← Chapters

ထိုက်ရိသစ်စိမ်းပင်အမှတ်အသား

Vol. 28 Ch. 387

ထိုက်ရိသစ်စိမ်းပင်အမှတ်အသား

Vol. 28 Ch. 387

“ထာဝရကိုယ်ခန္ဓာ ...”

“ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ...”

ဇူယွမ်မှာ ဦးနှောက်ထဲသို့ ဝင်ရောက်လာသော အချက်အလက်များကို လက်ခံရယူနေရင်းဖြင့် အမူအရာတို့ ပြောင်းလဲလာခဲ့ရသည်။

“ဘယ်လိုတောင် ကံကောင်းနေရတာလဲ”

ဇူယွမ်မှာ ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ သစ်ပင်ငယ်ပေါ်တွင် ထွင်းထုထားသော အချက်အလက်များမှာ ဆန်းကြယ်လှသော မူလကျင့်စဥ်တစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ ထိုကျင့်စဥ်မှာ မည်မျှအဆင့်ရှိသည်ကို ဇူယွမ်မှ မသိရှိပါသော်လည်း မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ အပင်ငယ်ပေါ်တွင် လျှို့ဝှက်စွာ ထွင်းထုခဲ့ခြင်း ဖြစ်သဖြင့် အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျင့်စဥ်များနှင့် ကွာခြားသည်မှာ  ထင်ရှားလှ၏။

“ဒီကျင့်စဥ်က ဘယ်လောက်တောင် ထူးခြားလို့ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ဒီလို ထွင်းထုခဲ့ရတာလဲ ဆိုတာ သိချင်လိုက်တာ”

ထိုသို့ ရေရွတ်ကာ ဇူယွမ်မှာ အနက်ဖော် သူတော်စင် မှော်စာလုံးဖြင့် ကျင့်စဥ်အား စစ်ဆေးလိုက်ပြီးနောက်တွင် စိတ်ထဲသို့ များစွာသော အချက်အလက်များ  အဆက်မပြတ် ဝင်ရောက်လာခဲ့​လေသည်။

ဇူယွမ်မှာ အချက်အလက်များအား ခေတ္တမျှ ကြည့်ရှုပြီးနောက်တွင် ထိုက်ရိသစ်စိမ်းပင် အမှတ်အသား၏ အကြောင်းအား နားလည်သွားခဲ့၏။

ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း တီထွင်ခဲ့သော ထူးခြားသည့် မူလကျင့်စဥ်တစ်ခု ဖြစ်ကာ ပတ်ဝန်းကျင်မှ ထိုက်ရိချီ စွမ်းအင်များအား စုပ်ယူ၍ အမှတ်အသား ဖန်တီးနိုင်သော ကျင့်စဥ်တစ်ခုပင် ဖြစ်သည်။

ထိုက်ရိချီစွမ်းအင်ဟု ခေါ်ဆိုရခြင်းမှာ ထိုစွမ်းအင်သည် ထူးခြားသော ရှေးဟောင်းသစ်သား ဒြပ်စင်များမှသာ ရရှိနိုင်၍ဖြစ်ပြီး သစ်သားဒြပ်စင် ရှေးကျလေလေ ထိုက်ရိချီစွမ်းအင်များ ပါဝင်လေလေ ဖြစ်၏။

ထိုက်ရိချီစွမ်းအင်မှာ လူတစ်ဦး၏စွမ်းအားကို မတိုးမြှင့်ပေး နိုင်ပါသော်လည်း အသုံးပြုသူအား ကြောက်မက်ဖွယ်ရာ ကောင်းလောက်သော စွမ်းအင်ပမာဏကို ရရှိစေနိုင်ပေလိမ့်မည်။

ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ အသုံးပြုသူ၏ ခြေလက်အင်္ဂါများကို ပြန်လည်ထွက်ပေါ် စေနိုင်ရုံသာမက ကျင့်စဥ်တစ်ခုလုံးအား ပြီးပြည့်စုံသည်အထိ တက်မြောက်သွားပါက ပြာမှုန့်အဆင့်သို့ မရောက်မချင်း ဦးခေါင်းတစ်ခုထဲသာ ကျန်ရှိမည်ဆိုလျှင်ပင် ခန္ဓာကိုယ် တစ်ခုလုံးအား ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်၏။ ပြောရမည်ဆိုလျှင် ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ ထာဝရ ကိုယ်ခန္ဓာအား ဖြစ်တည်စေနိုင်သော ကျင့်စဥ်တစ်ခုပင် ဖြစ်လေသည်။

“ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလောက်သလဲ” ဤမျှလောက် ထူးခြားဆန်းကြယ်သော ကျင့်စဥ်ကို တစ်ခါမှ မမြင်တွေ့ခဲ့ ဖူးသောကြောင့် ဇူယွမ်မှာ အသက်ရှူများပင် မြန်လောက်အောင် စိတ်လှုပ်ရှားနေမိ၏။

ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်သော အသက်စွမ်းအင် ပမာဏအား ပေးစွမ်းကာ နတ်ဘုရားတစ်ပါးအလား ထာဝရကိုယ်ခန္ဓာဖြင့် ရှင်သန်နေထိုင် စေနိုင်လေသည်။

ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ဂရုတစိုက်ဖြင့် သစ်ပင်ငယ်ပေါ် ရေးထွင်းခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ကျင့်စဥ်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနိုင်ခဲ့မည်ဆိုပါက ဤကမ္ဘာကြီးပေါ်၌ တားဆီးမရနိုင်သော လူတစ်ဦးပင် ဖြစ်လာနိုင်လောက်၏။

“ဒီကျင့်စဥ်က ဘယ်အဆင့်လောက် ရှိမလဲဆိုတာ သိချင်လိုက်တာ”

ဇူယွမ်မှ နှုတ်ခမ်းများကို ဖိကိုက်ကာ ရေရွတ်လိုက်၏။ ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်မှာ အသုံးပြုသူ၏စွမ်းအားကို မတိုးမြှင့်ပေးနိုင် ပါသော်လည်း ၎င်း၏ အသုံးဝင်မှုအရ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဥ် တစ်ခုထက်ပင် သာလွန်​နေနိုင်ပေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်ကို ပြီးပြည့်စုံစေနိုင်ဖို့ကတော့ လွယ်မှာမဟုတ်ဘူး” ဇူယွမ်မှာ လှုပ်ရှားနေသော စိတ်အစုံကို ပြန်လည်တည်ငြိမ် စေလိုက်၏။

ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်အား လေ့လာသင်ယူနိုင်ရန် အရေးကြီးဆုံးသော လိုအပ်ချက်မှာ ထိုက်ရိချီစွမ်းအင်ပင် ဖြစ်သည်။

ရှေးဟောင်းသစ်သား ဒြပ်စင်မှာ အိုဟောင်းကာ ရှားပါးလေလေ ပါဝင်သော ထိုက်ရိချီစွမ်းအင်မှာ များပြားလေလေပင် ဖြစ်၏။ သို့သော်လည်း ရှေးဟောင်းသစ်သား ဒြပ်စင်မှာ ရှားပါး အရင်းအမြစ်တစ်ခု ဖြစ်သည့်အတွက် ကျင့်စဥ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ရန် ထိုက်ရိချီစွမ်းအင် မည်မျှပင် လိုအပ်လိမ့်မည်ကို ဇူယွမ် မမှန်းဆနိုင်ခဲ့ချေ။

ဇူယွမ်မှာ သူ၏ရှေ့တွင် ရှိနေသော သစ်ပင်ငယ်အား ကြည့်နေရင်းဖြင့် နှုတ်ခမ်းထက်၌ လျှို့ဝှက်သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

ထိုက်ရိသစ်စိမ်းပင် အမှတ်အသားအား တွေ့ရှိခဲ့ရခြင်းမှာ ကံတရားကြောင့်ဟုပင် ဆိုဆို ဇူယွမ်မှာ လက်လျှော့လိုက်ရန် အစီအစဥ် မရှိသောကြောင့် သစ်ပင်ငယ်အား မ,ယူကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

ဇူယွမ်မှာ မည်သည့်အရာပင် ပေးဆပ်ရပါစေ ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်အား ပြီးပြည့်စုံသည်အထိ ကျင့်ကြံရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။

ဇူယွမ်မှာ ရှေးဟောင်းအခန်းထဲမှ ထွက်ခွာ လာခဲ့ပြီးနောက် ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကဲ့သို့ ကျင့်စဥ်များအား နောက်လူများမှ သုံးစွဲနိုင်ရန် ထားရှိပေးခဲ့သော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား လေးစားခြင်းကို ပြသသည့်အနေဖြင့် လက်နှစ်ဖက်အား ဆုပ်ကာ အရိုအသေပြုလိုက်၏။

အခန်းထဲမှ ထွက်ခွာပြီး မကြာမီ၌ပင် ဇူယွမ်၏ ပတ်ဝန်းကျင်မှာ ထပ်မံပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းမျှော်စင်၏အပြင်ဖက်သို့ ရောက်ရှိသွားကာ မျှော်စင်တံခါးဝမှာ ပြန်လည် ပိတ်သွားခဲ့တော့သည်။

ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သော အခါတွင် မျှော်စင်၏အရှေ့၌ လူနှစ်ဦး ရပ်လျက်ရှိနေသည်ကို တွေ့လိုက်ရ၏။

တစ်ဦးမှာ တံမြက်စည်းအားဖက်၍ လှေကားထစ်တွင် ထိုင်ကာ ငိုက်မြည်းနေသော ရွှမ်းအဘိုးအိုဖြစ်ကာ ကျန်တစ်ဦးမှာ ငယ်ရွယ်ခန့်ညားသော ရုပ်ရည်ရှိသည့် ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင် လင်ကျွမ်းပင် ဖြစ်လေသည်။

လင်ကျွမ်းမှာ ဇူယွမ်အား တွေ့ရှိလိုက်ရသော အခါတွင် မည်သည့်စကားမှ မဆိုဘဲ တည်ငြိမ်လေးနက်သော မျက်ဝန်းများဖြင့်သာ ကြည့်နေခဲ့၏။

လင်ကျွမ်း၏ အကြည့်တွင် ထက်ရှလှသော စွမ်းအင်ဖိအားများ ပါဝင်နေခဲ့သဖြင့် ဇူယွမ်၏ တစ်ကိုယ်လုံးမှာ ဓားနှင့် မွှန်းခံရသကဲ့သို့ နာကျင်လာခဲ့ရသည်။ အကယ်၍ လင်ကျွမ်းကသာ သေစေလိုသော ဆန္ဒရှိမည်ဆိုပါက အကြည့်တစ်ချက်ဖြင့်ပင် ဇူယွမ်၏ ခန္ဓာကိုယ်အား အပိုင်းပိုင်း ပြတ်သွားစေနိုင်၏။

သို့သော် ချက်ချင်းဆိုသလိုပင် လင်ကျွမ်းမှာ စွမ်းအင်ဖိအားများကို ရုတ်သိမ်းလိုက်ပြီးနောက် ဇူယွမ့်ထံသို့ လျှောက်လှမ်းလာကာ ပြုံး၍မေးလိုက်သည်။

“ဇူယွမ် မင်းက တော်တော် အရည်အချင်းရှိတဲ့ ကောင်လေးပဲ။ ငါ့ရဲ့ ဓားကပ်ဘေး တောင်ထွတ်ကိုလာဖို့ စိတ်ဝင်စားလား”

ဇူယွမ်မှာ လင်ကျွမ်း၏ တဲ့တိုးဆန်လှသော မေးခွန်းကြောင့် မည်သည့်စကားမှ ပြန်မပြောနိုင်လောက်အောင် အံ့အားသင့်သွားလေသည်။

“လီထျန်းနဲ့ တခြားသူတွေက မင်းကိုရှုံးတယ်ဆိုတာ သူတို့ဘာသာ အသုံးမကျလို့ပဲ။ အဲဒီအတွက်လည်း သူတို့ကို အပြစ်ပေးထားပြီးပြီ။ မင်းရဲ့ပါရမီနဲ့ဆိုရင် မူလသူတော်စင် တောင်ထွတ်မှာနေတာက အရည်အချင်းကို ဖြုန်းတီးပစ်နေသလိုပဲ”

“မင်းသာ ငါ့ရဲ့ ဓားကပ်ဘေး တောင်ထွတ်ကို လာမယ်ဆိုရင် သုံးနှစ်အတွင်း ရွေးချယ်ခံတစ်ယောက် ဖြစ်လာရမယ်လို့ အာမခံတယ် ဘယ်လိုလဲ”

ဇူယွမ်မှ ခါးသက်စွာ ရီမောလိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ တုံ့ပြန်လိုက်၏။

“ဒီလူငယ်လေးက တောင်ထွတ်ဆရာသခင် လင်ကျွမ်းရဲ့ အသိအမှတ် ပြုမှုတွေအတွက် ကျေးဇူးတင်ပါတယ်”

လင်ကျွမ်းမှာ ငြင်းဆန်မှုအား အမှုထားပုံမရဘဲ ဇူယွမ်အား လေးနက်စွာကြည့်ကာ မေးမြန်းလိုက်လေသည်။

“မင်းကဘာလို့ မူလသူတော်စင် တောင်ထွတ်မှာပဲ မရရအောင် ကပ်တွယ် နေရတာလဲဆိုတာ ငါသိချင်မိတယ်”

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် ပြန်၍ပြောလိုက်၏။

“အဲဒီအကြောင်းကို တောင်ထွတ်ရွေးချယ်တဲ့ အခမ်းအနားမှာထဲက ကျွန်တော်ပြောခဲ့ပြီးပါပြီ။ သူတော်စင် အကြွင်းအကျန်ဒေသမှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းရဲ့ ကောင်းချီးပေးမှုတွေ အများကြီးကို ရရှိခဲ့တာကြောင့် ကျွန်တော်က ကန်ရွှန်းကလန်ကို ရွေးချယ်ခဲ့တာ။ ဒါပေမဲ့ ကလန်ကို ရောက်လာရုံတင် မဟုတ်ဘဲ မူလသူတော်စင် တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်တက်လာအောင်လုပ်ပြီး မျိုးနွယ်စု ခေါင်းဆောင်ကို ပြန်လည်ပေးဆပ်ချင်တဲ့ ဆန္ဒရှိပါတယ်”

လင်ကျွမ်းမှာ ​မည်သည့်စကားမှ ထပ်၍မပြောတော့ဘဲ တိတ်ဆိတ်သွားလေသည်။ လှေကားထစ်တွင် ငိုက်မြည်းနေသော ရွှမ်းအဘိုးအိုမှာ မျက်လုံးဖွင့်ကာ ဇူယွမ်အား မော့ကြည့်၍ ရေရွတ်လိုက်၏။

“ဒီလောက်ငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက်က ပေးဆပ်ခြင်းရဲ့ အဓိပ္ပါယ်အစစ်ကို နားလည်လိမ့်မယ်လို့ မထင်ထားမိဘူး”

ထို့နောက် ရွှမ်အဘိုးအိုမှာ လက်ကျွမ်းဖက်သို့လှည့်ကာ စကားဆိုလိုက်လေသည်။

“မူလသူတော်စင် တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်နဲ့ နှိုင်းယှဥ်ရမယ်ဆိုရင် လူစည်ကားတဲ့မြို့တော်နဲ့ လူမရှိသူမရှိ ဇမပုဒ်လေးတစ်ခုလို ကွာလွန်းလှပါတယ်။ မကြာခင် အချိန်တွင်းမှာပဲ မင်းတို့တောင်ထွတ်က ပြန်ပြီးဦးမော့ လာနိုင်ဦးမှာပါ”

လင်ကျွမ်းမှာ ရွမ်အဘိုးအိုမှ ထွက်ခွာ စေချင်နေသည်ကို  သိရှိသွားပြီးနောက် ဇူယွမ်အား ကြည့်နေရင်းမှ ရွှမ်အဘိုးအိုအား တစ်ချက်မျှကြည့်ကာ တဖြည်းဖြည်းနှင့် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

လင်ကျွမ်း ထွက်ခွာသွားသည်ကို သိရှိလိုက်ရသည့် အခါမှသာ ဇူယွမ်မှာ ဝန်ထုပ်ဝန်ပိုးကြီး လျော့ပါးသွားသည့်အလား သက်ပြင်းချနိုင်တော့သည်။ လင်ကျွမ်းကဲ့သို့ မိမိအသက်ခန္ဓာအား အကြည့်တစ်ချက်ဖြင့်ပင် ရယူနိုင်သော သူတစ်ဦး၏ရှေ့တွင် ရပ်နေရခြင်းက ဇူယွမ်အား ပြင်းထန်သော စိတ်ဖိအားကို ဖြစ်ပေါ်စေ၏။

ထို့အပြင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲ၌ ဇူယွမ်မှာ ဓားကပ်ဘေး တောင်ထွတ်အား အပြစ်ပြုခဲ့မိသည့်အတွက် လင်ကျွမ်းအား အမှန်တကယ်ပင် ကြောက်ရွံ့နေမိလေသည်။

ရွှမ်အဘိုးအိုမှာ တံမြက်စည်းကို အားပြု၍ မတ်တတ် ရပ်လိုက်ကာ ဇူယွမ်အား အချိန်အနည်းငယ်မျှ ငေးကြည့်နေပြီးနောက် ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။

“လူငယ်လေး ... မင်း ... ဆရာသခင်ရဲ့ ကျင့်ကြံခြင်း အခန်းထဲကို ဝင်သွားခဲ့တာလား”

ထို့နောက် ရွှမ်အဘိုးအိုမှာ ခေတ္တမျှ တိတ်ဆိတ်သွားကာ  ဆက်၍ ပြောလေသည်။

“အဲဒီနေရာမှာရှိတဲ့ ပစ္စည်းတွေက သာမန်တပည့်တွေ လက်လှမ်းမမှီနိုင်တဲ့ အရာတွေပဲ”

All Chapters