အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅)
ဒေသခံ အင်အားကြီးအုပ်စု
မိမိ၏ ရှေ့တွင် ရပ်နေသော ဖြူစင်အပြစ်ကင်းသည့် ပုံရိပ်လေးကို ကြည့်ရင်း လျန်ထျန်းက ခေတ္တမျှ စဉ်းစားကာ မေးလိုက်လေသည်။
"မင်းက... မနေ့ညက မစ္စတာရှောင်ရဲ့ အတွင်းရေးမှူး မဟုတ်လား...။"
လျန်ထျန်းက သူမကို မှတ်မိနေသည်ကို မြင်သောအခါ အတွင်းရေးမှူးမလေးမှာ ဝမ်းသာအားရဖြင့် ပျာပျာသလဲလဲ ပြန်ပြောလိုက်လေသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်...၊ ကျွန်မက ဥက္ကဋ္ဌရှောင်ရဲ့ အတွင်းရေးမှူး ရန်လွမ် ပါ။ ကျွန်မကို လွမ်လွမ် လို့ပဲ ခေါ်လို့ ရပါတယ်ရှင်...။"
ပြောရင်းနှင့် ရန်လွမ်သည် သူမ၏ လက်ထဲရှိ အစားအသောက်ဘူးများကို မြှောက်ပြကာ ပြုံးလျက် ဆက်ပြောလေသည်။
"ကျွန်မ လူကြီးမင်းအတွက် မနက်စာ ယူလာပေးတာပါ။ ပေါက်စီ၊ ကြက်ဥစွပ်ပြုတ်၊ အီကြာကွေးနဲ့ ပဲနို့တွေ ပါပါတယ်….။"
"ဒါဆိုရင်... ကျွန်မ အထဲကို ဝင်လို့ ရမလားဟင်...။"
လျန်ထျန်းသည် ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားပြီး "အာ..." ဟု ရေရွတ်ကာ ရန်လွမ်ကို အိမ်ထဲ သို့ ဝင်ရန် ဖယ်ပေးလိုက်လေသည်။ ရန်လွမ်၏ ကျောပြင်ကို ကြည့်ရင်း သူမသည် မနေ့ညကနှင့် လုံးဝ ခြားနားနေပြီး တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ဟု လျန်ထျန်း ခံစားလိုက်ရလေသည်။
အကြောင်းမှာ မနေ့ညက ရန်လွမ်သည် မိတ်ကပ်များ အလွန်အမင်း လိမ်းခြယ်ထားပြီး ဆွဲဆောင်မှုရှိ သော အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူမသည် ရိုးသားအေးဆေးသော မိသားစုမှ ကောင်မလေးတစ်ယောက်ကဲ့သို့ ဖြူစင်အပြစ်ကင်းနေပြန်သည်။ တစ်ညတာအတွင်းမှာပင် လူတစ်ယောက်က ဤမျှအထိ ပြောင်းလဲသွားနိုင်သည်မှာ ထူးဆန်းလှပေ သည်။
ရန်လွမ်သည် မနက်စာကို စားပွဲပေါ်၌ ပြင်ဆင်နေစဉ် လျန်ထျန်း မမြင်နိုင်သော နေရာ၌ သူမ၏ နှုတ်ခမ်း ဖျားတွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ယနေ့ သူမကို လျန်ထျန်း ကြည့်နေသည့် အကြည့်အရ သူမ၏ ပထမခြေလှမ်းမှာ အလွန်ပင် အောင်မြင်နေပြီဟု ခံစားရကာ စိတ်ထဲတွင် ကျေနပ်နေမိလေသည်။
စားသောက်နေစဉ်အတွင်း လျန်ထျန်းက ရန်လွမ်ကို မေးလိုက်လေသည်။
"မစ္စတာရှောင်က မင်းကို ဒီလွှတ်လိုက်တာလား...။"
ရန်လွမ်သည် ပေါက်စီကို အနည်းငယ် ကိုက်နေစဉ် လျန်ထျန်း၏ မေးခွန်းကို ကြားသောအခါ ပြုံး၍ ခေါင်းခါပြလိုက်လေသည်။
"မဟုတ်ပါဘူး၊ ကျွန်မဘာသာကျွန်မ လာခဲ့တာပါ။ လူကြီးမင်းကို ပြုစုပေးမယ့်သူ မရှိမှာ စိုးရိမ်လို့ပါ...။"
ပြောရင်းနှင့် ရန်လွမ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ လက်ထဲမှ ပေါက်စီကို ချထားလိုက်ပြီး အိမ်ထောင်ရှင်မကောင်းတစ်ဦးကဲ့သို့ အိမ်အလုပ်များကို ကူညီလုပ်ကိုင်ပေးနေပြန်လေသည်။
"အိမ်တစ်လုံးမှာ စီမံခန့်ခွဲပေးမယ့် အမျိုးသမီးတစ်ယောက် မရှိရင် အိမ်နဲ့တောင် မတူတော့ပါဘူးလေ။ မစ္စတာလျန် အနေနဲ့ မကန့်ကွက်ဘူးဆိုရင် ကျွန်မကို ဒီမှာ ခေတ္တနေခွင့်ပေးပြီး လူကြီးမင်းကို ပြုစုပေးခွင့် ပြုပါနော်...။"
မနေ့ညက ရန်လွမ်သည် အလှပဆုံးသော အဝတ်အစားများကို ဝတ်ဆင်ခဲ့သော်လည်း လျန်ထျန်းက သူမကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ အိမ်ပြန်ရောက်သောအခါ ရန်လွမ်သည် တစ်ညလုံး စဉ်းစား နေခဲ့လေသည်။
*ဒီလောက်ငယ်ရွယ်တဲ့ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေကို စိတ်မဝင်စားဘဲ နေနိုင်ပါ့မ လား…။*
*ဒါဟာ သေချာပေါက် ငါ့ရဲ့ ပုံစံက တစ်ဖက်လူရဲ့ အကြိုက်နဲ့ မကိုက်ညီလို့ပဲ ဖြစ်ရမယ်…။*
တကယ်တော့ သူမ ယခင်က မြှူဆွယ်ခဲ့သော အမျိုးသားများမှာ အသက်လေးဆယ်၊ ငါးဆယ်အရွယ် သက်လတ်ပိုင်း အမျိုးသားများသာ ဖြစ်ကြပြီး ထိုသူများမှာ များသောအားဖြင့် ဟိတ်ဟန်ကြီးသော အလှအပများကို နှစ်သက်ကြသဖြင့် သူမက ထိုပုံစံကို ဖမ်းခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် မထင်မှတ်ဘဲ ငယ်ရွယ်ချောမောပြီး ချမ်းသာကြွယ်ဝသည့် အုပ်စုရှယ်ယာရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရလေသည်။
နှိုင်းယှဉ်ကြည့်လျှင် ထိုလူအိုကြီးများကို မည်သူက ပြုစုချင်ပါဦးမည်နည်း။ လူတိုင်းက ငယ်ရွယ်ပြီး ချမ်းသာသူကိုသာ ရွေးချယ်ကြမည်ဖြစ်ရာ သူမအနေဖြင့်လည်း လျန်ထျန်းကို မရရအောင် ဖမ်းယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် ရန်လွမ်သည် ညသန်းခေါင်ယံအချိန်တွင် ထပြန်ကာ ယနေ့ခေတ် လူငယ်အမျိုးသားများ မည်သည့်အမျိုးသမီးပုံစံကို နှစ်သက်သနည်းဟု လိုက်လံစုံစမ်းခဲ့လေသည်။
အောင်မြင်မှု အရှိဆုံးသော အဖြေမှာ ဖြူစင်အေးဆေးသည့် ပုံစံဖြစ်သဖြင့် သူမသည် မနက်စောစော စီးစီး ထိုကဲ့သို့ ပြင်ဆင်ကာ မနက်စာပါ ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။ မစ္စတာရှောင်သည် လူရွေး အလွန် တော်သည်ဟု ဆိုရပေမည်။ သူရွေးချယ်ထားသော အတွင်းရေးမှူးမှာ ဘက်စုံတွင် အရည်အချင်း ပြည့်စုံလှပေသည်။
ရိုးရှင်းသော အဝတ်အစားနှင့် ပွပွယောင်းယောင်း အင်္ကျီကို ဝတ်ထားသော်လည်း သူမ ခန္ဓာကိုယ်၏ ကောက်ကြောင်းအလှကိုမူ ဖုံးကွယ်ထား၍ မရခဲ့ပေ။ ပြောရလျှင် သူမသည် ဖြူစင်မှုနှင့် ဆွဲဆောင်မှု ပေါင်းစပ်ထားသည့် ပုံစံမျိုး ဖြစ်ပေသည်။ သူမ အိမ်အလုပ် လုပ်နေသည်မှာ ကြည့်ကောင်းလှပြီး သူမ ၏ လှုပ်ရှားမှုတိုင်းက အမျိုးသားတို့၏ စိတ်ကူးယဉ်မှုကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိပေသည်။
သို့ပေမဲ့......
ရန်လွမ်သည် သူမ၏ ရုပ်ရည်၊ ပုံစံနှင့် အမူအရာများအတွက် အလွန်ပင် အားစိုက်ခဲ့သော်လည်း လျန်ထျန်း ထံမှ ရရှိလိုက်သည့် တုံ့ပြန်မှုမှာ စကားတစ်ခွန်းတည်းသာ ဖြစ်ချေသည်။
"ကျွန်တော်တို့ ဒီမှာ မင်းရဲ့ အကူအညီ မလိုပါဘူး။ ပြန်ပါတော့။ ပြီးတော့ မစ္စတာရှောင်ကိုလည်း ပြော လိုက်ပါ၊ ကျွန်တော့်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပိုလျှံတဲ့လူတွေကို လွှတ်တာမျိုး ဒါမှမဟုတ် မလိုလားအပ် တဲ့ အလုပ်တွေ လုပ်တာမျိုး မလုပ်ပါနဲ့လို့...။"
ထိုစကားကို ကြားသောအခါ ရန်လွမ်သည် အိမ်အလုပ် လုပ်နေသည်ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားရလေသည်။
သူမ ဘာမှားသွားသနည်း၊ ဤအမျိုးသားသည် အဘယ်ကြောင့် ဤမျှအထိ ခေါင်းမာနေရသနည်းဆို သည်ကို သူမ နားမလည်နိုင် ဖြစ်နေရလေသည်။
စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် ရန်လွမ်သည် သူမ၏ အမူအရာကို အမြန်ထိန်းလိုက်ကာ အတတ်နိုင်ဆုံး သဘာဝကျကျ ပြုံးရင်း နောက်ဆုံးတစ်ကြိမ် ထပ်မံ ကြိုးစားလိုက်လေသည်။
"ရှယ်ယာရှင်လျန်ရယ်... လူကြီးမင်း တကယ်ပဲ စိတ်ထဲထားနေတယ်ဆိုရင် ကျွန်မကို အိမ်ဖော်တစ် ယောက်လိုပဲ သဘောထားပါ၊ ကျွန်မ ဝမ်းသာအားရ လုပ်ပေးပါ့မယ်...။"
လျန်ထျန်းက တည်ငြိမ်သော မျက်နှာဖြင့်ပင် သူမ၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"တော်တော့... ဆက်ပြောရင် မင်းကို ပိုပြီး မုန်းသွားလိမ့်မယ်...။"
"ရှင်းရှင်းပြောရရင် ငါ့မှာ ချစ်သူရှိတယ်၊ သူ့ကိုလည်း ကျွန်တော် အရမ်းချစ်တယ်။ အခု သူက နိုင်ငံခြား မှာ ပညာသင်နေပေမဲ့ ငါကတော့ သူ့ကို စောင့်နေမှာပဲ….။"
"မင်းအတွက် ပြောရရင် မင်း ဘာကို လိုချင်နေလဲဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ့နားကို ကပ်ဖို့ ဒီလို နည်းလမ်းတွေကို မသုံးပါနဲ့လို့ သတိပေးချင်ပါတယ်…။"
"နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ ဒီလိုနေရာတွေမှာ အားအင်ကုန်မယ့်အစား မင်းရဲ့ ကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်ဖို့အတွက်ပဲ အားစိုက်ပါ….။"
"ဘာလို့လဲဆိုတော့ လူတစ်ဦးတစ်ယောက်အပေါ် မှီခိုဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့သူတွေဟာ တန်ဖိုး မရှိတော့တဲ့အခါမှာတော့ ရက်ရက်စက်စက် အစွန့်ပစ်ခံရတတ်လို့ပဲ…။"
"မင်းရဲ့ ရုပ်ရည်ကိုပဲ မင်းရဲ့ တစ်ခုတည်းသော တန်ဖိုးအဖြစ် မသတ်မှတ်လိုက်ပါနဲ့၊ ရုပ်ရည်လှပမှုက အမြဲတမ်း မတည်မြဲပါဘူး...။"
ရန်လွမ်သည် မျက်ရည်များ ဝဲလျက် ထွက်ခွာသွားခဲ့ရသည်။ သူမ၏ မျက်ရည်များမှာ မိုးပေါက်များကဲ့သို့ စီးကျနေပြီး ကြည့်ရသူတိုင်း သနားစဖွယ် ဖြစ်နေတော့သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် အမျိုးသား တစ်ယောက်အနေဖြင့် နောက်မှ လိုက်သွားသင့်သော်လည်း လျန်ထျန်းကမူ အစမှအဆုံးအထိ တုန်လှုပ် ခြင်း မရှိခဲ့ပေ။
လျန်ထျန်းသည် ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံလာပြီး လူပေါင်းစုံနှင့် တွေ့ဆုံကာ အတွေ့အကြုံများ ရရှိလာလေလေ၊ သူသည် ပိုမိုရင့်ကျက်လာလေလေ ဖြစ်သည်။ မိမိထံသို့ နည်းမျိုးစုံဖြင့် ချဉ်းကပ် လာကြသော အမျိုးသမီးများ၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူ သဘောပေါက်သည်မှာ ကြာလှပြီ ဖြစ်သည်။
သူသည် သာမန် အစားအသောက် ပို့ဆောင်သူတစ်ဦး ဖြစ်နေစဉ်က မည်သည့်အမျိုးသမီးကမျှ သူ့ထံသို့ ချဉ်းကပ်ခြင်း မရှိခဲ့ကြပေ။ ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ ကျဆင်းသွားပြီးနောက်မှသာ သူ ချမ်းသာ သွားသည်ကို သိကြသဖြင့် အမျိုးသမီးများစွာက သူ့ထံသို့ အစုလိုက်အပြုံလိုက် ရောက်လာကြ ခြင်း ဖြစ်ပေသည်။
သို့သော် ထိုကဲ့သို့သော အမျိုးသမီးများသည် အနံ့အသက်တစ်ခုကြောင့် ရောက်လာကြသလို ထိုအနံ့ အသက် ပျောက်ကွယ်သွားပါကလည်း ပြန်လည် ထွက်ခွာသွားကြမည်သာ ဖြစ်သည်။ ထို့ကြောင့် လျန်ထျန်းသည် ဝမ်ရှောင်ရို့နှင့် သူ၏ ဆက်ဆံရေးကို အလွန်တန်ဖိုးထားပေသည်။ ရန်လွမ်ကဲ့သို့သော မြှူဆွယ်မှုများသည် သူ၏ စိတ်နှလုံးကို အနည်းငယ်မျှပင် မလှုပ်ခတ်နိုင်ပေ။
ဤအဖြစ်အပျက်လေး ပြီးဆုံးသွားပြီးနောက် လျန်ထျန်းသည် ကောင်မလေး၏ မိဘများကို ဒုက္ခပေးခဲ့ ပြီး ဖခင်ဖြစ်သူ၏ ခြေထောက်ကို ဒဏ်ရာရစေခဲ့သည့် အိမ်ခြံမြေ လုပ်ငန်းရှင်ကို စတင် စုံစမ်းလေတော့ သည်။
ထိုညက လျန်သရှန်းသည် သားဖြစ်သူအား ထိုလုပ်ငန်းရှင်၏ အမည်ကို ပြောပြခဲ့ပေသည်၊ ၎င်းမှာ တိထူလုံအုပ်စု ပင် ဖြစ်တော့သည်။
ဤဒေသခံ အင်အားကြီးအုပ်စုကြီး၏ နောက်ခံမှာ မသေးလှပေ။ ၎င်းသည် အိတ်ချ် မြို့တော်ရှိ ထိပ်တန်းကုမ္ပဏီ သုံးခုအနက် တစ်ခုဖြစ်ပြီး၊ မြို့တော်၏ အိမ်ခြံမြေ လုပ်ငန်းလောကတွင် အငြင်းပွား ဖွယ်မရှိသော ထိပ်သီးခေါင်းဆောင်ကြီး ဖြစ်ပေသည်။ အယ်လ် မြို့တော်ရှိ ကျင်းတ အိမ်ခြံမြေ ပင်လျှင် ၎င်းနှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျနေပေသေးသည်။
ထို့ပြင် တိထူလုံအုပ်စု ဆိုသည့် အမည်၏ နောက်ကွယ်မှ အမှန်တရားမှာ စုံစမ်းကြည့်လိုက်လေလေ ကြောက်စရာ... မဟုတ်သေးဘူး၊ ဒေါသထွက်စရာ ကောင်းလေလေပင် ဖြစ်သည်။
ဤကုမ္ပဏီသည် "လူသားတို့၏ အသွေးအသားကို စားသုံး" ပြီး အောင်မြင်လာခဲ့ခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
စီးပွားရေးလောကတွင် စကားပုံတစ်ခု ရှိသည်၊ အရင်းအနှီးဆိုသည်မှာ ခေါင်းမှ ခြေဖျားအထိ၊ ချွေး ပေါက်တိုင်းမှ သွေးနှင့် ညစ်ညမ်းမှုများ စိမ့်ထွက်လျက် လောကထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်၊ မည်သူမျှ သန့်ရှင်းခြင်း မရှိကြပေ။ သို့သော် ဤဒေသခံ လူမိုက်အုပ်စုကမူ အလွန်ပင် ညစ်ပတ်လွန်းလှ သည်။
အစောပိုင်း ကာလများတွင် အိမ်ခြံမြေ လုပ်ငန်းများ ထွန်းကားနေစဉ်က တိထူလုံအုပ်စု၏ နည်းလမ်း များမှာ မသန့်ရှင်းခဲ့ပေ။ ထိုအချိန်က သူတို့သည် အိမ်များကို ကောင်းကောင်းမွန်မွန် ရောင်းချရုံဖြင့်ပင် ချမ်းသာကြွယ်ဝနိုင်သော်လည်း တမင်တကာပင် အချို့သော စီမံကိန်းများကို မပြီးစီးဘဲ ပစ်ထားခဲ့ကြ လေသည်။
တမင်တကာ စီမံကိန်းများကို ပစ်ထားခဲ့သည်ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ထိုဒေသခံ အုပ်စုသည် အိမ်များကို ကောင်းမွန်စွာ ဆောက်လုပ်ရန် ငွေအလုံအလောက် ရှိသော်လည်း တမင်တကာ မဆောက် ဘဲ ထားခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့် ထိုသို့ လုပ်ရပါသနည်း။
လူတိုင်း သိကြသည့်အတိုင်း အရင်က အိမ်အများစုမှာ ကြိုပွိုင့် ရောင်းချခြင်း စနစ်ဖြင့် ရောင်းချကြ ခြင်း ဖြစ်လေသည်။ အိမ်ဝယ်ယူသူများသည် တိထူလုံအုပ်စုထံသိုေ အိမ်မဆောက်ခင်ကတည်းက ပိုက်ဆံပေးထားကြရသော်လည်း အိမ်ဆောက်လုပ်မှု တိုးတက်လာသည်နှင့်အမျှ အိမ်ဈေးနှုန်းများမှာ လည်း အလွန်အမင်း မြင့်တက်လာခဲ့လေသည်။
အိမ်များ လက်ရောက်ပေးအပ်ရန် နီးကပ်လာချိန်တွင် အိမ်ဈေးနှုန်းများမှာ နှစ်ဆခန့် မြင့်တက်သွားခဲ့ လေသည်။ ထိုအချိန်တွင် ဝယ်ယူသူများမှာ သူတို့ ချမ်းသာသွားပြီဟု ထင်မှတ်ကာ ဝမ်းသာနေကြသော် လည်း ထိုကြီးမားသော အမြတ်အစွန်းများကို ဒေသခံ အုပ်စုကြီးကလည်း မျက်စိကျနေသည်ကိုမူ သူတို့ မသိခဲ့ကြပေ။
ထို့နောက်တွင်တော့ အိပ်မက်ဆိုးများ စတင်လာခဲ့တော့သည်......၊
အခန်း (၉၆)
လူသတ်သမားသည် ထွက်ပြေးတိမ်းရှောင်နေပြီ
အိမ်ဝယ်ယူသူများသည် အိမ်ဂရန်စာချုပ် ရရှိသည်နှင့် အိမ်တွင် မနေထိုင်လျှင်ပင် ပြန်လည်ရောင်းချကာ နှစ်ဆနီးပါး အမြတ်ရရှိရန် စိတ်ကူးယဉ်နေကြဆဲ ဖြစ်သည်။
သို့သော် ဒေသခံ အင်အားကြီးအုပ်စုသည် လူလွှတ်၍ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ပိတ်ပစ်ကာ အချောသတ် လုပ်ငန်းများ လုပ်ဆောင်ခွင့်ကို တားဆီးခဲ့သည်။ ရန်ပုံငွေ မလုံလောက်သဖြင့် စီမံကိန်းကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ရာ ထိုစီမံကိန်းမှာ မပြီးစီးသေးသော အဆောက်အအုံကြီး ဖြစ် သွားခဲ့လေတော့သည်။
အမှန်တကယ်တွင်မူ တိထူလုံအုပ်စု၌ ငွေအလုံအလောက် ရှိသော်လည်း နောက်ဆုံးအဆင့် လုပ်ငန်းများ ကို မပြီးစီးဘဲ ထားခြင်းဖြင့် အိမ်များကို လွှဲပြောင်းပေးရန် ငြင်းဆန်နေခြင်း ဖြစ်ပေသည်။
အိမ်မရရှိကြသော ဝယ်ယူသူများသည် တရားစွဲခြင်း သို့မဟုတ် ဆန္ဒပြခြင်းများ ပြုလုပ်သော်လည်း အကူအညီ မရရှိကြဘဲ စောင့်ဆိုင်းနေကြရုံမှတစ်ပါး အခြားမရှိတော့ပေ။ သို့သော် စောင့်ဆိုင်းခြင်း တွင်လည်း အဖိုးအခ ပေးဆောင်ရလေသည်၊ မပြီးစီးသေးသော အဆောက်အအုံများသည် အိမ်ဝယ်ယူ ခွင့် အပိုင်းအခြားကို နေရာယူထားသလို လစဉ် ဘဏ်ချေးငွေများကိုလည်း အချိန်မီ ပေးဆပ်နေကြရဆဲ ဖြစ်ချေသည်။
ထိုအချိန်တွင် တိထူလုံအုပ်စုသည် အိမ်ဝယ်ယူသူများထံသို့ ချဉ်းကပ်ကာ အိမ်ဝယ်ယူထားမှုကို ဖျက်သိမ်းရန် အကျပ်ကိုင်လေတော့သည်။
အလိမ်ခံလိုက်ရသည်ဟု ခံစားရသော အိမ်ဝယ်ယူသူများသည်လည်း ဒီအတိုင်း အလွယ်တကူ အရှုံး မပေးလိုကြပေ။ ထို့နောက်တွင် တိထူလုံအုပ်စုက သူတို့အတွက် သင့်တော်သော လျော်ကြေးငွေ အချို့ကို ကမ်းလှမ်းလာခဲ့လေသည်။
ထိုလျော်ကြေးငွေကို ယူပြီး ထွက်သွားမလား သို့မဟုတ် ဒီအတိုင်း ဆက်လက် တောင့်ခံနေမလား ဆို သည်မှာ တိထူလုံအုပ်စုအတွက် အရေးမကြီးပေ၊ အကြောင်းမှာ ထိုကာလ၌ အိမ်ဈေးနှုန်းများမှာ အမြဲတမ်း မြင့်တက်နေသောကြောင့်ပင် ဖြစ်လေသည်။
အချိန်ဆွဲလေလေ အိမ်ဈေးနှုန်းများ မြင့်တက်လေလေဖြစ်ပြီး နောက်ဆုံးတွင် သူတို့ ရရှိမည့် အမြတ် အစွန်းများက ပို၍ ကြီးမားလာမည် ဖြစ်သည်။ သူတို့က ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ပင် စောင့်နိုင် သည်ဟု ဆိုကြသေးသည်။
အိမ်ဝယ်ယူသူ အများစုမှာ သာမန်လူတန်းစားများသာ ဖြစ်ကြလေသည်။ ဤကဲ့သို့ မတရားသော စည်းမျဉ်းများကို ရင်ဆိုင်လိုက်ရသောအခါ သူတို့ ဒေါသထွက်နေလျှင်ပင် ဘာတတ်နိုင်ပါဦးမည်နည်း။ အမြဲမြင့်တက်နေသော အိမ်ဈေးနှုန်းများကြောင့် သူတို့မှာ အိမ်ဝယ်ယူမှုကို ဖျက်သိမ်းခြင်း သို့မဟုတ် နောက်ထပ် အိမ်တစ်လုံးဝယ်ရန် ငွေထပ်စိုက်ခြင်းတို့မှတစ်ပါး အခြားမရှိတော့ပေ။
ဤကဲ့သို့သော နည်းလမ်းများဖြင့် တိထူလုံအုပ်စုသည် သူတို့၏ အစောပိုင်း အရင်းအနှီးများကို စုဆောင်းခဲ့ကြခြင်း ဖြစ်လေသည်။
ဒါတင်မကသေးဘဲ တိထူလုံအုပ်စု၏ ယခင်အမည်များမှာလည်း များစွာ ရှိခဲ့သေးသည်။ သူတို့သည် နာမည်ပျက်လာတိုင်း ကုမ္ပဏီအမည်ကို ပြောင်းလဲကာ ဘာမှမသိရှာသော သာမန်လူများကို ဆက်လက် လိမ်လည်နေကြခြင်း ဖြစ်လေသည်။
ကုမ္ပဏီ အမှန်တကယ် ကြီးထွားလာမှသာ တိထူလုံအုပ်စု ဟူသောအမည်ကို တရားဝင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ထိုအတောအတွင်း လူပေါင်းများစွာကို လှည့်ဖြားခဲ့ကြလေသည်။
ဤအချင်းအရာများသည် ထိုဒေသခံ လူမိုက်အုပ်စု၏ နည်းလမ်းများအနက် အစိတ်အပိုင်းလေးတစ်ခု သာ ဖြစ်ပြီး သူတို့ ကျူးလွန်ခဲ့သော မကောင်းမှုများမှာ ထို့ထက်မက များပြားလှပေသည်။
ထိုစဉ် တိထူလုံအုပ်စု အဆောက်အအုံ၏ အပေါ်ဆုံးထပ်ရှိ သီးသန့်ရုံးခန်းအတွင်း၌ အချုပ်မှ ပြန်လည် လွတ်မြောက်လာသော တိထူလုံအုပ်စု၏ ဒုတိယသခင်လေး ထိုက်ကျောက်သည် စားပွဲ၌ ထိုင်ကာ ခေါက်ဆွဲတစ်ပွဲကို အားရပါးရ စားနေလျက်ရှိပေသည်။
သူ၏ ရှေ့တွင်မူ အသက်ငါးဆယ်ကျော်အရွယ် လူကြီးတစ်ဦးက ကြင်နာသော အကြည့်များဖြင့် ကြည့် နေခဲ့လေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ တိထူလုံအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ထိုက်ကျောက်၏ ဖခင် ထိုက်ပေါင် ပင် ဖြစ်ပေသည်။
ထိုက်ပေါင်သည် သားဖြစ်သူ ခေါက်ဆွဲစားနေသည်ကို ပြုံး၍ ကြည့်ရင်း အေးအေးဆေးဆေး စကား ပြောလိုက်လေသည်။
"နောက်တစ်ခါ ခုလိုကိစ္စမျိုး လုပ်ရင် ဒီလောက်အထိ မမိုက်မဲစမ်းပါနဲ့။ တခြားတစ်ယောက်ကိုပဲ ခိုင်း လိုက်ပေါ့။ အခုကစပြီး မင်းက အမိန့်ပေးတဲ့သူ ဖြစ်အောင် သင်ယူရမယ်၊ ကိုယ်တိုင် ပါဝင်ပတ်သက်နေ တဲ့သူ မဖြစ်စေနဲ့၊ နားလည်လား...။"
မောက်မာစော်ကားတတ်သော ဤသူဌေးသားလေးမှာ သူ၏ဖခင်ရှေ့တွင်တော့ လိမ်မာသော ကလေး တစ်ဦးကဲ့သို့ ခေါင်းညိတ်ပြကာ ခေါက်ဆွဲကိုသာ ဆက်စားနေခဲ့လေသည်။ ထိုက်ပေါင်က ဆက်ပြော လိုက်လေသည်။
"ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ ကိစ္စကြောင့် အဲ့ဒီလူတွေ ငြိမ်သွားတာကတော့ အတော်လေး ကောင်းပါတယ်။ အခုခေတ် အိမ်ခြံမြေ လောကက အရင်လို အရှိန်အဟုန် မရှိတော့ဘဲ ကျဆင်းနေတဲ့ အခြေအနေမှာ ရှိနေတာ။ ပြောရရင် အိမ်တွေ အများကြီး ဆောက်လေလေ အရှုံးပေါ်လေလေပဲ…။"
"အင်း... အရင်တုန်းက အချိန်တွေကို လွမ်းမိသားပဲ။ အဲ့ဒီတုန်းက ယွမ် ရာဂဏန်းလောက်ပဲ တန်တဲ့ အိမ်တွေက နှစ်အနည်းငယ်အတွင်းမှာတင် ဈေးနှုန်းတွေ နှစ်ဆလောက် တက်သွားခဲ့တာ….။"
"တို့တွေရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် ပိုက်ဆံတွေ ဒီထက်မက ရနိုင်ပေမဲ့ အခုတော့ အရှုံးပေါ်နေပြီ။ တို့တွေက စီးပွားရေးသမားတွေလေ၊ အရှုံးပေါ်မယ့် စီးပွားရေးကို ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ...။"
ထိုနေရာတွင် ထိုက်ပေါင်က ဘေးသို့ လက်ယမ်းပြလိုက်ရာ သူ၏ အတွင်းရေးမှူးသည် ချက်ချင်းပင် ဦးညွှတ်ကာ အနားသို့ ရောက်ရှိလာပြီး ရိုရိုသေသေ နားထောင်နေခဲ့လေသည်။ သို့သော် ထိုက်ပေါင် နောက်ထပ် ပြောလိုက်သော စကားများကြောင့် သူ၏ မျက်နှာမှာ ပျက်သွားရလေတော့သည်။
"ရှောင်ချွီ... မင်း ငါ့နားမှာ နေလာတာ ဆယ်နှစ်ကျော်ပြီ မဟုတ်လား။ ငါ အစောပိုင်း ဘဝကို စတင် တုန်းက မင်းအဖေက ငါ့နားမှာ ရှိနေခဲ့တာ….။"
"သူ ထောင်ထဲ ရောက်သွားတော့ မင်း ငါ့နောက်ကို လိုက်ခဲ့တယ်။ မင်းတို့ မိသားစုက ငါ အယုံကြည် ရဆုံးသူတွေလို့ ပြောလို့ရတယ်…။"
"စိတ်မပူပါနဲ့၊ မင်းရဲ့ မိသားစုကို ငါ ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်မှာပါ။ ငါ ပြင်ဆင်ထားတဲ့ ယွမ် (၁၀၀) ကို မင်းတို့ အိမ်ကို ပို့ထားပြီးပြီ….။"
"ဒီတစ်ကြိမ်တော့ ကျောက်အာ အတွက် ပြဿနာတွေကို မင်းပဲ ရှင်းပေးလိုက်ပါတော့….။"
"အော်... ဒါနဲ့ စားဖိုဆောင်မှာ မင်းအတွက် အထူးလုပ်ထားတဲ့ ဒန်ပလင်းတွေ ရှိတယ်၊ အဲ့ဒါ စားပြီးမှ သွားတော့...။"
အတွင်းရေးမှူးချွီ၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း သူသည် အချိန်အကြာကြီး တုံ့ဆိုင်းမနေဘဲ တိတ်တဆိတ်ပင် ခေါင်းညိတ် သဘောတူလိုက်လေသည်။
ထို့နောက် အတွင်းရေးမှူးချွီသည် မျက်လုံးများမှာ ဝေဝါးလျက် စားဖိုဆောင်ဘက်သို့ ထွက်သွားလေ တော့သည်။
ထိုက်ကျောက်သည် ခေါက်ဆွဲစားနေရင်းမှ အတွင်းရေးမှူးချွီ၏ လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာ သွားသော ကျောပြင်ကို ကြည့်ကာ ပြုံးလိုက်လေသည်။ ခေါက်ဆွဲများကို စားပြီးနောက် ထိုက်ကျောက် သည် ပါးစပ်ကို သုတ်ကာ ဖခင်ဖြစ်သူကို မေးလိုက်လေသည်။
"ဖေဖေ... ကျွန်တော့်ကို ခိုင်းစရာ တခြားဘာရှိသေးလဲဟင်...။"
ထိုက်ပေါင်က ခေတ္တမျှ စဉ်းစားကာ ခေါင်းခါပြလိုက်လေသည်။
"ကိစ္စတွေ အားလုံးက ပြေလည်သွားပြီဆိုပေမဲ့ မင်း အပြင်မှာ ခဏလောက် သွားနေသင့်တယ်...။"
ထိုစကားကို ကြားသောအခါ ထိုက်ကျောက်မှာ ချက်ချင်းပင် ပျာယာခတ်သွားလေတော့သည်။
"ဖေဖေ... ဖေဖေကိုယ်တိုင်ပဲ ပြောခဲ့တာလေ၊ အားလုံး ပြေလည်သွားပြီဆိုမှတော့ ကျွန်တော်က ဘာလို့ ဆက်ပြီး ပုန်းနေရဦးမှာလဲ...။"
"ကျွန်တော်တို့ အုပ်စုရဲ့ စီးပွားရေးက တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေတာ၊ ကျွန်တော့်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒီလောက်နှစ်တွေအထိ ကျွန်တော်က အစ်ကိုကြီးလောက် မတော်ဘူးလို့ ဖေဖေ ထင်နေတုန်းလား...။ ကျွန်တော်...၊"
"ဝုန်း..."
ထိုက်ပေါင်က စားပွဲကို အရှိန်ဖြင့် ရိုက်လိုက်ကာ သားဖြစ်သူ၏ စကားကို အော်ဟစ် ဖြတ်ပြောလိုက် လေသည်။
"တော်စမ်း...။"
ထိုက်ကျောက်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားရသည်။ ထိုက်ပေါင်က လေးလေးနက်နက် ဆက်ပြော လိုက်လေသည်။
"မင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်နေတာကို ငါ သိပါတယ်။ မင်းရဲ့ လုပ်ပုံလုပ်နည်းတွေက ငါ ငယ်ငယ်တုန်းကနဲ့ အတော်လေး ဆင်တယ်….။"
"ဒါပေမဲ့ မင်း မှတ်ထားရမှာက မင်းရဲ့ အစ်ကိုကြီးက မင်းရဲ့ အစ်ကိုကြီးပဲ။ ငါ အသက်ရှိနေသရွေ့တော့ မင်းတို့ ညီအစ်ကိုတွေ ကြားမှာ သတ်ဖြတ်တာမျိုးကို ငါ အခွင့်မပြုဘူး၊ နားလည်လား...။"
ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ထိုက်ကျောက်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"အစ်ကိုကြီး ဟုတ်လား...၊ ကျွန်တော်တို့က အမေတူတောင် မဟုတ်တာကို...။"
ထိုက်ကျောက်၏ အသံမှာ အလွန်တိုးသော်လည်း ထိုက်ပေါင်က ကြားသွားလေသည်။ သူ၏ မျက်လုံး များမှာ ချက်ချင်း စူးရှသွားကာ သားဖြစ်သူကို ေစိုက်ကြည့်လလေ က်သည်။ ထိုက်ကျောက်သည် စကားကို ချက်ချင်းဖြတ်ကာ အမြန်ပင် ဆုတ်ခွာသွားလေတော့သည်။
အခြားတစ်ဖက်၌မူ။ လျန်ထျန်းသည် လုံကျန်းဟိုတယ်၏ အရှိန်အဝါနှင့် အဆက်အသွယ်များမှတစ်ဆင့် တိထူလုံအုပ်စု၏ အစအနနှင့် နောက်ခံများကို သိရှိခဲ့ရလေပြီဖြစ်၏။
သူ၏ ဖုန်းထဲသို့ ပို့ထားသော သတင်းအချက်အလက်များ၏ နောက်ဆုံးစာကြောင်းကို ဖတ်ပြီးနောက် သူ၏ လက်သီးမှာ အလိုအ လျောက်ပင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိလေတော့သည်။
"ဒီ ဒေသခံ အင်အားကြီးအုပ်စုကတော့ တကယ်ကို သေသင့်တာပဲ...။"
ထိုစဉ် ဖုန်းမြည်လာခဲ့ရာ ၎င်းမှာ မစ္စတာရှောင် ထံမှ ဖြစ်နေခဲ့လေသည်။ ဖုန်းကို ဖြေလိုက်သည်နှင့် မစ္စတာရှောင်က ချက်ချင်း ပြောလိုက်လေသည်။
"ရှယ်ယာရှင်လျန်... အခုလေးတင် သတင်းရတာကတော့ တိထူလုံအုပ်စုရဲ့ ဒုတိယသခင်လေး ထိုက်ကျောက်က ဒီညမှာ အိတ်ချ် မြို့တော်ကနေ ထွက်ပြေးဖို့ ပြင်နေတယ်တဲ့...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။
"သူက လူသတ်ခဲ့ပြီးတော့ ဒီအတိုင်း ထွက်ပြေးလို့ရမယ်လို့ ထင်နေတာလား။ သူ ဘယ်ကို သွားမှာတဲ့ လဲ...။"
မစ္စတာရှောင်က အမြန်ပင် ပြန်ဖြေလိုက်လေသည်။
"သူတို့ နိုင်ငံခြားကို ထွက်ပြေးဖို့ ပြင်နေတာ ဖြစ်မယ်။ မနက်စောစော လေယာဉ်နဲ့ သွားမှာဆိုတော့ အခု လောက်ဆိုရင် အကုန်ပြင်ဆင်နေလောက်ပြီ။ တိထူလုံအုပ်စုက ကားအများကြီးနဲ့ သူ့ကို လိုက်ပို့ဖို့ စီစဉ်ထားတယ်လို့ ကြားမိတယ်...။"
အခြေအနေကို သဘောပေါက်သွားပြီးနောက် လျန်ထျန်းသည် ဖုန်းကို ချလိုက်ပြီး စိုးရိမ်တကြီးဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်ကာ အပြင်းအထန် စဉ်းစားနေခဲ့လေသည်။
"ဒီထိုက်ကျောက်က ရှောင်ကျင်းရဲ့ မိခင်ကို သတ်ခဲ့တဲ့ လက်သည်တရားခံ အစစ်ပဲ။ သူ့ကို လုံးဝ လွတ်မြောက်ခွင့် မပေးနိုင်ဘူး….။"
"ဒါပေမဲ့ စိတ်မကောင်းစရာက ငါ့မှာ အချိန်အလုံအလောက် မရှိဘူး။ အိတ်ချ် မြို့တော်မှာ ငါ့ရဲ့ အင်အားက မကြီးမားသေးဘူး၊ အယ်လ် မြို့တော်ကနေ အင်အားတွေ လွှဲပြောင်းဖို့ဆိုတာလည်း နောက်ကျသွားပြီ…..။"
"ငါ ဘာလုပ်သင့်လဲ... ဘာလုပ်ရမလဲ...။ ဒီလို လူယုတ်မာမျိုးက တရားဥပဒေကနေ လွတ်မြောက်ပြီး အဝေးကို ထွက်ပြေးသွားတာကို ဒီအတိုင်းပဲ ငေးကြည့်နေရတော့မှာလား...။"