အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉)
ဈေးဆစ်ခြင်း
"အော်... ဒါဆိုရင် ယွမ် (၁၀၀) က ဒီဘားရဲ့ တစ်ဝက်စာပဲ ဝယ်လို့ရတာပေါ့။ ဒါဆို တစ်ခုလုံးဆိုရင် ယွမ် (၂၀၀) ပေါ့ ဟုတ်လား..."
"ဒါတင်မကသေးဘူး၊ အခု ခင်ဗျားရဲ့ စီးပွားရေးကလည်း တော်တော်လေး ကောင်းနေပြီး ပိုက်ဆံတွေ အများကြီး ရနေတာပဲလေ။ ခင်ဗျားကို မရောင်းချင်ရောင်းချင်လာအောင် လုပ်ဖို့ဆိုရင် ကျွန်တော်က ပိုက်ဆံ ပိုပေးရမှာပေါ့ မဟုတ်ဘူးလား...။"
"ဒါဆိုရင်တော့ ခင်ဗျားနဲ့ သေချာလေး ဈေးဆစ်ရတော့မယ်။ ယဉ်ယဉ်ကျေးကျေးပဲ စကားပြောကြတာ ပေါ့…။"
"တကယ်တော့ ကျွန်တော့်မှာ ဘားတစ်ခုကို စီမံခန့်ခွဲဖူးတဲ့ အတွေ့အကြုံ မရှိပါဘူး၊ အများကြီးလည်း နားမလည်သေးဘူး။ ဒါပေမဲ့ ဘယ်စီးပွားရေးမဆို ကောင်းကောင်းလည်ပတ်နိုင်ဖို့ဆိုတာ မလွယ်ကူ ဘူးဆိုတာကိုတော့ ကျွန်တော် သိပါတယ်…။"
"ခင်ဗျားရဲ့ ဘားက တည်နေရာ၊ အပြင်အဆင်နဲ့ ဝိုင်တံဆိပ်တွေကအစ အကုန်လုံးက ထိပ်တန်းတွေ ဆိုတော့ အဲ့ဒီအတွက် နောက်ထပ် ယွမ် (၁၀၀) ပေါ့…။"
"ဒါ့အပြင် ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုတွေအတွက်ပါ ပေါင်းလိုက်ရင်တော့ စုစုပေါင်း ယွမ်(၄၀၀) နီးပါးလောက် ရှိမယ်ထင်တယ်…။"
"ခင်ဗျား ဒီဘားကို ရောင်းလိုက်ရလို့ စိတ်မကောင်းဖြစ်ရမှာကိုလည်း ကျွန်တော် သိပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအတွက်လည်း ပေးရဦးမှာပေါ့….။"
"ဒီလိုလုပ်ကြစို့... အပြတ်ဈေးပဲ၊ ဒီဘားအတွက် ယွမ် (၅၀၀) ပေးမယ်၊ အဆင်ပြေရဲ့လား။ ခင်ဗျား အတွက် ဒါက ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ မျှော်လင့်ပါတယ်...။"
လျန်ထျန်း ၏ ဈေးဆစ်ပုံကို ကြားလိုက်ရသောအခါ ဘားပိုင်ရှင်မှာ လုံးဝပင် မှင်တက်သွားရလေသည်။
သူက ယခင်က ယွမ် (၁၀၀) နှင့် တစ်ဝက်ပင် မရနိုင်ဟု ပြောခဲ့သည်မှာ လျန်ထျန်း ကို လက်လျှော့သွား စေရန် ချဲ့ကားပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ လျန်ထျန်း သည် လုံးဝ ယုတ္တိမရှိသော နည်းလမ်းဖြင့် ဈေးနှုန်းကို တွက်ချက်လိုက်ခြင်းပင် ဖြစ်လေသည်။
ထိုဈေးနှုန်းမှာ သူ၏ဘား အစစ်အမှန် တန်ဖိုးထက် အဆပေါင်းများစွာ ပို၍ မြင့်မားနေခဲ့လေသည်။
ယခုအချိန်တွင် စီးပွားရေး ကောင်းနေသော်လည်း အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမျှ မခန့်မှန်းနိုင် ပေ။ "နှစ်နှစ် သုံးနှစ်အတွင်း ယွမ် ၁၀၀ ရနိုင်တယ်" ဆိုသည့် စကားမှာလည်း အလှဆင်ကာ ပြောခဲ့ခြင်း သာ ဖြစ်လေသည်။
သို့သော် သူ အလွန်အမင်း အံ့အားသင့်သွားရသည်မှာ လျန်ထျန်း က သူ့အား အငြင်းအခုန်ပင် မပြုဘဲ သူ မငြင်းနိုင်လောက်အောင် မြင့်မားသော ဈေးနှုန်းကို တိုက်ရိုက် ကမ်းလှမ်းလိုက်ခြင်းပင် ဖြစ်သည်။
သူ၏ဘားကို ယွမ် (၅၀၀) အပြည့်ဖြင့် ရောင်းရမည်ဟု တွေးမိသောအခါ...။
ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ မကျဆင်းခင်ကဆိုလျှင် ယွမ် သန်း ၅၀၀ နှင့် ညီမျှပေလိမ့်မည်။
"ဂုဂု..."
ဘားပိုင်ရှင်သည် မသိမသာပင် တံတွေးကို မျိုချလိုက်မိပြီးနောက် ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်လေ သည်။
"လူငယ်... အာ... မဟုတ်ဘူး၊ မစ္စတာလျန်... လူကြီးမင်း ခုနက ပြောတာ တကယ်ပဲလားဟင်...။"
"ဆိုလိုတာက ကျွန်တော့်ရဲ့ ဘားကို ဝယ်ဖို့ တကယ်ပဲ ယွမ် (၅၀၀) ပေးမှာလား။ ကျွန်တော့်ကို နောက် နေတာတော့ မဟုတ်ပါဘူးနော်...။"
ဘားပိုင်ရှင် စကားအဆုံးတွင် သူ၏ အသံမှာ အနည်းငယ် တုန်ရီနေရှာလေသည်။ သူသည် အလွန်ပင် မျှော်လင့်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဤကိစ္စကြီးက အလွန်ပင် ယုံရခက်နေသောကြောင့် ဖြစ် လေသည်။
မည်သူက ဘားတစ်ခုအတွက် ဒီလောက်အထိ ပိုက်ဆံအများကြီး သုံးပါ့မည်နည်း။ ဤသည်က သေချာပေါက် ရှုံးမည့်အလုပ် မဟုတ်ပါလား။ စီးပွားရေးလောကတွင် မည်သည့်လုပ်ငန်းမှ အမြဲတမ်း အောင်မြင်မနေနိုင်ပေ။
လျန်ထျန်း က အလွန်ပင် တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
"ကျွန်တော့်စကားကို ကြည့်ပါဦး၊ ကျွန်တော်က ခင်ဗျားကို နောက်ပြောင်ဖို့ ဒီလောက်အထိ အားထုတ် ပါ့မလား...။"
"တကယ်တော့ ခင်ဗျားရဲ့ ဘားကို ဝယ်တာက ကျွန်တော့်အတွက် ပျော်စရာတစ်ခုပါပဲ၊ ဒုတိယ သခင်လေးကလည်း ဒီနေရာကို ကြိုက်တယ်ဆိုတော့လေ...။"
"ဒါ့အပြင် ယွမ် (၅၀၀) ဆိုတာ ကျွန်တော့်အတွက် မများပါဘူး။ ကျွန်တော် နည်းနည်း ကြိုးစားလိုက်ရင် တစ်ရက် နှစ်ရက်အတွင်းမှာတင် ဒီပိုက်ဆံကို ပြန်ရှာနိုင်ပါတယ်...။"
"ကဲပါ... အပိုစကားတွေ ပြောမနေနဲ့တော့၊ ခင်ဗျားရဲ့ ဘဏ်အကောင့်နံပါတ်သာ ပေးပါ၊ ကျွန်တော် အခုပဲ ပိုက်ဆံလွှဲပေးလိုက်မယ်...။"
ဘားပိုင်ရှင်သည် သံသယများဖြင့်ပင် အကောင့်နံပါတ်ကို ပေးလိုက်သော်လည်း ငါးမိနစ်ပင် မပြည့်ခင် မှာပင် သူ၏အကောင့်ထဲသို့ ယွမ် (၅၀၀) ရောက်ရှိလာကြောင်း အကြောင်းကြားစာ ရရှိခဲ့လေသည်။
ထိုစာကို မြင်လိုက်ရသောအခါ ဘားပိုင်ရှင်မှာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်လေတော့သည်။
"ရောက်ပြီ! ရောက်ပြီ….။ ယွမ် (၅၀၀) အပြည့်အဝ ကျွန်တော့်အကောင့်ထဲကို ရောက်လာပြီဗျို့...။"
ထိုအခြင်းအရာကို ဘေးမှ ငေးကြည့်နေသော ထိုက်ကျောက် ၏ မျက်နှာတွင်လည်း အံ့အားသင့်မှုများ ပေါ်လာကာ လျန်ထျန်း ကို ကြည့်နေသည့် သူ၏ အကြည့်များမှာ လေးနက်သွားတော့သည်။
ယခင်က ထိုက်ကျောက် သည် အိတ်ချ် မြို့တော်မှ မထွက်ခွာချင်သဖြင့် လျန်ထျန်း ၏ စကားကို မျှော်လင့်ချက် အနည်းငယ်ဖြင့်သာ နားထောင်ခဲ့သော်လည်း အများစုမှာ သံသယရှိခဲ့သည်။ ယခုမူ ထိုသံသယများမှာ ပျောက်ကွယ်သွားပြီး မျှော်လင့်ချက်များမှာ အဆပေါင်းများစွာ ကြီးထွားလာခဲ့လေ ပြီဖြစ်လေ၏။
အမှန်အတိုင်း ဝန်ခံရလျှင် ထိုက်ကျောက် ပင်လျှင် ဘားတစ်ခုဝယ်ရန်အတွက် ယွမ် (၅၀၀) ကို တစ်ခါ တည်း ထုတ်သုံးနိုင်လောက်သော သတ္တိမျိုး မရှိပေ။
လျန်ထျန်း ကို ကြည့်ပါဦး၊ သူသည် (ယွမ်) ၅၀၀ ကို မျက်တောင်တစ်ချက်ပင် မခတ်ဘဲ သုံးစွဲလိုက်သည့် အပြင် ဘားပိုင်ရှင်ကိုလည်း ပြုံးပြုံးရွှင်ရွှင်ပင် စကားပြောနေခဲ့သေးသည်။
"စိတ်မလှုပ်ရှားပါနဲ့ဦး၊ ဒါ ယွမ် (၅၀၀) ပဲ ရှိသေးတာပါ။ အခုကစပြီး ဒီဘားက ကျွန်တော့် အပိုင် ဖြစ်သွားပြီ။ နောင်ကျရင် ကျွန်တော် ပိုက်ဆံတွေ အများကြီး ရလာမှာကိုတော့ မနာလိုမဖြစ်ပါနဲ့ဦး နော်...။"
ဘားပိုင်ရှင်၏ လျန်ထျန်း အပေါ် ဆက်ဆံပုံမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားပြီး ဖားယားသော အပြုံးများဖြင့် ပြောလိုက်လေသည်။
"လူကြီးမင်းကလည်း ဘာတွေ ပြောနေတာလဲ။ လူကြီးမင်းရဲ့ စီးပွားရေးတွေ အောင်မြင်ပြီး ပိုက်ဆံတွေ အများကြီး ရပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ကျွန်တော့်ရဲ့ အကူအညီ လိုအပ်ရင်လည်း အချိန်မရွေး ခိုင်းစေနိုင်ပါတယ်...။"
လျန်ထျန်း က ခေါင်းညိတ်လိုက်ပြီး၊
"ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ဘူး။ ခင်ဗျားပဲ ဒီမှာ ဆက်နေပြီး ကျွန်တော့်အတွက် ဒီဘားကို စီမံပေးပါဦး။ ခင်ဗျားကို တစ်နှစ်ကို လစာ ယွမ် (၁၀) နဲ့ အမြတ်ဝေစုပါ ပေးမယ်၊ ဘယ်လိုလဲ...။"
ဘားပိုင်ရှင်မှာ နောက်တစ်ဖန် အံ့အားသင့်သွားရပြန်ပြီး ဝမ်းသာလွန်းသဖြင့် စကားပင် မပြောနိုင်တော့ ပေ။ နောက်တစ်စက္ကန့်တွင် သူသည် စားပွဲပေါ်ရှိ ဘီယာသုံးပုလင်းကို လှမ်းယူလိုက်ပြီး လျန်ထျန်း ကို ပြောလိုက်လေသည်။
"မစ္စတာလျန်... အခုကစပြီး လူကြီးမင်းက ကျွန်တော့်ရဲ့ အလုပ်ရှင်ပါပဲ။ လူကြီးမင်းအတွက် ကျွန်တော် သုံးပုလင်း ဆက်တိုက် သောက်ပြပါ့မယ်...။"
လျန်ထျန်း က ပြုံးလျက်ပင် ဘားပိုင်ရှင် ဘီယာသောက်နေသည်ကို ကြည့်နေခဲ့လေသည်။
"ရပါတယ်... ရပါတယ်။ ဘားတစ်ခုရဲ့ အနှစ်သာရက ပျော်ရွှင်ဖို့ပဲလေ။ ပိုက်ဆံက အရေးမကြီးပါဘူး၊ ပျော်ဖို့ကသာ အရေးကြီးဆုံးပါ...။"
ထိုစဉ် ထိုက်ကျောက် သည် ထိုင်နေရာမှ ထရပ်ကာ ဝိုင်ခွက်ကို ကိုင်လျက် လျန်ထျန်း ထံသို့ လာခဲ့လေ သည်။
"ကောင်းပြီလေ... မင်းမှာ ငါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရင်းအနှီး ရှိတယ်ဆိုတာကို ငါ စပြီး ယုံကြည် သွားပြီ။ ဒါပေမဲ့ မင်း တစ်လအတွင်းမှာ ယွမ် (၁၀,၀၀၀) တကယ် ရအောင် ရှာနိုင်မယ်ဆိုတာ သေချာ ရဲ့လား...။"
မိမိအပေါ် ဆက်ဆံပုံ လုံးဝ ပြောင်းလဲသွားသော ထိုက်ကျောက် ကို ကြည့်ရင်း လျန်ထျန်း ကလည်း ဝိုင်ခွက်ကို မြှောက်ပြလိုက်လေသည်။
"ကျွန်တော် ပြောပြီးပြီပဲ၊ ကျွန်တော် နည်းနည်း ကြိုးစားရင် ယွမ် (၅၀၀) ကို တစ်ရက် နှစ်ရက်အတွင်း ပြန်ရှာနိုင်တယ်ဆိုမှတော့ တစ်လမှာ ယွမ် (၁၀,၀၀၀) ရှာဖို့ဆိုတာ တကယ်ပဲ ခက်ခဲမယ်လို့ ထင်လို့ လား...။"
လျန်ထျန်း သည် အမှန်အတိုင်း ပြောဆိုခြင်းဖြစ်သော်လည်း ထိုက်ကျောက် ကမူ ထိုစကားတွင် နက်နဲ သော အဓိပ္ပာယ်ရှိသည်ဟု ထင်မှတ်သွားခဲ့လေသည်။
တစ်ရက် နှစ်ရက်အတွင်း ယွမ် (၅၀၀) ရှာနိုင်ရန်မှာ လက်ငင်းငွေသား လည်ပတ်မှု ရှိနေရန် လိုအပ်ပေ သည်၊ အပေါ်ယံ ပိုင်ဆိုင်မှု တိုးတက်လာခြင်းမျိုး မဟုတ်ပေ။
ကမ္ဘာ့ကုန်ဈေးနှုန်းများ တစ်သန်းဆ ကျဆင်းသွားသော ယနေ့ခေတ်တွင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ပင်လျှင် ထိုကဲ့သို့လုပ်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ထိုက်ကျောက် ကမူ လျန်ထျန်း ၏ နောက်ကွယ်တွင် အလွန်ပင် ကြီးမားသော အင်အားစုကြီး ရှိနေပြီး တစ်လအတွင်း ယွမ် (၁၀,၀၀၀) ကို လွှဲပြောင်းပေးနိုင်မည့် အရည်အချင်းရှိသည်ဟုသာ အခိုင် အမာ ယုံကြည်သွားတော့လေသည်။
ဤသို့ တွေးမိသောအခါ ထိုက်ကျောက် က ပြုံးလိုက်လေသည်။
"ကောင်းပြီလေ... ငါ အိတ်ချ် မြို့တော်ကနေ မထွက်သွားတော့ဘူး။ မင်းကို ဒီတစ်ကြိမ်တော့ ယုံကြည် လိုက်မယ်….။"
"နောက်တစ်လကျလို့ တိထူလုံအုပ်စု က မင်းရဲ့ ယွမ် (၁၀,၀၀၀) ရင်းနှီးမြှုပ်နှံမှုကို ရရှိသွားပြီး ငါသာ အုပ်ချုပ်ခွင့်ရလာမယ်ဆိုရင်တော့ မင်း သေချာပေါက် အကျိုးအမြတ်တွေ ရစေရမယ်...။"
သူတို့နှစ်ဦးသည် ဝိုင်ခွက်ချင်း တိုက်လိုက်ကြပြီး ပျော်ရွှင်စွာ သောက်လိုက်ကြလေသည်။
ဘားပိုင်ရှင်ဟောင်းမှာမူ သူတို့နှစ်ဦး၏ ဘေးတွင် ရိုရိုသေသေဖြင့် ဝိုင်ငှဲ့ပေးကာ ပြုစုနေရုံသာ တတ်နိုင် တော့သည်။
ဘားမှ ထွက်လာပြီးနောက် ထိုက်ကျောက် သည် အိတ်ချ် မြို့တော် အချက်အချာကျသော နေရာရှိ အကောင်းဆုံး ဗီလာရပ်ကွက်ရှိ သူ၏အိမ်သို့ ကားဖြင့် ချက်ချင်း ပြန်လာခဲ့လေသည်။
နေအိမ်သို့ ရောက်သောအခါ သူ၏ဖခင် ထိုက်ပေါင် က ထိုက်ကျောက် လေယာဉ်ဖြင့် ထွက်မသွားသည် ကို မြင်၍ အလွန်ပင် ဒေါသထွက်နေခဲ့လေသည်။
သို့သော် ထိုက်ကျောက် ၏ နောက်ထပ် ပြောလိုက်သော စကားများကြောင့် ထိုက်ပေါင် သည် ချက်ချင်း ပင် ပါးစပ်ပိတ်သွားရလေတော့သည်။
"ဖေဖေ... ကျွန်တော် ယွမ် (၁၀,၀၀၀) ရင်းနှီးမြှုပ်နှံမှု ရအောင် လုပ်နိုင်ခဲ့ပြီ။ ဒီငွေသား လည်ပတ်မှုနဲ့ဆိုရင် ကျွန်တော်တို့ အုပ်စုရဲ့ အကြပ်အတည်းကို အေးဆေးစွာ ကျော်လွှားနိုင်မှာပါ...။"
ထိုစကားကို ကြားသောအခါ ထိုက်ပေါင် ၏ ဒေါသများမှာ ချက်ချင်းပင် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွား ခဲ့လေသည်။ သို့သော် သူ၏ တည်ငြိမ်သော စရိုက်ကြောင့် ထိုပျော်ရွှင်မှုမှာ ခေတ္တမျှသာ မျက်နှာပေါ်၌ ပေါ်လာပြီး ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။
"အခုလောလောဆယ် အိတ်ချ် မြို့တော်မှာ လက်ငင်းငွေသား ယွမ် (၁၀,၀၀၀) ကို ချက်ချင်း ထုတ်ပေး နိုင်မယ့်သူ ဘယ်သူရှိလို့လဲ။ မင်း လူလိမ်နဲ့ တွေ့ခဲ့တာတော့ မဟုတ်ပါဘူးနော်...။"
ထိုက်ကျောက် က အမြန်ပင် ပြန်ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ ဖေဖေ။ ကျွန်တော် အဲ့ဒီလူကို စမ်းသပ်ခဲ့ပြီးပါပြီ။ သူက ဘားတစ်ခုဝယ်ဖို့ ယွမ် (၅၀၀) ကို မျက်တောင်တစ်ချက် မခတ်ဘဲ ချက်ချင်း ထုတ်ပေးနိုင်တဲ့သူပါ….။"
"ဒီလူရဲ့ နောက်ကွယ်က အင်အားက တကယ်ကို ထိပ်တန်းအဆင့်မှာ ရှိနေတာ။ သူက သူ့ရဲ့ အခြေစိုက် စခန်းက တခြားနေရာမှာ ရှိတယ်လို့လည်း ကျွန်တော့်ကို ဝန်ခံခဲ့ပါသေးတယ်…။"
"ဒါကြောင့် ကျွန်တော် ခန့်မှန်းကြည့်တာကတော့ သူ့ရဲ့ နောက်ကွယ်မှာ အက်စ်မြို့တော် ဒါမှမဟုတ် ဂျီ မြို့တော် က ကော်ပိုရေးရှင်းကြီးတွေ ရှိနေနိုင်တယ်လို့ ထင်တယ်...။"
ထိုက်ပေါင် က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
"တကယ်လို့ ဒါသာ အမှန်ဆိုရင်တော့ ဒါဟာ တို့ရဲ့ တိထူလုံအုပ်စု အတွက် အခွင့်အရေးကောင်း ဖြစ်နိုင် တာပဲ...။"
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌မူ......
လျန်ထျန်း သည် ဟောင်းနွမ်းသော ရပ်ကွက်လေးဆီသို့ ပြန်ရောက်လာပြီး ကျဉ်းမြောင်းသော အခန်း လေးထဲသို့ ဝင်လာခဲ့လေသည်။
ခြေထောက် ဒဏ်ရာရထားသော ဖခင်ဖြစ်သူကို ကြည့်ရင်း၊ မိဘများ မသေဆုံးခင်က ဓာတ်ပုံများကို ကြည့်နေသည့် ရှောင်ကျင်းလေး၏ ဖြူစင်သော မျက်နှာပေါ်မှ ဝမ်းနည်းမှုများကို မြင်လိုက်ရသောအခါ လျန်ထျန်း ၏ ရင်ထဲတွင် တဆစ်ဆစ် နာကျင်လာရလေသည်။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အံကြိတ်ကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ထိုက်ကျောက်….၊ မင်းကို ဒီမှာ ခေတ္တနေနိုင်အောင် ငါ စီစဉ်နိုင်ခဲ့ပြီ။ မင်း စောင့်နေလိုက်စမ်းပါဦး…။"
အခန်း (၁၀၀)
အဲ့ဒီနှစ်တုန်းက သားက လက်ကို အိတ်ကပ်ထဲ ထည့်ထားရုံနဲ့...
ကားအတွင်း၌ လျန်ထျန်း နှင့် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးတို့ အတူထိုင်နေကြသည်။ ထိုအမျိုးသားမှာ ဘား သို့ လျန်ထျန်း နှင့်အတူ လိုက်ပါလာသည့် မျက်လုံးစူးရှသောသူပင် ဖြစ်လေ သည်။
သူသည် ဘားအတွင်း၌ ရှိနေစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော်လည်း ကားစတင်မောင်းနှင်ချိန် မှသာ စကားစတင်ပြောဆိုလာခဲ့လေသည်။
"မင်းက တကယ်ပဲ တိထူလုံအုပ်စု ထဲကို ရင်းနှီးမြှုပ်နှံမှာလား...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း ၏ မျက်နှာပေါ်တွင် ဘား၌ရှိစဉ်က ဟန်ဆောင်ထားသော အပြုံး များ ပျောက်ကွယ်သွားပြီး အေးစက်စက်ပင် ပြန်ဖြေလိုက်လေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်တော့ တိထူလုံအုပ်စု ထဲကို ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော့်မှာ အစက တည်း က စိတ်ကူးမရှိခဲ့ဘူး...။"
"ကျွန်တော် အဲ့ဒီစကားတွေကို ပြောခဲ့တာက ထိုက်ကျောက် ကို ထွက်မပြေးနိုင်အောင် တားထားရုံ သက်သက် ပဲ။ သူ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် သူ ပြန်ပေးဆပ်ရမယ်လေ...။"
"ပြီးတော့ တိထူလုံအုပ်စု တစ်ခုလုံးက အပြစ်တွေနဲ့ ပြည့်နှက်နေတာ။ သူတို့က ကျွန်တော့်ဆီက ရင်းနှီးမြှုပ်နှံမှု လိုချင်တယ် ဟုတ်လား...၊ နောက်ဘဝကျမှပဲ မျှော်လင့်လိုက်ပါတော့...။"
ထိုအခါမှသာ ကျန်းချောင် ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ မစ္စတာရှောင် က ငါ့ကို ကာကွယ်ပေးဖို့ အကူအညီတောင်း တုန်းက ငါ အစက ငြင်းခဲ့တာ...။"
"ဒါပေမဲ့ မင်းက အဲ့ဒီ ဒေသခံ လူမိုက်အုပ်စုကို နှိမ်နင်းတော့မယ်ဆိုတာ ကြားလိုက်ရလို့သာ သဘောတူ ခဲ့တာ။ ဘာလို့လဲဆိုတော့ အဲ့ဒီလူတွေကငါ့ရဲ့ မိသားစုကို ဖျက်ဆီးခဲ့လို့ပဲ...။"
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် စတီယာရင်ကို ကိုင်ထားသော ကျန်းချောင် ၏ လက်ဖမိုးပေါ်ရှိ အကြောများမှာ ထောင်တက်လာလေသည်။ သူသည် တိထူလုံအုပ်စု ကို မည်မျှအထိ နာကျည်းနေသည် ကို သိသာလှပေသည်။
လျန်ထျန်း က ခေါင်းညိတ်လိုက်ပြီး၊
"ကျွန်တော် သိပါတယ်။ အစ်ကို စစ်တပ်ထဲမှာ ရှိနေတုန်းက အစ်ကို့ရဲ့ ဇနီးနဲ့ ကလေးတွေက အိမ်ဟောင်း မှာ ကျန်ခဲ့တာလေ။ ဒါပေမဲ့ အဲ့ဒီ ဒေသခံအုပ်စုက အိမ်ကို အဓမ္မ ဖျက်ဆီးပစ်ခဲ့တယ်၊ အဲ့ဒီနောက်မှာ တော့...။"
လျန်ထျန်း စကားမဆုံးခင်မှာပင် ကျန်းချောင် ၏ မျက်လုံးများမှာ နီမြန်းလာပြီး မေးရိုးများမှာလည်း ပြင်းထန်စွာ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် လျန်ထျန်း က စကားကို ချက်ချင်းဖြတ် ကာ တောင်းပန်လိုက်လေသည်။
"တောင်းပန်ပါတယ် အစ်ကိုကျန်း...၊ ကျွန်တော် အစ်ကို့ရဲ့ အနာဟောင်းကို မဆွသင့်ဘူး...။"
စူးရှသော မျက်လုံးများရှိသည့် ထိုအမျိုးသား၏ နာမည်မှာ ကျန်းချောင် ဖြစ်သော်လည်း သူ့အား ရင်းနှီး သူ အများစုက ဒါချောင် ဟု ခေါ်ကြလေသည်။ ကျန်းချောင် သည် အသက်ကို ဝအောင်ရှူလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။
"ရပါတယ်... မင်း ဘာမှမပြောရင်တောင် အဲ့ဒီကိစ္စတွေက ငါ့ရဲ့ ရင်ထဲမှာ အမြဲတမ်း စွဲထင်နေတာပါ။ နေ့တိုင်းလည်း အဲ့ဒီအကြောင်းပဲ တွေးနေမိတာ...။"
"အခု ငါ သိချင်တာက...၊ ငါက အသက်နဲ့လဲပြီး မင်းရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးမယ်။ ဒါပေမဲ့ မင်းက အဲ့ဒီ ဒေသခံ လူမိုက်အုပ်စုကို ဘယ်လောက်အထိ ကိုင်တွယ်နိုင်မှာလဲ...။"
လျန်ထျန်း က တစ်လုံးချင်း ပြောလိုက်လေသည်။
"သူတို့ကို လုံးဝ အမြစ်ပြတ် သုတ်သင်ပစ်ရမယ်...။"
ထိုစကားကို ကြားသောအခါ ကျန်းချောင် ၏ မျက်လုံးများမှာ တစ်ဖန် နီမြန်းလာခဲ့ပြန်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ မျှော်လင့်ချက်များကြောင့်သာ ဖြစ်ပေသည်။
"ကောင်းပြီလေ... မင်း သည်လိုပြောမှတော့ ငါ မင်းကို အကြွင်းမဲ့ ယုံကြည်လိုက်မယ်...။"
"နောက်ဆုံးမှာ သေသွားရရင်တောင် မင်းသာ ကတိတည်မယ်ဆိုရင် ငါ နောင်တရမှာ မဟုတ်ဘူး...။"
ပတ်ဝန်းကျင် အခြေအနေမှာ အလွန်ပင် လေးလံနေသဖြင့် လျန်ထျန်း က အမြန်ပင် ဟာသလုပ်၍ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"သေတာတွေ ဘာတွေ ပြောမနေပါနဲ့ အစ်ကိုရယ်၊ နိမိတ်မကောင်းပါဘူး..."
"အစ်ကိုက အရင်တုန်းက ထိပ်တန်းစစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လို့ ကျွန်တော် ကြားတယ်။ အစ်ကို ကာကွယ်ပေးနေမှတော့ ကျွန်တော် စိတ်အေးရတာပေါ့...။"
"အော်... ဒါနဲ့ ကျွန်တော် တစ်ခုလောက် သိချင်လို့။ ခုနက သီးသန့်ခန်းထဲမှာသာ တကယ် တိုက်ပွဲဖြစ် ခဲ့ရင် တစ်ဖက်မှာ လူဆယ်ယောက်ကျော် ရှိတာလေ၊ အစ်ကို နိုင်ဖို့ ဘယ်လောက်အထိ အခွင့်အရေး ရှိလဲဟင်...။"
ကျန်းချောင် က ရှေ့ကိုသာ စိုက်ကြည့်ရင်း စဉ်းစားပင် မနေဘဲ ပြန်ဖြေလိုက်လေသည်။
"သေချာပေါက် နိုင်မှာပေါ့။ ဟန်ကိုယ်ဖို့ လုပ်နေတဲ့ အဲ့ဒီကောင်တွေက မင်း အနားကိုတောင် ကပ်နိုင်မှာ မဟုတ်ဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း က လက်ခုပ်တီး၍ ချီးကျူးလိုက်လေသည်။
"တော်လိုက်တာ... တော်လိုက်တာ။ ဒါပေမဲ့လည်း... ကျွန်တော် ကတော့ အဲ့ဒီလို မြင်ကွင်းမျိုးကို မတွေ့ ချင်ပါဘူး။ သူတို့ကို လက်ဖျားနဲ့တောင် မထိဘဲ အလဲထိုးနိုင်အောင် တို့တွေ ကြိုးစားကြတာပေါ့...။"
"အဲ့ဒီအခါကျမှ တို့တွေက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလို့ရမှာ 'အဲ့ဒီနှစ်တုန်းက ငါက လက်ကို အိတ်ကပ် ထဲ ထည့်ထားရုံနဲ့တင် ပြိုင်ဘက်ဆိုတာ ဘာမှန်းမသိခဲ့ဘူး' လို့ပေါ့...။ ဟားဟား...။"
နောက်ပိုင်းကာလများတွင် လျန်ထျန်း သည် အစားအသောက် ပို့ဆောင်သည့်အလုပ်ကို အပြင်းအထန် လုပ်ကိုင်လေတော့သည်။
သူသည် လုပ်ငန်းများစွာတွင် ရင်းနှီးမြှုပ်နှံထားပြီး အယ်လ် မြို့တော် တွင် အင်အားကြီးမားလှသော် လည်း အိတ်ချ် မြို့တော် တွင်မူ လုံကျန်းဘဏ်နှင့်ဟိုတယ် မှလွဲ၍ အခြား ပိုင်ဆိုင်သည့် ကုမ္ပဏီ မရှိသေးပေ။
ထို့ကြောင့် လျန်ထျန်း သည် တစ်လအတွင်း အိတ်ချ် မြို့တော် တွင် ကိုယ်ပိုင်အင်အားစုတစ်ခု ထူထောင် ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အင်အားစုတစ်ခု ထူထောင်ရန်အတွက် အဓိက အရေးကြီးဆုံးမှာ ငွေကြေးပင် ဖြစ်သည်။ တစ်လဆို သော အချိန်မှာ တိုတောင်းလှသော်လည်း ကံကောင်းထောက်မစွာဖြင့် လျန်ထျန်း သည် အယ်လ် မြို့ တော် မှ အရင်းအမြစ်အချို့ကို ရရှိနိုင်သေးသည်။
အထူးသဖြင့် ဝမ်မိသားစု၊ သူ၏ ဦးလေးနှင့် ကျင်းတ အိမ်ခြံမြေ တို့က သူ့အား အကြွင်းမဲ့ ထောက်ပံ့ရန် အသင့်ရှိနေကြသည်။ လျန်ထျန်း အစောပိုင်းက ဝယ်ယူထားသည့် ရွှေနှင့် အိမ်ခြံမြေများမှာလည်း ကမ္ဘာ့ ကုန်ဈေးနှုန်းများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်မည့် အရိပ်အယောင် မရှိသေးသဖြင့် အချို့ကို ပြန်လည် ရောင်းချလိုက်လေသည်။
*အခု ငါ့ဆီမှာ ရှိနေတဲ့ ပိုလျှံတဲ့ ပြားတိုင်းဟာ နောင်ကျရင် တိထူလုံအုပ်စု ကိူ ပစ်မှတ်ထားမယ့် ကျည်ဆန်တွေ ဖြစ်လာမှာပဲ။*
သို့သော် လျန်ထျန်း အလုပ်များနေစဉ်အတွင်း ထိုက်မိသားစု ကလည်း ငြိမ်မနေခဲ့ပေ။ ထိုက်ကျောက် သည် လျန်ထျန်း ၏ နောက်ခံကို လျှို့ဝှက်စုံစမ်းရန် အစွမ်းကုန် ကြိုးစားနေသလို ရံဖန်ရံခါတွင်လည်း လျန်ထျန်း အား ပါတီများသို့ ဖိတ်ကြားကာ ရင်းနှီးအောင် လုပ်ခြင်းဖြင့် သူ၏အကြောင်းကို စုံစမ်းရန် ကြိုးပမ်းနေခဲ့လေသည်။
သို့သော် အချိန်အတော်ကြာ စုံစမ်းပြီးနောက် ထိုက်ကျောက် အား အလွန်ပင် ဇဝေဇဝါ ဖြစ်စေသည့် အချက်တစ်ခု ရှိနေခဲ့လေသည်။ သူ၏ ယုံကြည်ရသော လက်ရုံး ရှုံ့ချန် ၏ အစီရင်ခံစာကို နားထောင်ပြီး နောက် ထိုက်ကျောက် က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"ဘာပြောတယ်... သူက နေ့တိုင်း မနက်ကနေ ညအထိ အစားအသောက်တွေပဲ လိုက်ပို့နေတာ ဟုတ်လား...။"
"ဘားမှာ ပိုက်ဆံ ယွမ် (၅၀၀) ကို အေးအေးဆေးဆေး သုံးနိုင်တဲ့သူက အစားအသောက် လိုက်ပို့နေမယ် ဟုတ်လား။ မင်း ငါ့ကို နောက်နေတာလား...။"
ရှုံ့ချန် က ခေါင်းငုံ့ကာ ပြန်ဖြေရှာလေသည်။
"ဒါပေမဲ့ သခင်လေး... ဒါတွေက အမှန်တရားတွေပါပဲ။ ကျွန်တော်တို့ လူလွှတ်ပြီး (၂၄) နာရီပတ်လုံး စောင့်ကြည့်ခိုင်းထားတာ၊ သူက အစားအသောက် ပို့တာကလွဲလို့ တခြားဘာမှ မလုပ်ပါဘူး...။"
"အော်... ဒါနဲ့ တစ်ခုရှိသေးတယ်၊ သူက ရံဖန်ရံခါ ကုမ္ပဏီအချို့ဆီကို သွားတတ်ပြီး ကုမ္ပဏီအချို့မှာ ရင်းနှီးမြှုပ်နှံထားပုံ ရပါတယ်….။"
"ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ ရှယ်ယာအမြောက်အမြား ယူထားတာပါ။ တစ်ခါ ရင်းနှီးမြှုပ်နှံရင် ယွမ် ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ရှိပါတယ်...။"
ထိုစကားကို ကြားသောအခါ ထိုက်ကျောက် သည် ခေါင်းငုံ့၍ ခေတ္တမျှ စဉ်းစားပြီးနောက် သဘောပေါက် သွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ကုမ္ပဏီတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံတာက သူ့ရဲ့ အလုပ်အစစ်အမှန် ဖြစ်မှာပေါ့၊ အစားအသောက် ပို့တာကတော့ တစ်ခုခုကို ဖုံးကွယ်ဖို့အတွက် ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်….။"
"အစားအသောက် ပို့ရင်းနဲ့ သူ့ရဲ့ အနောက်က အင်အားစုတွေဆီကို သတင်းပို့နေတာလား။ တော်တော် လေးကို သတိကြီးတာပဲ။ တခြားမြို့က အင်အားကြီးအုပ်စု ဖြစ်နေတာ မဆန်းပါဘူး….။"
"ဒါပေမဲ့ သူက ဖုံးကွယ်လေလေ ငါက ပိုပြီး သိချင်လေလေပဲ...။"
ခေတ္တမျှ စဉ်းစားပြီးနောက် ထိုက်ကျောက် က ပြောလိုက်လေသည်။
"သွား... သူ့ကို သည်ည ငါ့ရဲ့ ရေကူးကန်ပါတီကို လာဖို့ ဖိတ်လိုက်ဦး။ သူ့ကို ပိုပြီး သိအောင်လုပ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ရမယ်၊ ဒါမှ သူ့ဆီက အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရနိုင်မှာ...။"
"အဘိုးကြီးက ပြောဖူးတယ်၊ ပြိုင်ဘက်ပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် ဦးဆောင်မှုရဖို့ဆိုရင် သူတို့ရဲ့ နောက်ခံကို အရင်ဆုံး သိအောင်လုပ်ရမယ်တဲ့….။"
"ဒါဟာ ငါ့အတွက် ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးကောင်းပဲ။ ဒီကိစ္စသာ အောင်မြင်သွား ရင် ကုမ္ပဏီထဲမှာ ငါ့ကို အမေတူ မဟုတ်ဘူးလို့ ပြောနေတဲ့သူတွေနဲ့ ငါ့ကို အစ်ကိုကြီးထက် ညံ့တယ်လို့ ပြောနေတဲ့သူတွေကို ကြည့်ရသေးတာပေါ့...။"
လျန်ထျန်း သည် ထိုက်မိသားစု က သူ့အား လူလွှတ်၍ စောင့်ကြည့်နေမည်ကို ရိပ်မိထားသဖြင့် ဖခင် ဖြစ်သူနှင့် ရှောင်ကျင်း တို့ထံသို့ နောက်ဆုံးအကြိမ် သွားရောက်ပြီးနောက် တစ်ဦးတည်း ခွဲနေခဲ့လေ သည်။ ရှုံ့ချန် ရောက်ရှိလာခြင်းက လျန်ထျန်း ၏ အတွေးကို အတည်ပြုပေးလိုက်သော်လည်း လျန်ထျန်း ကမူ မလိုလားဟန်ဖြင့် ပြောလိုက်လေသည်။
"နောက်တစ်ခါ ထပ်ပြီး ပါတီဖိတ်တာလား။ တစ်နေကုန် အလုပ်လုပ်ရတာ ပင်ပန်းနေပြီ၊ မလာလို့ မရဘူးလား...။"
လျန်ထျန်း ၏ ငြင်းပယ်မှုကို ရှုံ့ချန် က အပြုံးဖြင့်ပင် တုံ့ပြန်လိုက်လေသည်။
"မစ္စတာလျန်... ကျွန်တော့်ရဲ့ သခင်လေးက လူကြီးမင်းကို ဒီနေ့ ရေကူးကန်ပါတီကို မဖြစ်မနေ လာခဲ့ ပါလို့ မှာလိုက်ပါတယ်….။"
"အရင်က ဖုန်းနဲ့ ဖိတ်တာကို လူကြီးမင်းက အကြိမ်ကြိမ် ငြင်းခဲ့တာဆိုတော့ ဒီတစ်ကြိမ်တော့ ကျွန်တော် ကိုယ်တိုင် လာဖိတ်ရတာပါ…။"
"လူကြီးမင်းသာ မလာရင် ကျွန်တော် အခက်တွေ့ပါလိမ့်မယ်။ ဒါ့အပြင် ဒီရေကူးကန်ပါတီက လူကြီးမင်း ကို သေချာပေါက် ကျေနပ်စေမှာပါ။ ကျွန်တော့်သခင်လေးက လှပတဲ့ အမျိုးသမီးတွေ အများကြီးကို စီစဉ်ထားပါတယ်...။"
ပြောရင်းနှင့် ရှုံ့ချန် သည် တစ်ခုခုကို တွေးမိဟန်ဖြင့် အားရပါးရ ရယ်မောလိုက်လေသည်။ ထိုအခြင်း အရာကို မြင်သောအခါ လျန်ထျန်း ၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် ပြော လိုက်လေသည်။
"ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ မန်နေဂျာရှုံ့ ရဲ့ မျက်နှာကို ထောက်ပြီး ငါ လိုက်ခဲ့ပါ့မယ်...။"
လျန်ထျန်း က နောက်ဆုံးတွင် သဘောတူလိုက်သဖြင့် ရှုံ့ချန် မှာ အလွန်ပင် ဝမ်းသာသွားရလေသည်။
"မစ္စတာလျန်... လူကြီးမင်းလို မြင့်မြတ်တဲ့သူက ကျွန်တော့်ကို မျက်နှာသာပေးတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်ရဲ့ သခင်လေးရဲ့ ကိုယ်စား လူကြီးမင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
ထိုစကားကို ကြားသောအခါ လျန်ထျန်း ၏ မျက်လုံးများအတွင်းမှ အလင်းရောင်မှာ ပို၍ပင် တောက်ပ လာတော့သည်။ အဝတ်အစားများ လဲလှယ်ပြီးနောက် လျန်ထျန်း သည် ရှုံ့ချန် နှင့်အတူ ကားပေါ်သို့ တက်ခဲ့ပြီး လမ်းခရီးတွင် အစီအစဉ်အချို့ကို စတင်လေတော့သည်။
"မန်နေဂျာရှုံ့... ခင်ဗျားက ဒုတိယသခင်လေးရဲ့ ယုံကြည်ရတဲ့ လက်ရုံးတစ်ယောက် မဟုတ်လား...။"
"ဒါဆိုရင် ဒုတိယသခင်လေးအကြောင်းကို ခင်ဗျား အတော်လေး သိမှာပဲ။ ကျွန်တော်နဲ့ စကားစမြည် ပြောဖို့ အဆင်ပြေမလား မသိဘူး...။"