ဓားသန္ဓေသားလောင်း၏ ထူးဆန်းသော ကောင်းကင်ဖြစ်စဉ်
Vol. 8 Ch. 100
ရှေးဟောင်း လိုဏ်ဂူအတွင်း၌.. ကျဆင်းနေသော ဆီးနှင်း ဓားသည် လေထဲတွင် လွင့်မျောနေပြီး မြေပြင်နှင့် နီးကပ်စွာ အဆက်မပြတ် လည်ပတ်နေသည်။
‘ဒီနေရာပဲလား’
ဤတစ်ကြိမ်တွင်မူ မည်သည့် လမ်းညွှန်မှုမှ မလိုအပ်ဘဲ လီယွမ်သည် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းမှာ မြေအောက်တွင် ပုန်းကွယ်နေကြောင်းကို အာရုံခံမိလိုက်၏။
ဓားသန္ဓေသားလောင်း၏ အသက်ဓာတ်မှာ ဆီးနှင်း ဓားကြောင့် လှုပ်နှိုးခြင်း ခံလိုက်ရပြီး မြေပြင်ကို ဖောက်ထွက်လာတော့မည့် အခြေအနေသို့ ရောက်ရှိနေချေပြီ။
“ပက်ကျိ... ဒီနေရာ တစ်ခုလုံးကို ဖုံးကွယ်ထားလိုက်စမ်း”
လီယွမ်သည် ဆန်းကြယ်ပုံရိပ်ကူကောင်၏ အစွမ်းများကို အပြည့်အဝ အသက်သွင်းလိုက်၏။
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း၏ ထူးဆန်းသော ကောင်းကင်ဖြစ်စဉ်ကို ဖုံးကွယ်ထားနိုင်သော ဆန်းကြယ်ပုံရိပ်ကူကောင်ကဲ့သို့သော အရာမျိုးမှာ လောကတွင် အလွန်ပင် ရှားပါးလှပြီး... ၎င်း၏ ရှားပါးမှုမှာ အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းထက်ပင် မလျော့နည်းလှပေ။
ဧရာမ ပက်ကျိကြီး၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေးဟောင်း လိုဏ်ဂူကြီး၏ နေရာအများစုကို ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် သေးငယ်လှသော ပက်ကျိလေးများ အမြောက်အမြားအဖြစ် ကွဲထွက်သွားတော့၏။
ဧရာမ ပက်ကျိကြီးကို ဗဟိုပြုကာ သေးငယ်သော ပက်ကျိလေးများမှာ တစ်ကောင်နှင့်တစ်ကောင် ချိတ်ဆက်သွားကြပြီး အထူး ကာကွယ်ရေး စည်းတစ်ခုကို ဖန်တီးလိုက်ကြသည်။ ၎င်းက ရှေးဟောင်း လိုဏ်ဂူအတွင်းရှိ အရေးကြီးသော သတင်းအချက်အလက်များကို အပြင်သို့ မပေါက်ကြားစေရန် လုံးဝ ချိတ်ပိတ်ထားလိုက်ခြင်းပင် ဖြစ်တော့၏။
လီယွမ်သည် သူ၏ စိတ်အာရုံ စွမ်းအင်များနှင့် မွေးရာပါ လျှို့ဝှက်ချီစွမ်းအားများ လျင်မြန်စွာ ကုန်ခမ်းနေကြောင်းကို အာရုံခံမိလိုက်၏။
သူသည် ဆီးနှင်း ဓားကို ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ စိုက်ချလိုက်၏။
“ဝီ...”
စူးရှလှသော ဓားမြည်သံတစ်ခုက ရှေးဟောင်း လိုဏ်ဂူအတွင်း၌ ပဲ့တင်ထပ်သွားသည်။
ထိုအခိုက်အတန့်၌ မြေပြင်မှာ ကွဲအက်သွားပြီး ဖုန်မှုန့်များမှာ ပေါက်ကွဲထွက်ပေါ်လာကာ လွင့်စင်သွားလေရာ... မြေအောက်တွင် မြှုပ်နှံထားသော နတ်ဘုရား ရတနာမှာ နောက်ဆုံးတွင်တော့ ရုပ်လုံးပေါ်လာခဲ့ချေပြီ။
လက်ဖြင့်ပင် ထိတွေ့၍ ရနိုင်လောက်အောင် ထင်ရှားလှသော ဓားပုံရိပ်ယောင်များက ဓားသန္ဓေသားလောင်းလေးကို ဝန်းရံထားကြသည်။ အလင်းနှင့် အရိပ်များ ပြည့်နှက်နေပြီး ဖုန်မှုန့်များနှင့် မြူခိုးများ လှိုင်းထနေသော ထိုမြင်ကွင်းမှာ သေးငယ်သော စကြဝဠာလေး တစ်ခုအလား... ဓားသိုင်းများဖြင့် ဖွဲ့စည်းထားသော သေးငယ်သော စကြဝဠာလေး တစ်ခုအလား ဖြစ်နေတော့၏။
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းမှာ သာမန် ဓားတစ်လက်၏ ပုံသဏ္ဍာန်မျိုး မဟုတ်ပေ။ ၎င်းတွင် ဓားရိုး မရှိသလို... ဓားသွားလည်း မရှိချေ။ ဓားသွား၏ ပုံသဏ္ဍာန်မှာပင် မညီမညာ ဖြစ်နေပြီး ရှည်လျားကာ လေးလံလှသော ကျောက်တုံး တုတ်ကြီးတစ်ချောင်းနှင့် ပိုတူနေသည်။
‘မွေးကင်းစ ကလေးငယ်လေး တစ်ယောက်လိုပဲ... အရာရာတိုင်းက ဗလာကျင်းနေတယ်.. မင်းမှာ ဘယ်လောက်ပဲ အခြေခံကောင်းတွေ ရှိနေပါစေ... ကြီးကျယ်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်လာဖို့ဆိုရင် ပညာသင်ကြားပေးဖို့ လမ်းညွှန်ပြသပေးဖို့နဲ့ ပြုစုပျိုးထောင်ဖို့ဆိုတာ လိုအပ်နေသေးတာပဲ..’
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းအတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်ချေသည်။
၎င်းမှာ ထုဆစ်ရန် လိုအပ်နေသေးသော ကျောက်စိမ်းရိုင်း တစ်တုံးနှင့် တူနေသော်လည်း... တစ်ချိန်တည်းမှာပင် လောကီအညစ်အကြေးများနှင့် ကင်းကွာနေသော လွတ်လပ်ပေါ့ပါးသည့် အငွေ့အသက်များကိုလည်း ပိုင်ဆိုင်ထားပြီး သူမ၏ အရှင်သခင်ကို စောင့်မျှော်နေသည့်အလား ဖြစ်နေတော့၏။
“ဓားနတ်သမီး... မြန်မြန် ဓားဆွဲထုတ်လိုက်”
လီယွမ်သည် ဘေးတွင် ငေးမောကာ ရပ်နေသော ဓားနတ်သမီးအား လှမ်းကြည့်လိုက်၏။
ဓားနတ်သမီးမှာမူ လှုပ်ရှားခြင်း မရှိသော်လည်း သူမ၏ မျက်လုံးများအတွင်း၌မူ အလင်းရောင် တစ်ချက် လက်သွားသည်။
“ငါ့ကို ယူစေချင်တာလား”
လီယွမ် သဘောပေါက်သွားသည်။
ဓားနတ်သမီးက ခေါင်းညိတ်ပြလိုက်လေ၏။
“အဲဒါလည်း ဟုတ်တာပဲ”
လီယွမ် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက်... သူသည် လင်းရှောင်ဓားသေတ္တာကို ဖွင့်နိုင်ခဲ့သလို ကျဆင်းနေသော ဆီးနှင်း ဓားကိုလည်း ထိန်းချုပ်နိုင်ခဲ့သည် ဖြစ်ရာ... အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ယဉ်ပါးအောင် လုပ်နိုင်မည်မှာလည်း မဖြစ်နိုင်စရာ မရှိကြောင်း သူ နားလည်သွားတော့သည်။
သူသည် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းဆီသို့ လှမ်း၍ ဖမ်းဆုပ်လိုက်၏။
သူ အံ့ဩသွားရသည်မှာ သူ ဖမ်းဆုပ်လိုက်ပြီးနောက်တွင် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းမှာ အနည်းငယ်မျှပင် ရုန်းကန်ခြင်း မရှိသည့်အပြင်... ချက်ချင်းပင် ယဉ်ပါးသွားပြီး တုန်ခါနေမှုများပါ ရပ်တန့်သွားခြင်းပင် ဖြစ်တော့၏။
“ဒီလောက်တောင် အလွယ်တကူ ယဉ်ပါးသွားတာလား”
ကိစ္စရပ်များမှာ လီယွမ် ထင်ထားသည်ထက် များစွာ ပိုမို လွယ်ကူနေခဲ့ချေပြီ။
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းမှာ ဓားနတ်သမီး၏ အဖော်အဖြစ် မဟုတ်ဘဲ သူ့အတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်သည်ဟုပင် သူ ထင်ယောင်ထင်မှား ဖြစ်သွားရသည်။
‘ငါက ဓားနတ်သမီးရဲ့ ဓားပါရမီကို မျှဝေခံစားထားတာကြောင့်... အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး လောကကြီးမှာ မွေးရာပါ ဓားခန္ဓာ ပိုင်ရှင် နှစ်ယောက်နဲ့ အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်း နှစ်ခု ဖြစ်လာတာများလား’
ပိုတွေးကြည့်လေ... ပိုပြီးတော့ ဖြစ်နိုင်ချေ ရှိလေပင်။
မည်သို့ပင်ဆိုစေကာမူ အတိတ်ကာလ တစ်လျှောက်လုံးတွင် ‘မွေးရာပါ ဓားခန္ဓာ’ ပိုင်ရှင် တစ်ယောက်က ကူသခင် တစ်ဦး၏ ပင်မကူကောင် ဖြစ်လာခဲ့သည် ဆိုသော ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးသည် မဟုတ်ပါလော။
ထိုကူသခင်မှာ စစ်နတ်ဘုရား၏ သွေးမျိုးရိုးကို ပိုင်ဆိုင်ထားသူ ဖြစ်နေသည်ကိုတော့ ထည့်ပြောစရာပင် မလိုတော့ချေ။
“ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ... မင်းက ငါ့နောက်ကို လိုက်ချင်နေမှတော့... မင်းက ငါ့အပိုင်ပဲပေါ့”
လီယွမ်သည် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို အမြင့်သို့ မြှောက်ကိုင်လိုက်ပြီး ကောင်းကင်သို့ တည့်မတ်စွာ ချိန်ရွယ်လိုက်၏။
သို့သော်လည်း ဤကောင်းကင်မှာ အတုအယောင်သာ ဖြစ်ပြီး... ဆန်းကြယ်ပုံရိပ်ကူကောင် ဖန်တီးထားသော အတုအယောင် ကောင်းကင် တစ်ခုသာ ဖြစ်ချေသည်။
“သွေးစက်ချခြင်း”
သူသည် သူ၏ သွေးတစ်စက်ကို ဓားအတွင်းသို့ ကျဆင်းစေလိုက်သည်။
“ဝုန်း”
သွေးစက်ချ၍ အရှင်သခင်ကို အသိအမှတ်ပြုခြင်းမှာ ဓားသန္ဓေသားလောင်းသည် လောကကြီးအတွင်းသို့ အမှန်တကယ် ဝင်ရောက်လာပြီ ဖြစ်ကြောင်း သက်သေပြနေပြီး... ရှောင်လွှဲ၍ မရနိုင်သော ကောင်းကင်ဖြစ်စဉ်များမှာလည်း နောက်ဆုံးတွင်တော့ ရောက်ရှိလာခဲ့ချေပြီ။
ပိတ်လှောင်ထားသော အတုအယောင် ကောင်းကင်ယံ၏ ဗဟိုချက်တွင် မျက်လုံးတစ်လုံး ဖြည်းညင်းစွာ ပွင့်လာသည့်အလား... အိပ်မောကျနေသော နတ်ဘုရားတစ်ပါး နိုးထလာပြီး လူ့လောကကြီးကို အထက်စီးမှ ငုံ့ကြည့်နေသည့်အလား ဖြစ်နေတော့၏။
အလင်းတန်း တစ်ခုမှာ အတုအယောင် ကောင်းကင်ယံမှ ဖြာထွက်လာခဲ့သည်။ ၎င်းမှာ နတ်ဘုရားတစ်ပါး၏ အကြည့်နှယ်... အချိန်ကာလ၏ ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ဖရိုဖရဲအား ဖွင့်ဟပြီး ယင်နှင့် ယန်တို့ကို ခွဲခြားလိုက်သည့်အလား ဖြစ်နေတော့၏။
ယင် နှင့် ယန် တို့ ပေါင်းစပ်သွားချိန်တွင် ရှေးဟောင်း လိုဏ်ဂူ၏ နှစ်ဖက်စလုံး၌ လုံးဝ ကွဲပြားခြားနားလှသော ဖြစ်စဉ်များ ပေါ်ထွက်လာခဲ့သည်။
ဓားနတ်သမီး ရှိနေသော ဘက်ခြမ်းတွင်မူ ကျယ်ပြန့်လှသော နှင်းဖြူဖြူများ ကျဆင်းလာခဲ့ပြီး အေးစက်ကာ အထီးကျန် ဆန်လှ၏။
လီယွမ် ရှိနေသော ဘက်ခြမ်းတွင်မူ နေမင်းကြီးမှာ တောက်ပစွာ ထွန်းလင်းနေပြီး ၎င်း၏ ပူပြင်းလှသော ရောင်ခြည်များက ၎င်းတို့၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းစေသည်။
ဤမျှအထိ ကြီးကျယ်ခမ်းနားလှသော ကောင်းကင်ဖြစ်စဉ်ကြီးကို ဖုံးကွယ်ထားရခြင်းမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြီးမားလှသော အားထုတ်မှုမျိုး လိုအပ်လှ၏။ ဆန်းကြယ်ပုံရိပ်ကူကောင်မှာလည်း သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေခဲ့လေပြီ။
ဧရာမ ပက်ကျိကြီး၏ အရွယ်အစားမှာ အဆက်မပြတ် သေးငယ်လာနေတော့၏။
သေးငယ်သော ပက်ကျိလေးများမှာလည်း တစ်ကောင်ပြီး တစ်ကောင် ပျောက်ကွယ်သွားကြပြီး ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲကာ သူတို့၏ မူလပုံသဏ္ဍာန်သို့ ပြန်လည် ရောက်ရှိသွားကြသည်။
“အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်း ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်.. ဒီကောင်းကင်ဖြစ်စဉ်က တကယ်ကို အစွမ်းထက်လွန်းတာပဲ”
ဆန်းကြယ်ပုံရိပ်ကူကောင်က ထိုထူးဆန်းသော ဖြစ်စဉ်များကို အပြည့်အဝ မဖြေရှင်းနိုင်ခင်မှာပင် သတင်းအချက်အလက် အချို့မှာ မလွဲမသွေ ပေါက်ကြားသွားလိမ့်မည်ဟု လီယွမ် ခန့်မှန်းမိလိုက်၏။
“ဓားနတ်သမီး... မင်း ဒီကောင်းကင်နဲ့ မြေကြီးရဲ့ ဓားသိုင်းဖြစ်စဉ် စွမ်းအားကို ငှားသုံးလို့ ရတယ် မဟုတ်လား”
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို သိမ်းပိုက်လိုက်ပြီးနောက်တွင် လီယွမ်သည် ဓားနတ်သမီးနှင့် သူ၏ ဆက်သွယ်မှုမှာ နောက်တစ်ကြိမ် ထပ်မံ နက်ရှိုင်းသွားကြောင်း ခံစားလိုက်ရသည်။
သူသည် ဓားနတ်သမီး၏ စိတ်ဝိညာဉ် ကျင့်ကြံမှု လမ်းကြောင်းများကိုပင် အာရုံခံမိနေခဲ့ချေပြီ။
ဓားကို လက်ထဲတွင် ကိုင်စွဲထားလိုက်သည်နှင့် သူသည် ‘ကောင်းကင်ဖြစ်စဉ် အသင်္ချေဓားသိုင်း’ ကို ဆရာမလိုဘဲ အလိုအလျောက် တတ်မြောက်သွားခဲ့သည်။
“ခဏနေကျရင်... ငါက ဆန်းကြယ်ပုံရိပ်ကူကောင်ကို ပြန်ရုပ်သိမ်းလိုက်မယ်.. အဲဒီအခါကျရင် မင်းက ဓားသိုင်းဖြစ်စဉ် စွမ်းအားကို သုံးပြီးတော့ ငါတို့နောက်ကို လိုက်လာတဲ့သူတွေကို ဓားတစ်ချက် ခုတ်ပိုင်းလိုက် ပြီးတာနဲ့ ငါနဲ့အတူတူ ပြေးရမယ်”
“နားလည်ရဲ့လား”
လီယွမ်တွင် အစီအစဉ်သစ် တစ်ခု ရှိနေပါသည်။
လင်းရှောင်ဓားဂိုဏ်း အနေဖြင့် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း ပေါ်ထွက်လာမှုမှတစ်ဆင့် ဓားနတ်သမီးမှာ အသက်ရှင်နေသေးကြောင်း ခန့်မှန်းမိသွားပြီ ဖြစ်ရာ... သူတို့သည် အမှန်တရားကို သေချာပေါက် ဆက်လက် ရှာဖွေကြမည်သာ။
ဒီအခွင့်အရေးကို အသုံးချပြီးတော့ လင်းရှောင်ဓားဂိုဏ်းက လူတွေကို အံ့ဩစရာလေး တစ်ခုလောက် ပေးလိုက်ခြင်းက ပိုကောင်း၏။
ဓားနတ်သမီးက ဆီးနှင်း ဓားကို ကောက်ယူလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
လီယွမ်က ရှေးဟောင်း လိုဏ်ဂူအထက်ရှိ နံရံကို လက်ညှိုးထိုးပြလိုက်၏။
“အဲဒီနေရာမှာ ဆီးနှင်း ဓားနဲ့ စာကြောင်းတစ်ကြောင်းလောက် ရေးလိုက်စမ်း ‘ငါက လူ့လောကရဲ့ ဧည့်သည် မဟုတ်သလို လူ့လောကထဲကိုလည်း ပြန်မလာတော့ဘူး’ လို့ပဲ ရေးလိုက်ပါ”
ဓားနတ်သမီးသည် ညွှန်ကြားချက်အတိုင်း ချက်ချင်းပင် လေထဲတွင် ဓားဖြင့် အတုအယောင် ခုတ်ပိုင်းလိုက်၏။
ဆီးနှင်းများ၏ ဓားစိတ်ဆန္ဒဖြင့် လိုဏ်ဂူနံရံကို ဖောက်ထွင်းကာ စာရေးလိုက်၏။
‘ငါက လူ့လောကရဲ့ ဧည့်သည် မဟုတ်သလို လူ့လောကထဲကိုလည်း ပြန်မလာတော့ဘူး’
စာလုံးလေးများမှာ သပ်ရပ်ပြီး ပြတ်သားကာ အလွန်ပင် ကျက်သရေရှိလှ၏။
“ကောင်းတယ်”
လီယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ချည်စတစ်စဖြင့် ပတ်ကာ ဓားနတ်သမီး၏ ကျောတွင် လွယ်ခိုင်းလိုက်သည်။
“မှတ်ထားနော်.. မင်း ဓားတစ်ချက် ခုတ်ပိုင်းပြီးတာနဲ့ ငါ့ဘက်ကို ချက်ချင်း ပြေးလာရမယ်”
သူသည် ခြေဖျားထောက်ကာ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီးနောက်... ဓားနတ်သမီး၏ အံ့မခန်း အတုခိုးနိုင်စွမ်းကို သတိရသွားကာ သူမအား နောက်ထပ် အရေးကြီးသော ညွှန်ကြားချက်တစ်ခုကို ပေးလိုက်မိ၏။
“ငါ လမ်းလျှောက်သလိုမျိုး ခပ်လွင့်လွင့် ပုံစံမျိုးနဲ့ လျှောက်လို့ မရဘူးနော်”
“မှတ်ထား... မှတ်ထား... မင်းက နတ်သမီးလေးလေ”
“နတ်သမီး ဆိုတာက နတ်သမီးရဲ့ ဟန်ပန်မျိုး ရှိရမယ်.. ကျက်သရေရှိပြီးတော့ လောကီအညစ်အကြေးတွေနဲ့ ကင်းကွာနေရမယ်.. ပြီးတော့ လောကသားတွေ လက်လှမ်းမမီနိုင်တဲ့ လှပတဲ့ ပုံရိပ်လေး တစ်ခုကို ချန်ရစ်ခဲ့ပြီး ထွက်သွားရမှာ”
“မှတ်မိပြီလား”
လီယွမ်က သေသေချာချာ မေးမြန်းလိုက်သည်။
ဓားနတ်သမီးက ခေါင်းညိတ်ပြလိုက်လေ၏။
“မင်းရဲ့ မျက်နှာအစစ်ကို ဖုံးကွယ်ထားဖို့ ဒီမျက်နှာဖုံးလေးကို တပ်ထားလိုက်ဦး.. အင်း... ပြီးပြည့်စုံသွားပြီ”
လီယွမ်မှာလည်း အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဆန်းကြယ်ပုံရိပ်ကူကောင်ကို ရုတ်တရက် ပြန်လည် ရုပ်သိမ်းလိုက်၏။ ဖုံးကွယ်ထားသော ကောင်းကင်ဖြစ်စဉ်များမှာလည်း ရုတ်ချည်းပင် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့၏။
“အစီအစဉ် စပြီ”
နတ်ဆိုးနှိမ်နင်းရေး ချောက်ကမ်းပါး အထက်ရှိ ကျယ်ပြန့်လှသော မြူခိုးများမှာ လင်းထိန်သွားတော့သည်။
နယ်စပ် တောင်တန်းပေါ်တွင် တောက်လောင်နေသော နေမင်းကြီးနှင့် ကျဆင်းနေသော ဆီးနှင်းများ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာမှုက ဤမြေပြင်ကို အစွန်းနှစ်ဖက်အဖြစ် ပိုင်းခြားလိုက်သည့်အလား ဖြစ်နေ၏။
‘နတ်ဘုရား ရတနာ’ ၏ သဲလွန်စကို ရှာဖွေနေကြသော နယ်စပ်တပ်ဖွဲ့များနှင့် နတ်ဆိုးများမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော ထိုထူးဆန်းသည့် ဖြစ်စဉ်ကြီးကို ချက်ချင်းပင် မြင်တွေ့လိုက်ရပြီး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြရတော့သည်။
“ဒီလောက်တောင် အားကောင်းတဲ့ ဓားချီတွေက…”
တောင်ပိုင်းနယ်စပ် တပ်မ၏ တပ်မှူးဖြစ်သူ လီဟန်နှင့် ညဇီးကွက်အစောင့်တပ်၏ နယ်မြေရှစ်ခု တပ်မှူးများထဲမှ တစ်ဦးဖြစ်သော ရေဗင်တို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထိုချီစွမ်းအင်များ ထွက်ပေါ်လာရာဆီသို့ ချက်ချင်းပင် အပြေးအလွှား သွားရောက်ကြလေတော့သည်။
နတ်ဆိုးများထဲမှ သူတော်စင် နယ်ပယ်ရှိ အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးများလည်း စတင် လှုပ်ရှားလာကြလေပြီ။
နတ်ဘုရား ရတနာတစ်ခု လောကထဲကို ကျဆင်းလာချိန်မှာ ဘယ်သူကများ လိုချင်စိတ် မဖြစ်ဘဲ နေပါ့မည်နည်း။
ထိုအခိုက်အတန့်၌ လီယွမ်သည် သူ၏ ရှိတည်မှုကို ဖုံးကွယ်လိုက်ပြီး နတ်ဆိုးနှိမ်နင်းရေး ချောက်ကမ်းပါး၏ ကျယ်ပြန့်လှသော မြူခိုးများအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားလေတော့သည်။
အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ကျောတွင် လွယ်ထားပြီး ဆီးနှင်း ဓားကို ကိုင်ဆောင်ထားသော ဓားနတ်သမီးသည် ကောင်းကင်ဖြစ်စဉ်၏ ဗဟိုချက် တွင် ရပ်နေသည်။ သူမ၏ အရှိန်အဝါများမှာလည်း ကောင်းကင်ဖြစ်စဉ်၏ စွမ်းအားများနှင့်အတူ အဆက်မပြတ် မြင့်တက်လာနေ၏။
နယ်စပ်တပ်ဖွဲ့များနှင့် နတ်ဆိုးများထဲမှ အစွမ်းထက်လှသော စစ်သည်တော်များ ရောက်ရှိလာချိန်တွင်မူ သူတို့သည် အလွန်တရာ အံ့မခန်းဖွယ်ကောင်းသော မြင်ကွင်းကြီး တစ်ခုကို မြင်တွေ့လိုက်ကြရသည်။
ညဉ့်ယံမှာ မှင်ရည်တစ်စက်လို မည်းမှောင်ငြိမ်သက်နေပြီး လရောင်ကတော့ ဇာပုဝါလေးတစ်ခုလို ဖြာကျနေခဲ့လေ၏။
မျက်နှာဖုံး တပ်ထားသည့် နတ်သမီးလေး တစ်ပါးက ချောက်ကမ်းပါးပေါ်မှာ တစ်ကိုယ်တည်း ရပ်နေပြီး သူမ၏ ဝတ်ရုံလေးက လေထဲမှာ တလွင့်လွင့် ဖြစ်နေခဲ့သည်။ သူမ၏ ဖြူလွလွ လက်ကောက်ဝတ်လေးကို အနည်းငယ် မြှောက်ထားပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးတွေက ဓားရိုးပေါ်မှာ အသာအယာ တင်ထားသည်။ ဓားသွားက လရောင်ကို ရောင်ပြန်ဟပ်နေပြီး အေးစက်စက် လင်းလက်နေ၏။
သူမသည် သက်ရှိအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေပြီး ဓားကို ကောင်းကင်သို့ ချိန်ရွယ်ထားသည်။
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူမ၏ မည်းနက်သော ဆံကေသာများက လေထဲတွင် လွင့်ပျံသွားတော့၏။ တောက်လောင်နေသော နေမင်းကြီးနှင့် ကျဆင်းနေသော ဆီးနှင်းများ အားလုံးမှာ သူမ၏ ဂါဝန်အောက်မှ လက်အောက်ခံများအလားပင်။
နတ်သမီးလေးသည် လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေသည့်နှယ် သူမနှင့် သူမ၏ ဓားတစ်လက်သာ ကောင်းကင်နှင့် မြေကြီးကြားတွင် မားမားမတ်မတ် ရပ်တည်နေသည့်အလား ဖြစ်နေတော့သည်။