ရတနာအားရယူခြင်း
Vol. 28 Ch. 386
ရှေးဟောင်းမျှော်စင်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အမှောင်ထုကြီးမှာ ပျောက်ကွယ်သွားကာ ဇူယွမ်၏ ခြေဖဝါးအောက်မှစ၍ အလင်းတန်းများ ပေါ်ပေါက်လာခဲ့ပြီး မျှော်စင်အပြင်ဖက် ထိသို့ပင် ထွန်းလင်းသွား၏။
ဇူယွမ်၏ရှေ့၌ လျှောက်လမ်းတစ်ခု ပေါ်လာခဲ့ပြီး အသင်္ချေမျှရှိသော လင်းလက်နေသည့် မီးလုံးငယ်လေးများက လေပေါ်တွင်မျောနေကာ လျှောက်လမ်းအား ဝန်းရံထားလျက် ရှိသည်။
ဇူယွမ်မှ မီးလုံးငယ်လေးများကို ကြည့်လိုက်သောအခါတွင် အထဲ၌ အရာဝတ္ထုတစ်ခုစီ၏ အရိပ်များ ထင်ဟပ်နေသည်ကို တွေ့ရှိလိုက်ရ၏။
“ဒီမီးလုံးထဲက အရိပ်တွေက မူလလက်နက်တို့ မူလမှော်စာလုံးတို့ ကျင့်စဥ်တို့ပဲ ဖြစ််မယ်”
ဇူယွမ်မှ တွေးတောကာ ရေရွတ်လိုက်မိသည်။ သို့သော်လည်း မီးလုံးငယ်များအတွင်း ပါဝင်နေသော ပစ္စည်းအား မသိရှိနိုင်သဖြင့် မည်မျှတန်ဖိုးရှိသော အရာအား ရယူနိုင်မည်ကို မသိနိုင်ချေ။ အရာအားလုံးမှာ ကံတရားပေါ်တွင်သာ မူတည်နေခြင်း ဖြစ်၏။
“ရွှမ်အဘိုးအိုက ဒီထဲမှာရရှိသမျှက ကံကြမ္မာနဲ့ပဲ သက်ဆိုင်တယ်လို့ ပြောခဲ့တာ မအံ့သြတော့ဘူး” ဇူယွမ်မှ ခါးသက်စွာ ရီမောပစ်လိုက်သည်။ လူတစ်ဦးသည် မီးလုံးငယ်တစ်ခုအား ရွေးချယ်ပြီးသည်နှင့် တစ်ပြိုင်နက် မျှော်စင်အပြင်ဖက်သို့ ပြန်လည်ပို့ဆောင် ခံရမည်ဖြစ်ကာ မီးလုံးထဲ၌ မည်သည့်အရာမှ မပါဝင်လျှင်ပင် ထပ်၍ ရွေးချယ်ခွင့်ရရှိမည် မဟုတ်ပေ။
ထို့ကြောင့် ဇူယွမ်မှာ မီးလုံးများအား အလျင်စလို ရွေးချယ်ခြင်း မပြုဘဲ မျှော်စင်ထဲသို့ ဦးစွာလှည့်ပတ် ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။
ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုကာ မီးလုံးထဲရှိ အရာဝတ္ထများအား သိရှိနိုင်ရန် ကြိုးစားလိုက်လေသည်။ သို့သော် မီးလုံးငယ်များမှာ ဇူယွမ်၏ စိတ်ဝိညာဥ် စွမ်းအင်အား ပိတ်ဆို့ထားခဲ့ပြီး အလယ်အလတ် ဒြပ်ထည့်အဆင့်ဖြင့်ပင် အတွင်းရှိ အရာဝတ္ထုများအား ကြည့်ရှုနိုင်ခြင်း မရှိချေ။
“ဒီတိုင်း ကြုံရာကျပန်းပဲ ရွေးလို့ရမှာလား” ဇူယွမ်မှာ တွေဝေသွားရ၏။
ထို့သို့သာ မျက်စိမှိတ် ရွေးချယ်ရမည် ဆိုပါလျှင် အရာအားလုံးအား ကံတရားပေါ်၌သာ ပုံအပ်ထားရတော့မည် ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့ ရှေးဟောင်း မျှော်စင်ထဲ ဝင်ရောက်နိုင်ရန်မှာ ရှားပါးလှသော အခွင့်အရေး ဖြစ်သဖြင့် ကံတရားကိုသာ ပုံအပ်ရမည်ဆိုပါက အခွင့်အရေးအား ဖြုန်းတီးသလိုပင် ဖြစ်နေပေလိမ့်မည်။ ဇူယွမ်မှာ အချိန်အချို့ကြာအောင် အတွေးများကြား နစ်မြုပ်နေခဲ့ပြီးနောက် အကြံတစ်ခုအား တွေးတောမိလိုက်၏။
“ပုံမှန်နည်းလမ်းတွေက အလုပ်မဖြစ်ဘူး ဆိုမှတော့ အနက်ဖော် သူတော်စင် မှော်စာလုံးနဲ့ ဆိုရင်ရော”
ဇူယွမ်မှာ ရေရွတ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် မျက်ခုံးနှစ်ခုကြားထဲမှ သူတော်စင် မှော်စာလုံးအား စတင်လည်ပတ် စေလိုက်ပြီးနောက် မီးလုံးငယ်များအား တစ်ဖန်ပြန်လည် ကြည့်ရှုလိုက်သော အခါ၌ မီးလုံးငယ်များ အတွင်းမှ ကွဲပြားသော အလင်းရောင်များပေါ်ထွက်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
ယခုအခါတွင် ဇူယွမ်မှာ အတွင်းရှိ ပစ္စည်းများကို မသိရှိနိုင် သေးသော်လည်း ထွက်ပေါ်နေသော အလင်းရောင်၏ ပြင်းထန်မှုအား ကြည့်ကာ အရည်အသွေးကို သိရှိနိုင်ပြီပင် ဖြစ်၏။
အချို့သော မီးလုံးငယ်များမှာ အတွင်း၌ မည်သည့် အလင်းရောင်မှ မပါဝင်ဘဲ ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုမီးလုံးငယ်များမှာ မည်သည့် အရာဝတ္ထုမှ ပါဝင်ခြင်း မရှိသောကြောင့် ဖြစ်၏။ ထိုကဲ့သို့သော အလင်းရောင် မပါဝင်သည့် မီးလုံးငယ်အား ရွေးချယ်မိသောသူမှာ လက်ဗလာဖြင့်သာ မျှော်စင်အပြင်ဖက်သို့ ပို့ဆောင်ခံရမည် ဖြစ်လေသည်။
ဇူယွမ်၏မျက်နှာ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းလာခဲ့၏။ သူတော်စင် မှော်စာလုံးနှင့်သာဆိုလျှင် မီးလုံးငယ်များအား ကံတရားပေါ်ပုံအပ်ကာ စမ်းတဝါးဝါး ရွေးချယ်နေရန် မလိုအပ်တော့ပေ။
ထို့ကြောင့် ဇူယွမ်မှာ မျှော်စင်ထဲ၌ ဖြည်းညင်းစွာ လျှောက်လှမ်း နေရင်းဖြင့် မီးလုံးငယ်များကို စစ်ဆေးနေလိုက်တော့သည်။ ဇူယွမ် လျှောက်လှမ်းခဲ့သော လမ်းတစ်လျှောက်တွင် အလင်းလက်ဆုံး မီးလုံးငယ်လေးခုကို တွေ့ရှိခဲ့ရ၏။ ဇူယွမ်၏ ခန့်မှန်းချက်အရ ဆိုလျှင် ထိုမီးလုံးငယ်လေးခု၌ ကောင်းကင်ဘုံကျင့်စဥ် အဆင့်နှင့် တူညီသော ရတနာများ ပါဝင်နေပေလိမ့်မည်။
ဇူယွမ်မှာ လိုချင်တပ်မက်မှုများ တောက်လောင်နေသော မျက်ဝန်းများဖြင့် နှုတ်ခမ်းအား သပ်လိုက်မိ၏။ ကောင်းကင်ဘုံအဆင့် ကျင့်စဥ်များမှာ ကန်ရွှမ်းကလန်ထဲ၌ပင် ရှားပါးလှပြီး တပည့်များအတွက် ကြီးမားသော အောင်မြင်မှု တစ်စုံတစ်ရာမျှမရှိဘဲ ရရှိနိုင်ရန် အကြောင်းမရှိပေ။
တောင်ထွတ်ရွေးချယ်ခြင်း အခမ်းအနား၌ ချန်ပီယံ ဖြစ်ခဲ့သောကြောင့်သာ ဇူယွမ်မှာ အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဥ် တစ်ခုအား ဆုလာဒ်အဖြစ် ရရှိခဲ့ခြင်း ဖြစ်လေသည်။
မည်သည့်အဆင့်ရှိသော ကောင်းကင်ဘုံကျင့်စဥ်မဆို လူတစ်ဦး၏ တိုက်ပွဲစွမ်းရည်အား ကြီးမားစွာ မြှင့်တင်ပေးနိုင်၏။
“ဒီလေးခုထဲက တစ်ခုကို ကျပန်းရွေးလိုက်လို့ ရပြီပဲ” ဇူယွမ်မှာ အနည်းငယ်မျှ တွေဝေနေပြီးနောက် ရွေးချယ်ရန် လက်အား ဆန့်တန်းလိုက်ပြီး မီးလုံးငယ်တစ်ခုအား ထိလုဆဲဆဲအချိန်၌ပင် သိုလှောင်အိတ်ထဲမှ တုန်ခါနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဇူယွမ်မှာ အနောက်သို့ဆုတ်ကာ အင်္ကျီလက်မောင်းအိုးအား ဝေ့ရမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အလင်းရောင်များ တောက်ပနေကာ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လျက်ရှိသော ကျောက်စိမ်းပြား တစ်ခု ပေါ်လာခဲ့၏။
ထိုကျောက်စိမ်းပြားမှာ သူတော်စင် အကြွင်းအကျန် နယ်မြေ၌ ဇူယွမ်အား မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ပေးအပ်ခဲ့သော တံဆိပ်ပြားတစ်ခု ဖြစ်လေသည်။
အစောပိုင်း၌ ဇူယွမ်၏ သိုလှောင်အိတ်ထဲမှ တုန်ခါနေသော အသံမှာ ထိုကျောက်စိမ်းပြားစီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
“ဘာတွေဖြစ်နေတာလဲ” ဇူယွမ်မှာ လက်ထဲမှ ခပ်မှိန်မှန် လင်းလက်နေလျက် ရှိသော ကျောက်စိမ်းပြားအား ကြည့်ကာ အံ့အားသင့်နေမိလေသည်။ ထိုတံဆိပ်ပြားအား ရရှိချိန်မှစ၍ ယခုကဲ့သို့ တုန်ခါလာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။
ဇူယွမ်မှ အတွေးများကြားထဲ နစ်မြုပ်နေစဥ်မှာပင် မီးလုံးငယ်များမှာ တံဆိပ်ပြား တည်ရှိနေမှုအား သတိထားမိ သွားကြပြီးနောက် ချက်ချင်းဆိုသလိုပင် နံရံများထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားတော့သည်။ ဇူယွမ် ဂရုတစိုက်ဖြင့် ရွေးချယ်ထားခဲ့သော အလင်းလက် ဆုံးမီးလုံးငယ်လေး ခုသည်ပင် ပျောက်ကွယ်သွားခဲ့၏။
မီးလုံးငယ်များ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါ ဇူယွမ်မှာ အလွန် စိတ်ညစ်သွားရတော့သည်။ ဘာလို့ တံဆိပ်ပြားက မီးလုံးငယ်တွေကို ကြောက်လန့်စေရတာလဲ ...
အခုတော့ ရတနာကို ဘယ်လို ရနိုင်တော့မှာလဲ ...
“စိတ်ပျက်ဖို့ ကောင်းလိုက်တာကွာ”
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် မီးလုံးငယ်များ ပျောက်ကွယ် သွားသည်ကို ကြည့်လိုက်ရပြီးနောက် မျက်ရည်ကျလု မတက်ပင် ခံစားလိုက်ရ၏။ သို့သော် ဇူယွမ်၏ လက်ထဲမှ တံဆိပ်ပြားမှာ ဖြည်းညင်းစွာဖြင့် လေပေါ်သို့ မြောက်တက်လာကာ အရှေ့သို့ ပျံသန်း သွားလေတော့သည်။
ဇူယွမ်မှာ ရုတ်တရက် အံ့အားသင့် သွားပြီးနောက် ချက်ချင်းဆိုသလို တံတိပ်ပြား ဦးဆောင်ရာသို့ လိုက်ပါသွားခဲ့၏။ ဤနေရာမှာ မျိုးနွယ်စု ခေါင်းဆောင်၏ စွမ်းအင်ကျင့်ကြံရာ နေရာဖြစ်ခဲ့ပြီး ဇူယွမ်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကိုယ်တိုင် ပေးအပ်ခဲ့သော တံဆိပ်ပြားဖြင့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည့်အတွက် လက်ဗလာနှင့်တော့ ပြန်လည် ထွက်ခွာသွားရခြင်း မဖြစ်လောက်ပေ။
ဇူယွမ်မှာ တံဆိပ်ပြားနောက်သို့ လိုက်ပါလာခဲ့ရင်းမှ အလင်းတန်းများ၏ အဆုံးသို့ ရောက်ရှိသွားသဖြင့် ရပ်တန့်လိုက်မိသည်။ သို့သော်လည်း တံဆိပ်ပြားမှာ ရပ်တန့်သွားခြင်း မရှိဘဲ အရှေသို့ ဆက်လက် ပျံသန်းနေပြီးနောက် အလင်းတန်း၏ အဆုံးနေရာမှာ ဖြည်းညင်းစွာ အက်ကွဲလာသည်ကို တွေ့ရှိလိုက်ရ၏။
ဇူယွမ်မှာ ပျံဝဲနေသော တံဆိပ်ပြားအား ဖမ်းယူကာ ခေတ္တမျှ တွေဝေပြီးနောက် အံကို တင်းတင်းကြိတ်ကာ အက်ကွဲကြောင်းဆီသို့ ဆက်လက် လျှောက်လှမ်း သွားလိုက်လေသည်။
အက်ကွဲကြောင်းပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် ဇူယွမ်၏ ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်း အခန်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့၏။ အခန်းကြီးမှာ အတော်ပင် အိုဟောင်းနေပြီနေကာ ရိုးရှင်းသော အပြင်အဆင်များနှင့်သာ တန်ဆာဆင်ထားလေသည်။
ဇူယွမ်မှာ သူ၏ရှေ့၌ရှိနေသော ကျောက်ဖျာချပ်ကြီးအား ငေးမောကြည့်ရှုရင်းဖြင့် အံ့သြစွာ ရေရွတ်လိုက်မိ၏။
“ဒီနေရာက မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း စွမ်းအင် ကျင့်ကြံခဲ့တဲ့ နေရာများလား”
ဇူယွမ်မှာ အချိန်အချို့ကြာအောင် ပတ်ဝန်းကျင်အား လေ့လာ နေခဲ့ပြီးနောက် ကျောက်ဖျာချပ်ကြီးပေါ်ရှိ စားပွဲတစ်ခုထံ၌ အကြည့်များ ရပ်တန့်သွားခဲ့လေသည်။ ထိုစားပွဲပေါ်၌ ကျောက်စိမ်းစာလိပ်လေးခု ရှိနေခဲ့၏။
ဇူယွမ်မှာ စူးစိမ်းလိုစိတ်ဖြင့် ကျောက်စိမ်းစာလိပ် တစ်ခုအား ကောက်ယူကြည့်ရှု လိုက်သောအခါတွင် အံ့အားသင့်သွားသောကြောင့် မျက်ဝန်းများပင် ပြူးကျယ်သွားခဲ့ရသည်။
“ဟာ ... ဒါအလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျင့်စဥ်တစ်ခုပဲ”
ကန်ရွှမ်းကလန်၌ တပည့်များအား အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဥ်ကိုသာ ပေးအပ်လေ့ရှိပြီး အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျင့်စဥ် တစ်ခုကို ရရှိနိုင်ရန်မှာ လွန်စွာခဲယဥ်းလှ၏။ ထို့ကြောင့် အခန်းထဲတွင်ရှိနေသော စာလိပ်တစ်ခုအား ကြုံရာကောက်ယူ လိုက်သည့် အချိန်တွင် အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျင့်စဥ်တစ်ခု ပါဝင်နေလိမ့်မည်ဟု ဇူယွမ်မှ တွေးပင် မထားဖူးခဲ့ချေ။
ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် ကျန်ရှိနေသော စာလိပ်သုံးခုအား လျင်မြန်စွာပင် ကောက်ယူစစ်ဆေး လေတော့သည်။ စာလိပ်သုံးခုထဲမှ နှစ်ခုမှာလည်း အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျင့်စဥ်များ ဖြစ်သည်ကို တွေ့ရှိလိုက်ရပြီး နောက်ဆုံးကျန်ရှိသော စာလိပ်မှာ အဆင့်ခုနစ် ချီကျင့်စဥ်တစ်ခု ဖြစ်နေ၏။
စာလိပ်များမှာ အခန်းထဲရှိ မြင်သာသောနေရာ၌ ထားရှိထားခြင်း ဖြစ်သောကြောင့် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ထိုစာလိပ်များအား တန်ဖိုးမထားကြောင်း ထင်ရှားနေပေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအတွက် ထိုကျင့်စဥ်လေးများမှာ အရေးမပါသော်လည်း ဇူယွမ်ကဲ့သို့သော သူမျိုးအတွက် ဤအရာများမှာ အိပ်မက်ပင် မက်ခွင့်မရှိသော ရတနာများပင် ဖြစ်၏။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုပါက ဇူယွမ်မှာ စာလိပ်များ အားလုံးကိုပင် သယ်ဆောင်သွားချင်မိလေသည်။
သို့သော်လည်း အဆုံး၌ ဇူယွမ်မှာ လောဘစိတ်များကို ချိုးနှိမ်ခဲ့ရ၏။ ရှေးဟောင်းမျှော်စင်၌ စည်းမျဥ်းစည်းကမ်းများ ရှိနေကာ တစ်ခုထက်ပို၍ သယ်ဆောင်ခဲ့သည်ကို သိရှိသွားခဲ့ပါက မည်သည့်အရာမှ ရရှိနိုင်တော့မည် မဟုတ်ချေ။
“အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျင့်စဥ်ထဲက တစ်ခုကို ရွေးလိုက်ပါတော့မယ်လေ” ဇူယွမ်မှာ အချိန်ကြာမြင့်စွာ တွေဝေနေခဲ့ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချနိုင်ခဲ့၏။
ဇူယွမ်မှာ ကျောက်စိမ်းစာလိပ် တစ်ခုအား ဆွဲယူကာ ထွက်ခွာတော့မည် အချိန်မှာပင် ကျောက်ဖျာချပ်၏ အစွန်ပိုင်းတွင် ရှိနေသော အပင်ငယ်လေးတစ်ခုအား သတိထားမိခဲ့သည်။
ထိုသစ်ပင်ငယ်လေးမှာ ထူးခြား မနေပါသော်လည်း ဇူယွမ်မှာ အနက်ဖော်သူတော်စင် မှော်စာလုံးကို အသုံးပြုနေဆဲ ဖြစ်သည့်အတွက် အပင်ကိုယ်ထည်ပေါ်မှ ရှေးဟောင်း အမှတ်အသားများကို တွေ့ရှိခဲ့ရ၏။
ထို့ကြောင့် ဇူယွမ်မှာ ကျောက်စိမ်းစာလိပ်အား ပြန်ချထားလိုက်ပြီးနောက် အပင်ငယ်လေးအား ဂရုတစိုက်ဖြင့် မ,ယူကာ အနက်ဖော် သူတော်စင် မှော်စာလုံးဖြင့် ရှေးဟောင်း အမှတ်အသားများအား စုစည်းစေလိုက်လေသည်။
ထို့နောက် ဇူယွမ်၏ ဦးနှောက်ထဲသို့ သတင်းအချက်အလက်များ စတင်၍ ဝင်ရောက်လာခဲ့တော့၏။
“ထာဝရကိုယ်ခန္ဓာ ထိုက်ရိသစ်စိမ်းပင်အမှတ်အသား”