အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း (၁၉၁) အဲဒီ အိပ်မက်လှလှလေးက အတိတ်ပဲ
အလင်းရောင်များ ပျောက်ကွယ်သွားချိန်တွင် ကောင်းကင်ယံ၌ အရာတစ်ခုတည်းသာ ကျန်ရှိနေတော့သည်။
"ဟင်"
ကျောက်ရှီး၏ မျက်ခုံးများက တွန့်ချိုးသွားကာ သူမရှေ့ရှိ စစ်ယန္တရားကြီးကို ကြည့်လိုက်လေ၏။ ယင်းက သနားစရာကောင်းလောက်အောင် ပျက်စီးနေသော်လည်း ၎င်း၏ ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပေသည်။
"အဆင့် ၁၂ လက်နက်ဆိုတော့လည်း ငါထင်ထားသလောက်တော့ မလွယ်ဘူးပဲ။ အထဲက လူတွေ အကုန်သေကုန်ပြီ၊ AI ကလည်း ငြိမ်ကျသွားပြီ။ ထားလိုက်ပါတော့လေ၊ ဒါကို ဖျက်ဆီးနေလို့လည်း အဓိပ္ပာယ်မှ မရှိတာ..."
အဆင့် ၁၃ နှင့် အဆင့် ၁၂ အကြား ကွာဟချက်က ကြီးမားလှသော်လည်း ဤစစ်ယန္တရားကြီးက ယုံမှားသံသယဖြစ်ဖွယ်မရှိ အစွမ်းထက်လှပေသည်။ စစ်ဆေးရေးမှူး ဌာန၏ ဝှက်ဖဲများထဲမှ တစ်ခုအနေဖြင့် အကန့်အသတ်ကျော်လွန် မုဒ်ရှိ အမဲလိုက် စက်ယန္တရားနဂါးကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိခြင်းကပင် ယင်း၏ အစွမ်းခွန်အားကို သက်သေပြနေပြီ ဖြစ်၏။
တစ်ဖက်သတ် အရိုက်ခံနေရတာတောင်မှလေ။
သူမက သူမ၏ ကိုယ်ပိုင် အလင်းမျက်နှာပြင်ကို ဆွဲဖွင့်လိုက်သည်။ သူမ၏ ကိုယ်ခံစွမ်းအားက အဆင်ပြေသော်လည်း စိတ်စွမ်းအား ဘားတန်းမှာ ၃၀ အမှတ်အောက်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ပေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မှောင်မိုက်သော ရွှေရောင် အလင်းတန်းများက မှေးမှိန်သွားကာ သူမ၏ ငွေဖြူရောင် အခြေအနေကိုပင် ဆက်လက် မထိန်းသိမ်းထားနိုင်တော့ချေ။
"ဟူး..."
"ဒါပေမဲ့ ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
ထာဝရ ညဉ့်ယံ မြို့တော်မှ ထိုကျွမ်းကျင်သူများ အားလုံးက တွင်းနက်ကြီး၏ စွမ်းအားဖြင့် ဖြေရှင်းခံလိုက်ရပြီ ဖြစ်သည်။
သုံးစက္ကန့် ကျောက်ရှီးက လွန်ပူထိပ်ဖူး၏ စွမ်းအားကို သုံးစက္ကန့်တိတိ ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။
အနည်းငယ် ကိုက်ခဲနေသော သူမ၏ နားထင်များကို ပွတ်သပ်လိုက်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုရင်း မြေပြင်သို့ ပြန်ဆင်းလာခဲ့ပြီး စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းရေး ဆေးရည် ပုလင်းအနည်းငယ်ကို ထုတ်ယူ သောက်သုံးလိုက်၏။
"... ကျစ်... ပြန်မပြည့်လာဘူးလား။ အမြင့်ဆုံး ကန့်သတ်ချက်က ယာယီ သော့ခတ်ခံထားရတယ်... အကန့်အသတ်ကျော်လွန် မုဒ် လွန်ပူထိပ်ဖူးကို သုံးလိုက်တိုင်း အမြဲတမ်း ဒီလိုပဲ။ ဟူး... ဒါဆို နောက်ဆုံးတစ်ခုပဲ ကျန်တော့တာပေါ့..."
ဒေါက်... ဒေါက်...
မနီးမဝေးမှ လျှောက်လှမ်းလာသော ရင်းနှီးနေသည့် ဘွတ်ဖိနပ်သံများကို ကျောက်ရှီး ကြားလိုက်ရလေသည်။
"မြို့တော်ဝန်..."
ဖြန်း...
ကျောက်ရှီး၏ ဆံပင်များက ငွေဖြူရောင်သို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွား၏။ အသံထွက်လာရာဘက်သို့ သူမ၏ အကြည့်များကို လှည့်လိုက်သည်။
"ကောင်းတယ်... မင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ် ကျောက်ရှီး"
ဖြန်း... ဖြန်း...
အပျက်အစီးများပေါ်တွင် ရပ်လျက် လက်ခုပ်တီးနေသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး။ ဆော်လမွန် မြို့တော်၏ မြို့တော်ဝန် ဆော်လမွန် ဂရေ့စ် ပင်တည်း။
သူမက ကြင်နာတတ်သော အပြုံးတစ်ခုကို ဆင်မြန်းထားလျက် အထက်သို့ မော့ကြည့်ကာ အမဲလိုက် စက်ယန္တရားနဂါးကို ကြည့်ရှုလိုက်လေသည်။ ထို့နောက် သူမ၏ အကြည့်များက ရွေ့လျားသွားကာ မြင့်မားသော နေရာတစ်ခုတွင် ပွဲကြည့်ပရိသတ်အဖြစ် ထိုင်နေသော ရဲချီယန်နှင့် သူ၏ ဘေးနားရှိ သိမ်းဆည်းမထားဘဲ အရွယ်အစား အလွန်အမင်း သေးငယ်သွားသော အမဲလိုက် စက်ယန္တရားနဂါးကို မြင်တွေ့လိုက်ရသောအခါ သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ အခြားတစ်ဖက်တွင်မူ ကျူရှင်းထူကလည်း ပွဲကြည့်ပရိသတ်အဖြစ် ဤအရာအားလုံးကို အပြုံးလေးဖြင့် ကြည့်ရှုနေလေသည်။
"အဆင့် ၁၃... ဟီးဟီး... ဒီအဆင့်ရှိတဲ့ ပစ္စည်းတစ်ခု ပထမဆုံး ပေါ်လာခဲ့တာက လွန်ခဲ့တဲ့ ခြောက်ဆယ့်ခြောက်နှစ်ကပေါ့။ အဲဒီတုန်းက ဒီအဆင့်ရှိတဲ့ ပစ္စည်းတစ်ခုက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ လူတိုင်းက ထင်ခဲ့ကြတာ။ နှစ်တွေအများကြီး ကြာသွားပေမယ့် ဘာမှ ပြောင်းလဲမသွားဘူးဆိုတာကို ဘယ်သူက ထင်မှာလဲ... ဟီးဟီး... ကျောက်ရှီး၊ မင်းက ကံကောင်းတယ်။ ဒါက စံသတ်မှတ်ချက်ပြည့်မီတဲ့ အဆင့် ၁၃ မဟုတ်ဘူး ဆိုပေမယ့် တကယ်ကို အစွမ်းထက်တယ်"
သူမ၏ အသံက မကျယ်လောင်သော်လည်း အထက်တွင် ရှိနေသော ရဲချီယန်က ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
ဒီအဘွားကြီးက တမင်သက်သက် လုပ်နေတာလား။ လူတိုင်းကို ကြားစေချင်နေတာလား။
ရဲချီယန်၏ မျက်ခုံးများက တွန့်ချိုးသွားကာ လက်ဖျစ်တွက်လိုက်ပြီး မျက်ရည်နီနှင့် ကျီးကန်းကို ဆင့်ခေါ်လိုက်လေသည်။ စံသတ်မှတ်ချက်ပြည့်မီတဲ့ အဆင့် ၁၃ တဲ့လား။ အမှန်တော့ သူ့ဆီမှာ အဲဒီအဆင့်ရှိတဲ့ အရာတစ်ခု ရှိနေခဲ့တယ်လေ။
သူ၏ ကိုယ်ခံစွမ်းအား ကန့်သတ်ချက် မြင့်တက်လာမှုကြောင့် သူ၏ အမြင်အာရုံက သာမန်လူများထက် အများကြီး ပိုမို ထက်မြက်နေခဲ့သည်မှာ ကြာပြီဖြစ်၏။ အလွန် ဝေးကွာသော နေရာမှနေ၍ပင် အောက်ခြေတွင် ဖြစ်ပျက်နေသမျှ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ဆဲ ဖြစ်ပေသည်။
ဂရေ့စ်က သူမ၏ လက်ဝါးကို ဖြန့်လိုက်ရာ ရထားဒင်္ဂါး ထောင်ပေါင်းများစွာနှင့်အတူ စက်ယန္တရား အစိတ်အပိုင်းများ၊ သတ္တုများနှင့် အခြားသော ကုန်ကြမ်းများစွာက သူမ၏ ဘေးပတ်လည်မှ အထက်သို့ ပျံတက်သွားကြလေသည်။ လေထဲတွင် ဝဲပျံနေပြီး ပြိုကျလုနီးပါး ဖြစ်နေသော စစ်ယန္တရားကြီးက တဖြည်းဖြည်း ပြန်လည် ပြုပြင်ခံနေရ၏။
"အင်း... ဒီလောက်ဆို ရလောက်ပါပြီ။ ပြင်ဖို့အတွက် ရထားဒင်္ဂါး တစ်သောင်းတောင် ကုန်သွားတယ်။ ဒါက တကယ်ကို ပျက်စီးဆုံးရှုံးမှု အတော်လေး များတာပဲ။ အဲဒီ မဟာမိတ်အဖွဲ့တွေဆီကနေ ပိုက်ဆံပိုရအောင် နည်းလမ်းတစ်ခု ရှာရတော့မယ် ထင်တယ်။ ဒါပေမဲ့... နောက်တစ်သုတ် ရောက်လာမယ့် ရထားမောင်းနှင်သူတွေဆီကနေပေါ့... ဟီးဟီး"
"မြို့တော်ဝန်... ဘာဖြစ်လို့လဲ"
ကောင်းကင်ယံရှိ စစ်ယန္တရားကြီး ပြန်လည် ပြုပြင်ခံလိုက်ရသည်ကို ကျောက်ရှီး ဂရုမစိုက်ချေ။ သူမက အကန့်အသတ်ကျော်လွန် မုဒ်ရှိ အမဲလိုက် စက်ယန္တရားနဂါးကို မဖွင့်ဘဲနှင့်ပင် ထိုစစ်ယန္တရားကြီးကို ဖျက်ဆီးပစ်ရန် နည်းလမ်းများစွာ ရှိနေသေးသည် မဟုတ်ပါလော။
ဂရေ့စ်က သူမ၏ ကြင်နာတတ်သော အသွင်အပြင်ကို ထိန်းသိမ်းထားဆဲ ဖြစ်၏။ သူမက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"ကျောက်ရှီး... ဒေါသမထွက်ပါနဲ့။ ဒီလိုမျိုး ဖြစ်တာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ"
"အဲဒါ ဘာသဘောလဲ"
ဂရေ့စ်က သူမထံသို့ တည့်တည့် လျှောက်လာရာ ကျောက်ရှီးက လှံရှည်ကို အလျင်အမြန် ဆွဲထုတ်လိုက်ကာ သူမအား ချိန်ရွယ်လိုက်လေသည်။
"ရှေ့ဆက်မတိုးခဲ့နဲ့"
"ကောင်းပါပြီ... ငါ မတိုးတော့ပါဘူး။ မင်းက သိချင်နေမှတော့ ငါ ပြောပြဖို့ ဝန်မလေးပါဘူး။ ငါတို့က ရထားမောင်းနှင်သူ အရေအတွက်ကို လျှော့ချနေရုံ သက်သက်ပါပဲ... တခြားဘာမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကလိုမျိုးပေါ့"
"???"
ဂရေ့စ်၏ စကားများကြောင့် ကျောက်ရှီး၏ မျက်နှာအမူအရာက အလွန်တရာ ရုပ်ဆိုးသွားလေတော့သည်။
"မြို့... မြို့တော်ဝန်... ဘာ... ဘာကို ဆိုလိုတာလဲ"
"ငါ ပြောတဲ့အတိုင်းပဲလေ။ ထာဝရ ညဉ့်ယံ မြို့တော်ရဲ့ မြို့တော်ဝန်နဲ့ ငါက သဘောတူညီမှု ရထားတယ်။ နှစ်ဖက်စလုံးက ကိုယ့်မြို့တော်က ရထားမောင်းနှင်သူတွေကို ဦးဆောင်ပြီး တိုက်ခိုက်ခိုင်းမယ်၊ ပြီးတော့... တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သတ်ဖြတ်ပြီး အရေအတွက် လျော့ကျသွားအောင် လုပ်မယ်"
အလင်းမျက်နှာပြင်တစ်ခု ပေါ်လာခဲ့၏။ ဆော်လမွန် မြို့တော်၏ ပထမ သုံးလွှာမှ မြင်ကွင်းများက ကောင်းကင်ယံတွင် ပေါ်လာခဲ့လေသည်။
"ကြည့်လိုက်စမ်း။ သူတို့က အချင်းချင်း သတ်ဖြတ်နေကြတယ်၊ အကျိုးအမြတ် နည်းနည်းလေးအတွက်နဲ့ အချင်းချင်းရဲ့ အသက်ကို နှုတ်ယူနေကြတယ်"
"ဘယ်လောက်တောင် မိုက်မဲလိုက်လဲ ကြည့်စမ်း။ သူတို့က လွင်တီးခေါင်ပြင်ထဲမှာ ထာဝရ ခရီးဆက်သွားလို့ ရနေရက်နဲ့ ယာယီ တည်ငြိမ်မှုလေးကို ခံစားဖို့ မြို့တော်တစ်ခုထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ကြတယ်။ နောက်ဆုံးတော့ ငါတို့ရဲ့ အသုံးချမှုကို ခံလိုက်ကြရတယ်လေ"
"ကြည့်စမ်း... ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ဒီကမ္ဘာကြီးမှာ ရထားမောင်းနှင်သူ ဆိုတဲ့ တည်ရှိမှုထက် ပိုပြီး အားကျစရာကောင်းတဲ့၊ ပိုပြီး နာကျင်စရာကောင်းတဲ့၊ ပိုပြီး လွတ်လပ်တဲ့၊ ပိုပြီး အစွမ်းထက်တဲ့ ဒါမှမဟုတ် ပိုပြီး ရူးသွပ်စရာကောင်းတဲ့ အရာ ရှိသေးလို့လား"
"အဖြေကတော့ မရှိဘူးပဲ။ ဘုရားသခင်တွေတောင်မှ ရထားမောင်းနှင်သူတွေရဲ့ လက်ချက်နဲ့ ကျရှုံးသွားနိုင်တယ်"
ဂရေ့စ်၏ စကားများက ကျောက်ရှီး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။
"ဘာ... ဘာတွေ ပြောနေတာလဲ။ အပြန်အလှန် အရေအတွက် လျှော့ချတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ"
လွန်ခဲ့သော ဆယ်နှစ်က ဂရေ့စ်က သူမအား ဆော်လမွန် မြို့တော်သို့ ဝင်ရောက်ကာ စစ်ကြောရေးခုံရုံးကို တည်ထောင်ရန် ဖိတ်ခေါ်ခဲ့စဉ်က မြင်ကွင်းက သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။
ထိုနှစ်က သူမသည် မြို့တော်များ၏ အပြင်ဘက်တွင် သီးခြား လှုပ်ရှားနေသော၊ မည်သည့် မဟာမိတ်အဖွဲ့ထဲသို့မျှ ဝင်ရောက်ရန် စိတ်မဝင်စားဘဲ လွင်တီးခေါင်ပြင်ထဲတွင် ခရီးသွားနေသော ရထားမောင်းနှင်သူ တစ်ဦးသာ ဖြစ်ခဲ့ပေသည်။
ထိုနေ့က ဂရေ့စ်က အားနည်းသူများစွာက အစွမ်းထက်သူများ၏ ကာကွယ်ပေးမှုကို လိုအပ်နေကြောင်း သူမအား ပြောပြခဲ့၏။ ထို့ကြောင့် ကျောက်ရှီးက ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကြောရေးခုံရုံးမှ အခြားအဖွဲ့ဝင်များက လွင်တီးခေါင်ပြင်ဆီသို့ အချိန်မရွေး သွားရောက်နိုင်ကြပေသည်။ ကြီးမားကျယ်ဝန်းသော်လည်း သေးငယ်လှသော ဤဆော်လမွန် မြို့တော်ထဲတွင် သူမ တစ်ယောက်တည်းသာ ဆယ်နှစ်တိတိ အချိန်ကုန်ဆုံးခဲ့ရလေသည်။
အခုတော့...
ဂရေ့စ်၏ စကားများက ကျောက်ရှီး၏ နှလုံးသားကို ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့၏။ သူမ၏ စိတ်စွမ်းအားများက ယိုယွင်းလာနေပြီး ငွေဖြူရောင် လျှပ်စီးများကလည်း တဖြည်းဖြည်း မှေးမှိန်လာနေလေသည်။
"ဘာဖြစ်လို့လဲ"
ဂရေ့စ်က အလွန် လှပသော အရာတစ်ခုခုကို ပြန်လည် အမှတ်ရနေသည့်အလား ကောင်းကင်ယံသို့ မော့ကြည့်လိုက်လေသည်။
"ငါတို့က အိမ်ကို ပြန်ချင်ရုံ သက်သက်ပါပဲ"
သူမက ဆက်ပြောလေ၏။
"ဒီလွင်တီးခေါင်ပြင် မဟုတ်ဘူး၊ ဒီဘူတာရုံကမ္ဘာ မဟုတ်ဘူး။ ငါတို့ရဲ့ အစစ်အမှန် အိမ်ကို ပြောတာပါ"
"ငါတို့က ရထားမောင်းနှင်သူ အရေအတွက်ကို အဆက်မပြတ် လျှော့ချပေးနေသရွေ့၊ အဲဒီ ဘုရားသခင်လို့ ခေါ်တဲ့ သူတွေကို အဲဒီ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရထားစနစ်ရဲ့ အာဏာကို အားနည်းသွားအောင် ကူညီပေးနေသရွေ့... ဘုရားသခင်တွေက ငါတို့ကို အိမ်ပြန်ပို့ပေးနိုင်တယ်"
"ဒါကြောင့် ဒီမြို့ကို ငါ တည်ဆောက်ခဲ့တာပဲ။ မဟုတ်သေးဘူး... မူလက တည်ဆောက်ခဲ့တဲ့ အဲဒီ မြို့တော် ဆယ့်နှစ်မြို့စလုံးက ဒီအတွက်ကြောင့်ပဲ"
"ကျောက်ရှီး... မင်းကော ပြန်မသွားချင်ဘူးလား။ မင်းရဲ့ မူလကမ္ဘာကို မပြန်ချင်ဘူးလား။ ပြီးတော့... အပေါ်မှာရှိတဲ့ သူငယ်ချင်း နှစ်ယောက်ကော... အိမ်မပြန်ချင်ကြဘူးလား"
ရုတ်တရက် အခေါ်ခံလိုက်ရသော ရဲချီယန်က သူ၏ မျက်နှာအမူအရာကို မပြောင်းလဲစေဘဲ ထိန်းသိမ်းထားလိုက်၏။ အိမ်ပြန်မယ် ဟုတ်လား။ သူ၏ မူလကမ္ဘာကို ပြန်သွားမယ်တဲ့လား။
သြော်... ဒါကြောင့်ကိုး။ ဒါဆို ကြယ်တစ်ထောင်မြို့တော်ကလည်း အတူတူပဲပေါ့လေ။
မြို့တော်... မြို့တော် ဟုတ်လား။ ရဲချီယန်၏ စိတ်ထဲတွင် အပြုံးမျက်နှာနဲ့လူ ရှိနေခဲ့သော ရှေ့တန်း ဘူတာက ပေါ်လာခဲ့၏။ တစ်နည်းအားဖြင့် တွေးကြည့်မည်ဆိုပါက ထိုရှေ့တန်း ဘူတာကလည်း မြို့တော်ငယ်လေးတစ်ခု မဟုတ်ပါလော။
ဒါဆိုရင်... ဒီအဘွားကြီးရဲ့ အဆိုအရ လွင်တီးခေါင်ပြင်ထဲက မူလ မြို့တော် ၁၂ မြို့ ဆိုတာကလည်း အဲဒီ ရှေ့တန်း ဘူတာလိုမျိုးပဲပေါ့။
"အိမ်ပြန်မယ်... ဟုတ်လား"
"ငါကတော့ သိပ်စိတ်မဝင်စားပါဘူး၊ ဒါပေမဲ့..."
သို့တိုင်အောင် ဂရေ့စ် ပြောသမျှကို ကြားပြီးနောက် ရဲချီယန်က ဤလူများ၏ အတွေးများကို အပြည့်အဝ နားလည်နိုင်ခဲ့ပေသည်။ လွင်တီးခေါင်ပြင်က အိမ်မဟုတ်သလို မြို့တော်ကလည်း အိမ်မဟုတ်ချေ။
ဤအဆုံးအစမရှိသော ကမ္ဘာကြီးထဲသို့ အတင်းအကျပ် ရောက်ရှိလာခဲ့ရပြီး မရေမတွက်နိုင်သော ပလက်ဖောင်းများထဲသို့ အတင်းအကျပ် ဝင်ရောက်ခဲ့ရကာ လူအများစု နှလုံးသားထဲတွင် အလိုချင်ဆုံး အရာမှာ သူတို့၏ ယခင်အိမ်သို့ ပြန်သွားရန်သာ ဖြစ်ပေသည်။
ယခင်က ကျူရှင်းထူ ပြောခဲ့သလိုပင်။ လူများစွာက အိပ်မက်စားသုံးသူများကို ရှာဖွေချင်ကြသည်။ သူတို့ ရက်လုပ်ပေးသော လှပသည့် အိပ်မက်များထဲတွင် ယစ်မူးပျော်ဝင်ကာ ရုန်းထွက်လိုစိတ် မရှိကြတော့ချေ။ အဲဒီ အိပ်မက်လှလှလေးက အတိတ်ပဲလေ။
အခန်း (၁၉၂) ဂရေ့စ်၊ အိမ်ပြန်ချင်သူများ
"ဘာလို့ အဲဒီ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မင်းက ယုံရတာလဲ"
"မင်းပြောတဲ့ အဲဒီ ဘုရားသခင်တွေက လွင်တီးခေါင်ပြင်ထဲကို ခြေချရဲတဲ့ သတ္တိတောင် မရှိကြဘူး။ ရထားမောင်းနှင်သူ တစ်ယောက်တောင်မှ မလုပ်နိုင်တာကို သူတို့က လုပ်နိုင်မယ်လို့ မင်းက ဘယ်လိုလုပ် ထင်ရတာလဲ"
"ပြီးတော့ မင်းက ဘာဖြစ်လို့ အတိတ်ကိုချည်းပဲ အမြဲတမ်း တွေးတောနေရတာလဲ။ လက်ရှိ ပစ္စုပ္ပန်မှာ ဘာတွေများ မှားယွင်းနေလို့လဲ"
ဂရေ့စ်၏ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာပေါ်တွင် ခါးသီးမှုများ ရောယှက်နေသည့် သဘာဝမကျသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"လက်ရှိမှာ ဘာမှားနေလို့လဲ ဟုတ်လား။ ဟုတ်တယ်... လွင်တီးခေါင်ပြင်ထဲမှာ ဆက်ပြီး ကြီးထွားလာနိုင်တဲ့ လူအများစုက မင်းလိုမျိုးပဲ ကျောက်ရှီး... သူတို့ရဲ့ အတိတ်က တည်ရှိမှုတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိကြတယ်။ ဒါပေမဲ့... အဲဒီစကားပုံက ဘယ်လို ဆိုထားတာလဲ"
သူမက ကောင်းကင်ယံသို့ မော့ကြည့်ကာ အုံ့ဆိုင်းနေသော တိမ်တိုက်များကို ငေးကြည့်လိုက်လေသည်။
"အဆုံးအစမရှိတဲ့ ကမ္ဘာတွေမှာ အဆုံးအစမရှိတဲ့ ဖြစ်နိုင်ခြေတွေ ရှိနေတယ်။ လွင်တီးခေါင်ပြင်က အရမ်းကို ကျယ်ဝန်းလွန်းလို့ အိမ်ပြန်ချင်တဲ့ ငါတို့လို လူတွေကိုတောင်မှ အခုချိန်အထိ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေး ပေးထားတာပဲ။ ငါတို့က အိမ်ကို ပြန်ချင်နေတဲ့ အိမ်ပြန်ချင်သူတွေ သက်သက်ပါပဲ"
"ကျိုးရှန်ချင်းကို မင်း မှတ်မိသေးလား။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကြယ်တွေကို ကျော်လွန်ခြင်း ဆိုတဲ့ ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ လူငယ်လေး တစ်ယောက် ပေါ်လာခဲ့ပြီး သူ့ရဲ့ ရောက်ရှိလာမှုက ငါတို့ကို ထွက်သွားနိုင်မယ့် မျှော်လင့်ချက် ပေးခဲ့တယ်။ သူ့ကို ကူညီပေးခဲ့ကြတာက သူ့ခေတ်က ရထားမောင်းနှင်သူတွေ အားလုံးတင် မဟုတ်ဘူး... အိမ်ပြန်ချင်နေတဲ့ ငါတို့တွေလည်း အတူတူပဲ"
ကျိုးရှန်ချင်း ဟုတ်လား။ ကြယ်တွေကို ကျော်လွန်ခြင်း တဲ့လား။
ရဲချီယန်က ရှာယာ တစ်ချိန်က ပြောပြခဲ့ဖူးသော ပုံပြင်ကို သတိရသွား၏။
"လွင်တီးခေါင်ပြင်ကို ဖြတ်ကျော်ခဲ့ပေမယ့် နောက်ဆုံးမှာ ကျရှုံးသွားခဲ့ရတဲ့ တစ်ယောက်လား"
"ဟုတ်တယ်၊ သူပဲ"
ဂရေ့စ်က ရဲချီယန်၏ တိုးတိုးလေး ရေရွတ်လိုက်သော အသံကို အကြောင်းပြန်လိုက်လေသည်။
ရဲချီယန်က တိတ်ဆိတ်နေလိုက်၏။ သူက သူ၏ စိတ်စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာစေရန် ဗိုက်စင်သီးကိုသာ တိတ်ဆိတ်စွာ စားနေလိုက်သည်။
ဒီကနေ့ ကိစ္စက ဒီလောက် လွယ်လွယ်နဲ့ အဆုံးသတ်သွားဖို့ မရှိတော့ဘူး။ ဤလူက ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာခဲ့သည်မှာ အလွန်တရာ ကြာမြင့်နေပြီဖြစ်သော ရထားမောင်းနှင်သူ တစ်ယောက် ဖြစ်လောက်ပေသည်။
သူမက ဘာမှ မပြောခဲ့ဘူးဆိုရင် တစ်မျိုးပေါ့၊ ဒါပေမဲ့... သူမရဲ့ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်ပြီ ဆိုမှတော့။ သူမက ဘယ်လိုလုပ် သူတို့ကို ဒီနေ့ လွယ်လွယ်ကူကူ ထွက်သွားခွင့် ပြုပါ့မလဲ။
ပုံမှန်ဆို ပြဿနာရှာရတာ သဘောကျတဲ့ လူလိမ်မကတောင် အခုချိန်မှာ အရမ်းကို တိတ်ဆိတ်နေတာကို သူ သတိမထားမိဘူးလား။
"နောက်ဆုံးတော့ ကျိုးရှန်ချင်း လည်း ကျရှုံးသွားခဲ့ရတာပဲ။ သူက တိတ်တိတ်လေး ကျရှုံးသွားခဲ့တာ။ အံ့ဩစရာကောင်းလောက်တဲ့ အမြန်နှုန်း... မဟုတ်ဘူး၊ အံ့ဖွယ်အရာတစ်ခုလို့တောင် ပြောလို့ရတဲ့ အမြန်နှုန်းနဲ့ သူက လွင်တီးခေါင်ပြင်ကို ဖြတ်ကျော်ခဲ့ပေမယ့် ဒီကမ္ဘာကြီးရဲ့ အစွန်းကို သူ ရှာမတွေ့ခဲ့ဘူးလေ"
"အဲဒီတုန်းက ငါတွေးမိတယ်။ ဒီကမ္ဘာကြီးက အတိအကျ ဘယ်လောက်တောင် ကြီးမားနေလို့လဲ။ ငါတို့ လွင်တီးခေါင်ပြင်ထဲကနေ လွတ်မြောက်နိုင်မယ့် ဘယ်လိုနည်းလမ်းကိုမှ စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင်ကို ကြီးမားနေတာလားလို့"
ဂရေ့စ်၏ မျက်နှာအမူအရာက အထီးကျန်ဆန်နေပြီး သူမ၏ လေသံတွင်လည်း ဝမ်းနည်းမှုများ ပြည့်နှက်နေလေသည်။ သို့သော် ဤစကားများက ကျောက်ရှီးအပေါ်တွင် လုံးဝ သက်ရောက်မှု မရှိခဲ့ချေ။
"အဲဒီတော့ ဘာဖြစ်လဲ။ အဲဒါက မင်း အဲဒီ ဘုရားသခင်တွေကို ယုံကြည်ဖို့ ရွေးချယ်စရာ အကြောင်းပြချက် မဟုတ်ဘူး။ ငါ မယုံဘူး။ ငါတို့တောင် မလုပ်နိုင်တာကို အဲဒီ ဘုရားသခင်တွေက ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ"
ကျောက်ရှီး၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း ဂရေ့စ်၏ မျက်လုံးများထဲတွင် မိခင်တစ်ဦး၏ ကျေနပ်အားရမှုမျိုး ပြည့်နှက်နေလေ၏။
"အင်း... အစတုန်းက ငါလည်း မယုံခဲ့ပါဘူး။ ငါသိခဲ့ဖူးတဲ့ ကမ္ဘာကြီးကို ငါ့ကို အမှန်တကယ် ပြသပေးခဲ့တဲ့ အချိန်အထိပဲ... ပြီးတော့... ငါ့သမီးလေးကိုပါ ပြန်တွေ့ခဲ့ရတဲ့အထိပေါ့... လွင်တီးခေါင်ပြင်ထဲကို ငါရောက်လာတုန်းက သူမက မင်းအရပ်လောက်ပဲ ရှိဦးမှာ..."
သိခဲ့ဖူးတဲ့ ကမ္ဘာကြီးကို ပြန်တွေ့ရတယ် ဟုတ်လား။ ဒီမိန်းမ ရူးနေပြီလား။ ဒီလောက် လွယ်လွယ်ကူကူ အတုအယောင် ဖန်တီးလို့ရတဲ့ အရာတစ်ခုကို အမှန်တကယ် ယုံကြည်နေရတယ်လို့။
"မင်း ရူးနေလား။ ဒီကမ္ဘာထဲကို မင်းရောက်နေတာ နှစ်ပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲ။ တကယ်လို့ မင်းမှာ သမီးတစ်ယောက် တကယ် ရှိခဲ့တယ်ဆိုရင်တောင်မှ သူမက အချိန်တွေ အများကြီး ကြာခဲ့ပြီမို့လို့..."
"အချိန်စီးဆင်းမှုက မတူဘူးလေ" ဂရေ့စ်က ကျောက်ရှီး၏ စကားကို ကြမ်းတမ်းစွာ ဖြတ်ပြောလိုက်သည်။
"မင်းတို့ ကျောက်ရှီးနဲ့ အပေါ်က နှစ်ယောက်က ငါတို့နဲ့ လာပူးပေါင်းချင်မလားဆိုတာ သိချင်လို့ ငါ ဒီအကြောင်းတွေကို ပြောပြနေတာ။ ဒါပေမဲ့ ကြည့်ရတာ... အလုပ်ဖြစ်မယ့်ပုံ မပေါ်ပါဘူး။ မင်းတို့က ငါနဲ့တူတဲ့လူစားမျိုးမှ မဟုတ်တာ။ မင်းတို့က ရထားစနစ် အနှစ်သက်ဆုံး ရထားမောင်းနှင်သူ အမျိုးအစားတွေလေ... ရှေ့ကို ဆက်လျှောက်ဖို့နဲ့ အနာဂတ်ကို ပုံဖော်ဖို့ ဆန္ဒရှိကြတဲ့သူတွေ။ ဒါပေမဲ့ မင်းတို့က ဒီမှာတင် ထာဝရ ရပ်တန့်သွားတော့မှာမို့လို့ နှမြောစရာတော့ ကောင်းတယ်"
"ဒါပေမဲ့ စနစ်အတွက်တော့ မင်းတို့ရဲ့ အသက်တွေက အရမ်းကို တန်ဖိုးကြီးတယ်"
ဂရေ့စ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လူတစ်ရပ်စာခန့် ရှည်လျားသော မှော်တောင်ဝှေးတစ်ခုက သူမ၏ လက်ထဲတွင် ပေါ်လာခဲ့၏။ စနစ်၏ အလင်းမျက်နှာပြင်က အကြိမ်ကြိမ် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေလေသည်။
"ကြည့်စမ်း၊ စနစ်က ဒေါသထွက်နေပြီ"
"ဒါပေမဲ့ ငါက ရထားမောင်းနှင်သူ ဆိုတဲ့ အဆင့်အတန်းကို မစွန့်လွှတ်သေးသရွေ့ သူက ငါ့ကို မျက်နှာသာပေးထားတာတွေကို ပြန်ရုပ်သိမ်းလို့ မရဘူး။ ဒီလိုဆိုမှတော့ ငါတို့ကြားက ကိစ္စက ရထားမောင်းနှင်သူ အချင်းချင်းကြားက ပဋိပက္ခတစ်ခုသက်သက်ပဲ ဖြစ်သွားပြီး သူက ဝင်စွက်ဖက်ပိုင်ခွင့် မရှိတော့ဘူး"
"ဟီးဟီး... ဘယ်လောက်တောင် ရွံစရာကောင်းလိုက်လဲ... ဘယ်လောက်တောင် မိုက်မဲလိုက်တဲ့ အရာလဲ..."
"ဆောရီးပဲ ကျောက်ရှီး၊ ငါက တစ်ကိုယ်ကောင်းဆန်တဲ့လူပါ။ ငါ့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာကိုမှ နောက်ဆုတ်နေမှာ မဟုတ်ဘူး... နောက်ဆုံး မေးခွန်းတစ်ခု... မင်း ငါတို့နဲ့ ပူးပေါင်းမလား။ အဲဒီ ဘုရားသခင်တွေကို ယုံကြည်ကိုးကွယ်သူ တစ်ယောက် ဖြစ်လာဖို့ မလိုပါဘူး၊ ငါတို့က အချင်းချင်း အသုံးချရုံ သက်သက်ပါပဲ။ ငါတို့ လိုအပ်တဲ့အချိန်မှာ ရထားမောင်းနှင်သူ ဆိုတဲ့ မင်းရဲ့ အဆင့်အတန်းကို စွန့်လွှတ်လိုက်ဖို့ပဲ ငါ လိုအပ်တယ်။ အဲဒါပါပဲ။ မင်း ဒါကို လုပ်ပေးနိုင်သရွေ့ ငါတို့က ရန်သူတွေ ဖြစ်လာမှာ မဟုတ်ဘူး"
ရွှီး...
ကျောက်ရှီးက သူမ၏ ငြင်းဆန်မှုကို လုပ်ဆောင်ချက်ဖြင့် ဖော်ပြလိုက်လေသည်။ သူမက သွားကို တင်းတင်းကြိတ်လိုက်ကာ ငွေဖြူရောင် လျှပ်စီးများက သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် တစ်ဖန် ပြန်လည် လွှမ်းခြုံလာခဲ့၏။
"နှမြောစရာပဲ"
"စမတ်ခ်တို့နဲ့ တိုက်ခိုက်ခဲ့တာက မင်းရဲ့ စိတ်စွမ်းအားတွေကို အများကြီး ကုန်ခမ်းသွားစေခဲ့ပြီလေ။ ပြီးတော့ ခုနက စက်ယန္တရား နဂါးရဲ့ နောက်ဆုံး တိုက်ခိုက်မှုက မင်းကို အထိအခိုက်မရှိဘဲ ကျန်ရစ်နေစေမှာ မဟုတ်ဘူး။ ကျောက်ရှီး... မင်းမှာ ပြန်လည်ခုခံဖို့ ဘယ်လိုနည်းလမ်းမှ မရှိတော့ဘူး။ ပြီးတော့... ဂါလို... မင်းရဲ့ စည်းကမ်းချက်တွေကို ငါ သဘောတူတယ်"
အသက်ရှူမျက်နှာဖုံးကို တပ်ဆင်ထားကာ အဝတ်အစားများဖြင့် တင်းကျပ်စွာ ရစ်ပတ်ထားသော ကျိန်စာ ကတ်ပြား အစီအစဉ် ပိုင်ရှင် ကင်မလင်း ဂါလိုက မှောင်ရိပ်ထဲမှ တိတ်ဆိတ်စွာ ထွက်လာခဲ့လေသည်။
"ကျိန်စာကတ်ပြား တစ်ခု၊ ပြီးတော့ တံဆိပ်တုံးကို ခိုးသွားတဲ့သူရဲ့ တည်နေရာနဲ့ တံဆိပ်တုံးကို ဖွင့်ဖို့ သော့"
ဂါလိုက ထိုအလောင်း အနည်းငယ်ကို မသိမသာ ဖယ်ရှားလိုက်ကာ ကျောက်ရှီးအနီးသို့ ချဉ်းကပ်သွား၏။ သူ၏ လက်ဝါးကို မြှောက်လိုက်ရာ ကျိန်စာ ကတ်ပြား အစီအစဉ် နှစ်ခုက ၎င်း၏ အထက်တွင် ပေါ်လာခဲ့သည်။ ချက်ချင်းပင် ကတ်ပြား အစီအစဉ်များမှ မကောင်းဆိုးဝါး အလင်းတန်းတစ်ခု လင်းလက်သွားကာ ကျောက်ရှီးထံသို့ ဦးတည်သွားလေတော့သည်။
"ကျစ်..."
ကျောက်ရှီးက ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ဂရေ့စ်က သူမ၏ မှော်တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ ကျောက်ရှီး၏ လှုပ်ရှားမှုများက တစ်ခဏမျှ နှေးကွေးသွားခဲ့၏။ ကျိန်စာက အရိုးပေါ်က လောက်ကောင်များအလား သူမထံသို့ ကပ်တွယ်သွားလေတော့သည်။
"ကံဆိုးခြင်း နဲ့ အသက်စွမ်းအင် စုပ်ယူခြင်း"
ဂါလိုက ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်လေသည်။
ကျောက်ရှီးက သူမ၏ ကိုယ်ခံစွမ်းအားများ အလျင်အမြန် ခန်းခြောက်သွားသည်ကို ခံစားလိုက်ရပြီး အရာအားလုံးက မှားယွင်းနေသကဲ့သို့ ခံစားချက်က သူမ၏ နှလုံးသားကို ခြောက်လှန့်နေလေ၏။ ဂရေ့စ်၏ စကားများကြောင့် ဒေါသထွက်ကာ အတက်အကျ ဖြစ်နေသော သူမ၏ စိတ်စွမ်းအားများက ယခုအခါ ပို၍ ဆိုးရွားလာကာ အဆက်မပြတ် ထိုးကျလာတော့သည်။
ဂရေ့စ်က အပြုံးတစ်ခုကို ဆင်မြန်းထားလျက် ကျောက်ရှီးထံသို့ တည့်တည့် လျှောက်သွားလိုက်၏။
သို့သော် သူမ အခြား မည်သည့်အရာကိုမျှ မလုပ်နိုင်မီမှာပင်။ မြေပြင်ပေါ်တွင် ဒူးထောက်လုနီးပါး ဖြစ်နေသော ကျောက်ရှီးက သူမ၏ မျက်နှာလေးကို ရုတ်တရက် မော့လိုက်ကာ သက်သာရာရသွားသော အမူအရာတစ်ခုကို ဖန်တီးလိုက်လေသည်။
ချက်ချင်းပင် သူမက ရဲရဲနီသော ဆေးရည်ပြွန်တစ်ခုကို ဆွဲထုတ်လိုက်ကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။
"ငါ တကယ်ကို အထင်သေးခံရတာပဲ..."
မှောင်မိုက်သော ရွှေရောင် အလင်းမှုန်များက ကျောက်ရှီး၏ ပတ်လည်တွင် တစ်ဖန် ပြန်လည် စုဆုံလာကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။ သူမ၏ နောက်ဆုံး အသွင်ပြောင်းလဲခြင်းမှ စွမ်းအားများက လုံးဝ ခန်းခြောက်သွားခဲ့ခြင်း မရှိသေးချေ။ သူမက စမတ်ခ်ကိုသာ သတ်ဖြတ်ခဲ့ရခြင်းဖြစ်ရာ ထိုမျှလောက်အထိ ဖရိုဖရဲ ဖြစ်သွားစေရန် အကြောင်းပြချက် မရှိပေ။
သူမ၏ အမဲလိုက် စက်ယန္တရားနဂါးက ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ကာ ဂရေ့စ်နှင့် သူ့ကို တစ်ဖက်တစ်ချက်စီတွင် ပိတ်ဆို့ထားလိုက်လေသည်။ အချိန်များ လုံလောက်သွားခဲ့ပြီ ဖြစ်၏။
"... မင်းရဲ့ ကိုယ်ခံစွမ်းအား နဲ့ စိတ်စွမ်းအား ကန့်သတ်ချက်ကို လျှော့ချပြီး ယာယီ စွမ်းအားပြန်လည်ရရှိဖို့အတွက် လဲလှယ်လိုက်တာလား။ မင်းဆီမှာ အဲဒီလို ပစ္စည်းမျိုး ရှိနေမှန်း ငါ မသိခဲ့ဘူး။ ကြည့်ရတာ မင်းက ငါ့ကို အပြည့်အဝ မယုံကြည်ဘူး ထင်တယ်။ ဒါပေမဲ့ ဒီအခြေအနေကို မင်း ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မှာလဲ"
ကျောက်ရှီးက သူမ၏ အသွင်ပြောင်းလဲခြင်းကို နောက်တစ်ကြိမ် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ သူမက လေထဲသို့ ပျံသန်းသွားခဲ့၏။ မှောင်မိုက်သော ရွှေရောင် အလင်းတန်းများက သူမသည်သာ ဤကမ္ဘာကြီး၏ အစစ်အမှန် နတ်ဘုရား ဖြစ်ကြောင်းကို ထင်ဟပ်ပြသနေလေသည်။ အသွင်ပြောင်းလဲပြီးနောက် အခြား မည်သည့် ခံစားချက်ကမျှ သူမ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်စွမ်း မရှိတော့သည့်အလား သူမက အေးစက်စွာ ပြောလိုက်လေ၏။
"ဘုရားသခင်ကို ယုံကြည်ကိုးကွယ်တာက အပြစ်ပဲ"
"စစ်ကြောစီရင်ခြင်း မော်ဂျူး"
"ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ခြင်း၊ သစ္စာဖောက်ခြင်း၊ အပြစ်ကင်းစင်သူတွေရဲ့ အပြစ်။ လွှမ်းခြုံလိုက်စမ်း"
"စီရင်ချက်... သေဒဏ်"
ထိုအေးစက်သော အသံကို ကြားလိုက်ရသောအခါ ဂရေ့စ်၏ မျက်နှာပေါ်တွင် နောက်ပြောင်ချင်သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သူမက မှော်တောင်ဝှေးဖြင့် မြေပြင်ကို ရိုက်ချလိုက်၏။ မြေပြင်က စတင် ပြိုကျလာတော့သည်။
"ဒီအလွှာမှာ လူ သိပ်မကျန်တော့ဘူး။ အောက်ဆင်းပြီး တိုက်ကြတာပေါ့... အဲဒီမှာ လူတွေ အများကြီး ရှိသေးတယ်"
ဝုန်း...
ဆော်လမွန် မြို့တော်၏ တတိယအလွှာ။ တိုက်ပွဲဝင်နေကြဆဲဖြစ်သော လူများက အတုအယောင် ကောင်းကင်ယံတွင် ဧရာမ အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြလေသည်။ အက်ကြောင်းကြီးက ဆက်လက် ကြီးမားလာနေ၏။ ထို့နောက်... စတုတ္ထအလွှာရှိ အရာအားလုံးက အောက်သို့ ကျဆင်းလာတော့သည်။ ကောင်းကင်ကြီး ပြိုကျလာနေတာလား။
"ကျစ်... အဲဒီ အစ်မကြီးက အပေါ်မှာ ဘာတွေ လုပ်နေတာလဲ။ ဒီလောက်ကြီးတဲ့ မြင်ကွင်းကြီးကို ဖန်တီးနေရတာ။ ဘုရားရေ... သူမက အပေါ်မှာ ချိတ်ဆွဲခံထားရတာတော့ မဟုတ်ပါဘူးနော်"
လင်းယို့က အဖြူရောင် နဂါးကြီးအပေါ်တွင် ရပ်လျက် တဖြည်းဖြည်း ပေါ်လာနေသော အစစ်အမှန် ကောင်းကင်ယံကို ကြည့်ကာ အံ့ဩတကြီး တောက်တစ်ခေါက်ခေါက် ဖြစ်နေလေ၏။
ထိုနည်းတူ အတွေးမျိုးကို ဒုတိယအလွှာမှနေ၍ စောင့်ကြည့်ရေးစက်တစ်ခုမှတစ်ဆင့် လျှို့ဝှက်စွာ ပွဲကြည့်နေသော မွန်ရိုးဂျီနာလည်း တွေးတောနေမိသည်။
"... ကျစ်... အဲဒီ လူလိမ်မ... နင်ပြောတာ တကယ် မှန်နေတာပဲ"
မကြာမီက ကျူရှင်းထူ ပြောခဲ့သော စကားများကို သူမ သတိရသွား၏။
"ဟူး... မောင်လေးရဲ ဒုက္ခရောက်နေတာကို ငါ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးလေ... ကံကြမ္မာ အကြောင်းအကျိုးက ပြန်မဆပ်ရသေးဘူး..."
ကံကြမ္မာ သံကြိုးများ... စုစုပေါင်း ခုနစ်ခု။ ယခုအခါ ငါးခုက အရောင်မှိန်ဖျော့ကာ တောက်ပမှု ကင်းမဲ့နေလေပြီ။