ဓားနတ်သမီး၏ ဒဏ္ဍာရီ
Vol. 8 Ch. 101
"အဲဒါက... အင်မော်တယ်တစ်ပါးလား.."
လောကီနှင့် မသက်ဆိုင်သည့် သာလွန်သော သဘာဝနှင့် သူမကို ဝန်းရံနေသော ထူးခြားဆန်းကြယ်သည့် မြင်ကွင်းများက နယ်စပ်တပ်ဖွဲ့များနှင့် နတ်ဆိုးများကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
ကျီးကန်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး လဲ့ဟန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
လဲ့ဟန်၏ မျက်လုံးများတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
“သူပဲ…”
သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြပြီး အသံထွက်မလာဘဲ နာမည်တစ်ခုတည်းသာ ထွက်ပေါ်လာသည်။
"ကူအင်မော်တယ်ရဲ့ သမီးတော် လင်းရှောင်ဓားဂိုဏ်း နှင်းကျနတ်ဓား"
"သူက..."
"ဓားနတ်သမီး"
သူတို့၏ အစစ်အမှန် ပုံသဏ္ဍာန်ကို မမြင်ရသော်ငြားလည်း လောက၌ကျော်ကြားသော နှင်းကျဓားကြောင့် ဖြစ်ပေါ်လာသော ထူးဆန်းသည့် ဖြစ်စဉ်များက အလွန် မျက်စိကျိန်းမတတ် ဖြစ်နေသဖြင့် လဲ့ဟန်နှင့် ကျီးကန်းတို့က ၎င်းမှာ ဘာဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိလိုက်ကြ၏။
လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးသည် ယခု ဤမျှကြာမြင့်ပြီးနောက် လောကကြီးတွင် ပြန်လည်ရောက်ရှိလာခြင်းကို မည်သူက မအံ့သြဘဲ နေနိုင်မည်နည်း။
လဲ့ဟန်နှင့် ကျီးကန်းတို့မှာ လောကအတွေ့အကြုံ များပြားသူများ ဖြစ်သော်ငြားလည်း နှစ်ဦးစလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ယခုလေးတင် သူတို့က 'ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ' အဖြစ်အပျက်နှင့် ကူအင်မော်တယ် သမီးတော်၏ ရုပ်အလောင်း ပျောက်ဆုံးသွားခြင်းအကြောင်းကို ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်၏။
မမျှော်လင့်ဘဲ ကူအင်မော်တယ်၏ သမီးတော်က ဤနေရာတွင် ပေါ်လာခဲ့သည်။
မွေးဖွားလာသော နတ်ဘုရားပစ္စည်းများနှင့်လည်း ပတ်သက်နေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နှစ်ပေါင်း သုံးထောင်တိုင်တိုင် အိပ်မောကျနေခဲ့တဲ့ သူတစ်ယောက်က တကယ်ကြီး နိုးလာနိုင်တာလား.. ဒါ အရမ်းကို ထူးဆန်းလွန်းတယ်.. သူမက တကယ်ပဲ အင်မော်တယ် ဒုက္ခကို ခံစားနေရတာလား.."
လဲ့ဟန်မှာ ချွေးအေးများ ပြန်လာပြီး ရှေ့သို့ ဆက်မတိုးဝံ့တော့ပေ။
"အင်မော်တယ် ဖြစ်သွားတာတော့ မဖြစ်နိုင်ဘူး.. ဒါပေမဲ့ သူမက တကယ်ကို ပြန်လည်မွေးဖွားလာပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့တာပဲ.."
ကျီးကန်းက လေးနက်စွာဖြင့် ပြောလိုက်၏။
"သူ သယ်လာတဲ့အရာကို မြင်လား.. အဲဒါက ငါတို့ ရှာနေတဲ့ နတ်ဘုရားပစ္စည်း... သူ့ရဲ့ မွေးရာပါ ဓားခန္ဓာနဲ့အတူ မွေးဖွားလာတဲ့ အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းပဲ ဖြစ်ရမယ်"
"ဒီအခွင့်အရေးက ငါတို့နဲ့ ဘယ်တုန်းကမှ မသက်ဆိုင်ခဲ့ဘူး.."
လဲ့ဟန်က ထပ်ပြီး မလုချင်တော့ပေ။
"ပိုင်ရှင်ရှိပြီးသား အရာတစ်ခုကို ငါတို့ ဘယ်လိုလုပ် အနိုင်ရနိုင်မှာလဲ"
ကျီးကန်းမှာလည်း အဆင်အခြင်မဲ့ မလှုပ်ရှားရဲတော့ပေ။
ဓားနတ်သမီးသည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ခေတ်ကို လွှမ်းမိုးခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်ပြီး တစ်ခါက နတ်ဆိုးသူတော်စင်တစ်ပါးကို သတ်ဖြတ်ခဲ့ဖူးသည်။ ယခု နှစ်ပေါင်း သုံးထောင် အိပ်စက်ပြီးနောက် ပြန်လည်ရောက်ရှိလာချိန်တွင် သူမ၏ စွမ်းအားမှာ မှန်းဆ၍မရနိုင်သော အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။
ညဇီးကွက်ဘုရင်လို သိုင်းပညာအရှင်သခင် ဒီနေရာမှာ ရှိမနေဘူးဆိုရင် ဘယ်သူကများ အစမ်းသပ်ခံရဲမည်လဲ။
ထိုအတွေးက သူ၏ စိတ်ထဲတွင် ပေါ်လာရုံသာ ရှိသေးသည် ။ နတ်ဆိုးတပ်စခန်းမှ အလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားပြီး လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးနှင့် တူသည့် ဓားနတ်သမီးဆီသို့ တည့်မတ်စွာ ဦးတည်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
လေထဲတွင် ရပ်နေသော ဓားနတ်သမီးက သူမ၏ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
“ချွင်…”
ညင်သာသော ဓားချက်တစ်ချက်က အဆုံးမရှိသော လေနှင့် နှင်းများကို လှုပ်ခတ်သွားစေပြီး တောက်လောင်နေသော နေမင်းကြီးကို ကျဆင်းလာစေကာ မြေပြင်ကို တုန်လှုပ်သွားစေသော စွမ်းအားများဖြင့် ပြိုကျလာစေခဲ့သည်။
ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့သော နတ်ဆိုးသူတော်စင်မှာ ဓားချက်တစ်ချက်ဖြင့် ခုတ်ချခံလိုက်ရပြီး နတ်ဆိုးနှိမ်နင်းရေး ချောက်နက်ထဲသို့ ကျဆင်းသွားလေတော့သည်။
ဓားနတ်သမီးသည် အလွန်တရာ မျက်စိကျိန်းမတတ် တောက်ပလွန်းလှသည်။
တောက်လောင်နေသော နေမင်းကြီးအောက်တွင် နှင်းများကျဆင်းနေသည့် ထူးဆန်းသော ဖြစ်စဉ်၏ နောက်ခံတွင် သူမက ပို၍ပင် အသက်ရှူမှားလောက်အောင် လှပနေသည်။
နယ်စပ်အစောင့်တပ်ဖွဲ့ဝင်များရော နတ်ဆိုးများပါ သူမကို မမြင်နိုင်ကြပေ။
လောကီအညစ်အကြေးကင်းစင်ပြီး ထူးခြားဆန်းကြယ်ပုံရသော ဓားနတ်သမီးမှာ အမှန်တကယ်တော့ အရူးမလေးတစ်ယောက် ဖြစ်နေကြောင်းကိုပင်။
ထိုဓားချက်အပြီးတွင် မည်သူကမျှ သူမနောက်သို့ လိုက်ရန် မဝံ့ရဲတော့ပေ။
ဓားချက်အပြီးတွင် ဓားနတ်သမီးမှာ မြူခိုးများထဲသို့ ပျောက်ကွယ်သွားပြီး လောကကြီးက သူမကို ထပ်မံ ရှာမတွေ့နိုင်တော့ပေ။
"ထင်တဲ့အတိုင်းပဲ... အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူတွေကို ကြောက်တဲ့ လူကြမ်းတွေချည်းပဲ.. ကံကောင်းလို့ ငါ ထွက်မပြေးဘဲ ဓားနတ်သမီးကို ကောင်းကင်ဖြစ်စဉ်ရဲ့ စွမ်းအားကို အသုံးပြုပြီး သူတို့ကို ခြောက်လှန့်ခိုင်းလိုက်တာ"
အရာအားလုံးက လီယွမ် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေါ်လာခဲ့၏။ ကောင်းကင်ဖြစ်စဉ်၏ အကူအညီဖြင့် ထိုဓားချက်က နယ်စပ်တပ်ဖွဲ့များနှင့် နတ်ဆိုးများကို လုံးဝ ခြိမ်းခြောက်နိုင်ခဲ့သည်။ အမှန်တကယ်တော့ ဓားနတ်သမီးက ဒုတိယမြောက် တိုက်ကွက်ကို မထုတ်ဖော်နိုင်တော့ပေ။
သူက မြူခိုးများထဲတွင် ဓားနတ်သမီးနှင့် တွေ့ဆုံပြီးနောက် သူ၏ တည်ရှိမှုကို ဖုံးကွယ်ကာ အဝေးသို့ ပျောက်ကွယ်သွားလေတော့သည်။
(၁၂) ဂူစံအိမ်သို့ ချက်ချင်း ပြန်မသွားဘဲ သူတို့နှစ်ဦးက နယ်စပ်မှ ထွက်ခွာပြီးနောက် တောင်ကုန်းတစ်ခုပေါ်တွင် ပုန်းအောင်းနေခဲ့ကြသည်။
သူတို့နောက်ကို မည်သည့် ထူးဆန်းသော နည်းလမ်းဖြင့်မျှ ခြေရာခံမခံရကြောင်း သေချာစေရန် မိမိကိုယ်ကိုယ်နှင့် ဓားနတ်သမီးကို အကြိမ်ကြိမ် စစ်ဆေးပြီးနောက်မှသာ သူ စိတ်သက်သာရာ ရသွားပြီး (၁၂) ဂူစံအိမ် ဝါးတောလေးဆီသို့ ပြန်လာခဲ့၏။
လီယွမ်က အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်း၏ ချီစွမ်းအင်ကို ဖုံးကွယ်ရန်အတွက် ကူအိမ်၏ 'အရောင်ငါးမျိုးထူးဆန်းမီးတောက်ဂူ' ထဲတွင် ဝှက်ထားလိုက်၏။
ဤအခိုက်အတန့်ရောက်မှသာ စိတ်ရော လူပါ လုံးဝ အပန်းဖြေနိုင်သွားတော့သည်။
"အတော်လေး ချောမွေ့သွားတာပဲ.."
လုပ်ငန်းစဉ်တစ်ခုလုံးက လီယွမ် မျှော်လင့်ထားသည်ထက် များစွာ ပိုမို လွယ်ကူခဲ့သော်လည်း ဤကိစ္စက မည်မျှ ကြီးမားသော မုန်တိုင်းကို ဖြစ်ပေါ်စေမည်ကို လီယွမ် သိထားသည်။
၎င်းက ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးကို လုံးဝ တုန်လှုပ်သွားစေမည်မှာ သေချာ၏။
"ငါ ချန်ထားခဲ့တဲ့ စကားတွေက လင်းရှောင်ဓားဂိုဏ်းကို လိုက်လံရှာဖွေတာတွေ ရပ်တန့်သွားစေလိမ့်မယ်"
လင်းရှောင်ဓားဂိုဏ်း၏ ရည်မှန်းချက်မှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ဘိုးဘေးကို ရှာဖွေပြီး ဂိုဏ်း၏ ယခင် ဂုဏ်ကျက်သရေကို ပြန်လည်တည်ဆောက်ရန်သာ ဖြစ်၏။ သို့သော် ဓားဂိုဏ်းက ဘိုးဘေး၏ ဆန္ဒကို မဖီဆန်ဝံ့ဘူး မဟုတ်ပါလော။
လီယွမ်က အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ရရှိပြီးဖြစ်၏။
လင်းရှောင်ဓားဂိုဏ်းက ဓားနတ်သမီးကို ဆက်လက်ရှာဖွေရန် အတင်းအကျပ် မလုပ်သရွေ့ အခြားသော အင်အားစုများက ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ရှာဖွေလျှင်ပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
ဤနည်းဖြင့် လီယွမ်က လုံးဝ စိတ်အေးချမ်းသာစွာ နေနိုင်လိမ့်မည်။
လောကကြီးတွင် ကျန်ရှိနေခဲ့သည်မှာ ဓားနတ်သမီး၏ ဒဏ္ဍာရီသာ ဖြစ်ပြီး စစ်မှန်သော ဓားနတ်သမီးကို မည်သူကမျှ ထပ်မံ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
"ဟူး"
လီယွမ်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။
"အလုပ်စလုပ်ဖို့ အချိန်တန်ပြီ.."
သူက စိတ်ကို စူးစိုက်လိုက်ရာ သူ၏ အသိစိတ်က နဂါးဥလေးလုံး တိတ်ဆိတ်စွာ လွင့်မျောနေသော အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။
ဤသည်မှာ ထိုက်ဇူစစ်နတ်ဘုရားက သူ့အား ပေးသနားခဲ့သော စိတ်ဆန္ဒ အမွေအနှစ်ဖြစ်ပြီး သူ၏ အသိစိတ်ပင်လယ်ထဲတွင် အမြဲတမ်း တည်ရှိနေသည်။ ပထမဆုံး နဂါးဥ သုံးလုံးက ကောင်းကင်တုန်ခါနတ်လက်သီး၊ အသင်္ချေဓားသိုင်းနှင့် ချီယွမ်ကောင်းကင်နဂါးနည်းစနစ် ဟူသော ကျင့်စဉ်သုံးခု အမွေအနှစ်များကို အသီးသီး ကိုယ်စားပြု၏။
စတုတ္ထမြောက် နဂါးဥကိုမူ ဖွင့်၍မရသေးဘဲ စစ်နတ်ဘုရား ရတနာသိုက်နှင့် သက်ဆိုင်နေသည်။
လီယွမ်က စတုတ္ထမြောက် နဂါးဥဆီသို့ ထပ်မံသွားရောက်ပြီး လက်လှမ်းထိတွေ့လိုက်၏။
ဥခွံပေါ်တွင် ရွှေရောင်မျဉ်းသုံးကြောင်း တဖြည်းဖြည်း ပေါ်လာပြီး ဥ၏ထိပ်မှနေ၍ အောက်ဘက်သို့ အရှည်အမျိုးမျိုးဖြင့် ဖြန့်ကျက်သွားသည်။
ထိုမျဉ်းကြောင်းများက တံခါးသုံးပေါက် အမွေအနှစ် ကျင့်စဉ်များအပေါ် လီယွမ်၏ နားလည်သဘောပေါက်မှုကို ကိုယ်စားပြု၏။
ကောင်းကင်တုန်ခါနတ်လက်သီးကို ကိုယ်စားပြုသော ပထမမျဉ်းကြောင်းက နဂါးဥ၏ အလယ်ဗဟိုအထိ ရောက်ရှိနေ၏။
အသင်္ချေဓားသိုင်းကို ကိုယ်စားပြုသော ဒုတိယမျဉ်းကြောင်းကမူ ပထမတစ်ခုကို မမျှော်လင့်ဘဲ ကျော်တက်သွားပြီး လင်းလက်နေသော ရွှေရောင်မျဉ်းကြောင်းမှာ နဂါးဥ၏ တစ်ဝက်ကိုပင် ကျော်လွန်သွားတော့သည်။
ဓားနတ်သမီးသည် ဤနေရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ ယုံမှားဖွယ် မရှိပေ။
"အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကို ရရှိလိုက်တယ်ဆိုတာက ငါ့မှာ နှင်းကျဓားနဲ့ တန်းတူညီမျှရှိတဲ့ နတ်ဓားတစ်လက် ပိုင်ဆိုင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ.. ဒီနည်းနဲ့ ဓားနတ်သမီးနဲ့ ငါ့ရဲ့ ကံကြမ္မာ ဆက်နွှယ်မှုက ပြည့်စုံမှုဆီကို ချဉ်းကပ်လာပြီး မျှခြေအသစ်တစ်ခုကို ရောက်ရှိသွားပြီ.."
ကံကြမ္မာ ဆက်နွှယ်မှု ပိုမိုနက်ရှိုင်းလေလေ လီယွမ် ရရှိမည့် တုံ့ပြန်မှုက ပိုမိုအားကောင်းလေလေ ဖြစ်၏။
မည်သည့် ပင်မကူကောင်ကိုမျှ ဖမ်းဆီးပြီးပြီးချင်း ချက်ချင်း အပြည့်အဝ အသုံးချ၍ မရနိုင်ပေ။ ၎င်း၏ စွမ်းရည်များကို တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်သည်။
ကူသခင်ပေါ် မူတည်၍ တူညီသော ကူကောင်တစ်ကောင်ပင်လျှင် စွမ်းအားများစွာ ကွာခြားနိုင်သည်။
ဓားနတ်သမီးမှာ တင်းကျပ်စွာ ပြောရလျှင် စစ်မှန်သော ပင်မကူကောင် မဟုတ်သော်လည်း ရှုထောင့်တစ်မျိုးမှ ကြည့်မည်ဆိုလျှင် လီယွမ်အနေဖြင့် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည့် အရာတစ်ခု ဖြစ်၏။
ဓားနတ်သမီးအား အသင်္ချေဓားသိုင်း လေ့ကျင့်စေခြင်းဖြစ်စေ၊ အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို ရယူခြင်းဖြစ်စေ၊ သို့မဟုတ် 'အသိစိတ် အကြွင်းအကျန်ကို နှစ်သုံးရာတိုင်တိုင် ပြုစုပျိုးထောင်ခြင်း' ဖြစ်စေ၊ ဤအရာများအားလုံးသည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်၏။
"အခုတော့ စိတ်ချရပြီ.."
လီယွမ်က အစပိုင်းတွင် ဓားလမ်းစဉ်ကို နားလည်နိုင်မည် မဟုတ်ဘဲ စတုတ္ထမြောက် နဂါးဥကို ဖွင့်နိုင်မည် မဟုတ်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
ဓားနတ်သမီးနှင့် အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းတို့ကြောင့် အရာအားလုံးက ရှင်းလင်းသွားတော့၏။
"ဒါပေမဲ့..."
တတိယမြောက် မျဉ်းကြောင်းမှာ အလွန် တိုတောင်းနေသေးသည်။
ချီယွမ်ကောင်းကင်နဂါးနည်းစနစ်သည် အမှန်တကယ်ပင် ဧကရာဇ်တို့၏ ပညာရပ်တစ်ခု ဖြစ်၏။ ပုံမှန်အခြေအနေအောက်တွင် လီယွမ် ထီးနန်းမတက်မချင်း ၎င်းကို ကျွမ်းကျင်ပိုင်နိုင်နိုင်မည် မဟုတ်ပါ။
သို့သော် ကူသခင်တွင် အဆုံးအမရှိသော နည်းလမ်းများ ရှိပြီး ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းမရှိသည်တော့ မဟုတ်။
ကူကောင်များထဲတွင် ကံကြမ္မာကို စုပ်ယူနိုင်သော ကူကောင်များလည်း ရှိသည်။
အကျော်ကြားဆုံးမှာ ထူးခြားကူကောင် စာရင်းတွင် အဆင့်ငါး နေရာ၌ ရှိသော နဝမပဉ္စမ အထွတ်အထိပ်ကူကောင် ဖြစ်၏။ ၎င်းကို ဖန်တီးရန် အခြေအနေများမှာ ကြာမြင့်စွာကတည်းက ပျောက်ဆုံးသွားခဲ့ပြီး လောကတွင် ၎င်း၏ နာမည်သာ ကျန်ရှိတော့သည်။
"ငါ့မှာ စမ်းသပ်ဖို့နဲ့ ကျရှုံးဖို့ အရင်းအမြစ်တွေ အများကြီး ရှိတယ်.. အောင်မြင်ကောင်း အောင်မြင်နိုင်ပါတယ်.."
လီယွမ်က အလောတကြီး မဖြစ်ပေ။
...
ရက်အနည်းငယ် အကြာမှာ..
နှစ်ပေါင်း သုံးထောင်တိုင်တိုင် အိပ်မောကျနေခဲ့သော ဓားနတ်သမီးက တစ်ဖန် ပြန်လည်နိုးထလာခဲ့ပြီး သူ၏ ပြန်လည်မွေးဖွားခြင်း သတင်းက တောင်ပိုင်းနယ်စပ် တစ်ခွင်လုံးတွင် ဟိုးလေးတကျော် ဖြစ်သွားတော့၏။
လင်းရှောင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများက တောင်ပိုင်းနယ်စပ်သို့ ရောက်ရှိလာပြီးနောက် ကျိုးဝူပင်း၊ ဝူချင်းယင်းတို့နှင့် တွေ့ဆုံရန် (၁၂) ဂူစံအိမ်သို့ မလာဘဲ နတ်ဆိုးနှိမ်နင်းရေး ချောက်နက် နယ်စပ်မြို့လေးဆီသို့ တိုက်ရိုက် သွားရောက်ခဲ့ကြသည်။
ရှေးဟောင်းလိုဏ်ဂူထဲတွင် ချန်ရစ်ခဲ့သော စာကြောင်းလေးကို တွေ့လိုက်ရ၏။
‘ငါက လူ့လောကရဲ့ ဧည့်သည် မဟုတ်သလို လူ့လောကထဲကိုလည်း ပြန်မလာတော့ဘူး’