အရင်တုန်းကလူငယ်လေး
Vol. 28 Ch. 385
ရှေးဟောင်းမျှော်စင်ကြီးမှာ ချိပ်ပိတ်ထားသော အဓိက မူလသူတော်စင် တောင်ထွတ်၏ အောက်တွင် တည်ရှိနေခြင်း ဖြစ်သည်။
နောက်တစ်နေ့၌ စိန်းထိုက်ယွမ်၏ ဦးဆောင်မှုနှင့် ဇူယွမ်မှာ မူလသူတော်စင် တောင်ထွတ်၏ ချိပ်ပိတ်ထားသော အဓိကတောင်ထွတ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ အဓိက သူတော်စင်တောင်ထွတ်၏ အောက်ခြေတွင် အချိန်တိုက်စားမှုကြောင့် အနည်းငယ် ပျက်စီးယိုယွင်းနေပြီ ဖြစ်သော ရှေးဟောင်း မျှော်စင်ကြီးတစ်ခု ရှိနေလေသည်။
မျှော်စင်၏ရှေ့၌ ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးမှာ တံမြက်စည်း တစ်ချောင်းကို ဆွဲကိုင်ထားရင်းဖြင့် အိပ်ငိုက်နေလျက် ရှိ၏။ ထိုအဘိုးအိုမှာ ဇူယွမ် မူလသူတော်စင် တောင်ထွတ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဥ်က တွေ့ရှိခဲ့ရသော ရွှမ်အဘိုးအိုပင် ဖြစ်သည်။
ဇူယွမ်မှာ စိန်းထိုက်ယွမ်၏ နောက်မှ ငြိမ်သက်စွာ လိုက်ပါလာရင်းဖြင့် မြူခိုများ ရစ်ဝဲနေလျက်ရှိသော အဓိက တောင်ထွတ်ကြီးအား ငေးမောကြည့်ရှု လိုက်၏။ တောင်ထွတ်ပတ်ဝန်းကျင် တဝိုက်တွင် ခပ်မှိန်မှိန် လင်းလက်နေသော မူလမှော်စာလုံးများ ရှိနေပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ထုတ်လွှတ်နေလျက် ရှိသောကြောင့် မည်သူကမှ အလွယ်တကူ ချည်းကပ်ရဲလိမ့်မည် မဟုတ်ပေ။
“ချိပ်ပိတ်ထားတဲ့ အဓိကတောင်ထွတ် ... ”
ဇူယွမ်မှာ နှုတ်ခမ်းအစုံကို ဖိကိုက်လိုက်မိသည်။ ဒုတိယမြောက် သူတော်စင် မှော်စာလုံးမှာ အဓိက တောင်ထွတ် တစ်နေရာတွင် ရှိနေသည်ကို အသေအချာ သိရှိနေပါသော်လည်း ဇူယွမ်မှာ မှော်စာလုံးနှင့် နီးလျက်နှင့် ဝေးနေရသကဲ့သို့ ဖြစ်နေရ၏။ ထို့အပြင် အဓိက တောင်ထွတ်သို့ ဝင်ရောက်နိုင်ရန်မှာ အလွန်ခက်ခဲလှပြီး မူလသူတော်စင် တောင်ထွတ်၏ တပည့်ခေါင်းဆောင် တစ်ဦးဖြစ်လာမှသာ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သောကြောင့် ဇူယွမ်နှင့် အလှမ်းဝေးနေရဆဲပင် ဖြစ်သည်။
“ရွှမ်အဘိုးအို ... ”
ဇူယွမ်မှာ အတွေးများကြားထဲ နစ်မြောနေစဥ်မှာပင် စိန်းထိုက်ယွမ်မှာ ရှေးဟောင်းမျှော်စင်၏ ရှေ့၌ အိပ်ငိုက်နေဟန် ရှိသော အဘိုးအိုအား လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပြုလိုက်၏။ ရွှမ်အဘိုးအို၌ ချီစွမ်းအင် အနည်းငယ်မျှပင် မရှိပါသော်လည်း ကန်ရွှမ်းကလန်၌ အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သောသူ ဖြစ်သောကြောင့် ကလန်ခေါင်းဆောင် ချင်းယန်ကိုယ်တိုင်ပင် လေးစားရသောသူ ဖြစ်သည်။
အဘိုးအိုမှာ အသက်ကြီးနေပြီ ဖြစ်ကာ နားနှင့်မျက်စိများ အနည်းငယ် မကောင်းတော့သဖြင့် စိန်းထိုက်ယွမ်မှ အသံကျယ်ကျယ်နှင့် အကြိမ်ရေများစွာ နှုတ်ဆက်မှသာ သတိထားမိသွားပြီး စိန်းထိုက်ယွမ်အား ကြည့်ကာ ပြုံး၍ နှုတ်ဆက်လာ၏။
“အကြီးအကဲစိန်း ... ”
စိန်းထိုက်ယွမ်မှ ခေါင်းညိတ်ပြကာ အချိန်ဆွဲမနေတော့ဘဲ ဇူယွမ်အားညွှန်ပြကာ စကားဆိုလိုက်လေသည်။ “ရွှမ်အဘိုးအို ဒီတပည့်လေးက ရှေးဟောင်း မျှော်စင်ကို ဝင်မဲ့သူပါ”
အဘိုးအိုမှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်၏။ “လူငယ်လေး ... .မင်းက အတွင်းတောင်ကို ရောက်လာတာတောင် သိပ်မကြာသေးဘူး မဟုတ်လား။ အဲဒါကို အခု ရှေးဟောင်းမျှော်စင်ထဲ ဝင်နိုင်တော့မယ်ဆိုတော့ မင်းကိုကြည့်ရတာ အရည်အချင်း ရှိမဲ့ပုံပဲ”
စိန်းထိုက်ယွမ်မှ အားရကျေနပ်စွာဖြင့် ပြုံးကာ ဖြေကြားလိုက်သည်။
“ဇူယွမ်က တကယ်ကို အရည်အချင်းရှိတဲ့ ကောင်လေးပဲ။ သူက ဒီတစ်ခေါက် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာလေ။ အဲဒါကြောင့်မို့ ကလန်ခေါင်းဆောင်က သူ့ကို မျှော်စင်ထဲဝင်ဖို့ ခွင့်ပြုပေးခဲ့တာ”
ရွှမ်းအဘိုးအိုမှာ စိန်းထိုက်ယွမ်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ဖြန့်ပေးလိုက်၏။
“ကလန်ခေါင်းဆောင်ရဲ့ တံဆိပ်ပြားကို ငါ့ကိုပေးပါ”
စိန်းထိုက်ယွမ်မှ လျင်မြန်စွာပင် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ ပေးအပ်လိုက်လေသည်။
ရွှမ်အဘိုးအိုမှာ ကျောက်စိမ်းပြားအား ခေတ္တမျှ ကြည့်ရှုစစ်ဆေး လိုက်ပြီးနောက် ခေါင်းတညိတ်ညိတ်ဖြင့် မျှော်စင်တံခါးအား ဖြည်းညင်းစွာ ဖွင့်ပေးလိုက်၏။
ကျွီ ...
တံခါးကြီး ပွင့်ဟသွားပြီးနောက် မျှော်စင်အတွင်းပိုင်းမှာ မှောင်မဲနေခဲ့ပြီး အလင်းရောင် အနည်းငယ်မျှပင် မမြင်ရသဖြင့် ထူးဆန်းအံ့သြဖွယ် ကောင်းသော စိတ်ခံစားချက်အား ပေးစွမ်းနေလျက်ရှိသည်။
“လူငယ်လေး ရှေးဟောင်းမျှော်စင်ဆိုတာ သူတော်စင်ကြီး အရင်တုန်းက စွမ်းအင်ကျင့်ကြံခဲ့တဲ့ နေရာပဲ။ အဲဒါကြောင့် ဒီနေရာမှာ မင်းရရှိသမျှက မင်းရဲ့ကံတရားနဲ့ပဲ သက်ဆိုင်တယ်။ ကံမကောင်းလို့ လက်ဗလာနဲ့ ပြန်သွားရတဲ့ လူတွေလည်း ရှိတယ်”
ဇူယွမ် လက်နှစ်ဖက်အား ဆုပ်ကာ ရွှမ်အဘိုးအိုအား အရိုအသေ ပြုလိုက်ပြီးနောက် စိန်းထိုက်ယွမ်အား လှည့်ကြည့်ကာ ပြုံးပြလိုက်၏။ ထို့နောက် ဇူယွမ်မှာ တွေဝေနှောင့်နှေး မနေတော့ဘဲ ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားကာ မှောင်မည်းနေသော မျှော်စင်ထဲသို့ ဝင်ရောက် သွားလိုက်တော့သည်။
မျှော်စင်ထဲသို့ ဇူယွမ် ဝင်ရောက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ရွှမ်အဘိုးအိုမှာ လှေကားထစ်တွင် ထိုင်လိုက်ကာ တံမြက်စည်းအား ဖက်၍ ပြန်လည် အိပ်ငိုက်နေတော့၏။
စိန်းထိုက်ယွမ်မှာ ရွှမ်အဘိုးအိုအား အရိုအသေ ပြုလိုက်ပြီးနောက် ပြန်လည်ထွက်ခွာ သွားခဲ့လေသည်။ အဓိကတောင်ထွတ် ပတ်ဝန်းကျင်မှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
သို့သော် တိတ်ဆိတ် ငြိမ်းချမ်းမှုမှာ ခဏသာ ကြာမြင့်ခဲ့ပြီး လူတစ်ဦး လျှောက်လှမ်းလာသော ခြေသံများကြောင့် ပြန်လည် ဆူညံသွားခဲ့၏။ ထိုလူမှာ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သည့် အသားအရေနှင့် ချောမော ခန့်ညားလှသော ဓားကပ်ဘေး တောင်ထွတ်၏ ဆရာသခင် လင်ကျွမ်းပင် ဖြစ်လေသည်။
ရွှမ်အဘိုးအိုမှာ မျက်လုံးဖွင့်ကာ တောင်ထွတ်ဆရာသခင် လင်ကျွမ်းအား မော့ကြည့်လိုက်ပြီးနောက် နှုတ်ပင်မဆက်ဘဲ ပြန်၍ အိပ်ငိုက်နေတော့၏။
လင်ကျွမ်းမှာ အဘိုးအိုဘေးသို့ လျှောက်လှမ်းလာပြီး ရှေးဟောင်းမျှော်စင်အား ကြည့်ကာ မေးမြန်းလိုက်သည်။
“ဇူယွမ်လို့ခေါ်တဲ့ လူငယ်လေး ဝင်သွားပြီလား”
ရွှမ်အဘိုးအိုမှာ မည်သည့်စကားမှ ပြန်၍ ဖြေကြားခြင်း မရှိပေ။
တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ အနည်းငယ်မျှပင် စိတ်ခုခြင်း မဖြစ်မိချေ။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ ဓားကပ်ဘေး တောင်ထွတ်၏ ဂုဏ်သိက္ခာများကို ပျက်စီးစေခဲ့ပါသော်လည်း တောင်ထွတ်ဆရာသခင် ဟူသော ဂုဏ်သိက္ခာကိုချနင်းကာ လက်စားချေရန် မဖြစ်နိုင်သည့်အတွက် ယနေ့တွင် ဇူယွမ်ကြောင့် ဤနေရာအား လာရောက်ခဲ့ခြင်း မဟုတ်ပေ။
လင်ကျွမ်းမှာ ရွှမ်အဘိုးအိုဘေး၌ ရပ်နေကာ မြူခိုးများရစ်ဝဲနေသောတောင်ထွတ်အား အချိန်ကြာမြင့်စွာ ငေးကြည့်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်၏။
“အရင်တုန်းက ဒီနေရာက ဘယ်လောက်တောင် ခမ်းနားခဲ့သလဲ ဆိုတာကို ကျွန်တော် အမှတ်ရမိတယ်။ ဆရာသခင်က သင်ခန်းစာတွေ ပို့ချမဲ့အချိန်တိုင်း တပည့်တွေအားလုံး ဒီနေရာမှာ စုဝေးနေခဲ့ကြတာ”
လင်ကျွမ်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နူးညံ့သော အသံဖြင့် ဆက်၍ပြောလေသည်။
“မူလသူတော်စင် တောင်ထွတ်က အခုဆိုရင် မကျော်ကြားတော့တာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒါပေမဲ့ တစ်နေ့ကြရင်တော့ အရင်လိုပြန်ပြီး အောင်မြင်မှုတွေ ရနိုင်ဦးမယ်လို့ ကျွန်တော်ယုံတယ်”
လင်ကျွမ်း မည်မျှပင် ဆက်၍ ပြောဆိုနေပါစေ အေးစက်စက် ဖြစ်နေသော ရွှမ်အဘိုးအို၏ မျက်ဝန်းများမှာ မပြောင်းလဲဘဲ ရှိနေခဲ့သည်။
လင်ကျွမ်းမှာ ရွှမ်အဘိုးအိုအား ကြည့်ကာ ပြုံးလိုက်ပြီးနောက် ညင်သာသော အသံဖြင့် မေးမြန်းလိုက်၏။
“အဘိုးအိုရွှမ် ခင်ဗျားက မူလသူတော်စင် တောင်ထွတ်မှာ ရှိနေတာ ကြာလှပြီဆိုတော့ ချိပ်ပိတ်နေတာက ဘယ်အချိန်လောက် ပွင့်သွားမယ်လို့ ထင်လဲ”
အဘိုးအိုမှာ တံမြက်စည်းအား ဖက်ထားရင်းဖြင့် တည်ငြိမ်နေသော အသံနှင့် တုံ့ပြန်လိုက်သည်။
“ပွင့်ဖို့အချိန်တန်ရင် အလိုလို ပွင့်လာပါလိမ့်မယ်”
လင်ကျွမ်းမှာ ကူကယ်ရာမဲ့စွာ ခေါင်းအား ခါယမ်းလိုက်မိ၏။ ရွှမ်အဘိုးအိုထံမှ ဤအဖြေကိုသာ အမြဲတစေ ကြားနေရလေ့ ရှိသည်။
“ရွှမ်အဘိုးအို ကျွန်တော်တို့ မူလသူတော်စင် တောင်ထွတ်ကို ဆက်ပြီး ပစ်မထားသင့်တော့ဘူး။ ဒီနေရာက ဆရာသခင် သဘောအကျဆုံး နေရာလေ”
ရွှမ်အဘိုးအိုမှာ လင်ကျွမ်းအား တစ်ချက်မျှကြည့်ကာ စကားဆိုလိုက်၏။
“မင်းသာ ဆရာသခင်အတွက် တစ်ခုခု လုပ်ပေးချင်တယ်ဆိုရင် သူ့အတွက် လက်စားချေပေးဖို့ စဥ်းစားသင့်တယ်။ အဲဒါက မူလသူတော်စင် တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်အဖက်ဆယ်ပေးတာထက် ပိုပြီးကောင်းတဲ့ လုပ်ရပ်ပဲ”
ရွှမ်းအဘိုးအို၏ စကားအား ကြားလိုက်ရသောအခါ လင်ကျွမ်းမှ ခါးသက်စွာ ရီမောပစ်လိုက်လေသည်။
“အဘိုးအိုရွှမ် ကန်ရွှမ်းကလန်က အရင်လို ဆရာသခင် ရှိနေတုန်းက အခြေအနေနဲ့ မတူတော့ဘူး”
“အခု ကန်ရွှမ်း ကောင်းကင်ဒေသမှာ စွမ်းအားအကြီးဆုံး ကလန်က ကျွန်တော်တို့ ကန်ရွှမ်းကလန် မဟုတ်ဘဲ မြင့်မြတ်သော နန်းတော်ကလန် ဖြစ်နေပြီ”
လင်ကျွမ်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အဓိက တောင်ထွတ်အား ငေးကာ ဆက်၍ပြောလိုက်၏။
“ဆရာသခင်အတွက် လက်စားချေပေးနိုင်ဖို့က ကျွန်တော်တို့ ကန်ရွှမ်းကလန်ကနေ ကောင်းကင်ဒေသ သခင်ထွက်ပေါ်လာမှပဲ ရမယ်။ အဲဒီလိုဖြစ်ဖို့ အတွက်ကလည်း အရင်က ဆရာသခင် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကန်ရွှမ်းသူတော်စင် တံဆိပ်ပြားကို လိုအပ်တယ်လေ”
“ဒါပေမဲ့ ဆရာသခင် သေဆုံးသွားပြီးတော့ ကန်ရွှမ်းသူတော်စင် တံဆိပ်ပြားကလည်း ပျောက်ဆုံးသွားခဲ့တယ်”
လင်ကျွမ်းမှာ ရွှမ်အဘိုးအိုအား ကြည့်ကာ မျှော်လင့်ချက် အရိပ်အယောင်များ ယှက်သန်းနေသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။
“ရွှမ်အဘိုးအို ခင်ဗျားက ဆရာသခင်နဲ့ နောက်ဆုံးအချိန်ထိ ရှိနေခဲ့တဲ့သူပဲ။ ကန်ရွှမ်းသူတော်စင် တံဆိပ်ပြားက ဘယ်နေရာမှာ ရှိမလဲ မသိဘူးလား”
“တကယ်လို့ ကျွန်တော်တို့ ကန်ရွှမ်းကလန်မှာသာ သူတော်စင်တံဆိပ်ပြား ရှိနေမယ်ဆိုရင် မြင့်မြတ်သော နန်းတော်ကလန်ကိုလည်း ကြောက်ရွံ့နေဖို့ မလိုတော့ဘူး”
အဘိုးအိုမှာ ခေါင်းကိုခါယမ်းလိုက်ကာ တည်ငြိမ်နေသော အသံနှင့်ပင် ဖြေကြားလိုက်၏။
“ကန်ရွှမ်းသူတော်စင် တံဆိပ်ပြားဆိုတာ ကောင်းကင်ကနေ ဖြစ်တည်လာခဲ့တဲ့ အရာပဲ။ ငါတောင်တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး။ ဘယ်နေရာမှာ ရှိမလဲဆိုတာ ငါဘယ်လိုလို့ သိနိုင်ပါ့မလဲ”
လင်ကျွမ်း၏ မျက်ဝန်းထဲမှ မျှော်လင့်ချက် ရောင်ခြည်တန်းများ ပျောက်ဆုံး သွားရလေသည်။ အဘိုးအိုမှာ တံမြက်စည်းအား ဆုပ်ကိုင်ထားရင်းဖြင့် ဆက်၍ စကား ဆိုလိုက်သည်။
“ဒီနှစ်အတွင်းမှာ မင်းတစ်ယောက်ပဲ ကန်ရွှမ်းသူတော်စင် တံဆိပ်ပြား အကြောင်းကို ဂရုစိုက်နေတုန်းပဲ။ ကလန်ခေါင်းဆောင်နဲ့ တခြားသူတွေကတောင် မင်းလောက် ဂရုမစိုက်ကြဘူး”
“မင်းက တံဆိပ်ပြားကို လိုချင်လို့လား”
လင်ကျွမ်းမှာ ခေတ္တမျှ အံ့အားသင့် သွားမိပြီးနောက် သူ၏ ရည်ရွယ်ချက်အား ရှင်းလင်းစွာ ထုတ်ဖော်ပြသလိုက်၏။
“ကန်ရွှမ်းသူတော်စင် တံဆိပ်ပြားကို ရရှိမဲ့သူက ကောင်းကင်ဒေသ သခင် ဖြစ်လာမှာပဲလေ။ ဘယ်သူက မလိုချင်ပဲ နေမလဲ။ ပြီးတော့ အဲဒီတံဆိပ်ပြားကို ရမှပဲ ဆရာသခင်အတွက် လက်စားချေပေးလို့ရမှာ”
“ရွှမ်အဘိုးအိုကရော ဘယ်လိုထင်လဲ”
အဘိုးအိုမှာ ခေါင်းကိုခါယမ်းကာ ပြန်၍ပြောလိုက်သည်။
“မင်းနဲ့မသင့်တော်ဘူး”
လင်ကျွမ်းမှာ တည်ငြိမ်စွာဖြင့်ပင် တုံ့ပြန်လိုက်၏။
“အဘိုးအိုရွှမ် ကျွန်တော်က အရင်တုန်းကလူငယ်လေး မဟုတ်တော့ပါဘူး”
ရွှမ်အဘိုးအိုမှာ ခေါင်းအားမော့လိုက်ကာ မြူခိုးများရစ်ဝဲနေသော တောင်ထွတ်အား ခေတ္တမျှ ငေးကြည့်နေပြီးနောက် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“မင်းက အရင်တုန်းက ဆရာသခင်ရဲ့ လူငယ်လေး မဟုတ်တော့လို့ဘဲ မသင့်တော်တာပေါ့”