အခန်း (၃၆၁-၃၆၂)
Vol. 37 Ch. 361-362
အခန်း (၃၆၁)
ညနေခင်းတွင် ရှောင်မိုနှင့် ချင်စီယောင်တို့သည် ဒုတိယမင်းသား ချင်ကျင်းယွမ်၏ အိမ်တော်သို့ အတူတကွ ရောက်ရှိလာကြလေ၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှောင်မိုသည် ကြိုဆိုပွဲသို့ သိပ်ပြီးမတက်ရောက်ချင်ခဲ့သော်ငြား သံမဏိကျားတပ်မတော်တွင် ရှိနေစဉ်အတွင်း ဒုတိယမင်းသားထံမှ ကျေးဇူးတော်များစွာကို အမှန်တကယ်ပင် လက်ခံရရှိခဲ့ဖူးပေသည်။
သူက တမင်တကာ မတောင်းဆိုခဲ့လျှင်တောင်မှ ဒုတိယမင်းသားထံမှ အကျိုးအမြတ်များကို ငြင်းပယ်၍မရနိုင်အောင် ရရှိခဲ့ဖူးလေ၏။
ထို့ကြောင့် သူသာ သွားမရောက်ခဲ့ပါက အနည်းငယ် အကြောင်းပြချက်မဲ့ရာ ကျသွားပေလိမ့်မည်။
သို့သော် ရှောင်မိုက သူ၏ မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။ သူသည် ဒုတိယမင်းသားနှင့် ပထမမင်းသားတို့အကြားရှိ နန်းမွေလုပွဲတွင် လုံးဝ ပါဝင်ပတ်သက်မည် မဟုတ်ချေ။
သူသည် မည်သူ့ဘက်မှ လုံးဝ မပါဝင်နိုင်ပေ။
ထိုသို့မဟုတ်ပါက ပြဿနာများစွာ ရှိလာနိုင်လေ၏။
၎င်းမှာ ရိုးရှင်းသော မူဝါဒတစ်ခုဖြစ်သည်။ သူသည် လက်ရှိ ချင်တိုင်းပြည်ရဲ့ဘုရင်အပေါ် သစ္စာစောင့်သိနိုင်ပြီး အနာဂတ် ချင်တိုင်းပြည်ရဲ့ဘုရင်အပေါ် သစ္စာစောင့်သိနိုင်သော်ငြား အနာဂတ် အိမ်ရှေ့စံမင်းသားတစ်ပါးအပေါ်တွင်မူ သစ္စာမစောင့်သိနိုင်ချေ။
ချင်စီယောင်က ရှောင်မို၏ဘေးမှ လျှောက်လာရင်း ခေါင်းမော့ကာ သူ့ကို ခိုးကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ရာ သူမ၏ မျက်ဝန်းများတွင် တွေးတောနေဟန် အရိပ်အယောင်တစ်ခု ကိန်းဝပ်နေခဲ့ပေသည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ဒုတိယမင်းသားအိမ်တော်၏ ပင်မခန်းမဆောင် အဝင်ဝသို့ ရောက်ရှိလာခဲ့ကြပြီး ခံ့ညားထည်ဝါလှသော နှင်းခဲကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်းကို ကြားလိုက်ကြရလေ၏။
တစ်ချိန်တည်းမှာပင် ဒုတိယမင်းသား ချင်ကျင်းယွမ်က ရှောင်မိုနှင့် ချင်စီယောင်တို့ကို နှုတ်ဆက်ရန် ရှေ့သို့ ထွက်လာခဲ့လေပြီ။
"အပြင်ထွက်ပြီး မကြိုဆိုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဆီးနှင်းမင်းသား... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ" ချင်ကျင်းယွမ်က ရှောင်မိုထံသို့ စိတ်အားထက်သန်စွာ လျှောက်လာပြီး ရှောင်မို၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်လေသည်။
"ဒုတိယနောင်တော်က ရှောင်မိုကိုပဲ ခွင့်လွှတ်ဖို့ တောင်းဆိုပြီး ငါ့ကိုတော့ မတောင်းဆိုဘူးပေါ့" ချင်စီယောင်က ဘေးမှနေ၍ နောက်ပြောင်လိုက်၏။
"ဘာတွေပြောနေတာလဲ တတိယညီမလေးရာ။ မင်းနဲ့ငါက မောင်နှမတွေဆိုတော့ မကြာခဏ တွေ့နေရတာပဲ။ ခွင့်လွှတ်ဖို့ တောင်းဆိုနေစရာ မလိုပါဘူး။ ဒါပေမဲ့ ဆီးနှင်းမင်းသားကတော့ ရှားပါးဧည့်သည်လေ"
ထိုသို့ပြောဆိုရင်း ချင်ကျင်းယွမ်က ရှောင်မို၏ လက်ကိုဆွဲကာ ပင်မခန်းမဆောင်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားလေသည်။
"လာပါ လာပါ။ ဆီးနှင်းမင်းသား... ငါပြင်ဆင်ထားတဲ့ ဖျော်ဖြေရေးကို ကြည့်ပါဦး။ မင်းသဘောကျမယ်လို့ ငါ သေချာပေါက် ယုံကြည်ပါတယ်"
ရှောင်မိုသည် ချင်ကျင်းယွမ်၏ ဦးဆောင်မှုဖြင့် ပင်မခန်းမဆောင်အတွင်းရှိ နေရာတစ်ခုတွင် ဝင်ထိုင်လိုက်လေ၏။
ချင်ကျင်းယွမ်က လက်ခုပ်တီးလိုက်သောအခါ ကချေသည်များ ရှေ့သို့ထွက်လာပြီး ဆီးနှင်းကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်းဖြင့် ကျက်သရေရှိစွာ ကပြဖျော်ဖြေကြလေရာ ဆီးနှင်းကြက်သွေးမြို့တော်တွင် ရှောင်မို ဆင်နွှဲခဲ့သော မဟာတိုက်ပွဲကြီးကို ပြန်လည်ပုံဖော်နေသည့်အလား ဖြစ်နေပေသည်။
သို့သော် ၎င်းမှာ အကဖျော်ဖြေမှုတစ်ခုဖြစ်ရာ သဘာဝကျကျပင် စစ်မြေပြင်၏ ကြမ်းတမ်းခက်ထန်မှုများ ကင်းမဲ့နေပြီး အနုပညာဆန်သော အလှတရားများသာ ပိုမို ပါဝင်နေခဲ့လေ၏။
ရှောင်မို၏ အမြင်တွင် ဤအကအခုန်များကို ချက်ချင်း ပြင်ဆင်ထားခြင်း မဖြစ်နိုင်ပေ။ ချင်ကျင်းယွမ်သည် ၎င်းကို ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့ခြင်းဖြစ်နိုင်ပြီး သူ စားသောက်ပွဲသို့ တက်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းသာဖြစ်ကာ ရွေးချယ်ထားသော ကချေသည်များမှာလည်း အမြင့်မားဆုံး အရည်အသွေးရှိသူများ ဖြစ်ကြပေသည်။
ဤကချေသည်များပင်လျှင် ရှောင်မိုကို မြှူဆွယ်သော အကြည့်များဖြင့် ကြည့်ရှုနေကြပြီး မည်သည့်အချိန်တွင်မဆို သူ၏ မျက်နှာသာပေးမှုကို ခံယူရန် အသင့်ဖြစ်နေသည့်အလား ပုံပေါ်နေကြလေ၏။
ရှောင်မို၏ ဘေးတွင် ထိုင်နေသော ချင်စီယောင်က လက်ဖက်ရည်ကို သောက်ရင်း ရှောင်မို၏ အကြည့်များကို အစဉ်တစိုက် အကဲခတ်နေခဲ့ပေသည်။
ရှောင်မိုက လူကြီးလူကောင်းတစ်ဦးပမာ မတ်မတ်ထိုင်နေပြီး သူ၏ အကြည့်များမှာ အမျိုးသမီးများအပေါ်တွင် ကြာရှည်စွာ ရပ်တန့်နေခြင်းမရှိသည်ကို ချင်စီယောင် မြင်တွေ့လိုက်ရ၏။
သူမသည် အနည်းငယ် ပျော်ရွှင်သွားခဲ့၏။
"ဆီးနှင်းမင်းသား ဘယ်လိုခံစားရလဲ" အကပြီးဆုံးသွားသောအခါ ချင်ကျင်းယွမ်က ရှောင်မိုကို ပြုံးလျက် မေးလိုက်သည်။
"ဒီအကက တကယ်ကို ကောင်းမွန်ပါတယ်။ ဒုတိယမင်းသားက အများကြီး ကြိုးစားပေးထားတာပဲ" ရှောင်မိုက သူ့အား သဘာဝကျကျပင် မျက်နှာသာပေးလိုက်လေ၏။ "ဒါပေမဲ့ ဒုတိယမင်းသား... ကျွန်တော့်ကို ဆီးနှင်းမင်းသားလို့ မခေါ်ပါနဲ့တော့။ ရှောင်မိုလို့ပဲ ခေါ်ပါ"
"ဟားဟားဟား ကောင်းပါပြီ" ချင်ကျင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ငါတို့တွေ သိလာခဲ့တာ ကြာပြီဆိုတော့ အဲဒီလောက်ကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး"
ချင်ကျင်းယွမ်က သေရည်တစ်ခွက် သောက်လိုက်လေ၏။ "ရှောင်မို... မင်းက ဝေ့တိုင်းပြည်ကို စစ်ချီပြီး မြို့ပေါင်း နှစ်ဆယ့်တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာ တကယ်ကို ထူးခြားပြောင်မြောက်လွန်းပါတယ်။ ဒီနေ့ မင်းက အောင်ပွဲခံပြီး ပြန်လာပေမဲ့ ငါ့မှာ ပေးစရာ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ငါ့ဆီမှာ နှင်းနင်းမြင်းတစ်ကောင် ရှိနေတယ်။ စကားပုံတစ်ခုရှိသလိုပေါ့... မြင်းကောင်းတစ်ကောင်က သူရဲကောင်းတစ်ယောက်နဲ့မှ ထိုက်တန်တယ်တဲ့။ ရှောင်မို... မင်း အဲဒါကို အထင်မသေးဘူးလို့ မျှော်လင့်ပါတယ်"
ချင်ကျင်းယွမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ အစေခံများကို အချက်ပြလိုက်လေသည်။
အစေခံများက ချက်ချင်း နားလည်သွားကြပြီး ကြိုတင်ပြင်ဆင်ထားခဲ့သော စစ်မြင်းတစ်ကောင်ကို ဆွဲခေါ်လာကြ၏။
စစ်မြင်းမှာ ဖြူစင်သန့်စင်နေပြီး အလွန်အမင်း အားကောင်းလှကာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းက ကြံ့ခိုင်နေပုံရပေသည်။ အဲဒီမှာ ရပ်နေရုံနဲ့တင် အားကောင်းတဲ့ ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့လေ၏။
"တကယ့်ကို မြင်းကောင်းတစ်ကောင်ပဲ"
ရှောင်မိုက ရင်ထဲအသည်းထဲမှ ချီးကျူးလိုက်လေသည်။
စစ်တပ်ထဲတွင် ရှိနေစဉ်အတွင်း ရှောင်မိုသည် မြင်းကောင်းများစွာကို စီးနင်းခဲ့ဖူးပေသည်။
သို့သော် ဤမြင်းနှင့် ယှဉ်လိုက်သောအခါ ကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလှချေသည်။
"မင်း သဘောကျသရွေ့ ဒီနှင်းနင်းမြင်းက မင်းအတွက်ပါပဲ ရှောင်မို" ရှောင်မို ကျေနပ်နေသည်ကို မြင်လိုက်ရသောကြောင့် ချင်ကျင်းယွမ်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့လေ၏။
"ဒုတိယမင်းသား... ဒါက တန်ဖိုးကြီးလွန်းပါတယ်" ရှောင်မိုက ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်က ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"
"ဒါက ဘာတွေများ တန်ဖိုးကြီးနေလို့လဲ" ချင်ကျင်းယွမ်က ပြုံးလျက် ပြောလိုက်လေ၏။ "မင်းနဲ့အတူ တိုက်ပွဲဝင်နိုင်ပြီး သမိုင်းမှာ နာမည်ကျန်ရစ်ခဲ့ဖို့ဆိုတာ ဒီနှင်းနင်းမြင်းအတွက် ဂုဏ်ယူစရာတစ်ခုပါ ရှောင်မို။ ဒီလိုမှမဟုတ်ဘဲ အခြားလူတစ်ယောက်ရဲ့ စီးတော်မြင်းဖြစ်သွားခဲ့မယ်ဆိုရင် မတန်ဘူးလို့ ငါခံစားရမှာ"
"ဒါက..." ရှောင်မိုသည် ယဉ်ကျေးစွာ ငြင်းဆန်လိုသေးသော်ငြား။
ထိုအချိန်၌ အစေခံတစ်ဦးက ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာပြီး "ဒုတိယမင်းသား... ပထမမင်းသား ရောက်ရှိလာပါပြီ" ဟု ကြေညာလိုက်လေသည်။
သူ၏ အစ်ကိုကြီး ရောက်လာကြောင်း ကြားလိုက်ရသောအခါ ချင်ကျင်းယွမ်၏ မျက်လုံးများတွင် မကျေနပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူ၏ ခံစားချက်များကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်၏။ "မင်းတို့ ဘာလို့ အစ်ကိုကြီးကို အမြန် မဖိတ်ခေါ်ကြတာလဲ။ ကိစ္စမရှိပါဘူး ငါကိုယ်တိုင် သွားကြိုလိုက်မယ်"
"ဒုတိယညီတော်ကို အနှောင့်အယှက် မပေးပါရစေနဲ့။ မင်းရဲ့ အစ်ကိုကြီးဖြစ်တဲ့ ငါက ဖိတ်စရာမလိုဘဲ ရောက်လာခဲ့ပါပြီ"
အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပထမမင်းသား ချင်ကျင်းစုသည် ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
"အစ်ကိုကြီး"
"ပထမမင်းသားကို အရိုအသေပေးပါတယ်"
ရှောင်မိုနှင့် ချင်စီယောင်တို့က မတ်တတ်ရပ်ကာ သူ့ကို နှုတ်ဆက်လိုက်ကြလေ၏။
"ဆီးနှင်းမင်းသားကို အရိုအသေပေးပါတယ်။ တတိယညီမလေးပါ ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"
ချင်ကျင်းစုက ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် သူ၏ ဒုတိယညီဖြစ်သူကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ဟားဟားဟား ဒုတိယညီတော်... မင်းက မတရားဘူးနော်။ မင်းက တတိယညီမလေးနဲ့ ဆီးနှင်းမင်းသားကို သောက်ဖို့ ဖိတ်ပြီးတော့ ငါ့ကိုကျတော့ မဖိတ်ဘူးပေါ့လေ။ ငါတော့ ဝမ်းနည်းတော့မှာပဲ"
"ဘာတွေပြောနေတာလဲ အစ်ကိုကြီးရယ်" ချင်ကျင်းယွမ်က ရှင်းပြလိုက်လေ၏။ "အစ်ကိုကြီးက ကိစ္စပေါင်းသောင်းခြောက်ထောင်နဲ့ အလုပ်ရှုပ်နေတာလေ။ အေးအေးဆေးဆေးနေရတဲ့ ဒုတိယညီတော်နဲ့မှ မတူတာ။ ညီတော်က အစ်ကိုကြီးကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ"
"ဟားဟားဟား ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ညီအစ်ကိုမောင်နှမတွေနဲ့ အချိန်ဖြုန်းသင့်တာပေါ့။ ဒီလိုမှမဟုတ်ရင် အချိန်အကြာကြီးနေလို့ စိမ်းကားမသွားဘူးလား"
ချင်ကျင်းစုက လက်ခုပ်တီးလိုက်ရာ အစေခံများက သေရည်အိုးအချို့ကို ယူဆောင်လာကြလေသည်။
"ဒီသေရည်အိုးတွေကို သေရည်နတ်ဘုရားက ကိုယ်တိုင်ချက်လုပ်ထားတာပါ။ ခမည်းတော်က အရင်က ငါ့ကို ပေးသနားထားခဲ့တာ ဖြစ်ပြီးတော့ ငါက သောက်ဖို့ အမြဲတမ်း နှမြောနေခဲ့တာလေ။ ဒါပေမဲ့ ဒီနေ့တော့ ငါတို့ ညီအစ်ကိုတွေ စုံညီနေပြီး ဆီးနှင်းမင်းသားပါ ရှိနေပြီဆိုတော့ ငါတို့ အမူးလွန်တဲ့အထိ သောက်ကြတာပေါ့"
"အစ်ကိုကြီးက ဒီလိုပြောလာမှတော့ ငါတို့ အမူးလွန်တဲ့အထိ သောက်ကြတာပေါ့" ချင်ကျင်းယွမ်ကလည်း ရယ်မောလိုက်ပြီး သူ၏ အစ်ကိုဖြစ်သူနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသယောင် ဟန်ဆောင်လိုက်လေ၏။ "အစ်ကိုကြီး... ကျေးဇူးပြုပြီး ထိုင်ပါဦး"
"ကောင်းပြီ" ချင်ကျင်းစု ဝင်ထိုင်ပြီးနောက် ပင်မခန်းမဆောင်အတွင်းရှိ နှင်းနင်းမြင်းကို တစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည်။ "ဒီနှင်းနင်းမြင်းက တကယ်ကို ခမ်းနားလှတာပဲ။ ငါတောင် လိုချင်စိတ် ပေါက်သွားပြီ"
"အစ်ကိုကြီး... ခွင့်လွှတ်ပါ" ချင်ကျင်းယွမ်က ပြုံးလျက် ပြောလိုက်လေ၏။ "ဒီနှင်းနင်းမြင်းမှာ ပိုင်ရှင်ရှိနေပါပြီ။ သူက ဆီးနှင်းမင်းသားပိုင်တာပါ။ ဒီလိုမျိုး အဆင့်အတန်းရှိတဲ့ တခြားမြင်းကောင်းတစ်ကောင် တွေ့တဲ့အခါကျရင် အစ်ကိုကြီးရဲ့ အိမ်တော်ကို ပို့ပေးလိုက်ပါ့မယ်"
"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး" ချင်ကျင်းစုက ရှောင်မိုကို တစ်ချက်ကြည့်လိုက်သည်။ "ဒီမြင်းက ငါ့လက်ထဲရောက်ရင် အလဟဿဖြစ်သွားမှာပါ။ ဆီးနှင်းမင်းသားလက်အောက်မှာမှ နာမည်ကျော်ကြားနိုင်မှာလေ။ ဒါပေမဲ့ ဒုတိယညီတော်က ဆီးနှင်းမင်းသားကို ဒီလောက် အဖိုးတန်တဲ့ လက်ဆောင် ပေးနေမှတော့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘာအမှတ်တရလက်ဆောင်မှ မပေးဘူးဆိုရင် မသင့်တော်ဘူးပေါ့"
ချင်ကျင်းစုက ရှောင်မိုအား ပြောလိုက်လေ၏။
"စစ်မြေပြင်ပေါ်က မင်းရဲ့ ကြီးမြတ်တဲ့ နာမည်ကြီးကို ငါ ကြားနေတာ ကြာပါပြီ ရှောင်မို။ ပြီးတော့ မင်းက ငါတို့ ချင်တိုင်းပြည်အတွက် ဘယ်လောက်တောင် အနစ်နာခံခဲ့တယ် ဆိုတာကိုရောပေါ့။ ငါ့ဆီမှာ ပေးစရာ ကောင်းကောင်းမွန်မွန် မရှိပေမဲ့ ကျေးဇူးပြုပြီး ဒါကိုတော့ မင်း လက်ခံပေးရမယ်"
အခန်း (၃၆၂)
ရှောင်မိုက ငြင်းဆိုခြင်းမပြုမီမှာပင် ပထမမင်းသား ချင်ကျင်းစုက လက်ကို ဝှေ့ယမ်းလိုက်လေသည်။
အစေခံအချို့က ရှောင်မို၏ရှေ့သို့ စင်တစ်ခုကို သယ်ဆောင်လာကြ၏။
အနီရောင်အဝတ်စကို ဖယ်ရှားလိုက်သောအခါ စင်ပေါ်ရှိ နှင်းလိုဖြူဖွေးနေသော နဂါးကြေးခွံ သံချပ်ကာတစ်စုံကို မြင်တွေ့လိုက်ရပေသည်။
"ဒီသံချပ်ကာကို စစ်မှန်တဲ့ နဂါးတစ်ကောင်ရဲ့ ကြေးခွံတွေနဲ့ ပြုလုပ်ထားပြီး ကောင်းကင်ပြင် သံမဏိနက်၊ စစ်မှန်တဲ့ ရွှေချည်မျှင် တစ်ထောင်တို့နဲ့ ပေါင်းစပ်ပြီး ကနဦးဟင်းလင်းပြင် မီးတောက်နဲ့ သွန်းလုပ်ထားတာဖြစ်တယ်။ ငါတို့ချင်တိုင်းပြည်က အတော်ဆုံး ပန်းပဲဆရာ ကိုယ်တိုင် ပြုလုပ်ထားတာပဲ"
ချင်ကျင်းစုက သေရည်တစ်ခွက်ကို သောက်လိုက်လေ၏။
"ဒုတိယညီတော်က မင်းကို အဖိုးတန်တဲ့ မြင်းတစ်ကောင်ပေးတယ် ရှောင်မို ငါကတော့ မင်းကို သံချပ်ကာ ပေးတယ်။ တခြားအကြောင်းပြချက်ကြောင့် မဟုတ်ပါဘူး။ ဆီးနှင်းမင်းသားက ငါတို့ ချင်တိုင်းပြည်အတွက် ကြီးမြတ်တဲ့ အောင်မြင်မှုတွေကို စွမ်းဆောင်ပေးနိုင်ပြီး ငါတို့ ချင်တိုင်းပြည်ရဲ့ အရှိန်အဝါကို ပျံ့နှံ့သွားစေဖို့ မျှော်လင့်လို့ပါပဲ"
"..."
ရှောင်မိုက သူ၏ နေရာတွင် မတ်မတ်ထိုင်နေပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်ငြား အမှန်တကယ်တွင်မူ သူ၏ စိတ်ထဲ၌ အတွေးများ အလျင်အမြန် ပြေးလွှားနေခဲ့ပေသည်။
ထိုသူနှစ်ဦးက သူ့ကို သိမ်းသွင်းရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရှောင်မိုက မည်သို့မသိဘဲ နေမည်နည်း။
မည်သို့ပင်ဆိုစေ အရှင်မင်းကြီးထံမှ သူရရှိခဲ့သော မင်းသားဘွဲ့မှာ ခြွင်းချက်တစ်ခုအဖြစ် ချီးမြှင့်ခံရခြင်းဖြစ်ပြီး သူ၏ မိခင်ပင်လျှင် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုကို ရရှိခဲ့သေးသည်။
အခြားသူများ၏ အမြင်တွင် သူသည် အနာဂတ်၌ အရှင်မင်းကြီး၏ အားထားရဆုံးသူ တစ်ယောက်ဖြစ်လာမည်ဟု လူတိုင်းက ထင်မှတ်နေကြပေမည်။
သို့သော် ပြဿနာမှာ ရှောင်မိုက သူတို့နှစ်ဦးနှင့် ပတ်သက်ချင်စိတ် မရှိခြင်းပင်တည်း။
သို့ရာတွင် တိုက်ရိုက် ငြင်းပယ်လိုက်ခြင်းက လူပုံလယ်တွင် သူတို့ကို အရှက်ခွဲလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သွားပေမည်။
ရှောင်မိုက သင့်တော်မည့် ဆင်ခြေတစ်ခုကို စဉ်းစားနေစဉ်မှာပင် သူ၏ ဘေးတွင် ထိုင်နေသော ချင်စီယောင်က ခေါင်းငုံ့ကာ သူမ၏ မျက်လုံးလေးများကို ဟိုဟိုဒီဒီ ကစားနေခဲ့လေ၏။
ခေတ္တအကြာတွင် ချင်စီယောင်က ခေါင်းမော့လာပြီး သူမ၏ အစ်ကိုနှစ်ယောက်ကို ပြုံးလျက် ပြောလိုက်သည်။
"အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က တကယ်ပဲ အံ့သြစရာပါလား။ ရှောင်မို မြို့တော်ကို ပြန်ရောက်ရောက်ချင်း အစ်ကိုတို့နဲ့ စကားတောင် သေချာမပြောရသေးဘူး။ အဲဒါကို အစ်ကိုတို့က ဒီလောက် အဖိုးတန်တဲ့ လက်ဆောင်တွေ ပေးနေကြတယ်။ ဒါပေမဲ့ သမီး စီယောင်က အစ်ကိုတို့ရဲ့ ညီမလေးလေ။ ဘာလို့ အစ်ကိုတို့က သမီးကိုကျတော့ ဘာအသိအမှတ်ပြုမှုမှ မပြကြတာလဲ"
"ဘာတွေပြောနေတာလဲ စီယောင်ရယ်။ ခမည်းတော် မပေးနိုင်တာများ မင်း ဘာလိုချင်လို့လဲ။ ငါတို့က ပေးချင်ရင်တောင် အခွင့်အရေးမှ မရတာ" ဟု ချင်ကျင်းစုက ပြုံးလျက် ပြောလိုက်လေ၏။
"ဘယ်သူက အခွင့်အရေး မရဘူးလို့ ပြောလဲ။ စီယောင်လည်း လိုချင်တာ ရှိတာပဲ။ အစ်ကိုတို့ နှစ်ယောက်က ပေးချင်ပါ့မလား ဆိုတာကိုပဲ မသိတာပါ"
ချင်စီယောင်က သူမ၏ နှုတ်ခမ်းလေးကို ဆူလိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းကာ စိတ်ကောက်နေသယောင် ဟန်ဆောင်လိုက်လေသည်။
"ကောင်းပါပြီ။ ဒါဆို စီယောင် ဘာလိုချင်လဲ" ချင်ကျင်းစုက သူ၏ ညီမဖြစ်သူကို အလိုလိုက်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"စီယောင်က ကိုယ်လိုချင်တာ ဘာမဆို တောင်းလို့ရတာလား" ချင်စီယောင်က မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
"ရတာပေါ့" ချင်ကျင်းစုက ခေါင်းညိတ်လိုက်လေ၏။ "အစ်ကိုကြီးနဲ့ ဒုတိယညီတော်က ပေးနိုင်တဲ့အရာ ဖြစ်နေသရွေ့ ဘာပဲဖြစ်ဖြစ် ရပါတယ်။ ဟုတ်တယ်မလား ကျင်းယွမ်"
ချင်ကျင်းယွမ်ကလည်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ လိမ်ပြောလို့ မရဘူးနော်" ချင်စီယောင်၏ မျက်လုံးလေးများက မျှော်လင့်ချက်များဖြင့် တလက်လက် တောက်ပနေခဲ့ပေသည်။
"ငါတို့ လိမ်မပြောပါဘူး" ချင်ကျင်းယွမ်နှင့် ချင်ကျင်းစုတို့က တစ်သံတည်း ပြန်ဖြေလိုက်ကြ၏။
"သမီးက အစ်ကိုကြီးရဲ့ သံချပ်ကာနဲ့ ဒုတိယအစ်ကိုရဲ့ မြင်းဖြူလေးကို လိုချင်တယ်" ချင်စီယောင်က ပင်မခန်းမဆောင်အတွင်းရှိ မြင်းဖြူနှင့် သံချပ်ကာကို လက်ညှိုးထိုးပြလိုက်လေသည်။
"ဒါက..."
ချင်ကျင်းယွမ်နှင့် ချင်ကျင်းစုတို့၏ မျက်နှာပေါ်တွင် အနည်းငယ် အခက်တွေ့သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။
"အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ပဲ သမီး မျက်စိကျတဲ့အရာ ဘာမဆို ပေးမယ်လို့ ပြောခဲ့တာလေ" ချင်စီယောင်က မတ်တတ်ရပ်လိုက်သည်။ "ဒါဆိုလည်း သဘောတူညီချက် ရသွားပြီပေါ့။ ဒီအရာနှစ်ခုက သမီးအပိုင်ပဲ"
ချင်ကျင်းစုက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်လေ၏။ "စီယောင်ရယ် မင်းက စစ်မြေပြင်ကို သွားရမှာမှ မဟုတ်တာ။ ဒီသံချပ်ကာနဲ့ မြင်းဖြူကို မင်းက ဘာလုပ်မလို့လဲ"
"သူများတွေကို ပေးမလို့ပေါ့"
ချင်စီယောင်က ရှောင်မိုရှိရာသို့ ကျက်သရေရှိစွာ လှည့်လိုက်ပြီး ပြောလိုက်လေသည်။
"ရှောင်မို... ဒီတစ်ခါ နင် ပြန်လာတဲ့အတွက် နင့်ကို ပေးစရာ ငါ့ဆီမှာ ဘာကောင်းကောင်းမွန်မွန်မှ မရှိဘူး။ အခုလေးတင်ပဲ ငါ့ရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက ငါ့ကို နှင်းနင်းမြင်းနဲ့ သံချပ်ကာတစ်စုံ ပေးထားတာ။ ဒါတွေကို နင့်ကို ပေးလိုက်ရင်ရော ဘယ်လိုလဲ"
ချင်စီယောင်၏ စကားများကို နားထောင်ပြီးနောက် ရှောင်မိုမှာ အနည်းငယ် မှင်တက်သွားခဲ့သော်လည်း ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။ "မင်းသမီးလေးက ဒီလိုပြောလာမှတော့ မင်းသမီးလေးရဲ့ စေတနာကို ကျွန်တော်မျိုးက ဘယ်လိုလုပ် အလဟဿဖြစ်အောင် လုပ်ရဲပါ့မလဲ။ ကျေးဇူးတင်ပါတယ် မင်းသမီးလေး"
"မင်းကောင်မလေးကတော့... ငါတို့ ပစ္စည်းတွေကိုယူပြီး တခြားလူတွေကို ပြန်ပေးနေတယ်ပေါ့လေ" ချင်ကျင်းစုက ပြုံးလျက် ပြောလိုက်သည်။ "မင်း အဲဒီလိုစဉ်းစားလိမ့်မယ်လို့ ငါ မယုံနိုင်အောင်ပဲ"
"ဒီကောင်မလေးက အိမ်ထောင်တောင် မပြုရသေးဘူး။ သူ့ရဲ့ တံတောင်ဆစ်တွေက အပြင်ကို ကွေးနေပြီပဲ" ချင်ကျင်းယွမ်ကလည်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်လေ၏။
"အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က ဘာတွေပြောနေတာလဲ" ချင်စီယောင်က သူမ၏ သွယ်လျသော ခါးလေးပေါ်သို့ လက်နှစ်ဖက်ကို တင်ကာ မောက်မာတဲ့ပုံစံလေး ဖမ်းလိုက်သည်။ "ဒီမြင်းဖြူနဲ့ သံချပ်ကာက စီယောင်ကို ပေးပြီးသား ဖြစ်နေမှတော့ စီယောင်က အခြားလူတစ်ယောက်ကို ပြန်ပေးလိုက်တာ အပြစ်မှ မဟုတ်တာ။ ဟုတ်တယ်မလား"
"ကောင်းပါပြီ။ အပြစ်မဟုတ်ပါဘူး"
ချင်ကျင်းစုက ပြုံးလိုက်ပြီး သေရည်တစ်ခွက် သောက်လိုက်ကာ သူ၏ ညီမဖြစ်သူနှင့် ဆက်လက်၍ အငြင်းပွားမနေတော့ချေ။
ရှောင်မိုသည် သူတို့၏ ကျေးဇူးတော်များကို လက်မခံချင်ဘဲ သူတို့ကို အပြစ်လည်း မလုပ်ချင်သောကြောင့် အခက်တွေ့နေသည်ကို စီယောင် မြင်တွေ့သွားသောကြောင့် ဤသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ချင်ကျင်းစုရော ချင်ကျင်းယွမ်ပါ သိရှိထားကြပေသည်။
ထို့ကြောင့် ဤကောင်မလေးက သူတို့၏ လက်ဆောင်ကို သူမ၏ လက်ဆောင်အဖြစ် ပြောင်းလဲလိုက်ခြင်းသာ ဖြစ်လေ၏။
"ရှောင်မို... ငါတို့ ညီအစ်ကိုနှစ်ယောက်က မင်းကို ပေးစရာ ဘာမှမရှိတော့ဘူးဆိုတော့ မင်းကို သေရည်များများသောက်ပြီး ဟင်းများများစားဖို့ပဲ တောင်းဆိုရတော့မှာပေါ့။ ဒီည ငါတို့တွေ အမူးလွန်တဲ့အထိ သောက်ရမယ်နော်"
ချင်ကျင်းစုက သူ၏ သေရည်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
"သဘာဝကျကျပါပဲ" ရှောင်မိုကလည်း သူ၏ သေရည်ခွက်ကို မြှောက်လိုက်လေ၏။ "မင်းသားနှစ်ပါးစလုံးအတွက် ကျွန်တော် ဂုဏ်ပြုသောက်သုံးလိုက်ပါတယ်"
ပြောပြီးသည်နှင့် ရှောင်မိုက သေရည်ကို တစ်ကျိုက်တည်းဖြင့် အကုန်သောက်ချလိုက်သည်။
ရှောင်မိုနှင့် မင်းသားနှစ်ပါးတို့သည် အတူတကွ ဆက်တိုက် သောက်သုံးနေခဲ့ကြ၏။
မင်းသားနှစ်ပါးက ရှောင်မိုကို စစ်မြေပြင်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို မေးမြန်းကြပြီး ရှောင်မိုကလည်း အမှန်အတိုင်း သဘာဝကျကျ ဖြေကြားခဲ့လေသည်။
သူ၏ ပုံကြီးချဲ့ခံထားရသော ဂုဏ်သတင်းနှင့် ပတ်သက်၍မူ ရှောင်မိုသည် မည်သည့်စကားမျှ မဆိုဘဲ ပြုံးရုံသာ ပြုံးနေခဲ့၏။ ယွဲ့မျိုးနွယ်စုမှ ကျင့်ကြံသူ ဖန်တီးခဲ့သော နှင်းခဲကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်းကြောင့်သာ လူတွေက သူ၏ အောင်မြင်မှုများကို ချဲ့ကားပြောဆိုနေကြခြင်းဖြစ်သည်ဟု သူ ခံစားနေရပေသည်။
သုံးပတ်ခန့် သောက်ပြီးသောအခါ သူတို့သုံးဦးစလုံးမှာ အနည်းငယ် ယစ်မူးလာခဲ့ကြချေပြီ။
ရှောင်မို ယိမ်းယိုင်နေပြီး သေရည်မူးနေပုံပေါ်သည်ကို မြင်လိုက်ရသောအခါ ချင်စီယောင်က ထပ်မံ၍ မတ်တတ်ရပ်ကာ သူမ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုကို ညည်းတွားလိုက်လေသည်။ "အစ်ကိုကြီး ဒုတိယအစ်ကို... ဆက်မသောက်ကြပါနဲ့တော့။ ကြည့်ပါဦး ရှောင်မို ဘယ်လောက်တောင် မူးနေပြီလဲဆိုတာ"
"ရပါတယ် စီယောင်။ ငါ သောက်နိုင်ပါသေးတယ်" ရှောင်မိုက သူ့ကိုယ်သူ သေရည်တစ်ခွက် ထပ်ငှဲ့လိုက်၏။
"ထပ်မသောက်နဲ့တော့" ချင်စီယောင်က ရှောင်မို၏ သေရည်ခွက်ကို ယူလိုက်ပြီး သူမ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုကို အနည်းငယ် ဦးညွှတ်လိုက်လေသည်။ "အစ်ကိုကြီး ဒုတိယအစ်ကို... သမီး ရှောင်မိုကို ခေါ်ပြီး အရင်ပြန်နှင့်တော့မယ်"
ပြောပြီးသည်နှင့် ချင်စီယောင်က သူမ၏ အစ်ကိုနှစ်ယောက် ဘာပြောမည်ကို စောင့်မနေတော့ဘဲ ရှောင်မိုကို တွဲကာ ပင်မခန်းမဆောင်ထဲမှ ထွက်ခွာသွားလေတော့သည်။
"ပုံမှန်အားဖြင့် တတိယညီမလေးက ကလေးမလေးတစ်ယောက်လို ထင်ရပေမဲ့ ရှောင်မိုရဲ့ ရှေ့မှာကျတော့ ဇနီးတစ်ယောက်လို ပြုမူနေတာပဲ။ တကယ်ပါပဲ သမီးမိန်းကလေးဆိုတာ ကြီးလာရင် အိမ်မှာ ထားလို့မရတော့ပါဘူး..."
ချင်ကျင်းယွမ်က နောက်ထပ် သေရည်တစ်ခွက်ကို သောက်လိုက်လေ၏။
ပင်မခန်းမဆောင်အတွင်း၌ ချင်ကျင်းစုနှင့် ချင်ကျင်းယွမ်တို့သာ ကျန်ရစ်ခဲ့တော့သည်။
"တတိယညီမလေးကလည်း မငယ်တော့ပါဘူး။ အိမ်ထောင်ပြုရမယ့် အချိန်တောင် ရောက်နေပြီ" ချင်ကျင်းစုက ပြုံးလျက် မတ်တတ်ရပ်လိုက်သည်။ "ဒါပေမဲ့ ရှောင်မိုက တကယ်ပဲ မူးသွားတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာ မင်း ဘယ်လိုထင်လဲ"
ချင်ကျင်းယွမ်က ပြုံးလျက် ပြောလိုက်လေ၏။ "ရှောင်မိုက မမူးဘူးဆိုရင်တောင် တတိယညီမလေးက မူးတယ်လို့ ပြောရင် သူက မူးတာပဲ"
"ဟားဟားဟား အဲဒီကောင်မလေးက ငါတို့အပေါ်ဆို တစ်ခါမှ အဲဒီလိုမျိုး ဂရုတစိုက် မရှိခဲ့ဘူး"
ချင်ကျင်းစုက မတ်တတ်ရပ်လိုက်ပြီး သူ၏ ညီဖြစ်သူအား ပြောလိုက်သည်။
"လာပါ လာပါ။ မင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် ဒုတိယညီတော်။ ဒီည စားသောက်ပွဲမှာ ငါ တကယ်ပဲ ပျော်ခဲ့ရတယ်။ ငါတို့ ညီအစ်ကိုတွေ ဒီလိုမျိုး လွတ်လွတ်လပ်လပ် မသောက်ရတာ အတော်ကြာပြီထင်တယ်"
"အစ်ကိုကြီး ဆန္ဒရှိရင် အချိန်မရွေး သောက်လို့ရပါတယ်" ဟု ချင်ကျင်းယွမ်က ပြောလိုက်လေ၏။
"တကယ်ပဲ အချိန်မရွေးလား" ချင်ကျင်းစုက သူ၏ ညီဖြစ်သူကို ပြုံးလျက် ကြည့်လိုက်သည်။
ချင်ကျင်းယွမ်မှာ ခေတ္တမျှ စကားဆွံ့အသွားခဲ့ရပေသည်။
"ငါ ပြန်တော့မယ်"
ချင်ကျင်းစုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး နောက်ထပ် ဘာမှမပြောတော့ဘဲ ပြန်ထွက်သွားရန် လှည့်လိုက်လေသည်။
အစ်ကိုဖြစ်သူ၏ ကျောပြင်က ပင်မခန်းမဆောင်ထဲမှ ထွက်ခွာသွားပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ချင်ကျင်းယွမ်က ပြန်လည် ထိုင်ချလိုက်ပြီး သူ၏ သေရည်ကို တစ်ငုံချင်းစီ သောက်နေခဲ့လေ၏။
ချင်ကျင်းယွမ် မည်မျှအထိ ကြာကြာသောက်ခဲ့သည်ကို သူကိုယ်တိုင်ပင် မသိခဲ့ချေ။ သူက နူးညံ့သော ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်နှာကြက်ကို ကြည့်ရင်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူ ဘာကို ရယ်မောနေသလဲဆိုတာကို သူ့ကိုယ်သူ မသိခဲ့ပေ။
ဖြစ်နိုင်သည်က ခမည်းတော်သည် အဘယ်ကြောင့် အိမ်ရှေ့စံကို မခန့်အပ်သေးသနည်းဆိုသည်ကို ရယ်မောနေခြင်း ဖြစ်နိုင်သည်။
သူက အဘယ်ကြောင့် တော်ဝင်မိသားစုတွင် လာရောက်မွေးဖွားခဲ့ရသနည်း ဆိုသည်ကို ရယ်မောနေခြင်း ဖြစ်နိုင်သည်။
သူက ထိုနေရာလေးကို အဘယ်ကြောင့် လက်မလွှတ်နိုင်ရသနည်း ဆိုသည်ကို ရယ်မောနေခြင်းလည်း ဖြစ်နိုင်ပေသည်။