အခန်း (၁၀၃)
Vol. 8 Ch. 103
အချိန်ကား မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားလေတော့၏။
နှစ်ပေါင်းသုံးထောင်ကြာ အိပ်စက်ခဲ့သည့် ဓားနတ်သမီး ပြန်လည်နိုးထလာမှုက
တာ့ယန် ဒေသ တစ်ခုလုံးကို ဟိုးလေးတကျော် ဖြစ်စေခဲ့သော်လည်း ယခုမူ ထိုသတင်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေပြီ။ လူအများစုမှာ ထိုအကြောင်းကို ဆက်လက် အာရုံမစိုက်တော့ဘဲ ဒဏ္ဍာရီ တစ်ခုအဖြစ်သာ သတ်မှတ်လိုက်ကြတော့၏။
နယ်စပ်ဒေသတွင်မူ စစ်မီးများက တောက်လောင်နေဆဲ ဖြစ်ပေသည်။
လီယွမ်နှင့် ပူးပေါင်းဆောင်ရွက်နေသော
လီရော့ချန်သည် အမှတ် (၁၂) ကူနန်းအတွင်းသို့ လာရောက်ခြင်း နည်းပါးသွားခဲ့၏။ လီယွမ်သည် လီရော့ချန်ထံမှတစ်ဆင့် သတင်းအချို့ ကြားသိခဲ့ရသည်။ ရှောင်ယွမ် ဦးဆောင်သော ချန်းလန်တပ်မတော်သည် ရှုံးနိမ့်ခြင်းမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း ချန်းလန်ဘုရင် ရှောင်ယွမ်၏ အခြေအနေမှာမူ အကောင်းဘက်တွင် မရှိပေ။
ညဇီးကွက်ဘုရင်သည် နယ်စပ်ဒေသ ရေးရာများတွင် ဝင်ရောက်စွက်ဖက်ရန် စိတ်ကူမရှိသေးသကဲ့သို့ ရှိနေသည်။
ညဇီးကွက် အစောင့်တပ်၏ ရှစ်မျက်နှာ တပ်မှူးများသည် နယ်စပ်မှ အလယ်ပိုင်းလွင်ပြင်သို့ ဆက်သွယ်ထားသော လမ်းကြောင်းများတွင် တင်းကျပ်စွာ စောင့်ကြပ်နေကြ၏။ နယ်စပ်နှင့် ထိစပ်နေသော မြို့များကိုလည်း ပိတ်ဆို့ထားကာ ထွက်ခွာခွင့်သာ ပြုပြီး ဝင်ရောက်ခွင့်ကိုမူ လုံးဝ ပိတ်ပင်ထားလေသည်။
လီယွမ်က စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
' အခြေအနေတွေက ဒီထက်ပိုပြီး ဆိုးလာဦးမယ်ဆိုရင်... ချန်းလန်မင်းသား
ရှောင်ယွမ်မှာ အချိန်သိပ် ကျန်တော့မှာမဟုတ်ဘူး... '
ချန်းလန်ဘုရင်ကို ပထမဆုံး တွေ့ဆုံစဉ်က သူသည် တာ့ယန်ပြည်တွင် ထင်ရှားကျော်ကြားပြီး အရှိန်အဝါ ကြီးမားလှသော အုပ်ချုပ်သူတစ်ဦး မဟုတ်ပါလော။ ထိုစဉ်က သူ၏ ခန့်ညားထည်ဝါမှုမှာ အားကျဖွယ် ကောင်းလှ၏။ ယခုမူ ဆုတ်ယွီတ်ခြင်း လမ်းဆုံသို့ ရောက်ရှိနေလေပြီ။
နွေဦးကုန်၍ ဆောင်းဦးရောက် အချိန်များ တရွေ့ရွေ့ ပြောင်းလဲလာခဲ့သည်။
လီယွမ်သည် နေ့ရက်တိုင်း နှစ်ရှည်လများ ကူကောင်များကို စိတ်ရှည်လက်ရှည် ထုတ်ဖော်နေခဲ့၏။ နောက်ဆုံးတွင်မူ သာယာလှပသော ညနေခင်းတစ်ခု၌ သာယာနာပျော်ဖွယ် အသံတစ်ခုကို သူ ကြားလိုက်ရတော့သည်။
"ပေါင်းစပ်မှု ပြုလုပ်နေပါတယ်"
"ဂုဏ်ယူပါတယ်.. ထူးခြားဆန်းပြားတဲ့ အဆင့်မြင့်ကူ.. နွေဦးဆောင်းဦး ပိုးတုံးလုံးကို ရရှိပါပြီ"
အနက်ရောင် အိုးအတွင်း၌ သေးငယ်လှသော ပိုးတုံးလုံးတစ်ကောင် ရှိနေသည်။ ၎င်း၏ တစ်ကိုယ်လုံးတွင် ဒေါင်လိုက် မျဉ်းကြောင်းများ ပါရှိကာ အဝါရောင်နှင့် အစိမ်းရောင် အလင်းတန်းများက တဖျတ်ဖျတ် လင်းလက်နေလေ၏။
“ နောက်ဆုံးတော့... အောင်မြင်သွားပြီ... ”
ယခု နွေဦးဆောင်းဦး ပိုးတုံးလုံးကို ရရှိရန်အတွက် လီယွမ်သည် နှစ်ပေါင်းများစွာ အတွင်း မည်မျှလောက်သော ပစ္စည်းများ အသုံးပြုခဲ့ရပြီး မည်မျှလောက်သော မိစ္ဆာအလောင်းများကို ခွဲစိတ်ခဲ့ရသည်ကို သူကိုယ်တိုင်ပင် မမှတ်မိတော့ပေ။
“ အကုန်လုံး... စုံသွားပြီ... ”
လီယွမ် အလွန် စိတ်လှုပ်ရှားသွား၏။ သူ၏ ဆရာဖြစ်သူ ယွီဟန်ချွမ်းက ရှားပါးကူ ဖော်စပ်နည်း လျှို့ဝှက်ချက်ကို လက်ဆင့်ကမ်းခဲ့သည်မှာ အလွန်ပင် ကြာညောင်းလှလေပြီ။ ယခုမူ အိပ်မက်ပိုးကူကောင် ဖော်စပ်ရန်အတွက် လိုအပ်သော ရှားပါးကူ သုံးမျိုးစလုံးကို သူ ရရှိခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးအဆင့်သာ ကျန်တော့၏။ ၎င်းမှာ ‘အိပ်မက်အသွင်ပြောင်းခြင်း (၉) သွယ်’ ပင် ဖြစ်ပေသည်။ လျှို့ဝှက်စာအုပ်တွင် ဤသို့ ရေးသားထား၏။
ရှားပါးကူ သုံးမျိုးဖြစ်သော ခြေရာမဲ့ လိပ်ပြာနိမိတ်၊ နောက်ပြန်စဉ်းစား ပိုးကောင်နှင့် နွေဦးဆောင်းဦး ပိုးတုံးလုံးတို့ကို ကူ အိုးတစ်လုံးတည်းတွင် ထည့်၍ မွေးမြူရမည်။
၎င်းတို့အနက် တစ်ကောင်သည် အိပ်မက်အသွင်ပြောင်းခြင်း (၉) သွယ် အခြေအနေသို့ ရောက်ရှိသွားပါက ကျန်ရှိသော ကူနှစ်ကောင်ကို ဝါးမြိုသွားလိမ့်မည်။
ပိုးကောင်မှ ပိုးတုံးလုံးဖြစ်၊ ပိုးတုံးလုံးမှ ဖလံကောင်ဖြစ်၊ ဖလံကောင်မှ ဥ ဥပြီး၊ ဥမှ ပိုးကောင် ပြန်ဖြစ်ရမည်။ ဤလုပ်ငန်းစဉ်ကို (၉) ကြိမ်တိုင်တိုင် ပြုလုပ်ရခြင်းကို အိပ်မက်အသွင်ပြောင်းခြင်း (၉) သွယ်ဟု ခေါ်ဆိုခြင်း ဖြစ်၏။ တစ်ဆင့်ချင်းစီ အသွင်ပြောင်းလဲချိန်တွင် ကူကောင်၏ အဆင့်အတန်းအလိုက် လိုအပ်သော အစားအစာများကိုလည်း အချိန်ကိုက် ကျွေးမွေးရပေမည်။
လီယွမ်၏ မျက်စိရှေ့တွင် အချက်အလက် ပြကွက်တစ်ခု ပေါ်လာလေသည်။
[ ကူသခင်- လီယွမ် ]
[ အနက်ရောင်အိုး - (အဆင့် ၆ - ၂၁၉၉/၃၀၀၀) ]
[ ကျင့်စဉ်အဆင့် - ဆဋ္ဌမအဆင့် ]
[ စိတ်စွမ်းအား - နှောင်းပိုင်း နယ်ပယ်အဆင့် ]
[ ပင်ကိုယ်ကူများ - ဘီလူး ဝိညာဉ်ကူ၊ ပြန်လည် မွေးဖွားခြင်းကူ၊ ငါးရောင်ခြယ် မီးတောက်စပါးအုံး၊ ပုံသဏ္ဌာန်မျိုးစုံကူ၊ ပင့်ကူဘုရင်မကူ၊ ဓားနတ်သမီး ]
[ ကူအိမ် - ငါးရောင်ခြယ်မီးတောက်စပါးအုံးဂူ (တစ်ထောင် အဆင့် ကူအိမ်) ၊ ပင့်ကူအိမ် လျှို့ဝှက်နယ်မြေ (တစ်ထောင် အဆင့် ကူအိမ်) ]
“ ငါ... ခုနစ်ဆင့်မြောက် ကူသခင်အဆင့်ကို ရောက်ဖို့... သိပ်မလိုတော့ဘူး... ”
လီယွမ် အချိန်ကို တွက်ချက်လိုက်၏။ အကယ်၍ သူသည် ခုနစ်ဆင့်မြောက်သို့ မရောက်မီ သို့မဟုတ် ရောက်ပြီးပြီးချင်း အိပ်မက်ပိုးကူကောင်ကဲ့သို့ ရှားပါးကူမျိုးကို ဖော်စပ်နိုင်ခဲ့ပါက ၎င်းကို တိုက်ရိုက် လွှမ်းမိုးနိုင်မည် ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အဆမတန် မြင့်မားလာပေလိမ့်မည်။
လီယွမ်သည် မျှော်လင့်ချက်အပြည့်ဖြင့် ခြေရာမဲ့ လိပ်ပြာ၊ နောက်ပြန်စဉ်းစား ကူကောင်နှင့် နွေဦးဆောင်းဦး
ပိုးတုံးလုံးတို့ကို အနက်ရောင်အိုး တစ်လုံးတည်းသို့ အတူတကွ ထည့်သွင်းလိုက်လေသည်။ ထို့နောက် နေ့ရက်တိုင်း သူ စောင့်ကြည့်နေခဲ့၏။
ပထမတစ်လတွင် လိပ်ပြာ ပိုးကောင်နှင့် ပိုးတုံးလုံးတို့သည် အင်အားချင်း ညီမျှနေကြပြီး တစ်ကောင်ကိုတစ်ကောင် ဝါးမြိုကာ အောင်နိုင်သူဖြစ်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။
တတိယလသို့ ရောက်သောအခါ ခြေရာမဲ့ လိပ်ပြာနိမိတ်က သိသိသာသာ အင်အားကြီးမားလာပြီး နောက်ပြန်စဉ်းစား ပိုးကောင်ကို ဖိနှိပ်ထားကာ နွေဦးဆောင်းဦး ပိုးတုံးလုံးကိုလည်း ဝါးမြိုရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာ၏။
ဆဋ္ဌမလတွင်မူ လိပ်ပြာသည် ပိုးတုံးလုံးကို အောင်မြင်စွာ ဝါးမြိုလိုက်လေသည်။ ကိုးလမြောက်သို့ ရောက်သောအခါ အမြဲတမ်း အနှိမ်ခံခဲ့ရသော နောက်ပြန်စဉ်းစား ပိုးကောင်သည် မမျှော်လင့်ဘဲ ပြန်လည် တိုက်ခိုက်လာကာ လိပ်ပြာကို အပြင်းအထန် ဒဏ်ရာရစေခဲ့၏။
နှစ်ကောင်စလုံး အထိနာသွားကြသည်။
လီယွမ်က ရှားပါးပစ္စည်းများ ထည့်ပေးလိုက်မှသာ ထိုကူနှစ်ကောင်မှာ လျင်မြန်စွာ ပြန်လည်ကျန်းမာလာပြီး ထပ်မံ တိုက်ခိုက်ကြပြန်၏။
(၁၂) လမြောက်သို့ ရောက်ရှိလာသည့်အခါတွင်မူ ပြင်းထန်သော တိုက်ပွဲပေါင်း များစွာအပြီး၌ ခြေရာမဲ့ လိပ်ပြာနိမိတ်သည် အသာစီးရသွားကာ နောက်ပြန်စဉ်းစား ပိုးကောင်ကို သတ်ဖြတ်ပြီး ဝါးမြိုလိုက်လေတော့သည်။
' အားလုံး... ပြီးသွားပြီလား... '
လီယွမ်က တိုက်ပွဲ ပြီးဆုံးသွားပြီဟု ထင်မှတ်နေစဉ်မှာပင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပွားလာ၏။
“ အမ်... ”
လိပ်ပြာ၏ ဝမ်းဗိုက်က ပွင့်ထွက်သွားပြီး အတွင်းမှ ပိုးတုံးလုံးတစ်ကောင် လိမ့်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
“ နွေဦးဆောင်းဦး... ပိုးတုံးလုံးလား... ”
နောက်ဆုံး အောင်နိုင်သူမှာ အစောဆုံး အဝါးမြိုခံလိုက်ရသည့် ပိုးတုံးလုံး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် လီယွမ် အလွန် အံ့အားသင့်သွားမိ၏။
သူသည် ထိုပိုးတုံးလုံး၏ စွမ်းရည်ကို ပြန်လည် သတိရလိုက်သည်။
၎င်းသည် ကူသခင်ကို သေလုမျောပါး အခြေအနေတွင် ချိပ်ပိတ်ထားနိုင်စေပြီး ရာသီဥတု အပြောင်းအလဲမှတစ်ဆင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားစေနိုင်၏။ ပြန်လည်မွေးဖွားတိုင်း ပိုမို အင်အားကြီးမားလာတတ်ပေသည်။
“ ဒါဆိုရင်... ပိုးတုံးလုံးက ဝါးမြိုခံလိုက်ရတာ မဟုတ်ဘူးပေါ့... သူက လိပ်ပြာရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းပြီး... ပြန်လည်မွေးဖွားဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူနေခဲ့တာပဲ... ”
“ သူက... တောင်ပေါ်မှာထိုင်ပြီး ကျားနှစ်ကောင် တိုက်တာကို စောင့်ကြည့်နေခဲ့တာပဲ... လိပ်ပြာကို အသုံးချပြီး ဟိုပိုးကောင်ကို ရှင်းခိုင်းလိုက်တာပေါ့... ”
သဘောတရားအရ နောက်ပြန်စဉ်းစား ပိုးကောင်သည် စိတ်စွမ်းအား တိုက်ခိုက်မှုကို ကျွမ်းကျင်သော်လည်း နွေဦးဆောင်းဦး ပိုးတုံးလုံးကဲ့သို့သော အသစ်တစ်ဖန် မွေးဖွားနိုင်သည့် အမျိုးအစားကိုမူ မယှဉ်နိုင်ပေ။
“ မင်းက... တကယ်ကို ပါးနပ်တဲ့ ကောင်လေးပဲ... မင်းပဲ အနိုင်ရဖို့ ထိုက်တန်ပါတယ်... ”
ဘယ်သူနိုင်နိုင် လီယွမ် ဂရုမစိုက်ပေ။
အဓိကမှာ အောင်နိုင်သူသည် အိပ်မက်အသွင်ပြောင်းခြင်း (၉) သွယ်ကို လုပ်ဆောင်ရန် အသင့်တော်ဆုံး ကူဖြစ်နေဖို့သာ လိုရင်းဖြစ်သည်။
“ ဆရာကတော့... ဒီလုပ်ငန်းစဉ်ကို ပြီးမြောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာ... သူ ရှုံးနိမ့်ခဲ့ရတာကလည်း စိတ်လောသွားလို့ပဲ... အဆင့်တစ်ဆင့် အသွင်ပြောင်းဖို့ သုံးနှစ်လောက် အချိန်ပေးရတယ်... ကိုးဆင့်ဆိုရင် နှစ်ပေါင်း (၂၇) နှစ်တောင် ကြာမှာ... ”
“ ငါကတော့... စနစ်ရဲ့ ပေါင်းစပ်မှုစွမ်းရည်နဲ့ ဒီအချိန်ကို အတိုချုံးနိုင်တယ်... ဒါပေမဲ့ သတိတော့ ထားရမယ်... ”
တိုက်ရိုက် ပေါင်းစပ်ခြင်းတွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေ၏။ အကြီးမားဆုံး အားနည်းချက်မှာ ပေါင်းစပ်ပြီးပါက နောက်ပြန်လှည့်၍ မရခြင်းပင် ဖြစ်သည်။
“ ငါ... အဲ့ဒီလောက် အကြာကြီး မစောင့်နိုင်ဘူး... ”
လီယွမ်သည် ပေါင်းစပ်ခြင်းကိုသာ ရွေးချယ်လိုက်သည်။ ဆရာဖြစ်သူ၏ မှတ်စုများ ရှိနေသဖြင့် သူ၏ အောင်မြင်နိုင်ခြေမှာ အလွန် မြင့်မားနေ၏။ လိုအပ်သော ပစ္စည်းများအားလုံးကိုလည်း သူ စုဆောင်းပြီးသား ဖြစ်သည်။
“ လာစမ်း... ”
[ မူလပစ္စည်းကို ရွေးချယ်ပါ ]
[ အဆင့် ၆ ရှားပါးကူ နွေဦးဆောင်းဦး ပိုးတုံးလုံး (နိမိတ်အခြေအနေ)၊
အိပ်မက်လမ်းပြမြက် ထည့်သွင်းမည်၊ မြူမှို ထည့်သွင်းမည်၊ ရေခဲတောင် နှင်းမြူ ထည့်သွင်းမည် ]
[ ပေါင်းစပ်မှု ပြုလုပ်နေပါတယ် ]
[ ရှားပါးကူ (နိမိတ်အခြေအနေ) သည် ပထမအဆင့် အသွင်ပြောင်းလဲမှုကို ပြီးမြောက်သွားပါပြီ ]
“ ပထမအဆင့်ကတော့... အဆင်ပြေပြေ ပြီးသွားပြီ... ”
“ ထပ်လုပ်မယ်... ”
[ မူလပစ္စည်းကို ရွေးချယ်ပါ ]
[ ရှားပါးကူ - နွေဦး ဆောင်းဦး ပိုးတုံးလုံး။ (ပထမအဆင့်)၊ အမြစ်မဲ့ ဂျင်ဆင်း၊ ကောင်းကင်နန်းတော်ပန်း၊ သုံးလွှာမိုးကြိုး သစ်သား ထည့်သွင်းမည် ]
[ ပေါင်းစပ်မှု ပြုလုပ်နေပါတယ် ]
[ ရှားပါးကူ (ပထမအဆင့်) သည် နောက်ထပ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်သွားပါပြီ ]
“ ထပ်ပြီး... အောင်မြင်ပြန်ပြီလား... ”
ဆရာဖြစ်သူ၏ သုတေသနမှာ အလွန်ပင် အသေးစိတ်ကျလှသဖြင့် လီယွမ် ယုံကြည်ချက် ပိုရှိလာ၏။
သူသည် ဆက်တိုက် ခြောက်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရာ အားလုံး အောင်မြင်ခဲ့လေသည်။
[ ရှားပါးကူ (ပဉ္စမအဆင့်) သည် အသွင်ပြောင်းလဲမှုကို ပြီးမြောက်သွားပါပြီ ]
ထိုစဉ်က ဆရာဖြစ်သူ ယွီဟန်ချွမ်းသည် ဆဋ္ဌမအဆင့်အထိသာ လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ထက် ပိုသော အဆင့်များမှာမူ ယခင်က ရှုံးနိမ့်မှုများအပေါ် အခြေခံ၍ ခန့်မှန်းတွက်ချက်ထားခြင်းသာ ဖြစ်ပေသည်။ တိကျမှုမှာ သိသိသာသာ လျော့နည်းသွားနိုင်၏။
လီယွမ်က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်လေသည်။
“ ငါ့ရဲ့... ကြိုးစားမှုလေးတွေ အလဟဿ အဖြစ်မခံနိုင်ဘူး... ”
[ မူလပစ္စည်းကို ရွေးချယ်ပါ ]
[ ရှားပါးကူ (ဆဋ္ဌမအဆင့်)၊ ပျံသန်းနေသော မြက်ပင်၊ မြေအောက် ကျောက်စိမ်း၊ တိမ်တိုက် နှလုံးသားမိုး ထည့်သွင်းမည် ]
[ ပေါင်းစပ်မှု ပြုလုပ်နေပါတယ် ]