တစ်သောင်း အဆင့် ကူအိမ်
Vol. 8 Ch. 105
နောက်ထပ် တစ်နှစ်တာ အချိန်ကာလသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ချေပြီ။
လီယွမ်သည် အဆက်မပြတ် တွက်ချက်ဖော်ထုတ်ခြင်းနှင့် စမ်းသပ်ခြင်းများမှတစ်ဆင့် အချိန်စီးဆင်းအလင်းဖလံ၏ အထွေထွေ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို အသေအချာ ဆုံးဖြတ်နိုင်ခဲ့လေ၏။ ဤအချိန်စီးဆင်းအလင်းဖလံသည် ထူးခြားသော စွမ်းအားများ ကိန်းအောင်းနေသည့် ကောင်းကင်နှင့် မြေကြီး၏ ရတနာများနှင့် အကိုက်ညီဆုံး ဖြစ်ချေသည်။
ဥပမာအားဖြင့် ‘ကောင်းကင်မြေကြီးကျောက်’ နှင့် ‘လျှပ်လက်မြက်’ ကဲ့သို့သော အရာများပင် ဖြစ်တော့၏။
သို့သော်ငြားလည်း ဤကဲ့သို့သော ရတနာများသည် များသောအားဖြင့် လျှို့ဝှက်ဆန်းကြယ်လှသော အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများနှင့် ဆက်နွှယ်နေတတ်ပြီး အလွန်တရာ အဖိုးတန်လှသလို ဈေးနှုန်းသာရှိပြီး ပစ္စည်းမရှိသည့် အခြေအနေမျိုးဖြစ်ရာ ရှာဖွေရန် အလွန်ခက်ခဲလှ၏။
ဒီနှစ်တွေအတွင်း ကူကောင်များနှင့် ကူအိမ်မှ ထွက်ရှိသည့် ပစ္စည်းများကို ရောင်းချခြင်းဖြင့် ဥစ္စာဓနများ စုဆောင်းမိထားသဖြင့် လီယွမ်သည် မိမိကိုယ်ကိုယ် အတော်အတန် ချမ်းသာပြီဟု ယူဆထားသော်လည်း သူပိုင်ဆိုင်ထားသည့် ရတနာများမှာ ထိုအဆင့်သို့ မမီသေးချေ။
သူသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးလေးဖြင့် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိလေ၏။
‘ငါလည်း ကိုယ့်ကိုယ်ကိုယ် ငွေကြေးပြည့်စုံပြီး လွတ်လပ်ပြီလို့ ထင်ရုံရှိသေးတယ်... ငါ အလွန်အမင်း တောင့်တပေမယ့် လက်လှမ်းမမီနိုင်တဲ့ အရာတွေက အမြဲတမ်း ပေါ်လာပြန်တာပဲ’
ဤကဲ့သို့သော ရတနာမျိုးကို သူ၏ နှစ်ရှည်လများ စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ လီရော့ချန်ပင်လျှင် ရှာဖွေပေးနိုင်စွမ်း မရှိချေ။
ထိုစဉ် သူ၏ မျက်လုံးရှေ့၌ အချက်အလက်ပြမျက်နှာပြင်တစ်ခု ပေါ်လာသည်။
“ကူသခင် - လီယွမ်”
“အမည်းရောင်အိုး - (လမ်းကြောင်း ခြောက်သွယ် (၂၉၅၆)/ (၃၀၀၀))”
“နယ်ပယ် - ဆဌမအဆင့်”
“စိတ်စွမ်းအား - နယ်မြေအဆင့် (နှောင်းပိုင်း)”
“ပင်မကူကောင် - ဧရာမဝိညာဉ်ကူကောင်၊ ပြန်လည်ရှင်သန်ခြင်းကူကောင်၊ အရောင်ငါးမျိုး ထူးဆန်းမီးတောက်စပါးအုံး၊ ဆန်းကြယ်ပုံရိပ်ကူကောင်၊ ပင့်ကူဘုရင်မကူကောင်၊ ဓားနတ်သမီး”
“ကူအိမ် - အရောင်ငါးမျိုး ထူးဆန်းမီးတောက်ဂူ (ထောင်ကူအိမ်)၊ ပင့်ကူအိမ် လျှို့ဝှက်နယ်မြေ (ထောင်ကူအိမ်)”
သူသည် သတ္တမအဆင့် ကူသခင်နယ်ပယ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့ချေပြီ.. လီယွမ်သည် ထိုနေ့ရက်ကို အလွန်ပင် မျှော်လင့်နေမိတော့၏။
ရက်အနည်းငယ် အကြာတွင်..
လူသူကင်းဝေးသည့် ဝါးတောလေးအတွင်း၌ လီယွမ်သည် ကူအိမ်နှစ်ခု၏ ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားသည်။
သူ၏ အသိစိတ်သည် ထိုထူးခြားလှသော ဝိညာဉ်ကမ္ဘာအတွင်းသို့ နစ်မြုပ်နေခဲ့သည်မှာ ကြာမြင့်လှချေပြီ.. ထိုကမ္ဘာအတွင်း၌ သူသည် တစ်ဦးတည်းသော ရှင်ဘုရင်ပင် ဖြစ်တော့၏။
တစ်ချိန်က လူသူကင်းမဲ့ပြီး ခြောက်သွေ့နေခဲ့သော ဝိညာဉ်ကမ္ဘာသည် ယခုအခါ ကူအိမ်နှစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ မရေမတွက်နိုင်သော ကူသက်ရှိများသည် အတွေးအမြင် ပုံသဏ္ဍာန်များဖြင့် ပေါ်ထွက်လာကြသည်။
(၉၉၉၇) ကောင်။
(၉၉၉၈) ကောင်။
ဆဌမအဆင့် ကျင့်ကြံခြင်းနယ်ပယ်ဖြင့် ကူအိမ်တစ်ခုကို တည်ဆောက်ရခြင်းမှာ အလွန်ပင် ပင်ပန်းဆင်းရဲလှပေရာ ကူအိမ်နှစ်ခုကို တစ်ပြိုင်နက်တည်း တည်ဆောက်ရခြင်းမှာ ဆိုဖွယ်ရာ မရှိတော့ချေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် လီယွမ်သည် နောက်ဆုံး၌ ဤနေ့ရက်ကို စောင့်စားနိုင်တော့၏။
‘ကိုးထောင် ကိုးရာ ကိုးဆယ့်ကိုး... နောက်ထပ် တစ်ကောင်တည်းပဲ လိုတော့တယ်’
ကူအိမ်တစ်ခုသည် ထောင်ဂဏန်းအဆင့်မှ သောင်းဂဏန်းအဆင့်သို့ ကူးပြောင်းသွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ နောက်ထပ် ကြီးမားလှသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်လာမည်သာ ဖြစ်ချေသည်။
၎င်းက ကူသခင်အား ပိုမိုကြီးမားသော စွမ်းအားများကို ထောက်ပံ့ပေးရုံသာမက ကူအိမ်မှ ထုတ်လုပ်သည့် ရတနာများ၏ ထိရောက်မှုနှင့် အရည်အသွေးများမှာလည်း ပိုမို တိုးတက်လာမည် ဖြစ်၏။
အကယ်၍ ကူသခင်ကိုယ်တိုင်ကလည်း အဋ္ဌမအဆင့် နယ်ပယ်သို့ ရောက်ရှိထားပါက ကူအိမ်၏ မွေးရာပါ ဆက်နွှယ်မှု အခြေအနေမှတစ်ဆင့် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နိုင်တော့မည်။ ၎င်းသည် သိုင်းလမ်းစဉ်ရှိ သိုင်းသူတော်စင်များ၏ ကောင်းကင်ဖြစ်စဉ်နှင့် ဆင်တူသော စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်မည်တည်း။
လီယွမ်တွင် ကူအိမ်ရှိသော်ငြားလည်း လုံလောက်သော နယ်ပယ်အဆင့် မရှိသေးသဖြင့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ၏ အသိအမှတ်ပြုမှုကို မရရှိသေးပေ။ ထို့ကြောင့် ‘ကူအိမ် ကောင်းကင်ဖြစ်စဉ်’ ကို အသက်မသွင်းနိုင်သေးချေ။
‘ငါသာ ကူအိမ်ရဲ့ ကောင်းကင်ဖြစ်စဉ်ကို အသက်သွင်းနိုင်မယ်ဆိုရင် သိုင်းသူတော်စင်တစ်ယောက်ကိုတောင် ထိပ်တိုက်ရင်ဆိုင်နိုင်မှာပဲ.. နှမြောစရာကောင်းလိုက်တာ’
ကောင်းကင်ဖြစ်စဉ်၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးထားသဖြင့် လီယွမ်သည် ၎င်းကို ပို၍ပင် တောင့်တမိသည်။
ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည်မှာ ခွန်းလွန်တောင်တွင် ဖြစ်၏။ ထိုစဉ်က သူသည် လီရော့ချန်နှင့်အတူ ဆင်နတ်ဆိုး တပိုင်း သူတော်စင် အဆင့်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြ၏။ ပြိုင်ဘက်သည် အသည်းအသန် အခြေအနေတွင် ‘ကောင်းကင်ဖြစ်စဉ်’ စွမ်းအားကို ပေါက်ကွဲထုတ်ဖော်ခဲ့သည်။
ခဏချင်းအတွင်းမှာပင် ထိုစွမ်းအားသည် လီရော့ချန်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး သူမ၏ သွေးကြောများကို ပျက်စီးစေခဲ့၏။ ပြန်လည်ရှင်သန်ခြင်းကူကောင်ဖြင့် ကုသပြီးမှသာ သူမသည် ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ချေသည်။
ဒုတိယအကြိမ်မှာမူ နတ်ဆိုးများ ကျူးကျော်လာစဉ်က ဒေါင်းနတ်သမီးနှင့် ရွှေနီရောင် ကျားသစ်နတ်ဆိုးတို့ တစ်ပြိုင်နက်တည်း ရောက်လာချိန်တွင် ဖြစ်၏။
သူ၏ အဒေါ်ဖြစ်သူ အန်းမူယောင်၏ ကောင်းကင်ဖြစ်စဉ် စွမ်းအားကို သူ မြင်တွေ့ခဲ့ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင် (၁၀၀) ပတ်လည်ရှိ မြေပြင်တစ်ခုလုံးမှာ အေးခဲသွားခဲ့ရသည်။
ထိုစွမ်းအား၏ ရှေ့မှောက်တွင် နတ်ဆိုးတပိုင်း သူတော်စင် အဆင့် နှစ်ကောင်မှာ ခုခံရန် အခွင့်အရေး အလျဉ်းမရှိခဲ့ပေ။ ၎င်းမှာ အဋ္ဌမနယ်ပယ်အောက်ရှိ ရန်သူအားလုံးကို ခြေမွပစ်နိုင်သော ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းစွမ်းအားပင်။
‘ငါ သတ္တမအဆင့်ကို ရောက်သွားတဲ့အခါ ဒီအချုပ်အနှောင်တွေကို ဖောက်ထွက်နိုင်မလားဆိုတာ သိချင်မိတယ်’
လီယွမ်သည် စိတ်ထဲမှ ကြံစည်တွေးတောနေမိသည်။
တစ်ချိန်တည်းမှာပင် ကူအိမ်၏ အသိစိတ်ကမ္ဘာအတွင်း၌ (၁၀၀၀၀) ခုမြောက်သော မီးမြွေလေးနှင့် ဝိညာဉ်ပင့်ကူ၏ အသိစိတ်တို့သည် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြလေ၏။
“ဝုန်း...”
အသိစိတ်နယ်ပယ်အတွင်း၌ ရှေးဟောင်းအဆောက်အအုံ နှစ်ခုဖြစ်သော အရောင်ငါးမျိုး မီးတောက်ဂူနှင့် ပင့်ကူအိမ် လျှို့ဝှက်နယ်မြေတို့သည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးပေးမှုကို ခံရသည့်အလား ပို၍ မြင့်မားလာကြပြီး နေနှင့် လ၏ အလင်းတန်းများ အောက်တွင် နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းနေကြလေတော့သည်။
လက်တွေ့ကမ္ဘာတွင်လည်း လီယွမ်၏ ကူအိမ်များသည် မြင့်တက်လာနေချေပြီ.. ကူအိမ်၏ အတိုင်းအတာမှာ လျင်မြန်စွာ ကျယ်ပြန့်လာရုံသာမက အတွင်းရှိ သောင်းနှင့်ချီသော ကူကောင်များမှာလည်း ပိုမို အစွမ်းထက်လာကြသည်။
အချိန်အတော်ကြာပြီးနောက်တွင်မှ ဆူညံသံများမှာ တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။
လီယွမ်.. မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
‘တစ်သောင်း အဆင့်ကူအိမ်’ အဖြစ် အဆင့်မြှင့်တင်ပြီးနောက် အရောင်ငါးမျိုး ထူးဆန်းမီးတောက်ဂူနှင့် ပင့်ကူအိမ် လျှို့ဝှက်နယ်မြေတို့သည် ဝါးတောလေး၏ သဘာဝရှုခင်းများနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ရာ ၎င်းကို ‘ကူအိမ်’ တစ်ခုဟု ခွဲခြားရန်ပင် မဖြစ်နိုင်တော့ချေ။ ၎င်းမှာ နတ်ဘုရားတို့ ဖန်တီးထားသော သဘာဝ ရှုခင်းတစ်ခုနှင့်သာ ပို၍ တူနေတော့၏။
လီယွမ်၏ ခန့်မှန်းချက်အရ ထိုအဆောက်အအုံ နှစ်ခုစလုံးသည် အနံ ပေပေါင်း ဒါဇင်ချီ ကျယ်ဝန်းပြီး ၎င်းတို့၏ အနက်မှာမူ မှန်းဆ၍ပင် မရနိုင်ချေ။
ကူအိမ်၏ ရှေ့တွင် ရပ်နေရင်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားများ အဆက်မပြတ် စီးဝင်နေသည်ကို သူ ခံစားလိုက်ရသည်။ သူသည် ညာဘက်လက်ဖြင့် ညွှန်ပြလိုက်ရာ လက်ချောင်းထိပ်မှ ပင့်ကူမျှင်တစ်ခု ထွက်ပေါ်လာလေ၏။
ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင်မူ မီးတောက်လုံး အနည်းငယ် လွင့်စင်ထွက်သွားချေသည်။
ယခင်က လီယွမ်သည် ရှောင်ချိုက်နှင့် ဝူမေ့တို့၏ စွမ်းရည်များကို ယခုကဲ့သို့ လွတ်လပ်စွာ ငှားရမ်းအသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ တစ်သောင်း အဆင့်ကူအိမ်ကို ဖန်တီးနိုင်မှုကြောင့် ရှောင်ချိုက်၊ ဝူမေ့တို့နှင့် သူ၏ ‘အသက်ဆက်နွှယ်မှု’ မှာ ပို၍ပင် နီးကပ်လာခဲ့ပြီ ဖြစ်၏။
‘ဒဏ္ဍာရီလာ ကူစိတ်ကျင့်စဉ်ရဲ့ နောက်ဆုံးလျှို့ဝှက်ချက်ဖြစ်တဲ့ ‘အတ္တမဲ့ကူ’ နယ်ပယ်ကို ငါ တကယ် ထိတွေ့နိုင်မယ့် အခွင့်အရေး ရှိကောင်းရှိနိုင်မယ်’
လီယွမ်သည် စိတ်ကူးယဉ်ကြည့်ရင်း မနေနိုင်တော့ချေ။
‘တောင်ပိုင်းနယ်စပ်ရဲ့ အခြေအနေက ဒီထက်ပိုပြီး ဆိုးရွားလာရင်တောင်မှ ငါ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်တဲ့ စွမ်းရည် ရှိနေပြီ.. ငါ သတ္တမအဆင့်ကို ရောက်သွားပြီဆိုရင်တော့ အားနည်းတဲ့ အဋ္ဌမအဆင့်တွေကိုတောင် စိန်ခေါ်နိုင်လောက်တယ်’
“ရွှီး...”
“ကျွီ ကျွီ...”
ရှောင်ချိုက်နှင့် ဝူမေ့တို့သည်လည်း အလွန်ပင် ပျော်ရွှင်နေကြပြီး လီယွမ်အား ချစ်ခင်ယွီယသည့်အလား လာရောက် ပွတ်သပ်နေကြလေ၏။
“မင်းတို့ နှစ်ယောက်သာ နောက်ထပ် တစ်ခါလောက် ဆင့်ကဲပြောင်းလဲနိုင်ရင် သိပ်ကောင်းမှာပဲ”
ပင်မကူကောင်များထဲတွင် ထုံးစံများကို ကျော်လွန်နေသည့် ဓားနတ်သမီးမှလွဲလျှင် ရှောင်ချိုက်နှင့် ဝူမေ့တို့သည် လီယွမ်နှင့် အရင်းနှီးဆုံး ဖြစ်၏။ သူသည် ရှောင်ချိုက်နှင့် ဝူမေ့တို့ကို ထပ်မံ၍ ဆင့်ကဲပြောင်းလဲစေနိုင်မည့် ရတနာများကို ရှာဖွေနေခဲ့သော်လည်း ရလဒ်များမှာမူ ကျေနပ်ဖွယ် မရှိသေးချေ။
‘ဆင့်ကဲပြောင်းလဲပြီးနောက် ကူအိမ်က ဘယ်လို ရတနာတွေ ထုတ်လုပ်ပေးမလဲဆိုတာ ကြည့်ရအောင် အဲဒီအရာတွေက လုံလောက်တဲ့ တန်ဖိုးရှိမယ်ဆိုရင် မင်းတို့ကို ကျွေးဖို့ ပိုကောင်းတဲ့ ရတနာတွေနဲ့ လဲလှယ်လို့ ရတာပေါ့’
အတွေးနှင့်အတူ လီယွမ်သည် ထိန်းချုပ်မှုမျက်နှာပြင်ကို ခေါ်ယူလိုက်သည်။
“ကူအိမ် - အရောင်ငါးမျိုး ထူးဆန်းမီးတောက်ဂူ (တစ်သောင်း အဆင့်ကူအိမ်)၊ ပင့်ကူအိမ် လျှို့ဝှက်နယ်မြေ (တစ်သောင်း အဆင့်ကူအိမ်)”
“ကူအိမ်မှ ထုတ်လုပ်ပေးနိုင်သည် - နေမီးမျိုးစေ့၊ အသက်ဆက်နှင်းရည်”
‘အရာရာတိုင်းက အရည်အသွေးပိုင်းအရ ပြောင်းလဲသွားတာလား’
လီယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ဖဝါးချင်း ပွတ်သပ်နေမိတော့၏။ တစ်သောင်း အဆင့်ကူအိမ်မှ ထွက်ရှိသည့် ရတနာများသည် ဘယ်သောအခါမှ သာမန်အရာများ မဟုတ်ချေ။ နဝမဂူစံအိမ်တော် တစ်ခုလုံးတွင်ပင် တစ်သောင်း အဆင့်ကူအိမ်ကို တည်ဆောက်နိုင်သော အဋ္ဌမအဆင့် ကူသခင် (၁၀) ယောက်ခန့်သာ ရှိသည်။
ရှားပါးသည့်အရာသည် ပို၍ တန်ဖိုးရှိသည် မဟုတ်ပါလော။
သူသည် ဆဌမအဆင့် ကျင့်ကြံခြင်းနယ်ပယ်ဖြင့်ပင် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကောင်းကင်ဘုံက သူ့အား ပို၍ပင် မျက်နှာသာပေးပြီး ပိုမို မြင့်မားသော အရည်အသွေးရှိသည့် ရတနာများကို ထုတ်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။
အာရုံစူးစိုက်ကြည့်လိုက်သောအခါ ကြီးမားလှသော ရတနာနှစ်ခု၏ အချက်အလက်များမှာ လီယွမ်၏ စိတ်ထဲ၌ ပေါ်ထွက်လာလေတော့၏။
“နေမီးမျိုးစေ့ - ကောင်းကင်ယံရှိ နေမင်းကြီး၏ စွမ်းအင်များကို စုပ်ယူပြီး မြေကြီးနှင့် သစ်သားတို့၏ ဝိညာဉ်ဓာတ်များနှင့် ပေါင်းစပ်ထားသော မီးတောက်တစ်ခု ဖြစ်၏။ ၎င်းကို မီးညှိလိုက်ပါက ကောင်းကင်နှင့် မြေကြီးရှိ မီးအားလုံးကို တောက်လောင်စေနိုင်ပြီး ပိတ်ထားပါကလည်း ထာဝရ တောက်လောင်နေနိုင်ချေ ရှိသည်။ ၎င်းသည် အအေးဒဏ်နှင့် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သလို၊ မသန့်ရှင်းမှုများကို နှိမ်နင်းကာ မိစ္ဆာဆိုးများကိုလည်း နှင်ထုတ်နိုင်စွမ်း ရှိသည်"
“အသက်ဆက်နှင်းရည် - ကောင်းကင်ဘုံ၏ စည်းမျဉ်းများအတိုင်း ကူသက်ရှိများ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ၎င်းသည် သေခါနီးသူများကို ပြန်လည်ရှင်သန်စေနိုင်သော ကုသခြင်းစွမ်းရည် ရှိရုံသာမက သွေးကြောအဖွဲ့အစည်းများကို ပြန်လည် ပုံဖော်ပေးခြင်း၊ အရိုးနှင့် ခြင်ဆီများကို သန့်စင်ပေးခြင်းနှင့် ကိန်းအောင်းနေသော ရောဂါဝေဒနာများကိုပါ ဖယ်ရှားပေးနိုင်စွမ်း ရှိသည်"
‘အတော်လေး တိုးတက်လာတာပဲ’
လီယွမ်သည် တိတ်တဆိတ် ဝမ်းသာနေမိတော့၏။ ဤကူအိမ်မှ ထွက်ရှိသည့် ပစ္စည်းနှစ်မျိုးလုံးသည် အဋ္ဌမအဆင့် ကူသခင် အများစု၏ ကူအိမ်မှ ထွက်သည့် ပစ္စည်းများထက် အရည်အသွေး ပိုမို မြင့်မားကာ အလွန်တရာ တန်ဖိုးရှိလှ၏။
ကုန်ပစ္စည်းချင်း လဲလှယ်ခြင်းဖြင့် ကောင်းမွန်သည့် အရာများကို ရရှိနိုင်ပေလိမ့်မည်။
ချန်းလန် နယ်မြေ။
တော်ဝင် မြို့တော်။
ချန်းလန်ဘုရင်၏ စံအိမ်ရှိ ကြီးမားလှသော ကုတင်ထက်၌ ရှောင်ယွမ်၏ မျက်နှာမှာ စက္ကူလို ဖြူဖတ်ဖြူရော် ဖြစ်နေလေပြီ.. သူ၏ အသက်ရှူသံမှာလည်း ချည်မျှင်လေးတစ်မျှင်လို သဲ့သဲ့သာ ကျန်တော့ပြီး သူ၏ ခြေလက်များတွင်လည်း အမည်းရောင် မျဉ်းကြောင်းများ ဖုံးလွှမ်းနေကာ အရေပြားအောက်တွင် တစ္ဆေများ လှုပ်ရှားဟိန်းဟောက်နေသကဲ့သို့ ဖြစ်နေချေသည်။
အိပ်ရာဘေးတွင် မင်းသားလေး ရှောင်လဲ့၏ မျက်လုံးများမှာ နီမြန်းနေပြီး သူ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားလေ၏။
မင်းသမီးလေး ရှောင်ချင်အာမှာလည်း အိပ်ရာဘေးတွင် ဒူးထောက်လျက် မျက်ရည်များ ပါးပြင်ထက်သို့ အတားအဆီးမဲ့ စီးကျကာ ငိုကြွေးနေရှာတော့သည်။
သူတို့အားလုံးသည် ဖခင်ဖြစ်သူမှာ ကြာရှည် တောင့်ခံထားနိုင်တော့မည် မဟုတ်ဘဲ မကြာခင် သူတို့ကို ထားရစ်ခဲ့တော့မည်ဖြစ်ကြောင်း ကြိုတင် ခံစားသိရှိနေမိကြသည်။
Book 8 end.