အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃)
အိမ်ထက် ကောင်းသောနေရာ မရှိ
ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် တိုးဝှေ့နေသော ကောင်မလေးသည် အနည်းငယ် ရှက်ရွံ့နေပုံရသဖြင့် လျန်ထျန်းမှာ စိတ်မကောင်း ဖြစ်သွားရလေသည်။
အကြောင်းမှာ ဤကောင်မလေးသည် ငယ်စဉ်ကတည်းက မိဘများကို ဆုံးရှုံးခဲ့ရပြီး ထိုမိဘများမှာ လူဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောပြထားသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူမသည် သူစိမ်းများရှိလျှင် အလွန်ရှက်တတ်ပြီး သူစိမ်းများကို မြင်လျှင် လူကောင်းများ မဟုတ်ဟု ထင်ကာ အလွန် ထိတ်လန့်နေတတ်ပေသည်။
ဤအချက်ကို တွေးမိသောအခါ လျန်ထျန်းသည် ကောင်မလေးအား တတ်နိုင်သမျှ နွေးထွေးသော အပြုံးဖြင့် ပြောလိုက်လေသည်။
"အစ်ကိုက ဦးလေးလျန်ရဲ့ သားပါ။ အခုကစပြီး သမီးရဲ့ အစ်ကိုကြီး ဖြစ်သွားပြီဆိုတော့ အစ်ကိုက လူကောင်းပေါ့၊ သမီးအပေါ်မှာလည်း အရမ်းကောင်းမှာပါ...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ကောင်မလေးမှာ ယုံကြည်ခြင်း မရှိသေးဘဲ လက်ကလေး များဖြင့် လျန်သရှန်း၏ အဝတ်ကို မြဲမြဲဆုပ်ကိုင်ထားလေသည်။ ဤကောင်မလေး၏ ယုံကြည်မှုကို ရရှိရန်မှာ တစ်ထိုင်တည်းနှင့် မဖြစ်နိုင်ကြောင်း လျန်ထျန်း နားလည်သဖြင့် သူ မလောတော့ပေ။
နောင်တွင် အချိန်များစွာ ရှိပေသေးသည်။
လက်ရှိတွင် အရေးကြီးဆုံးမှာ သူမနှင့် ဖခင်ဖြစ်သူအတွက် ပိုမိုကောင်းမွန်သော နေထိုင်မှု ပတ်ဝန်းကျင် ကို ပေးအပ်ရန်သာ ဖြစ်သည်။ သူတို့ ဒီနှစ်များအတွင်း ခံစားခဲ့ရသော ဒုက္ခများအကြောင်း ကြားရသော အခါ လျန်ထျန်းမှာ ရင်ကွဲမတတ် ခံစားခဲ့ရပေသည်။ ယခု သူ တတ်နိုင်သည့် အချိန်တွင် သူတို့နှစ်ဦးကို လည်း ပိုမိုကောင်းမွန်သော ဘဝကို ခံစားစေချင်သည်ပင်။
သို့သော် သူတို့ ကားပေါ်တက်ရန် ပြင်ဆင်လိုက်ချိန်တွင် ပြဿနာတစ်ခု ဖြစ်ပေါ်လာခဲ့လေတော့သည်။ ကောင်မလေးသည် ကားပေါ်မတက်ဘဲ ငိုယိုကာ အော်ဟစ်လေတော့သည်။
"သမီး မသွားချင်ဘူး၊ တခြားနေရာမှာ မနေချင်ဘူး၊ သမီး ဒီမှာပဲ နေမှာ...။"
လျန်သရှန်းက သူမကို ချော့မော့၍ ဖျောင်းဖျလိုက်လေသည်။
"ရှောင်ကျင်း... လိမ်မာစမ်းပါကွယ်။ အစ်ကို လျန်ထျန်း စီစဉ်ပေးတဲ့ ဟိုတယ်က အရမ်းကောင်းတာ။ အိမ်ထက်လည်း ပိုကျယ်တယ်၊ ပြီးတော့ စားစရာတွေနဲ့ ကစားစရာတွေလည်း အများကြီး ရှိတယ် လေ...။"
သို့သော် မည်သို့ပင် ချော့မော့ပါစေ၊ ကောင်မလေးမှာမူ ဆက်လက် ငိုယိုနေပြီး မည်သို့မျှ ကားပေါ်သို့ မတက်တော့ပေ။ ထိုစဉ် လျန်ထျန်းက ရှေ့သို့ တိုးလာပြီး စိတ်ရှည်လက်ရှည် မေးလိုက်လေသည်။
"ရှောင်ကျင်း... ဘာလို့ ပိုကောင်းတဲ့ နေရာမှာ မနေချင်ရတာလဲ။ အဲ့ဒီမှာ စားစရာတွေနဲ့ ကစားစရာတွေ အများကြီး ရှိတာကို သမီးက မကြိုက်ဘူးလား...။"
ကောင်မလေး၏ နီမြန်းသော ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေရင်း သူမက ချိုသာသော အသံလေးဖြင့် ပြောလိုက်လေသည်။
"ဘယ်လောက်ပဲ ကောင်းတဲ့ စားစရာတွေ၊ ကစားစရာတွေ ရှိရှိ ဒီနေရာကို မမီပါဘူး။ ဘာလို့လဲဆိုတော့ ဒါက သမီးရဲ့ အိမ်လေ၊ သမီးနဲ့ သမီးရဲ့ မိဘတွေ အတူနေခဲ့တဲ့ နေရာလေးပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ရင်ထဲတွင် တစ်ဆို့သွားရလေသည်။ ကောင်မလေးကို ပွေ့ချီ ထားသော လျန်သရှန်းမှာလည်း စိတ်မကောင်း ဖြစ်သွားရပြီး သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
"ကောင်းပြီလေ ရှောင်ကျင်း... တို့တွေ ဟိုတယ်မှာ မနေတော့ဘူး၊ ဒီမှာပဲ နေကြတာပေါ့။ ဦးလေးက သမီးနဲ့ အမြဲတူတူ ရှိနေမှာပါ...။"
ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းသည် မစ္စတာရှောင်နှင့် အနောက်ရှိ လူများကို ပြောလိုက်လေ သည်။
"ခင်ဗျားတို့ ပြန်ကြတော့၊ ကျွန်တော်လည်း ဒီမှာပဲ နေခဲ့မယ်...။"
လျန်ထျန်းတို့ ဟိုတယ်ကို မလိုက်တော့ကြောင်း ကြားသောအခါ မစ္စတာရှောင် စကားမပြောရသေးခင် မှာပင် အတွင်းရေးမှူးမလေးက အရင် ဝင်ပြောလိုက်လေသည်။
"ရှယ်ယာရှင်လျန်... ဒီနေရာက အရမ်း ဟောင်းနွမ်းနေပြီလေ၊ အခန်းတွေကလည်း သေးသေးလေး တွေ...။ အာ... ကျွန်မက ဒီနေရာကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူးနော်။ ဒါပေမဲ့ လူကြီးမင်းတို့ သုံးယောက်သား အခန်းတစ်ခန်းတည်းမှာ အတူနေရင် အဆင်မပြေမှာ စိုးလို့ပါ။ ဒါကြောင့် လူကြီးမင်း အနေနဲ့ ကျွန်မတို့နဲ့အတူ ဟိုတယ်ကို ပြန်လိုက်ခဲ့ဖို့ စဉ်းစားပေးပါဦးလား...။"
ပြောရင်းနှင့် ထိုအတွင်းရေးမှူးမလေးသည် လျန်ထျန်းကို မျက်စတစ်ချက် ပစ်ပြလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလျက်ရှိလေသည်။ သို့သော် လျန်ထျန်းက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်လေသည်။
"ကျွန်တော် ပြောပြီးပြီပဲ၊ ဒီထက်ဆိုးတဲ့ နေရာတွေမှာတောင် ကျွန်တော် နေခဲ့ဖူးတယ်၊ ခင်ဗျားတို့ ဘာမှ ထပ်မပြောပါနဲ့တော့။ နောက်မှ တစ်ခုခုရှိရင် ကျွန်တော် ဆက်သွယ်လိုက်မယ်၊ အခုတော့ သွားကြ တော့...။"
ထို့နောက် လျန်ထျန်းနှင့် လျန်သရှန်းတို့သည် ကောင်မလေးကို ခေါ်ကာ ဟောင်းနွမ်းနေသော အိမ်ခန်း လေးဆီသို့ ပြန်သွားခဲ့ကြလေသည်။
အတွင်းရေးမှူးမလေးသည် ထွက်ခွာသွားသော လျန်ထျန်း၏ ကျောပြင်ကို ကြည့်ရင်း စိတ်ပျက်သွားရ သည်။ သူမ၏ အစီအစဉ်မှာ မစတင်ရသေးခင်မှာပင် ပြီးဆုံးသွားခဲ့လေပြီ။
မစ္စတာရှောင်က သူမကို တစ်ချက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
"မင်းရဲ့ အစွမ်းအစက မလုံလောက်သေးပုံပဲ...၊ ဒါပေမဲ့လည်း ရှယ်ယာရှင်လျန်လို လူမျိုးက မိန်းကလေး မျိုးစုံကို တွေ့ဖူးမှာပေါ့။ မင်းအတွက် အခွင့်အရေး ရှိမှာ မဟုတ်တော့ဘူး၊ အခုကစပြီး ငါ့နားမှာပဲ ငြိမ်ငြိမ်လေး နေစမ်းပါ…၊ ငါ မင်းကို မညှိုးနွမ်းစေရပါဘူး...။"
ထို့နောက် မစ္စတာရှောင်သည် ကားပေါ်သို့ တက်သွားလေသည်။ သို့သော် အတွင်းရေးမှူးမလေးမှာမူ လျန်ထျန်း ပျောက်ကွယ်သွားရာ လမ်းဘက်သို့ စိုက်ကြည့်နေဆဲဖြစ်ပြီး သူမ၏ မျက်လုံးများမှာ တစ်ခု ခုကို တွေးတောနေပုံရလေသည်။
နောက်တစ်နေ့ မနက်စောစော။ ဆိုဖာပေါ်တွင် အိပ်ပျော်နေသော လျန်ထျန်းသည် တံခါးခေါက်သံနှင့် အတူ ဆဲဆိုသံများကို ကြားလိုက်ရသဖြင့် နိုးလာခဲ့လေသည်။
"ဟေ့... လူမသန်မစွမ်း အဘိုးကြီး။ အခု ချက်ချင်း တံခါးဖွင့်စမ်း။ အိမ်လခ ပေးရမယ့် အချိန်ရောက် ပြီ...။"
လျန်ထျန်း ထရပ်ကာ အပေါ်အင်္ကျီကို ဝတ်ပြီး တံခါးဖွင့်ပေးလိုက်လေသည်။ တံခါးအပြင်ဘက်တွင် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရှိနေပြီး သူမ၏ မျက်နှာမှာ ဒေါသထွက်နေကာ ကြည့်ရသည်မှာ ဆက်ဆံရ ခက်မည့်ပုံပင်။
ထိုအမျိုးသမီးသည် လျန်ထျန်းကို မြင်သောအခါ ပထမ၌ အံ့အားသင့်သွားပြီးမှ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"နင်က ဘယ်သူလဲ။ ဒီအိမ်မှာ ဟိုလူမစွမ်းမသန်ကပဲ နေတာ မဟုတ်ဘူးလား။ ဘာလဲ... ဟိုခြေမသန်တဲ့ သူက ပြဿနာတစ်ခုခု တက်နေပြန်ပြီလား။ ဟင်း... ကံဆိုးလိုက်တာ။ ဒီမိသားစုက ဘာလို့ ပြဿနာတွေ ခဏခဏ တက်နေရတာလဲ။ ငါ့အိမ်ရဲ့ နာမည်ကို ထိခိုက်မှာ စိုးရိမ်နေရတယ်...။"
"အဆင်မပြေရင်လည်း အဲ့ဒီကလေးမလေးကို ခေါ်ပြီး အမြန်ဆုံး ဖယ်ပေးကြတော့။ ငါ့အိမ်က ဖုန်းရွှေမကောင်းဘူးလို့ လူတွေ ထင်ကုန်ရင် ငါပဲ အကြီးအကျယ် နစ်နာမှာ...။"
ထိုအမျိုးသမီး၏ နားမခံသာသော စကားများကို ကြားသောအခါ လျန်ထျန်း မျက်မှောင်ကြုတ် သွားခဲ့ပေသည်။
"ခင်ဗျားက သည်အိမ်ရှင်လား။ စကားကို ကောင်းကောင်းမွန်မွန် လူလိုသူလို မပြောတတ်ဘူးလား...။"
ထိုစကားကို ကြားသောအခါ အမျိုးသမီးမှာ ချက်ချင်းပင် ဒေါသထွက်သွားလေသည်။
"ဟေ့... ကောင်လေး။ တစ်လကို တစ်ပြားပဲ ပေးရတဲ့ နေရာမှာ နေနေရတာကို ဘယ်လို ဆက်ဆံမှုကို မျှော်လင့်နေတာလဲ။ ငါက နင်တို့ကို ကိုယ်တိုင်လာပြီး ပြုစုရမှာလား…။"
"ငါ ပြောပြမယ်၊ ဟိုခြေမသန်တဲ့သူက အိမ်လခ မပေးတာ နှစ်လရှိပြီ။ အခုချက်ချင်း မပေးရင် နင်တို့ကို နှင်ထုတ်ပြီး လမ်းဘေးမှာ အိပ်ခိုင်းပစ်မယ်...။"
ထိုစဉ် အတွင်းခန်းထဲမှ ကောင်မလေး၏ ငိုသံကို ကြားလိုက်ရသည်။ မကြာမီမှာပင် လျန်သရှန်းသည် တရွတ်တိုက် လမ်းလျှောက်ရင်း ထွက်လာကာ အမျိုးသမီးကို ကြည့်၍ အားနာသလို ပြုံးလိုက်လေ သည်။
"တောင်းပန်ပါတယ် အမကြီးရယ်...၊ ကျွန်တော်က လမ်းလျှောက်ရတာ ခက်ခဲနေလို့ပါ။ ပြီးခဲ့တဲ့လက အစားအသောက် ပို့တာ အနည်းငယ် နောက်ကျသွားလို့ တိုင်ကြားစာတွေ ခံရပြီး အလကား လုပ်လိုက် ရသလို ဖြစ်သွားလို့ အိမ်လခ မပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီလမှာတော့ ပိုက်ဆံ ရထားတာ ရှိပါတယ်၊ အခု ပဲ ပေးလိုက်ပါ့မယ်။ ဒီကောင်လေးက ကျွန်တော့်ရဲ့ သားပါ၊ သူ့စကားကို ဘွေမယူ ပါနဲ့နော်...။"
လျန်သရှန်းနှင့် အမျိုးသမီးတို့၏ စကားပြောဆိုပုံအရ သူသည် သည်နှစ်များအတွင်း သူတစ်ပါးအပေါ် မှီခိုပြီး နှိမ်ချစွာ နေထိုင်ခဲ့ရကြောင်း သိသာလှပေသည်။ အမျိုးသမီးက နှာခေါင်းရှုံ့ကာ ပြောလိုက်လေ သည်။
"ဟင်း... ခြေမသန်တဲ့ အစားအသောက် ပို့တဲ့သူမှာ သားရှိတာပဲလား။ နင့်ကို လူပျိုကြီးလို့ ငါ ထင်နေ တာ…။"
"ဒါနဲ့ ပြောရဦးမယ်၊ ဒီမိသားစုက လူနှစ်ယောက် သေသွားတော့ လျော်ကြေးငွေ ရထားတာ ရှိတယ် မဟုတ်လား။ အဲ့ဒီ ပိုက်ဆံရှိရင် ဘာလို့ အိမ်ကို မဝယ်လိုက်တာလဲ။ ငါက နင်တို့ ငှားနေလို့သာ မရောင်း ဘဲ ထားခဲ့တာ၊ အခုတော့ အိမ်ဈေးတွေ ကျသွားလို့ ငါ အများကြီး နစ်နာသွားပြီ….။"
"လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကသာ ရောင်းလိုက်ရင် ပြား (၇၀) ၊ ပြား (၈၀) လောက် ရမှာ။ အခုတော့ ပြား (၅၀) နဲ့တောင် ရောင်းရဖို့ မလွယ်တော့ဘူး။ ဒါတွေ အကုန်လုံးက နင်တို့ကြောင့်ပဲ...။"
ထိုအမျိုးသမီး၏ စကားမှာ အတော်ပင် ယုတ္တိမရှိလှပေ။ အတိတ်တုန်းက အိမ်ဈေးများ တက်နေစဉ်တွင် သူမက ပိုတက်လာဦးမည်ဟု ထင်ကာ မရောင်းဘဲ ထားခဲ့ခြင်း ဖြစ်လေသည်။
နောက်ပိုင်း အိမ်ဈေးကျလာသောအခါ ခေတ္တမျှသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တစ်နှစ်ခွဲကျော် ကြာသည်အထိ ဆက်လက် ကျဆင်းနေခဲ့သဖြင့် သူမ နောင်တရနေခြင်းပင် ဖြစ်ချေသည်။
သို့သော် သူမသည် ထိုအပြစ်အားလုံးကို ရှောင်ကျင်း၏ မိသားစုနှင့် လျန်သရှန်းတို့အပေါ် လွှဲချနေခြင်း ဖြစ်ရာ တကယ်ကို ရွံရှာဖွယ် ကောင်းလှပေသည်။ သို့သော်လည်း ရှောင်ကျင်းလေးမှာ ဤအိမ်အပေါ် သံယောဇဉ် ရှိနေသဖြင့် လျန်သရှန်းမှာ ပြုံး၍သာ ပြောလိုက်ရလေသည်။
"အမကြီးရယ်... အိမ်ကို ထားပြီး အိမ်လခ ယူနေတာက ပိုကောင်းတာပေါ့။ အိမ်ရောင်းတာက တစ်ကြိမ်တည်း ရတာလေ၊ အခုတော့ ပိုက်ဆံက အမြဲ ရနေတာပဲ မဟုတ်လား။ ပြီးတော့ အဲ့ဒီ လျော်ကြေးငွေကို ကျွန်တော် မထိရဲပါဘူး။ ဒါက ရှောင်ကျင်းရဲ့ မိဘတွေ အသက်နဲ့ လဲပြီး ရထားတဲ့ ပိုက်ဆံတွေလေ၊ သေချာ သိမ်းထားပေးရမှာပါ။ ရှောင်ကျင်းလေး လူလားမြောက်လာတဲ့အခါ ကျရင် သူမကို အကုန်လုံး ပြန်ပေးရမှာပါ...။"
အခန်း (၉၄)
ငါ့ကို ပိုက်ဆံနဲ့ ဒူးမထောက်ခိုင်းလို့မရဘူး
လျန်သရှန်း၏ အားနာတောင်းပန်နေသော စကားများကို ကြားသောအခါ အသက်လတ်ပိုင်း အမျိုးသမီး မှာ နှာခေါင်းရှုံ့ကာ နောက်တစ်ဖန် လှောင်ပြောင်လိုက်ပြန်လေသည်။
"နင့်လို အဘိုးကြီးက တကယ်ပဲ ကိုယ်ကျင့်တရား ကောင်းတဲ့သူလို့ ထင်နေတာလား...။"
"ငါ့အမြင်မှာတော့ နင်က ပိုက်ဆံနဲ့ အဲ့ဒီကလေးမလေးကိုပဲ မက်နေတာပါ။ သူမကို ပြုစုပျိုးထောင်ပြီး နင်ကိုယ်တိုင် သုံးဖို့ ကြံနေတာမလား...။"
"အဘိုးကြီးက မြက်နုလေးကို စားချင်နေတာပဲ၊ တကယ်ကို အရှက်မရှိတဲ့ အလုပ်ပဲ...၊ ဟွန်း...။"
ဤကဲ့သို့ စော်ကားခံရသောအခါ စိတ်သဘောထား ကောင်းလှသော လျန်သရှန်းပင်လျှင် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောရှာလေသည်။
"ခင်ဗျား ဘယ်လို စကားမျိုး ပြောလိုက်တာလဲ.... ရှောင်ကျင်းရဲ့ မိသားစုက ကျွန်တော့်အပေါ် ကျေးဇူး ရှိခဲ့တာပါ။ ကျွန်တော် သေရင်သေပါစေ၊ အဲ့ဒီလို ယုတ်မာတဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး...။"
အမျိုးသမီးက စိတ်မရှည်သလို လက်ယမ်းပြလိုက်လေသည်။
"တော်စမ်းပါ... နင် ဘာလုပ်လုပ် ငါ့အလုပ် မဟုတ်ဘူး။ အိမ်ကို မဝယ်ဘူးဆိုရင်လည်း အိမ်လခ အမြန် ပေးတော့၊ အခု (၃) ပြား ပေးရမယ်...။"
လျန်သရှန်းမှာ အံ့အားသင့်သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"နှစ်လစာ အိမ်လခက (၂) ပြားပဲ မဟုတ်ဘူးလား။ အမကြီးက နောက်လအတွက်ပါ ကြိုတောင်းနေ တာလား...။"
ထိုအမျိုးသမီးက ခါးထောက်ကာ မောက်မာစွာ ပြောလိုက်လေသည်။
"နောက်လအတွက် ကြိုတောင်းတာ မဟုတ်ဘူး။ ငါ ခုနက ပြောပြီးပြီလေ၊ နင်တို့ကြောင့် ငါ့အိမ်ကို အချိန်မီ မရောင်းလိုက်ရလို့ ပြား (၂၀) ၊ပြား (၃၀) လောက် နစ်နာသွားတယ်ဆိုတာ…။"
"ဒါကြောင့် အဲ့ဒီ နစ်နာကြေးတွေကို နင်တို့အပေါ်မှာပဲ ပြန်ကောက်ရမှာပေါ့။ အခုကစပြီး အိမ်လခက တစ်လကို (၁) ပြားခွဲ ဖြစ်သွားပြီ...။"
ထိုစကားကို ကြားသောအခါ လျန်သရှန်းမှာ အလွန်ပင် ဒေါသထွက်သွားရလေသည်။
"ခင်ဗျား ဘယ်လိုလုပ်ပြီး အိမ်လခကို သဘောရှိသလို တိုးရဲရတာလဲ...။"
"ဒီအိမ်က တစ်လကို (၁) ပြားဆိုတာတောင် ဈေးကြီးနေပြီလေ၊ အခု သုည ဒသမ (၅) ပြားတောင် ထပ်တိုးမယ် ဟုတ်လား...။ ခင်ဗျား ဒီလို မလုပ်သင့်ဘူး...။"
အမျိုးသမီးက ဘာကိုမျှ ဂရုမစိုက်သလို အမူအရာဖြင့် ပြောလိုက်လေသည်။
"ဒါ ငါ့အိမ်လေ၊ ငါ ကြိုက်တဲ့ဈေးနဲ့ ငှားမှာပေါ့။ ပိုက်ဆံ မရှိရင်လည်း ဖယ်ပေးကြတော့၊ အလကား နေမနေနဲ့...။"
ဤနေရာတွင် လျန်သရှန်းမှာ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ယနေ့ခေတ်
လောကကြီးတွင် ရိုးသားသူများမှာ အမြဲတမ်း အနိုင်ကျင့်ခံနေရခြင်းပင်။ သူက ခြေထောက် ဒဏ်ရာ ကြောင့် အလုပ်ရှာရ ခက်ခဲသဖြင့် အစားအသောက် ပို့သည့်အလုပ်ကိုသာ လုပ်နိုင်ရှာသည်။ သို့သော် လမ်းလျှောက်လျှင် တရွတ်တိုက် ဖြစ်နေသဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ အမှာစာများများ မပို့ နိုင်ပေ။
တစ်ခါတစ်ရံတွင် ခြေထောက်ကြောင့် အမှာစာများ နောက်ကျသွားပါက တိုင်ကြားစာများ ခံရတတ် သည်။ တစ်လလျှင် တိုင်ကြားစာ အနည်းငယ် ရရုံဖြင့် ဒဏ်ကြေး အများကြီး ပေးဆောင်ရလေသည်။ ထို့ကြောင့် တစ်လလုံး ပင်ပင်ပန်းပန်း လုပ်မှ (၃) ပြား သို့မဟုတ် (၄) ပြားခန့်သာ ရရှိရှာလေသည်။ ငွေကြေးတန်ဖိုး မကျဆင်းခင်ကဆိုလျှင် ယွမ် (၃,၀၀၀) သို့မဟုတ် (၄,၀၀၀) ခန့်နှင့် ညီမျှပေလိမ့်မည်။
အိမ်လခက တစ်လ (၁) ပြား ပေးရပြီး ကျန်သည့် ပိုက်ဆံမှာ သူနှင့် ကလေးမလေးတို့၏ နေ့စဉ် စားသောက်စရိတ်အတွက် မနည်းရုန်းကန်နေရခြင်း ဖြစ်သည်။ အကယ်၍ အိမ်လခက ၁ပြားခွဲ ဖြစ်သွား ပါက သူတို့၏ ဘဝမှာ ပို၍ ခက်ခဲသွားပေတော့မည်။
လျန်သရှန်းသည် မိမိ၏ အခြေအနေကို တွေးကာ အားငယ်သွားသော်လည်း ဘာမှ မတတ်နိုင်သဖြင့် အရာအားလုံးကို တိတ်တဆိတ်သာ သည်းခံနေရစမြဲ ဖြစ်ချေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူ၏နား၌ သားဖြစ်သူ လျန်ထျန်း ရှိနေသည်ကို သူ မေ့နေပုံရပေသည်။ ထို့ပြင် သားဖြစ်သူက မနေ့ညက ထုတ်ပြောပြခဲ့သော သူ၏ ဂုဏ်ဒြပ်ကိုလည်း မေ့နေသည့်ပုံပင်။
မိမိ၏ ဖခင် စော်ကားခံနေရသည်ကို မြင်သောအခါ လျန်ထျန်းသည် လက်သီးကို မသိမသာ ဆုပ်လိုက် ပြီး လက်ဖမိုးပေါ်ရှိ အကြောများမှာ ထောင်တက်လာလေသည်။ နောက်တစ်စက္ကန့်တွင် သူသည် ဖခင်ဖြစ်သူ၏ ရှေ့၌ ကာကွယ်၍ရပ်လိုက်ကာ အမျိုးသမီးကို စိုက်ကြည့်ရင်း အသံနက်ကြီးဖြင့် ပြော လိုက်လေသည်။
"ခင်ဗျား ဒီအိမ်ကို ရောင်းချင်တာ မဟုတ်လား...။ ကောင်းပြီလေ၊ ကျွန်တော် ဝယ်မယ်...။"
"ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေ နှစ်ခု ရှိတယ်။ ပထမအချက်က ကျွန်တော့် အဖေကို ခင်ဗျား တောင်းပန်ရမယ်၊ ပြီးရင် ခင်ဗျားရဲ့ နားမခံသာတဲ့ ပါးစပ်အတွက် ကိုယ့်ပါးကိုယ် ဆယ်ချက် ရိုက်ရ မယ်...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ အမျိုးသမီးက လှောင်ရယ်လိုက်လေသည်။
"နင်က ဟိုခြေမသန်တဲ့ အစားအသောက် ပို့တဲ့သူရဲ့ သားမလား။ နင့်အဖေတောင် အိမ်မဝယ်နိုင်တာ၊ နင်က ဘယ်က ပိုက်ဆံနဲ့ ဝယ်မှာလဲ...။"
"ငါ ပြောပြမယ် ကောင်လေး၊ ငါ့ကို လာပြီး လိမ်ဖို့ မကြိုးစားနဲ့။ နင်သာ တကယ် ချမ်းသာရင် နင့်ရဲ့ ခြေမသန်တဲ့ အဖေဆီမှာ လာပြီး ကပ်နေမှာ မဟုတ်ဘူး….။"
"နင်က နင့်မိဘတွေဆီမှာ လာပြီး ခိုကပ်စားသောက်မယ့်သူပဲ ဖြစ်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလကား စားမယ့်သူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး...၊ ဟွန်း...။"
လျန်ထျန်း၏ မျက်နှာမှာ ပို၍ပင် တည်ကြည်သွားကာ တစ်လုံးချင်း ပြောလိုက်လေသည်။
"ကောင်းပြီလေ... ကျွန်တော် စိတ်ပြောင်းသွားပြီ။ နောက်ထပ် အခြေအနေတွေ ထပ်တိုးမယ်။ ခင်ဗျား ကျွန်တော်နဲ့ ကျွန်တော့်အဖေ ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရမယ်၊ ပြီးရင် ခင်ဗျားရဲ့ အပုပ်နံ့ထွက်တဲ့ ပါးစပ်ကို အချက်တစ်ရာ ရိုက်ရမယ်...။"
အမျိုးသမီးမှာ အားရပါးရ ရယ်မောလေတော့သည်။
"ဟားဟားဟား... ကောင်လေး၊ နင် ရူးသွားတာလား...။"
"နင့်မှာ ပိုက်ဆံမရှိတာ ထားလိုက်ပါဦး။ နင့်မှာ ငါ့အိမ်ကို ဝယ်ဖို့ ပိုက်ဆံရှိရင်တောင် ငါက ဘာလို့ နင့်ရှေ့မှာ ဒူးထောက် တောင်းပန်ရမှာလဲ။ ပြီးတော့ ကိုယ့်ပါးကိုယ် ဘာလို့ ရိုက်ရမှာလဲ…။"
"ငါ ပြောပြမယ်၊ အဲ့ဒီလိုလုပ်တဲ့သူက တကယ့် အရူးပဲ ဖြစ်မှာ။ နင်ကတော့ တကယ်ကို ဦးနှောက် မရှိတဲ့သူပဲ...။"
သို့သော် ထိုအမျိုးသမီး စကားမဆုံးခင်မှာပင် လျန်ထျန်းက သူ၏ ဖုန်းထဲမှ လက်ကျန်ငွေကို ပြလိုက် လေသည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ ဂဏန်းဆယ်လုံးကျော်ကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားလေတော့သည်။ သူမ ပြောလက်စ စကားများမှာလည်း လည်ချောင်းထဲတွင်ပင် တိမ်မြုပ် ပျောက်ကွယ်သွားခဲ့လေသည်။
လျန်ထျန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်လေသည်။
"ခင်ဗျား ခုနက ပြောတော့ သည်အိမ်က အခု ပြား (၅၀) ပဲ တန်တော့တယ် ဆို…။"
"ခင်ဗျား အိမ်ကို အရင်က မရောင်းလိုက်ရလို့ နောင်တရနေတာ မဟုတ်လား၊ ဈေးကောင်းရတုန်းက မရောင်းလိုက်မိဘဲ အခု ပြား (၂၀) ၊ ပြား (၃၀) လောက် ကျသွားလို့လေ…။"
"ကောင်းပြီ... အခု ကျွန်တော် ခင်ဗျားကို အခွင့်အရေး တစ်ခု ပေးမယ်။ ခင်ဗျားရဲ့ အိမ်ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲက အမြင့်ဆုံးဈေးဖြစ်တဲ့ ပြား (၈၀) နဲ့ ဝယ်မယ်…။"
"ဒါပေမဲ့ အခြေအနေကတော့ ခင်ဗျား ကျွန်တော်တို့ရှေ့မှာ ဒူးထောက် တောင်းပန်ရမယ်၊ ပြီးရင် ခင်ဗျားရဲ့ နံစော်နေတဲ့ ပါးစပ်ကို အချက်တစ်ရာ ရိုက်ရမယ်...။"
စကားအဆုံးတွင် အမျိုးသမီး၏ မျက်နှာမှာ အလွန်ပင် ရှုပ်ထွေးသွားလေသည်။ သူမသည် အိမ်ကို ပြား (၈၀) ဆိုသော ဈေးကောင်းဖြင့် ရောင်းချင်သော်လည်း သူမ၏ ဂုဏ်သိက္ခာကိုတော့ မစွန့်လွှတ်ချင်ပေ။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
"ငါ အိမ်ကို ရောင်းနိုင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီ အခြေအနေတွေကိုတော့ သဘောမတူနိုင်ဘူး။ လူကို အရမ်း အနိုင်မကျင့်နဲ့ပါ...။"
သို့သော် သူမ စကားမဆုံးခင်မှာပင် လျန်ထျန်းက အေးအေးဆေးဆေးပင် ထပ်ပြောလိုက်လေသည်။
"နောက်ထပ် (၁၀) ပြား ထပ်တိုးမယ်၊ စုစုပေါင်း ပြား (၉၀) ပေါ့။ အခြေအနေကတော့ အတူတူပဲ...။"
ဈေးနှုန်း (၁၀) ပြား ထပ်တိုးသွားသည်ကို ကြားသောအခါ အမျိုးသမီးမှာ အသက်ရှူပင် မှားသွားရလေ သည်။ သည်တစ်ကြိမ်တွင် သူမ ပို၍ ကြာမြင့်စွာ တုံ့ဆိုင်းနေပြီး သူမ၏ မျက်နှာမှာ အလွန်ပင် ပဋိပက္ခ ဖြစ်နေပုံရပေသည်။ သို့သော် နောက်ဆုံးတွင် သူမက အံကြိတ်ကာ ပြောလိုက်လေသည်။
"ဒါဟာ တကယ်ကို စော်ကားလွန်းရာ ကျတယ်...။ ငါ့မှာလည်း ဂုဏ်သိက္ခာရှိတယ်၊ ပိုက်ဆံနဲ့ ငါ့ကို ဒူးထောက်ခိုင်းလို့ မရဘူး...။"
လျန်ထျန်းက သူမ၏ စကားကို ထပ်မံ ဖြတ်ပြောလိုက်ကာ လက်တစ်ချောင်း ထောင်ပြလိုက်လေသည်။
"(၁) ယွမ်... ဒါ ခင်ဗျားအတွက် နောက်ဆုံး အခွင့်အရေးပဲ။ အခုမှ မရောင်းရင် ကျွန်တော် တကယ် မဝယ်တော့ဘူး….။"
"အခု အိမ်ဈေးနှုန်း အခြေအနေအရ အရင်က အမြင့်ဆုံးဈေးကို ပြန်ရောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင် တော့ဘူး၊ ထပ်ပြီး ကျဖို့ပဲ ရှိတော့တယ်…။"
"ခင်ဗျား ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ခါ ဘယ်တော့မှ ရမှာ မဟုတ်တော့ဘူး။ သေချာ စဉ်းစားပါ။ ကျွန်တော် သုံးစက္ကန့်ပဲ အချိန်ပေးမယ်။ သုံး... နှစ်...၊"
"ဘုန်း..."
လျန်ထျန်း ရေတွက်လို့ မဆုံးခင်မှာပင် အမျိုးသမီးမှာ ဒူးထောက်ချလိုက်လေသည်။ ထို့နောက် ပါးရိုက် သံများမှာလည်း ချက်ချင်းပင် အဆက်မပြတ် ထွက်ပေါ်လာလေတော့သည်။ သူမသည် မိမိကိုယ်မိမိ အားရပါးရ ရိုက်နေပြီး အချက်တိုင်းမှာလည်း စကားတစ်ခွန်း ပြောနေခဲ့လေသည်။
"တောင်းပန်ပါတယ်... ကျွန်မရဲ့ ပါးစပ်က အရမ်း ပုပ်စပ်နေလို့ပါ၊ အရိုက်ခံရတာ ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ တောင်းပန်ပါတယ်...။"
ထိုအခြင်းအရာကို ကြားသောအခါ လျန်ထျန်းက ကျေနပ်စွာ ပြုံးလိုက်သော်လည်း ဘေးတွင် ရပ်နေ သော လျန်သရှန်းမှာမူ မှင်တက်ကာ ကြည့်နေမိတော့သည်။ အမြဲတမ်း မောက်မာစော်ကားတတ်သော ထိုအမျိုးသမီးမှာ ယခုအခါ ဒူးထောက်ကာ မိမိကိုယ်မိမိ ရိုက်နှက်ပြီး တောင်းပန်နေသည်မှာ ယုံနိုင်စရာ ပင် မရှိပေ။
အချက်တစ်ရာ ပြည့်သွားသောအခါ အမျိုးသမီး၏ မျက်နှာမှာ ဖူးရောင်လာပြီး အဆီးများဖြင့်ပြည့်နေ သော သူမ၏ မျက်နှာမှာ ပို၍ပင် ဖောင်းလာပုံရပေသည်။ လျန်ထျန်းသည် ကတိအတိုင်း သူမထံသို့(၁) ယွမ် လွှဲပေးလိုက်လေသည်။
သူမသည် စကားကိုပင် ပီအောင် မပြောနိုင်တော့ဘဲ ကျေးဇူးအထပ်ထပ် တင်ရင်း ထွက်သွားလေသည်။ ညနေပိုင်းတွင် အိမ်ဂရန်စာချုပ် ယူလာပြီး အမည်ပြောင်းပေးမည်ဖြစ်ကြောင်းလည်း ပြောသွားလေ သည်။
ထိုအမျိုးသမီး ထွက်သွားပြီး မကြာမီမှာပင် တံခါးခေါက်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေသည်။ တံခါး ဖွင့်လိုက်သောအခါ ရင်းနှီးသလို ရှိသော်လည်း အနည်းငယ် စိမ်းသက်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက် ရလေသည်။ သူမက လျန်ထျန်းကို ချိုသာသော အသံလေးဖြင့် နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါ မစ္စတာလျန်... ကျွန်မ လူကြီးမင်းအတွက် မနက်စာ ယူလာပေးတာပါ...။"