← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃) ကောင်းကင်ကြီး ပြိုကျလာချိန်တွင် အရပ်ရှည်သူများက ထောက်ထားပေးရသည်

အောက်သို့ ကျဆင်းလာနေ၏။

ရဲချီယန်က အမဲလိုက် စက်ယန္တရားနဂါးပေါ်တွင် ရပ်လျက် လေထဲသို့ ပျံသန်းသွားလေသည်။

စတုတ္ထအလွှာ၏ ပျက်စီးဆုံးရှုံးမှုက တတိယအလွှာကိုပါ အကျပ်အတည်းတစ်ခုအတွင်းသို့ တိုက်ရိုက် ကျဆင်းသွားစေခဲ့၏။ ထာဝရ ညဉ့်ယံ မြို့တော်မှ လူများဖြစ်စေ၊ ဆော်လမွန် မြို့တော် မဟာမိတ်အဖွဲ့များမှ လူများဖြစ်စေ ဤအချိန်တွင် အချင်းချင်း တိုက်ခိုက်နေကြသည်ကို ရပ်တန့်လိုက်ကြလေသည်။

မျိုးစုံသော စွမ်းရည်များကို အသုံးပြုလျက် ပြိုကျလာသော ကောင်းကင်ယံကို အားနည်းသူများနှင့် ဝေးရာသို့ ရောက်ရှိသွားစေရန် တားဆီးထားကြ၏။

ကောင်းကင်ကြီး ပြိုကျလာချိန်တွင် အရပ်ရှည်သူများက ထောက်ထားပေးရသည်။

သာမန်နေ့ရက်များတွင် ဤစကားပုံက မဟာမိတ်အဖွဲ့အတွင်းရှိ အားနည်းသူများအတွက် အစစ်အမှန်တစ်ခုဟု မခံစားခဲ့ရချေ။

သို့သော် ယနေ့တွင်မူ... ယင်းက အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

"တော်တော် ဒုက္ခများတာပဲ..."

ရဲချီယန်က အချင်းချင်း တိုက်ခိုက်နေကြသော ကျောက်ရှီးနှင့် ဂရေ့စ်တို့ကို ကြည့်ရှုနေလေသည်။

ဒီအချိန်မှာ...

သူက ရထားကို စက်နှိုးပြီး ထွက်ပြေးလိုက်ရမလား။

ဘယ်လိုပဲဖြစ်ဖြစ် သူ၏ ရထားက သိုလှောင်မှု မေးထရစ်ထဲတွင် ရှိနေပြီး အချိန်မရွေး ထုတ်ယူနိုင်သည် မဟုတ်ပါလော။

အမဲလိုက် စက်ယန္တရားနဂါးက မြေပြင်ပေါ်သို့ ဆင်းသက်သွား၏။ သို့သော် ရဲချီယန်က သူ၏ ခြေအောက်ရှိ မြေပြင်ကြီးကလည်း ကောင်းကင်ယံကဲ့သို့ပင် တုန်ခါနေသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။

"ဘာသောက်ရူးတွေလဲ။ ထပ်ပြီးတော့လား"

အပေါ်ရော အောက်ကပါ ညှပ်ပြီး တိုက်ခိုက်တာလား။

ဝုန်း

သူ၏ ခြေအောက်ရှိ မြေပြင်ပေါ်တွင် ဧရာမ မီးခိုးမည်းရောင် မှော်အစီအရင်များ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ ထိုမှော်အစီအရင်များထဲမှနေ၍ မရေမတွက်နိုင်သော မျက်လုံးများ ဖုံးအုပ်ထားသည့် ဧရာမ ဘဝဲလက်တံကြီးများက မြေပြင်ကို ဖောက်ထွက်လာကြလေသည်။

ကောင်းကင်ယံအထက်တွင်မူ ကျောက်ရှီး၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းနေသော ဂရေ့စ်က အပြုံးတစ်ခုကို ဆင်မြန်းထား၏။

"ကျောက်ရှီး... မင်းက ဘာဖြစ်လို့ အစွမ်းကုန် မတိုက်ခိုက်တာလဲ"

"မင်းရဲ့ တိုက်ခိုက်မှု အတိုင်းအတာက အရမ်းကြီးမားလွန်းလို့ အောက်ကလူတွေကိုပါ ထိခိုက်သွားစေမယ်လို့ ထင်နေတာလား"

"ဟီးဟီး... အဲဒီတုန်းက မင်းကို ဒီမြို့တော်ထဲမှာ နေခွင့်ပြုခဲ့တာက မင်းက ပိုပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖန်တီးပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့လို့ပဲ။ ဒါပေမဲ့ မင်းက ဒီလောက်တောင် လိမ္မာနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ မင်းက... တကယ်ကို နူးညံ့သိမ်မွေ့တဲ့ ကလေးကောင်းလေး တစ်ယောက်ပဲ။ နေ့စဉ်နေ့တိုင်း ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရတာ မင်းအတွက် တကယ်ကို ခက်ခဲခဲ့မှာပဲ"

"ပါးစပ်ပိတ်ထားစမ်း"

လှံရှည်ကို ဝှေ့ယမ်းလိုက်၏။ တိုက်ခိုက်မှု တစ်ချက်တည်းက ဧရိယာ တစ်ခုလုံးကို ရှင်းလင်းသွားစေခဲ့လေသည်။

သို့သော် ဂရေ့စ် ပြောခဲ့သလိုပင် ကျောက်ရှီး၏ တိုက်ခိုက်မှု စွမ်းအားက အနည်းငယ်မျှ ယိုစိမ့်ထွက်သွားလျှင်တောင်မှ အရာအားလုံးကို ထောက်ခံထားရသော အောက်ခြေမှ လူများကိုပါ ထိခိုက်သွားစေနိုင်ပေသည်။

"အို... ကြည့်ရတာ ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားတွေလည်း နိုးထလာကြပြီ ထင်တယ်... ဟီးဟီး... ဒီတစ်ခေါက် ဒီရထားမောင်းနှင်သူတွေကို ရိတ်သိမ်းပြီးသွားရင်တော့ စနစ်ရဲ့ မျက်နှာသာပေးမှုက နည်းနည်းလေး ထပ်ပြီး လျော့ကျသွားဦးမှာပဲ"

ဂရေ့စ်က သူမ၏ မှော်တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ ဧရာမ ဘဝဲလက်တံကြီးများက ပို၍ပို၍ များပြားစွာ ပေါ်ထွက်လာကြလေသည်။

၎င်းတို့၏ ပေါ်ထွက်လာမှုက ပြိုကျလာနေသော စတုတ္ထအလွှာကို ထောက်ခံထားရသဖြင့် ရုန်းကန်နေရသော ရထားမောင်းနှင်သူများအတွက် ပို၍ပင် ခက်ခဲသွားစေခဲ့၏။

မဟာမိတ်အဖွဲ့ထဲတွင် အစွမ်းထက်သူများ မရှိခြင်း မဟုတ်ပေ။

ဒါပေမဲ့...

ဂရေ့စ် ပြောခဲ့သလိုပင် အမှန်တကယ် အစွမ်းထက်သော ရထားမောင်းနှင်သူများက ရှေ့သို့သာ ဆက်လက် ခရီးဆက်ကာ ဘူတာရုံကမ္ဘာများအတွင်း လှည့်လည်သွားလာနေကြမည် ဖြစ်ပေသည်။ ဤမြို့တော်ထဲတွင် ယနေ့ ကျန်ရှိနေသူ အရေအတွက်မှာ အလွန်တရာ နည်းပါးလှ၏။

"အဟွတ်... အဟွတ်..."

မနီးမဝေးမှ ခြောက်ကပ်ကပ် ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသံက အနည်းငယ် ရင်းနှီးနေသဖြင့် ရဲချီယန်က လှမ်းကြည့်လိုက်လေ၏။ သွေးထွက်နေသော သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ဘာမှမတတ်နိုင်စွာ ဆုပ်ကိုင်ထားသည့် ကျူရှင်းထူကို သူ မြင်တွေ့လိုက်ရသည်။

"ဟူး... ဒီနေ့က တကယ်ကို ကံဆိုးတဲ့ နေ့တစ်နေ့ပဲ ဖြစ်ရမယ်။ ကောင်းပြီလေ... ကြည့်ရတာ ဒီရက်ပိုင်းအတွင်း ငါက နည်းနည်းလေး ကံဆိုးနေခဲ့ပုံပဲ။ ငါက မကောင်းတာတွေ အများကြီး လုပ်ခဲ့လို့များလား။ ဟေ့... မောင်လေးရဲ... ဒါလေးကို ဆွဲထုတ်ဖို့ ကူညီပါဦး၊ အရမ်း နာနေလို့ပါ..."

သူမက အဲဒီနားမှာရှိတဲ့ အပျက်အစီး အစအနတစ်ခုကို လက်ညှိုးထိုးပြလိုက်လေသည်။

"... ခင်ဗျားက အဆင့်မြင့် တစ်ယောက် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုးကြောင့် ဒဏ်ရာရနိုင်ရတာလဲ"

ကျူရှင်းထူက နောက်ပြောင်ချင်သော အမူအရာဖြင့် လျှာလေးထုတ်ပြလိုက်၏။

"ဟီးဟီး... ကျွန်မရဲ့ မော်ဂျူး တစ်ခုက ကျွန်မ ပေါင်းထည့်ထားတဲ့ ကိုယ်ခံစွမ်းအား တွေ အားလုံးကို စိတ်စွမ်းအား အဖြစ် ပြောင်းလဲပစ်လိုက်တယ်လေ။ မိုက်တယ် မဟုတ်လား"

မိုက်တယ် ဟုတ်လား။ မိုက်မိုက်ကန်းကန်းကို သေတော့မယ်။

ဒါက လုံးဝ glass canon (တိုက်ခိုက်နိုင်စွမ်းပြင်းပေမယ့် ခံနိုင်ရည်စွမ်းမရှိခြင်း)ကြီး ဖြစ်မနေဘူးလား။

မဟုတ်သေးဘူး။ အမြောက်တောင် မဟုတ်ဘူး။ ဖန်သားပြင် ရေဒါကြီး ဖြစ်နေတာ။

"အား... နာတယ်... နာတယ်..."

ကျူရှင်းထူ၏ ဝမ်းဗိုက်မှ အပျက်အစီး အစအနကို ဆွဲထုတ်လိုက်ပြီးနောက် သူ တစ်ခုခု မပြောရသေးမီမှာပင် သူမ၏ မျက်လုံးများထဲတွင် ကြယ်ရောင်များ ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

"ဟင်... ထူးဆန်းလိုက်တာ... ဒီနေ့က ကံဆိုးခြင်းတွေက ငါ့အပေါ်မှာ ကျရောက်နေပေမယ့်လည်း... ကံကြမ္မာရဲ့ လှုပ်ရှားမှု အသံကို ငါ ကြားနေရတုန်းပဲ"

"အာ..."

"မောင်လေးရဲ... ဒီနေ့ ငါတို့ သေချာပေါက် သေမှာ မဟုတ်ဘူး"

"ဒါနဲ့ မောင်လေးခြေအောက်ကို သတိထားဦး"

လျှပ်စီး တောခွေးဖြူ သားရေဖိနပ်ရှည်က အသက်ဝင်သွားခဲ့သည်။

အရှိန် မြင့်တက်သွား၏။ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ကာ အမဲလိုက် စက်ယန္တရားနဂါးက ကောင်းကင်ယံသို့ ပျံသန်းသွားလေသည်။ ယခုလေးတင် သူ ရှိနေခဲ့သော နေရာမှ ဧရာမ ဘဝဲလက်တံကြီးတစ်ခုက အပေါ်သို့ ထိုးထွက်လာခဲ့၏။

"ဒီအကောင်ကို ကင်စားလို့ ရမလား မသိဘူး"

ဤသည်မှာ ထိုအရာများကို မြင်တွေ့ပြီးနောက် ရဲချီယန်၏ ပထမဆုံး အတွေးပင် ဖြစ်လေသည်။

"စားလို့ရမလား။ ကျွန်မလည်း မသိဘူး။ မောင်လေးရဲ... အဲဒီထဲက တစ်ဖဲ့လောက် ဖြတ်ယူပြီး နောက်မှ ကင်စားကြည့်ကြမလား"

ကျူရှင်းထူက စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေလေ၏။

ကောင်းကင်ယံတွင်မူ နဂါးကတ်ပြား ပိုင်ရှင် လင်းယို့က ထိုအဖြူရောင် နဂါးကြီးကို စီးနင်းကာ ပူပြင်းလှသော နဂါးမီးတောက်များကို မှုတ်ထုတ်နေလေသည်။ ဤနေရာသို့ ကျဆင်းလာနေသော စတုတ္ထအလွှာ၏ အပျက်အစီးများကို ဖျက်ဆီးပစ်လိုက်၏။

"ဟေ့... အစ်မကြီး၊ အသက်ရှင်နေတုန်းပဲလား။ ဟင်... ဒီအစ်ကိုက ဘယ်သူလဲ။ ကျစ်... ဘယ်လောက်တောင် မိုက်တဲ့ နဂါးလဲ။ ဒါပေမဲ့ စက်ရုပ် ဖြစ်နေတာတော့ နှမြောစရာပဲ၊ ကျွန်တော် သိပ်မကြိုက်ဘူး။ ကျွန်တော့် ဇနီးကို ကိုင်တွယ်ရတာက ပိုကောင်းသေးတယ်"

လင်းယို့က သူ၏ အောက်ရှိ အဖြူရောင် နဂါးကြီးကို နှာဘူးတစ်ယောက်အလား ပွတ်သပ်နေလေသည်။ ရဲချီယန်က ရှာယာ တစ်ချိန်က အင်ပါယာအမိန့်တော် အဖွဲ့အစည်းနှင့် ပတ်သက်၍ ပြောခဲ့ဖူးသော အမှန်တရားကို နောက်တစ်ကြိမ် သတိရသွား၏။

[ဒီအဖွဲ့အစည်းထဲမှာ ပုံမှန်လူဆိုတာ မရှိဘူး]

တကယ်ကို ဘယ်သူမှ ဒီစကားကို မချိုးဖျက်နိုင်ကြတာပဲ။ သြော်... သေချာတာကတော့ ရဲချီယန်က သူ့ကိုယ်သူ တော်တော်လေး ပုံမှန်ဖြစ်တယ်လို့ ခံစားရတယ်လေ။

"အင်း... အစ်မကြီး... အစ်မကြီးကိုယ်ပေါ်မှာ ကပ်နေတဲ့ အမည်းရောင်တွေက ဘာတွေလဲ။ ကျစ်... အစ်မကြီး ထပ်ပြီး ကံဆိုး နေပြန်ပြီ မဟုတ်လား။ ဝေးဝေးနေစမ်းပါ... ဝေးဝေးနေစမ်းပါ"

လင်းယို့က ရွံရှာစွာဖြင့် လက်ယမ်းပြလိုက်ရာ ကျူရှင်းထူ၏ မျက်လုံးထောင့်များပင် တွန့်ကွေးသွားသည်အထိ ဖြစ်သွားရလေသည်။

မကောင်းမှုကို မကောင်းမှုဖြင့်သာ တန်ပြန်ရမည်။ အရူးတစ်ယောက်ကို အရူးတစ်ယောက်ဖြင့်သာ ကုသရမည်။

"အဟွတ်... ဒီတစ်ခေါက်က နည်းနည်း ကွာခြားတယ်။ ကံဆိုး တာ မှန်ပေမယ့် အဲဒီလောက်ကြီးတော့ မဆိုးရွားပါဘူး။ အဲဒီအကြောင်း မပြောနဲ့တော့... ဟိုဘက်က ဘဝဲလက်တံကြီး လာနေပြီ။ လင်းယို့... မင်းရဲ့ ဇနီးကို မီးနည်းနည်း မှုတ်ခိုင်းပြီး ကင်စားကြည့်ရအောင်"

"ကျွန်တော့် ဇနီးက မီးမှုတ်စက်မှ မဟုတ်တာ၊ တကယ်ပါပဲ။ ဒါလေး ပြီးသွားရင် နဂါးကတ်ပြား တစ်ခုရဲ့ ကိုသြဒီနိတ် ဆိုတာကို မမေ့နဲ့နော်။ ပြီးခဲ့တဲ့တစ်ခေါက်က အစ်မ ကတိဖျက်ခဲ့လို့ ကျွန်တော် အဲဒီနေရာကို သွားပေမယ့် ဘာမှ ရှာမတွေ့ခဲ့ဘူး။ ကျွန်တော့်အဆင့်လောက်ရှိတဲ့ ရထားမောင်းနှင်သူ တစ်ယောက်က အဆင့်နိမ့် ပလက်ဖောင်း တစ်ခုကို ဝင်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလဲ အစ်မ သိရဲ့လား။ အော်... ဒါနဲ့ ဟိုဘက်က အစ်ကိုက ဘယ်သူလဲ။ အစ်မ ဘာမှ မပြောရသေးဘူးနော်။ အာ... ထားလိုက်ပါတော့၊ အရင်ဆုံး အလုပ်လုပ်ကြရအောင်"

လင်းယို့က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်။ သူ၏ နောက်ကျောဘက်တွင် နဂါးကတ်ပြား ငါးခုက တောင်ပံများအသွင် ပြောင်းလဲသွားကာ ဖြည်းညင်းစွာ လွင့်မျောနေ၏။ သူ၏ အောက်ရှိ အဖြူရောင် နဂါးကြီးအပါအဝင် ဧရာမ နဂါးကြီး ငါးကောင်က လေဟာနယ်ထဲမှ ပေါ်ထွက်လာခဲ့လေသည်။

သူတို့က ဘဝဲလက်တံကြီးများစွာ၏ အာရုံကို ဆွဲဆောင်သွားကြ၏။ အချိန်တိုအတွင်းမှာပင် ဆော်လမွန် မြို့တော်ရှိ အခြားသူများအပေါ် ကျရောက်နေသော ဖိအားများကို အမှန်တကယ် လျှော့ချပေးနိုင်ခဲ့လေသည်။ ဤသည်က ဂရေ့စ်၏ မျက်ခုံးများကို တွန့်ချိုးသွားစေခဲ့၏။

"ကတ်ပြား အစီအစဉ် လား"

"အဲဒီလို စွမ်းအားမျိုးက..."

ဝုန်း မှောင်မိုက်သော ရွှေရောင် လျှပ်စီးတစ်ခုက ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

ဂရေ့စ်က သူမ၏ မှော်တောင်ဝှေးကို မြှောက်လိုက်ရာ စိန်ပုံစံ အလင်းမျက်နှာပြင်တစ်ခုက တိုက်ခိုက်မှုကို တားဆီးပစ်လိုက်လေ၏။

"နှမြောစရာပဲ။ မင်းက လက်တွေ့ဘဝကို လွဲချော်စေတဲ့ ကိရိယာကို ဖျက်ဆီးပစ်နိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး ကျောက်ရှီး"

"ဟီးဟီး... မောင်လေးရဲ... ကျွန်မကို လိုက်ပို့ပေးမလား။ ငါတို့ ဘယ်သွားကြမလဲ"

ကျူရှင်းထူ၏ လက်က လမ်းကြောင်းတစ်ခုကို ညွှန်ပြနေလေသည်။

"ဘာလို့လဲ"

"အင်း... ကံကြမ္မာက အဲဒီလို ပြောတာပဲလေ၊ ကျွန်မလည်း မသိဘူး။ ကောင်းတဲ့ကိစ္စ တစ်ခုခု ဖြစ်လာမလားလို့"

ရဲချီယန်က သူမ၏ ခန္ဓာကိုယ်မှ တစ်ခါတစ်ရံ ပေါက်ကွဲထွက်လာတတ်သော မကောင်းဆိုးဝါး အငွေ့အသက်များကို တိတ်ဆိတ်စွာ ကြည့်လိုက်ကာ ဘေးဘက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်လေသည်။ သို့သော်... ထိုလမ်းကြောင်းက... သူတို့၏ ခြေအောက်တွင် ဖြစ်နေပေသည်။

"ဒုတိယအလွှာကို သွားမှာလား"

"မဟုတ်ဘူး... အင်း... ဒါပေမဲ့ ခပ်ဆင်ဆင်တော့ တူတယ်။ ဘာပဲဖြစ်ဖြစ်... ဟီးဟီး... အဲဒါက ကံကြမ္မာက ပြောပြခဲ့တာပဲ"

ဒုတိယအလွှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခပ်ဆင်ဆင် တူတယ် ဟုတ်လား။

မြေပြင်ကို ဖောက်ထွက်လာသော ဤမကောင်းဆိုးဝါးများ၊ သူတို့၏ အကြည့်များ။ ရဲချီယန် ဤအရာများကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။

"ကြားခံအလွှာ လား"

ဗဟိုဓာတ်လှေကားဖြင့် ဒုတိယအလွှာသို့ ဆင်းသက်စဉ်က သူ အမှတ်မထင် မြင်တွေ့ခဲ့ရသော မီးခိုးရောင်၊ မှိုင်းညို့နေသည့် ကမ္ဘာကြီးမှ ကြည့်ရှုနေသော အကြည့်များက ဤမကောင်းဆိုးဝါးများနှင့် အလွန်အမင်း ဆင်တူနေပေသည်။

"......"

မြေပြင်ကို စိုက်ကြည့်ရင်း နတ်ဆိုး ကတ်ပြား · မာနတရား က ပေါ်ထွက်လာခဲ့ကာ ယင်း၏ အကြည့်များက မြေကြီးကို ဖောက်ထွင်းသွားပြီး မီးခိုးဖြူရောင် မြင်ကွင်းတစ်ခုကို တစ်ခဏမျှ ဝေဝါးစွာ မြင်တွေ့လိုက်ရလေ၏။ ကြားခံအလွှာကို သူ နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။ တစ်ခဏမျှသာ ဖြစ်သော်လည်း ၎င်းက... အတုအယောင် မဟုတ်ချေ။

[စိတ်စွမ်းအား - ၁၇၀ (အမှန်နှင့် အမှားကို ဖောက်မြင်နိုင်ခြင်း)]

ဒွန်ကီဟိုတေး ဘူတာမှ ရရှိခဲ့သော အခြေအနေက အသက်ဝင်နေဆဲ ဖြစ်လေသည်။

အခန်း (၁၉၄) အင်ပါယာအမိန့်တော် အဖွဲ့အစည်းဆိုတာ အဲဒီလောက်ကြီး အားနည်းမနေပါဘူး

ငါတို့ သွားသင့်ပြီလား။

ရဲချီယန်၏ အကြည့်များက ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည်။

အချို့သော ရထားမောင်းနှင်သူများက ဤနေရာမှ တိုက်ရိုက် ထွက်ခွာရန် ကြိုးစားနေကြပြီ ဖြစ်၏။ သို့သော် အတိတ်က အမြဲတမ်း ပေါ်လာတတ်သော လေဟာနယ်က ယခုအခါ အလုပ်မလုပ်တော့ချေ။ အရာတစ်ခုခုက စနစ်ကို ဝင်ရောက်နှောင့်ယှက်နေခြင်း ဖြစ်ပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုအဘွားကြီးက သူတို့ကို အလွတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။

"ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် ရထားက အခု ထွက်သွားလို့ မရတော့ဘူးပဲ။ ဒါပေမဲ့ မင်းကိုယ်ပေါ်က ကံဆိုးခြင်းတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု မရှာချင်ဘူးလား"

ကျူရှင်းထူက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ကာ သူမ၏ ပေါ့ပေါ့ပျက်ပျက် လေသံကို ဖယ်ရှားလိုက်ပြီး လူလိမ်မ အခြေအနေဖြင့် စကားပြောလာခဲ့၏။

"ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ နတ်ဆိုးနတ်ဘုရားတွေက ဒီမြို့တော်ကို ချိတ်ပိတ်လိုက်ကြပြီ။ ဆော်လမွန်ရဲ့ မဏ္ဍိုင် ခုနစ်ဆယ့်နှစ်ပါး နတ်ဆိုးနတ်ဘုရားတွေရဲ့ ဥတွေက ထွက်ပေါက်ကို ပိတ်ဆို့ထားတယ်လို့ ကံကြမ္မာရဲ့ တီးတိုးသံတွေက ကျွန်မကို ပြောနေတယ်။ အင်း..."

ကြယ်ရောင်များက ပျောက်ကွယ်သွားကာ သူမက အပြုံးတစ်ခုကို တစ်ဖန် ပြန်လည် ဆင်မြန်းလိုက်လေသည်။

"ဟီးဟီး... အဆင်ပြေပါတယ်။ ဘာကြောင့်လဲတော့ မသိပေမယ့် မောင်လေးရဲရဲ့ ဘေးနားမှာ ရှိနေရင် ကျွန်မက ကံကြမ္မာရဲ့ အသံကို ကြားနေရတုန်းပဲ။ ကျွန်မရဲ့ ကိုယ်ခံစွမ်းအားတောင် နည်းနည်းလေး တက်လာသလို ခံစားရတယ်။ ကံဆိုးခြင်းတွေနဲ့ ပတ်သက်လို့ကတော့..."

သူမက သွေးထွက်နေဆဲဖြစ်သော သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ညွှန်ပြလိုက်သည်။

"ကျွန်မ နည်းနည်းလေး ဒဏ်ရာရထားတယ်။ အဲဒါကို မကုသဘဲထားတာက ကံဆိုးခြင်းတွေကို စားသုံးပစ်တာနဲ့ အတူတူပဲလေ"

"မင်းက တကယ်ကို အရူးပဲ"

"ဒါက ကံကြမ္မာပဲလေ။ ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ"

ထားလိုက်ပါတော့။ ရဲချီယန်က စိတ်ထဲမှ ခေါင်းရမ်းလိုက်လေသည်။

"မင်းရဲ့ ကံကြမ္မာက နောက်ထပ် ဘာတွေပြောသေးလဲ။ အသုံးဝင်တာလေး တစ်ခုခု လုပ်ပါဦး ဘော့စ်"

"ကံကြမ္မာက ပြောတယ်... ဟား... တကယ်တော့ ကံကြမ္မာက အရာအားလုံးကို မသိပါဘူး... ဒါပေမဲ့ ကျွန်မ အရမ်းကို သေချာတဲ့ အရာတစ်ခုတော့ ရှိတယ်"

သူမက သူမ၏ ရင်ဘတ်ကို ယုံကြည်မှုရှိစွာ ပုတ်လိုက်လေသည်။

"ကျွန်မ၊ ကျွန်မတို့ အင်ပါယာအမိန့်တော် အဖွဲ့အစည်းက ဒီနေ့ လုံးဝ ကျရှုံးသွားမှာ မဟုတ်ဘူး။ ပြီးတော့..."

ကျူရှင်းထူက သူမ၏ ပါးပြင်ကို မော့လိုက်ကာ ကောင်းကင်ယံတွင် ကျောက်ရှီး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် အဆက်မပြတ် လှုပ်ရှားနေသော ဂရေ့စ်ကို ပြုံးလျက် ကြည့်လိုက်၏။

"သူမက အစွမ်းထက်တယ် ဆိုပေမယ့်လည်း အင်ပါယာအမိန့်တော် အဖွဲ့အစည်းဆိုတာ အဲဒီလောက်ကြီး အားနည်းမနေပါဘူး... ကြည့်ပါဦး၊ အခုပဲ အကူအညီ ရောက်လာပြီ မဟုတ်ဘူးလား"

ဝီ...

တောက်ပသော ခရမ်းရောင် မှော်အစီအရင်တစ်ခုက လေထဲတွင် ပေါ်လာခဲ့သည်။ အောက်သို့ ကျဆင်းလာနေဆဲဖြစ်သော အပျက်အစီးများကို ဤမှော်အစီအရင်များက ထောက်ကန်ထားလေ၏။

ဗဟိုဓာတ်လှေကား၏ အပျက်အစီးများထဲမှ ရထားတစ်စင်း ထွက်ပေါ်လာခဲ့သည်။ ထိုရထားနှင့် ရဲချီယန်က အလွန် ရင်းနှီးကျွမ်းဝင်နေပေ၏။ ယင်းက မွန်ရိုးဂျီနာ၏ ရထား ဖြစ်လေသည်။

ယခုအချိန်တွင် သူမက ရထားခေါင်မိုးပေါ်တွင် ရပ်နေကာ သူမ၏ မျက်နှာအောက်ပိုင်းကို ဖုံးအုပ်ထားသော မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။ မှော်တောင်ဝှေး ဓားကို ကိုင်ဆောင်ထားလျက် ယဇ်ပူဇော်ခြင်း ကတ်ပြား ရှစ်ခုက သူမ၏ ပတ်လည်တွင် လှည့်ပတ်နေကြလေသည်။

ယဇ်ပူဇော်ခြင်း၏ အလင်းရောင်များက မြေပြင်အနှံ့ လွှမ်းခြုံသွား၏။ ကောင်းကင်ယံအထက်တွင် ရှိနေသော ဂရေ့စ်က ရှုပ်ထွေးသွားသော အမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။

"အပြောင်းအလဲတွေလား။ အများကြီးပဲ... ခုနက နှစ်ယောက်တည်း မဟုတ်ဘူး၊ နဂါးတစ်ကောင်ရော၊ ယဇ်ပူဇော်မှုတစ်ခုရော ပါလာသေးတယ်။ ဒီနေ့ ဘယ်လိုလုပ်ပြီး ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေ အများကြီး ထွက်ပေါ်လာရတာလဲ။ ကံကြမ္မာ ဟောကိန်း... မဟုတ်ဘူး၊ ဗေဒင်ဆရာမ လို့ခေါ်တဲ့ အဲဒီ ဘုရားစူး ကတ်ပြား ပေါ်လာကတည်းက တခြားဘယ်သူကမှ ကံကြမ္မာရဲ့ အသံကို မကြားနိုင်တော့ဘူး..."

"ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေဆိုတာ သူတို့လို လူတွေကို ဆက်သွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုး အရင်က တစ်ခါမှ မရှိခဲ့ဖူးဘူး... အဲဒီ ကောင်မလေးက ဘယ်လို လုပ်လိုက်တာလဲ။ အင်ပါယာအမိန့်တော်... ငါ စိတ်ကူးထားတာထက် ပိုပြီး ဒုက္ခပေးနိုင်တဲ့အရာပဲ..."

"မင်း ဘယ်ကို ကြည့်နေတာလဲ"

"......"

ဤတစ်ကြိမ်တွင် ဂရေ့စ်က စကားမပြောခဲ့ချေ။ ကျောက်ရှီး၏ အခြေအနေ ကြာချိန်က သူမ မျှော်လင့်ထားသည်ထက် ပိုမို ကြာမြင့်နေလေသည်။

မှော်အစီအရင်များက အထက်သို့ တက်သွားကြ၏။ မွန်ရိုးဂျီနာက ယဇ်ပူဇော်ခြင်း ကတ်ပြား ပိုင်ရှင်တစ်ဦးသာမက အစွမ်းထက်သော မှော်ဆရာမ တစ်ဦးလည်း ဖြစ်ပေသည်။ သူမ၏ ဖျက်ဆီးနိုင်စွမ်းက ရှာယာနှင့် ကျောက်ရှီးတို့ထက် အများကြီး သေးငယ်သော်လည်း အခြေအနေ အများစုတွင်မူ တိုက်ခိုက်ရေး အမျိုးအစား ရထားမောင်းနှင်သူများထက် အမှန်တကယ် ပိုမို ကောင်းမွန်စွာ စွမ်းဆောင်နိုင်လေသည်။

"မောင်လေးရဲ၊ ကျူရှင်းထူ..."

မွန်ရိုးဂျီနာက တည့်တည့် လျှောက်လာခဲ့သည်။ သူမက မျက်နှာဖုံးကို ချွတ်လိုက်ကာ ရဲချီယန်အား အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သော်လည်း ကျူရှင်းထူကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားကာ ဖုံးကွယ်ထားခြင်းမရှိသော ရွံရှာမှုများဖြင့် အစားထိုး ဝင်ရောက်လာခဲ့လေသည်။

"မင်းက ဘာလို့ အသက်ရှင်နေသေးတာလဲ"

"အသက်ရှင်နေသေးတဲ့အတွက် ဆောရီးပါပဲ... ဟီးဟီး... ဂျီနာ၊ ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှုလေး ကူညီပေးပါဦးလား"

ကျူရှင်းထူက ကံဆိုးခြင်းများ ပါဝင်သော ပုလင်းငယ်လေးကို ထုတ်ယူလိုက်လေသည်။

"ကြည့်စမ်း၊ အက်ကွဲသွားပြီ"

ရဲချီယန်က တိတ်ဆိတ်စွာပင် ဘေးဘက်သို့ ခြေနှစ်လှမ်းခန့် ထပ်မံ ဆုတ်သွားလိုက်ပြန်၏။

"မင်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့လို့ ကံကြမ္မာက အပြစ်ပေးတာ၊ မင်းနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ထားလိုက်ပါတော့၊ ဒီနေ့ မင်း အသုံးဝင်လာလောက်ဦးမှာပါ"

မွန်ရိုးဂျီနာက တိပ်ခွေတစ်ခွေကို ထုတ်ယူလိုက်ကာ တစ်ပိုင်းကို ဆုတ်ဖြဲလိုက်ပြီး ပုလင်းပေါ်သို့ ကပ်လိုက်လေသည်။

နေပါဦး၊ တိပ်ခွေ ဟုတ်လား။

ဒီပုလင်းကို ပြင်ဖို့အတွက် သူမက အံ့ဖွယ် မှော်ပညာတစ်ခုခုကို သုံးလိမ့်မယ်လို့ ရဲချီယန် ထင်ထားခဲ့တာကို။ တိပ်ခွေတဲ့လား။

ပြီးခဲ့တဲ့တစ်ခေါက်က သူမရဲ့ မှော်တောင်ဝှေး ဓား ကျိုးသွားတုန်းကလည်း ပြင်ဖို့အတွက် တိပ်ခွေကိုပဲ သုံးခဲ့တယ် မဟုတ်လား။

"ဟင်... မောင်လေးရဲ က ဒီအရာကို စူးစမ်းချင်စိတ် ဖြစ်နေတာလား။ ရော့... ယူလိုက်"

မွန်ရိုးဂျီနာက ပြုံးလျက် တိပ်ခွေကို ကမ်းပေးလာခဲ့လေသည်။

[ပြုပြင်ရေး တိပ်ခွေ (အဆင့် ၉)] [ပစ္စည်း၏ ပျက်စီးမှု အတိုင်းအတာအပေါ် မူတည်၍ စိတ်စွမ်းအားကို စားသုံးပါသည်။ ပျက်စီးနေသော ပစ္စည်းများကို ပြုပြင်ပေးသည့် တိပ်ခွေ ဖြစ်ပြီး ကပ်၍ အသုံးပြုနိုင်ပါသည်။ အိမ်တိုင်းတွင် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်ပါသည်]

"ကျွန်မဆီမှာ နှစ်ခု ရှိတယ်၊ ဒါက မောင်လေးအတွက်ပါ။ အထင်မလွဲပါနဲ့... ဒါကို ကြည့်ပါဦး၊ ကျွန်မက ဒီ ကံကြမ္မာကြွေး ဆပ်ခြင်း ယဇ်ပူဇော်မှုကို ပြီးမြောက်အောင် လုပ်နေရုံပါ"

ရဲချီယန်၏ စရိုက်ကို အနည်းငယ် နားလည်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ မွန်ရိုးဂျီနာက ထို ကံကြမ္မာကြွေး ဆပ်ခြင်း ယဇ်ပူဇော်ခြင်း ကတ်ပြားမှ အချက်အလက်များကို သူ့အား ပြသလာခဲ့၏။

"စမ်းကြည့်ပါဦး၊ အဲဒါက သံကြိုးတစ်ချောင်းကို လင်းလက်သွားစေနိုင်မလားလို့"

ရဲချီယန်၏ စိတ်ထဲတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိချေ။ သူမကို ယဉ်ကျေးစွာ ကျေးဇူးတင်ပြီးနောက် တိပ်ခွေကို ယူလိုက်ကာ လက်ထဲတွင် အကြိမ်အနည်းငယ် ဆော့ကစားကြည့်လိုက်လေသည်။

အဆင့် ၉။

ယခင်က ရှာယာ ပေးခဲ့သော မီးခံသေတ္တာကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ဤသည်မှာ သူ၏ ဒုတိယမြောက် အဆင့် ၉ ပစ္စည်း ဖြစ်လေသည်။

ယခင်က အဆင့် ၈ ရတနာသေတ္တာများမှ ရရှိသော ပစ္စည်းများကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ဆောင်ပြီးနောက် ၎င်းတို့၏ အဆင့်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တင်းကျပ်စွာ ပြောရမည်ဆိုလျှင် သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားတို့က ဤကဲ့သို့သော အဆင့် ၉ ပစ္စည်းများအတွက် အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရန် မလုံလောက်သေးချေ။ အဆင့် ၈ အတွက်ပင်လျှင် သူက ၎င်းတို့၏ ခုခံမှုကို အတင်းအကျပ် လျစ်လျူရှုကာ အဆင့်မရှိသော ပစ္စည်းများအဖြစ်သို့ တိုက်ရိုက် ပြန်လည် သတ်မှတ်ရုံသာ တတ်နိုင်ခဲ့လေသည်။ ဤပစ္စည်းများက ခုခံနေဆဲဖြစ်သော်လည်း ခုခံမှုက ကျရှုံးသွားခဲ့ခြင်းသာ ဖြစ်၏။

[ငါ နောက်တစ်ဆင့် ပါရမီ ကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်ထင်တယ်။ ဒါပေမဲ့... နည်းနည်းလေး လိုနေသေးတယ်လို့ ငါ အမြဲတမ်း ခံစားရတယ်]

မွန်ရိုးဂျီနာ၏ ရောက်ရှိလာမှုက လင်းယို့နှင့် ပေါင်းစပ်သွားကာ ဤတတိယအလွှာရှိ ဖိအားများကို သိသိသာသာ လျော့ကျသွားစေခဲ့လေသည်။

အထူးသဖြင့် မွန်ရိုးဂျီနာ ပင်ဖြစ်သည်။ သူမ၏ အစွမ်းခွန်အားက လင်းယို့ထက် အများကြီး ပိုမို ကြီးမားလေ၏။ သူမကိုယ်တိုင်က မှော်အသုံးပြုသူ တစ်ဦးဖြစ်ပြီး ဂရေ့စ်နှင့် အမျိုးအစားတူသည်ဟု ဆိုနိုင်သောကြောင့် ဤစိတ်ကူးယဉ် မကောင်းဆိုးဝါးများကို ဖြေရှင်းရာတွင် အတော်လေး လွယ်ကူနေပေသည်။

သို့သော် ဤမကောင်းဆိုးဝါးများကို သတ်ပစ်လိုက်လျှင်တောင်မှ သူတို့က မကြာမီ ပြန်လည် အသက်ဝင်လာကြမည်သာ ဖြစ်၏။ အရင်းအမြစ်ကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအရင်းအမြစ်က...

မီးခိုးဖြူရောင် ကြားခံအလွှာ ဖြစ်လေသည်။

ရဲချီယန်က ဤအရာအားလုံးကို ကြည့်ရှုနေရင်း အဆက်မပြတ် ပေါ်ထွက်လာသော မကောင်းဆိုးဝါးများကို ဖြေရှင်းရန် အမဲလိုက် စက်ယန္တရားနဂါးနှင့် နတ်ဆိုးများကို အမိန့်ပေးထားကာ ရထားကို ခေါ်ထုတ်ပြီး အီဗ်ကိုပါ ပါဝင်စေရန် လုပ်သင့်၊ မလုပ်သင့် တွေးတောနေလေသည်။

"မောင်လေးရဲ... ကျွန်မဆီမှာ နောက်ထပ် နတ်ဆိုး ကတ်ပြား တစ်ခုရဲ့ ကိုသြဒီနိတ် ရှိတယ်"

"ဟင်"

အကြောင်းပြချက်မရှိဘဲ ကျူရှင်းထူက ထိုစကားကို ပြောလာခဲ့၏။

"ဒါပေမဲ့ မောင်လေးက အဲဒီ ကိုသြဒီနိတ်ဆီကို အခု သွားလို့မရသေးဘူး"

မသွားနိုင်သေးဘူးဆိုတာ အဆင့် ၈ အထက်က ပလက်ဖောင်း မို့လို့လား။ ရဲချီယန်က စကားမပြောဘဲ ကျူရှင်းထူ၏ နောက်ထပ် စကားများကိုသာ ဆက်လက် စောင့်ဆိုင်းနေလိုက်လေသည်။

"ကျွန်မ အဲဒီ ကိုသြဒီနိတ်ကို မောင်လေးကို ပေးနိုင်ပါတယ်။ မောင်လေးက..."

သူမက လက်လှမ်းကာ အမဲလိုက် စက်ယန္တရားနဂါးနှင့် မျက်ရည်နီ နတ်ဆိုး... ပို၍ တိတိကျကျဆိုရလျှင် မျက်ရည်နီ နတ်ဆိုး၏ ရင်ခွင်ထဲရှိ စွဲထင်နေသောမျက်ရည် ဓားကို ညွှန်ပြလိုက်လေသည်။

"ပေါက်ကွဲထွက်နိုင်တဲ့ အဆင့် ၁၃ တစ်ခုနဲ့ အဆင့် ၁၂ ပစ္စည်းတစ်ခု... ဟီးဟီး... အောက်က အရင်းအမြစ်ကို မောင်လေး ဖြေရှင်းနိုင်မယ်လို့ ကျွန်မ ထင်တယ်၊ အဲဒါကြောင့်..."

သူမက ခြေဖျားထောက်လိုက်ရာ မျက်လုံးများထဲတွင် ကြယ်စုတန်းများ စီးဆင်းနေပြီး အကြောင်းပြချက်မရှိဘဲ သူမ၏ လေသံတွင် အသံနှစ်ထပ် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။ ရဲချီယန်၏ နားနားသို့ ကပ်ကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။

"ဒါက ကံကြမ္မာရဲ့ တီးတိုးသံ မဟုတ်ပါဘူး၊ ဒါက ကျွန်မရဲ့ တောင်းဆိုချက်ပါ"

"ဒါက အင်ပါယာအမိန့်တော် အဖွဲ့အစည်းထဲက အချင်းချင်းကြားက ဆက်ဆံရေးမျိုးလိုပဲ အပေးအယူတစ်ခုပါ၊ အဲဒါကြောင့်... အဆင်ပြေရဲ့လား"

အဆင့် ၁၂ ရှိတဲ့ စွဲထင်နေသောမျက်ရည် ဓား ဟုတ်လား။ သြော်... ဒါကြောင့်ကိုး။

သူမက မသိခဲ့ဘူး။ ကံကြမ္မာကလည်း အရာအားလုံးကို မသိနိုင်ဘူးပဲ။

"သဘောတူတယ်"

All Chapters