အခန်း (၃၆၉-၃၇၀)
Vol. 37 Ch. 369-370
အခန်း (၃၆၉)
ရှောင်အိမ်တော် နောက်ဘက်ခြံဝင်း
ဤခြံဝင်းငယ်လေးထဲတွင် တတိယသခင်မ ကျိုးရူရှီးသည် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေခဲ့လေ၏။
အစေခံမလေး ချွေ့ချွေ့က ကျိုးရူရှီး၏ဘေးတွင် ထိုင်ကာ သူမ၏ သခင်မအတွက် လက်ဖက်ရည်ဖျော်ပေးခြင်းနှင့် မုန့်များကို ပြင်ဆင်ပေးခြင်းတို့ ပြုလုပ်နေခဲ့သည်။
ချွေ့ချွေ့က ခေါင်းမော့ကြည့်လိုက်ချိန်တွင်ပင် သခင်လေးနှင့် မင်းသမီးလေးတို့ လျှောက်လာကြသည်ကို မြင်တွေ့လိုက်ရပေသည်။
"သခင်မလေး... သခင်လေးနဲ့ မင်းသမီးလေးတို့ ရောက်လာကြပြီ" အစေခံမလေး ချွေ့ချွေ့က ပျော်ရွှင်စွာ အော်ပြောလိုက်လေ၏။
ချွေ့ချွေ့၏ အသံကို ကြားလိုက်ရသောအခါ ကျိုးရူရှီးကလည်း ခေါင်းမော့ကာ ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"မိုအာ... သား ပြန်လာပြီလား" ကျိုးရူရှီးက ပြုံးလျက် ပြောလိုက်ပြီး သားဖြစ်သူ ပြန်လာသည်ကို မြင်လိုက်ရသဖြင့် မတ်တတ်ရပ်လိုက်လေ၏။ ထို့နောက် သူမက ချင်စီယောင်ကို အရိုအသေပေးလိုက်သည်။ "ကျွန်တော်မျိုးမက မင်းသမီးလေးကို နှုတ်ဆက်ပါတယ်"
"အန်တီကျိုး... ဒီမှာ တခြားလူတွေမှ မရှိတာ။ ကျွန်မကို အဲဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး" ချင်စီယောင်က ပြောလိုက်ပြီး ကျိုးရူရှီးကို အလျင်အမြန် ကူညီထူမပေးလိုက်ရာ သူမ၏ ပါးပြင်လေးများက ခပ်ရေးရေး နီမြန်းနေခဲ့ပေသည်။
ကျိုးရူရှီးက ဘေးနားရှိ မင်းသမီးလေးကို ကြည့်လိုက်ရာ သူမမှာ အနည်းငယ် ရှက်ရွံ့နေပုံပေါ်ပြီး အနည်းငယ် စိုးရိမ်တုန်လှုပ်နေသည့်အလား ဖြစ်နေလေ၏။
ဘာကြောင့်မှန်းမသိ ကျိုးရူရှီးသည် မင်းသမီးလေးက သူမချစ်မြတ်နိုးရသူ၏ မိဘအုပ်ထိန်းသူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရသော သတို့သမီးငယ်လေးတစ်ဦးနှင့် တူနေသည်ဟု ခံစားလိုက်ရပေသည်။
ထို့အပြင် မင်းသမီးလေး၏ အကြည့်များက သူမ၏ သားဖြစ်သူထံသို့ ရံဖန်ရံခါ ရောက်ရှိသွားလေ့ရှိလေ၏။
ကျိုးရူရှီးက သားဖြစ်သူနှင့် မင်းသမီးလေးကို တစ်ချက်ကြည့်လိုက်ပြီး သူတို့နှစ်ဦးကြားတွင် တစ်ခုခုများ ဖြစ်ခဲ့သလားဟု ခံစားလိုက်ရသည်။
"အမေ... မနေ့က နန်းတော်ထဲကနေ ဧကရာဇ်ရဲ့ အမိန့်တော် ရောက်လာတယ်။ သား မနက်ဖြန်မနက် မြောက်ပိုင်း လူသူကင်းမဲ့ဒေသကို ထွက်ခွာရမယ်" ဟု ရှောင်မိုက မိခင်ဖြစ်သူကို ပြောလိုက်လေ၏။
ဤစကားများကို ပြောဆိုနေစဉ် ရှောင်မို၏ နှလုံးသားထဲတွင် အလွန်တရာ အပြစ်မကင်းသလို ခံစားနေရပေသည်။
သူ သံမဏိကျားတပ်မတော်သို့ ဝင်ရောက်ပြီးကတည်းက မိခင်ဖြစ်သူကို ပြန်လည်တွေ့ဆုံနိုင်ရန် ခုနစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့လေ၏။
သို့သော် ယခုအခါ၌ သူမနှင့်အတူ တစ်လကျော်ကျော်လေးမျှသာ နေထိုင်ပြီးနောက် သူက ထပ်မံ၍ ထွက်ခွာရပြန်တော့မည်။
"ဒီလိုလား" ကျိုးရူရှီး၏ မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက သားဖြစ်သူ ရိပ်မိမည်ကို စိုးရိမ်သဖြင့် သူမ၏ ခံစားချက်များကို အလျင်အမြန် ဖိနှိပ်လိုက်လေ၏။
"အမေ... သား တောင်းပန်ပါတယ်။ သား အမေ့အနားမှာ ဆက်မနေပေးနိုင်တော့ဘူး" ရှောင်မိုက မိမိကိုယ်ကိုယ် အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။
"အရူးလေး... အဲဒါက ဘာများ အရေးကြီးလို့လဲ"
ကျိုးရူရှီးက ရှေ့သို့တိုးလာပြီး ရှောင်မို၏ ကော်လာကို သပ်ရပ်အောင် ပြင်ဆင်ပေးလိုက်လေ၏။
"မိုအာ... အခုဆို သားက ချင်တိုင်းပြည်ရဲ့ ဆီးနှင်းမင်းသားဖြစ်နေပြီ။ တိုင်းပြည်အတွက် စစ်ချီရတာက မှန်ကန်တဲ့ ကိစ္စပါပဲ။ ပြီးတော့ သားက ခုနစ်ပေအရပ်ရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ပဲလေ။ အမေ့ဘေးနားမှာပဲ အမြဲတမ်း နေနေလို့ ဘယ်ဖြစ်ပါ့မလဲ။ အဲဒါက ဘယ်လိုစကားမျိုးလဲ။
ခြံဝင်းထဲမှာ ခဏလောက် ထိုင်နေဦးနော်။ အမေ သားကို နှုတ်ဆက်ဖို့ ဟင်းတချို့ သွားချက်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ အမေ" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။
"အန်တီကျိုး... သမီး... သမီးလည်း ကူညီပေးမယ်"
ကျိုးရူရှီး ဟင်းချက်မည်ကို ကြားလိုက်ရသောအခါ ချင်စီယောင်က အလျင်အမြန် ကူညီပေးရန် ကမ်းလှမ်းလိုက်လေ၏။
"မင်း ဟင်းချက်တတ်လို့လား" ရှောင်မိုက ချင်စီယောင်ကို မေးလိုက်သည်။ သူမက မုန့်လုပ်တတ်သော်ငြား သူမ ဟင်းချက်သည်ကိုတော့ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
"သမီး... သမီး မချက်တတ်ပါဘူး။ ဒါပေမဲ့ အန်တီကျိုးက သမီးကို သင်ပေးလို့ရတယ်မလား။ ဟုတ်တယ်မလား အန်တီကျိုး" ချင်စီယောင်က ကျိုးရူရှီး၏ လက်မောင်းကို ဆွဲကိုင်ကာ ပြောလိုက်လေ၏။
"မင်းသမီးလေးက သင်ယူချင်တယ်ဆိုရင်တော့ ရတာပေါ့" ကျိုးရူရှီးက ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အန်တီကျိုး"
ချင်စီယောင်က ကျိုးရူရှီး၏နောက်မှ မီးဖိုချောင်ထဲသို့ ပျော်ရွှင်စွာ လိုက်ပါသွားလေ၏။
ချွေ့ချွေ့မှာလည်း အနည်းငယ် နေမထိထိုင်မသာဖြစ်ကာ သူတို့၏နောက်မှ မီးဖိုချောင်ထဲသို့ လိုက်ပါသွားခဲ့ပေသည်။
ရှောင်မိုက ခြံဝင်းအတွင်း၌ တစ်ယောက်တည်း ထိုင်နေပြီး သူ၏ မိခင်ဖြစ်သူက မီးဖိုချောင်ထဲတွင် စီယောင်ကို သေချာစွာ သင်ကြားပြသပေးနေသည်ကို ကြည့်ကာ စီယောင်၏ အနည်းငယ် ပြာယာခတ်နေသော ပုံစံလေးကို မြင်လိုက်ရသောအခါ သူ အပြုံးတစ်ခုကို မတားဆီးနိုင်ခဲ့ချေ။
ဖြစ်နိုင်သည်က သူ ထွက်သွားပြီးနောက်တွင် စီယောင် ရှိနေသောကြောင့် သူ၏မိခင်မှာ သိပ်ပြီး အထီးကျန်လိမ့်မည် မဟုတ်ပေ။
အချိန် တစ်နာရီခန့် အကြာတွင် ချင်စီယောင်နှင့် ချွေ့ချွေ့တို့သည် ဟင်းပွဲများကို သယ်ဆောင်ကာ မီးဖိုချောင်ထဲမှ နောက်ဆုံးတွင် ထွက်လာခဲ့ကြလေ၏။
ချင်စီယောင်၏ ဖြူဖွေးနုနယ်သော မျက်နှာလေးပေါ်တွင် မီးသွေးခဲများ စွန်းပေနေပြီး ကြောင်ပေါက်လေးတစ်ကောင်နှင့် တူနေကာ ရေဆေးကြောရန် အချိန်အတော်ကြာ ယူလိုက်ရပေသည်။
"ရှောင်မို... မြန်မြန်စားကြည့်ပါဦး။ ဒါက ငါ ပထမဆုံးအကြိမ် ဟင်းချက်တာဆိုပေမဲ့ အန်တီကျိုးက ငါ့မှာ ပါရမီအများကြီးရှိတယ်လို့ ပြောတယ်"
ချင်စီယောင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်ပြီး ဝက်သားဟင်းတစ်တုံးကို ရှောင်မို၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေ၏။ သူတို့တစ်အုပ်စုလုံးက ကျောက်သားစားပွဲဝိုင်းတွင် မိသားစုတစ်စုပမာ ထိုင်နေကြပေသည်။
"ကောင်းပြီလေ ငါ စားကြည့်မယ်" ရှောင်မိုက ပြုံးလျက် တစ်ကိုက် ကိုက်စားလိုက်သည်။
"ဘယ်လိုလဲ။ အရသာရှိလား" ချင်စီယောင်က တောက်ပသော မျက်လုံးများဖြင့် မေးလိုက်လေ၏။
"အရသာရှိတယ်" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။
သို့ရာတွင် ရှောင်မိုက သူ၏ စိတ်ထဲ၌ ဘယ်လိုလုပ် အရသာမရှိဘဲ နေမှာလဲဟု တွေးလိုက်မိပေသည်။
ဤဟင်းပွဲတစ်စားပွဲလုံးက သူ၏မိခင်က စီယောင်၏ နောက်ကွယ်တွင် ရပ်ကာ တကယ်ကို လက်ကိုင်ပြီးသင်ကြားပြသပေးကာ ချက်ပြုတ်ထားခြင်းဖြစ်သည်။
"အရသာရှိရင် များများစားလေ" ကျိုးရူရှီးက ရှောင်မို၏ ပန်းကန်ထဲသို့ ဟင်းများ ထပ်ထည့်ပေးလိုက်လေ၏။ "ဒါက သားရဲ့ ကံကောင်းမှုပဲလေ။ မင်းသမီးလေးက ပထမဆုံးအကြိမ် ဟင်းချက်ပေးရုံတင်မကဘူး သူချက်ထားတဲ့ ဟင်းတွေအကုန်လုံးက သားအကြိုက်တွေချည်းပဲ"
"အန်တီကျိုး..." ချင်စီယောင်က ခေါင်းငုံ့ကာ ရှက်သွေးဖြာသွားခဲ့ပေသည်။
မင်းသမီးလေး၏ ရှက်ရွံ့နေသော ပုံစံလေးကို ကြည့်ကာ ကျိုးရူရှီးက ဘာမှ ထပ်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးနေခဲ့လေ၏။
ညစာစားနေစဉ်အတွင်း ကျိုးရူရှီးက ရှောင်မို မြောက်ပိုင်း လူသူကင်းမဲ့ဒေသသို့ သွားမည့် အသေးစိတ် အချက်အလက်များကို မမေးမြန်းခဲ့သော်ငြား၊
ရှောင်မိုက သူမကို ပြောပြခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေ သူ၏ မိခင်က တစ်ချိန်ချိန်တွင် သေချာပေါက် သိရှိလာမည်သာ ဖြစ်သည်။
သူ၏မိခင်ကို နောက်မှ စိတ်ပူနေစေမည့်အစား ယခုအချိန်မှာပင် တိုက်ရိုက် ပြောပြလိုက်ခြင်းက ပိုကောင်းလေ၏။
သို့သော် ရှောင်မိုသည် အခြေအနေ၏ ပြင်းထန်မှုကို အနည်းငယ် လျှော့ပေါ့ပြောဆိုခဲ့ပြီး ဝေ့တိုင်းပြည်က မည်မျှ အားနည်းကြောင်းနှင့် နှင်းနင်းနဂါးမြင်းသည်တော်များက မည်မျှ အင်အားကြီးမားကြောင်းကိုသာ ပြောပြခဲ့ကာ သူက သူ၏ဖခင်ကို ကူညီရန်သာ သွားရောက်ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ကျိုးရူရှီးက သူမ၏ သားဖြစ်သူ၏ စကားများကို အလေးအနက်ထား၍ နားထောင်ခဲ့ပြီးနောက် ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။
သူမ၏ သားဖြစ်သူ ပြောသမျှကို သူမက အကုန် ယုံကြည်သွားသည့်အလား ပုံပေါ်နေပေသည်။
ညစာစားပြီးနောက် ရှောင်မိုက ခြံဝင်းအတွင်း၌ ဆက်လက် နေထိုင်ခဲ့သည်။
ချင်စီယောင်ကလည်း သူမ၏ အိမ်တော်သို့ မပြန်ချင်ဘဲ ခြံဝင်းအတွင်း၌သာ နေထိုင်ချင်ခဲ့လေ၏။
ရှောင်မိုက ဤသည်မှာ မသင့်တော်ဟု ခံစားရသဖြင့် အပိုအခန်းမရှိဘူးဟူသော ဆင်ခြေကို အသုံးပြုကာ သူမကို မင်းသမီးအိမ်တော်သို့ ပြန်လည်ပို့ဆောင်ရန် ကြိုးစားခဲ့သည်။
သို့သော် ထင်မှတ်မထားစွာပင် သူ၏ မိခင်က စီယောင်အတွက် ဝင်ရောက်ပြောဆိုပေးခဲ့ပြီး စီယောင်ကို သူမနှင့်အတူ အိပ်စက်ခွင့်ပြုရန်ပင် သဘောတူလိုက်လေ၏။
ရှောင်မိုအနေဖြင့် နောက်ထပ် ဘာမှ ဆက်မပြောနိုင်တော့ချေ။
နောက်နေ့မနက် မိုးလင်းစအချိန်တွင် ရှောင်မိုက နိုးလာပြီး သူ၏ အခန်းထဲမှ ထွက်လာသောအခါ သူ၏ မိခင်နှင့် စီယောင်တို့ မနက်စာ ပြင်ဆင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ရှောင်မိုက သူ၏ စိတ်ကူးယဉ်မှုကြောင့်လားတော့ မသိသော်လည်း စီယောင်နှင့် သူ၏ မိခင်တို့အကြား ဆက်ဆံရေးမှာ အလွန် ရင်းနှီးသွားပြီဟု ခံစားလိုက်ရပေသည်။
"အမေ... သား သွားတော့မယ်"
မနက်စာ စားပြီးနောက် ရှောင်မိုက ထွက်ခွာရန် ပြင်ဆင်လိုက်လေ၏။
"သွားတော့လေ" ကျိုးရူရှီးက ရှောင်မို၏ ကော်လာကို သပ်ရပ်အောင် ပြင်ဆင်ပေးရင်း ပြောလိုက်သည်။ "သားကိုယ်သား သေချာ ဂရုစိုက်ရမယ်နော်"
"ဟုတ်ကဲ့ပါ အမေ"
ရှောင်မိုက အလေးအနက် ဦးညွှတ်အရိုအသေပေးပြီးနောက် လှည့်ထွက်သွားလေတော့သည်။
"အန်တီကျိုး... သမီး... သမီး ရှောင်မိုကို မြို့အပြင်အထိ လိုက်ပို့ပေးလိုက်ပါဦးမယ်"
ချင်စီယောင်ကလည်း ကျိုးရူရှီးကို ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ရှောင်မို၏ ဘေးမှနေ၍ ပြေးလိုက်သွားလေ၏။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်အကြာတွင် ရှောင်မိုသည် မြို့တော်၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေရင်း ဘေးရှိ မိန်းမပျိုလေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ "မနေ့ညက စီယောင်နဲ့ ငါ့အမေ ဘာတွေများ ပြောဖြစ်ကြသေးလဲ"
"ဘာ... ဘာမှ မပြောဖြစ်ပါဘူး"
ချင်စီယောင်၏ ပါးပြင်လေးများက အနည်းငယ် နီမြန်းသွားခဲ့လေ၏။
"အန်တီကျိုးက နင့်ရဲ့ ကလေးဘဝအကြောင်း တချို့ကို ငါ့ကို ပြောပြရုံပါပဲ။
ဥပမာ... နင်က ခေါင်းမာပြီး စိတ်ဓာတ်ခိုင်မာတယ်တဲ့။ ပြဿနာတွေနဲ့ ကြုံလာရရင် နင့်ကို အကောင်းပြောမှ ရမယ်တဲ့။ နင်က အပျော့ဆွဲမှ ရတာတဲ့လေ။
သူကပြောတယ် နင်က နေ့စဉ်ဘဝမှာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူးတဲ့။ လှံကျင့်တာနဲ့ စာဖတ်တာလောက်ပဲ သိတာမို့ ငါ့ကို စိတ်မဆိုးဖို့ ပြောတယ်။
ပြီးတော့ သူက ထပ်ပြောသေးတယ်။ နောက်ဆို နင် ငါ့ကို အနိုင်ကျင့်ရင် အန်တီကျိုးဆီ တိုက်ရိုက်လာခဲ့လို့ရတယ်တဲ့။ အန်တီကျိုးက ငါ့ဘက်ကနေ ရပ်တည်ပေးမယ်တဲ့"
"..." ရှောင်မိုမှာ ခေတ္တမျှ စကားဆွံ့အသွားခဲ့ရပေသည်။
ထင်တဲ့အတိုင်းပဲ... သူ၏ မိခင်က တစ်ခုခုကို ကြိုသိနေခဲ့ပြီ ဖြစ်သည်။
ဤအရာများအားလုံးက ယောက္ခမတစ်ယောက်က ချွေးမကို ပြောမည့် စကားများသာ ဖြစ်နေပေသည်။
"နောက်ဆုံးအနေနဲ့ တစ်ခုကျန်သေးတယ်"
ချင်စီယောင်က ခေါင်းမော့ကာ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် ရှောင်မို၏ ဘေးတိုက်မျက်နှာလေးကို ကြည့်လိုက်လေ၏။
"ဘာကျန်သေးလို့လဲ" ရှောင်မိုက မေးလိုက်သည်။
"အန်တီကျိုးက... အန်တီကျိုးက နင့်ကို ပြောပြပေးဖို့ ငါ့ကို မှာလိုက်တယ်"
ချင်စီယောင်က လက်ကိုဆန့်တန်းကာ ရှောင်မို၏ အဝတ်စွန်းလေးကို ညင်သာစွာ ဆွဲလိုက်လေ၏။
"နင် ရှေ့ဆက်သွားဖို့ လမ်းပျောက်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အတင်းအကျပ် မလုပ်ပါနဲ့တဲ့။
ဘယ်အချိန်ပဲဖြစ်ဖြစ် နင် နောက်ကို အမြဲတမ်း ပြန်လှည့်ကြည့်လို့ ရပါတယ်တဲ့။
အဲဒီခြံဝင်းငယ်လေးထဲမှာ နင် ပြန်လာမယ့်အချိန်ကို စောင့်နေတဲ့ နွေးထွေးတဲ့ ထမင်းဝိုင်းလေးတစ်ခု အမြဲတမ်း ရှိနေမှာပါတဲ့"
အခန်း (၃၇၀)
မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုသည် အမြဲတမ်း ကျန်းပေမင်းသား၏ လက်အောက်ရှိ ရှောင်အိမ်တော်၏ အုပ်ချုပ်မှုနယ်မြေ ဖြစ်ခဲ့ပေသည်။
ယခင်အချိန်များက ရှောင်အိမ်တော်၏ ဘိုးဘေးသည် ချင်တိုင်းပြည်ကို စတင်တည်ထောင်ခဲ့သော ဧကရာဇ်နှင့် သွေးသောက်ညီအစ်ကိုသစ္စာ ဆိုခဲ့ကြ၏။ သူတို့ အတူတကွ နယ်မြေများကို သိမ်းပိုက်ပြီးနောက် ရှောင်အိမ်တော်၏ ဘိုးဘေးသည် နယ်စပ်ကို စောင့်ကြပ်ကာ နှင်းနင်းနဂါးမြင်းသည်တော်များကို လေ့ကျင့်သင်ကြားပေးရန် မိမိသဘောဆန္ဒအလျောက် ရွေးချယ်ခဲ့လေသည်။
မျိုးဆက်နှစ်ဆက်၏ ကြိုးစားအားထုတ်မှုများနှင့် ချင်တိုင်းပြည် နန်းတွင်း၏ ပံ့ပိုးကူညီမှုများဖြင့် နှင်းနင်းနဂါးမြင်းသည်တော်များသည် အင်အားသုံးသိန်းအထိ ကြီးထွားလာခဲ့ပေသည်။
ဤသံချပ်ကာမြင်းသည်တော် သုံးသိန်းသည် ချင်တိုင်းပြည်၏ မြောက်ဘက်အခြမ်းရှိ အခိုင်မာဆုံးသော ခံစစ်မျဉ်းကြီး ဖြစ်လေ၏။
သို့ရာတွင် နှင်းနင်းနဂါးမြင်းသည်တော်များသည် ချင်တိုင်းပြည် မြောက်ဘက်နယ်စပ်၏ ငြိမ်းချမ်းရေးကို နှစ်ပေါင်းရာနှင့်ချီ၍ စောင့်ရှောက်ပေးခဲ့သော်ငြား တစ်ဖက်တွင်လည်း မေးခွန်းထုတ်စရာတစ်ခု ရှိလာပေသည်။ မြေပိုင်ရှင်တစ်ဦးက သံချပ်ကာမြင်းသည်တော် သုံးသိန်းကို ပိုင်ဆိုင်ထားချိန်တွင် မည်သည့် ချင်တိုင်းပြည်ရဲ့ဘုရင်ကများ ကောင်းမွန်စွာ အိပ်ပျော်နိုင်ပါမည်နည်း။
ကျန်းပေမင်းသားက မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခု၏ လူပုဂ္ဂိုလ်ခန့်အပ်မှုများ၊ အခွန်အခများနှင့် ဘဏ္ဍာရေးများကိုပါ ထိန်းချုပ်ထားကြောင်း ထည့်ပြောနေရန်ပင် မလိုတော့ချေ။
ထိုအချိန်က မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုသည် ချင်မိသားစုနှင့် မသက်ဆိုင်ဘဲ ရှောင်မိသားစုပိုင် ဖြစ်သည်ဟု ကောလာဟလများစွာ ထွက်ပေါ်နေခဲ့လေသည်။
အကယ်၍ မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုသည် သူတို့၏ ကိုယ်ပိုင်တိုင်းပြည်တစ်ခုကို တည်ထောင်လိုပါက ထိုအချိန်က ကျန်းပေမင်းသား၏ စိတ်ကူးတစ်ခုတည်းဖြင့်ပင် ဖြစ်နိုင်ဖွယ်ရှိနေပေသည်။
ထို့ကြောင့် ရှောင်အိမ်တော်၏ တတိယမျိုးဆက်သို့ ရောက်သောအခါ ထိုစဉ်က ချင်တိုင်းပြည်၏ ဧကရာဇ်သည် အကြောင်းပြချက်တစ်ခုရှာကာ မူလက မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုတွင် အခြေချနေထိုင်ခဲ့သော ကျန်းပေမင်းသားအား သူ၏ မိသားစုတစ်စုလုံးကို ချင်တိုင်းပြည် မြို့တော်သို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့လေ၏။
ထို့နောက် မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး သုံးဦးစလုံးကို နန်းတွင်းက တိုက်ရိုက် ခန့်အပ်ခဲ့ပေသည်။
ထိုအချိန်က နန်းတွင်းအမတ်များ၏ အမြင်တွင် ဤလုပ်ရပ်မှာ အလွန်တရာ အန္တရာယ်များလှပေသည်။ လူများစွာက ကျန်းပေမင်းသားသည် သေချာပေါက် ပုန်ကန်လိမ့်မည်ဟု ခံစားခဲ့ကြရ၏။
ချင်တိုင်းပြည် တပ်မတော်များစွာက မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုအပေါ် အသေအချာ စောင့်ကြည့်နေခဲ့ကြသည်အထိပင် ဖြစ်လေသည်။
သို့သော် ထိုအချိန်က ကျန်းပေမင်းသားသည် ခုခံခြင်းမရှိဘဲ သူ၏ မိသားစုတစ်စုလုံးကို ချင်တိုင်းပြည် မြို့တော်သို့ အမှန်တကယ်ပင် ပြောင်းရွှေ့သွားခဲ့လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။
ထိုစဉ်က သာမန်ပြည်သူများစွာသည် ကျန်းပေမင်းသားက အဘယ်ကြောင့် ဤသို့ပြုလုပ်ခဲ့သနည်း ဆိုသည်ကို နားမလည်ခဲ့ကြပေ။ သို့ရာတွင် ရှောင်မိုက ထိုသမိုင်းကြောင်းကို နားလည်ပြီးနောက် သူ၏ အဘိုးဖြစ်သူ ထိုစဉ်က ကျန်းပေမင်းသားမှာ ဤသို့ပြုလုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ကြောင်း ခံစားမိလေသည်။
ပထမအချက်အနေဖြင့် မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုသည် လူသူကင်းမဲ့ပြီး ခေါင်ဖျားလှသဖြင့် ချင်တိုင်းပြည် နန်းတွင်း၏ ထောက်ပံ့ပေးမှုများကို လိုအပ်ပေသည်။ သို့မဟုတ်ပါက သံချပ်ကာမြင်းသည်တော် သုံးသိန်းအတွက် ကုန်ကျစရိတ်များမှာ နောက်ပြောင်နေစရာ ကိစ္စမဟုတ်ပေ။ ၎င်း သံချပ်ကာမြင်းသည်တော် သုံးသိန်းစလုံးမှာ သိုင်းပညာကျင့်ကြံသူများ ဖြစ်ကြကြောင်းကိုပင် ထည့်ပြောနေစရာ မလိုတော့ချေ။
ဒုတိယအချက်အနေဖြင့် မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုက လွတ်လပ်သော တိုင်းပြည်တစ်ခုအဖြစ် ခွဲထွက်သွားလျှင်ပင် သူတို့သည် ချင်တိုင်းပြည်နှင့် မဟာဝေ့တိုင်းပြည်အကြားတွင် ညပ်နေသဖြင့် လူတိုင်း၏ မျက်စိစူးစရာ ဆူးတစ်ချောင်း ဖြစ်လာပေမည်။ မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခုက မဟာဝေ့တိုင်းပြည်ဘက်သို့ ဘက်ပြောင်းသွားခဲ့လျှင်တော့ တစ်မျိုးပေါ့လေ။
သို့သော် နှင်းနင်းနဂါးမြင်းသည်တော်များသည် မဟာဝေ့တိုင်းပြည်နှင့် နှစ်ပေါင်းများစွာ စစ်ခင်းခဲ့ကြပြီး သူတို့အကြားတွင် ကြီးမားသော သွေးကြွေးများ ရှိနေခဲ့ပြီဖြစ်သည်။ ထို့ပြင် ဆက်ခံခဲ့ကြသော ကျန်းပေမင်းသားများသည်လည်း သံမဏိလို ခိုင်မာသော သစ္စာရှိသူများ ဖြစ်ကြရာ ရန်သူ့တိုင်းပြည်ဘက်သို့ ဘက်ပြောင်းသွားရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
နောက်ဆုံးအနေဖြင့် မြောက်ပိုင်း လူသူကင်းမဲ့ဒေသက ပုန်ကန်ပြီး ချင်တိုင်းပြည်သည်လည်း ပြည်တွင်းရေး ကမောက်ကမဖြစ်သွားမည်ဆိုပါက နောက်ဆုံးတွင် အကျိုးအမြတ်ရရှိသွားမည့်သူများမှာ အခြားတိုင်းပြည်များသာ ဖြစ်ပေလိမ့်မည်။
ရှောင်မို၏ အမြင်တွင် ထိုစဉ်က သူ၏ အဘိုးသည် ကြောက်ရွံ့နေခဲ့ခြင်းမဟုတ်ဘဲ ချင်တိုင်းပြည်၏ ကြီးမားသော အကျိုးစီးပွားကို ရွေးချယ်ခဲ့ခြင်းသာ ဖြစ်လေသည်။
သဘာဝကျကျပင် ချင်တိုင်းပြည်၏ ဧကရာဇ်ဟောင်းသည်လည်း အရမ်းကြီး လွန်ကျူးအောင် မလုပ်ရဲခဲ့ပေ။ ကျန်းပေမင်းသား၏ မိသားစု မြို့တော်သို့ ပြောင်းရွှေ့သွားပြီးနောက် ကျန်းပေမင်းသားအိမ်တော်၏ အဆောင်အယောင် စည်းမျဉ်းများမှာ တော်ဝင်နန်းတော်ပြီးလျှင် ဒုတိယ အမြင့်မားဆုံးဖြစ်ခဲ့လေသည်။
ထို့အပြင် နှင်းနင်းနဂါးမြင်းသည်တော်များသည် ကျန်းပေမင်းသားအပေါ် ဆက်လက် သစ္စာရှိနေခဲ့ကြဆဲပင်။ ပိုမိုတိကျစွာ ဆိုရလျှင် နှင်းနင်းနဂါးမြင်းသည်တော်များသည် ရှောင်မိသားစု၏ သွေးဆက်နွယ်မှုကိုသာ အသိအမှတ်ပြုကြလေသည်။
ရှောင်အိမ်တော်သည် မျိုးဆက်သုံးဆက်တိုင်တိုင် နာမည်ကျော် စစ်သူကြီးများကို မွေးထုတ်ပေးခဲ့ကြောင်း ထည့်ပြောနေစရာပင် မလိုတော့ချေ။ ထို့ပြင် ချင်တိုင်းပြည်သည် မဟာဝေ့တိုင်းပြည်ကို ခုခံကာကွယ်ရန်နှင့် အခြားတိုင်းပြည်များကို ခြိမ်းခြောက်ရန်အတွက် ကျန်းပေမင်းသားက နှင်းနင်းနဂါးမြင်းသည်တော်များကို ဦးဆောင်ပေးရန် လိုအပ်နေဆဲပင် ဖြစ်သည်။ ဤသည်မှာ ချင်တိုင်းပြည်ရဲ့ဘုရင်အနေဖြင့် လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိသောအရာ ဖြစ်ပေသည်။
ကျန်းပေမင်းသား၏ မိသားစုကို မြို့တော်တွင် ထားရှိခြင်းက ချင်တိုင်းပြည်ရဲ့ဘုရင်အား အနည်းငယ် ပို၍ စိတ်အေးသွားစေနိုင်သည်ဟုသာ ဆိုရမည်ဖြစ်သည်။
ယခုအခါ ရှောင်မို၏ မျိုးဆက်သို့ ရောက်ရှိလာချိန်တွင် ရှောင်အိမ်တော်၏ ပဉ္စမမြောက် မျိုးဆက်ဖြစ်နေပြီ ဖြစ်သည်။ ရှောင်အိမ်တော်တွင် ရှောင်မိုကဲ့သို့သော ပုံမှန်မဟုတ်သည့်လူတစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု ချင်တိုင်းပြည်ရဲ့ဘုရင်ကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ချေ။
သို့သော် ချင်တိုင်းပြည်ရဲ့ဘုရင်၏ အမြင်တွင် ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်လေသည်။ ရှောင်မိုသည် ကိုယ်လုပ်တော်၏သား ဖြစ်သော်ငြား စာပေရော သိုင်းပညာပါ ကျွမ်းကျင်ပြီး သူ၏ ပါရမီမှာ တရားဝင်ဇနီး၏ သားနှစ်ယောက်ထက် နိမ့်ကျနေခြင်း မရှိပေ။
ထို့ကြောင့် ရှောင်မိုက အလားအလာကို ပြသနေသရွေ့ ချင်တိုင်းပြည်ရဲ့ဘုရင်သည် သူ့ကို အပြင်းအထန် မြှောက်စားပေးပြီး အခွင့်အရေးများ ပေးအပ်မည်သာ ဖြစ်သည်။
ရှောင်မိုအား မင်းသားဘွဲ့ ချီးမြှင့်ပြီး သူ၏မိခင်အား ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းပြီးနောက် ရှောင်မို၏ အဆင့်အတန်းမှာ တရားဝင်ဇနီး၏သား တစ်ယောက်နှင့် တန်းတူဖြစ်သွားခဲ့ပြီး သဘာဝကျကျပင် ကျန်းပေမင်းသားဘွဲ့ကို အမွေဆက်ခံခွင့် အရည်အချင်းကို ရရှိသွားခဲ့လေသည်။
ထို့ပြင် ရာထူးအမွေဆက်ခံခွင့်အတွက် ချင်တိုင်းပြည်ရဲ့ဘုရင်ထံမှ အမိန့်တော် လိုအပ်ပေသည်။
အကယ်၍ နောက်ဆုံးတွင် ရှောင်မိုက နှင်းနင်းနဂါးမြင်းသည်တော်များအကြား သူ၏ အစ်ကိုနှစ်ယောက်ထက် သာလွန်သော ဩဇာအာဏာကို အမှန်တကယ် တည်ဆောက်နိုင်ခဲ့ပြီး ချင်တိုင်းပြည်ရဲ့ဘုရင်က ရှောင်မိုအား ကျန်းပေမင်းသားဘွဲ့ကို ဆက်ခံစေကာ နှင်းနင်းနဂါးမြင်းသည်တော်များကို အလုံးစုံ ထိန်းချုပ်ခိုင်းမည်ဆိုပါက ရှောင်ရှီအနေဖြင့် ငြင်းဆန်ရန် အကြောင်းပြချက် ရှိတော့မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ရှောင်မို၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော သွေးများက ရှောင်အိမ်တော်နှင့် သက်ဆိုင်သည် မဟုတ်ပါလော။
ထိုအချိန်သို့ရောက်လျှင် ချင်တိုင်းပြည်ရဲ့ဘုရင်သည် ရှောင်မိုကို အသိအမှတ်ပြု မြှောက်စားခဲ့သည့် ကျေးဇူးတော်ရှိမည်ဖြစ်ပြီး သူ အချစ်ရဆုံး သမီးတော်ကိုလည်း ရှောင်မိုနှင့် လက်ဆက်ပေးထားမည်ဖြစ်ရာ နှစ်ဖက်စလုံးက မိသားစုတစ်ခုတည်း ဖြစ်သွားမည်သာ။ ဤသည်မှာ ချင်တိုင်းပြည်အတွက် လုံးဝ ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်လာပေမည်။
ချင်တိုင်းပြည်ရဲ့ဘုရင်၏ အတွေးများနှင့် ပတ်သက်၍ အခြားသူများကလည်း သေချာပေါက် သိရှိနေကြမည်ကို ရှောင်မို သိထားလေသည်။ သို့သော် ရှောင်မိုက ဂရုမစိုက်ခဲ့ပေ။ သူ့တွင် သူ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိနေခဲ့သည်။
တစ်လကြာပြီးနောက် နေ့ရောညပါ ခရီးနှင်လာခဲ့ရာ ရှောင်မိုသည် မြောက်ပိုင်း လူသူကင်းမဲ့ ပြည်နယ်သုံးခု၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီး နှင်းနင်းနဂါးမြင်းသည်တော်များ၏ စစ်စခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။
စစ်စခန်းသို့ ရောက်ရောက်ချင်း ပထမဆုံး လုပ်ရမည့်ကိစ္စမှာ သဘာဝကျကျပင် ရှောင်မို၏ ထိုအဖေအိုကြီးဆီ သွားရောက်တွေ့ဆုံရန်ပင် ဖြစ်ပေသည်။
သူ၏ ဤဖခင်နှင့် ပတ်သက်၍ ရှောင်မိုသည် သူ မွေးဖွားလာချိန်က တစ်ကြိမ်သာ မြင်ဖူးခဲ့ပြီး ထိုစဉ်ကလည်း သူ၏ အမြင်အာရုံမှာ ဝေဝါးနေခဲ့လေသည်။ ထိုအချိန်မှလွဲ၍ ရှောင်မိုသည် သူ့ကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။
"လက်အောက်ငယ်သား ရှောင်မိုက ကျန်းပေမင်းသားကို အရိုအသေပေးပါတယ်"
စစ်စခန်းအတွင်းသို့ ရောက်ရှိလာသောအခါ ရှောင်မိုက လက်နှစ်ဖက်ကိုယှက်ကာ ရှောင်ရှီအား ဦးညွှတ်အရိုအသေပေးလိုက်လေသည်။
ရှောင်မိုသည်လည်း မင်းသား/မှူးမတ်တစ်ဦး ဖြစ်သော်ငြား ချင်တိုင်းပြည်၏ ရာထူးဘွဲ့တံဆိပ် စနစ်တွင် တန်းတူမင်းသားဟူသော ဘွဲ့အမည်မျိုး မရှိဘဲ မင်းသားများနှင့် မှူးမတ်များအတွက် အဆောင်အယောင် စည်းမျဉ်းများတွင် ကွာခြားချက်များစွာ ရှိနေလေသည်။ ကျန်းပေမင်းသားမှာ အခြား မင်းသားများနှင့် မှူးမတ်များထက် အဆင့်အတန်း ပိုမြင့်မားရုံသာ ဖြစ်ပေသည်။
ယခုအခါ ရှောင်မိုသည် နှင်းနင်းနဂါးမြင်းသည်တော်များ၏ လက်ဝဲစစ်သူကြီးအဖြစ် ခန့်အပ်ခံထားရပြီး ၎င်းက သူ့ကို ရှောင်ရှီ၏ ဒုတိယစစ်သူကြီး ဖြစ်လာစေကြောင်း ထည့်ပြောနေစရာပင် မလိုတော့ချေ။
ရှောင်ရှီနှင့် တပ်မတော်အတွင်းရှိ စစ်သူကြီးများအားလုံးက ရှောင်မိုကို အကဲခတ်နေကြလေသည်။ သို့ရာတွင် ရှောင်မိုက တည်ငြိမ်အေးချမ်းနေပြီး အလွန်တရာ ငြိမ်သက်နေသော မျက်နှာအမူအရာဖြင့် မတ်မတ်ရပ်နေခဲ့ပေသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဘေးတွင်ရပ်နေသော ရှောင်အိမ်တော်၏ ဒုတိယသခင်လေး ရှောင်ယီရှဲမှာမူ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ မျက်နှာအမူအရာမှာ ဒေါသများဖြင့် ပြည့်နှက်နေခဲ့လေသည်။
မည်သို့ပင်ဆိုစေ ရှောင်မိုက သူ့ကို လှံဖြင့် မြေပြင်ပေါ်သို့ ရိုက်ချကာ နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်၏ ရှေ့မှောက်တွင် သူ၏ ရင်ဘတ်ပေါ်သို့ နင်းခဲ့သည့် ဖြစ်ရပ်မှာ သူ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင် ဖြစ်ပေသည်။
"ဆီးနှင်းမင်းသားရဲ့ ကြီးမြတ်တဲ့ နာမည်ကြီးကို ကြားနေရတာ ကြာပါပြီ" ရှောင်ရှီက သူ၏သားဖြစ်သူကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"အရှင်မင်းကြီးက ဆီးနှင်းမင်းသားကို လက်ဝဲစစ်သူကြီး ရာထူးခန့်အပ်ပြီး မဟာဝေ့တိုင်းပြည်ကို ပူးပေါင်းအောင်နိုင်ဖို့ တာဝန်ပေးလိုက်တာက အရှင်မင်းကြီးအနေနဲ့ ဆီးနှင်းမင်းသားအပေါ် မျှော်လင့်ချက်တွေ ဘယ်လောက်ကြီးမားပြီး ဘယ်လောက်တောင် မျက်နှာသာပေးထားတယ် ဆိုတာကို ပြသနေတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ နှင်းနင်းနဂါးမြင်းသည်တော်တွေက သာမန်တပ်မတော်တစ်ခု မဟုတ်ဘူး"
"ပြီးတော့ အခု ဆီးနှင်းမင်းသား တွေ့မြင်နေရတဲ့ စစ်သူကြီးတွေအားလုံးက ရှောင်ယီရှဲကလွဲလို့ ကျန်တဲ့သူအားလုံးက ထူးကဲပြောင်မြောက်တဲ့ စစ်ရေးအောင်မြင်မှုတွေ ရှိထားကြသူတွေချည်းပဲ။ အများစုက မင်းသားဘွဲ့တွေတောင် ချီးမြှင့်ခံထားရပြီးပြီ။ ဒါကြောင့် နှင်းနင်းနဂါးမြင်းသည်တော်တွေထဲမှာ စစ်ရေးရာထူးတွေပဲ ရှိပြီး မင်းသားနဲ့မှူးမတ် ဘွဲ့တံဆိပ်တွေ မရှိဘူး။ ဆီးနှင်းမင်းသား နားလည်ရဲ့လား"
“သေချာနားလည်ပါတယ်" ရှောင်မိုက ရှောင်ရှီ၏ မျက်လုံးများထဲသို့ တည့်တည့်မတ်မတ် ကြည့်လိုက်လေသည်။
"ကောင်းတယ်" ရှောင်ရှီက ခေါင်းညိတ်လိုက်၏။ "ငါတို့ မနက်ဖြန် မဟာဝေ့တိုင်းပြည်ကို စစ်ခင်းကြမယ်။ လက်ဝဲစစ်သူကြီး... ငါတို့တွေ အတူတူ ဆွေးနွေးကြတာပေါ့"
"ဟုတ်ကဲ့ပါ" ရှောင်မိုက အသိအမှတ်ပြုလိုက်ပြီး စစ်တဲအတွင်းရှိ သဲပုံစံပြမြေပုံဆီသို့ လျှောက်သွားလိုက်သည်။
နောက်ထပ် တစ်နာရီခန့် အကြာတွင် ရှောင်ရှီနှင့် အခြားစစ်သူကြီးများက တိုက်ပွဲအစီအစဉ် အမျိုးမျိုးကို ဆွေးနွေးနေကြလေ၏။ ရှောင်မိုက စကားတစ်ခွန်းမျှ မဆိုဘဲ နားထောင်နေရုံသာ နားထောင်နေခဲ့ပေသည်။
နောက်ဆုံးတွင် ရှောင်ရှီက စားပွဲကိုပုတ်ကာ ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ မနက်ဖြန် ငါတို့ ပိရွှေမြို့ကို အဓိကထား တိုက်ခိုက်ကြမယ်။ အဲဒီကောင် ရှာဟောက်နန်က ရန်လိုတဲ့ စရိုက်ရှိတော့ သူ့တပ်တွေကို ဦးဆောင်ပြီး ငါတို့ကို ရင်ဆိုင်ဖို့ မြို့ပြင်ထွက်လာမှာ သေချာတယ်။ ဘယ်စစ်သူကြီးက ရှေ့တန်းကနေ ဦးဆောင်ချင်လဲ"
"ကျွန်တော် လုပ်မယ်" မျက်လုံးတစ်ဖက်တည်းရှိသော စစ်သူကြီးတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ "အဲဒီကောင် ရှာဟောက်နန်ရဲ့ ဂွေးဥတွေကို ကျွန်တော် သေချာပေါက် လိမ်ချိုးပစ်မယ်"
"ထားလိုက်ပါ စစ်သူကြီးဟွမ်။ ကျွန်တော့်ကိုပဲ လုပ်ခိုင်းလိုက်ပါ" ဖန်ဝေ့မင် အမည်ရသော စစ်သူကြီးက ပြုံးလျက် ပြောလိုက်သည်။ "အချီဆယ်ချီ အတွင်းမှာ သူ့ခေါင်းကို ကျွန်တော် သေချာပေါက် ဖြတ်ယူလာခဲ့ပါ့မယ်"
"သောက်ကျိုးနည်းတွေ... မနက်ဖြန်တော့ ငါပဲ ဖြစ်ရမယ်။ ဒီရက်ပိုင်းအတွင်း ငါ့လက်တွေ ယားနေတာ ကြာပြီ"
"သေချင်တဲ့ကောင်တွေ... ငါ့ကိုပဲ ပေးလုပ်ကြစမ်းပါ။ ငါသာ ရှုံးခဲ့ရင် စစ်မြေပြင်မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြမယ်"
စစ်တဲအတွင်းရှိ စစ်သူကြီးများအားလုံးက ရှေ့တန်းနေရာအတွက် အလုအယက် တောင်းဆိုနေကြပြီး နောက်ဆုံးတွင် ရန်ဖြစ်လုမတတ်ပင် ဖြစ်နေကြလေပြီ။ ဤရင်းနှီးကျွမ်းဝင်နေသော ခံစားချက်က ပြန်လည်ရောက်ရှိလာခဲ့ပြီး ရှောင်မိုက ဝင်ရောက်ဖျန်ဖြေပေးရန် ပြင်ဆင်နေခဲ့ပေသည်။
သို့သော် ထိုအချိန်လေးမှာပင် ရှောင်ရှီက ရှောင်မိုနှင့် ရှောင်ယီရှဲတို့ကို ကြည့်လိုက်လေ၏။ "မနက်ဖြန် မင်းတို့နှစ်ယောက်ထဲက ဘယ်သူ ရှေ့တန်းကနေ ဦးဆောင်ချင်လဲ"