လောကနဲ့ မသက်ဆိုင်တဲ့သူ
Vol. 8 Ch. 102
“ငါက လူ့လောကရဲ့ ဧည့်သည် မဟုတ်သလို လူ့လောကထဲကိုလည်း ပြန်မလာတော့ဘူး”
လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ယွင်မိုဝမ်က လိုဏ်ဂူနံရံပေါ်ရှိ ထက်မြက်သော စာလုံးများကို စိုက်ကြည့်ရင်း သံယောင်လိုက်၍ ရေရွတ်လိုက်၏။
"ဒါ အမှန်ပဲ"
"နှင်းကျဓားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက လုံးဝ မှန်ကန်တယ်"
သူက မယုံနိုင်လောက်အောင် တစ်ကိုယ်လုံး တုန်ယင်နေသည်။
ဓားနတ်သမီး ဘိုးဘေး .. တကယ်ပဲ အသက်ပြန်ရှင်လာခဲ့တာပဲ
"ဟား ဟား ဟား ဟား"
"ကောင်းကင်ဘုံက ငါတို့ လင်းရှောင်ဓားဂိုဏ်းကို ကောင်းချီးပေးတာပဲ"
ဓားဂိုဏ်းမှ အကြီးအကဲများက တောင်ပိုင်းနယ်စပ်သို့ ရောက်ရှိလာသည်ဟူသော ကောလာဟလများကို ကြားသိထားပြီးဖြစ်ကာ ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။ သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ဤအရာများအားလုံး တကယ်ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ကြပေ။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ ဓားနတ်သမီး ဘိုးဘေးကို သေချာပေါက် ရှာတွေ့အောင် ရှာရမယ် ပြီးရင် ဘိုးဘေးက ဓားဂိုဏ်းကို အထွတ်အထိပ်ကို ပြန်လည်ပို့ဆောင်ပေးပြီး တိမ်တိုက်တွေအထက်ကို တစ်ဖန် ပြန်လည်ပျံသန်းနိုင်ဖို့ ဦးဆောင်ပေးပါစေ"
"မှန်တယ်"
ဓားနတ်သမီး ဘိုးဘေး ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ဒဏ္ဍာရီလာ ဓားသမားတစ်ယောက် ဖြစ်လာပြီး ကမောက်ကမဖြစ်မှုများကို အဆုံးသတ်ကာ ခေတ်သစ်တစ်ခုကို လမ်းဖွင့်ပေးရန် ဖန်တီးခံထားရသူပင် ဖြစ်၏။
အဘိုးကြီးများမှာ ပုံမှန်မဟုတ်ဘဲ စိတ်အားထက်သန်မှုများ ပြည့်လျှံနေပြီး တစ်သံတည်း ထွက်ဆိုလိုက်ကြသည်။
"အင်း..."
ဂိုဏ်းချုပ် ယွင်မိုဝမ်က တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး ခေါင်းခါကာ ပြောဆိုလိုက်၏။
"ဓားနတ်သမီး ဘိုးဘေးက ငါတို့ကို မတွေ့ချင်မှန်း သေချာတယ်.. ဓားဂိုဏ်းကို ပြန်လာဖို့ဆိုတာ ပိုပြီးတောင် ဝေးသေးတယ်"
"ငါက လူ့လောကရဲ့ ဧည့်သည် မဟုတ်သလို လူ့လောကထဲကိုလည်း ပြန်မလာတော့ဘူး”
"ခက်ခဲတယ်…"
"မင်းတို့က ဓားနတ်သမီး ဘိုးဘေးကို နားမလည်သေးဘူးလား..ဘိုးဘေးက ငါတို့ မနှောင့်ယှက်ဖို့ မျှော်လင့်တဲ့ အနေနဲ့ ဒီစကားတွေကို ချန်ထားခဲ့တာပဲ"
ဤစကားများက သူတို့အပေါ် ရေအေးတစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားပြီး အကြီးအကဲများမှာ သူတို့၏ ကြီးမားလှသော ဝမ်းမြောက်မှုမှ လန့်နိုးသွားကာ နံရံပေါ်ရှိ စာလုံးများကို သေချာစွာ စဉ်းစားသုံးသပ်လာကြသည်။
"ဒါ..."
"နှစ်ပေါင်းသုံးထောင်ကြာ အိပ်မောကျနေရာကနေ နိုးထလာတဲ့အခါ လောကကြီးက ပြောင်းလဲသွားပြီ.. အရာရာက အရင်လို မဟုတ်တော့သလို လူတွေကလည်း အရင်လို မဟုတ်တော့ဘူး.. ဓားနတ်သမီး ဘိုးဘေးရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ အားလုံး မရှိကြတော့ဘူး... သူ..ဘယ်လို ခံစားနေရမလဲဆိုတာကို ငါတို့ မှန်းဆလို့တောင် မရနိုင်ဘူး"
“လောကကြီးက ဘယ်လောက်ပဲ စည်ကားနေပါစေ ဓားနတ်သမီး ဘိုးဘေးရဲ့ အမြင်မှာတော့ သူနဲ့ သက်ဆိုင်တဲ့နေရာ မရှိတော့သလို သူ.. ဂရုစိုက်ရမယ့်သူလည်း မရှိတော့ဘူး ဖြစ်နိုင်တယ်..”
အကြီးအကဲများက အတိတ်ကို ပြန်လည်တွေးတောရင်း ဘာတွေဖြစ်ပျက်ခဲ့မည်ကို စိတ်ကူးယဉ်ကြည့်ကာ ဝမ်းနည်းမှု တစ်ခုကို ခံစားလိုက်ရသည်။
"ဟုတ်တယ်"
ဂိုဏ်းချုပ် ယွင်မိုဝမ်က ဝင်ရောက်ပြောဆိုလိုက်၏။
"ဘိုးဘေးက ဒီခေတ်မှာ ပြန်လည်နိုးထလာပေမယ့် သူ့ရဲ့ နှလုံးသားကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က အိပ်မောကျနေဆဲပဲ"
သူက ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်သည်။
"ငါတို့... ဘိုးဘေးကို သွားမနှောင့်ယှက်ကြတာ ပိုကောင်းမယ်"
ယွင်မိုဝမ်အနေဖြင့် တစ်နေ့နေ့တွင် ဘိုးဘေးက တကယ် ပြန်လာချင်ပါက သေချာပေါက် ပြန်လာလိမ့်မည်ဟု ယုံကြည်ထားသည်။
"သွားကြစို့"
သူက လှည့်ကာ ထွက်ခွာသွား၏။
"ရွှမ်ယွမ်နဲ့ တခြား ကလေးသုံးယောက်ကို သွားခေါ်ကြစို့ ဒီတစ်ကြိမ် ဓားနတ်သမီး ဘိုးဘေးကို မတွေ့ခဲ့ရပေမယ့်လည်း ဒါက ငါတို့ရဲ့ စိတ်ကို အေးချမ်းသွားစေခဲ့တယ်.. ကလေးသုံးယောက်က ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရခဲ့တာပါပဲ"
...
(၁၂) ဂူစံအိမ်။
လီယွမ်က သူ၏ ကျင့်ကြံခြင်းကို လေ့ကျင့်နေစဉ် ရုတ်တရက် သတိပေးချက်တစ်ခု ရရှိလိုက်၏။ အလွန်အမင်း အစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
‘လင်းရှောင်ဓားဂိုဏ်းက လူတွေလား.. နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီပဲ..’
"ပက်ကျိ... ဓားနတ်သမီးကို စောင့်ကြပ်ပေးထား"
သူက ချက်ချင်းပင် မျက်နှာတစ်ထောင်ကူကောင်ကို အသက်သွင်းလိုက်ပြီး ဓားနတ်သမီးကို ကူအိမ်တည်ဆောက်ထားသော လျှို့ဝှက်နေရာသို့ ဝင်ရောက်ခွင့်ပေးကာ သူမ၏ တည်ရှိမှုကို လုံးဝ ဖုံးကွယ်ထားလိုက်၏။
"အလယ်ပိုင်းဒေသက လင်းရှောင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယွင်မိုဝမ် တွေ့ဆုံခွင့် တောင်းခံပါတယ်"
တောင်အပြင်ဘက်တွင် အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော ယွင်မိုဝမ်က သူ၏ ကျောပေါ်တွင် ဓားတစ်လက်ကို လွယ်ထားပြီး လေထဲတွင် လွင့်ဝဲနေသော ဝတ်ရုံဖြင့် ရပ်နေသည်။
"ဂိုဏ်းချုပ်က အဝေးကြီးကနေ လာရတာဆိုတော့ (၁၂) ဂူစံအိမ်က သေချာ မကြိုဆိုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
လီယွမ်က ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုလိုက်၏။
သူက လင်းရှောင်ဓားဂိုဏ်းမှ လူများနှင့် အများကြီး အဆက်အသွယ် မလုပ်ချင်သော်လည်း လင်းရှောင်ဓားသေတ္တာကို ဖွင့်ပေးခဲ့သူမှာ သူဖြစ်နေသဖြင့် ရှောင်လွှဲ၍ မရနိုင်တော့ပေ။
"မင်းက လီယွမ်လား"
ယွင်မိုဝမ်က သူ့ရှေ့ရှိ ‘လူငယ်လေး’ ကို အကဲခတ်ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်နှစ်က စာတစ်စောင်တွင် တစ်ဖက်လူ၏ နာမည်ကို သူ ကြားဖူးခဲ့သည်။ သူက ထူးခြားသော ဓားသိုင်းပါရမီရှိသူ ဖြစ်သော်လည်း အမှတ်တမဲ့ ပင်.. ကူသခင် လမ်းစဉ်သို့ ဝင်ရောက်သွားခဲ့သူ ဖြစ်၏။
"ဟုတ်ပါတယ်"
လီယွမ်က ခေါင်းညိတ်လိုက်၏။
"လီယွမ်... ငါ့ဂိုဏ်းရဲ့ တပည့်တွေက..."
စကားပြောနေစဉ် ယွင်မိုဝမ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။ လင်းရှောင်ဓားဂိုဏ်း၏ လူငယ်မျိုးဆက်များထဲတွင် ခေါင်းဆောင်ဖြစ်သူ ရွှမ်ယွမ် ဒီမှာ မရှိကြောင်း သူ ခံစားလိုက်မိသည်။
သို့သော် လင်းရှောင်ဓားသေတ္တာက ဤနေရာတွင် ရှိနေပြီး သူ့အား မကောင်းသော ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။
"ငါ့ဂိုဏ်းက တပည့်... ရွှမ်ယွမ်ရော ဘယ်မှာလဲ"
"ဂိုဏ်းချုပ်"
လီယွမ် ပြန်မဖြေနိုင်မီမှာပင် ဝူချင်းယင်းနှင့် ကျိုးဝူပင်းတို့က အပြင်သို့ ပြေးထွက်လာကြသည်။
"ဂိုဏ်းချုပ်... စီနီယာအစ်ကို ရွှမ်ယွမ်က... သူက... နတ်ဆိုးတွေ လက်ချက်နဲ့ ဆုံးပါးသွားပါပြီ"
ဝူချင်းယင်းက မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး မျက်ရည်များ စီးကျလာသည်။
"သေသွားပြီ"
"ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ"
ယွင်မိုဝမ်က လေးနက်စွာ မေးလိုက်၏။
ဝူချင်းယင်းက နတ်ဆိုးသတ်ဖြတ်ရေး လေ့ကျင့်မှုမှ စတင်ကာ ဓားသေတ္တာ အလိုအလျောက် ပျံသန်းသွားပြီး သူတို့ကို ရှေးဟောင်းလိုဏ်ဂူထဲသို့ ခေါ်ဆောင်သွားကာ အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းကို တွေ့ရှိခဲ့ပုံ နတ်ဆိုးများ၏ လိုက်လံဖမ်းဆီးခံရပုံ ရွှမ်ယွမ်၏ ရူးသွပ်သော တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ သေဆုံးသွားမှု ပြီးနောက် လီယွမ်ကို လင်းရှောင်ဓားသေတ္တာ ဖွင့်ပေးရန် အကူအညီတောင်းခဲ့ပုံ စသည်ဖြင့် အဖြစ်အပျက် အားလုံးကို အစအဆုံး ပြန်လည်ပြောပြသည်။
"ဟူး"
ယွင်မိုဝမ်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။
လင်းရှောင်ဓားဂိုဏ်းသည် မကြာသေးမီက မျိုးဆက်များတွင် ပါရမီရှင် ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ ရွှမ်ယွမ်က ခေါင်းဆောင်ဖြစ်သော်လည်း ရှုရှန်းတောင်၏ မဟာသခင် ရွှီရှောင်ယောင်နှင့် ယှဉ်လျှင် အများကြီး နောက်ကျနေသေးသည်။
ဓားဂိုဏ်း၏ လူငယ်မျိုးဆက်မှ အခြားသော တပည့်များအကြောင်းကို ပြောရန်ပင် မလိုတော့ပေ။
ယခုအခါ ရွှမ်ယွမ်က ကမောက်ကမဖြစ်မှုများအတွင်း သေဆုံးသွားပြီ ဖြစ်ရာ လင်းရှောင်ဓားဂိုဏ်းမှာ ဤမျိုးဆက်တွင် လုံးဝ ညှိုးနွမ်းသွားပြီပင်။
"ဂိုဏ်းချုပ်... အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကို ရရှိခဲ့ပြီလား"
ဝူချင်းယင်းက မေးလိုက်၏။
"မရခဲ့ဘူး"
ယွင်မိုဝမ်က ခေါင်းခါလိုက်၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝူချင်းယင်းက အံ့အားသင့်စွာဖြင့် ကြွေးကြော်လိုက်၏။
"အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကို မြှုပ်နှံထားတဲ့ နေရာကို စီနီယာအစ်ကို ရွှမ်ယွမ်က အစောကြီးကတည်းက တွေ့ခဲ့ပြီးပြီလေ.. ချိတ်ပိတ်ထားတာကို ကျွန်မတို့ လင်းရှောင်ဓားဂိုဏ်းကလွဲရင် ဘယ်သူကများ ထိုးဖောက်သိမြင်နိုင်မှာလဲ"
"အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကို ယူသွားတဲ့သူက တခြားသူမဟုတ်ဘဲ လင်းရှောင်ဓားဂိုဏ်းက လူတစ်ယောက်ပဲ"
ယွင်မိုဝမ်က ဝမ်းသာရမလို ဝမ်းနည်းရမလို ဖြစ်နေသည်။
"ဘယ်သူလဲ"
ဝူချင်းယင်းက စူးစမ်းချင်စိတ် ဖြစ်သွားသည်။
ကျိုးဝူပင်း.. တိတ်ဆိတ်နေသော်လည်း ဘာတွေဖြစ်နေလဲဆိုတာကို သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။
"နှစ်ပေါင်းသုံးထောင်ကြာ အိပ်မောကျနေခဲ့တဲ့ ဓားနတ်သမီး ဘိုးဘေးက ဒီခေတ်မှာ ပြန်လည်နိုးထလာခဲ့ပြီ.. အညစ်အကြေးကင်းစင်တဲ့ ဓားသန္ဓေသားလောင်းကလည်း သူနဲ့အတူ ပြန်လည်မွေးဖွားလာပြီး သူ့နောက်ကို ထပ်ပြီး လိုက်သွားခဲ့ပြီ" ဟု
ယွင်မိုဝမ်က ဖြေကြားလိုက်၏။
"ဓားနတ်သမီး ဘိုးဘေးက တကယ်ကြီး နိုးလာတာလား"
ဝူချင်းယင်းမှာ အံ့အားသင့်သွားပြီး ကျိုးဝူပင်းပင်လျှင် မှင်သက်အံ့သြသွားသည်။
"နှမြောစရာပဲ... သူမက လင်းရှောင်ဓားဂိုဏ်းကို ပြန်လာဖို့ ဆန္ဒမရှိဘူး.. 'ငါဟာ လောကကြီးရဲ့ ဧည့်သည် မဟုတ်သလို လောကီရေးရာတွေထဲကိုလည်း ပြန်မလာတော့ဘူး' ဆိုတဲ့ စကားလေးပဲ ချန်ထားခဲ့တယ်"
ယွင်မိုဝမ်က နောင်တရနေသော်လည်း ဤကိစ္စကို အတင်းအကျပ် လုပ်ရန် သူ တတ်နိုင်သည့်အရာ မရှိပေ။
ဓားနတ်သမီး ဘိုးဘေး ရှိနေခြင်းက မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ကိုယ်စားပြုသည်။ လင်းရှောင်ဓားဂိုဏ်းက နောက်ထပ် စစ်နတ်ဘုရား..ဓားနတ်ဘုရားတစ်ပါး မွေးဖွားပေးနိုင်လိမ့်မည်။
လီယွမ်က ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာက အေးဆေးတည်ငြိမ်နေသည်။
အနာဂတ်တွင် လင်းရှောင်ဓားဂိုဏ်းသည် သူ၏ အားထားရမည့် အင်အားစုတစ်ခု ဖြစ်လာနိုင်ပြီး အရေးကြီးသော အချိန်များတွင် အသုံးဝင်လာနိုင်၏။
"ဒီကိစ္စက မင်းတို့နှစ်ယောက်စလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပြီး ရွှမ်ယွမ် သေဆုံးသွားတာကလည်း မင်းတို့ရဲ့ နှလုံးသားကို ပိုပြီး နာကျင်စေခဲ့တယ်.. ဒီလေ့ကျင့်မှုကို ဒီမှာပဲ အဆုံးသတ်လိုက်ပြီး ငါနဲ့အတူ ဂိုဏ်းကို ပြန်လိုက်ခဲ့ကြ"
အခြေအနေက ဤနေရာအထိ ရောက်ရှိလာပြီဖြစ်ရာ ယွင်မိုဝမ်က သဘာဝတရားအတိုင်းသာ ဖြစ်ခွင့်ပေးနိုင်တော့သည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ဝူချင်းယင်းက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။
"ဂိုဏ်းချုပ်... ကျွန်တော်ကတော့ လေ့ကျင့်မှုတွေကို ဆက်လုပ်ချင်သေးတယ်"
ကျိုးဝူပင်းမှာ လုပ်စရာ ကိစ္စတစ်ခု ကျန်နေသေးသည်။ သူက ရွှမ်ယွမ်ကို ရှုရှန်းတောင်၏ မဟာသခင်ကို ရိုက်နှက်ပေးမည်ဟု ကတိပေးထားခဲ့သည် မဟုတ်လော။
ထို့ပြင် သူက ကျိုးနေသော ဓားကို ပြုပြင်ရန်လည်း လိုအပ်သေးသဖြင့် ဂိုဏ်းထဲတွင် အမြဲတမ်း နေထိုင်၍ မရနိုင်ပေ။
"မင်း... မင်းက လေ့ကျင့်မှုတွေ ထပ်လုပ်ဖို့ လိုသေးတာလား"
ယွင်မိုဝမ်က ကျိုးဝူပင်းကို အံ့အားသင့်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ဤသာမန်ဟု ထင်ရသော တပည့်လေးမှာ ရိုးရှင်းမှု မရှိကြောင်း သတိပြုမိသွားသည်။
သူက ထပ်မံ မေးခွန်းမထုတ်တော့ဘဲ ခေါင်းညိတ်ကာ ကျိုးဝူပင်း၏ တောင်းဆိုချက်ကို သဘောတူလိုက်၏။
"ကောင်းပြီ"
ထိုသို့ပြောပြီးနောက် သူက လီယွမ်ကို ကြည့်ကာ ပြောဆိုလိုက်၏။
"မင်းက ဓားသိုင်းပါရမီရှင် တစ်ယောက်ပါ.. ဓားသိုင်းမှာ မကျွမ်းကျင်တာ တကယ်ကို နှမြောစရာကောင်းတယ်.. မင်းသာ သိုင်းလောကထဲ ဝင်ခဲ့ရင် ဒီထက်ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိနိုင်မှာပဲ"
"ဂိုဏ်းချုပ်ယွင်က မြှောက်ပင့်လွန်းနေပါပြီ"
လီယွမ်က လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
"ကျွန်တော်က တောင်တန်းတွေကြားထဲက အေးချမ်းတဲ့ ဘဝလေးကို ပိုသဘောကျပါတယ်.. အင်းဆက်ပိုးကောင်လေးတွေနဲ့ အတူနေရတာ နှစ်သက်ပြီး တိုက်ခိုက် သတ်ဖြတ်တာတွေကို တကယ်ပဲ မုန်းတီးပါတယ်"
"ဒါဆိုရင်လည်း တစ်နေ့နေ့မှာ ငါတို့ ပြန်ဆုံကြတာပေါ့"
ဓားအတွက် နှလုံးသားမရှိသော သူတစ်ယောက်သည် ဓားသိုင်းတွင် ကြီးမားသော အောင်မြင်မှုများ မရနိုင်ရန် ဖန်တီးခံထားရပြီး လင်းရှောင်ဓားဂိုဏ်းက ဤကဲ့သို့သော သူကို အလိုမရှိပါ။
"ငါ့ဂိုဏ်းက တပည့်နှစ်ယောက်ကို လက်ခံပေးပြီး လင်းရှောင်ဓားသေတ္တာကို ဖွင့်ကာ သတင်းစကား ပါးဖို့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.."
ယွင်မိုဝမ်က လက်မလောက်ရှိသော ဓားအဆောင်တစ်ခုကို ကမ်းပေးလိုက်၏။
"ဒါက ငါ့ဂိုဏ်းရဲ့ ဓားအဆောင်ပါ.. တစ်နေ့နေ့ မင်း အလယ်ပိုင်းဒေသကို ရောက်လာလို့ တစ်ခုခု လိုအပ်ခဲ့ရင် ဒီဓားအဆောင်ကို ယူလာပြီး ဓားဂိုဏ်းရဲ့ အကူအညီကို တောင်းခံနိုင်ပါတယ်"
"ဒုက္ခရှာစရာ မလိုပါဘူး.. မလိုပါဘူး"
ယွင်မိုဝမ်က ၎င်းကို ပြုပြင်ထားပြီး ဓားနတ်သမီး၏ တည်ရှိမှုကို ခံစားမိသွားမည်ကို စိုးရိမ်သဖြင့် လီယွမ်က လက်မခံရဲပေ။
အကယ်၍ ဤဘဝတွင် သူ အလယ်ပိုင်းဒေသသို့ သွားရောက်ခဲ့မည်ဆိုလျှင် ထိုအချိန်သည် သူ ထီးနန်းတက်မည့် အချိန်ပင် ဖြစ်ပေလိမ့်မည်။