အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇)
ပူးပေါင်းဆောင်ရွက်ရန် အရင်းအနှီး
ည (၈) နာရီခန့်၊ ဘား (Bar) တစ်ခုအတွင်း။
ထိုက်ကျောက်သည် သီးသန့်ခန်းတစ်ခုအတွင်း၌ လှပသော အမျိုးသမီးများစွာ ဝန်းရံလျက် မူးယစ်ရီဝေ နေခဲ့လေသည်။ သီးသန့်ခန်း၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ ဝတ်စုံနက်ဝတ် အမျိုးသားအချို့က မတ်မတ်ရပ်နေခဲ့ကြသည်။
ထိုစဉ် ကောက်ကျစ်သော မျက်လုံးများရှိသည့် အမျိုးသားတစ်ဦးသည် ဖားယားသော အပြုံးဖြင့် အနား သို့ တိုးကပ်လာကာ ထိုက်ကျောက်အား ဦးညွှတ်လျက် ပြောလိုက်လေသည်။
"ဒုတိယသခင်လေး... အချိန်တန်ပြီမို့ သွားကြပါစို့...။"
ထိုစကားကို ကြားသောအခါ ထိုက်ကျောက်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဒေါသတကြီး ကြိမ်းမောင်းလေတော့သည်။
"ဘယ်ကို သွားရမှာလဲ...။"
"လေယာဉ်က သန်းခေါင်ယံမှ မဟုတ်လား၊ အချိန်တွေ အများကြီး ကျန်ပါသေးတယ်...။"
"မင်းလည်း ငါ့ကို အိတ်ချ် မြို့တော်ကနေ အမြန်ဆုံး ထွက်သွားစေချင်နေတာလား။ မင်းက ငါ့အစ်ကိုကြီး ဘက်ကလား...။"
ထိုက်ကျောက်၏ ကြိမ်းမောင်းမှုကို ခံလိုက်ရသောအခါ ကောက်ကျစ်သော မျက်လုံးနှင့် အမျိုးသားမှာ တုန်တုန်ရင်ရင်ဖြင့် ပျာပျာသလဲ ရှင်းပြရှာလေသည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး...၊ ကျွန်တော် ရှုံ့ချန် က ဒုတိယသခင်လေးအပေါ် အမြဲတမ်း သစ္စာရှိပါ တယ်။ ဒါပေမဲ့ ဥက္ကဋ္ဌကြီးရဲ့ အမိန့်ကိုသာ ဖီဆန်ရင်တော့ ဒုတိယသခင်လေးအတွက်...။"
ထိုက်ကျောက်သည် သူ၏ ယုံကြည်ရသော လက်ရုံး ရှုံ့ချန် ၏ စကားကို စိတ်မရှည်စွာဖြင့် ဖြတ်ပြော လိုက်လေသည်။
"အေး... ငါ သိတယ်….။"
"ငါ သေချာပေါက် ထွက်သွားမှာပါ၊ ဒါပေမဲ့ မသွားခင်မှာ နောက်ဆုံးအနေနဲ့ ကောင်းကောင်း အနားယူ ချင်သေးတယ်၊ ပြီးတော့...။"
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ထိုက်ကျောက်၏ မျက်လုံးများမှာ စူးရှသွားကာ ဆက်ပြောလေသည်။
"တစ်နေ့မှာ ငါ ပြန်လာခဲ့မယ်။ အဲ့ဒီ အဖိုးကြီး ပိုင်ဆိုင်တဲ့ အုပ်စုက နောက်ဆုံးတော့ ငါ့လက်ထဲကို ရောက်လာရမှာပဲ...။"
တစ်နာရီကျော် ကြာပြီးနောက် ထိုက်ကျောက်သည် သီးသန့်ခန်းအတွင်းမှ ထွက်လာခဲ့သည်။ သူ၏ လက်တစ်ဖက်စီတွင် လှပသော အမျိုးသမီးတစ်ဦးစီကို ဖက်ထားလျက် အနောက်မှ လိုက်လာသော ရှုံ့ချန် အား အမိန့်တစ်ခု ပေးလိုက်လေသည်။
မကြာမီမှာပင် ရှုံ့ချန် သည် ငွေရှင်းကောင်တာသို့ အပြေးအလွှား သွားလေတော့သည်။ ထို့နောက် ဘား အတွင်းရှိ ဒီဂျေ က သီချင်းကို ရပ်လိုက်ပြီး မိုက်ခရိုဖုန်းကို ကိုင်ကာ လူတိုင်းအား အသံကျယ်ကြီးဖြင့် ကြေညာလိုက်လေသည်။
"ဒီည စားသောက်သမျှ အကုန်လုံးကို မစ္စတာထိုက်က အကုန်အကျခံမှာပါ...။ အားလုံးပဲ ပျော်ပျော်ပါး ပါး ကခုန်ကြပါဦး၊ မစ္စတာထိုက်ကို ကျေးဇူးတင်ပါတယ်ဗျာ...။"
ချက်ချင်းပင် ဘားအတွင်းရှိ လူတိုင်းမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး မီးမောင်းများ အားလုံးမှာ ထိုက်ကျောက် ထံသို့ စုပြုံကျရောက်သွားကာ သူ့အား ဇာတ်လိုက်တစ်ဦးကဲ့သို့ ဖြစ်သွားစေခဲ့လေသည်။
ထိုက်ကျောက်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လှေကားမှ ဖြည်းညင်းစွာ ဆင်းလာခဲ့လေသည်၊ အမှန် တကယ်ပင် သူ ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
သူသည် နောက်ဆုံးလှေကားထစ်ကို နင်းမိတော့မည့် အချိန်တွင် လူနှစ်ယောက်က ရုတ်တရက် ပေါ်လာ ပြီး သူ့အား တားဆီးလိုက်လေသည်။ ထိုက်ကျောက်၏ အနောက်ရှိ ဝတ်စုံနက်ဝတ် အမျိုးသားများမှာ ချက်ချင်းပင် သတိထားလိုက်ကြပြီး သူ့အား ကာကွယ်ရန် ရှေ့သို့ တိုးလာခဲ့ကြလေသည်။
သို့သော် ထိုက်ကျောက်က လက်မြှောက်၍ တားလိုက်ကာ သူ၏ လမ်းကို ပိတ်ထားသော လူနှစ်ယောက် ကို ကြည့်လျက် လှောင်ပြောင်သည့် အမူအရာဖြင့် ရယ်မောလိုက်လေသည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ အိတ်ချ် မြို့တော်မှာ ငါ့ကို တားရဲတဲ့သူ ရှိနေသေးတာပဲ…။"
"ကောင်းပြီလေ... ငါ မင်းတို့ကို အခွင့်အရေး တစ်ခု ပေးမယ်။ မင်းတို့ ဘာလုပ်ချင်လဲဆိုတာ ပြောပြစမ်း ။ အလုပ်ကို ကောင်းကောင်း လုပ်နိုင်ရင် ဆုလာဘ် ရှိမယ်။ ဒါပေမဲ့ ကောင်းကောင်း မလုပ်နိုင်ရင်တော့... ဟင်း...။"
ရိုင်းစိုင်းမောက်မာလှသော ထိုက်ကျောက် ကို ရင်ဆိုင်နေရသော်လည်း သူ့အား တားဆီးထားသော လူနှစ်ယောက်မှာမူ တုန်လှုပ်ခြင်း မရှိပေ။ ဘယ်ဘက်ရှိ တစ်ဦးက စတင်၍ ပြောလိုက်လေသည်။
"တိထူလုံအုပ်စု ရဲ့ ဒုတိယသခင်လေး ထိုက်ကျောက် မဟုတ်လား။ ဖခင်ရဲ့ အမိန့်ကြောင့် အိတ်ချ် မြို့တော် ကနေ မကျေမနပ်နဲ့ ထွက်ခွာရတော့မှာမလား...။"
"ဒါနဲ့ ပြောရဦးမယ်၊ မင်းက နိုင်ငံခြားမှာ ကြီးပြင်းခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပြန်ရောက်လာတာ လေ။ အခုတော့ နိုင်ငံပြင်ပကို ပြန်ပြီး နှင်ထုတ်ခံရတော့မယ်ပေါ့...။"
ထိုစကားကို ကြားသောအခါ ထိုက်ကျောက်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။
"မင်းတို့က ဘယ်သူတွေလဲ...။"
ဘယ်ဘက်ရှိ တစ်ဦးက ဆက်ပြောပြန်လေသည်။
"ငါတို့က ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း အိတ်ချ် မြို့တော်ကနေ မထွက် သွားချင်ဘဲ ဆက်နေချင်နေတယ်ဆိုတာ ငါတို့ သိနေတာပဲ...။"
ထိုက်ကျောက်က နှာခေါင်းရှုံ့လိုက်လေသည်။
"မင်းက ဘာကောင်မို့လို့လဲ။ ငါ အိတ်ချ် မြို့တော်ကနေ မထွက်သွားချင်ဘူးလို့ ဘယ်သူပြောလဲ….။"
"ဒီ စုတ်ပြတ်သတ်နေတဲ့ နေရာက ဘာများ ကောင်းလို့လဲ။ ငါ့မှာ ပိုက်ဆံရှိတယ်၊ ငါ ဘယ်နေရာသွားသွား ဘုရင်ပဲ။ နိုင်ငံခြားမှာဆိုရင် ဟိုအဖိုးကြီးရဲ့ စိတ်အနှောင့်အယှက်လည်း မခံရဘူး၊ ပိုတောင် သက်သောင့် သက်သာ ရှိသေးတယ်...၊ ဟားဟားဟား...။"
ဘယ်ဘက်ရှိ လူက ထပ်မံ ပြောလိုက်သော စကားမှာ ထိုက်ကျောက်၏ အသည်းနှလုံးကို ကွက်တိ ထိမှန်သွားစေခဲ့လေသည်။
"တကယ်လား... ဒါဆိုရင် မင်း ဘာလို့ မင်း အကြိုက်ဆုံး ဘားမှာ အချိန်ဆွဲနေပြီး မထွက်သွားနိုင် ဖြစ်နေ ရတာလဲ….။"
"ပြီးတော့ မင်းရဲ့ ဖခင်ဆီက ခွင့်လွှတ်မှု ရအောင် ကူညီပေးပြီး မင်းကို ဒီမှာ ဆက်နေခွင့်ရအောင် လုပ်ပေး နိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်ဆိုရင် မင်း ငါနဲ့ စကားပြောချင်ရဲ့လား...။"
ထိုစကားကို ကြားသောအခါ ထိုက်ကျောက်သည် ရယ်မောနေသည်ကို ရပ်လိုက်ပြီး သူ၏ ရှေ့ရှိ လူနှစ် ယောက်ကို ပထမဆုံးအကြိမ်အဖြစ် လေးလေးနက်နက် စေ့စေ့ကြည့်ကာ ပြောလိုက်လေသည်။
"အပေါ်ထပ်က သီးသန့်ခန်းကို လိုက်ခဲ့၊ အဲ့ဒီမှာ စကားပြောကြတာပေါ့...။"
ထိုစဉ် ရှုံ့ချန် သည် ငွေရှင်းပြီး ပြန်ရောက်လာခဲ့သည်။ ထိုက်ကျောက်က နောက်လှည့်ကာ လှေကား ပေါ်သို့ ပြန်တက်သွားသည်ကို မြင်သောအခါ သူက အပြေးအလွှား လိုက်လာပြီး ပြောလိုက်လေသည်။
"ဒုတိယသခင်လေး... အချိန်က တကယ် မကျန်တော့ဘူးဗျ။ လမ်းခရီးအတွက် တစ်နာရီလောက် လိုသေးတာ၊ အခု ဘာလုပ်မလို့လဲ...။"
ထိုက်ကျောက်က ခေါင်းလှည့်ကြည့်ကာ ပြောလိုက်လေသည်။
"အချိန်ကျော်သွားရင် လေယာဉ်လက်မှတ်ကို အချိန်ပြန်ရွှေ့လိုက်ပေါ့။ ဒါတင်မကသေးဘူး...၊ ဒီတစ်ခါ ငါ မထွက်သွားဖြစ်တော့တာလည်း ဖြစ်နိုင်တယ်...။"
သီးသန့်ခန်းအတွင်းသို့ ရောက်သောအခါ ထိုက်ကျောက်သည် သူနှင့် အသက်အရွယ်ချင်း ဆင်တူသော လူငယ်တစ်ဦးနှင့် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။
စောစောက စကားပြောခဲ့သော ဘယ်ဘက်ရှိသူမှာ ထိုက်ကျောက်နှင့် အသက်အရွယ်တူ လူငယ်လေး ဖြစ်သည်။ ညာဘက်ရှိ အသက်သုံးဆယ်ကျော် အမျိုးသားမှာမူ တစ်ခွန်းမျှ စကားမပြောဘဲ ဆွံ့အသူ တစ်ဦးကဲ့သို့ ငြိမ်သက်နေလေသည်။ သို့သော် သူ၏ စူးရှသော မျက်လုံးများကြောင့် သူ့အား လျစ်လျူရှု ထားရန်မှာလည်း မဖြစ်နိုင်ပေ။
ထိုက်ကျောက်သည် လှပသော အမျိုးသမီးနှစ်ဦးကို ဖက်လျက် ထိုင်လိုက်ပြီးနောက် သူ့အား စကားပြော ခဲ့သော လူငယ်ကို မေးလိုက်လေသည်။
"စကားမစခင် မင်းရဲ့ နာမည်ကိုတော့ ပြောပြသင့်တယ် မဟုတ်လား...။"
လူငယ်လေးက ပြုံး၍ ပြန်ဖြေလိုက်လေသည်။
"ငါ့နာမည်က လျန်ထျန်း ပါ...။"
ထိုက်ကျောက်က ခေါင်းညိတ်လိုက်ပြီး ထပ်မံ မေးလိုက်ပြန်လေသည်။
"ဒါဆို ပြောစမ်းပါဦး၊ မင်း ခုနက ပြောတဲ့ စကားတွေက ဘာကို ဆိုလိုတာလဲ...။"
သီးသန့်ခန်းမှာ အလွန်ကျယ်ဝန်းသလို ဆိုဖာမှာလည်း ကြီးမားလှပေသည်။ လျန်ထျန်းသည် ဘေးတစ် ဖက်တွင် နေရာယူလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
"အမှန်အတိုင်း ပြောရရင် မစ္စတာထိုက်...၊ ငါက တခြားမြို့က လာတာပါ၊ ဒါပေမဲ့ ငါ့ရဲ့ အနောက်မှာ ရှိတဲ့ အင်အားစုတွေက အိတ်ချ် မြို့တော်မှာ ဩဇာအာဏာ အတန်အသင့် ရှိပါတယ်…။"
"အိတ်ချ် မြို့တော်ရဲ့ ထိပ်တန်းကုမ္ပဏီ သုံးခုထဲက တစ်ခုဖြစ်တဲ့ တိထူလုံအုပ်စု ကို ငါတို့က အမြဲတမ်း တန်ဖိုးထားခဲ့ပါတယ်။ အထူးသဖြင့် မစ္စတာထိုက်ကိုပေါ့...။ ငါတို့ မင်းအကြောင်းကို သေချာ စုံစမ်း လေ့လာခဲ့ပြီးပါပြီ….။"
"ဒါကြောင့် ဒုတိယသခင်လေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခု လုပ်ချင်ပါတယ်။ နောင်တစ်ချိန်မှာ တိထူလုံအုပ်စု က မင်းရဲ့ လက်ထဲကို ရောက်လာနိုင်တာပဲ မဟုတ်လား...။"
ထိုစကားများကို ကြားသောအခါ ထိုက်ကျောက်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သည်တစ်ကြိမ် တွင်မူ ထိုအပြုံးမှာ စစ်မှန်သော ပျော်ရွှင်မှု အပြုံးပင် ဖြစ်ပေသည်။
"လျန်ထျန်း ဟုတ်လား။ ညီအစ်ကိုလျန်... မင်း ပြောတဲ့ စကားတွေက မင်းမှာ မြင်ရှိတယ်ဆိုတာကို ပြနေတာပဲ၊ ဒါပေမဲ့...။"
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ထိုက်ကျောက်၏ လေသံမှာ ပြောင်းလဲသွားကာ အေးစက်စက်နှင့် စူးရှသွားပြန်လေသည်။
"လူတိုင်းက ငါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရင်းအနှီး ရှိကြတာ မဟုတ်ဘူး။ မင်းရဲ့ ဂုဏ်ဒြပ်ကို အမှန်အ တိုင်း ထုတ်ပြောတာ ပိုကောင်းလိမ့်မယ်၊ ဒါမှမဟုတ်ရင်တော့...၊ ဟင်း...။"
သူ၏ စကားအဆုံးတွင် ထိုက်ကျောက် ခေါ်လာသော ဝတ်စုံနက်ဝတ် အမျိုးသားများမှာ သီးသန့်ခန်း၏ တံခါးဝကို ပိတ်လိုက်ကြပြီး ပြဿနာတစ်ခုခု ဖြစ်သည်နှင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြလေသည်။
ထိုအခြင်းအရာကို မြင်သောအခါ လျန်ထျန်း၏ ဘေးတွင် အစအဆုံး တိတ်ဆိတ်နေသော စူးရှသည့် မျက်လုံးနှင့် အမျိုးသားမှာ တစ်ကိုယ်လုံး တောင့်တင်းသွားရလေသည်။ သို့သော် လျန်ထျန်းက သူ့အား စိတ်အေးအေးထားရန် လက်ရိပ်ပြလိုက်လေသည်။
ထို့နောက် လျန်ထျန်းက တည်ငြိမ်စွာပင် ဆက်ပြောလိုက်လေသည်။
"ဒုတိယသခင်လေး... ငါက မင်းကို လာတွေ့ရဲတယ်ဆိုကတည်းက မင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုတာ ယုံကြည်ချက်ရှိလို့ပါ…။"
"ပထမဆုံးအနေနဲ့ မင်းတို့ရဲ့ တိထူလုံအုပ်စု အခုအလိုအပ်ဆုံးက ရန်ပုံငွေ မဟုတ်လား၊ ငါမင်းတို့ကို ရင်းနှီးမြှုပ်နှံပေးနိုင်တယ်….။"
"ပြီးတော့ အစပိုင်းမှာတင်...။"
ပြောရင်းနှင့် လျန်ထျန်းက လက်တစ်ချောင်း ထောင်ပြလိုက်ပြီးနောက် အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
"ယွမ် (၁၀,၀၀၀)...။"
ယခု၊ ညနေ (၄) နာရီခန့်သို့ ပြန်လည် ဆန်းစစ်ကြည့်ကြပါစို့။
"ငါ ဘာလုပ်သင့်လဲ... ဘာလုပ်ရမလဲ...။"
"ဒီလို လူယုတ်မာမျိုးက တရားဥပဒေကနေ လွတ်မြောက်ပြီး အဝေးကို ထွက်ပြေးသွားတာကို သည်အတိုင်းပဲ ငေးကြည့်နေရတော့မှာလား...။"
"တောက်... တောက်...။"
မည်သည့် နည်းလမ်းမျှ စဉ်းစား၍ မရတော့သဖြင့် လျန်ထျန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ နံရံကို အရှိန်ဖြင့် ထိုးလိုက်မိလေသည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် သူသည် အကြံတစ်ခု ရသွားပြီး မစ္စတာရှောင် ထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်လေသည်။
ဖုန်းဖြေလိုက်သည်နှင့် လျန်ထျန်းက ချက်ချင်း ပြောလိုက်လေသည်။
"ထိုက်ကျောက် ရဲ့ နောက်ခံ၊ စရိုက်၊ ဝါသနာ စတာတွေ အပါအဝင် သူ့ရဲ့ သတင်းအချက်အလက် အသေး စိတ်ကို အခုချက်ချင်း ရှာပေးပါ…။"
"သူ့အကြောင်း အကုန်လုံးကို ငါ သိချင်တယ်...။"
အခန်း (၉၈)
လူကိုကြည့်၍ ဆက်ဆံခြင်း
"ယွမ် (၁၀,၀၀၀)" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ အိတ်ချ် မြို့တော်ရှိ ထိပ်တန်း သူဌေး သားတစ်ဦးဖြစ်သည့် တိထူလုံအုပ်စု ၏ ဒုတိယသခင်လေး ထိုက်ကျောက် ပင်လျှင် မျက်လုံးအစုံ ပြူးကျယ်သွားရလေသည်။
အမှန်စင်စစ် ယခုလောကကြီးတွင် ကုန်ဈေးနှုန်းများမှာ တစ်သန်းဆ ကျဆင်းသွားခဲ့ပြီဖြစ်ရာ ယွမ် (၁၀,၀၀၀) သည် ယခင်က ယွမ် (၁၀) ဘီလီယံနှင့် ညီမျှပေသည်။
တိထူလုံအုပ်စု သည် အိတ်ချ် မြို့တော်ရှိ ထိပ်တန်းကုမ္ပဏီ သုံးခုအနက် တစ်ခုဖြစ်ပြီး ၎င်း၏ စျေးကွက် တန်ဖိုးမှာ ယွမ် (၇၀,၀၀၀) သို့မဟုတ် (၈၀,၀၀၀) ခန့်အထိ ရှိသော်လည်း ယခုကဲ့သို့ အိမ်ခြံမြေလောက ကျဆင်းနေသည့် ကာလ၌ လက်ငင်းအသုံးပြုနိုင်သော ရန်ပုံငွေ ယွမ် (၁၀,၀၀၀) ကို တစ်ခါတည်း ထုတ် ယူရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
ထို့ပြင် စီးပွားရေးလောက၌ လက်ငင်းငွေသားမှာ အဓိကဖြစ်သည်၊ လက်ထဲတွင် ပိုက်ဆံရှိလေလေ ပို၍ ယုံကြည်မှု ရှိလေလေ မဟုတ်ပါလား။ ထို့ကြောင့် ထိုက်ကျောက် သည် စိတ်ထဲမှ စတင်၍ တွက်ချက် နေတော့သည်။
*ငါသာ ယွမ် (၁၀,၀၀၀) ရင်းနှီးမြှုပ်နှံမှု ရအောင် လုပ်နိုင်ရင် ဟိုအဖိုးကြီးက ငါ့ကို နိုင်ငံခြားကို ပြန်နှင် ထုတ်မှာ မဟုတ်တော့ဘူး….။*
*ဒါပေမဲ့... ဒီကောင်လေးက တကယ်ပဲ အဲ့ဒီလောက် ပိုက်ဆံရှိတာ ဟုတ်ပါ့မလား...။*
ဤသို့ တွေးမိသောအခါ ထိုက်ကျောက် သည် လျန်ထျန်း အား သံသယဖြင့် ကြည့်ကာ မေးလိုက်လေ သည်။
"ဘယ်သူမဆို ကြွားလုံးထုတ်လို့တော့ ရတာပဲ၊ ဒါပေမဲ့ မင်းက ငါတို့ တိထူလုံအုပ်စု ထဲကို ယွမ် (၁၀,၀၀၀) တကယ် ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုတာကို ဘယ်လို သက်သေပြမှာလဲ...။"
လျန်ထျန်း က ပြုံး၍ လက်တစ်ချောင်း ထပ်မံ ထောင်ပြလိုက်လေသည်။
"ကျွန်တော့်ကို တစ်လလောက် အချိန်ပေးပါ၊ အဲ့ဒီအခါကျရင် ယွမ် (၁၀,၀၀၀) က ကျွန်တော့်ရဲ့ အကောင့် ထဲကို ချက်ချင်း ရောက်လာပါလိမ့်မယ်...။"
ထိုက်ကျောက် က မျက်မှောင်ကြုတ်လိုက်သည်။
"တစ်လ ဟုတ်လား...။ မင်း ငါ့ကို လာပြီး လိမ်နေတုန်းပဲ။ တစ်လလောက် အချိန်ဆွဲပြီး မင်း ဘာလုပ်ဖို့ ကြံနေတာလဲ...။"
သူဌေးသားလေး ဖြစ်သော ထိုက်ကျောက် သည် မောက်မာစော်ကားတတ်သော်လည်း သူသည် အရူး တစ်ယောက်တော့ မဟုတ်ပေ။ အထူးသဖြင့် စီးပွားရေးလောကတွင် သူ၏ဖခင် ထိုက်ပေါင် ၏ လွှမ်းမိုး မှုကြောင့် ထိုက်ကျောက် သည် အကျိုးအမြတ်ကို မျက်မြင်မတွေ့ရမချင်း မည်သည့်အရာကိုမျှ မလုပ် ဆောင်တတ်သော လူစားမျိုး ဖြစ်ပေသည်။ နှုတ်ကတိသက်သက်ဖြင့် သူ့အား ထိန်းချုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
လျန်ထျန်း သည် ဤအချက်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ပြုံးလျက် ဆက်ပြောလိုက်လေသည်။
"မစ္စတာထိုက် ကြိုက်တဲ့ ဒီ ဘားက တကယ်ကို ကောင်းပါတယ်၊ တော်တော်လေးလည်း သန့်ပြန့်တာ ပဲ...။"
"ဒီည တစ်ညလုံးအတွက် မစ္စတာထိုက်က အကုန်အကျခံမယ်လို့ ကြားတယ်၊ အပြင်မှာ လူသုံးလေးရာ လောက် ရှိနေတာဆိုတော့ ပိုက်ဆံတွေ အတော်ကုန်မှာပဲ...။"
ထိုက်ကျောက် က အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်လေသည်။
"ဒါက အမွှားလေးပါ၊ (၃) ယွမ်၊ (၅) ယွမ် လောက်ပဲ ရှိတာ၊ ငါ့ရဲ့ တစ်လစာ စားစရိတ်ရဲ့ ထက်ဝက်တောင် မရှိပါဘူး...။"
ယနေ့ခေတ်၏ (၃) ယွမ် သို့မဟုတ် (၅) ယွမ် ဆိုသည်မှာ ကုန်ဈေးနှုန်း မကျဆင်းခင်က ယွမ် (၃၀၀,၀၀၀) သို့မဟုတ် (၅၀၀,၀၀၀) ခန့်နှင့် ညီမျှပေသည်။
ထိုက်ကျောက် ကဲ့သို့သော သူဌေးသားတစ်ဦးအတွက် ယခင်က သူ၏ တစ်လစာ စားစရိတ်မှာ ယွမ် တစ်သန်းအောက် မရှိခဲ့သော်လည်း ယခုအခါတွင်မူ (၁၀) ယွမ်သာ ရှိတော့သည်။
လျန်ထျန်း ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာကာ -
"ဒုတိယသခင်လေး... ကျွန်တော်တို့ လူငယ်တွေက တစ်ခါတလေကျရင် နည်းနည်းလောက်နှိမ့်ချနေ သင့်တယ်လို့ ထင်တယ်...။"
"(၃) ယွမ်၊ (၅) ယွမ်ဆိုတာ ဒုတိယသခင်လေးအတွက် ဘာမှမဟုတ်ပေမဲ့ ကျွန်တော့်အတွက်ကတော့ အရင်တုန်းက မနက်စာ တစ်နပ်စာ ဖိုးပဲ ရှိတာပါ...။"
လျန်ထျန်း သည် သည်စကားကို ကြွားဝါပြောဆိုခြင်းဖြစ်ကြောင်း ဝန်ခံသော်လည်း ၎င်းမှာ အမှန် တရားပင် ဖြစ်ပေသည်။ ကုန်ဈေးနှုန်းများ မကျဆင်းခင်က သာမန် ခေါက်ဆွဲတစ်ပွဲမှာပင် (၃) ယွမ် သို့မဟုတ် (၅) ယွမ် အနည်းဆုံး ပေးခဲ့ရသည် မဟုတ်ပါလား။
သို့သော် ထိုစကားကို ကြားသောအခါ ထိုက်ကျောက် မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရ ပြီး မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်လေသည်။
"မင်းက ဒီလိုပဲ ဆက်ပြီး ကြွားနေဦးမှာလား။ ငါ ပြောပြမယ်၊ ငါက သုံးနှစ်သား ကလေးမဟုတ်ဘူး။ မင်းရဲ့ စကားအချို့နဲ့ ငါ့ကို လာပြီး လိမ်လို့မရဘူး...။"
ထိုက်ကျောက် အမှန်တကယ် ဒေါသထွက်နေသည်ကို မြင်သောအခါ လျန်ထျန်း က တည်ငြိမ်စွာပင် ဆက်ပြောလိုက်လေသည်။
"ဒုတိယသခင်လေး... မင်းက ဒီဘားအကြောင်းကို အတော်လေး သိပုံရတယ်။ ဒါဆိုရင် ကျွန်တော့်ကို ကူညီပြီး တစ်ခုလောက် မေးပေးပါဦး၊ ဒီဘားကို ရောင်းမယ်ဆိုရင် ဘယ်လောက်ဈေးပေးရမလဲ ဆိုတာကိုပေါ့...။"
ထိုစကားကို ကြားသောအခါ ထိုက်ကျောက် သည် ခေတ္တမျှ ကြောင်အသွားပြီးနောက် စိတ်ဝင်စားဟန် ဖြင့် ပြောလိုက်လေသည်။
"မင်းက မင်းရဲ့ အရည်အချင်းကို သက်သေပြဖို့အတွက် ငါ့ရှေ့မှာတင် ဒီဘားကို ဝယ်ပြမလို့လား...။"
"ဟဲဟဲ... ဒီဘားက တော်တော်လေး အဆင်ပြေတယ်လေ။ တစ်နှစ်ကို ယွမ် ဆယ်ဂဏန်းလောက် အမြတ်ထွက်တာဆိုတော့ ပိုင်ရှင်က ရောင်းချင်မှာ မဟုတ်ဘူး...။"
လျန်ထျန်း က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။
"မစမ်းကြည့်ဘဲနဲ့ ဘယ်သိပါ့မလဲ။ ဒုတိယသခင်လေးက ကျွန်တော့်ကို မိတ်ဆက်ပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ။ ဖြစ်နိုင်တာက ဆိုင်ပိုင်ရှင်နဲ့ ကျွန်တော်နဲ့ စကားပြောလို့ တည့်သွားပြီး သူ ကျွန်တော့်ကို ရောင်းလိုက်ရင်ရော...။"
ထိုက်ကျောက် သည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ် သဘောတူလိုက်လေသည်။
"ကောင်းပြီလေ... မင်းမှာ ဒီဘားကို ဝယ်နိုင်တဲ့ အရည်အချင်း တကယ်ရှိတယ်ဆိုရင်တော့ မင်း ခုနက ပြောတဲ့ စကားတွေကို ငါ နည်းနည်းလောက် ယုံပေးလို့ ရတာပေါ့...။"
မကြာမီမှာပင် ထိုက်ကျောက် ၏ အမိန့်အရ ရှုံ့ချန် သည် ဘားပိုင်ရှင်ကို သီးသန့်ခန်းထဲသို့ ခေါ်လာခဲ့ လေ သည်။ ဘားပိုင်ရှင်မှာ အသက် (၃၅) နှစ်ခန့်ရှိ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်လေသည်။ သူသည် ထိုက်ကျောက် ကို မြင်သည်နှင့် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လေတော့သည်။
"ဒုတိယသခင်လေး... လူကြီးမင်းက ကျွန်တော်တို့ ဘားရဲ့ အမြင့်မြတ်ဆုံး ဧည့်သည်တော်ပါပဲ။ အရင် တုန်းက ကျွန်တော် လူကြီးမင်းကို လာတွေ့ချင်ပေမဲ့ လူကြီးမင်းရဲ့ လူတွေက အနှောင့်အယှက် မဖြစ်စေ ရဘူးဆိုပြီး တားထားလို့ မတွေ့ခဲ့ရပါဘူး...။"
"ဒီနေ့မှာ လူကြီးမင်းနဲ့ တွေ့ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ဒါကြောင့် လူကြီးမင်းအတွက် ကျွန်တော် သုံးခွက်လောက် အရင်ဆုံး သောက်ပါရစေဦး...။"
ပြောရင်းနှင့် ဘားပိုင်ရှင်သည် စားပွဲပေါ်ရှိ ဝိုင်ခွက်ကို လှမ်းယူလိုက်လေသည်။ သို့သော် သူ ဝိုင်ကို တစ်ငုံပင် မသောက်ရသေးခင်မှာပင် ထိုက်ကျောက် က လက်ယမ်းပြကာ တားလိုက်လေသည်။
"ဒီနေ့ မင်းကို ဒီကို ခေါ်တာက သောက်ဖို့ မဟုတ်ဘူး။ ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်က မင်းရဲ့ ဒီဘားကို ဝယ်ချင်လို့တဲ့၊ သူ့နဲ့ စကားပြောကြည့်လိုက်ဦး...။"
"အော်... ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်…၊ ငါ့ကို အားနာစရာမလိုဘဲ မင်း စိတ်ကြိုက် စကားပြောလို့ ရတယ်။ ဘာလို့လဲဆိုတော့ ဒီသူငယ်ချင်းနဲ့ ငါကလည်း ဒီနေ့မှ စတွေ့တာ မို့လို့ပဲ...။"
"ဒီကိစ္စ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်။ ငါ ဝင်မစွက်ဖက် ဘူး၊ နားလည်လား...။"
ဘားပိုင်ရှင်မှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ခေါင်းညိတ် သဘောတူလိုက်သည်။
"နားလည်ပါပြီ။ ဒါဆိုရင် ဒုတိယသခင်လေးရဲ့ သူငယ်ချင်းက ဘယ်သူပါလဲခင်ဗျာ...။"
လျန်ထျန်း သည် ထိုင်နေရာမှ ထရပ်ကာ ဘားပိုင်ရှင်ထံသို့ လက်ကမ်းပေးလိုက်လေသည်။
"မင်္ဂလာပါ... ကျွန်တော်က ဒီဘားကို ဝယ်ချင်တဲ့သူပါ။ ကျွန်တော့်နာမည်က လျန်ထျန်း ပါ...။"
လျန်ထျန်း က လှိုက်လှိုက်လှဲလှဲ လက်ကမ်းပေးလိုက်သော်လည်း ဘားပိုင်ရှင်မှာမူ ချက်ချင်း လက်ဆွဲ မနှုတ်ဆက်ခဲ့ပေ။ သူသည် လျန်ထျန်း ကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေလေသည်။
ဘားပိုင်ရှင်သည် ထိုက်ကျောက် ၏ စကားအရ ရှေ့ကလူနှင့် ထိုက်ကျောက် တို့မှာ ရင်းနှီးသော ဆက်ဆံ ရေး မရှိကြောင်း သဘောပေါက်လိုက်လေသည်။ ထို့ပြင် ဒုတိယသခင်လေးက သူ့အား သုံးပြီး ဒီ လူကို စမ်းသပ်ချင်နေသည်ကိုလည်း ရိပ်မိလိုက်လေသည်။
ဘားပိုင်ရှင်သည် အဆင့်မြင့်ဘားတစ်ခုကို ဖွင့်လှစ်ထားသူဖြစ်ရာ သူသည် လည်ပတ်လှသော စီးပွားရေး သမားတစ်ဦးဖြစ်ပြီး မတူညီသော ဧည့်သည်များကို မည်သို့ ဆက်ဆံရမည်ကို ကောင်းစွာ သိရှိသူ ဖြစ် ပေသည်။
လျန်ထျန်း သည် အလွန်ငယ်ရွယ်နေသည်ကို မြင်သောအခါ ဘားပိုင်ရှင်သည် ဝတ္တရားအရသာ လက်ဆွဲ နှုတ်ဆက်လိုက်ပြီး ချက်ချင်းပင် လက်ကို ပြန်ရုပ်ကာ စကားကို ပြတ်ပြတ်သားသား ပြောလိုက်လေ သည်။
"ကောင်လေး... မင်းက တော်တော်လေး ငယ်သေးတာပဲ။ ငါ့ရဲ့ ဘားကို ဝယ်ချင်တယ်ပေ့ါ ဟုတ်လား။ စိတ်မကောင်းပါဘူး၊ ငါ့ရဲ့ စီးပွားရေးက တော်တော်လေး ကောင်းနေတာဆိုတော့ အခုလောလောဆယ် ရောင်းဖို့ စိတ်ကူးမရှိသေးဘူး...။"
ချက်ချင်းပင် ငြင်းပယ်ခံလိုက်ရသော်လည်း လျန်ထျန်း မှာမူ အရှက်ရခြင်း မရှိဘဲ ပြုံးလျက်သာ ရှိနေ လေသည်။
"မလောပါနဲ့ဦး... ဒီဘားက တကယ်ကို ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ တည်နေရာ၊ အပြင် အဆင်နဲ့ ဝိုင်တံဆိပ်တွေကအစ အကုန်လုံးက ထိပ်တန်းတွေချည်းပါပဲ…။"
"ဒါကြောင့် ဒီလိုဘားမျိုး ဖွင့်ဖို့ဆိုရင် အရင်းအနှီးက အတော်လေး များမှာပဲနော်၊ ယွမ် (၁၀၀) လောက် ရှိမလားပဲ...။"
ထိုစကားကို ကြားသောအခါ ဘားပိုင်ရှင်မှာ ရယ်မောလေတော့သည်။
"ကောင်လေး... မင်းကတော့ နောက်နေပြန်ပြီ။ သည်ဘားက အိတ်ချ် မြို့တော်မှာ အကောင်းဆုံးလို့ ငါ မပြောရဲပေမဲ့ ယွမ် (၁၀၀) နဲ့ဆိုရင် ဒီဘားရဲ့ ထက်ဝက်တောင် ဝယ်လို့ရမှာ မဟုတ်ဘူး….။"
"ဒါတင်မကသေးဘူး... အခု ငါက တစ်နှစ်ကို ယွမ် ဆယ်ဂဏန်းလောက် အမြတ်ရနေတာ၊ နှစ်နှစ် သုံးနှစ်လောက်ဆိုရင် ယွမ် (၁၀၀) က အေးဆေးပဲ ရတာလေ….။"
"မင်းက ငါ့ရဲ့ ဘားမှာ စီးပွားရေးကောင်းနေတာကို မြင်လို့ လက်ထဲမှာ ပိုက်ဆံအနည်းငယ် ရှိတာနဲ့ ချက်ချင်း သူဌေးဖြစ်ချင်နေတာကို ငါ နားလည်ပါတယ်….။"
"ဒါပေမဲ့ စိတ်မကောင်းပါဘူး... မင်းမှာ အခုလောလောဆယ် အဲ့ဒီလောက် အရည်အချင်း မရှိသေးဘူး၊ ငါလည်း ရောင်းဖို့ စိတ်မကူးထားဘူး….။"
"နောင်ကျရင်တော့ လာပြီး သောက်စားပျော်ပါးဖို့ ကြိုဆိုပါတယ်။ ဘားဝယ်ဖို့ ဆိုတာကတော့ ဟာသ တစ်ခုလို့ပဲ မှတ်ယူလိုက်ပါ့မယ်...။"
ဘားပိုင်ရှင်၏ စကားများမှာ ယဉ်ကျေးသယောင် ရှိသော်လည်း တကယ်တော့ လှောင်ပြောင်မှုနှင့် အထင်သေးမှုများ ပြည့်နှက်နေခဲ့လေသည်။ သို့သော် လျန်ထျန်း နောက်ထပ် ပြောလိုက်သော စကား များကမူ သူ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်မှုများကို ချက်ချင်းပင် ရပ်တန့်သွားစေခဲ့လေသည်......။