ဆုလာဒ်
Vol. 28 Ch. 384
မူလသူတော်စင် တောင်ထွတ်၊ တာအိုရှာဖွေသူ ခန်းမ၌
ယနေ့တွင် ခန်းမကို အသုံးပြုရန် အလှည့်ကျသူမှာ စိန်းထိုက်ယွမ်၏ အုပ်စုဖြစ်ပြီး ခန်းမဝန်းကျင် တစ်ခုလုံးမှာ သာယာပျော်ရွှင်နေကြလျက် ရှိသည်။ ကျင်းပပြီးစီးခဲ့သော ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှ ဇူယွမ်၏ ထူးချွန်ပြောင်မြောက်သော လုပ်ဆောင်ချက်များအား ယခုထက်တိုင် ကန်ရွှန်းကလန်မှ အခြားတပည့်များက တခုတ်တရ ပြောဆိုနေကြဆဲ ဖြစ်သည့်အတွက် စိန်းထိုက်ယွမ်၏ တပည့်များမှာလည်း သဘောကျ ပျော်ရွှင်နေကြ၏။
အဘယ့်ကြောင့်ဆိုသော် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း အခမ်းအနား ပြီးဆုံးသည့်နေ့မှ စတင်ကာ စိန်းထိုက်ယွမ်တို့ အုပ်စုအား ကလန်တစ်ခုလုံးမှ ယခင်ကထက်ပို၍ အလေးပေးလာခဲ့ကြပြီး အခြားတောင်ထွတ်မှ တပည့်များမှာလည်း ရင်းနှီးခင်မင်စွာ ပြောဆိုဆက်ဆံ လာခဲ့ကြသည်။
အတိတ်ကာလများ၌ မူလသူတော်စင် တောင်ထွတ်မှသူများမှာ ဤကဲ့သို့သော အလေးပေး ဆက်ဆံခံရခြင်းများအား စိတ်ပင်မကူးဖူးကြချေ။ အခြားတောင်ထွတ်များမှ တပည့်များမှာလည်း မူလသူတော်စင် တောင်ထွတ်ဟူသော အမည်ကြားရုံနှင့် စကားစမြည် ပြောဆိုရန်ပင် စိတ်မဝင်စားခဲ့ကြရုံသာမက စိန်းထိုက်ယွမ်၏ တပည့်ဆိုလျှင် ပို၍အထင်သေးခဲ့ကြပြီး တစ်ခါတစ်ရံ၌ နှိမ်ချပြောဆိုခြင်းများပင် ရှိခဲ့၏။ ပြောရမည်ဆိုလျှင် ကန်ရွှမ်းကလန် တစ်ခုလုံး၌ မူလသူတော်စင် တောင်ထွတ်မှာ အားအနည်းဆုံး တောင်ထွတ်တစ်ခု ဖြစ်ခဲ့လေသည်။
သို့သော်လည်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအပြီး၌ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်များကြောင့် မူလသူတော်စင် တောင်ထွတ်အား တစ်ဖန်ပြန်၍ အလေးထားလာခဲ့ကြပြီး စိန်းထိုက်ယွမ်တို့ အုပ်စုကိုလည်း သတိထားမိလာကြ၏။
ထိုသို့ အလေးပေးခံရခြင်းက စိန်းထိုက်ယွမ် တပည့်များ၏ စိတ်ဓာတ်ခွန်အားများကို မြှင့်တင်ပေးနိုင်ခဲ့လေသည်။ တပည့်များမှာ စိတ်လှုပ်ရှားမှု များစွာနှင့် ခန်းမအရှေ့ပိုင်းရှိ ခရမ်းရောင်ခါးစည်း တပည့်နေရာ၏ နောက်ဆုံး ဖျာချပ်လေးတွင် ထိုင်နေလျက်ရှိသည့် ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသော ပုံရိပ်အား ငေးမောကြည့်ရှုနေကြ၏။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ ပြီးဆုံးသွားသည့် နောက်တွင် ဇူယွမ်မှာ ပထမတန်း ရွှေခါးစည်းတပည့်တစ်ဦး မဟုတ်တော့ဘဲ ခရမ်းရောင်ခါးစည်း တပည့်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ ပြိုင်ပွဲတွင် ပြသခဲ့သော ဇူယွမ်၏ စွမ်းရည်များအရ ခရမ်းရောင်ခါးစည်း တပည့်များ၏ ထိပ်ပိုင်းနေရာ တစ်ခုအား ပေးအပ်ရန် စိန်းထိုက်ယွမ်မှ စီစဥ်ခဲ့ပါသော်လည်း ဇူယွမ်မှ လက်မခံဘဲ နောက်ဆုံး ဖျာချပ်ကိုသာ ရယူခဲ့ခြင်း ဖြစ်သည်။
အခြားတပည့်များ အတွက်မူ ထိုင်ရသော ဖျာချပ်နေရာသည် လူတစ်ယောက်၏ ရာထူးနှင့် အဆင့်အတန်းကို ဖော်ပြပေးခြင်း ဖြစ်သော်လည်း ဇူယွမ်အတွက်မူ ခရမ်းရောင်ခါးစည်း ဖြစ်လာရန်သာ အရေးပါခြင်းဖြစ်ပြီး မည်သည့်နေရာ၌ နေရပါစေ အတူတူသာ ဖြစ်၏။
ထို့အပြင် ဤကဲ့သို့ နောက်ဆုံး ထိုင်စရာနေရာအား ရွေးချယ်ခြင်းဖြင့် အခြားတပည့်များ၏ မကျေနပ်မှုများအား လျော့ပါးစေနိုင်ပေလိမ့်မည်။ ထိုသို့မဟုတ်ပဲ ထိပ်ဆုံးနေရာအား ရယူခဲ့မည်ဆိုလျှင် လူအများမှာ သူသည် အရည်အချင်း ရှိသော်လည်း မောက်မာလွန်းလှသည်ဟု ခံယူကြမည် ဖြစ်ပြီး ယခုကဲ့သို့ နှိမ့်ချစွာ နေလိုက်ခြင်းကသာ ပို၍ ကောင်းမွန်ပေသည်။
ဇူယွမ် ခန့်မှန်းထားသည့် အတိုင်းပင် နောက်ဆုံး ထိုင်စရာ နေရာကိုသာ ရွေးချယ်ခဲ့သည့်အတွက် ခရမ်းရောင်ခါးစည်း တပည့်များမှ ကျေးဇူးတင်ကာ အလေးပေးလာကြ၏။ ထို့ကြောင့် ဇူယွမ်မှာ စိန်းထိုက်ယွမ်၏ အုပ်စုထဲတွင် လွှမ်းမိုးမှု ရှိလာခဲ့ပြီး တပည့်များနှင့်လည်း ပို၍ခင်မင် ရင်းနှီးလာခဲ့သည်။
ခန်းမဝန်းကျင် တစ်ခုလုံးမှာ နွေးထွေး ပျော်ရွှင်နေကြသကဲ့သို့ စိန်းထိုက်ယွမ်မှာလည်း ဇူယွမ်ကိုကြည့်ကာ တပြုံးပြုံး ဖြစ်နေ၏။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် ဇူယွမ်မှာ စိန်းထိုက်ယွမ်၏ ဂုဏ်သိက္ခာအား များစွာမြှင့်တင်ပေးနိုင်ခဲ့ပြီး အခြားတောင်ထွတ်များမှ အကြီးအကဲများသည်ပင် အနာဂတ်၌ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာနိုင်သော ဇူယွမ့်အား ပိုင်ဆိုင်ထားခြင်းအပေါ် စိန်းထိုက်ယွမ်ကို မနာလိုဖြစ်ခဲ့ကြရသည်။ ဇူယွမ်ကဲ့သို့ အရည်အချင်းရော စိတ်ဓာတ်ခွန်အားပါ ပြည့်ဝသည့် တပည့်တစ်ဦး ပေါ်ထွက်လာရန်မှာ မလွယ်ကူပါချေ။
“ဇူယွမ်”
စိန်းထိုက်ယွမ်မှ နွေးထွေးကြင်နာစွာ ပြုံးကာ စကားဆိုလိုက်သည်။
“ကလန်ခေါင်းဆောင်က မင်းရဲ့ဆုလာဒ်အတွက် တပည့်တစ်ယောက်နဲ့ လာပို့ပေးထားတယ်”
ထိုစကားကို ပြောပြီးသည်နှင့်တကွ စိန်းထိုက်ယွမ်၏ လက်ဝါးပေါ်၌ ကျောက်စိမ်းသေတ္တာ တစ်လုံး ပေါ်လာခဲ့ပြီး သေတ္တာထဲ၌ ကျောက်စိမ်းကဲ့သို့သော အစိမ်းရောင် ဆေးလုံးတစ်ခု ရှိနေကာ ထွက်ပေါ်လာသော အလွန်သင်းပျံ့သည့် မွှေးရနံ့မှာ ခန်းမတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့၏။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၏ ချန်ပီယံကိုသာ ချီးမြှင့်သော ဆုလာဒ်ဖြစ်သည့် မူလကြယ်ပွင့်ဆေးလုံး ...
ဝိုး ...
ခန်းမထဲမှ တပည့်များမှာ သေတ္တာအား အလုအယက် ငေးမော ကြည့်ရှုလိုက်ကြရင်း တံထွေးမြိုချသံများ ထွက်ပေါ်လာခဲ့သည်။ ခရမ်းရောင်ခါးစည်း တပည့်များဖြစ်သော ဇူထိုက်နှင့် ကျန်းယန်တို့၏ မျက်ဝန်းများသည်ပင် လိုချင်တပ်မက် စိတ်များနှင့် တောက်လောင်လာခဲ့၏။
မူလကြယ်ပွင့် ဆေးလုံးမှာ မူလစဦး အဆင့်များအတွက် အံ့အားသင့်ဖွယ် ဆေးလုံးဟုလည်း လူသိများလေသည်။ မူလစဦး အဆင့်ဆိုသည်မှာ ချီစွမ်းအင်များကို စုဆောင်းရသော အခြေခံအဆင့်ဖြစ်ပြီး အခြေခံပို၍ ခိုင်မာလေလေ နတ်ဘုံခန်းဝါသို့ ရောက်လျှင် ပို၍ ကောင်းမွန်လေလေ ဖြစ်၏။
မူလကြယ်ပွင့် ဆေးလုံးမှာ သောက်သုံးသူ၏ ချီစွမ်းအင်အခြေခံအား များစွာပို၍ခိုင်မာသွားစေသောကြောင့် မူလစဦးအဆင့် ကျင့်ကြံနေသူများ အားလုံးမှ လိုချင်တပ်မက် နေရခြင်းပင် ဖြစ်သည်။
သို့သော် မူလကြယ်ပွင့် ဆေးလုံးအား ပြုလုပ်နိုင်ရန် အလွယ်ခက်ခဲ လှသောကြောင့် ကလန်ထဲမှ တပည့်အနည်းငယ်မှသာ သောက်ယူသုံးစွဲခွင့် ရရှိခြင်းဖြစ်ပြီး ယခု ခန်းမထဲတွင် ရှိနေသော တပည့်များထဲ၌ သောက်သုံးဖူးသူ တစ်ဦးတစ်လေမှ မပါဝင်ပါချေ။
ကျောက်စိမ်းသေတ္တာအား မော့ကြည့်လိုက်သော ဇူယွမ်၏ မျက်ဝန်းအစုံမှာလည်း လိုချင်တပ်မက်မှုများ တောက်လောင်နေခဲ့၏။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲ၌ ချန်ပီယံနေရာ ရရှိအောင် ခက်ခဲစွာ ကြိုးစားခဲ့ရသည့် အကြောင်းအရင်းမှာ ဂုဏ်သတင်း ကျော်ဇောမှုကြောင့် မဟုတ်ဘဲ မူလကြယ်ပွင့် ဆေးလုံးကြောင့်သာ ဖြစ်လေသည်။
ဇူယွမ်မှာ ဤမူလကြယ်ပွင့် ဆေးလုံးနှင့်ဆိုလျှင် မူလစဦး စတုတ္တအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟုပင် ယုံကြည်ထား၏။ ရှုယန်နှင့် တိုက်ခိုက်ခဲ့ရစဥ်အတွင်း ချီစွမ်းအင် အခြေခံမှာ မည်မျှပင် အရေးကြီးကြောင်း နားလည်ခဲ့ရသည်။ ထို့ကြောင့် ဇူယွမ်မှ မူလစဦး စတုတ္တအဆင့်သို့ ရောက်ရှိသွားပြီးသည့် အချိန်၌ ရှုယန်နှင့် ထပ်မံတိုက်ခိုက် ခဲ့ရမည်ဆိုပါက ရှုယန်အား အနိုင်ရရှိနိုင်မည်ဟု သေချာစွာ ယုံကြည်ထား၏။
ထို့အပြင် ရှုယန်နှင့် တိုက်ခိုက်ခဲ့ရသော ချန်ပီယံနေရာ တိုက်ပွဲမှာ ကလန်အတွင်းမှ ပြိုင်ပွဲတစ်ခုသာ ဖြစ်ပြီး သေရေးရှင်ရေး အခြေအနေတစ်ခု မဟုတ်သည့်အတွက် ငွေအရိပ်ကို ထုတ်၍သုံးစွဲခြင်း မပြုခဲ့ခြင်း ဖြစ်သည်။ ငွေအရိပ်ကိုသာ သုံးစွဲခဲ့မည်ဆိုပါက ရှုယန်အား ထိုစဥ်ထဲမှ အနိုင်ယူလိုက်နိုင်ပြီပင် ဖြစ်၏။
စိန်းထိုက်ယွမ်မှ အင်္ကျီလက်မောင်းအိုးအား ဝေ့ရမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းသေတ္တာမှာ ဇူယွမ်၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီး တပည့်များမှာလည်း မနာလိုဖြစ်သော မျက်ဝန်များဖြင့် အလုအယက် ငေးကြည့်နေကြလေသည်။
ဇူယွမ်မှာ သေတ္တာအား လက်နှစ်ဖက်ဖြင့် ရိုသေစွာ မယူလိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ကာ မူလကြယ်ပွင့် ဆေးလုံးအား အပြည့်အဝ စုပ်ယူနိုင်ရန် သီးခြားကျင့်ကြံနိုင်ရန် အခွင့်အရေး ရှာသင့်သည်ဟု တွေးတောနေမိ၏။
ကျောက်စိမ်းသေတ္တာအား ပေးလိုက်ပြီးနောက် စိန်းထိုက်ယွမ်မှာ ခပ်ဖွဖွရီမောကာ စကားဆိုလိုက်သည်။
“ဇူယွမ် အခုဆို မင်းက ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက် ဖြစ်သွားပြီဆိုတော့ မူလ သူတော်စင် တောင်ထွတ်ရဲ့ အဆင့်ခြောက် ချီကျင့်ကြံရေး ကျင့်စဥ်ကို ကျင့်လို့ရပြီ”
ဇူယွမ်မှာ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ကသိကအောက်ဖြစ်စွာဖြင့် ရီမောလိုက်မိ၏။ ဘိုးဘေးနဂါး ပုရပိုက်ချီကျင့်စဥ်အား ရွေးချယ်ခဲ့သည့် အချိန်မှစ၍ ဇူယွမ်မှာ အခြားသော ကျင့်စဥ်များအား ကျင့်ကြံ၍ မရတော့ပေ။ ထို့အပြင် ဇူယွမ်၏ စပါးအုံး နဂါးချီမှာလည်း အဆင့်ခြောက်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် အခြားသော အဆင့်ခြောက် ကျင့်စဥ်များထက် များစွာ သာလွန်နေပြီပင် ဖြစ်သည်။
စိန်းထိုက်ယွမ်မှ ဇူယွမ် ရီမောလိုက်သည်ကို တွေ့ရသောအခါ ပြုံးကာပြောလိုက်၏။
“မင်းမှာ သီးသန့်ကျင့်စဥ် တစ်ခုရှိပြီး ကလန်ကပေးတဲ့ အဆင့်ခြောက် ကျင့်စဥ်ကို စိတ်မဝင်စားဘူးဆိုတာ ငါသိပါတယ်။ ကလန်ရဲ့ စည်းမျဥ်းစည်းကမ်း အရသာ မင်းကို အသိပေးတဲ့ အနေနဲ့ ပြောပြတာပါ”
စိန်းထိုက်ယွမ်မှာ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် စကားဆက်လိုက်လေသည်။
“ခရမ်းရောင်ခါးစည်း အဆင့်ကို တက်လှမ်းနိုင်တဲ့ တပည့်တိုင်းက ဆုလာဒ်တစ်ခုခုကို ရသင့်တယ်။ မင်းက အဆင့်ခြောက် ချီကျင့်စဥ်ကို စိတ်မဝင်စားဘူး ဆိုမှတော့ တခြားတစ်ခုကို ဆုအနေနဲ့ ရသင့်တာပေါ့။ အဲဒါကြောင့် ငါက ကလန်ခေါင်းဆောင်ဆီမှာ မင်းကို မူလသူတော်စင် တောင်ထွတ်ရဲ့ ရှေးဟောင်းမျှော်စင်ထဲ ဝင်ခွင့်ပေးဖို့ တောင်းဆိုပေးထားတယ်”
“အရင်တုန်းက ငါတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်က ရှေးဟောင်း မျှော်စင်ထဲမှာ ကျင့်ကြံလေ့ ရှိပြီးတော့ အဲဒီနေရာက အရမ်းကို ထူးဆန်းပြီး အံ့အားသင့်ဖို့ကောင်းတဲ့ နေရာပဲ။ အဲထဲဝင်ခဲ့ဖူးတဲ့ တပည့်တွေက ကျင့်စဥ်တို့ မူလလက်နက်တို့ မူလရတနာတို့ ရလာလေ့ရှိတယ်”
“မင်းသာ ကံကောင်းရင် ကောင်းကင်ဘုံ ကျင့်စဥ်ကိုတောင် ရနိုင်တယ်”
စိန်းထိုက်ယွမ်၏ စကားများကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားခဲ့ပြီး ဇူထိုက်နှင့် ကျန်းယန်ကဲ့သို့သော ခရမ်းရောင်ခါးစည်း တပည့်များကိုပင် မနာလိုမှုများနှင့် ပြည့်နှက်သွားစေခဲ့၏။
ရှေးဟောင်းမျှော်စင်မှာ မူလသူတော်စင် တောင်ထွတ်၏ ရတနာတစ်ခုဖြစ်ပြီး အကြီးအကဲများပင် မျှော်စင်အား ဝင်ရောက်နိုင်သော အခွင့်အာဏာ မရှိကြပေ။ ကလန်ခေါင်းဆောင်၏ ခွင့်ပြုချက် တစ်ခုတည်းဖြင့်သာ ဝင်ရောက်၍ရခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း တပည့်အနည်းငယ်ကသာ မျှော်စင်ထဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး စိန်းထိုက်ယွမ်မှ ဇူယွမ်အတွက် ကလန်ခေါင်းဆောင်ထံ၌ တောင်းဆိုပေးလိမ့်မည်ဟု မည်သူမှ မထင်မှတ် ထားခဲ့သောကြောင့် တပည့်များမှ များစွာမနာလို ဖြစ်ခဲ့ကြရ၏။
စိန်းထိုက်ယွမ်မှာ အခြားတပည့်များ အားလုံးကို လျစ်လျူရှုကာ ဇူယွမ်အား ပြုံး၍မေးလိုက်သည်။
“ဘယ်လိုလဲ စိတ်ဝင်စားတယ် မဟုတ်လား”
ဇူယွမ်မှာ အလွန်ပင် အံ့အားသင့် နေခဲ့ပြီးနောက် စိန်းထိုက်ယွမ်အား အရိုအသေ ပေးလိုက်၏။ စိန်းထိုက်ယွမ်မှာ အမှန်တကယ်ပင် သူ့အပေါ်အလေးပေးကာ ဂရုစိုက်လှေပသည်။
ဇူယွမ်မှ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
“ဒီတပည့်က စိတ်ဝင်စားပါတယ်”
“ကျေးဇူးတင်ပါတယ် ဆရာစိန်း”