟုတ်သားပဲ... အဲ့ဒီလူတွေ ဒုက္ခပေးမှာကို အဖေက ကြောက်နေတာကိုး။ ဒါပေမဲ့ အဖေ မရှိတဲ့ အချိန် မှာလည်း အားကိုးရာမဲ့နေတဲ့ မုဆိုးမနဲ့ မိဘမဲ့ကလေးလို ဖြစ်နေတဲ့ သားတို့ သားအမိကို သူတို့က ဒုက္ခမျိုးစုံ ပေးခဲ့ကြတာပဲလေ...။"
"ပြီးတော့ အဖေက ဒီကို ရောက်နေပြီး အတော်လေး သက်သောင့်သက်သာ နေနေရတာပဲ မဟုတ်လား။ မိသားစုအသစ်တောင် ထူထောင်ထားသေးတယ်၊ အငယ်အနှောင်းနဲ့ သမီးတစ်ယောက်တောင် ရနေ ပြီပဲ...။"
"ဒါတွေ အားလုံးကလည်း သားတို့ သားအမိအတွက် လုပ်ခဲ့တာလို့ အဖေ ပြောဦးမှာလား...။"
"အကြွေးရှင်တွေ အဖေ့ကို ဒီမှာ မိသွားရင်တောင် အဖေက မိသားစုအသစ်နဲ့ အဆင်ပြေနေပြီး သားတို့ သားအမိကို ဂရုမစိုက်တော့ဘူးလို့ ထင်သွားအောင်၊ ဒါမှ သားတို့ သားအမိကို ဒုက္ခမပေးတော့မှာမို့လို့ အခုလို လုပ်ထားတာလို့ ပြောမှာလား...။"
လျန်ထျန်းသည် ပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာကာ နောက်ဆုံး စကားလုံးများကို အော်ဟစ်ကာ ပြော လိုက်လေသည်။
ချစ်ခြင်းတရား ကြီးမားလေလေ၊ နာကျည်းမှုက ပြင်းထန်လေလေ ဖြစ်သည်။ သူသည် ဖခင်ဖြစ်သူကို ချစ်ခင်ပြီး အမြဲတမ်း သတိရနေခဲ့သလို ဖခင်ဖြစ်သူကို နားလည်ပေးရန်လည်း ကြိုးစားခဲ့လေသည်။
ထို့ကြောင့်ပင် ဖခင်ဖြစ်သူ၌ 'သမီး' တစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသောအခါ မိမိ၏ အရင်းနှီး ဆုံးသောသူထံမှ သစ္စာဖောက်ခံရကာ အစွန့်ပစ်ခံလိုက်ရသည်ဟု ခံစားရကာ စိတ်လှုပ်ရှားမှုကို မထိန်း ချုပ်နိုင် ဖြစ်နေခြင်းပင်။
လျန်သရှန်းမှာ သားဖြစ်သူ၏ စကားများကြောင့် မှင်တက်သွားရလေသည်။ ခေတ္တမျှ ကြာပြီးနောက် သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောရှာလေသည်။
"သား... မင်း... မင်း ဘာတွေ ပြောနေတာလဲ။ ဘယ်က အငယ်အနှောင်းနဲ့ သမီးလဲ၊ ဘယ်က မိသားစု အသစ်လဲ...။"
"ဒီနှစ်တွေအတွင်းမှာ အဖေ မင်းရဲ့ မေမေအပေါ် သစ္စာပျက်မယ့် အလုပ်မျိုး တစ်ခုမှ မလုပ်ခဲ့ပါဘူး...။"
ဖခင်ဖြစ်သူက ဝန်မခံသေးသည်ကို မြင်သောအခါ လျန်ထျန်းက ခေါင်းကို ခါယမ်းကာ ခါးခါးသီးသီး ပြုံးလိုက်လေသည်။
"အခုထိတောင် အဖေ ဝန်မခံချင်သေးဘူးလား...။"
"ကောင်းပြီလေ... ဒါဆိုရင် အထောက်အထားတွေကို အဖေ ကြည့်လိုက်ဦး၊ ပြီးမှ ဘာဆက်ပြောမလဲ ဆိုတာ ကြည့်ရသေးတာပေါ့...။"
ပြောပြီးသည်နှင့် လျန်ထျန်းသည် အဝတ်ထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်ယူကာ ဖခင်ဖြစ်သူ၏ ရှေ့သို့ ပစ်ချ လိုက်လေသည်။ လျန်သရှန်းသည် ထိုဖိုင်ကို ယူကြည့်ပြီးနောက် ခေတ္တမျှ ကြောင်အသွားခဲ့ပြီးမှ အားရပါးရ ရယ်မောလိုက်လေတော့သည်။
"သားရယ်... ဒီစာရွက်တွေထဲမှာ အဖေက ကောင်မလေးတစ်ယောက်နဲ့ အတူနေနေတယ်လို့ပဲ ရေးထား တာလေ။ အဲ့ဒါကိုပဲ မင်းက အဖေ့ရဲ့ သမီးလို့ ထင်နေတာလား...။"
လျန်ထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောလိုက်လေသည်။
"ဒါမဟုတ်ရင် ဘာရှိဦးမှာလဲ။ အဲ့ဒီကလေးမလေးရဲ့ အသက်ကို ကြည့်ဦး၊ အဖေ သားတို့ သားအမိကို စွန့်ခွာသွားပြီး မကြာခင်မှာပဲ တခြားတစ်ယောက်နဲ့ ရခဲ့တာ မဟုတ်လား...။"
"သားတို့ သားအမိကို ဂရုစိုက်တယ်လို့သာ ပြောနေတာ၊ တကယ်တော့ တခြားတစ်ယောက်နဲ့ သမီး တစ်ယောက် ရနေခဲ့တာပဲ။ အဖေ... အဖေကတော့...။"
စကားအဆုံးတွင် လျန်ထျန်းမှာ ဒေါသထွက်လွန်းသဖြင့် ဆက်၍ပင် စကားမပြောနိုင်တော့ပေ။
လျန်သရှန်းက ခေါင်းကို ခါယမ်းလိုက်ပြီး လေးလေးနက်နက် ပြောလိုက်လေသည်။
"သားရယ်... မင်း တကယ်ပဲ အဖေ့ကို အကြီးအကျယ် နားလည်မှု လွဲနေတာပဲ...။"
"အဲ့ဒီကလေးမလေးက အဖေ့ရဲ့ သမီးမဟုတ်ပါဘူး၊ အဖေ့ကျေးဇူးရှင်ရဲ့ သမီးလေးပါ...။"
"ဒီအကြောင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စတာပါ။ အဖေ အစောက ပြောသလိုပဲ၊ တစ်ခါ က သားတို့ သားအမိကို ခိုးကြည့်ဖို့ ပြန်လာခဲ့ဖူးတယ်...။"
"ဒါပေမဲ့ မထင်မှတ်ဘဲ အကြွေးရှင်တွေက တွေ့သွားပြီး လိုက်ပြီးနှိပ်စက်ကြတယ်။ အဲ့ဒီ မိုးသည်းထန်စွာ ရွာနေတဲ့ ညမှာ အဖေ သေလုမြောပါး ဖြစ်နေခဲ့တာ...။"
"အဲ့ဒီအချိန်မှာ အဲ့ဒီကလေးမလေးရဲ့ မိဘတွေက အဖေ့ကို တွေ့ပြီး ကယ်တင်ခဲ့တာသာ မဟုတ်ရင် အဖေ သေသွားတာ ကြာလှပါပြီ...။"
"အဖေ ခိုကိုးရာမဲ့နေတာကို သိသွားတဲ့အခါ သူတို့က အဖေ့ကို အိမ်မှာ ခေါ်ထားပေးခဲ့တယ်။ သူတို့က တကယ်ကို ကြင်နာတတ်တဲ့ မိသားစုလေးပါ၊ ဒါပေမဲ့...။"
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လျန်သရှန်း၏ အသံမှာ ရှိုက်ကြီးတငင် ဖြစ်လာတော့သည်။
"ဆင်းရဲနွမ်းပါးသူတွေဆီမှာပဲ ကံဆိုးမှုတွေက စုပြုံကျရောက်တတ်တယ်ဆိုတာ တကယ်ပါပဲ။ ဒီ မိသားစုလေးက အရမ်းရိုးသားပြီး အလုပ်ကြိုးစားကြတယ်။ သူတို့ရဲ့ ဘဝကလည်း တကယ်ကို ခက်ခဲလှပါတယ်...။"
"သူတို့ မျှော်လင့်တာက မိသားစုဝင်တွေ ဘေးကင်းဖို့နဲ့ ရောဂါဘယ ကင်းဝေးဖို့ပဲလေ။ ဒါပေမဲ့ အဲ့ဒီ လောက် သာမန် ဆုတောင်းလေးတောင် မပြည့်ခဲ့ရှာပါဘူး...။"
"သူတို့တွေ တစ်သက်လုံး အလုပ်ကြိုးစားပြီး ဆွေမျိုးတွေဆီက ပိုက်ဆံချေး၊ ဘဏ်ကနေ ချေးငွေထုတ် ပြီး အိမ်တစ်လုံး ဝယ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒီအိမ်က မပြီးစီးသေးတဲ့ အဆောက်အအုံကြီး ဖြစ်သွားခဲ့ တယ်...။"
"အဲ့ဒီတုန်းက လူတွေအများကြီး သွားပြီး တိုင်တန်းကြတော့ ဒီဇနီးမောင်နှံလည်း လိုက်သွားကြတာပေါ့။ ကိုယ်ဝယ်ထားတဲ့ အိမ်မှာလည်း မနေရဘဲ လစဉ် ချေးငွေဆပ်နေရပြီး အပြင်မှာ အိမ်ငှားနေရတာကို ဘယ်သူက ကျေနပ်မှာတဲ့လဲ...။"
"ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ...။ လူတွေအများကြီး ရှိနေတဲ့ ကြားထဲကနေ အိမ်ခြံမြေ လုပ်ငန်းရှင် ရဲ့ ဒုတိယသားက ဒေါသတကြီးနဲ့ ကားကို မဆင်မခြင် မောင်းလိုက်တာ ကောင်မလေးရဲ့ မိခင်ကို တိုက်မိ ပြီး သေဆုံးသွားခဲ့ရတယ်...။"
"ပိုပြီး ဒေါသထွက်ဖို့ ကောင်းတာက အဲ့ဒီ လုပ်ငန်းရှင်ရဲ့ သားက စိတ်မနှံ့ဘူးဆိုတဲ့ ဆေးစာရွက် အတုလုပ် ပြီး ပြစ်ဒဏ်ကနေ လွတ်မြောက်သွားတာပဲ...။"
"တန်ဖိုးရှိတဲ့ လူ့အသက်တစ်ချောင်းကို သူတို့က ပြား (၅၀) တည်းနဲ့ လျော်ကြေးပေးပြီး ပြီးစလွယ် လုပ်ချင် ခဲ့ကြတာ...။"
ဤနေရာတွင် လျန်သရှန်းသည် ပါးပြင်ပေါ်ရှိ မျက်ရည်များကို သုတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ ဆက်ပြောလေသည်။
"ဒီလို မတရားမှုကို ကောင်မလေးရဲ့ ဖေဖေက လက်မခံနိုင်ဘဲ လျော်ကြေးကို ငြင်းပယ်ပြီး ဆက်တိုက် တရားစွဲခဲ့တယ်။ ဒါပေမဲ့ သူ အကြိမ်ကြိမ် တရားစွဲနေရင်းနဲ့ပဲ တစ်ညမှာ ဘရိတ်ပေါက်နေတဲ့ ကုန်တင် ကားတစ်စီးက သူ့ကို ဝင်တိုက်ပြီး သေဆုံးသွားခဲ့ရပြန်ပါရော...။"
"မင်း စဉ်းစားကြည့်ပါဦး... ဒါက တိုက်ဆိုင်မှုလို့ ထင်သလား။ တကယ်တော့ ဘာဖြစ်ခဲ့တယ်ဆိုတာ လူတိုင်း သိကြတာပဲ မဟုတ်လား...။"
"ဒါပေမဲ့ ကုန်တင်ကားဒရိုင်ဘာက အပြစ်အားလုံးကို ယူပြီး ထောင်ထဲဝင်သွားတယ်၊ အိမ်ခြံမြေ လုပ်ငန်း ရှင်ရဲ့သားကတော့ ဘာမှမဖြစ်ဘဲ လွတ်နေတုန်းပဲ။ အဲ့ဒီနောက်ပိုင်းမှာ ဘယ်သူမှ ဒုက္ခမရှာရဲကြတော့ ဘူး...။"
"ဘာလို့လဲဆိုတော့ အားလုံးက သိနေကြတယ်လေ၊ ထပ်ပြီး ပြဿနာရှာရင် အသက်အန္တရာယ် ရှိလာနိုင် တယ်ဆိုတာကို...။"
"အဲ့ဒီအချိန်မှာ တခြားလူတွေက လက်လျှော့သွားပေမဲ့ အဖေကတော့ ဒီအတိုင်း မနေနိုင်ခဲ့ဘူး။ သူတို့ မိသားစုက အဖေ့အပေါ် အများကြီး ကျေးဇူးရှိခဲ့တာလေ...။"
"ဒါကြောင့် မိဘမဲ့ ဖြစ်သွားတဲ့ ကောင်မလေးကို ခေါ်ပြီး အဖေက အထောက်အထားတွေ လိုက်ရှာပြီး တရားစွဲဖို့ ပြင်ဆင်ခဲ့တယ်...။"
"ဒါပေမဲ့ အထောက်အထား အလုံအလောက် မရခင်မှာပဲ အဖေ ကားတိုက်ခံရပြီး အဖေ့ရဲ့ ခြေထောက် က အဲ့ဒီတုန်းကပဲ မသန်မစွမ်း ဖြစ်သွားခဲ့ရတာ...။"
"အဲ့ဒီနောက်မှပဲ အဖေ သဘောပေါက်သွားတယ်။ သာမန်လူတွေက ငွေရှင်ကြေးရှင်တွေကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာပဲ။ အဲ့ဒီအချိန်မှာ အဖေ့ရဲ့ စိတ်ကူးတွေ ပြောင်းလဲသွားခဲ့တယ်...။ ကံကြမ္မာကို လက်ခံပြီး ကောင်မလေးကို လူလားမြောက်အောင် ပြုစုစောင့်ရှောက်ပေးတာကပဲ ကျေးဇူးဆပ်ရာ ရောက်မယ်လို့ ဆုံးဖြတ်လိုက်မိတာပါပဲ...။"
လျန်သရှန်းသည် စကားအဆုံးတွင် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ကံကြမ္မာကို လက်ခံလိုက်ပြီ ဟု ဆိုသော်လည်း သူ၏ ငိုသံထဲတွင် နာကျည်းမှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသည်ကို လျန်ထျန်း ကြားနေရပေသည်။
အမှန်တရားကို သိရှိသွားသောအခါ လျန်ထျန်းသည် ဖခင်ဖြစ်သူ၏ ငိုကြွေးမှုကို ကြည့်ရင်း ရင်ထဲတွင် တဆစ်ဆစ် နာကျင်လာရလေသည်။ ဖခင်အတွက် စိတ်မကောင်းဖြစ်ရသလို မိမိက နားလည်မှု လွဲခဲ့ သည်ကိုလည်း နောင်တရနေမိခဲ့ပေသည်။
သို့သော် မကြာမီပင် လျန်ထျန်း၏ မျက်လုံးများမှာ တည်ကြည်သွားကာ ဖခင်ဖြစ်သူ၏ ပုခုံးကို ဆုပ်ကိုင် ရင်း လေးလေးနက်နက် ပြောလိုက်လေသည်။
"ဖေဖေ... သားကို ပြောပါ၊ အဲ့ဒီ မိသားစုနဲ့ ဖေဖေတို့ကို ဒုက္ခပေးခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် နာမည်က ဘယ်သူလဲ...၊ သား လက်စားချေပေးမယ်...။"
အခန်း (၉၂)
အရင်းနှီးဆုံးသော ဆွေမျိုးသားချင်းများ
လျန်ထျန်း၏ စကားကို ကြားသောအခါ လျန်သရှန်းသည် ငိုနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ပျာပျာသ လဲလဲ ပြောလိုက်လေသည်။
"သား... မိုက်မိုက်မဲမဲတွေ မလုပ်ပါနဲ့ဦး...။"
"အဲ့ဒီလို ငွေရှင်ကြေးရှင်တွေက တို့တွေ ရန်စလို့ရတဲ့သူတွေ မဟုတ်ဘူး။ တို့တွေက အသက်ရှင်ဖို့တောင် မနည်းရုန်းကန်နေရတာ၊ အဲ့ဒီလိုလူတွေကို သွားပြီး...။"
ဖခင်ဖြစ်သူ စိုးရိမ်ထိတ်လန့်နေသည်ကို မြင်သောအခါ လျန်ထျန်းက ပြုံး၍ ဖခင်၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်လေသည်။
"ဖေဖေ... သားရဲ့ အခု အခြေအနေကို ကြည့်ပါဦး၊ ပြီးတော့ ခုနက ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း ပြန်ပြီး စဉ်းစားကြည့်ပါဦး...။"
"သူတို့က ငွေရှိအာဏာရှိ ဖြစ်နိုင်ပေမဲ့ သားကလည်း အနိုင်ကျင့်ခံရမယ့်သူ မဟုတ်ပါဘူး။ သား အဖေနဲ့ အဖေ့ကျေးဇူးရှင်ကို ဒုက္ခပေးရဲတဲ့သူတွေကို သားက ထိုက်တန်တဲ့ အဖိုးအခတော့ ပြန်ပေးစေရမယ်...။"
လျန်ထျန်းသည် ဤစကားကို အလွန်ပင် ခိုင်မာပြတ်သားသော လေသံဖြင့် ပြောလိုက်ရာ မည်သည့် အရာကမျှ သူ့ကို တားဆီးနိုင်မည့်ပုံ မပေါ်ပေ။
လျန်သရှန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ စကားပြောရန် တုံ့ဆိုင်းနေပြန်သည်။ ထိုအခြင်းအရာကို မြင်သောအခါ လျန်ထျန်းက ဖခင်ဖြစ်သူ ဘာကို စိုးရိမ်နေသည်ကို ရိပ်မိလိုက်ပြီး ဖုံးကွယ်မထားဘဲ ဆက်ပြောလိုက်လေသည်။
"ဖေဖေ ဘာကို စိုးရိမ်နေလဲဆိုတာ သားသိပါတယ်။ စိတ်မပူပါနဲ့၊ သားက မဆင်မခြင် လုပ်တတ်တဲ့သူ မဟုတ်သလို စိတ်လိုက်မာန်ပါလည်း ဘာမှမလုပ်ပါဘူး...။"
"ဘယ်အိမ်ခြံမြေ လုပ်ငန်းရှင်လဲဆိုတာသာ သားကို ပြောပြပါ။ သားက အန္တရာယ်အကင်းဆုံး နည်းလမ်း နဲ့ သူတို့ကို ဖြေရှင်းမှာပါ။ သားကိုယ်တိုင်လည်း ဘာထိခိုက်မှုမှ မရှိစေရဘူးလို့ ကတိပေးတယ်...။"
သားဖြစ်သူ၏ စကားကို ကြားသောအခါ လျန်သရှန်းက သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက် လေသည်။
"သားရယ်... အဖေ တကယ်ပဲ အားနာပါတယ်။ ဒီနှစ်တွေအတွင်း မင်းအနားမှာ မရှိပေးနိုင်ခဲ့သလို မင်းကြီးပြင်းလာတာကိုလည်း မတွေ့ခဲ့ရဘူး...။"
"အခု သားက အောင်မြင်နေပြီဆိုပေမဲ့ ဒီလို အခြေအနေမျိုး ရောက်လာဖို့ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ၊ ဘာတွေ စတေးခဲ့ရလဲဆိုတာကို အဖေ မသိနိုင်ဘူး...။"
"တို့မိသားစုရဲ့ အခြေအနေနဲ့ဆိုရင် သား အခုလို ကိုယ့်လမ်းကိုယ် ဖောက်နိုင်ဖို့ဆိုတာ တကယ်ကို ခက်ခဲ ခဲ့မှာပဲ…။ ငါ့သားလေး တကယ်ကို ပင်ပန်းခဲ့ရရှာပြီ...။"
ပြောရင်းနှင့် လျန်သရှန်းသည် ကြမ်းတမ်းနေသော သူ၏လက်များဖြင့် သားဖြစ်သူ၏ ပါးပြင်ကို အသာ အယာ ပွတ်သပ်ပေးနေခဲ့လေသည်။ ဖခင်၏ လက်မှ နွေးထွေးမှုကို ခံစားလိုက်ရသောအခါ လျန်ထျန်း သည် နောက်ဆုံးတွင် မျက်ရည်များ ဝဲတက်လာပြီး သူ၏ အကြည့်များမှာလည်း ဖခင်ကို ကြည့်နေသည့် သားတစ်ဦး၏ အကြည့်ကဲ့သို့ နူးညံ့သွားလေတော့သည်။
မှန်ပေသည်။ မိမိ အောင်မြင်မှု ရရှိချိန်တွင် ထိုအောင်မြင်မှု နောက်ကွယ်၌ မည်မျှ ပင်ပန်းဆင်းရဲခဲ့ရမည် ကို တွေးပေးတတ်သူမှာ ရင်းနှီးရဆုံးသော ဆွေမျိုးသားချင်းများသာ ဖြစ်ပေသည်။ မိမိ၏ အပြင်ပန်း ဂုဏ်ဒြပ်ကိုသာ ကြည့်ပြီး နောက်ကွယ်မှ ဒုက္ခများကို မမြင်နိုင်သော ပြင်ပလူများနှင့် လုံးဝ ခြားနားလှပေ သည်။
မိမိကို နားလည်ပေးပြီး ဂရုစိုက်ပေးသည့် ဆွေမျိုးသားချင်းများ ရှိနေခြင်းမှာ လောကတွင် အကြီးမား ဆုံးသော ပျော်ရွှင်မှုပင် ဖြစ်တော့သည်။
သို့သော် ဤအချက်ကပင် လျန်ထျန်းအား ဖခင်အတွက် လက်စားချေပေးရန် ပို၍ ခိုင်မာသော ဆုံးဖြတ် ချက်ကို ချစေခဲ့လေသည်။
*ငါ့အဖေနဲ့ ငါ့အဖေ့ကျေးဇူးရှင်ကို ဒုက္ခပေးခဲ့တဲ့သူတွေဟာ အဆိုးဝါးဆုံးသော အဖိုးအခကို ပေးဆောင် ရစေရမယ်…။*
ညဉ့်နက်ပိုင်းတွင် မိုးကစဲသွားခဲ့လေသည်။
ရှည်လျားသော ကားတန်းကြီးသည် လျန်ထျန်းနှင့် လျန်သရှန်းတို့ကို ဟောင်းနွမ်းနေသော ရပ်ကွက်လေး ဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့လေသည်။
ရပ်ကွက်အတွင်းရှိ ပတ်ဝန်းကျင်ကို ကြည့်ကာ မစ္စတာရှောင်က လျန်ထျန်းကို ဖားသည့်အနေဖြင့် အပြေးအလွှား ပြောလိုက်လေသည်။
"ရှယ်ယာရှင်လျန်... ဒီက ပတ်ဝန်းကျင်က အရမ်းကို ဆိုးလွန်းပါတယ်၊ လူကြီးမင်းရဲ့ မြင့်မြတ်တဲ့ ဂုဏ်ဒြပ်နဲ့ လုံးဝ မလိုက်ဖက်ပါဘူး...။"
"ကျွန်တော်တို့ လုံကျန်းဟိုတယ်မှာ အကောင်းစား အခန်းတွေ အများကြီး ရှိပါတယ်။ လူကြီးမင်းနဲ့ ဖခင်ဖြစ်သူအတွက် ကျွန်တော် စီစဉ်ပေးပါရစေလား...။"
သို့သော် မစ္စတာရှောင်၏ အလိုလိုက်ဖားယားမှုမှာ လျန်ထျန်း၏ စိတ်ကို မပျော်ရွှင်စေဘဲ အကြည့်စူးစူး ကိုသာ ရရှိခဲ့လေသည်။
"မစ္စတာရှောင်က ဒီနေရာကို အထင်သေးနေတာလား။ ဒီလို နေထိုင်ခွင့်မျိုးတောင် မရှိတဲ့သူတွေ ဘယ် လောက်တောင် များနေပြီလဲဆိုတာ ခင်ဗျား သိရဲ့လား...။"
"ဥပမာ ပြောရရင် ကျွန်တော် အရင်တုန်းက စတုရန်းမီတာ ဆယ်ဂဏန်းလောက်ပဲရှိတဲ့ ကျဉ်းမြောင်းတဲ့ အခန်းလေးထဲမှာ နေခဲ့ရတာ။ ခင်ဗျား အဲ့ဒီလို ဘဝမျိုးကို တစ်ခါလောက်ဖြစ်ဖြစ် ကြုံဖူးရဲ့လား...။"
ထိုစကားကို ကြားသောအခါ မစ္စတာရှောင်မှာ တုန်လှုပ်သွားပြီး ခေါင်းကို အမြန်ငုံ့ကာ ထပ်ခါတလဲလဲ တောင်းပန်လေတော့သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်...။ ရှယ်ယာရှင်လျန်က ကိုယ်တိုင် ကြိုးစားပြီး အောင်မြင် လာတာဆိုတော့ ကျွန်တော့်လို လူအိုကြီးနဲ့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ။ ကျွန်တော် အခုပဲ ပြန်ပါတော့ မယ်...။"
ပြောရင်းနှင့် မစ္စတာရှောင်မှာ ထိုနေရာမှ အမြန်ဆုံး လစ်ထွက်ရန် ကြိုးစားလေသည်။ သို့သော် သူ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးခင်မှာပင် လျန်ထျန်းက သူ့ကို ပြန်ခေါ်လိုက်ပြန်လေသည်။
"နေဦး... ခင်ဗျားကို သွားတော့လို့ ဘယ်သူကပြောလို့လဲ...။"
မစ္စတာရှောင်မှာ ရုတ်တရက် ရပ်လိုက်ပြီး အလွန်ပင် စိုးရိမ်ထိတ်လန့်စွာဖြင့် ရပ်နေမိတော့သည်။ ထို့နောက် လျန်ထျန်းက ဆက်ပြောလိုက်လေသည်။
"အပေါ်တက်ပြီး ကောင်မလေးကို သွားခေါ်လိုက်ဦးမယ်၊ ပြီးရင် ကျွန်တော်တို့အတွက် ဟိုတယ်မှာ အခန်းစီစဉ်ပေးပါ။ အနည်းဆုံး အခန်းသုံးခန်း ဖြစ်ရမယ်...။"
ထိုစကားကို ကြားမှသာ မစ္စတာရှောင်မှာ စိတ်သက်သာရာ ရသွားပြီး ရိုရိုသေသေဖြင့် ချက်ချင်း သဘော တူလိုက်လေသည်။
"ဟုတ်ကဲ့ပါ... လူကြီးမင်းအတွက် အကောင်းဆုံး အခန်းကို စီစဉ်ပေးပါ့မယ်။ မစ္စတာလျန်းမှာ တခြား ဘာလိုအပ်တာရှိရှိ ကျွန်တော်တို့ အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်...။"
လျန်ထျန်းနှင့် လျန်သရှန်းတို့ ကောင်မလေးကို သွားခေါ်ရန် အပေါ်သို့ တက်သွားသောအခါ မစ္စတာရှောင် ၏ အနားရှိ အတွင်းရေးမှူးမလေးက ချိုသာသော အသံဖြင့် မေးလိုက်လေသည်။
"မစ္စတာရှောင်... ဒီရှယ်ယာရှင်လျန်က တကယ်ပဲ ထူးခြားတာပဲနော်။ ရှင့်ကို အခန်းစီစဉ်ခိုင်းသလို ဆူလည်း ဆူသေးတယ်။ သူက တကယ်ပဲ အဲ့ဒီလောက် အာဏာရှိတာလား..."
ထိုစကားကို ကြားသောအခါ မစ္စတာရှောင်သည် အတွင်းရေးမှူးမလေးကို စိုက်ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ဆူလိုက်လေသည်။
"ပါးစပ်ပိတ်ထားစမ်း။ မင်း ဘာပြောသင့်လဲ၊ ဘာမျိုချသင့်လဲဆိုတာ သိထားစမ်း...။"
"ငါ ပြောပြမယ်၊ ဒီရှယ်ယာရှင်လျန်ရဲ့ နောက်ခံက တကယ်ကို ကြောက်ဖို့ကောင်းပြီး ခန့်မှန်းလို့ မရနိုင် ဘူး။ သူက ငါတို့အုပ်စုရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင်တင်မကဘူး၊ တခြား ကုမ္ပဏီအများကြီးရဲ့ ရှယ်ယာရှင်ကြီးလည်း ဖြစ်သေးတယ်...။"
"ဒါတင်မကသေးဘူး... နောက်နှစ်မှာ ရှယ်ယာရှင်လျန်က ငါတို့ အုပ်စုထဲကို နောက်ထပ် ယွမ် (၅၀,၀၀၀) ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ ကတိပေးထားသေးတယ်...။"
အတွင်းရေးမှူးမလေးမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။
"တစ်နှစ်ထဲမှာ ယွမ် (၅၀,၀၀၀) ထပ်ပြီး ရင်းနှီးမြှုပ်နှံမယ် ဟုတ်လား...၊ ဘုရားရေ...။ ဒီရှယ်ယာရှင်လျန် က တကယ်ပဲ ချမ်းသာတာပဲ၊ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ချောလည်း ချောသေးတယ်...။"
မစ္စတာရှောင်က မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်လေသည်။
"မင်းရဲ့ အပေါ်ယံပဲ ကြည့်တတ်တဲ့ ဦးနှောက်ကို သုံးပြီး စဉ်းစားကြည့်စမ်း။ ဒီလိုလူမျိုးက သူ့လက်ဖျားက နေ အစအနလေးပဲ ထွက်လာရင်တောင် ငါတို့ကို သူဌေးဖြစ်စေနိုင်တယ်….။"
"အခုက သူ့ကို ဖားရမယ့် အခွင့်အရေး ရနေပြီ။ သူ ငါ့ကို ဆူတာပဲဖြစ်ဖြစ်၊ မြေးတစ်ယောက်လို နှိပ်စက် တာပဲဖြစ်ဖြစ် ငါကတော့ ဝမ်းသာအားရ ခံယူမှာပဲ…။"
"ပြီးတော့ ရှယ်ယာရှင်လျန် ခုနက ပြောသွားတာတွေကို သေချာ စဉ်းစားကြည့်စမ်း။ သူက ငါ့ကို တကယ်ပဲ ဆူနေတာလား….။"
"ဒါက ရှယ်ယာရှင်လျန်က ငါ့ကို အပြစ်တင်ရတဲ့ အနေအထားမှာ ရှိနေပြီး ငါ့ကို အရေးတယူ လုပ်ပေး တာပဲ။ ဒါဟာ ငါ့အတွက် ဂုဏ်ယူစရာပဲ…။"
"ရှယ်ယာရှင်လျန်နဲ့သာ အဆက်အသွယ် အနည်းငယ်လောက် ရလိုက်ရင် ငါ့အတွက် စည်းစိမ်ဥစ္စာ တွေက မကုန်နိုင်မခမ်းနိုင် ဖြစ်နေမှာ သေချာတယ်...။"
မစ္စတာရှောင်၏ စကားကို ကြားပြီးနောက် အတွင်းရေးမှူးမလေးသည် သွားရည်များ ကျမလာစေရန် ပါးစပ်ကို အသာအယာ အုပ်လိုက်ပြီး သူမ၏ မျက်လုံးအစုံမှာလည်း မျှော်လင့်ချက်များဖြင့် တောက်ပ နေခဲ့လေသည်။
"ဒါဆိုရင် မစ္စတာရှောင်... ရှယ်ယာရှင်လျန် ဟိုတယ်မှာ နေနေတဲ့ အတောအတွင်း သူ တခြား ဘာလို အပ်တာပဲရှိရှိ ကျွန်မကို အဲ့ဒီ အခွင့်အရေး ပေးလို့ ရမလားဟင်...။"
မစ္စတာရှောင်က အတွင်းရေးမှူးမလေးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် သူမ၏ တောင့်တင်း လှပသော တင်ပါးကို အသာအယာ ပုတ်ကာ ရယ်မောလိုက်လေသည်။
"မင်းရဲ့ အရည်အချင်းကို ငါ အသိဆုံးပါ….။"
"ဒါကြောင့် အဲ့ဒီလို အခွင့်အရေးမျိုး တကယ် ရလာရင် ငါ မင်းအတွက် သေချာပေါက် စီစဉ်ပေးမှာ ပေါ့…။"
"ဒါပေမဲ့ မင်း မှတ်ထားရမှာက လျန်ရှယ်ယာရှင်နဲ့ အဆင်ပြေသွားပြီး ငါ့ကိုတော့ မေ့မသွားနဲ့ဦးနော်...။"
အတွင်းရေးမှူးမလေးက နွဲ့နှောင်းစွာ ပြုံးလိုက်လေသည်။
"ဘယ်လိုလုပ် မေ့မှာလဲ။ မစ္စတာရှောင်က ကျွန်မရဲ့ ကျေးဇူးရှင်ပဲလေ။ နောင်ကျရင် ကျွန်မ ဘယ်လို အခြေအနေမျိုးပဲ ရောက်ရောက် မစ္စတာရှောင်ကို ဘယ်တော့မှ မမေ့ပါဘူး...။"
မစ္စတာရှောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
"ဒါဆိုရင် မင်း လိုချင်တဲ့ အခြေအနေကို အမြန်ဆုံး တက်လှမ်းနိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ အဲ့ဒီနေရာ ရောက်သွားတဲ့အခါ ငါ့ကို ပြုစုခဲ့သလိုမျိုးပဲ သူ့ကိုလည်း ကောင်းကောင်း ပြုစုပေးလိုက်ဦး ပေါ့...၊ ဟဲဟဲ...။"
မကြာမီမှာပင် လျန်ထျန်းနှင့် လျန်သရှန်းတို့သည် ကောင်မလေးတစ်ယောက်ကို ခေါ်၍ ဆင်းလာခဲ့ ကြလေသည်။ ထိုကောင်မလေးမှာ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ခန့်သာ ရှိသေးပြီး အိပ်ချင်မူးတူး ဖြစ်နေပုံရလေသည်။
သူမသည် လက်ကလေးများဖြင့် မျက်လုံးကို ပွတ်နေပြီး သူမ၏ နီမြန်းနေသော ပါးပြင်လေးမှာ တကယ် ကို ချစ်စရာ ကောင်းလှပေသည်။ သူမက ချိုသာသော အသံလေးဖြင့် မေးလိုက်လေသည်။
"ဦးလေးလျန်... သမီးတို့ ဘယ်သွားကြမှာလဲဟင်...။"
ခြေထောက် ဒဏ်ရာကြောင့် လျန်သရှန်းမှာ ကောင်မလေးကို ပွေ့ချီထားရန် အနည်းငယ် ခက်ခဲ နေသော်လည်း သူကပင် ဆက်၍ ချီထားရင်း ကြင်နာစွာ ပြောလိုက်လေသည်။
"သမီးရဲ့ အစ်ကို လျန်ထျန်းက သမီးတို့ကို ပိုကောင်းတဲ့ နေရာကို ခေါ်သွားမလို့လေ။ အဲ့ဒီမှာ သမီး ကြိုက်တဲ့ စားစရာတွေနဲ့ ကစားစရာတွေ အများကြီး ရှိတယ်...။"
ထိုစကားကို ကြားသောအခါ ကောင်မလေးသည် လျန်ထျန်းကို ကြည့်ကာ နွဲ့နှောင်းစွာ မေးလိုက် လေသည်။
"အစ်ကို လျန်ထျန်း... ဒါပေမဲ့ သမီးက သူ့ကို မသိဘူးလေ။ သူက လူကောင်းလားဟင်...။"